သတိဖြင့်ရှုမှတ်ခြင်းတွင် ပါဝင်သည့် စိတ်၏အစိတ်အပိုင်းများ

သတိဖြင့် ရှုမှတ်လေ့ကျင့်ခြင်းသည် ဗုဒ္ဓဘာသာ အစဉ်အလာများမှ ဆင်းသက်လာပါသည်။ ထိုမှသည် သတိဖြင့်ရှုမှတ်မှု ပြည့်စုံအောင် ယင်းနှင့်တွဲဖက်နေသော စိတ်၏ အစိတ်အပိုင်း အမျိုးမျိုးကို လေ့လာရပါသည်။ စိတ်၏ အစိတ်အပိုင်းများမှာ သက်ဆိုင်သော သို့မဟုတ် သိမှုဖြစ်ပေါ်အောင် ကူညီသော အရာဝတ္ထုကို သိရှိရေး နည်းလမ်းများ ဖြစ်ပါသည်။ ထိုအထဲတွင် စိတ်ဝင်စားမှုကဲ့သို့ သိမှုဖြစ်စေသော အချက်များ၊ စူးစိုက်မှုကဲ့သို့ သိမှုကို ထိန်းထားပေးသော အချက်များနှင့် မေတ္တာ၊ ဒေါသ စသည်တို့ကဲ့သို့ စိတ်ခံစားချက်များ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ သတိဖြင့် ရှုမှတ်လေ့ကျင့်ခြင်းတွင် သက်ဆိုင်ရာ အချက်များကို လေ့လာပြီး ပေါင်းစပ်ခြင်းအားဖြင့် ထိုကျင့်ကြံမှုမှနေ၍ အများဆုံးအကျိုးကျေးဇူးကို ရရှိပါမည်။

“သတိဖြင့်ရှုမှတ်ခြင်း” အလေ့အကျင့်ကို ခေတ်သစ် အနောက်တိုင်း လူမှုအသိုင်းအဝိုင်းတွင် စိတ်ဖိစီးမှုလျှော့ချရန်၊ နာကျင်မှုထိန်းချုပ်ရန်၊ အလုပ် သို့မဟုတ် ဘဝတွင် အထွေထွေ ရင်ဆိုင်ဖြေရှင်းရာ၌ ပိုမိုထိရောက်မှုရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာကြပါသည်။ ဗုဒ္ဓဘာသာ တရားရှုမှတ် ကျင့်ကြံမှုအမျိုးမျိုးမှ ရရှိလာသော သတိဖြင့် ရှုမှတ်လေ့ကျင့်ခြင်းတွင် စိတ်ကို ငြိမ်အောင်ထားကာ ဝင်လေထွက်လေ၊ အတွေး၊ စိတ်ခံစားချက်၊ ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှု ခံစားချက်၊ ရုပ်အထိအတွေ့ စသည်တို့ကို စောင့်ကြည့်ခြင်း ပါဝင်ပါသည်။ ဤလေ့ကျင့်မှုကို စိတ်၏အမြဲ ပြောင်းလဲနေသော အရာများ၏ အမြဲတမ်း ပြောင်းလဲနေသော လက်ရှိ အခိုက်အတန့်ကို စောင့်ကြည့်ခြင်းအဖြစ် ပိုပြီးယေဘုယျကျစွာ တစ်ခါတစ်ရံ ဖော်ပြကြပါသည်။

အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာကျမ်းဂန်များ

သတိဖြင့်ရှုမှတ်မှု (ပါဠိဘာသာဖြင့် သတိ) ကို ထေရဝါဒ ဗုဒ္ဓဘာသာ၏ တင်ပြချက်သည် ဥပတိဿ၏ လွတ်မြောက်မှုလမ်းစဉ် (ပါဠိဘာသာဖြင့် ဝိမုတ္တိမဂ္ဂ) နှင့် ဗုဒ္ဓဃောသ၏ စင်ကြယ်မှု လမ်းကြောင်း (ပါဠိဘာသာဖြင့် ဝိသုဒ္ဓိမဂ္ဂ) တို့ကို အခြေခံထားပါသည်။ ထိုအထဲတွင် သတိဖြင့်ရှုမှတ်မှုကို တရားရှုမှတ်ခြင်းအမျိုးမျိုး၏ တစ်သားတည်းအစိတ်အပိုင်းအဖြစ် ဖော်ပြထားပါသည်။ တရားရှုမှတ်ရာတွင် သတိဖြင့်ရှုမှတ်မှုသည် ဝင်လေထွက်လေ သို့မဟုတ် သေခြင်းတရားအကြောင်း အမြဲအမှတ်ရနေခြင်းကဲ့သို့ မှတ်မိခြင်း သို့မဟုတ် အမှတ်ရခြင်း၏ လက္ခဏာရပ်ဖြစ်ပါသည်။ ၎င်း၏ဆောင်ရွက်ချက်မှာ မမေ့မလျော့ရန် ဖြစ်ပြီး စိတ်ကို တစ်စုံတစ်ခုမှ လွတ်မသွားအောင် စောင့်ရှောက်ပါသည်။ တစ်နည်းဆိုသော် သတိဖြင့်ရှုမှတ်မှုသည် အာရုံစိုက်နေသောအရာကို လွှတ်မပေးဘဲ “စိတ်၏ကော်စေး” အဖြစ် ဆုပ်ကိုင်ထားပါသည်။ ထိုအရာအပေါ် တည်ရှိလိုက်သည်နှင့် သတိဖြင့်ရှုမှတ်မှုကို ထိုအရာ၏ မမြဲခြင်းကဲ့သို့သော အချို့လက္ခဏာရပ်များအကြောင်း သတိဖြင့်ခွဲခြားသိရှိမှုဖြင့် တွဲဖက်ရန်လိုပါသည်။

ဟိနာယာန ဝိပသိကဂိုဏ်းကို ကိုယ်စားပြုသော ဝါသုဗန္တုကသူ၏ အထူးအသိပညာ အကြောင်းအရပ်များ၏ ရတနာသိုက် (သက္ကတဘာသာဖြင့် အဘိဓမ္မာ) တွင် သတိဖြင့်ရှုမှတ်မှု (သက္ကတဘာသာဖြင့် သမာဓိ) ကို သိမှု၏ အခိုက်အတန့် အားလုံးတွင် တွဲဖက်နေသော စိတ်၏ အစိတ်အပိုင်းဆယ်ခုအနက်မှ တစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။ ထိုသိမှုများကို အခြား အပြုသဘော၊ အပျက်သဘော သို့မဟုတ် သီးခြားမသတ်မှတ်ထားသော (ကျင့်ဝတ်အရ ဘက်မလိုက်သော) စိတ်၏ အစိတ်အပိုင်းများက မည်သို့ပင် တွဲဖက်စေကာမူ သတိဖြင့်ရှုမှတ်မှုက လိုက်ပါ တွဲဖက်ပါသည်။ ထို့ကြောင့် ၎င်းသည် တရားရှုမှတ်ခြင်း အဆက်အစပ်ဖြင့်သာမဟုတ်ဘဲ အချိန်တိုင်း ရှိနေပါသည်။

“အသိပညာ၏ အထူးအကြောင်းရပ်များ ရတနာသိုက်” အတွက်မှတ်ချက်များ (သက္ကတဘာသာဖြင့် အဘိဓမ္မာဘာသယ) တွင် ဝါသုဗန္တုက သတိဖြင့်ရှုမှတ်မှု ဆိုသည်မှာ အရာဝတ္ထုကို မလွှတ်ရန် သို့မဟုတ် မမေ့ရန် စိတ်၏အစိတ်အပိုင်းဟု အဓိပ္ပာယ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် ထိုအရာဝတ္ထုကို လိုချင်မှု သို့မဟုတ် ထိုအရာဝတ္ထုကို သတိထားမှု ပါဝင်ပါသည်။ ထိုအရာဝတ္ထုကို လိုချင်မှု သို့မဟုတ် သတိထားမှုကြောင့် သတိဖြင့်ရှုမှတ်မှုသည် ကျွန်ုပ်တို့အား ထိုအရာဝတ္ထုကို နောက်ပိုင်းတွင် ပြန်အမှတ်ရစေပါသည်။

ဝါသုဗန္တုက သူ၏မဟာယာန စိတ္တမန္တရားကျမ်းဖြစ်သည့် ခန္ဓာငါးပါး၏ပြုမူမှု (သက္ကတဘာသာဖြင့် ပဉ္စခန္ဓာ-ပကာယန) တွင် သတိဖြင့်ရှုမှတ်မှုကို အရာဝတ္ထုအား ပြန်အမှတ်ရမှုပုံစံဖြင့် သီးခြားတင်ပြခဲ့ပါသည်။ ထို့ကြောင့် သတိဖြင့် ရှုမှတ်မှုသည် ရင်းနှီးပြီးသော အာရာဝတ္ထုကို လက်မလွှတ်ဘဲ ထပ်၍အမှတ်ရသော စိတ်အခြေအနေဖြစ်သည်ဟု သူကဖော်ပြထားပါသည်။ ဤကျမ်းစာအတွက် သိရာမတိ က သူ၏မှတ်ချက်တွင် “ရင်းနှီးပြီးသော အရာဝတ္ထု” ဆိုသည်မှာ ယခင်က ကြုံတွေ့ဖူးပြီးသား အရာကို ဆိုလိုကြောင်း ရှင်းပြထားပါသည်။ ထို့ကြောင့် အရာဝတ္ထုကို ပြန်အမှတ်ရခြင်းသည် အရာဝတ္ထုကို တရားရှုမှတ်ခြင်း သို့မဟုတ် တစ်ခုခုကို ပြန်မှတ်မိသည့် နေ့စဉ်အဖြစ်အပျက်များ အနေနှင့် ဖြစ်နိုင်ပါသည်။

အသင်္ဃ က သူ၏ စိတ္တမန္တရား ကျမ်းစာဖြစ်သည့် အသိပညာ၏ အထူးအကြောင်းရပ်များ စုစည်းမှု (သက္ကတဘာသာဖြင့် အဘိဓမ္မာသမုစာရ) တွင် သတိဖြင့်ရှုမှတ်မှု ဆိုသည်မှာ စိတ်၏အစိတ်အပိုင်းများ ရရှိစေသော အချက်ငါးချက်အနက် တစ်ချက်အဖြစ် တင်ပြထားပါသည်။ ထိုငါးချက်တွင် တစ်ချက်ပါဝင်သည့်အတွက် သတိဖြင့်ရှုမှတ်မှုသည် အပြုသဘော သိမှုတွင်သာ ဖြစ်ပေါ်နိုင်ပြီး ထိုအပြုသဘော သိမှုများက ယင်းတို့၏အရာဝတ္ထုများကို ဖမ်းယူသော အပြုသဘော သိမှုများတွင်သာ ဖြစ်ပေါ်နိုင်ပါသည်။ တစ်နည်းဆိုသော် ၎င်းတို့၏အရာဝတ္ထုများကို တိကျပြတ်သားစွာ သိရှိသော သိစိတ်များ ဖြစ်ပါသည်။ ၎င်း၏အရာဝတ္ထုသည် ကျွန်ုပ်တို့ရင်းနှီးသော အပြုသဘောတစ်ခုခု ဖြစ်ရပါမည်။ ၎င်း၏ ရှုထောင့်မှာ ဤအရာပေါ်တွင် အာရုံစိုက်ထားပြီး မေ့လျော့ပျောက်ဆုံးခြင်း မရှိရန် လိုပါသည်။ ၎င်း၏ လုပ်ဆောင်ချက်မှာ စိတ်မပျံ့လွင့်အောင် ကာကွယ်ရန် ဖြစ်ပါသည်။

ဆုန်ခပ၏ တင်ပြချက်

အဆင့်လိုက်လမ်းကြောင်းကို ခမ်းနားစွာတင်ပြခြင်း (လမ်-ရင်း ချန်-မို) တွင် စူးစိုက်မှု (သက္ကတဘာသာဖြင့် သမာဓိ) နှင့် တည်ငြိမ်သော စိတ်အခြေအနေ (သက္ကတဘာသာဖြင့် သမထ) တို့ရရှိရေး အခန်း၌ တိဘက်ဆရာတော်ကြီး ဆုန်ခပ က အသင်္ဃ၏ သတိဖြင့်ရှုမှတ်မှု အဓိပ္ပာယ်ကို ချဲ့ထွင်ရှင်းလင်းထားပါသည်။ သတိဖြင့်ရှုမှတ်မှု (တိဘက်ဘာသာဖြင့် ဒရန်-ပ) တွင် သမထ တရားရှုမှတ်မှုပုံစံအရ အောက်ပါအတိုင်း လက္ခဏာရပ်သုံးချက် ရှိပါသည်-

  • ၎င်းသည် ကျွန်ုပ်တို့ ယခင်က ရင်းနှီးပြီးသား အရာဝတ္ထုကို အာရုံစိုက်ပါသည်။ မရင်းနှီးသောအရာ မဟုတ်ပါ။ ထို့ကြောင့် ၎င်းအရာဝတ္ထု အကြောင်း ကျွန်ုပ်တို့က သေချာပြီး ဘုရားရုပ်ပွားတော်ကို မြင်ယောင်ခြင်းကဲ့သို့ အပြုသဘော ဖြစ်နိုင်သလို ခန္ဓာကဲ့သို့ သီးခြား မသတ်မှတ်ထားသော (ကျင့်ဝတ်အရ ဘက်မလိုက်သော) အရာလည်း ဖြစ်နိုင်ပါသည်။
  • ၎င်း၏ အရာဝတ္ထုပေါ်တွင် စူးစိုက်မှုမှာ ထိုအရာကို ကျွန်ုပ်တို့က မမေ့လျော့ရန် ဖြစ်သည်။ “မမေ့လျော့ရန်” ဆိုသည်မှာ တစ်ယောက်ယောက်က လာမေးလျှင် ကျင့်ကြံမှုက ဘာကိုညွှန်ကြားထားသည် သို့မဟုတ် မိမိအာရုံစိုက်သောအရာ မည်သို့ရှိသည် စသည်ဖြင့် မှတ်မိခြင်းကို မဆိုလိုပါ။ အာရုံစိုက်သောအရာကို စိတ်ဖြင့်ချည်နှောင်လိုက်သည်နှင့် ယင်းကို အနည်းငယ်မျှပင် စိတ်မပျံ့လွင့်ဘဲ စိတ်ဖြင့်ချက်ချင်းဆွဲကိုင် ထားနိုင်ခြင်းဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် အနည်းငယ်မျှ အာရုံပျံ့လွင့်ပါက သတိဖြင့်ရှုမှတ်မှု ပျောက်ဆုံးသွားပါသည်။ ထို့ကြောင့် အာရုံစိုက်နေသောအရာကို စူးစိုက်ကာ ဤအရာပေါ်တွင် မိမိစိတ်ကို ချည်နှောင်ထားသည် ဆိုသောအတွေး ရရှိပြီးပါက ဤသို့ဖြစ်သွားပါလိမ့်မည်။ အသစ်အဆန်း တစ်ခုခုကို လွတ်လပ်စွာ (စကားလုံးဖြင့်) မတွေးတော့သော စိတ်အခြေအနေဖြင့် ဤစွမ်းအားမျိုး မပျောက်ပျက်ဘဲ အစဉ်အဆက် မွေးမြူထားခြင်းမှာ မိမိကိုယ်ကို သတိဖြင့်ရှုမှတ်မှု နှလုံးသွင်းထားသည့်နည်း ဖြစ်ပါသည်။ သတိရှိအောင် မိမိကိုယ်ကို နှလုံးသွင်းခြင်းမှာ ဆရာဝန်ကိုဖြစ်စေ၊ ဘာသာရေး သင်ကြားသူကိုဖြစ်စေ မိမိကိုယ်ကို အပ်နှံခြင်းနှင့် ဆင်တူပါသည်။ ဆရာဝန်ကိုဖြစ်စေ၊ ဘာသာရေး သင်ကြားသူကိုဖြစ်စေ ထိုသူသည် အပြည့်အဝ အရည်အချင်းရှိကြောင်း ယုံကြည်မှသာ ကျွန်ုပ်တို့က မိမိကိုယ်ကို အပ်နှံပါသည်။ ထို့အတူ ကျွန်ုပ်တို့၏ စိတ်အခြေအနေသည် သတိဖြင့်ရှုမှတ်မှု အခြေအနေတွင် အမှန်တကယ်ရှိအောင် အရည်အချင်းများ ပြည့်မီသောအခါမှသာ သတိဖြင့်ရှုမှတ်မှု၌ မိမိကိုယ်ကို အပ်နှံပါသည်။
  • ၎င်း၏ ဆောင်ရွက်ချက်မှာ ကျွန်ုပ်တို့၏စိတ်ကို အခြားအာရုံစိုက်စရာများအပေါ် မပျံ့လွင့်စေရန် ဖြစ်ပါသည်။ ပိုပြီးပြည့်စုံစွာ ပြောရလျှင် သတိဖြင့်ရှုမှတ်မှုသည် ကျွန်ုပ်တို့၏အာရုံအား စူးစိုက်သော အရာကို မမေ့ရန် သို့မဟုတ် မပျောက်သွားရန် ကာကွယ်ပါသည်။ ဤအရာပေါ်သို့ ဇွဲလုံ့လဖြင့် စူးစိုက်စေပါသည်။ ဤအရာနှင့် စဉ်ဆက်မပြတ် ရင်းနှီးနေအောင် ထိန်းထားပေးပါသည်။

သတိဖြင့်ရှုမှတ်သော တရားထိုင်ခြင်း

တည်ငြိမ်သော စိတ်အခြေအနေဖြင့် သမထ ရရှိအောင် ကျင့်ကြံရာတွင် တရားရှုမှတ်သည့် အာရုံစိုက်သောအရာက အမြဲတစ်သမတ်တည်း ဖြစ်ပါသည်။ ဥပမာ၊ ဘုရားရှင်ကို မြင်ယောင်သည့် အာရုံစိုက်မှု ဖြစ်ပါသည်။ သတိဖြင့်ရှုမှတ်မှုတွင်မူ ခေတ်သစ် အနောက်တိုင်း လူမှု အဖွဲ့အစည်း၌ သင်ကြားသည့်အတိုင်း အရာဝတ္ထုက ကျွန်ုပ်တို့စိတ် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သိမှု၏ အမြဲပြောင်းလဲနေသော အရာများ၏ အမြဲပြောင်းလဲနေသော လက်ရှိအခိုက်အတန့် ဖြစ်ပါသည်။ ဤသည်မှာ အရာဝတ္ထုအနေနှင့် သတိဖြင့်ရှုမှတ်မှုအား ထေရဝါဒ ဗုဒ္ဓဘာသာ၏ တင်ပြချက်နှင့် ပိုမိုကိုက်ညီပါသည်။ ထို့ပြင် သတိဖြင့်ရှုမှတ်မှုသည် သိမှုအခိုက်အတန့်အားလုံး၌ တွဲဖက်နေသည်ဆိုသော ဝါသုဗန္တု၏ ဝိပသိကာ တင်ပြချက်နှင့်လည်း ကိုက်ညီပါသည်။ သို့သော် အရာဝတ္ထုသည် ဝါသုဗန္တုနှင့် အသင်္ဃတို့က စိတ္တမန္တရား ကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ဘုရားရှင်၏ ရုပ်အသွင်အပြင်ကဲ့သို့ မိမိယခင်က ရင်းနှီးဖူးသော အရာတစ်ခု မဟုတ်ပါ။ အခိုက်အတန့်တိုင်းတွင် ကြုံရသောအရာကိုသာ ကြိုးစားအာရုံစိုက်ခြင်း ဖြစ်ပါသည်။ ယင်းမှာ ရုပ်ခံစားချက်၊ အတွေး၊ စိတ်ခံစားချက် သို့မဟုတ် ဝေဒနာ ဖြစ်ပါသည်။ သို့သော် အသင်္ဃက ဖော်ပြသည်မှာ ကျွန်ုပ်တို့သည် ယင်းတို့ကို တိကျပြတ်သားစွာ အာရုံစိုက်ရပါသည်။

ပစ္စုပ္ပန် အခိုက်အတန့်ကို သတိဖြင့်ရှုမှတ်မှု အခြေအနေကို ရရှိအောင် ကြိုးစားရာတွင် စိတ်ကို ဗုဒ္ဓဘာသာ၏ ဆန်းစစ်ချက်၌ ဖော်ပြထားသော စိတ်၏အစိတ်အပိုင်းများစွာ အမှန်တကယ် ရောစပ်ထားပါသည်။ အဓိက အသုံးချသည်မှာ သတိဖြင့်ရှုမှတ်မှု၊ နိုးကြားမှုနှင့် ဂရုစိုက်သောသဘောထားတို့ ဖြစ်ပါသည်။ သတိဖြင့်ရှုမှတ်မှုကို ပိုပြီးထိရောက်စွာ လေ့ကျင့်ရန်အတွက် ထိုစိတ်၏ အစိတ်အပိုင်း တစ်ခုချင်းစီကို သိရှိထားလျှင် တစ်ခုခု အားနည်းနေပါက ချိန်ညှိနိုင်အောင် အထောက်အကူ ပြုပါသည်။

သတိဖြင့်ရှုမှတ်မှု

“စိတ်၏ကော်စေး” ဆိုသည့် သတိဖြင့်ရှုမှတ်မှုသည် နောက်ထပ် စိတ်၏ အစိတ်အပိုင်းနှစ်မျိုးဖြစ်သည့် ခွဲခြားသိခြင်း (အသိအမှတ်ပြုခြင်း)၊ ထည့်သွင်းစဉ်းစားခြင်း (မှတ်သားခြင်း) တို့နှင့် တွဲဖက်ရန် လိုပါသည်။

ခွဲခြားသိခြင်း (တိဘက်ဘာသာဖြင့်ဒူ-ရှက် သက္ကတဘာသာဖြင့် သမ္ပဇာန) သည် ကျွန်ုပ်တို့ ကြုံတွေ့ရမှု အစိတ်အပိုင်း တစ်ခုချင်းစီကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းအမျိုးမျိုး၏ ဝိသေသလက္ခဏာများ အပေါ်တွင် အာရုံစိုက်ပါသည်။ ဥပမာ၊ ခွဲခြားသိခြင်းသည် နာကျင်မှု ရုပ်ဝေဒနာကို မိမိရှိနေသည့်အခန်း၏ အပူချိန်ကဲ့သို့ တပြိုင်နက် ကြုံရသော အခြား ရုပ်ဝေဒနာများမှ သီးခြားခွဲထုတ်လိုက်ပါသည်။ မှန်ကန်စွာ ထည့်သွင်းစဉ်းစားမှုမှာ အရာဝတ္ထုကို အရှိအတိုင်း အတိအကျ သဘောထားပါသည်။ နာကျင်မှုသည် ရုပ်ဝေဒနာသာဖြစ်ပြီး ထိုထက်ပိုလည်းမပို၊ လျော့လည်းမလျော့ပါ။

ခွဲခြားသိမှု၊ မှန်ကန်သော စဉ်းစားမှုတို့ ပူးတွဲထားသော သတိဖြင့်ရှုမှတ်မှုဖြင့် ကျွန်ုပ်တို့သည် အမြဲပြောင်းလဲနေသော ပစ္စုပ္ပန်အခိုက်အတန့်၏ အကြောင်းရပ်များကို ဆက်လက်ကြိုးစား အာရုံစိုက်ပါသည်။ ပစ္စုပ္ပန်အခိုက်အတန့်၏ အကြောင်းရပ်များကို စိတ်ပျံ့လွင့်ခြင်းကြောင့် လွတ်သွားခြင်း မရှိရအောင် ကြိုးစားအာရုံစိုက်ပါသည်။ ယခင်က ကြုံခဲ့ဖူးသောအရာများ သို့မဟုတ် နောင်အခါ ကြုံရမည့်အရာများကို တွေးနေသည့်အတွက် စိတ်ပျံ့လွင့်ခြင်း ဖြစ်တတ်ပါသည်။ ထိုအခါ ထိုအတိတ်နှင့် အနာဂတ် အတွေးများမှာ လက်ရှိ ဖြစ်နေသောအရာမျှသာ ဆိုသည်ကို အာရုံပြတ်သွားပါသည်။ ယင်းတို့ကို ကျွန်ုပ်တို့၏ ပစ္စုပ္ပန်အခိုက်အတန့် ကြုံနေရသော အကြောင်းရပ်များဟု ခွဲခြားမသိတော့ဘဲ ယင်းတို့၏ “ဇာတ်လမ်းဆင်မှု” ထဲသို့ စိတ်ရောက်သွားပါသည်။ ထိုအခါ ဤအတွေးများကြောင့် စိတ်ပျံ့လွင့်ရာမှ အာရုံစိုက်သောအရာကို မျက်ခြေပြတ်သွားပါသည်။ သို့သော် မပျံ့လွင့်သော စိတ်အခြေအနေကို အောင်မြင်စွာ ထိန်းသိမ်းထားပါက အာရုံစိုက်သောအရာကို မမေ့သော တည်ငြိမ်သည့် သတိဖြင့်ရှုမှတ်မှုကို ရရှိလာပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ ကြုံနေရသော အမြဲပြောင်းနေသည့် ပစ္စုပ္ပန်အခိုက်အတန့်တွင် စိတ်၏ကော်စေးကဲ့သို့ သတိဖြင့်ရှုမှတ်မှု ဆောင်ရွက်ချက်က စူးစိုက်ထားပါသည်။

အသင်္ဃ၏ အလယ်အလတ်လမ်းစဉ်ကို အစွန်းတရားများမှ ခွဲခြားခြင်း (သက္ကတဘာသာဖြင့် မဇ္ဈိမဝိဘာဂ) အား မှတ်ချက်ပြုခြင်းတွင် သိရာမတိ က သတိဖြင့်ရှုမှတ်မှု ရရှိစေမည့် အထောက်အကူအဖြစ် မိမိအာရုံစိုက်သောအရာကို မကြာမကြာ သတိပေးနေရန် လိုသည်ဟု ရှင်းပြထားပါသည်။ ဆိုလိုသည်မှာ မိမိ၏ သတိဖြင့်ရှုမှတ်မှု အားကောင်းနေအောင် စိတ်ဖြင့် အဓိကစကားလုံးကို ပြောဆိုနေခြင်းဟု ဆိုလိုပါသည်။ ဤသည်မှာ သတိဖြင့်ရှုမှတ်မှုသည် ၎င်း၏အရာဝတ္ထုကို မှတ်သားနေခြင်းဖြစ်သည်ဆိုသော ဝါသုဗန္တု ၏ ဟောကြားချက်နှင့် ကိုက်ညီပါသည်။ ဆုန်ခပ က ဤအချက်ကို ရှင်းပြရာတွင်- “ဤသည်မှာ အတွေးဖြင့် စကားပြောခြင်း ဖြစ်သောကြောင့် မိမိကိုယ်ကို နှုတ်ဖြင့် သတိမပေးကြောင်း၊ ဤအချက်ကို ငြင်းပယ်ပါက ခိုင်မာသော သတိဖြင့်ရှုမှတ်မှုနှင့် နိုးကြားမှုတို့ ရရှိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း” ဆိုပါသည်။

နိုးကြားမှု

နိုးကြားမှု (တိဘက်ဘာသာဖြင့် ရှက်ဇ်-ဇင်း၊ သက္ကတဘာသာဖြင့် သမ္ပဇာန) သည် အာရုံစိုက်သောအရာအပေါ် စိတ်က သတိဖြင့်စူးစိုက်မှု အနေအထားကို ထောက်လှမ်း စောင့်ကြည့်သော စိတ်၏ အစိတ်အပိုင်းဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ ကြုံရသည့် ပစ္စုပ္ပန်အခိုက်အတန့် အကြောင်းရပ်များ ဆိုသည့် ကျွန်ုပ်တို့ အာရုံစိုက်သောအရာကို သတိဖြင့်ရှုမှတ်မှု ထိန်းထားပေးခြင်း ဆောင်ရွက်ပါသည်။ ဆုန်ခပ ရှင်းပြသလိုပင် ကျွန်ုပ်တို့၏ သတိဖြင့်ရှုမှတ်မှု ပိုမိုအားကောင်းလေ၊ စိတ်ပျံ့လွင့်မှုမရှိဘဲ ဆက်လက်နှလုံးသွင်းရန် ပိုမိုကျင့်သားရလေ ဖြစ်ပါသည်။ ထိုအခါ တကယ်စိတ်ပျံ့လွင့်လာသောအခါ ထိထိမိမိ သတိပြုမိလာပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ သတိဖြင့်ရှုမှတ်မှု ပိုအားကောင်းလေ၊ နိုးကြားမှုလည်း ပိုအားကောင်းလေ ဖြစ်လာပါမည်။

လေ့ကျင့်သောစိတ်ကို စောင့်ကြည့်သောစိတ်က သီးခြားတည်ရှိစွာ လုံးဝ ခွဲခြားနေမှုကဲသို့ အဓိပ္ပာယ် နှစ်ခွဖြင့် နိုးကြားမှုကို မတွေးသင့်ပါ။ တစ်ဖက်တွင်မူ ဆုန်ခပ က ကျွန်ုပ်တို့သည် သတိဖြင့်ရှုမှတ်မှုနှင့် နိုးကြားမှု နှစ်ခုကို ဂရုတစိုက် ခွဲခြားရန် လိုသည်ဟု ထောက်ပြထားပါသည်။ “ဤစိတ်အခြေအနေအားလုံးကို ရှုပ်ထွေးပြီး ရောစပ်လိုက်ကာ ခွဲခြားမှုလည်း မပြုလုပ်ပါက ယနေ့ခေတ် တိဘက်ရှိ တရားရှုမှတ်သူများလိုပင် အရာအားလုံး ရောထွေးကုန်ပါသည်။ စူးစိုက်မှု အနေအထားကို အမှန်တကယ် ရရှိသလား ဆိုသည်ကိုပင် သံသယဖြစ်မိပါသည်” ဟုသူက သတိပေးထားပါသည်။

နိုးကြားမှုသည် ကျွန်ုပ်တို့၏ သတိဖြင့်ရှုမှတ်မှုတွင် လမ်းလွဲမှုများကို မှတ်သားရုံသာမဟုတ်ဘဲ တစ်နည်းအားဖြင့် ကိုယ်တွင်း “သတိပေးချက်စနစ်” ကို နှိုးဆွလိုက်ပါသည်။ ထိုအခါ စူးစိုက်မှုပြန်ရပြီး အာရုံပြန်တည့်မတ်ကာ သတိဖြင့်ရှုမှတ်မှု ပြန်လည်ထူထောင်ပါသည်။ နိုးကြားမှုနှင့် ပြန်လည်ရရှိသော စူးစိုက်မှုတို့ လုပ်ဆောင်ရန်မှာမူ ဂရုစိုက်သော သဘောထားဆိုသည့် သတိဖြင့်ရှုမှတ်မှု၏ တတိယအရေးကြီးသော အစိတ်အပိုင်းကိုအသုံးချရန်လိုပါသည်။

ဂရုစိုက်သော သဘောထား

ဂရုစိုက်သော သဘောထား (တိဘက်ဘာသာဖြင့် ဘဂ်-ယော့၊ သက္ကတဘာသာဖြင့် အပမာဒ။ သတိရှိခြင်း၊ မမေ့မလျော့ခြင်း) သည် ကျွန်ုပ်တို့၏ စိတ်အခြေအနေကို အလေးထားပြီး ဂရုစိုက်သော စိတ်၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏စိတ်ကို အပျက်သဘောဘက်သို့ မယိမ်းယိုင်အောင် ကာကွယ်စောင့်ရှောက်ပြီး အပြုသဘော၊ အကောင်းမြင်သဘောထားကို ထားရှိပေးပါသည်။ ဤသို့လျှင် ဂရုစိုက်သော သဘောထားဖြင့် ကျွန်ုပ်တို့သည် မိမိစိတ်အခြေအနေကို အလေးအနက် ရှိလာပါသည်။ စိတ်ကို “ဂရုစိုက်” ပါသည်။ ဤနည်းဖြင့် ဂရုစိုက်သော သဘောထားသည် ဝါသုဗန္တုက သတိဖြင့်ရှုမှတ်မှု၏ အစိတ်အပိုင်းအနေနှင့် ဟောကြားထားသော အာရုံစိုက်သည့်အရာကို လိုချင်သည့်စိတ်၏ အစိတ်အပိုင်းနှင့် တစ်နည်းနည်းဖြင့် တူညီပါသည်။

ဝါသုဗန္တုက ကျွန်ုပ်တို့သည် အာရုံစိုက်သောအရာကို သီးခြားအခိုက်အတန့်တစ်ခုတွင် မလိုချင်ပါက၊ တစ်နည်းအားဖြင့် ၎င်းကို မမေ့အပ်သော အရာတစ်ခုကဲ့သို့ မိမိရရ မဆုပ်ကိုင်ထားပါက ယင်းကိုပြန်လည်အမှတ်ရမည် မဟုတ်ကြောင်း သတိပေးထားပါသည်။ သို့သော် ဂရုစိုက်သော သဘောထားတွင် လိုချင်ခြင်းထက် အများကြီးပိုပါသည်။ ၎င်းသည် အာရုံစိုက်သောအရာကို ကျွန်ုပ်တို့က ပြန်မှတ်မိလောက်အောင် အလေးထားခြင်းမျှသာ မဟုတ်ပါ။ ဂရုစိုက်သော သဘောထားကြောင့် ကျွန်ုပ်တို့၏ သတိဖြင့်ရှုမှတ်မှုသည် မှားယွင်းနေကြောင်း နိုးကြားမှုက သိရှိသောအခါ ယင်းကို စိတ်ဖြင့် အမှတ်ရမှု မှန်ကန်အောင် စူးစိုက်မှု ပြန်ရဖို့အတွက် ကျွန်ုပ်တို့အား တိုက်တွန်းလိုက်ပါသည်။ ဂရုစိုက်သော သဘောထား မရှိပါက စိတ်ပျံ့လွင့်ပြီဟု သတိပြုမိသည့်တိုင် မိမိအာရုံစိုက်သောအရာဖြစ်သည့် ပစ္စုပ္ပန်အခိုက်အတန့်ကို မေ့သွားလည်း ဂရုမစိုက်တော့ပါ။ ဂရုစိုက်သော သဘောထားသည် ကျင့်ဝတ်သီလအတွက် အခြေခံဖြစ်ကာ အပျက်သဘော အပြုအမူမှ ကျွန်ုပ်တို့အား ရှောင်ရှားစေပါသည်။

ဂရုစိုက်သော သဘောထားကို တိဘက်ဘာသာဝေါဟာရဖြစ်သည့် ဘဂ်-ယော့ ဆိုသည်မှာ “သတိထားရန်” ဆိုလိုပါသည်။ ယင်း၏ဆန့်ကျင်ဘက်ဖြစ်သော ဘဂ်-မက် ဆိုသည်မှာ သတိမရှိခြင်း၊ ဂရုမစိုက်ခြင်း ဖြစ်ပါသည်။ သို့သော် တိဘက်ဘာသာဖြင့် ဘဂ်-ယော့ ဟု ဘာသာပြန်ထားသည့် မူရင်း သက္ကတဘာသာမှာ “ပမာဒ မဟုတ်ခြင်း” ဟုဆိုလိုပါသည်။ ပမာဒ သည် မူးယစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်းဟု ဆိုလိုပါသည်။ ဥပမာ၊ မိမိပြောဆို၊ ပြုမူသမျှကို ဂရုမစိုက်ခြင်း၊ ယင်းတို့ကို အလေးမထားခြင်း ဖြစ်ပါသည်။ ဂရုစိုက်သော သဘောထားရှိပါက ကျွန်ုပ်တို့သည် မူးယစ်သူကဲ့သို့ မဟုတ်တော့ပါ။ အေးဆေးတည်ငြိမ်ပြီး တာဝန်သိလာကာ မိမိ၏ စိတ်အခြေအနေကို အလေးထားလာပါသည်။

အကျဉ်းချုပ်

ထိုအခါ သတိဖြင့်ရှုမှတ်လေ့ကျင့်မှုသည် စိတ်၏ အစိတ်အပိုင်း များစွာကို အသုံးပြုကာ ယင်းတို့အားလုံးက ကျွန်ုပ်တို့ ကြုံရသည့် ပစ္စုပ္ပန်အခိုက်အတန့်၏ အမြဲပြောင်းနေသော အကြောင်းရပ်များကို အာရုံစိုက်ပါသည်။ သတိဖြင့်ရှုမှတ်မှု၊ နိုးကြားမှုနှင့် ဂရုစိုက်သော သဘောထားဆိုသည့် အဓိကအချက်သုံးချက်အပြင် ခွဲခြားသိမှု၊ မှန်ကန်စွာ စဉ်းစားဆင်ခြင်မှု၊ ကျင့်ဝတ်သီလနှင့် လိုအပ်ပါက ပြန်လည်တည့်မတ်ထားသော စူးစိုက်မှုတို့လည်း ပါဝင်ပါသည်။ ထို့ကြောင့် ဤအချက်တစ်ခုချင်းကို သေချာစွာ ခွဲခြားနိုင်သော ခွဲခြားသိရှိမှု ပညာရှိရန် လိုပါသည်။ ထို့ကြောင့် သတိဖြင့်ရှုမှတ် တရားထိုင်မှုတွင် ခွဲခြားသိရှိသော ပညာ ဆိုသည်မှာ ကျွန်ုပ်တို့ကြုံရသည့် အခိုက်အတန့်တိုင်း၏ မမြဲခြင်းကဲ့သို့ အာရုံစိုက်သောအရာ၏ အစိတ်အပိုင်း အချို့ကိုသာ ကန့်သတ်စူးစိုက်ခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ တရားရှုမှတ်စဉ် စိတ်အခြေအနေ၏ အစိတ်အပိုင်း အမျိုးမျိုးကိုလည်း အာရုံစိုက်ပါသည်။

ဆုန်ခပက တည်ငြိမ်သော သမထ ထူထောင်ရန် ဆွေးနွေးရာတွင် အိန္ဒိယ ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၏ ခိုင်မာသော ကျမ်းစာများကို အားထားရန်လိုသည်ကို အလေးထားပြောကြားပါသည်။ သူကဤသို့ အကြံပြုပါသည်-

မျက်ကန်း စိတ်အားထက်သန်မှုဖြင့် သင့်ကိုယ်သင်တိုက်တွန်းကာ သင့်မျှော်လင့်ချက်များ မထားရှိပါနှင့်။ သာမန်ထက်ထူးသော သဘောထားများပေါင်းချုပ် (သက္ကတဘာသာဖြင့် ပါရမီသံခိပ်) တွင် အယာသုရ ရေးသားခဲ့သလိုပင် “စိတ်အားထက်သန်မှုကိုသာ အသုံးပြုပါက နောက်ဆုံးတွင် အမောဖောက်လာပါမည်။ ခွဲခြားသိရှိသော ပညာကို အထောက်အပံ့အနေနှင့် မွေးမြူထားပါက မြင့်မြတ်သောရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါလိမ့်မည်။
Top