ဇွဲလုံ့လရှိခြင်း ဝီရိယပါရမီ

ကောင်းမှုကုသိုလ်ပြုခြင်းသည် ပေကပ်နေသော မြည်းတစ်ကောင်ကို တောင်ပေါ်သို့ မောင်းနှင်ရသလို ခက်ခဲပြီး အပျက်သဘောကိစ္စများ ဆောင်ရွက်ခြင်းမှာ တောင်အောက်ကို ကျောက်တုံးများ လှိမ့်ချသလို လွယ်ကူကြောင်း တိဘက်လူမျိုးများက ပြောပါသည်။ သည်းခံခြင်း၊ ရက်ရောခြင်း၊ ဉာဏ်ပညာရှိခြင်းတို့ မည်မျှပင် ရှိစေကာမူ ပျင်းရိမှုကိုမကျော်လွှားနိုင်ပါက မည်သူ့ကိုမျှ အကျိုးမပြုနိုင်တော့ပါ။ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိပါက ကျွန်ုပ်တို့သည် ဉာဏ်အလင်းရရှိမှု ရှာဖွေကာ အခြားသူအားလုံးကို အကျိုးပြုရေးဆိုသည့် ကိုယ်တွင်း၊ ကိုယ်ပ တိုက်ပွဲတိုင်းကို ရင်ဆိုင်ရန်အသင့်ရှိသော စစ်သူကြီးများကဲ့သို့ ဖြစ်လာပါသည်။

နိဒါန်း

သာမန်ထက်ထူးသော သဘောထား (ပြီးပြည်စုံမှု) ခြောက်ပါးတွင် စတုတ္ထမြောက်မှာ ဇွဲလုံ့လရှိခြင်း ဖြစ်ပါသည်။ ဇွဲလုံ့လဆိုသည်မှာ အပြုသဘော အပြုအမူတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်ကာ ယင်းကိုထိန်းသိမ်းထားသည့် စိတ်အခြေအနေဟု အဓိပ္ပာယ် သတ်မှတ်ထားပါသည်။ သို့သော် ကောင်းသောအလုပ် အချို့ကို စွဲမြဲခြင်းထက် အများကြီးပိုပါသည်။ အပြုသဘော တစ်ခုခု ဆောင်ရွက်ရာတွင် လက်မလျှော့ခြင်း၊ ပီတိဖြစ်ခြင်းအတွက် သူရဲကောင်းပမာ ရဲစွမ်းသတ္တိရှိဖို့လည်း ပါဝင်ပါသည်။

ဤသည်မှာ အရမ်းအလုပ်ကြိုးစားရမည့် သဘောထားဖြင့် အလုပ်ကိုမုန်းတီးသော်လည်း ဝတ္တရား၊ အပြစ်ရှိမှု၊ တာဝန်ရှိမှု သို့မဟုတ် ထိုသို့သော တစ်ခုခုကြောင့် ဘာပဲဖြစ်ဖြစ် ဆက်လုပ်နေခြင်းမျိုး မဟုတ်ပါ။ ထို့ပြင် အလုပ် မလုပ်ရလျှင် မနေနိုင်သူလို စက်တစ်လုံးကဲ့သို့ နေ့တိုင်းလှုပ်ရှားနေခြင်းလည်း မဟုတ်ပါ။ တစ်ခုခု ဆောင်ရွက်ရသည်ကို အမှန်ပင် စိတ်လှုပ်ရှားကာ၊ အားသွန်ခွန်စိုက် ကြိုးစားပြီးနောက် တစ်ပတ်အကြာ၌ ငြီးငွေ့ကာ လက်လျှော့လိုက်သည့် “ရေတို စိတ်အားထက်သန်မှု” ဆိုသည့်အရာလည်း မဟုတ်ပါ။ ရေရှည်ထိန်းသိမ်းထားသော အားထုတ်မှုနှင့် စိတ်အားထက်သန်မှုအကြောင်းကို ပြောနေခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဇွဲလုံ့လဟု ခေါ်ပါသည်။ ရေရှည် တည်တံ့ရသည့်အကြောင်းမှာ အပြုသဘော အလုပ်အားလုံးကို ပါဝင်ဆောင်ရွက်ရာတွင် မိမိလုပ်နေသောအရာကို ပျော်ရွှင်သောကြောင့် ဖြစ်သည်။ ရဲစွမ်းသတ္တိနှင့် တွဲထားသော ဇွဲလုံ့လသည် ပျင်းရိမှုနှင့် ရွှေ့ဆိုင်းမှုတို့၏ အထိရောက်ဆုံး ဆန့်ကျင်ဘက်ဖြစ်ပါသည်။

သံချပ်ကာကဲ့သို့ ဇွဲလုံ့လ

ဇွဲလုံလသုံးမျိုး ရှိပါသည်။ ပထမတစ်ခုမှာ သံချပ်ကာကဲ့သို့ ဖြစ်ပါသည်။ ဤသည်မှာ မည်မျှကြာမြင့်ပြီး မည်မျှ ခက်ခဲသည်ဖြစ်စေ ဆက်လက်ဆောင်ရွက်လိုစိတ် ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ပျင်းရိခြင်း၊ စိတ်ပျက်ခြင်း ဖြစ်လာမည် မဟုတ်ပါ။ ဓမ္မလမ်းကြောင်းသည် အလွန်ပင် ရှည်ကြာသောကာလ ဖြစ်မည်ကို သိပါက၊ အခြားသူများကို ကူညီရန် ငရဲအထိပင် သွားလိုစိတ် ရှိပါက ဖြစ်လာမည့် အသေးအဖွဲ ပြဿနာတစ်ခုခုကြောင့် ပျင်းရိခြင်း၊ စိတ်ပျက်ခြင်း ဖြစ်နိုင်မည် မဟုတ်တော့ပါ။ “ဘာမဆို၊ ဘယ်အရာကမှ ငါ့အား မတုန်လှုပ်စေနိုင်” ဆိုသည့် သံချပ်ကာကဲ့သို့ သဘောထား ရှိလာပါသည်။ ဤသို့သော ရဲစွမ်းသတ္တိသည် ကျွန်ုပ်တို့အား ကြုံလာမည့် အခက်အခဲတစ်ခုခုမှ ကာကွယ်ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် အရာရာမည်မျှခက်ခဲပြီး မည်မျှရှည်ကြာသည်ဖြစ်စေ ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည့်အတွက် ဖြစ်ပါသည်။

တစ်နည်းဆိုသော် ဉာဏ်အလင်းရရှိမှုအတွက် အချိန်ပိုမိုကြာမြင့်မည်ဟု မျှော်လင့်လေ၊ ပိုပြီး မြန်မြန်ရရှိလေ ဖြစ်ပါသည်။ ချက်ချင်း၊ အလွယ်တကူ ရရှိရန် မျှော်လင့်လျှင်တော့ အဆုံးမရှိကြာမြင့်သွားပါမည်။ ကြီးကျယ်သော ကျမ်းစာများနှင့် ဆရာများက ကျွန်ုပ်တို့သည် ချက်ချင်းအလွယ်တကူ ဉာဏ်အလင်းရရှိမှုကို ရှာဖွေနေပါက ယင်းမှာအခြေခံအားဖြင့် မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ပျင်းရိမှုရှိသည့် လက္ခဏာ ဖြစ်သည်ဟု ဆိုထားပါသည်။ ကျွန်ုပ်တို့သည် ရလဒ်ကို ရရှိလိုသော်လည်း အခြားသူများကို ကူညီဖို့ အချိန်များစွာ မပေးကြပါ။ ဉာဏ်အလင်းရရှိမှုဆိုသည့် နှစ်လိုဖွယ် အာဟာရကိုသာ လိုချင်နေပါသည်။ အဓိကမှာ ကျွန်ုပ်တို့ပျင်းရိနေပါသည်။ လိုအပ်သည့် ကြိုးစားအားထုတ်မှု မပြုလုပ်လိုပါ။ ဉာဏ်အလင်းရရှိမှုကို တတ်နိုင်သလောက် ဈေးပေါပေါနှင့် ဝယ်ယူချင်ကြပါသည်။ သို့သော် ဤသို့သော အချောင်ရရှိမှုမျိုးက ဘယ်တော့မှ အလုပ်မဖြစ်ပါ။

ကရုဏာရှိပြီး “အခြားသူများအား ကူညီရန် အပြုသဘော အင်အားများစုစည်းဖို့ ကမ္ဘာချီပြီး ကြိုးစားမည်” ဆိုသည့်သဘောထား ရှိသောအခါ ဤရဲစွမ်းသတ္တိ၏ ကြီးမားသော အတိုင်းအတာက ဉာဏ်အလင်းရရှိမှုကို ပိုမိုလျင်မြန်စွာ ရရှိအောင်ကူညီပါသည်။

အပြုသဘော ဆောင်ရွက်ချက်များတွင် အသုံးချရမည့် ဇွဲလုံ့လ

ဒုတိယမြောက် ဇွဲလုံ့လအမျိုးအစားမှာ ဉာဏ်အလင်းရရှိမှုအတွက် လိုအပ်သည့် အပြုသဘောအင်အားများ စုစည်းမိအောင် ကောင်းမွန်သည့် အပြုသဘော ဆောင်ရွက်ချက်များ ဆောင်ရွက်ရန် ခိုင်မာစွာအားထုတ်ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရှိခိုးခြင်းစသည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် မပျင်းရိခြင်း၊ သင်ယူလေ့လာပြီး တရားရှုမှတ်ရန် မပျင်းရိခြင်း ဖြစ်ပါသည်။ ယင်းတို့အားလုံးကို ဆောင်ရွက်ရန်လိုအပ်ပြီး ဝမ်းမြောက်ပျော်ရွှင်စွာ ဆောင်ရွက်သင့်လှပါသည်။

အကန့်အသတ်ရှိသော သတ္တဝါများအတွက် အားထုတ်သော ဇွဲလုံ့လ

တတိယ ဇွဲလုံ့လအမျိုးအစားမှာ အခြားသူများကို ကူညီအကျိုးပြုရန် ကြိုးစားရာတွင် ပါဝင်သည့် အခိုင်အမာ အားထုတ်မှုဖြစ်သည်။ ဆိုလိုသည်မှာ သာမန်ထက်ထူးသော ကျင့်ဝတ်သီလအနေနှင့်လည်း ဆွေးနွေးခဲ့သည့် ကျွန်ုပ်တို့၏ အပြုသဘော လွှမ်းမိုးမှုအရ အခြားသူများကို စုစည်းသော နည်းလမ်းလေးသွယ်နှင့် ကူညီရမည့် လူအမျိုးအစား ၁၁ မျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းတို့မှာ တစ်ပုံစံတည်း တူညီသည်တော့ မဟုတ်ပါ။ အခြေခံအားဖြင့် ဤနေရာတွင် ဆိုလိုသည်မှာ ဤဇွဲလုံ့လမျိုးနှင့် သင့်တော်မည့် နည်းလမ်းမျိုးစုံဖြင့် ထိုပုဂ္ဂိုလ်များကို တက်ကြွစွာ ကူညီရန် ဖြစ်ပါသည်။ ဤအရာအားလုံး ဆောင်ရွက်ရသည်ကို ပီတိဖြစ်သလို အခြားသူများအား အကျိုးပြုနိုင်သည်ကို အမှန်ပင် ပျော်ရွှင်ပါသည်။ ထို့ပြင် သည်းခံခြင်းဖြင့် ကျွန်ုပ်တို့သည် မည်သည့်အခက်အခဲကိုမဆို ခံနိုင်ရည် ရှိလာပါသည်။ ကျင့်ဝတ်သီလဖြင့် ကျွန်ုပ်တို့သည် ထိုသူတို့အား အမှန်တကယ် မကူညီနိုင်အောင် တားဆီးမည့် အနှောင့်အယှက် ပေးသော စိတ်ခံစားချက်အားလုံးကို ရှောင်ရှားနိုင်ပါသည်။ သာမန်ထက်ထူးသော သဘောထားများက အချင်းချင်း ပံ့ပိုးနေသည်မှာ ရှင်းလှပါသည်။

ပျင်းရိမှုသုံးမျိုး

ကျွန်ုပ်တို့၏ ဇွဲလုံ့လကို နှောင့်ယှက်နိုင်သော ပျင်းရိမှုသုံးမျိုး ရှိပါသည်။ ဇွဲလုံ့လရရှိအောင် လေ့ကျင့်ရန်အတွက် ပျင်းရိမှုကို ကျော်လွှားဖို့လိုပါသည်။

၁။ ထိုင်းမှိုင်းပြီး ရွှေ့ဆိုင်းလိုသော ပျင်းရိခြင်း

ကျွန်ုပ်တို့အများစုသည် မနက်ဖြန်မှလုပ်မယ်ဆိုပြီး အမြဲတမ်း ရွှေ့ဆိုင်းချင်နေသည့် ဤပျင်းရိမှုမျိုးကို လက်တွေ့ ကြုံဖူးကြပါသည်။ ဤသို့မဖြစ်ရန်အတွက် သေခြင်းတရားနှင့် မမြဲခြင်းကို တွေးတောကာ တရားရှုမှတ်သင့်ပါသည်။ ကျွန်ုပ်တို့ မလွဲမသွေ သေဆုံးရမည်ဖြစ်ကြောင်း၊ ဘယ်အချိန်သေရမည်ကို လုံးဝမသိနိုင်ကြောင်း၊ တန်ဖိုးရှိသော ဤလူ့ဘဝကဲ့သို့ အလွန်ကောင်းမွန်သော အရာများ ဆောင်ရွက်ခွင့်ရသည်မှာ မလွယ်ကူလှကြောင်း နားလည် သဘောပေါက်ရန် လိုပါသည်။

ကျွန်ုပ်အနှစ်သက်ဆုံး ဇင်ဗုဒ္ဓဘာသာ ဆိုရိုးတစ်ခုမှာ “သေဆုံးမှုက အချိန်မရွေး လာနိုင်သည်။ စိတ်အေးအေးထားပါ” ဟူ၏။ ဤစကားကို တစိမ့်စိမ့် တွေးကြည့်သင့်ပါသည်။ သေခြင်းတရားသည် အချိန်မရွေး ရောက်လာနိုင်သည်မှာ မှန်သော်လည်း ကျွန်ုပ်တို့သည် ထိုအတွက် စိုးရိမ်ပြီး မသက်မသာ ဖြစ်နေပါက ဘာကိုမှ ဆောင်ရွက်နိုင်တော့မည် မဟုတ်တော့ပါ။ “ဒီနေ့ အကုန်လုံး လုပ်ရတော့မယ်” ဟုခံစားရပြီး အကြောက်လွန်လာပါက အထောက်အကူ မပြုပါ။ ကျွန်ုပ်တို့ မည်သည့်အခိုက်အတန့်မဆို သေဆုံးနိုင်သည်မှာ မှန်သော်လည်း ယခုဘဝကို အကျိုးရှိစွာအသုံးချလိုပါက ဤနှစ်ချက်နှင့်ပတ်သက်၍ စိတ်အေးလက်အေး ဖြစ်ရန်လိုပါသည်။ သေခြင်းတရားအတွက် အမြဲ အပြင်းအထန် ကြောက်နေပါက အချိန်မရတော့ဘူးဟု အမြဲခံစားနေရပါလိမ့်မည်။

၂။ အသေးအဖွဲများကို တွယ်တာသည့် ပျင်းရိခြင်း

ပျင်းရိမှု ဒုတိယအမျိုးအစားမှာ အသေးအဖွဲကိစ္စများကို တွယ်တာခြင်းဖြစ်သည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့အများစု နားလည်နိုင်ပါသည်။ ကျွန်ုပ်တို့သည် တီဗီကြည့်ခြင်း၊ သူငယ်ချင်းများနှင့် အတင်းပြောခြင်း၊ စကားစမြည်ပြောခြင်း၊ အားကစားအကြောင်းပြောခြင်း စသည်ဖြင့် အချိန်များစွာ ဖြုန်းတီးကြပါသည်။ ယင်းတို့မှာ အချိန်ဖြုန်းခြင်းဟု သတ်မှတ်ပြီး အခြေခံအားဖြင့် ပျင်းရိမှုတစ်မျိုးသာ ဖြစ်ပါသည်။ တရားရှုမှတ်ရန်ထက် ရုပ်မြင်သံကြားရှေ့တွင် ထိုင်ရသည်မှာ အများကြီး ပိုမိုလွယ်ကူခြင်းသာ မဟုတ်ပါလား။ ဤသို့လျှင် သာမန်ရိုးစင်းသောအရာများကို ကျွန်ုပ်တို့သည် ပျင်းရိမှုဖြင့် စိတ်ဝင်စားပါသည်။ ပိုခက်ခဲပြီး ပိုအဓိပ္ပာယ်ရှိမည့် အရာတစ်ခုခုကို ကြိုးစား ဆောင်ရွက်လိုစိတ် မရှိကြပါ။

ဤသည်မှာ ဖျော်ဖြေရေး သို့မဟုတ် အနားယူမှုအချို့အတွက် မရပ်နားရဘူးဟု မဆိုလိုပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် အားပြန်ပြည့်အောင် တစ်ခါတစ်ရံ ထိုသို့လိုအပ်ပါသည်။ အဓိကအချက်မှာ ယင်းတို့အားလုံးကို တွယ်တာပြီး ပျင်းရိမှုကြောင့် အလွန်အကျွံ မပြုလုပ်ရန် ဖြစ်ပါသည်။ အနားယူခြင်း၊ လမ်းထွက်လျှောက်ခြင်း၊ တီဗီကြည့်ခြင်းတို့ ပြုလုပ်နိုင်သော်လည်း ယင်းကိုမတွယ်တာဖို့ လိုပါသည်။ ကြည့်၍ဝသောအခါ မူလကဆောင်ရွက်နေသော အပြုသဘော ကိစ္စများကို ပြန်လုပ်ရပါမည်။

အသေးအဖွဲကို မတွယ်ငြိအောင် ကျော်လွှားရန် အကောင်းဆုံးနည်းမှာ သာမန်အောင်မြင်မှုများနှင့် ဆောင်ရွက်ချက်များမှ ရရှိသော သာယာမှုနှင့် စိတ်ကျေနပ်မှုတို့သည် ဘယ်တော့မှ ရှည်ကြာသော ပျော်ရွှင်မှုကို မပေးနိုင်ကြောင်း တွေးရန်ဖြစ်ပါသည်။ ရုပ်ရှင် မည်မျှကြည့်ကြည့်၊ နာမည်ကြီးသူများအကြောင်း မည်မျှပြောပြော၊ မည်မျှပင် ခရီးဝေးဝေးသွားသွား၊ ရေရှည်တည်တံ့သော ပျော်ရွှင်မှု အနည်းငယ်မျှပင် မပေးနိုင်ပါ။ ဤသို့ ရေရှည်ခံသော ပျော်ရွှင်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသို့ရရှိစေသည့် ဓမ္မနည်းလမ်းများ လေ့ကျင့်ရန် ဖြစ်ပါသည်။ ဘောလုံးကို ဂိုးထဲဝင်အောင် တစ်ချိန်လုံး လေ့ကျင့်နေလည်း ပိုမိုကောင်းမွန်သော ပြန်လည်မွေးဖွားမှုကို ရရှိစေမည် မဟုတ်ပါ။

ထို့ကြောင့် မှတ်ထားရမည့် အဓိကအချက်မှာ တွယ်တာမှုမရှိရေး ဖြစ်ပါသည်။ အနားယူမှုအတွက် တစ်ခုခု လုပ်ဆောင်သည်မှာ ဘာမှမဖြစ်ပါ။ သို့သော် ၎င်းကိုတွယ်တာမိပြီး အင်အားအကုန် အသုံးချလိုက်ကာ အခြားသော ပိုပြီးအပြုသဘော ဆောင်သောအရာတစ်ခုခု ဆောင်ရွက်ရွက်ဖို့ ပျင်းရိမိပါက ဖြုန်းတီးမှုဖြစ်ပါသည်။ ဤသို့သော ပျင်းရိမှုသည် အပြုသဘော ကိစ္စများ ဆောင်ရွက်ရန် ပျော်ရွှင်မှုအတွက် အမှန်ပင် အတားအဆီး ဖြစ်ပါသည်။

၃။ စိတ်ပျက်မိသည့် ပျင်းရိခြင်း

ပျင်းရိမှု တတိယ အမျိုးအစားမှာ မစွမ်းဆောင်နိုင်ကြောင်း ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်ပါသည်။ ထိုကိစ္စသည် မိမိအတွက် အလွန်ခက်ခဲသည့်အတွက် လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း စိတ်ပျက်မိခြင်း ဖြစ်ပါသည်။ “ဒါကို မကြိုးစားကြည့်တော့ပါဘူး။ ငါ့လို လူက ဒါမျိုး ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု အကြိမ်မည်မျှ တွေးမိပါသနည်း။ ဉာဏ်အလင်းရရှိမှုကဲ့သို့ ကြီးကျယ်သော ရည်မှန်းချက်သည် ခက်ခဲနိုင်သည်ဟု ထင်ရသော်လည်း ကြိုးစားမှုပင် မပြုခြင်းမှာ ပျင်းရိခြင်းသာ ဖြစ်ပါသည်။

ထိုသို့မဖြစ်စေရန်အတွက် ဗုဒ္ဓသဘောသဘာဝကို ပြန်အမှတ်ရဖို့ လိုပါသည်။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်သော အံဖွယ်အရည်အသွေးနှင့် အစွမ်းအစမျိုးစုံ ရှိသည်ဆိုသောအချက် ဖြစ်ပါသည်။ ပီကေရောင်းပြီး အမြတ်အနည်းငယ် ရရန်အတွက် မိုးလင်းမိုးချုပ် အလုပ်လုပ်နိုင်သူများစွာ ရှိနေပါက ပိုပြီးသိသာထင်ရှားသော တစ်ခုခု အောင်မြင်ရန် အချိန်မပေးနိုင်ဘူးဟု မည်သူကအတိအကျ ပြောနိုင်ပါမည်နည်း။ မိနစ် ၉၀ သာကြာသော စတိတ်ရှိုးသွားရန် လက်မှတ်တစ်စောင်ရဖို့ နာရီများစွာကြာအောင် စောင့်ဆိုင်းနိုင်ပါက ဉာဏ်အလင်းရရှိမှုဆိုသည့် ထာဝရတည်တံ့သော ရည်မှန်းချက်ဆီရောက်စေမည့် အပြုသဘော တစ်ခုခုကို မဆောင်ရွက်နိုင်ဘူးဟု လုံးဝမတွေးသင့်ပါ။

ဇွဲလုံ့လ ရရှိရန်အတွက် ပံ့ပိုးမှုလေးရပ်

ဇွဲလုံ့လ ရရှိအောင် ကျွန်ုပ်တို့အား ကူညီမည့် ပံ့ပိုးမှုလေးရပ်ကို ရှန်တီဒေဝ က ဖော်ပြထားပါသည်။

၁။ ခိုင်မြဲသော ယုံကြည်ချက်

တရားတော်များကို လက်တွေ့ကျင့်ကြံမှု ဖြစ်အောင် ဓမ္မ၏ အပြုသဘော အရည်အသွေးများနှင့် ယင်းမှရရှိသည့် အကျိုးကျေးဇူးတို့ကို ခိုင်မြဲသော ယုံကြည်မှုမှတစ်ဆင့် ခိုင်မာသော ရည်ရွယ်ချက်ကို ရရှိလာပါသည်။

၂။ ခေါင်းမာခြင်းနှင့် မာန်မာန

ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် ဗုဒ္ဓ သဘောသဘာဝအကြောင်း နားလည်မှုတို့ကို အခြေခံပြီး ခေါင်းမာခြင်းနှင့် တည်ငြိမ်မှုရှိရန် လိုပါသည်။ ကျွန်ုပ်တို့အားလုံး၌ရှိသည့် အခြေခံအစွမ်းအစဖြစ်သော ဗုဒ္ဓသဘောသဘာဝကို ခိုင်မာစွာ ယုံကြည်သောအခါ မယုံနိုင်လောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အလိုလို ရှိလာပါသည်။ ယင်းကို ရှန်တီဒေဝ က “မာန” သို့မဟုတ် “မာန်မာန” ဟုခေါ်ပါသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသောအခါ ကျွန်ုပ်တို့အားထုတ်သမျှတွင် တည်ငြိမ်ပြီး တစ်သမတ်တည်း ရှိလာပါမည်။ အတက်အကျ မည်မျှရှိသည်ဖြစ်စေ၊ ရဲစွမ်းသတ္တိဖြင့် ဆက်လက်ဆောင်ရွက်ပါလိမ့်မည်။

၃။ ပီတိဖြစ်ခြင်း

တတိယ ပံ့ပိုးမှုမှာ မိမိလုပ်နေသာအရာကို ပျော်ရွှင်ခြင်းဖြစ်သည်။ ဤသည်မှာ ဘဝတွင်မိမိဆောင်ရွက် နေသောအရာကို စိတ်ကျေနပ်ပြီး ရောင့်ရဲသော ခံစားချက်ဖြစ်သည်။ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားပြီး အခြားသူများကို ကူညီရန် ကြိုးစားသည်မှာ ကိုယ်တိုင်ကျေနပ်ဖွယ် အကောင်းဆုံးနှင့် အပြည့်ဝဆုံး ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်သောအခါ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်မှု အလိုလိုဖြစ်ပေါ်လာပါသည်။

၄။ အလျှော့ပေးခြင်း

နောက်ဆုံးပံ့ပိုးမှုမှာ နားရမည့်အချိန်ကို သိရှိခြင်းဖြစ်သည်။ ရပ်တန့်ကာ လက်လျှော့ပြီး မိမိလုပ်နေသောအရာကို ပြန်ရင်မဆိုင်နိုင်တော့သည်အထိ ကိုယ့်ကိုယ်ကို အားမစိုက်သင့်ပေ။ မိမိကိုယ်ကို အလွန်အလုပ်ကြိုးစားခြင်းနှင့် မိမိကိုယ်ကို ကလေးတစ်ယောက်လို ဆက်ဆံခြင်းအကြား အလယ်အလတ်လမ်းကို တွေ့ရှိရန် လိုပါသည်။ ဤသည်မှာ အနည်းငယ် ပင်ပန်းလာတိုင်း ခဏတာလှဲအိပ်လိုက်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။

မည်သို့ဖြစ်စေကာမူ ဒလိုင်းလားမား ဆရာတော်ကြီး၏ ကွယ်လွန်သွားပြီဖြစ်သော သင်ကြားရေးဆရာ ထရီကျန် ယင်းပိုချီက ကျွန်ုပ်တို့သည် တကယ်ပင် စိတ်မပါတော့ဘဲ အခြားဓမ္မနည်းလမ်းများကလည်း မထောက်ပံ့နိုင်တော့ သောအခါ ခဏတာအိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆိုပါသည်။ နိုးလာသောအခါ ကျွန်ုပ်တို့၏ စိတ်အခြေအနေသည် ခဏတာအိပ်စက်မှု၏ သဘောသဘာဝကြောင့် တစ်မျိုးဖြစ်လာပါမည်။ ဤသည်မှာ အလွန်လက်တွေ့ကျသော အကြံဉာဏ် ဖြစ်ပါသည်။

ရဲစွမ်းသတ္တိ ရရှိစေမည့် နောက်ထပ်အချက်နှစ်ချက်

အကူအညီပေးမည့် နောက်ထပ်အချက်နှစ်ချက်ကို ရှန်တီဒေဝ က ဖော်ပြထားပါသည်။

၁။ လက်သင့်ခံခြင်း

ပထမအချက်မှာ လေ့ကျင့်ရန်လိုသောအရာကို အသင့်လက်ခံကာ စွန့်လွှတ်ရမည့်အရာကို လက်ခံခြင်း ဖြစ်ပါသည်။ ထို့ပြင် အကျပ်အတည်းများ ပါဝင်သည်ကို လက်ခံရန်လည်း လိုပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် အခြားသူများကို ကူညီပြီး ဉာဏ်အလင်းရရှိမှုအတွက် ဤအပြုသဘော ဆောင်ရွက်ချက် စသည်ကို အမှန်ပင် လိုအပ်ကြောင်း လက်ခံရန်လည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့ရပ်တန့်ရမည့် ကိစ္စများရှိကြောင်း၊ အကျပ်အတည်းများ ပါဝင်နိုင်ကြောင်းကို ကျွန်ုပ်တို့ လက်ခံပါသည်။

၎င်းကို ကျွန်ုပ်တို့သည်လက်ခံကာ၊ ကိုယ်တိုင်ခံယူပြီး မိမိအရည်အချင်းနှင့် လက်တွေ့ကျစွာ ပါဝင်သောအရာတို့ကို သိရှိပါသည်။ ကျွန်ုပ်တို့သည် လက်တွေ့မကျသော သဘောထား မရှိသင့်ပါ။ ရှိခိုးမှုအကြိမ် ၁၀၀၀၀၀ ပြုလုပ်ရန်စီစဉ်ပါက လွယ်ကူမည်မဟုတ်ကြောင်း သိထားရပါမည်။ ခြေထောက်များ နာကျင်ကာ၊ လက်ဖဝါးများ အနာဖြစ်ပြီး ကျိန်းသေမောပန်းလာပါမည်။ ထို့ကြောင့် အကျိုးကျေးဇူးများကို မိမိဘာသာ အသိပေးရပါသည်။

ကျွန်ုပ်တို့ ရပ်တန့်ရမည့်အရာများက ဘာတွေလဲ။ စတင်ချိန်တွင် ကျွန်ုပ်တို့သည် ယင်းကိုအချိန်ယူ ဆောင်ရက်ကာ အချိန်ရဖို့အတွက် ကိစ္စရပ်များ ဖြတ်တောက်ခြင်းမှာ ခက်ခဲမှု ရှိနေနိုင်ပါသည်။ “ဒါကိုလုပ်နိုင်မလား” ဟု မိမိကိုယ်ကို ရိုးသားစွာ စစ်ဆေးရပါသည်။ ပါဝင်သောအရာ၏ အမှန်တရားကို လက်ခံကာ ပျော်ရွှင်စွာ စိတ်အားထက်သန်မှုဖြင့် အားထုတ်ကြိုးစားရပါသည်။

၂။ ထိန်းချုပ်မှုရှိခြင်း

ရဲစွမ်းသတ္တိ ရှိမှုအတွက် ရှန်တီဒေဝ၏ ဒုတိယအချက်မှာ အထက်ပါအတိုင်း လက်ခံထားသည့် လက်တွေ့ကျသော သဘောထား ရှိသည်နှင့် ကိုယ်တိုင်အမှန်တကယ် ကျင့်သုံးရန် ထိန်းချုပ်လိုက်ပါသည်။ ကျွန်ုပ်တို့သည် စိတ်စွမ်းအားဖြင့် အထူးသဖြင့် ပျင်းရိမှုကဲ့သို့ ပုံစံဟောင်းအတိုင်း ပြုမူခွင့် မပေးတော့ပါ။ ထိန်းချုပ်မှုရှိလာပြီး မိမိဆောင်ရွက်ချင်သည့် အပြုသဘောလုပ်ငန်းတွင် မိမိကိုယ်ကို အသုံးချနိုင်လာပါသည်။ အင်္ဂလိပ်ဆိုရိုးတစ်ခုလိုပင် ကျွန်ုပ်တို့သည် “စိတ်ရောကိုယ်ပါ ဆောင်ရွက်ပါသည်။”

အကျဉ်းချုပ်

ဓမ္မကျင့်ကြံမှု၏ အကျိုးကျေးဇူးများကို ခိုင်မာစွာယုံကြည်ပြီး ဓမ္မကြောင့်ရရှိသည့် ပျော်ရွှင်မှုသည် နှိုင်းယှဉ်စရာမရှိကြောင်း မြင်လာသောအခါ ဇွဲလုံ့လသည် အလိုလိုဖြစ်လာပါသည်။ ဘဝတွင် ဘာပဲဖြစ်နေပါစေ၊ အကြောင်းမဟုတ်တော့ပါ။ ခိုင်မာသော စိတ်ဓာတ်စေ့ဆော်မှုနှင့် ဇွဲလုံ့လတို့ရှိပါက ကျွန်ုပ်တို့သည် သူရဲကောင်းပမာ မိမိရည်မှန်းချက်ကို အောင်မြင်လာပါမည်။

ဇွဲလုံ့လသည် ကျွန်ုပ်တို့ကို မိမိရည်မှန်းချက် ရောက်ရှိဖို့ကြိုးစားနေစဉ် ကြုံရသည့် အကြီးမားဆုံး အတားအဆီး တစ်ခုဖြစ်သော ပျင်းရိမှုကို ကျော်လွှားရန် ကူညီပါသည်။ ဤနေရာတွင် ဖော်ပြသော နည်းလမ်းများမှာ ဉာဏ်အလင်းရရှိမှု လမ်းကြောင်းတွင် တိုးတက်ရန်အတွက် အသုံးဝင်သည်သာမက ဘဝတစ်လျှောက်လုံးတွင် သာမန်ရည်မှန်းချက်များ အတွက်လည်း အသုံးဝင်ပါသည်။

Top