ဉာဏ်ပညာ ပြီးပြည့်စုံခြင်း ပညာပါရမီ

အမှန်တရားနှင့် စိတ်ကူးယဉ်ခြင်းကို တိကျစွာ ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာ မရှိပါက မိမိနှင့် အခြားသူများ၏ လောကီ၊ လောကုတ္တရာ အပြုသဘော ရည်မှန်းချက်များ ဖြည့်ဆည်းပေးမည့် အရေးကြီးသောနည်းလမ်းတစ်ခု ကင်းမဲ့နေပါသည်။ မသိမှုနှင့် ရှုပ်ထွေးမှု အခြေအနေတွင် ကျွန်ုပ်တို့သည် အခြားတစ်ယောက်အတွက် အထောက်အကူ ပြုမည့်အရာကို မှန်းဆရုံသာ တတ်နိုင်ပြီး မကြာခဏ မှားယွင်းတတ်ပါသည်။ သာမန်ထက်ထူးသည့် ခွဲခြားသိရှိသောပညာ ဆိုသည့် ပညာပါရမီ ရှိပါက ကရုဏာနှင့် ဗောဓိစိတ္တ ရည်မှန်းချက်တို့နှင့်လည်း တွဲဖက်ထားပါက ကျွန်ုပ်တို့သည် ဘုရားဖြစ်ရန်ကြိုးစားနိုင်သလို သက်ရှိအားလုံး အကျိုးရှိမည့် အသင့်တော် အထိရောက်ဆုံး နည်းလမ်းများကိုလည်း အပြည့်အဝ သိရှိနိုင်ပါသည်။

သာမန်ထက်ထူးသည့် ခွဲခြားသိရှိသောပညာကို “ပညာပါရမီ” ဟုပိုပြီး အသိများကာ ပါရမီခြောက်ပါးတွင် နောက်ဆုံးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပညာပါရမီဖြင့် ဉာဏ်အလင်းရရှိကာ အခြားသူများကို အကျိုးပြုနိုင်အောင် သိသင့်သောအရာအားလုံး၏ သဘောသဘာဝနှင့် အသေးစိတ်ကို တိကျမှန်ကန်စွာ ဆန်းစစ်ပြီး အသေအချာ ခွဲခြားသိရှိလာပါသည်။ မှန်ကန်စွာ သိနားလည်သည့် သာမန်ထက်ထူးသော ခွဲခြားသိရှိမှုပညာကို ဤကဲ့သို့ သုံးမျိုးခွဲခြားထားပါသည်-

  1. အနက်ရှိုင်းဆုံး ဖြစ်စဉ် - အမှန်တရား၏ တကယ့် သဘောသဘာဝဖြစ်ပြီး ဖြစ်ရပ်အားလုံးတွင် ကိုယ်တိုင် ဖြစ်တည်သော သဘောသဘာဝ မရှိမှုဖြစ်ကာ အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြင့် အယူအဆသဘောအရဖြစ်စေ၊ ဖော်ပြသည့်ပုံစံဖြင့် အယူအဆ မပါဘဲဖြစ်စေ သိရှိပါသည်
  2. အပေါ်ယံ အစဉ်အလာ ဖြစ်စဉ် - အဓိက အသိပညာနယ်ပယ်ငါးရပ်ဖြစ်သည့် လက်မှုပညာနှင့် ဖန်တီးထုတ်လုပ်မှု၊ ဆေးပညာ၊ ဘာသာစကားနှင့် သဒ္ဒါ၊ ဗုဒ္ဓဘာသာ တရားတော် အလုံးစုံ၏ ယုတ္တိနှင့် နက်နဲသော အသိပညာ။ အထူးသဖြင့် ယင်းတို့ရရှိအောင် သိမြင်မှုအဆင့်များနှင့် နည်းလမ်းနှင့် လက္ခဏာများ
  3. အကန့်အသတ်ရှိပြီး ဆင်းရဲဒုက္ခ ကြုံနေသူအားလုံးကို အကျိုးပြုပုံ - ကူညီရမည့် လူ ၁၁ မျိုးကို သာမန်ထက်ထူးသော ကျင့်ဝတ်သီလ၊ ဇွဲလုံ့လနှင့် စိတ်တည်ငြိမ်မှုတို့နှင့် ဆက်စပ်၍ ဆွေးနွေးထားပါသည်။

ကျွန်ုပ်တို့သည် ပညာပါရမီဖြင့် အောက်ပါတို့ကို မှန်ကန်ပြတ်သားစွာ ခွဲခြားသိရှိပါသည်-

  • ရရှိလိုသော အပြုသဘော ရည်မှန်းချက်များ
  • ယင်းတို့ကို ရရှိခြင်း၏ အကျိုးကျေးဇူးများ
  • ယင်းတို့ကို မရရှိခြင်းကြောင့် ပေါ်ထွက်လာသော ဆိုးကျိုးများ
  • ဤရည်မှန်းချက်များ အောင်မြင်စေရန် အထိရောက်ဆုံး နည်းလမ်းများ
  • ဤနည်းလမ်းများကို မှန်ကန်စွာ ကျင့်ကြံပုံ
  • ယင်းတို့ကို ကြိုးစားကျင့်ကြံရာတွင် ပေါ်ပေါက်လာနိုင်သော အတားအဆီးများ
  • ယင်းအတားအဆီးများကို ရှောင်ရှားရန် သို့မဟုတ် ကျော်လွှားရန် နည်းလမ်းများ။

သာမန်ထက်ထူးသော ခွဲခြားသိရှိမှုပညာဖြင့် မှန်ကန်စွာ နားလည်ခြင်းမရှိပါက ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာ နည်းစနစ်များကို မျက်ကန်းကျင့်ကြံမှု ဖြစ်နေပါမည်။ ဘာကို ရည်မှန်းနေသည်၊ ဘာကြောင့် ရည်မှန်းသည်၊ ဘယ်လို ရရှိနိုင်သည်၊ ထိုသို့ရရှိသောအခါ မိမိ၏အောင်မြင်မှုကို ဘာလုပ်မည် ဆိုသည့်အချက်များကို သေချာမသိတော့ပါ။ မိမိကျင့်ကြံမှုကို တစ်ကိုယ်ကောင်းဆန်သော၊ လျစ်လျူရှုသော စိတ်ဓာတ်စေ့ဆော်မှုများနှင့် ရောစပ်ကာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများဖြင့် ညစ်ထေးပြီး မည်သည့်အောင်မြင်မှုမှ မရအောင် ဖျက်ဆီးလိုက်မိပါလိမ့်မည်။

သာမန်ထက်ထူးသော ခွဲခြားသိရှိမှုပညာသည် အခြား သာမန်ထက်ထူးသော သဘောထားများဖြစ်သည့် ရက်ရောမှု၊ ကျင့်ဝတ်သီလ၊ သည်းခံခြင်း၊ ဇွဲလုံ့လနှင့် စိတ်ဓာတ်တည်ငြိမ်မှု သို့မဟုတ် စူးစိုက်မှုတို့ မှန်ကန်စွာ လေ့ကျင့်နိုင်ရန်အတွက် မရှိမဖြစ် အရေးပါပါသည်။ ဤသို့ဉာဏ်ပညာ ပြည့်စုံမှုဖြင့် ကျွန်ုပ်တို့သည် အောက်ပါတို့ကို မှန်ကန်ပြတ်သားစွာ ခွဲခြားသိရှိလာပါသည်-

  • ပေးကမ်းရန် သင့်တော်သောအရာနှင့် မသင့်တော်သောအရာ၊ ပေးကမ်းရမည့်သူ၊ မိမိနှင့်တကွ မိမိပေးကမ်းမည့်သူ၊ ပေးကမ်းသောအရာတို့သည် ဘာမှမရှိခြင်း သဘောသဘာဝ။ သို့မှသာ အကျိုးပြုသောအရာကို မာန သို့မဟုတ် တွယ်တာမှုနှင့် နောင်တမရရှိဘဲ ပေးကမ်းနိုင်မည် ဖြစ်ပါသည်
  • မိမိနှင့် အခြားသူများအတွက် အကျိုးပြုသောအရာနှင့် အန္တရာယ် ပြုသောအရာ၊ သံသရာ၏ ဆင်းရဲဒုက္ခများ၊ တည်ကြည်ငြိမ်းချမ်းသည့် နိဗ္ဗာန်တွင် ရှိနေခြင်း၏ အားနည်းချက်များ။ သို့မှသာ အခြားသူများ အကျိုးအတွက်သာဖြစ်ပြီး မိမိ၏ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များ ပြည့်ဝစေရန် မဟုတ်ဘဲ ကျင့်ဝတ်သီလကို ဖြူစင်စွာ စောင့်ထိန်းနိုင်ပါသည်
  • စိတ်မရှည်မှု၏ အပြစ်များနှင့် သည်းခံမှု၏ အကျိုးများ။ သို့မှသာ ကျွန်ုပ်တို့၏ အကူအညီပေးရန် ကြိုးစားမှုကို အခြားသူများ၏ အပျက်သဘော မောက်မာစွာ တုံ့ပြန်မှုနှင့် ဓမ္မကျင့်ကြံရာတွင် ကြုံရသည့် အခက်အခဲအားလုံးကို ဒေါသမထွက်ဘဲ မေတ္တာ၊ ကရုဏာတို့ဖြင့် ခံနိုင်ရည် ရှိလာနိုင်ပါသည်
  • မိမိ၏ဘာသာရေး ရည်မှန်းချက်အတွက် ရည်မှန်းရသော အကြောင်းရင်းများနှင့် မိမိကျင့်ကြံမှုများတွင် ယင်းတို့ကို အသုံးပြုပုံ။ သို့မှသာ ပျင်းရိခြင်း၊ စိတ်ပျက်ခြင်း၊ လမ်းတစ်ဝက်တွင် လက်လျှော့ခြင်းတို့ မရှိဘဲ ဇွဲလုံလဖြင့် ကျင့်ကြံနိုင်ပါသည်။
  • မဖြစ်နိုင်သော တည်ရှိမှုများ၏ အမှန်တရားနှင့် မှန်းဆချက်များ။ သို့မှသာ အမှန်တရား၏ တကယ့် သဘောသဘာဝတွင် စိတ်တည်ငြိမ်စွာ စူးစိုက်မှုက ကျွန်ုပ်တို့ကို လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ ရရှိစေပါမည်။ ဆက်လက်၍ မိမိရည်မှန်းချက်ကို ခွဲခြားသိရှိမှုဖြင့် ကျွန်ုပ်တို့သည် တရားရှုမှတ်ရာမှ ရရှိသည့် တည်ငြိမ်စွာ ပီတိဖြစ်သော အခြေအနေက ကျွန်ုပ်တို့အား အခြားသူအားလုံးကို ကူညီရန် ရည်မှန်းချက်မှ လွဲချော်မသွားစေတော့ပါ။

ပါရမီဆယ်ပါး

သာမန်ထက်ထူးသော သဘောထား ဆယ်ချက်ကို ဖော်ပြသောအခါတွင် နောက်ဆုံး သဘောထား လေးရပ်မှာ သာမန်ထက်ထူးသော ခွဲခြားသိရှိမှုကို ဤကဲ့သို့ ထပ်ဆင့် ခွဲခြားထားမှုများ ဖြစ်ပါသည်-

  • သာမန်ထက်ထူးသော နည်းစနစ်ကျွမ်းကျင်မှု - ဓမ္မတရားတော်များ လက်တွေ့ကျင့်ကြံရန် ကိုယ်တွင်းသို့လည်းကောင်း၊ အခြားသူများသည်လည်း လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု ရရှိအောင် ကူညီရန် ကိုယ်ပသို့လည်းကောင်း ဦးတည်သော အထိရောက်ဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်းများနှင့် ပတ်သက်၍ အထူးခွဲခြားသိရှိသောပညာ
  • သာမန်ထက်ထူးသော စိတ်အားမြှင့်တင်ဆုတောင်းမှု - ဘဝတစ်လျှောက်လုံးတွင် ဗောဓိစိတ္တ ရည်မှန်းချက်မှ လုံးဝသွေဖီမသွားရန်နှင့် အခြားသူများအကျိုးပြုရန် မိမိဆောင်ရွက်ချက်များက လုံးဝမရပ်နားဘဲ ထာဝရဆက်လက်ဆောင်ရွက်ရန် ဆိုသည့် မိမိ၏ စိတ်ဆန္ဒနှင့် ပတ်သက်၍ အထူးခွဲခြားသိရှိသောပညာ
  • သာမန်ထက်ထူးသော အားဖြည့်ပေးမှု - မိမိ၏ သာမန်ထက်ထူးသော ခွဲခြားသိရှိမှုပညာကို ချဲ့ထွင်ရန် အသုံးပြုပြီး တဏှာကဲ့သို့ တန်ပြန်အင်အားများကြောင့် ချေမှုန်းမခံရအောင် အသုံးပြုသည့် ဝေဖန်ဆန်းစစ်မှုနှင့် တည်ငြိမ်သော တရားရှုမှတ်မှုတို့မှတစ်ဆင့် ရရှိသည့် အထူးခွဲခြားသိရှိသောပညာ
  • သာမန်ထက်ထူးသော နက်ရှိုင်းစွာ သိရှိမှု - အရာအားလုံး၏ အပေါ်ယံနှင့် အနက်ရှိုင်းဆုံး သစ္စာတရားများကို တပြိုင်နက် သိရှိနိုင်အောင် ဖြစ်ရပ်အားလုံး၏ ဘာမှမရှိခြင်းကို မှန်ကန်စွာ နားလည်သော မိမိစိတ်ဖြင့် အပြည့်အဝ ပေါင်းစည်းထားရန် အသုံးပြုသည့် အထူးခွဲခြားသိရှိသောပညာ။

အကျဉ်းချုပ်

သာမန်ထက်ထူးသော ခွဲခြားသိရှိမှုပညာဖြင့် ကျွန်ုပ်တို့သည် မိမိဆောင်ရွက်သော ကျင့်ကြံမှု၏ အကျိုးကျေးဇူးများနှင့် ကျင့်ကြံမှုက ကျော်လွှားသည့်အရာနှင့် ဆက်လက်ရှင်သန်နေခြင်း၏ ဆိုးကျိုးများကို ရှင်းလင်းပြတ်သားစွာ ခွဲခြားနိုင်ပါသည်။ ဤသို့ ခိုင်မာစွာ နားလည်ယုံကြည်မှုဖြင့်လည်းကောင်း၊ မေတ္တာ၊ ကရုဏာ၊ ဗောဓိစိတ္တ ရည်မှန်းချက်တို့၏ မမှိတ်မသုန် စိတ်ဓာတ်စေ့ဆော်မှုဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့ဆောင်ရွက်သမျှ ဓမ္မကျင့်ကြံမှုတိုင်းသည် ဉာဏ်အလင်းရရှိမှုနှင့် အခြားသူများအား တတ်နိုင်သမျှ အကျိုးပြုနိုင်စွမ်းအတွက် ထိရောက်လာပါတော့သည်။

Top