အတ္တဦးစားပေးမှုကို ကျော်လွှားရန် အကြံပြုချက်

သင့်ကိုယ်ပိုင် စည်းကမ်းချက်များ၊ ဥပဒေသများနှင့် ဖွဲ့စည်းပုံစည်းမျဉ်းများကို သင်ကိုယ်တိုင် ချမှတ်ပါသည်။ အခြားသူများက သင့်ဥပဒေကို ချိုးဖောက်လျှင် သင်က သူတို့ကို ဖမ်းပြီးအပြစ်ပေးပါသည်။ သို့သော် သင်ကိုယ်တိုင် ချိုးဖောက်လျှင်မူ သင့်ကိုယ်သင် လွှတ်ပေးလိုက်ပါသည်။ ဂဲရှိ ရှာမာဝါ က “သင့်ကိုယ်ပိုင် အားနည်းချက်နှင့် အတ္တကို ရန်သူကဲ့သို့ မမြင်သမျှ ကာလပတ်လုံး မည်သည့်အကူအညီမျှ သင်ရရှိမည် မဟုတ်” ဟု ဆိုပါသည်။ သင်၏ ခံစားချက်များသည် အရေးအကြီးဆုံးဖြစ်သည်ဟု ခံစားရပါက မည်သူမျှ သင့်ဆီ ရောက်လာမည် မဟုတ်ပါ။ အလွန် အစွမ်းရှိသော လားမားဘုန်းတော်ကြီးများပင်လျှင် အတ္တစွဲကြီးလွန်းသူအချို့ကို မကူညီနိုင်ပါ။ အကြောင်းမှာ လားမားဘုန်းတော်ကြီးများထံမှ အကြံဉာဏ်သည် အတ္တဦးစားပေးသော သဘောထားများနှင့် ဆန့်ကျင်ပါသည်။ သင့်လမ်းကြောင်းကို ဆရာတော်များက လမ်းညွှန်နိုင်ရန်အတွက် အတ္တဦးစားပေးသော သဘောထား၏ အမှားကို ပထမဦးစွာ သဘောပေါက်ဖို့ လိုပါသည်။ ဆရာတော်များက သင့်ကို မကူညီနိုင်ရုံသာမက သင့်ပုံမှန် မိတ်ဆွေများထံမှ အကြံဉာဏ်ကိုလည်း သင်ကလက်မခံသည့်အတွက် သူတို့ကလည်း သင့်ကို ကူညီနိုင်မည်မဟုတ်ပါ။

ကျွန်ုပ်တို့အားလုံးသည် အတ္တဦးစားပေးသည့် အမှားရှိသည်ဟု ဝန်ခံရပါမည်။ ဘုရားရှင်သာလျှင် ထိုသို့မရှိခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ထံတွင် ဤအမှား ရှိသည်ကို အသိအမှတ်ပြုကာ ဖယ်ရှားရန် ကြိုးစားသင့်ပါသည်။ အတ္တဦးစားပေးသော သဘောထား ရှိသည်ကို အနည်းဆုံး သဘောပေါက်သောအခါ များစွာ တိုးတက်လာပါပြီ။ ဝေဖန်ခံရသောအခါ သင်၏ အတ္တဦးစားပေးမှုကြောင့် ပေါ်ပေါက်လာသည်ဟု အမြဲတမ်း ခံစားသင့်ပါသည်။ ဤအချက်ကို သဘောမပေါက်ပါက ဒေါသထွက်လာပါမည်။ ဆူးစူးသောအခါ ဒေါသထွက်ပြီး ပြန်တိုက်ခိုက်ပါက မည်သူသည် အရှုံးသမား ဖြစ်မည်နည်း။ အသေးအဖွဲ ဝေဖန်မှုများနှင့် မနှစ်မြို့စရာများကို သည်းမခံနိုင်ပါက အဆင့်နိမ့်သော ပြန်လည်မွေးဖွားမှုများကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

ဂဲရှိ ချန်ဂါဝါက ကျွန်ုပ်တို့သည် ပစ်မှတ်နှင့်တူသော သည်းခံခြင်းမျိုး ရှိသင့်သည်ဟု ဆိုပါသည်။ ဝေဖန်ခံရပါက ကျွန်ုပ်တို့သည် ပစ်မှတ် သတ်မှတ်လိုက်သည်ဟု ခံစားလိုက်ရပါမည်။ အရင်ဆုံး ပစ်မှတ်မရှိပါက မည်သည့် မြားတံကမျှ လာမပစ်ပါ။ “ကျော့ကွင်းမိအတွက် သင့်လည်ပင်းကို ဆန့်ထွက်လိုက်သည်" ဆိုသော ဆိုရိုးစကား ရှိပါသည်။ အမှားတစ်ခုခု သင်မပြုလုပ်မိဘဲ ဝေဖန်ခံရသောအခါ ယခင်ဘဝများတွင် အခြားသူများကို သေးသိမ်အောင် ပြုလုပ်ခဲ့သောကြောင့် ဖြစ်ပါသည်။ ဥပမာအားဖြင့် တစ်ခါက ဘုရားရှင်၏ ရဟန္တာ သာဝကတစ်ပါးသည် ကတိကဝတ် သုံးမျိုးနှင့် ဆက်စပ်သည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများကို ဖယ်ရှားပြီး ဖြစ်ပါသည်။ သို့သော် သူသည် သူ့ကတိကဝတ်များကို ချိုးဖောက်သည်ဟု လူအချို့က ပြောဆိုကြကာ လွဲမှားစွာ သက်သေရှာပါသည်။ ဘုရားရှင်သည် စိတ်မကောင်းဖြစ်ကာ ဤရဟန္တာသည် သူ၏ကတိကဝတ်များကို မချိုးဖောက်ကြောင်း မိန့်ပါသည်။ ထို့ပြင် ဘုရားရှင်က အဆင့်မြင့် အသိအမြင်ရပြီးသော သာဝကအား ကတိကဝတ် ချိုးဖောက်သည်ဟု စွပ်စွဲသော မည်သူ့ကိုမဆို ဗုဒ္ဓဘာသာဝင်ဟု ယူဆတော့မည် မဟုတ်ဘဲ ဗုဒ္ဓဘာသာအတွက် မလိုမုန်းထားသူအဖြစ် ရှုမြင်မည်ဟု ပြောပါသည်။ အခြားသူများက ထိုရဟန္တာကို ဘာကြောင့် ဝေဖန်ခံရကြောင်း မေးမြန်းပါသည်။ ဗုဒ္ဓမြတ်စွာက ဤရဟန္တာသည် ယခင်ဘဝက အတင်းပြောသူ၊ ချိုးနှိမ်ပြောသူ ဖြစ်ခဲ့ကာ ဘုရင်တစ်ပါးက သူ့မိဖုရားကို အပြစ်ပေးအောင် ပြုမူခဲ့သောကြောင့် ဖြစ်သည်ဟု အမိန့်ရှိပါသည်။ ထိုအကျိုးဆက်က ယခုဖြစ်လာခြင်း ဖြစ်ပါသည်။

ဝေဖန်ခြင်း၊ အတင်းပြောခြင်းနှင့် အခြားသူများကို စွပ်စွဲခြင်းသည် အလွန်ဆိုးရွားသော အပြုအမူများ ဖြစ်ပါသည်။ အကြောင်းမှာ သင်၏ကျင့်ကြံမှုကို အထောက်အကူ မပြုရုံသာမက အခြားသူများကိုလည်း နာကျင်စေပြီး ရှုပ်ထွေးမှု ဖြစ်စေပါသည်။ ဉာဏ်အလင်းရရှိပြီးသူ နှစ်ဦးသာလျှင် တစ်ဦးကိုတစ်ဦး အကဲဖြတ်နိုင်သည်ဟု အဆိုရှိပါသည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြစ်များကို ဝေဖန်ရာတွင် အဆိုးကံများ စုစည်းမိပါသည်။ သို့တည်းမဟုတ် ဗောဓိသတ္တတစ်ဦးကို ထူးဆန်းတာတစ်ခု ဆောင်ရွက်သောကြောင့် ဝေဖန်ပါက အကြောင်းရင်းကောင်း အတွက် ဖြစ်သည့်တိုင် ရလဒ်သည် အဆိုးဖြစ်ပါမည်။

အခြားသူများကို အမြဲဝေဖန်လေ့ ရှိသူများသည် နက်ရှိုင်းသော အတ္တဦးစားပေးမှု သဘောထား ရှိပါသည်။ အချို့ ရဟန်းများသည် တရားတော်များစွာ နာကြားထားသော်လည်း ယခင်ဘဝများတွင် အတ္တဦးစားပေးမှု သဘောထားများ ရှိခဲ့သည့်အတွက် ထိုတရားများကို လက်တွေ့မကျင့်သုံးကြကြောင်း ယူဆထားပါသည်။ မိမိရန်သူများကို အန္တရာယ် ပေးခြင်းသည်လည်း အတ္တဦးစားပေးမှု၏ ရလဒ်ဖြစ်ပါသည်။

ဘုရားရှင်လက်ထက်တော်အခါက ရဟန်းတစ်ပါးသည် သင်္ကန်းကို ဆေးဆိုးနေစဉ် လူတစ်ယောက်၏ မျောက်သည် ပျောက်ကွယ်သွားပါသည်။ ရဟန်းသည် သင်္ကန်းကို အိုးထဲမှ ဖယ်လိုက်သောအခါ ယင်းသည် မျောက်၏အသားစိုင်ကဲ့သို့ ပြောင်းလဲသွားသယောင် ထင်ရပါသည်။ လူတို့က ထိုရဟန်းကို မျောက်ခိုးပြီး ချက်စားသည်ဟု စွပ်စွဲကြတောသည်။ ထိုရဟန်းကို တရားရုံးသို့ခေါ်ကာ အပြစ်ပေးပါသည်။ အချိန်အတော် ကြာပြီးနောက် ထိုမျောက်သည် ပြန်ပေါ်လာရာ ရဟန်းသည် အပြစ်မရှိကြောင်း ခိုင်လုံသွားပါသည်။ ထိုသို့ဘာကြောင့် ဖြစ်ရသည်ကို ရဟန်းက ဘုရားရှင်အား မေးမြန်းပါသည်။ ဘုရားရှင်က ရဟန်းသည် ယခင်ဘဝတွင် အခြားရဟန်းတစ်ပါးကို မျောက်သူခိုးဟု စွပ်စွဲခဲ့သောကြောင့်ဟု ပြန်ဖြေတော်မူပါသည်။

ကျွန်ုပ်တို့သည် ပျော်ရွှင်မှုနှင့် အဆင်ပြေမှုတို့ကို အလွန်အလေးထားပြီး ငွေရှာရန် ကြိုးစားအားထုတ်နေသောကြောင့် သူခိုးဖြစ်သည်ဟု ပစ်မှတ်ဖြစ်စေရန် မိမိကိုယ်ကို သတ်မှတ်မိပါသည်။ ဇာတ်လမ်းတစ်ပုဒ်တွင် လူတစ်ယောက်သည် သူ့ငွေဒင်္ဂါးအားလုံးကို ပျောက်ရှမည် စိုးသောကြောင့် အိတ်တစ်လုံးထဲထည့်ပြီး ခေါင်မိုးအောက်တွင် တွဲချည်ထားပါသည်။ တစ်နေ့တွင် အိတ်သည် လူတစ်ယောက် ဦးခေါင်းပေါ်သို့ ပြုတ်ကျကာ ထိုသူဒဏ်ရာ ရသွားပါသည်။ ဇာတ်လမ်း၏ ဆိုလိုရင်းမှာ အတ္တဦးစားပေးမှုသည် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို ယာယီသာမက အဆုံးစွန်အထိ တားဆီးပါသည်။ ယခင်ဘဝများတွင် အတ္တဦးစားပေးမှု သဘောထားရှိခဲ့သောကြောင့် ယင်းသည် ကျွန်ုပ်တို့၏ အကြီးမားဆုံး ပြဿနာဖြစ်သည်ဟု သဘောပေါက်နေလျှင်ပင် ယင်းကိုချက်ချင်း ဖယ်ရှား၍မရပါ။

ထို့ကြောင့် ဝေဖန်မှုတိုင်းကို တုံ့ပြန်ရန် မကြိုးစားသင့်ဘဲ ဤသည်မှာ အခြားသူများ၏ အပြစ်ရော သင့်ကိုယ်ပိုင် အတ္တဦးစားပေးမှု သဘောထားတို့ကြောင့်ပါ ဖြစ်သည်ကို သဘောပေါက်လိုက်ပါ။ အတ္တဦးစားပေးမှုကို လုံလောက်အောင် သဘောပေါက်ပါက သည်းခံမှုထားရှိရန် အထောက်အကူ ပြုပါသည်။ “မီးသည် ပူလောင်သည်” ဆိုသည်မှာ သဘာဝ အတိုင်း ဖြစ်ပါသည်။ ထိုအတွက် ဘာမှမထူးခြားပါ။ ထို့အတူ လူတစ်ယောက်သည် သင့်ကိုဝေဖန်လာပြီး သူတို့၏ ဝေဖန်မှုသည် သင်တို့၏ အတ္တဦးစားပေးမှု သဘောထားများတွင် အခြေတည်သည်ကို နားလည်ပါက ဤသည်မှာလည်း သဘာဝအတိုင်း ဖြစ်ပါသည်။ ဤသို့ နားလည်မှုကြောင့် ဒေါသမထွက်တော့ပါ။ စိတ်မဆိုးတော့ပါ။ အကြောင်းမှာ အခြားသူ မှားသည် သို့မဟုတ် လုံးဝ အပြစ်ဖြစ်သည်ဟု သက်သေပြစရာ မလိုတော့သောကြောင့် ဖြစ်ပါသည်။ မဟာယာန သုတ္တန်များအတွက် ကွန်ရက် ကျမ်းတွင် “အတ္တဦးစားပေးမှုသည် မိမိနှင့် အခြားသူများကို ပျက်စီးစေပြီး ကိုယ်ကျင့်တရားကို ပျက်စီးစေသည်” ဟုဆိုထားပါသည်။ အတ္တဦးစားပေးမှုအဖြစ် ကျွန်ုပ်တို့ ဆောင်ရွက်သမျှသည် ပိုမိုနိမ့်ကျသော ငရဲဘုံများတွင် ကျရောက်အောင် ဦးတည်စေပါသည်။ ဘုရားရှင်များနှင့် ဗောဓိသတ္တများသည် အတ္တဦးစားပေးမှုကြောင့် ဖြစ်ပေါ်သော မနှစ်မြို့စရာနှင့် လွတ်လပ်မှုမရှိဘဲ ပိုနိမ့်သောဘုံများတွင် ပြန်လည်မွေးဖွားသော အကြောင်းရင်းကြောင့် မနှစ်မြို့ကြပါ။

အတ္တဦးစားပေးမှုသည် ကျွန်ုပ်တို့၏ ယခင်အားထုတ်မှုများကို အကျိုးမဲ့ ဖြစ်စေကာ တိုးတက်မှုကို ရပ်တန့်စေပါသည်။ ယင်းသည် ဘဝ၏အနှစ်သာရ မရှိအောင် ဖြုန်းတီးလိုက်သည့် အဆိပ်ကဲ့သို့ သဘောထားသင့်ပါသည်။ ဤသို့ အတ္တဦးစားပေးသော သဘောထားကို ပယ်ဖျက်ရန် အမြဲအားထုတ်ပါ။ မည်သည့် ကျင့်ကြံမှု ဖြစ်စေ အတ္တဦးစားပေးမှု သဘောထားကို ဖယ်ရှားရန် အားထုတ်သင့်ပါသည်။ ကယ်ဒမ်ပ ဂဲရှိ တစ်ပါးက သူသည် မည်သည့်ကျမ်းစာကို ဖတ်နေသည်ဖြစ်စေ မကောင်းသော အရည်အသွေးအားလုံးကို သူ့မှာရှိနေသည့်အလား သဘောထားပြီး ကောင်းသော အရည်သွေး အားလုံးကို အခြားသူများတွင် ရှိသည်ဟု သဘောထားကြောင်း၊ သို့မှသာ အတ္တဦးစားပေးမှုကို တိုက်ဖျက် နိုင်ကြောင်း ပြောပါသည်။ လူတစ်ယောက်သည် အတ္တဦးစားပေးမှုကို မလျှော့ချဘဲ ဗောဓိသတ္တ အရည်အသွေးများ မရှိနိုင်ပါ။ ဗောဓိစိတ္တနှင့် ကရုဏာ ရှိပါက အတ္တဦးစားပေးမှုကို တွန်းလှန်ရာတွင် ပိုမိုအားကောင်းလာပြီး ကရုဏာက အစားဝင်လာကာ ဆန္ဒပြည့်စေသောအပင်ကို မိမိကိုယ်ထဲတွင် စိုက်ပျိုးလိုက်ပါသည်။ ကရုဏာထားရှိပါက ကရုဏာ၏ အပြုသဘော သက်ရောက်မှုများသည် အနှစ်နှစ်အလလက အတ္တဦးစားပေးခဲ့သော အဆိုးသက်ရောက်မှုများကို အောင်နိုင်သွားပါမည်။
ဂဲရှိ ပိုတိုဝါက “ပင်ပိုဒေသ၏ အချို့နေရာများတွင် မည်သူမျှ ဂဲရှိ ခမ်လုန်ပထက် ပို၍မပျော်ရွှင်သလို အခြားတစ်နေရာ တွင်လည်း ဂဲရှိ ချန်ဂါဝါသည် ထိုအတိုင်းဖြစ်ပါသည်။ ဤသို့ဖြစ်ရသည်မှာ သူတို့သည် အတ္တဦးစားပေးမှုကို ဖယ်ရှားထားသောကြောင့် ဖြစ်ပါသည်” ဟုဆိုပါသည်။ ဂဲရှိ ချန်ဂါဝါသည် အလွန်ဆင်းရဲသောကြောင့် အစာစားခဲပြီး ဝတ်စရာလည်း ဖာထေးထားသော သားရေခါးပိုင်းသာ ရှိပါသည်။ သို့သော် သူသည်ချမ်းသာသည်ဟု ခံစားရပြီး “အခု ငါသည် စကြဝဠာတစ်ခုလုံးကို ပံ့ပိုးနိုင်သည်” ဟုပြောပါသည်။ အတ္တဦးစားပေးမှု သဘောထားသည် အမှန် သတ်မှတ်ထားသော တည်ရှိမှုကို တွယ်တာခြင်းကြောင့် ဖြစ်လာပြီး ဤသည်မှာ ဗောဓိစိတ္တ ဖြစ်လာရေးတွင် အကြီးမားဆုံး အတားအဆီး ဖြစ်ပါသည်။ ကျမ်းစာတစ်ခုတွင် “ဆန္ဒပြည့်စေသော ရတနာသည် ခံစားချက်ရှိသော သက်ရှိအားလုံးအပေါ် ကရုဏာထားခြင်းဖြစ်သည်။ ဤအချက်ကို လုံးဝသဘောမပေါက်ပါက ကျွန်ုပ်တို့သည် လမ်းလွဲသွားပါသည်။ အတ္တဦးစားပေးမှုနှင့် အတ္တတွယ်တာမှုတို့ကို မတိုက်ထုတ်ဘဲ ခံစားချက်ရှိသော သက်ရှိများကို မိမိရန်သူအဖြစ် တိုက်ထုတ်ကာ တကယ့်ရန်သူများကို မိတ်ဆွေကဲ့သို့ တွယ်တာနေပါသည်” ဟု ဖော်ပြထားပါသည်။ အခြားကျမ်းစာတစ်ခုတွင်လည်း “အဆိုးဆုံးမိစ္ဆာနှင့် နတ်ဆိုးသည် ပြင်ပတွင် ရှိသည်မဟုတ်။ အတ္တဦးစားပေးမှုအသွင်ဖြင့် ခန္ဓာကိုယ်ထဲ၌ အိမ်ဖွဲ့နေသော ကိုယ်တွင်းမှာ ရှိလေသည်” ဟု ဖော်ပြထားပါသည်။

ဗောဓိစိတ္တ ထားရှိပါက ကျွန်ုပ်တို့သည် အတ္တဦးစားပေးမှု သဘောထားကို ဖျက်ဆီးပစ်နိုင်ပါသည်။ အတ္တဦးစားပေးမှု ရှိသည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် နတ်ဆိုးများထံမှ အန္တရာယ်ပေးမှုကို လက်ခံနေကြပြီး ဝေဖန်မှုနှင့် ညှဉ်းပမ်းမှုတို့ကို ကာကွယ်ကာ မိမိကိုယ်ကို ကိုယ်ကျင့်တရား ပျက်ပြားစေပါသည်။ ကျွန်ုပ်တို့၏  ဆန္ဒများ ပြည့်ဝစေရေး ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့သည် အတ္တဦးစားပေးမှုဖြင့် ပြုမူကာ မိမိကိုယ်ကို ကျေနပ်စေမှုသည် အဓိက အလေးထားသည့် လုပ်ငန်းတစ်ရပ်ဖြစ်အောင် ပြုလုပ်နေပါသည်။

တစ်စုံတစ်ယောက်သည် အခြားသူများကို တစ်ခါတစ်ရံ မကျေနပ်မှုမျိုး ရှိတတ်သော်လည်း အတ္တဦးစားပေးမှု ရှိပါက မိမိကိုယ်ကို ကျေနပ်ရန် အခြားသူများအား သေးသိမ်အောင်ပြုပြီး အန္တရာယ်ပြုဖို့အတွက် အဓိက လုပ်ဆောင်တတ် ပါသည်။ အတ္တဦးစားပေးမှုကြောင့် မာနနှင့် မနာလိုမှုများစွာ ဖြစ်စေပါသည်။ အခြားတစ်ယောက်က တစ်ခုခု ရရှိသွားပါက “ဂုဏ်ယူပါတယ်” ဟုပြောနေသည့်တိုင် သင်ကိုယ်တိုင် ထိုသို့မရရှိသည့်အတွက် မနာလိုမှု ခံစားရပါသည်။ အတ္တ ဦးစားပေးမှု သဘောထား မရှိပါက မနာလိုမှု ဖြစ်မည့်အစား အခြားသူများ ရရှိမှုအပေါ် ပီတိဖြစ်ခြင်းဖြင့် အပြုသဘော စွမ်းအားများ စုစည်းလာပါမည်။ ဘဝတွင် မညီညွတ်မှုများ ဖြစ်ရသည်မှာ အတ္တဦးစားပေးမှုကြောင့် ဖြစ်ပါသည်။ အတ္တဦးစားပေးမှု သဘောထား အလွန်ခိုင်မာနေပါက သင်သည် အလွန်ခုခံစိတ်ရှိခြင်း၊ အခြားသူများနှင့် ခိုက်ရန်ဖြစ်ခြင်း၊ သည်းခံစိတ် အနည်းငယ်မျှ မရှိခြင်း၊ အခြားသူများ ဆောင်ရွက်သမျှက သင့်ကို အနှောင့်အယှက်ပေးပြီး တင်းကျပ်စေသည်ဟု ခံစားရခြင်းတို့ ဖြစ်လာပါသည်။ ဇနီးမောင်နှံများအကြား၊ မိဘနှင့် သားသမီးအကြား ဤသို့သော ခုခံစိတ်ကြောင့် အလွန်ပင် မညီညွတ်မှု ရှိနေပါသည်။

နောက်ထပ် ကာဒမ် ဂဲရှိ တစ်ပါးသည် အသက်လေးဆယ်အထိ သူခိုးဖြစ်ခဲ့ပါသည်။ သူ့မှာ ထွန်ယက်စိုက်ပျိုးရန် လယ်ဧကများစွာ ပိုင်ဆိုင်သော်လည်း ဓါးပြတစ်ယောက် ဖြစ်ခဲ့ပါသည်။ နေ့ဘက်တွင် ဖြတ်သန်းသွားလာသူများကို ဓါးပြတိုက်ကာ ညဘက်တွင် အိမ်များထဲခိုးဝင်ပါသည်။ တစ်နေ့တွင် သူပြောင်းလဲသွားကာ ဘာသာရေးဆန်လာပြီး အတ္တဦးစားပေးမှု သဘောထားကို ဖျက်ဆီးလိုက်ပါသည်။ “ယခင်က အစားအသောက် ရှာမရနိုင်ပါ။ ယခုမူ ကပ်လှူမှုများစွာ ရရှိသည့်အတွက် စား၍ပင် မကုန်နိုင်တော့ပါ” ဟုသူက ပြောပါသည်။

ဤအချက်အားလုံးက ဗောဓိစိတ္တ ထားရှိနိုင်အောင် တွေးတောရန် အထောက်အကူပြုပါသည်။ အတ္တဦးစားပေးမှု သဘောထားကို မြင်းမိုရ်တောင်တမျှ ထားရှိကာ မိမိကိုယ်ကို လိုဏ်ဂူထဲတွင် ပိတ်ထားပါက အကျိုးမရှိပါ။ သို့သော် အတ္တဦးစားပေးမှု သဘောထားကို လျှော့ချနိုင်ပါက တစ်ကိုယ်တည်းနေထိုင်သည်မှာ အလွန်ပင် အကျိုးရှိပါသည်။

Top