ဘာသာရေး ဆရာသမားနှင့် ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိသော အချက်များ

မိတ်ဆက် အမှာစကား

ဗုဒ္ဓဘာသာ အစဉ်အလာအားလုံးသည် ဓမ္မလမ်းကြောင်းပေါ်၌ ဘာသာရေးဆရာသမား၏ အရေးကြီးပုံကို အလေးအနက်ထား ပြောကြားပါသည်။ ဘာသာရေးဆရာသမားများသည် အောက်ပါတို့မျှသာ မဟုတ်ပါ-

  • အချက်အလက် ပေးခြင်း
  • မေးခွန်းများ ဖြေပေးခြင်း
  • တပည့်၏ နားလည်မှုကို စစ်ဆေးခြင်း
  • တပည့်၏ ဉာဏ်ရည်၊ စိတ်ခံစားချက်နှင့် တရားရှုမှတ်ခြင်း ဖွံ့ဖြိုးတိုးတက်မှုကို စစ်ဆေးခြင်း။

ဘာသာရေးဆရာသမားများသည် အောက်ပါတို့ကိုလည်း ဆောင်ရွက်ပါသည်-

  • သီလကတိကဝတ်နှင့် လုပ်ပိုင်ခွင့်များ ပေးခြင်း
  • စံပြပုဂ္ဂိုလ်အဖြစ် နေထိုင်ခြင်း 
  • သူတို့ကိုယ်ပိုင် နမူနာများဖြင့် စိတ်ဓာတ်မြှင့်တင်ပေးခြင်း
  • ဗုဒ္ဓမြတ်စွာလက်ထက်ကတည်းက ရှိခဲ့သည့် အစဉ်အလာနှင့် အချိတ်အဆက်အဖြစ် ဆောင်ရွက်ခြင်း။

ဆရာနှင့် တပည့်တို့၏ အဆင့်မှာ အမျိုးမျိုးရှိပါသည်။ ထို့ကြောင့် ဓမ္မလမ်းကြောင်းပေါ်တွင် တွေ့ရမည့် နည်းလမ်းအမျိုးမျိုး ရှိပါသည်။

ယဉ်ကျေးမှု အဆက်အစပ်

ဘာသာရေးဆရာသမား တစ်ဦးထံ လေ့လာဆည်းပူးရန် ခေတ်သစ် အနောက်တိုင်း အခြေအနေသည် အစဉ်အလာ အာရှတိုက်အစဉ်အလာနှင့် လုံးဝကွဲပြားခြားနားပါသည်။

အစဉ်အလာ အာရှတိုက်တွင် ဓမ္မသင်တန်းသား အများစုသည်-

  • ရဟန်း သို့မဟုတ် သီလရှင်ဖြစ်ပြီး ဘာသာရေးလမ်းကြောင်းကို အပြည့်အဝ ကတိကဝတ်ပြု အာရုံစိုက်ပါသည်
  • ဓမ္မဆည်းပူး ကျင့်ကြံခြင်းမှအပ အခြားကိစ္စ ကြီးကြီးမားမား မရှိပါ
  • ပညာမသင်ရသေးသော က‌လေးဘဝကတည်းက ဗုဒ္ဓဘာသာကို စတင်လေ့လာခဲ့ပါသည်
  • သို့ဖြစ်ရာ လူကြီးဖြစ်လာသောအခါ သင်္ချာ၊ လူမှုရေးဘာသာနှင့် သိပ္ပံပညာ စသည့် “လူ့ဘောင်လောက” ဘာသာရပ် အနည်းငယ်သာ တတ်မြောက်ပါသည်
  • အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အခွင့်အာဏာ ဖွဲ့စည်းပုံအမြင်တို့နှင့် ပတ်သက်၍ အမျိုးသမီးများသည် နိမ့်ကျပြီး ရာထူးစဉ်ဆက်သည် ထုံးစံဖြစ်သည် ဆိုသော အစဉ်အလာ အာရှ လူမှုအသိုင်းအဝိုင်းများ၏ တန်ဖိုးများကို လက်ခံပါသည်။

ခေတ်သစ်အနောက်တိုင်းတွင် တပည့်အများစုသည်-

  • လူဝတ်နှင့်ဖြစ်ပြီး အလုပ်အကိုင်၊ ကိုယ်ပိုင်ဘဝတို့နှင့် အလုပ်ရှုပ်နေပါသည်
  • ဓမ္မအတွက် အချိန်သိပ်မပေးနိုင်ပါ
  • ပညာတတ် အရွယ်ရောက်ပြီးမှသာ ဓမ္မကို စတင်ဆည်းပူးပါသည်
  • ကျား၊ မ တန်းတူညီမျှရေးနှင့် ဒီမိုကရေစီနည်းကျ လူမှုဖွဲ့စည်းပုံကို တောင်းဆိုပါသည်။

ငွေရေးကြေးရေးဘက်တွင် အစဉ်အလာ အာရှပုံစံက ဘာသာရေးဆရာသမားများအား လူမှုပံ့ပိုးမှုများ လှူဒါန်းပါသည်။ မိမိတပည့် မဟုတ်သူများကပင်လျှင် လှူဖွယ်ဝတ္ထုများ ကပ်လှူကြပါသည်။ ခေတ်သစ် အနောက်တိုင်းတွင် ဘာသာရေးဆရာသမားသည် မိမိဘာသာ ထောက်ပံ့ရန် လိုပါသည်။ ဆရာအများစုက ဓမ္မစင်တာများ ဖွင့်ထားရာတွင် ငွေကြေး၊ အဖွဲ့အစည်းနှင့် ကြီးကြပ်အုပ်ချုပ်မှုဆိုင်ရာ စိုးရိမ်စရာများ ရှိပါသည်။

ဤအချက်အားလုံးသည် ဆရာ-တပည့် ဆက်ဆံရေးကို သက်ရောက်မှု ရှိပါသည်။ ဘာသာရေး လေ့လာသူများစွာသည် အကျိုးရှိသည် မှန်သော်လည်း နားလည်မှု လွဲခြင်း၊ အမှားတွေ့ခြင်းနှင့် ဘာသာရေးဆိုင်ရာ စိတ်ဒဏ်ရာရခြင်းတို့လည်း များစွာရှိပါသည်။ 

အန္တရာယ်များ

တိဘက် အစဉ်အလာတွင် “ဂုရု ကိုးကွယ်မှု” အကြောင်း ကျမ်းစာများဖြင့် အန္တရာယ်များကို ချဲ့ကားဖော်ပြထားပါသည်။ အဆိုပါ ကျမ်းစာများအတွက် ပရိသတ်မှာ သီလစောင့်ပြီး တစိုက်မတ်မတ် အားထုတ်သော ရဟန်းနှင့် သီလရှင်များ ဖြစ်ကာ တန္တရ ဖြည့်ဆည်းမှုအတွက် ပြင်ဆင်ရန် စစ်ဆေးဖို့ လိုအပ်ကြပါသည်။ ထိုညွှန်ကြားချက်များသည် ဓမ္မစင်တာမှ ဗုဒ္ဓဘာသာအကြောင်း လုံးဝမသိသည့် စတင်လေ့လာသူများအတွက် လုံးဝ မရည်ရွယ်ထားပါ။

အောက်ပါ အစွန်းနှစ်ဖက်ကို ကျွန်ုပ်တို့ ရှောင်ရှားရန် လိုပါသည်-

  1. ဘာသာရေး ဆရာသမားများကို နတ်ဘုရားအသွင် ယူမှတ်ခြင်း။ မသိမှုနှင့် အလွဲသုံးခံရမှုအတွက် လမ်းဖွင့်ပေးသည် 
  2. ဆရာသမားများကို နတ်ဆိုးအသွင် ယူမှတ်ခြင်း။ သံသယလွန်ကဲရန် တံခါးဖွင့်လိုက်ကာ တကယ့် စိတ်အားထက်သန်မှုနှင့် နက်ရှိုင်းသော အကျိုးကျေးဇူး မရရှိတော့အောင် တံခါးပိတ်လိုက်သည်။

အစဉ်အလာ မဟုတ်သော ဝေဖန်ဆန်းစစ်မှု အစီအစဉ်

ဘာသာရေးဆရာသမားနှင့် ပတ်သက်ခြင်း- ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်း (Ithaca: Snow Lion, 2000) စာအုပ်တွင် ဤကိစ္စကို ကျွန်ုပ်လေ့လာကာ ဆက်ဆံရေး ကောင်းမွန်စေမည့် နည်းလမ်းများ အကြံပြုထားပါသည်။ ဤနေရာတွင် ဤကိစ္စကို လေ့လာဆန်းစစ်ရန် နောက်ထပ် အစဉ်အလာမဟုတ်သော အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးလိုပါသည်။ မိသားစုကုထုံးနှင့် အဆက်အစပ်ကုထုံးတို့ကို စတင်ဖော်ထုတ်သူ တစ်ဦးဖြစ်သည့် ဟန်ဂေရီလူမျိုး စိတ်ရောဂါကုပညာရှင် ဒေါက်တာအိုင်ဗင်ဘော့စ်ဇိုမေညီ-နာဂီ၏ အားထုတ်မှုကို ချဲ့ကား တင်ပြခြင်း ဖြစ်ပါသည်။

ဆက်ဆံရေးတစ်ရပ်၏ သိသာသော အစိတ်အပိုင်း ခြောက်ခု

တပည့်ဘက်ကိုရော ဆရာဘက်ကိုပါ ကြည့်ပြီး ဆက်ဆံရေးကို သိသာသော အချက်ခြောက်ခု အနေနှင့် ဝေဖန် ဆန်းစစ်နိုင်ပါသည်။ ဆက်ဆံရေးတွင် ပြဿနာများ ရှိပါက ပိုမိုကောင်းမွန်သော ညှိနှိုင်းမှု ရရှိလာအောင် ပြုပြင်ပြောင်းလဲရပါမည်။ ထိုအတွက် နှစ်ဦးနှစ်ဖက်စလုံးက မိမိဘယ်အခြေအနေမှာ ရှိသည်ကို ဖော်ထုတ်နိုင်ပါက အထောက်အကူ ရကောင်းရနိုင်ပါသည်။

ထိုအချက် ခြောက်ချက်မှာ-

  1. နှစ်ဦးနှစ်ဖက်နှင့် သက်ဆိုင်သော အချက်များနှင့် ဆက်ဆံရေး အနေအထားနှင့် ဆိုင်သော အချက်များ 
  2. နှစ်ဦးနှစ်ဖက်အတွက် ဆက်ဆံရေး၏ ရည်မှန်းချက်နှင့် ယင်းကိုသက်ရောက်မှုရှိသော စိတ်ပိုင်းဆိုင်ရာ အချက်များ 
  3. နှစ်ဦးနှစ်ဖက်က မိမိကိုယ်ကိုယ်နှင့် တစ်ဖက်လူအပေါ် ဆက်ဆံရေးတွင် ပါဝင်ရာ၌ သတ်မှတ်သော အခန်းကဏ္ဍ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်က ထားရှိသည့် မျှော်လင့်ချက်များနှင့် မိမိကိုယ်ကိုယ် ခံစားရပုံ 
  4. ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက်၏ အားစိုက်ထုတ်မှုနှင့် ပါဝင်ပတ်သက်မှု ပမာဏနှင့် ယင်းအပေါ် သက်ရောက်မှုရှိသော စိတ်ပိုင်းဆိုင်ရာ အချက်များ 
  5. နှစ်ဦးနှစ်ဖက်၏ အခြားသော စိတ်ပိုင်းဆိုင်ရာ အချက်များ  
  6. ဆက်ဆံရေး၏ အလုပ်ဖြစ်ပုံနှင့် ယင်းက နှစ်ဦးနှစ်ဖက်အပေါ် သက်ရောက်မှု။

နှစ်ဦးနှစ်ဖက်နှင့် သက်ဆိုင်သော အချက်များနှင့် ဆက်ဆံရေး အနေအထားနှင့် ဆိုင်သော အချက်များ

ဆက်ဆံရေးအပေါ် လွှမ်းမိုးသည့် နှစ်ဦးနှစ်ဖက်နှင့် ပတ်သက်သော အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကျား၊ မ၊ အသက်အရွယ်
  • ဇာတိ ယဉ်ကျေးမှု – အာရှ သို့မဟုတ် အနောက်တိုင်း
  • ဘာသာစကား တူညီမှု သို့မဟုတ် စကားပြန် လိုအပ်မှု – တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးနှင့် သင်ကြားရေး 
  • သင်္ကန်းဝတ် သို့မဟုတ် လူဝတ်
  • ဓမ္မအကြောင်း သိရှိမှုနှင့် လောကီပညာရေး သိရှိမှု အတိုင်းအတာ
  • စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ ရင့်ကျက်မှုနှင့်ဘာသာရေး ဆရာသမား သို့မဟုတ် တပည့် ဖြစ်ရန် အရည်အချင်း သတ်မှတ်ချက်များ
  • တစ်ဦးက တစ်ဦးအပေါ် ပေးနိုင်သည့် အချိန်ပမာဏ
  • အခြားတပည့်များ အရေအတွက်
  • ဆရာက အတည်တကျ နေထိုင်ခြင်း သို့မဟုတ် မကြာခဏ အလည်လာခြင်း။

နေရာသည် ဤသို့ဖြစ်နိုင်ပါသည်-

  • အနောက်တိုင်း ဓမ္မစင်တာ – မြို့လယ်ခေါင် သို့မဟုတ် လူနေထိုင်သော စင်တာ 
  • ဓမ္မစင်တာ ဆိုလျှင် အမှီအခိုကင်းသော နေရာ သို့မဟုတ် ဓမ္မအဖွဲ့အစည်းကြီး တစ်ခု၏ အစိတ်အပိုင်း 
  • ကျောင်းတိုက် – အာရှတွင် သို့မဟုတ် အနောက်တိုင်းတွင်။

နှစ်ဦးနှစ်ဖက်အတွက် ဆက်ဆံရေး၏ ရည်မှန်းချက်နှင့် ယင်းကိုသက်ရောက်မှုရှိသော စိတ်ပိုင်းဆိုင်ရာ အချက်များ

ဆက်ဆံရေးတွင် ပါဝင်သူ နှစ်ဦးနှစ်ဖက်အတွက် ဆက်ဆံရေး၏ ရည်မှန်းချက်သည် အမြဲတမ်းနီးပါး ရောယှက်နေပါသည်။ ဆရာ-တပည့် ဆက်ဆံရေးသည်လည်း ထိုအတိုင်း ဖြစ်ပါသည်။

တပည့်သည် ဘာသာရေးဆရာသမားထံသို့ ရောက်လာသည်မှာ-

  • အချက်အလက် ရရှိကာ သင်ယူရန်
  • တရားရှုမှတ်ခြင်းကို သင်ယူရန်
  • သူ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရန်
  • ယခုဘဝ အခြေအနေများ တိုးတက်ရန်
  • နောင်ဘဝများ ကောင်းစားရန်
  • ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြန်လည်မွေးဖွားမှု (သံသရာ) မှ လွတ်မြောက်မှု ရရှိရန်
  • အခြားသူအားလုံးလည်း အလားတူ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့အတွက် အထောက်အကူပြုအောင် ဉာဏ်အလင်းရရှိရန်
  • အနားယူတတ်အောင် သင်ယူရန်
  • စိတ်တူကိုယ်တူ တပည့်များနှင့် လူမှုရေး အဆက်အသွယ် ပြုလုပ်ရန်
  • အထူးအဆန်းများနှင့် ထိတွေ့ရန်
  • ကိုယ်၊ စိတ် ပြဿနာအချို့အတွက် ဆန်းကြယ်သော ကုသမှုကို ရှာဖွေရန်
  • “ဓမ္မ ကျွမ်းကျင်သူ” ကဲ့သို့ ဆွဲဆောင်မှုရှိပြီး ပျော်တတ်သော ဆရာတစ်ဦးထံမှ “ဓမ္မ ကုသမှု” ရှာဖွေရန်

ထို့ပြင် တပည့်သည် ဆရာကို အောက်ပါတို့အတွက် အားကိုးနိုင်ပါသည်-

  • ဗုဒ္ဓဘာသာ လမ်းကြောင်းပေါ်တွင် လမ်းညွှန်မှုနှင့် စိတ်ဓာတ်တွန်းအားပေးမှု 
  • ကုသမှု
  • ထိန်းကျောင်း လမ်းညွှန်မှု
  • အစားထိုး မိဘ
  • အတည်ပြုမှု
  • ဘဝတွင် ဘာလုပ်ရမည်ကို ပြောပြသူတစ်ဦး။

ဘာသာရေးဆရာသမားသည်လည်း အပြန်အလှန်အားဖြင့် အောက်ပါတို့ကို အလိုရှိနိုင်ပါသည်-

  • အချက်အလက် ပေးရန်
  • နှုတ်ဖြင့် သင်ကြားပေးကာ ဓမ္မကို ထိန်းသိမ်းရန်
  • တပည့်၏ ကိုယ်ရည်ကိုယ်သွေးများကို မြှင့်တင်ပေးရန်
  • တပည့်၏ အနာဂတ်ဘဝများ အကျိုးရှိအောင် မျိုးစေ့ချပေးရန်
  • တပည့်ကို ပိုကောင်းသော ပြန်လည်မွေးဖွားမှု၊ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုသို့ ရောက်ရှိရေးအတွက် ကူညီရန်
  • ဓမ္မစင်တာတစ်ခု သို့မဟုတ် ဓမ္မစင်တာအုပ်စုကို တည်ထောင်ရန်
  • မိမိ၏ မျိုးဆက်အစဉ်အလာသို့ ပြောင်းလဲလာသူများ ရရှိရန်
  • အိန္ဒိယရှိ ကျောင်းတိုက်ကို ပံ့ပိုးဖို့ သို့မဟုတ် တိဘက်တွင် ကျောင်းတစ်ဆောင် ပြန်လည်တည်ဆောက်ဖို့ ငွေကြေးထူထောင်ရန်
  • ဒုက္ခသည် တစ်ယောက်အဖြစ် လုံခြုံသော အခြေတကျနေရာ ရှာဖွေရန်
  • စားဝတ်နေရေး ပြေလည်ရန် သို့မဟုတ် ကြွယ်ဝချမ်းသာရန်
  • အခြားသူများကို ထိန်းချုပ်ကာ ခွန်အားရယူရန်
  • လိင်ပိုင်းဆိုင်ရာ လိုက်လျောမှု ရစေရန်။

နှစ်ဖက်စလုံးကို သက်ရောက်သည့် အပျက်သဘော စိတ်ပိုင်းဆိုင်ရာ အချက်များထဲတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • အထီးကျန်ခြင်း 
  • ပျင်းရိခြင်း 
  • ဆင်းရဲဒုက္ခ 
  • မလုံခြုံမှု 
  • အများကြိုက် ဖြစ်လိုစိတ် 
  • အုပ်စု ဖိအား။ 

နှစ်ဦးနှစ်ဖက်က မိမိကိုယ်ကိုယ်နှင့် တစ်ဖက်လူအပေါ် ဆက်ဆံရေးတွင် ပါဝင်ရာ၌ သတ်မှတ်သော အခန်းကဏ္ဍ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်က ထားရှိသည့် မျှော်လင့်ချက်များနှင့် မိမိကိုယ်ကိုယ် ခံစားရပုံ

ဘာသာရေးဆရာသမားသည် သူ့ကိုယ်သူ ဤသို့သတ်မှတ်ပါသည်။ သို့မဟုတ် တပည့်က ဆရာကို ဤသို့သတ်မှတ်ပါသည်။

  • ဗုဒ္ဓဘာသာ ဆိုင်ရာ အချက်အလက်များပေးသည့် ဗုဒ္ဓဘာသာ ပါမောက္ခတစ်ဦး
  • ဘဝတွင် ဓမ္မကို အသုံးချပုံကို ညွှန်ပြသည့် ဓမ္မသင်ကြားသူ
  • တရားရှုမှတ်မှု သို့မဟုတ် ဝတ်ပြုမှု သင်ပေးသူ
  • ဘာသာရေး လမ်းပြသူ၊ သီလကတိကဝတ် အပ်နှင်းသူ
  • တန္တရ ဖြည့်ဆည်းမှု အပ်နှင်းသည့် တန္တရ ဆရာတော်

တပည့်သည် သူ့ကိုယ်သူ ဤသို့သတ်မှတ်ပါသည်။ သို့မဟုတ် ဘာသာရေးဆရာသမားက တပည့်ကို ဤသို့ သတ်မှတ်ပါသည်-

  • အချက်အလက် သင်ယူသည့် ဗုဒ္ဓဘာသာဝင် တပည့်
  • ဘဝတွင် ဓမ္မကို အသုံးချပုံအကြောင်း သင်ယူသည့် ဓမ္မသင်တန်းသား
  • တရားရှုမှတ်မှု သို့မဟုတ် ဝတ်ပြုမှု သင်ကြားသူ
  • ဆရာနှင့် သီလကတိကဝတ် ဆောက်တည်ထားရုံမျှသာ ဖြစ်သည့် သာဝကတစ်ဦး
  • ဆရာက တစ်ဦးချင်း လမ်းညွှန်ပေးသည့် သာဝကတစ်ဦး။

ဤအချက်၏ နောက်ထပ်ရှုထောင့်တစ်ခုမှာ ဆက်ဆံ‌ရေးကြောင့် နှစ်ဦးနှစ်ဖက်က မိမိနှင့်ပတ်သက်၍ မည်သို့ခံစားရပုံ ဖြစ်ပါသည်။

တပည့်က သူသည် ဤသို့ဖြစ်သည်ဟု ခံစားရနိုင်သည်-

  • ကာကွယ်မှု ရရှိခြင်း
  • တစ်စုံတစ်ယောက်နှင့် ပတ်သက်ခြင်း
  • ပြည့်ဝခြင်း
  • စိတ်ကျေနပ်ခြင်း
  • အမှုထမ်းပေးခြင်း
  • ယုံကြည်မှုအဖွဲ့တစ်ခု၏ အဖွဲ့ဝင်။

ဘာသာရေးဆရာသမားက သူသည် ဤသို့ဖြစ်သည်ဟု ခံစားရနိုင်သည်-

  • ဆရာတော်တစ်ပါး
  • နှိမ့်ချသော ကျင့်ကြံသူတစ်ဦး
  • ကယ်တင်သူ
  • ဘုန်းတော်ကြီး 
  • စိတ်ရောဂါကုသူ
  • ဓမ္မစင်တာများ သို့မဟုတ် ဓမ္မအဖွဲ့များကို ကြီးကြပ်အုပ်ချုပ်သူ
  • ကျောင်းတိုက်တစ်ခုကို ငွေကြေး ထောက်ပံ့သူ။

ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက်၏ အားစိုက်ထုတ်မှုနှင့် ပါဝင်ပတ်သက်မှု ပမာဏနှင့် ယင်းအပေါ် သက်ရောက်မှုရှိသော စိတ်ပိုင်းဆိုင်ရာ အချက်များ  

တပည့်သည် ဤသို့ဖြစ်နိုင်ပါသည်-

  • ဆရာအား သတ်မှတ် အခကြေးငွေ ပေးခြင်း၊ ဒါနပြု လှူဒါန်းခြင်း သို့မဟုတ် ဘာမှ ပေးကမ်း လှူဒါန်းမှု မပြုဘဲ သင်ယူခြင်း 
  • ဗုဒ္ဓဘာသာ၊ ဆရာသမား၊ မျိုးဆက်အစဉ်အလာနှင့် ပတ်သက်၍ ပေါ့ပါးစွာ ပါဝင်ခြင်း သို့မဟုတ် နက်ရှိုင်းစွာ အားစိုက်ထုတ်ခြင်း
  • ဆရာ့ထံမှ သီလကတိကဝတ် ဆောက်တည်လိုခြင်း၊ ဆောက်တည်ထားခြင်း သို့မဟုတ် ထိုသို့ မပြုလုပ်ခြင်း
  • ဆရာကို ကူညီရန် တာဝန်ယူခြင်း
  • အကြွေးတင်သည်ဟု ခံစားရခြင်း
  • တာဝန်ရှိသည်ဟု ခံစားရခြင်း
  • သစ္စာရှိရမည်ဟု ခံစားရခြင်း – ဤအတွက် အုပ်စုဖိအား၏ အခန်းကဏ္ဍက အထူးအရေးပါသည်
  • တစ်ခုခု အမှားပြုလုပ်လျှင် ငရဲကျမည်ဟု ခံစားရခြင်း။

ဘာသာရေးဆရာသမားသည် ဤသို့ဖြစ်နိုင်ပါသည်-

  • တပည့်များကို ကျင့်ဝတ်နှင့်အညီ လမ်းညွှန်ရန် တာဝန်ယူခြင်း
  • တပည့်တို့၏ ဘဝများကို စီမံကာ ဘာလုပ်ရမည်ကို ပြောကြားခြင်း
  • သူ့ဆရာသမားများက သူ့ကိုဆရာလုပ်ခိုင်းသည့်အတွက် တာဝန်အတိုင်း ထမ်းရွက်ခြင်း
  • အလုပ်တစ်ခု လုပ်သကဲ့သို့ သူ့ကိုယ်သူ ရှုမြင်ခြင်း။

ဤအချက်အပေါ် သက်ရောက်သည့် အပျက်သဘော စိတ်ပိုင်းဆိုင်ရာ အချက်များထဲတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကတိကဝတ် ပြုရမည်ကို ကြောက်ရွံ့ခြင်း
  • ညှဉ်းပမ်းနှိပ်စက်မှု ရာဇဝင်ကြောင့် လုပ်ပိုင်ခွင့်ကို ကြောက်ရွံ့နိုင်ခြင်း
  • အသုံးဝင်ရန် သို့မဟုတ် မေတ္တာထားခံရရန် လိုအပ်ချက်
  • အာရုံစိုက်ခံရရန် လိုအပ်ချက်
  • အခြားသူများအား ထိန်းချုပ်ရန် လိုအပ်ချက်
  • မိမိကိုယ်ကိုယ် သက်သေပြရန် လိုအပ်ချက်။

နှစ်ဦးနှစ်ဖက်၏ အခြားသော စိတ်ပိုင်းဆိုင်ရာ အချက်များ  

နှစ်ဦးနှစ်ဖက်သည် ဤသို့ဟုတ်၊ မဟုတ် ဆိုသောအချက်များ ပါဝင်သည်-

  • လူအများနှင့် ရောနှောသူ သို့မဟုတ် တစ်ဦးတည်း နေသူ
  • ဉာဏ်ပညာ၊ စိတ်ခံစားချက် သို့မဟုတ် ကိုးကွယ်အားထားမှု
  • နွေးထွေးမှု သို့မဟုတ် အေးစက်မှု
  • တည်ငြိမ်မှု သို့မဟုတ် စိတ်ဆတ်မှု
  • အချိန်နှင့် အာရုံစိုက်ခံရမှုအတွက် လောဘ
  • အခြားတပည့် သို့မဟုတ် အခြားဆရာများကို မနာလိုမှု
  • ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းခြင်း သို့မဟုတ် မောက်မာခြင်း

ဆက်ဆံရေး၏ အလုပ်ဖြစ်ပုံနှင့် ယင်းက နှစ်ဦးနှစ်ဖက်အပေါ် သက်ရောက်မှု

ဆရာနှင့် တပည့်သည် အောက်ပါတို့ကို အတူတကွ ပြုလုပ်ပါသလား-

  • ကောင်းသော အဖွဲ့ သို့မဟုတ် ဆိုးသော အဖွဲ့
  • တစ်ဦးက တစ်ဦးတွင် အကောင်းဆုံး အရည်အသွေးများကို ပေါ်ထွက်စေသော သို့မဟုတ် တစ်ဦးက တစ်ဦး၏ အရည်အသွေးများကို ဟန့်တားသော အဖွဲ့
  • မျှော်လင့်ချက် မတူညီခြင်းကြောင့် တစ်ဦးအချိန်ကို တစ်ဦးက ဖြုန်းသောအဖွဲ့
  • ရာထူးစဉ်ဆက် ပုံစံကို ထိန်းသိမ်းပြီး တပည့်က အသုံးချခံရသည်၊ ထိန်းချုပ်ခံရသည်၊ ထို့ကြောင့် နိမ့်ကျသည်ဟု (ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းစေခြင်း) ခံစားရသောအဖွဲ့။ ဆရာက သူ့ကိုယ်သူ အခွင့်အာဏာရှိပြီး မြင့်မြတ်ကြောင်း ခံစားရသည်။ တစ်ဖက်က ခံစားရပုံသည် အခြားတစ်ဖက်က ခံစားရပုံအတိုင်း မဟုတ်သည်ကို သတိပြုပါ
  • တစ်ဦးဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ စိတ်အားထက်သန်သော သို့မဟုတ် စိတ်အားဆုတ်ယုတ်သော အဖွဲ့။

အကျဉ်းချုပ်

ဆရာ-တပည့် ဆက်ဆံရေးကို အချက်အားလုံးနှင့်သာမက ၎င်းတို့ကို စုဖွဲ့သော အချက်တစ်ခုချင်း အနေနှင့်လည်း အကဲဖြတ်ရန် လိုပါသည်။ တစ်ဦးနှင့်တစ်ဦး အချက်များ မကိုက်ညီပါက နှစ်ဖက်စလုံးသည် သဟဇာတဖြစ်အောင် အပြောင်းအလဲ ပြုလုပ်ကြည့်ရန် လိုပါသည်။ ယဉ်ကျေးမှု သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ အချက်များ မတူညီခြင်းကြောင့် ပြဿနာဖြေရှင်းရန် ဤချဉ်းကပ်မှုကို တစ်ဖက်က လက်မခံပါက အခြားတစ်ဖက်က သူကိုယ်တိုင် အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နိုင်သလို ဆက်ဆံရေးနှင့် ခပ်ခွါခွါနေရန်လည်း လိုနိုင်ပါသည်။

Top