အလေးထားရမည့် မမြဲခြင်းအကြောင်း

ဘဝတွင် အရာရာ အမြဲပြောင်းလဲနေကြောင်း လက်ခံသောအခါ အခြားသူများနှင့် ရှေးယခင်နည်းများဖြင့် တွယ်တာမှုကို ရှောင်ရှားလာနိုင်ပါသည်။
Meditation impermanence

ရှင်းလင်းချက်

မမြဲခြင်းဆိုသည်မှာ အပြောင်းအလဲကို ဆိုလိုပါသည်။ အကြောင်းတရားနှင့် အခြေအနေများကြောင့် ဖြစ်ပေါ်သော အရာများသည် ဘယ်တော့မှ မတည်ငြိမ်ပါ။ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲနေပါသည်။ အချို့အရာများကို ဆောင်ရွက်လိုက်သည်နှင့် တဖြည်းဖြည်း ဆုတ်ယုတ်ကာ နောက်ဆုံးတွင် ပြိုကွဲအဆုံးသတ်သွားပါသည်။ ဥပမာ၊ သင့်ကွန်ပျူတာ၊ မော်တော်ကား၊ သင့်ခန္ဓာကိုယ် ဖြစ်ပါသည်။ အချို့အရာများမှ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲသော်လည်း အမြဲတမ်း အသစ်ပြန်ဖြစ်နေသည့်အတွက် မပြိုကွဲသွားပါ။ ဥပမာ၊ ကလေးငယ်ဖြစ်စေ၊ တက်ကြွသော အရွယ်ရောက်သူတစ်ယောက်ဖြစ်စေ၊ အယ်လ်ဇိုင်းမားရောဂါရှိသည့် သက်ကြီးရွယ်အို လူနာတစ်ယောက်ဖြစ်စေ စိတ်၏ အခြေခံဆောင်ရွက်ချက် ရှိနေခြင်း ဖြစ်ပါသည်။ အပူချိန်နှင့် သင်တရားရှုမှတ်မှု၏ အရည်အသွေးကဲ့သို့ အချို့အရာများမှာ အတက်အကျရှိပါသည်။ လေယာဉ်ပျံပေါ်မှလူများကဲ့သို့ အချို့အရာများမှာ ဆုံစည်းပြီးနောက် ခွဲခွာသွားပါသည်။ ရာသီဥတု သို့မဟုတ် နေ့နှင့်ညကဲ့သို့ အချို့အရာများသည် အထပ်ထပ်သံသရာလည်ပြီး ဗုဒ္ဓဘာသာရှုထောင့်အရ စကြဝဠာကဲ့သို့ အချို့အရာများမှာ အထပ်ထပ် ပေါ်ထွက်ကာ တည်ရှိပြီးနောက် အဆုံးသတ်သွားပါသည်။ ဤသို့လျှင် မမြဲခြင်း အမျိုးအစားများစွာ ရှိပါသည်။

သို့သော် ကျွန်ုပ်တို့စိတ်သည် ရှည်ကြာလှသော အချိန်ကာလများကို တစ်ဆက်တစ်စပ်တည်း မသိနိုင်သည့်အတွက် ကျွန်ုပ်တို့သည် ရှုပ်ထွေးမှုဖြစ်ကာ ပေါင်းသင်းဆက်ဆံရေး၊ ငယ်ရွယ်နုပျိုမှု၊ စိတ်အခြေအနေစသည့် အရာရာသည် တည်ငြိမ်ပြီး အပြောင်းအလဲမရှိသလို တစ်ခါတစ်ရံ ထင်မြင်မိပါသည်။ ထိုသို့ထင်မြင်မိသောအခါ မိမိအတွက် မပျော်ရွှင်မှုနှင့် ပြဿနာများ ဖန်တီးမိပါသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်နေသည် ဆိုပါစို့။ ယင်းမှာ နှစ်ယောက်စလုံး တစ်နေရာတည်းတွင် နေထိုင်ကာ နှစ်ယောက်စလုံးက ကြင်ယာဖက် ရှာဖွေနေခြင်းကဲ့သို့ အချို့သော အကြောင်းတရားနှင့် အခြေအနေများကြောင့် ထိုသို့ပတ်သက်မိခြင်း ဖြစ်ပါသည်။ နှစ်ယောက်စလုံး၏ဘဝတွင် အခြားအရာများကလည်း ဖြစ်ပေါ်နေပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအခြေအနေများ ပြောင်းလဲလာပါသည်။ မူလအစက အစောပိုင်းအဆင့်ကတည်းက ရှိခဲ့သည့် ဆက်ဆံရေးမျိုးကို တွယ်တာမိနေပါက မိမိကြင်ယာဖက် အလုပ်ပြောင်းခြင်း၊ အခြားမြို့သို့ ပြောင်းရွှေ့ခြင်း၊ ဧည့်သည် ရောက်လာခြင်း၊ မိတ်ဆွေတိုးလာခြင်း သို့မဟုတ် ထိုသို့သော အရာများဘဝတွင် ဖြစ်ပေါ်လာသောအခါ မိမိ၏ဆက်ဆံရေးကို ချိန်ညှိနိုင်တော့မည် မဟုတ်ပါ။ ယခင်က မိမိဆက်ဆံရေးမျိုးကို တွယ်တာနေမိသော်လည်း ယင်းမှာ အမှန်တရားနှင့် ကင်းကွာနေသည့်အတွက် ကျွန်ုပ်တို့အတွက် ဝေဒနာဖြစ်ကာ မပျော်ရွှင်တော့ပါ။

ကျွန်ုပ်တို့ တရားရှုမှတ်ခြင်းအတွက် ဘဝတွင် မမြဲခြင်းနှင့်ကြုံတတ်သည့် ကိစ္စ အမျိုးမျိုးကို အာရုံစိုက်ပါ။ ယင်းတို့သည် ပြောင်းလဲလျှက်ရှိပြီး အချိန်နှင့်အမျှ ဆက်လက်ပြောင်းလဲကာ နောက်ဆုံးတွင် နိဂုံးချုပ်သွားမည်ဟု သဘောပေါက်မှုဖြင့် အာရုံစိုက်ပါ။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင့်မိခင်နှင့် ဆက်ဆံရေးကို အာရုံစိုက်ပါ။
  • ထိုသို့ဖြစ်ပေါ်လာပုံကို သတိပြုပါ။ သင်က မွေးကင်းစကလေးငယ်ဖြစ်သည့်အခါ ယင်းသည် သင်တို့ဆက်ဆံရေးကို တစ်နည်းနည်းနှင့် သက်ရောက်ပါသည်။ 
  • ထို့နောက် သင်နှင့်သင့်မိခင် အသက်ကြီးလာကာ သင်သည် ကလေးဘဝ၊ ဆယ်ကျော်သက်မှသည် လူကြီးဖြစ်လာပြီး မိခင်သည် အိုမင်းလာရာ သင်တို့ဆက်ဆံရေး ပြောင်းလဲလာပါသည်။
  • သူကွယ်လွန်သွားလျှင်ပင် သင်တို့အပြန်အလှန် ဆက်ဆံရေး အဆုံးသတ်သွားသော်လည်း သူ့အပေါ် သင့်သဘောထားနှင့် အမှတ်ရမှု ပြောင်းလဲပုံနှင့် ဆက်လက်ပြောင်းလဲပုံကို သတိပြုပါ။
  • သင့်ဖခင်နှင့် ဆက်ဆံရေးကိုလည်း ထိုနည်းအတိုင်း အာရုံစိုက်ပါ။
  • သင်ချစ်ခင်သော သို့မဟုတ် အလွန်ချစ်ခင်ဖူးသော ကြင်ယာဖက်နှင့် ဆက်ဆံရေးကိုလည်း အာရုံစိုက်ပါ။
  • သင့်လုပ်ငန်းခွင်ဘဝကို အာရုံစိုက်ပါ။

အကျဉ်းချုပ်

မမြဲခြင်းသည် ဘဝ၏အမှန်တရားတစ်ခု ဖြစ်ပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရာအားလုံး အမြဲပြောင်းလဲနေပြီး မည်သည့်အရာမျှ ထာဝရမတည်ရှိပါ။ ဤအမှန်တရားကို လက်ခံလိုက်သောအခါ တစ်စုံတစ်ခုကို အမြဲတစ်ပုံစံတည်း ရှိနေမည်ဆိုပြီး တွယ်တာသည်မှာ အကျိုးမရှိကြောင်း သဘောပေါက်လာပါသည်။ ဘဝ၊ ဆက်ဆံရေး၊ ခန္ဓာကိုယ်စသည်တို့တွင် ကျွန်ုပ်တို့၏ အခြေအနေများတွင် မလွှဲမရှောင်သာ ဖြစ်ပေါ်သည့် အပြောင်းအလဲများအတိုင်း ချိန်ညှိနိုင်စွမ်း ရှိလာသောအခါ ထိုသို့မချိန်ညှိပါက ရင်ဆိုင်ရမည့် မပျော်ရွှင်မှုနှင့် ပြဿနာများစွာကို ရှောင်ရှားနိုင်ပါလိမ့်မည်။

Top