သေဆုံးခြင်းနှင့် သေခြင်းတရားအပေါ် ဗုဒ္ဓဘာသာအရ အကြံပြုတင်ပြချက်

03:37
ကျွန်ုပ်တို့ အားလုံး သေခြင်းတရားကို ရင်ဆိုင်ကြရမည် ဖြစ်သည့်အတွက် ဤအချက်ကို လျစ်လျူမရှုသင့်ပါ။ တစ်နေ့ ကွယ်လွန်မည် ဆိုသည်ကို လက်တွေ့ကျစွာ သဘောထားပါက အဓိပ္ပာယ် ပြည့်ဝသော ဘဝကို ရရှိစေနိုင်ပါသည်။ အကြောက်တရားဖြင့် သေမည့်အစား မိမိဘဝကို အကောင်းဆုံး နေထိုင်သွားမည် ဖြစ်သည့်အတွက် ပျော်ရွှင်စွာ ဘဝတစ်ပါး ကူးပြောင်းသွားနိုင်ပါလိမ့်မည်။

အဓိပ္ပာယ်ရှိသောဘဝဖြင့် နေထိုင်ခြင်း

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် နှစ်ကာလကြာမြင့်သောအခါ ပြောင်းလဲလာပါသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘာသာရေး သို့မဟုတ် တရားရှုမှတ်ခြင်းတို့ကလည်း ထိုသို့မဖြစ်အောင် မတားဆီးနိုင်ပါ။ ကျွန်ုပ်တို့သည် မမြဲဘဲ အခိုက်အတန့် တစ်ခုမှ တစ်ခုသို့ အစဉ်ပြောင်းလဲနေပါသည်။ ဤသည်မှာလည်း သဘာဝတရား ဖြစ်ပါသည်။ အချိန်ကို အမြဲတမ်း ရွေ့လျားနေသည်။ မည်သည့်အားကမျှ ယင်းကိုမရပ်တန့်နိုင်ပါ။ ထို့ကြောင့် တကယ်မေးရမည့် မေးခွန်းမှာ ကျွန်ုပ်တို့သည် အချိန်ကို သေချာ အသုံးချနေသလား ဆိုသည့်အချက် ဖြစ်ပါသည်။ အခြားသူများကို ပြဿနာများ ပိုဖြစ်အောင် အချိန်ကို အသုံးပြုနေသလား။ ထိုအခါ နောက်ဆုံးတွင် မိမိကိုယ်တွင်း၌လည်း မပျော်ရွှင်မှု ဖြစ်လာစေပါသည်။ ဤသည်မှာ အချိန်ကို လွဲမှားစွာ အသုံးချမှုဖြစ်သည်ဟု ထင်ပါသည်။

ပိုကောင်းသည့် နည်းလမ်းမှာ မိမိစိတ်ကို သင့်တော်သော စိတ်ဓာတ်စေ့ဆော်မှုဖြင့် နေ့တိုင်း ပုံသွင်းပေးပြီး ထိုစိတ်ဖြင့်ပင် ကျန်တစ်နေ့တာကို ဆက်လက်နေထိုင်သွားရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဖြစ်နိုင်လျှင် အခြားသူများအကျိုး သယ်ပိုးရန် ဖြစ်ပါသည်။ ထိုသို့မဟုတ်ကလည်း အခြားသူများကို အနည်းဆုံးတော့ အန္တရာယ် မပေးမိအောင် ရှောင်ရှားနိုင်ပါသည်။ ထိုအချက်သည် အလုပ်အကိုင်နှင့် မဆိုင်ပါ။ မည်သည့်အလုပ်အကိုင်ကို ဆောင်ရွက်သည်ဖြစ်စေ၊ သင့်မှာ အပြုသဘော စိတ်ဓာတ်ရှိနိုင်ပါသည်။ မိမိအချိန်ကို ထိုနည်းဖြင့် ရက်၊ သီတင်းပတ်၊ လ၊ နှစ်များစွာ ငါးနှစ်မှသည် ဆယ်စုနှစ်အထိ အသုံးပြုပါက မိမိဘဝသည် ပို၍အဓိပ္ပာယ် ရှိလာပါသည်။ အနည်းဆုံးတော့ မိမိ၏ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် ဖြည့်ဆည်းပေးမှုအချို့ ဖြစ်လာပါသည်။ မကြာမီမှာပင် ဘဝနိဂုံး အဆုံးသတ်ချိန်၌ နောင်တဟူ၍ မခံစားရတော့ပါ။ မိမိအချိန်ကို အကျိုးရှိစွာ အသုံးပြုခဲ့သည်ကို သိရှိလာပါလိမ့်မည်။

သေခြင်းတရားနှင့်ပတ်သက်၍ လက်တွေ့ကျသော သဘောထား

သို့ရာတွင် ကျွန်ုပ်တို့၏ ဘဝသည် ထာဝရမဟုတ်ပါ။ ‘‘သေခြင်းတရားသည် ရန်သူဖြစ်သည်’’ ဟုတွေးပါက လုံးဝ မှားပါသည်။ သေခြင်းတရားသည် ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ရှုထောင့်အရ ဤခန္ဓာကိုယ်သည် ရန်သူဖြစ်နေပါသည်။ လွတ်မြောက်မှု moksha  ကို စစ်မှန်သော ဆန္ဒဖြင့် ရရှိလိုပါက ဤသို့မွေးဖွားမှု၊ ဤခန္ဓာ၊ ၎င်း၏ ဆင်းရဲဒုက္ခ သဘောသဘာဝတို့ကြောင့် ထိုသို့ဆက်မဖြစ်အောင် ရပ်တန့်လိုပါသည် ဆိုသည့် သဘောထားမျိုး ရှိရန် လိုပါသည်။ သို့သော် ဤသဘောထားကြောင့် ပြဿနာများစွာ ဖန်တီးလာနိုင်ပါသည်။ သေခြင်းတရားကို ရန်သူဟု သတ်မှတ်ပါက ဤခန္ဓာသည်လည်း ရန်သူ၊ ဘဝ တစ်ခုလုံးသည်လည်း ရန်သူဖြစ်လာပါသည်။ ဤသည်မှာ အနည်းငယ် အစွန်းရောက်နေပါ၏။

သေခြင်းတရားသည် ဤခန္ဓာကိုယ် မတည်ရှိတော့ခြင်းကို ဆိုလိုပါသည်။ ဤဘဝတွင် ရရှိထားသော အရာအားလုံးကို စွန့်ခွာသွားရပါမည်။ တိရစ္ဆာန်များက သေခြင်းတရားကို လူတို့နည်းတူ မနှစ်သက်ပါ။ သို့သော် ကျွန်ုပ်တို့သည် သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သောကြောင့် သေဆုံးခြင်းသည် ဘဝ၏ အစိတ်အပိုင်း ဖြစ်နေပါသည်။ ဘဝသည် ယုတ္တိကျစွာပင် အစနှင့်အဆုံး၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ရှိပါသည်။ ထို့ကြောင့် သိပ်မထူးခြားပါ။ သို့သော် သေခြင်းတရားအပေါ် ကျွန်ုပ်တို့၏ လက်တွေ့မကျသော ချဉ်းကပ်မှုနှင့် ရှုမြင်မှုများကြောင့် ထပ်ပြီးစိုးရိမ်ပူပန်စရာများ ဖြစ်လာသည်ဟု ထင်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ ကျင့်ကြံသူများအဖြစ် သေခြင်းတရားနှင့် မမြဲခြင်းအကြောင်း မိမိကိုယ်ကို နေ့စဉ် သတိပေးသင့်လှ ပါသည်။ မမြဲခြင်း ဆိုရာတွင် ခြုံငုံသိရှိမှု အဆင့် [ဖြစ်ပေါ်သည့် ဖြစ်ရပ်အားလုံး အဆုံးသတ်ကြရသည့်] နှင့် သိမ်မွေ့သော အဆင့် [အကြောင်းတရားနှင့် အခြေအနေများက သက်ရောက်မှုရှိသည့် ဖြစ်ရပ်အားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည်] ဟူ၍ အဆင့်နှစ်ဆင့် ရှိပါသည်။ တကယ်တော့ မမြဲခြင်း၏ သိမ်မွေ့သောအဆင့်သည် ဗုဒ္ဓဘာသာ၏ တကယ့်တရား ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် မမြဲခြင်း၏ ခြုံငုံသိရှိမှု အဆင့်သည်လည်း ကျွန်ုပ်တို့သည် ထာဝရရှိနေမည်ဆိုသည့် ခံစားချက်ကို အခြေခံသော အပျက်သဘော စိတ်ခံစားချက်အချို့ကို လျှော့ချပေးသည့်အတွက် ကျင့်ကြံမှု၏ အရေးကြီးသော အပိုင်းတစ်ခု ဖြစ်နေပါသည်။

ရဲတိုက်နှင့် ခံတပ်ကြီးများနှင့်အတူ ကြီးကျယ်သောဘုရင် သို့မဟုတ် ရာဇာများကို လေ့လာကြည့်ပါ။ အနောက်တိုင်း တွင်လည်း ရှိပါသည်။ ဤသို့သော ဧကရာဇ်မင်းများက မိမိကိုယ်ကို မသေဆုံးနိုင်ကြောင်း ယူဆကြပါသည်။ သို့သော် ယခုအခါ ဤအဆောက်အအုံများကို ကြည့်သောအခါ ထိုအချက်က အဓိပ္ပာယ် မရှိတော့ပါ။ တရုတ်နိုင်ငံမှ မဟာတံတိုင်းကြီးကို ကြည့်ပါ။ ယင်းကို တည်ဆောက်ခဲ့သူတို့အတွက် များပြားလှသော ဆင်းရဲဒုက္ခများ ဖန်တီးခဲ့ပါသည်။ သို့သော် ဤအလုပ်များကို ‘‘ငါ၏စွမ်းအားနှင့် အင်ပါယာသည် ထာဝရ တည်တံ့စေရမည်’’ နှင့် ‘‘ငါ၏အင်ပါယာသည် ထာဝရ တည်တံ့စေရမည်’’ ဆိုသည့် ခံစားချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဘာလင်တံတိုင်းလိုပင် ၎င်းသည် နှစ်ထောင်ချီ၍ တည်တံ့စေရမည်ဟု အချို့သော အရှေ့ဂျာမနီ ကွန်မြူနစ်ခေါင်းဆောင်များက ပြောခဲ့ပါသည်။ ဤခံစားချက်အားလုံးသည် သူတို့ကိုယ်တိုင်၊ သူတို့ပါတီ သို့မဟုတ် သူတို့ ယုံကြည်ချက်ကို တွယ်တာမှု၊ သူတို့ ထာဝရ တည်တံ့မည်ဟု ယူဆမှုမှ ပေါ်ထွက်လာပါသည်။

ယခုအခါ ကျွန်ုပ်တို့သည် မိမိ၏စိတ်ဓာတ်စေ့ဆော်မှုအဖြစ် အပြုသဘော ဆန္ဒရှိရန် လိုနေသည်မှာ မှန်ပါသည်။ ဤဆန္ဒ မရှိပါက လှုပ်ရှားဆောင်ရွက်မှု မရှိပါ။ သို့သော် မသိမှုပါနေသော ဆန္ဒသည်လည်း အန္တရာယ် များပါသည်။ ဥပမာ၊ တည်မြဲသည်ဆိုသည့် ခံစားချက်ဖြင့် ‘‘ငါထာဝရ တည်ရှိလိမ့်မည်’’ ဆိုသည့် အမြင်မျိုး ဖန်တီးတတ်ပါသည်။ ဒါက လက်တွေ့မကျပါ။ မသိမှု ဖြစ်ပါသည်။ ထို့ပြင် ယင်းကို တစ်ခုခု ထပ်ထပ်ပြီး လိုချင်နေသော ဆန္ဒနှင့် ပေါင်းစပ်သောအခါ နောက်ထပ်ဒုက္ခနှင့် ပြဿနာများ ပို၍ဖန်တီးမိပါသည်။ သို့သော် ဉာဏ်ပညာပါဝင်သော ဆန္ဒသည် အလွန်အပြုသဘော ဆောင်သည့်အတွက် ယင်းကိုလိုအပ်ပါသည်။

မန္တရား ကျင့်ကြံမှုတွင် မမြဲခြင်းအကြောင်း သတိပေးချက်များကိုလည်း တွေ့ရပါသည်။ ဥပမာ၊ ဦးခေါင်းခွံကဲ့သို့ ပစ္စည်းများ ဖြစ်သည်။ စက်ဝိုင်းပုံ သင်္ကေတအချို့တွင် သုဿန်များ၊ လူသေရုံများကို မြင်ယောင်ကြည့်ရပါသည်။ ထိုသင်္ကေတ အားလုံးက မမြဲခြင်းအကြောင်းကို သတိပေးနေပါသည်။ တစ်နေ့တွင် ကျွန်ုပ်၏ကားသည် သုဿန်တစ်ခုကို ဖြတ်သွားရာ နောက်ပိုင်းတွင် ဟောပြောပွဲ၌ သတိရသောအခါ ‘‘သုဿန်ကို ဖြတ်သွားနေတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ နောက်ဆုံး ဦးတည်ရာပဲ။ အဲဒီကို သွားကြရမှာပဲ။’’ ဟု ထည့်ပြောမိပါသည်။ လက်ဝါးကပ်တိုင်ပေါ်မှ ယေရှုခရစ်တော်သည် သူ၏တပည့်များအား နောက်ဆုံးတွင် သေခြင်းတရား ရောက်လာပြီဟု ပြသခဲ့သည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာသည်လည်း ထို့အတူ ပြသခဲ့သည်။ အလ္လာနှင့် ပတ်သက်၍ ပုံသဏ္ဌာန် မရှိသည့်အတွက် မသိပါ။ သို့သော် မိုဟာမက်သည် ထိုကဲ့သို့ ပြသခဲ့ပါသည်။

ထို့ကြောင့် သေခြင်းတရားသည် အနှေးနှင့်အမြန် ရောက်ရှိလာမည်ကို လက်တွေ့ကျကျသိထားရန် လိုပါသည်။ သေခြင်းတရား ရောက်လာမည်ကို အစကတည်းက မှန်ကန်သော သဘောထားအချို့ ရှိထားပါက တကယ် သေဆုံးရသောအခါ စိုးရိမ်သောက လျော့ပါးသွားပါမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကျင့်ကြံသူတို့အတွက် ဤအချက်ကို နေ့စဉ် သတိပေးရန် အလွန်အရေးကြီးပါသည်။

သေခါနီးအချိန်တွင် ဘာလုပ်မည်နည်း

နောက်ဆုံးနေ့ရက်များ ရောက်လာသောအခါ ယင်းကို လက်ခံရန်လိုပြီး အထူးအဆန်းတစ်ခုလို မမြင်သင့်ပါ။ အခြားလမ်း မရှိပါ။ ထိုအချိန်တွင် ယုံကြည်ရာ ဘာသာတရားတစ်ခုခု ရှိသူမှန်လျှင် ‘‘ဤဘဝကို ဘုရားသခင်က ဖန်တီးထားသည်။ ထို့ကြောင့် ဘုရားသခင် အစီအစဉ်အတိုင်း နိဂုံးချုပ်ပါသည်။ ငါသည် သေခြင်းကို မနှစ်သက်သော်လည်း ဘုရားသခင်က ဖန်တီးထားသည်။ ထို့ကြောင့် အဓိပ္ပာယ် အချို့တော့ ပါဝင်နေရမည်’’ ဟု တွေးသင့်ပါသည်။ ဖန်တီးရှင်ဘုရား၌ အမှန်တကယ် ယုံကြည်သူများက ထိုစကားများဖြင့် တွေးတောသင့်ပါသည်။

အိန္ဒိယနိုင်ငံ ရိုးရာအစဉ်အလာများကို လိုက်နာသူများနှင့် ပြန်လည်မွေးဖွားမှုကို ယုံကြည်သူများက သူတို့၏ နောက်ဘဝကို တွေးတောကာ စိုးရိမ်မြဲစိုးရိမ်နေမည့်အစား နောင်ဘဝကောင်းစားရေး မှန်ကန်သော အကြောင်းတရားများ ကြိုးစားဖန်တီးရပါမည်။ ဥပမာ၊ သေခါနီးအချိန်၌ သင်၏ကုသိုလ်အားလုံးကို နောင်ဘဝသို့ ရည်မှန်းလိုက်ပါက ဘဝကူးကောင်းပါမည်။ ထို့နောက် ဘာကိုယုံကြည်သည်ဖြစ်စေ သေခါနီးအချိန်၌ စိတ်အခြေအနေသည် တည်ငြိမ်နေရပါမည်။ ဒေါသ၊ အကြောက်လွန်မှုတို့က မကောင်းပါ။

ဖြစ်နိုင်လျှင် ဗုဒ္ဓဘာသာ ကျင့်ကြံသူများက မိမိ၏ နောက်ဘဝကို ယခုကပင် မျှော်ကြည့်ထားသင့်ပါသည်။ ဗောဓိစိတ္တ ကျင့်ကြံမှုများနှင့် အချို့သော မန္တရား ကျင့်ကြံမှုများက ဤအတွက် အထောက်အကူပြုပါသည်။ မန္တရား ဟောကြားချက် များအရ သေခါနီးအချိန်တွင် အစိတ်အပိုင်းများ အဆင့်ရှစ်ဆင့်ဖြင့် ပြိုကွဲပါသည်။ ခန္ဓာ၏ အကြမ်းထည်အဆင့် အစိတ်အပိုင်းများ ပြိုကွဲသည်။ ထို့နောက် ပိုပြီးနူးညံ့သောအဆင့်များလည်း ပြိုကွဲသည်။ မန္တရား ကျင့်ကြံသူများသည် နေ့စဉ် တရားရှုမှတ်ရာ၌ ဤအချက်ကို ထည့်သွင်းရန် လိုပါသည်။ ကျွန်ုပ်သည် စက်ဝိုင်းပုံ သင်္ကေတ ကျင့်ကြံမှု အမျိုးမျိုးဖြင့် နေ့စဉ် အနည်းဆုံးငါးကြိမ် မရဏ တရားရှုမှတ်သည်။ ထို့ကြောင့် ကျွန်ုပ် အသက်ရှင်နေပါသည်။ ယခုမနက်လည်း ကျင့်ကြံပါသည်။ ကျွန်ုပ်သည် သေဆုံးမှုသုံးမျိုး ကျော်ဖြတ်ခဲ့ပါသည်။

ထို့ကြောင့် ဤနည်းလမ်းများမှာ နောင်ဘဝကောင်းစားရန် အာမခံချက် ဖန်တီးပေးပါသည်။ ဘာသာတရား မယုံကြည်သူ များအတွက် ရှေ့တွင် ပြောခဲ့သလိုပင် မမြဲခြင်းဆိုသည့်အချက်ကို လက်တွေ့ကျကျသိရှိရန် အရေးကြီးပါသည်။

သေခါနီးပုဂ္ဂိုလ်များအား အကူအညီပေးနည်း

အမှန်တကယ် သေခါနီးပုဂ္ဂိုလ်များအတွက် [မည်သို့ ကူညီရမည်ဆိုသည့်] အသိပညာအချို့ ရှိသူများ ဝန်းရံထားသင့် ပါသည်။ စောစောက ပြောခဲ့သလိုပင် ဖန်ဆင်းရှင် ဘုရား၌ ယုံကြည်သည့် သေခါနီးလူများအတွက် ဘုရားသခင် အကြောင်း သတိပေးနိုင်သည်။ ဘုရားသခင်၌ တစ်ခုတည်းသော ယုံကြည်မှုရှိခြင်းက အနည်းဆုံးတော့ အကျိုးကျေးဇူး အချို့ ရှိပါသည်။ ဗုဒ္ဓဘာသာ ရှုထောင့်မှလည်း ထိုအတိုင်းဖြစ်သည်။ ယုံကြည်မှု၊ ဘာသာတရား မရှိသူတို့အတွက် ရှေ့တွင်ပြောခဲ့သလို လက်တွေ့ကျပြီး မိမိစိတ်ကို တည်ငြိမ်အောင်ထားကြည့်ရန် အရေးကြီးပါသည်။

သေခါနီးပုဂ္ဂိုလ် အနီး၌ ငိုကြွေးနေသူများရှိပါက သူတို့ကို အလွန်တွယ်ငြိမှုကြောင့် စိတ်တည်ငြိမ်ရေး၌ အန္တရာယ် ရှိစေနိုင်ပါသည်။ ထို့ပြင် ဆွေမျိုးများအား အလွန်တွယ်ငြိမ်မှုကြောင့် ဒေါသ ဖြစ်လာနိုင်ပြီး သေခြင်းတရားကို ရန်သူလိုမြင်လာနိုင်ပါသည်။ ထို့ကြောင့် သူတို့စိတ်အခြေအနေ တည်ငြိမ်အောင် ကြိုးစားပေးရန် အရေးကြီးပါသည်။ အမှန်ပင် အရေးကြီးပါသည်။

ကျွန်ုပ်သည် ဗုဒ္ဓဘာသာ ကုသိုလ်ဖြစ်ဆေးရုံများသို့ သွားရောက်ရန် မကြာခဏဆိုသလို တောင်းဆိုခံရပါသည်။ ဥပမာ၊ ဩစတြေးလျနိုင်ငံမှ သီလရှင်ကျောင်း တစ်ခုဖြစ်ပြီး ထိုနေရာတွင် သီလရှင်များက သေခါနီးပုဂ္ဂိုလ်များနှင့် ရောဂါပြင်းထန်သူတို့အား ပြုစုစောင့်ရှောက်ရန် အပြည့်အဝ အားထုတ်ကြိုးပမ်းပါသည်။ ဤသည်မှာ မိမိ၏ နေ့စဉ် ကရုဏာတရား ကျင့်ကြံပွားများမှုကို လက်တွေ့ကျင့်သုံးရန် အလွန်ကောင်းသောနည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဒါက အလွန်အရေးကြီးပါသည်။

အကျဉ်းချုပ်

သေခြင်းတရားသည် အထူးအဆန်း မဟုတ်ပါ။ နေ့စဉ် တစ်ကမ္ဘာလုံး၌ ဖြစ်နေပါသည်။ သေချာပေါက် သေရမည်ဟု နားလည်ထားပါက အဓိပ္ပာယ်ရှိသောဘဝဖြင့် နေထိုင်ရန် အားတက်လာပါသည်။ သေခြင်းတရားက အချိန်မရွေး ရောက်လာနိုင်သည်ဟု မြင်သောအခါ အသေးအဖွဲ ကိစ္စများဖြင့် တိုက်ခိုက်ငြင်းခုန်မှုများ နည်းသွားပါသည်။ အခြားသူများကို တတ်နိုင်သလောက် အကျိုးပြုရန် ဘဝကို အကောင်းဆုံး အသုံးချမည်ဟု စိတ်အားထက်သန်လာပါသည်။

Top