ဘာသာရေး စုံလင်ကွဲပြားမှုနှင့်အတူ ညီညွတ်မှု တည်ဆောက်ခြင်း

ဘာသာကူးပြောင်းမှု အန္တရာယ်များ

ကမ္ဘာပေါ်တွင် ဘာသာတရားနှင့် ယဉ်ကျေးမှုများစွာ ရှိသလို ယင်းတို့တစ်ခုချင်းစီသည် သက်ဆိုင်ရာ လူမျိုးအတွက် သင့်တော်စွာ ဖော်ဆောင်ထားပါသည်။ ထို့ကြောင့်လည်း သင်မွေးဖွားလာသည့် ဘာသာတရားကို ဆက်လက် လိုက်နာလျှင် အကောင်းဆုံးဖြစ်သည်ဟု ကျွန်ုပ်အမြဲ ပြောပါသည်။ အနောက်တိုင်းတွင် အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သော်လည်း အချို့မှာ ဂျူးနှင့် အချို့မှာ မွတ်စလင်များ ဖြစ်ပါသည်။ သူတို့အတွက်ဖြစ်စေ၊ မည်သူ့အတွက်မဆို ဖြစ်စေ ဘာသာ ပြောင်းလဲခြင်းသည် မလွယ်ကူသလို တစ်ခါတစ်ရံ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပါသည်။

ကျွန်ုပ်အမြဲပြောသည့် ဥပမာတစ်ခု ရှိပါသည်။ ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် တိဘက်လူမျိုးများသည် ကြီးစွာသောအခက်အခဲများ ရင်ဆိုင်ရပါသည်။ ထိုစဉ်က ခရစ်ယာန်ဘာသာ အဖွဲ့အစည်းများက ကျွန်ုပ်တို့ကို လာရောက်ကူညီပါသည်။ တိဘက်အမျိုးသမီးတစ်ဦးတွင် သားသမီးငယ်များစွာ ရှိပြီး အလွန်ခက်ခဲသည့် အခြေအနေနှင့် ကြုံနေရပါသည်။ ထိုအခါ ခရစ်ယာန် သာသနာပြုအဖွဲ့တစ်ဖွဲ့က လာရောက်ပြီး သူ့ကလေးများကို ခရစ်ယာန် သာသနာပြုကျောင်းတွင် ထားရန် လက်ခံပါသည်။ တစ်နေ့တွင် သူသည်ကျွန်ုပ်ထံသို့လာပြီး ယခုဘဝတွင် သူသည် ခရစ်ယာန်ဘာသာဝင် အဖြစ်ခံယူပါတော့မည်။ နောက်ဘဝမှသာ ဗုဒ္ဓဘာသာ ဖြစ်တော့မည်ဟု ပြောလေသည်။ ဤအချက်အရ သူသည် ဘာသာတရားနှင့် ပတ်သက်၍ ရှုပ်ထွေးမှုအချို့ ရှိနေသည်ကို ဖော်ပြပါသည်။ နောင်ဘဝတွင် ကောင်းကင်ဘုံသို့ သွားလိုပါက ဗုဒ္ဓဘာသာဖြစ်ရန် စိတ်ဝင်စားရမည် မဟုတ်ပါ။ ထိုသို့မဟုတ်ဘဲ ငရဲဘုံသို့ ရောက်သွားမည်ဆိုပါကလည်း ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်တော့ပါ။

၁၉၅၆ ခုနှစ်ကတည်းက သိရှိထားသည့် ပိုလန် အမျိုးသမီးကြီး တစ်ဦးလည်း ရှိပါသည်။ ၁၉၅၉ ခုနှစ်မှစပြီး သူသည် ပညာရေးတွင် အလွန်စိတ်ဝင်စားကာ တိဘက်ကျောင်းသားများစွာကို ပညာသင်ဆုများ ပေးပါသည်။ သူသည် ဗုဒ္ဓဘာသာတွင် စိတ်ဝင်စားသော်လည်း ထိုမတိုင်မီက မဒရပ်စ်မြို့တွင် ထာဝရဘုရားကို ယုံကြည်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့မှာ ဂိုဏ်းဂဏ မခွဲခြားသော ရှုထောင့်မျိုး ရှိပြီးသား ဖြစ်သော်လည်း ဗုဒ္ဓဘာသာကို ပုဂ္ဂိုလ်ရေးအရ ဘာသာတစ်ခုကဲ့သို့ လက်ခံပါသည်။ သူကွယ်လွန်ချိန်တွင် ဘုရားသခင် အယူအဆသည် သူ့စိတ်နှင့် ပိုမိုနီးစပ်လာပုံရပြီး ဤသည်မှာ ရှုပ်ထွေးမှု လက္ခဏာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်ပိုင် ဘာသာကို ထိန်းသိမ်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။

သို့သော် လူသန်းပေါင်းများစွာထဲတွင် အချို့သည် အထူးသဖြင့် ဗုဒ္ဓဘာသာကဲ့သို့ အရှေ့တိုင်းဘာသာများကို ပင်ကိုအရ စိတ်ဝင်စားကြပါမည်။ ထိုသူတို့သည် သေချာစဉ်းစားရန် လိုပါသည်။ ဗုဒ္ဓဘာသာသည် သူတို့ကိုယ်ပိုင် ယူဆချက်များနှင့် ပိုမိုသင့်တော်သည်ဟု ထင်ပါက ပြဿနာမရှိပါ။ အဆင်ပြေပါသည်။ ကျွန်ုပ်တို့ တိဘက်လူမျိုးများလိုပင် ၉၉% သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သော ရာစုနှစ်လေးခုကျော်တွင် လာဒါခီ မွတ်စလင်အချို့ တိဘက်သို့ ရောက်လာပြီး တိဘက်လူမျိုးများနှင့် အိမ်ထောင်ကျကာ သားသမီးများက မွတ်စလင်ဖြစ်လာပါသည်။ ထို့ပြင် အမ်ဒိုဒေသတွင်လည်း ခရစ်ယာန်ဘာသာဝင်အချို့ ရှိပါသည်။ ထို့ကြောင့် ထိုဘာသာနှစ်မျိုးစလုံးအတွက် ပြဿနာမရှိပါ။ အဆင်ပြေပါသည်။

ထို့ပြင် ဘာသာအသစ်တစ်ခုသို့ ကူးပြောင်းသောအခါ လူ့သဘာဝအရ မကြာခဏ ဖြစ်လေ့ရှိသည့်အတိုင်း မူလဘာသာအစဉ်အလာကို အပျက်သဘော မမြင်ရန် ရှောင်ရှားရမည်ဟု ကျွန်ုပ်အမြဲ ပြောပါသည်။ သင်ကိုးကွယ်သည့် ယခင်ဘာသာသည် သင့်အတွက် အကျိုးသိပ်မရှိကြောင်း တွေ့ရှိလျှင်ပင် ယင်းမှာ ယေဘုယျအားဖြင့် လုံးဝ အကျိုးမရှိဘူးဟု မဆိုလိုပါ။ ဘာသာတရားအားလုံးသည် လူသားထုကို ကူညီပါသည်။ အထူးသဖြင့် အခက်အခဲ အခြေအနေများ ရင်ဆိုင်ရသောအခါ ဘာသာအားလုံးသည် မျှော်လင့်ချက် ပေးပါသည်။ ထို့ကြောင့် ဘာသာအားလုံးကို လေးစားရပါမည်။

တစ်ဦး၏ဘာသာကို တစ်ဦးက လေ့လာသင်ယူခြင်း

ထို့ပြင် ယနေ့ခေတ် အမှန်တရားမှာ အတိတ်က အမှန်တရားနှင့် အနည်းငယ် ကွဲပြားလာပါသည်။ ယခင်က မတူညီသည့် ဘာသာဝင်များသည် အနည်းနှင့်အများ သီးခြားစီ နေထိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် အာရှတွင်နေသည်။ မွတ်စလင်များက အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက် အချို့နေရာများတွင် နေသည်။ ခရစ်ယာန်ဘာသာဝင်များက အနောက်တိုင်းတွင် နေထိုင်ပါသည်။ ထို့ကြောင့် ထိတွေ့မှု သိပ်မရှိပါ။ သို့သော် ခေတ်က ပြောင်းလဲလာပါပြီ။ အုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်မှုများ ရှိလာပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကြီးထွားလာသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတို့ ရှိလာပါသည်။ ထို့ကြောင့် ယခုအခါ ဗုဒ္ဓဘာသာအကြောင်း အချက်အလက်များ အပါအဝင် သတင်း အချက်အလက်များစွာ ရရှိလာပါသည်။ ဤသို့အကြောင်းမျိုးစုံကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာ့အသိုင်းအဝိုင်းသည် ယဉ်ကျေးမှုစုံ၊ ဘာသာစုံ ပါဝင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း တစ်ခုလို ဖြစ်လာပါသည်။

ထို့ကြောင့် ဖြစ်နိုင်ခြ နှစ်မျိုးရှိပါသည်။ ပထမတစ်ခုမှာ ဘာသာအစဉ်အလာများအကြား အနီးကပ် ထိတွေ့မှုကြောင့် မိမိကိုယ်ပိုင် ဘာသာအစဉ်အလာနှင့် ပတ်သက်၍ မလုံခြုံမှု တစ်ခါတစ်ရံ ရှိပါသည်။ အခြားအစဉ်အလာက ကျွန်ုပ်တို့နှင့် ပို၍ထိတွေ့လာသောကြောင့် အနည်းငယ် မသက်မသာ ခံစားရပါသည်။ ယင်းမှာ အပျက်သဘော ဖြစ်နိုင်ခြေ ဖြစ်ပါသည်။ ဒုတိယဖြစ်နိုင်ခြေမှာ ဤသို့ ပိုမိုဆက်သွယ်မှု အမှန်တရားကြောင့် ဘာသာ အစဉ်အလာများအကြား စစ်မှန်သော ညီညွတ်မှု ဖြစ်ခွင့်ရလာပါသည်။ ဤသည်မှာ ပို၍အပြုသဘော ဖြစ်နိုင်ခြေ ဖြစ်သောကြောင့် စစ်မှန်သော ညီညွတ်မှု တည်ဆောက်ရန် ယခုအခါ ကျွန်ုပ်တို့ အားထုတ်ကြိုးစားရပါမည်။ ဒဿန အခြေခံတစ်ခုခု မရှိသော်လည်း နေ၊ လ သို့မဟုတ် ထိုသို့သော တစ်ခုခုကို ကိုးကွယ်ယုံကြည်သည့် ဘာသာတရားများကို ဘေးဖယ်ထားပါက၊ ယင်းတို့ကို ဘေးဖယ်ပြီး ခရစ်ယာန်၊ ဂျူး၊ အစ္စလာမ်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ အစဉ်အလာ အမျိုးမျိုး၊ ဂျိန်းဘာသာ၊ တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ စသည့် ထင်ရှားသော ကမ္ဘာ့ ဘာသာအယူဝါဒများကိုသာ ကြည့်ပါက ယင်းတို့အားလုံးတွင် ကိုယ်ပိုင်ထူးခြားမှု ရှိကြပါသည်။ ထို့ကြောင့် အနီးကပ် ထိတွေ့မှုမှတစ်ဆင့် ကျွန်ုပ်တို့သည် အချင်းချင်း အသစ်အသစ်များ လေ့လာနိုင်ပါသည်။ ကိုယ်ပိုင် ဘာသာအစဉ်အလာများကို ဖြည့်ဆည်းနိုင်ပါသည်။

 

ဥပမာအားဖြင့် ကျွန်ုပ်တို့ တိဘက်ဗုဒ္ဓဘာသာဝင်များသည် ဟိမဝန္တာတောင်တန်းများ အနောက်တွင် သီးခြား ဖြစ်နေပါသည်။ ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ကြပါ။ သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲကုန် ပါပြီ။ အိမ်ရာမဲ့ဒုက္ခသည်များအဖြစ် နှစ်ပေါင်း ၅၀ နီးပါး ကြာခဲ့ပြီးနောက် ကျွန်ုပ်တို့သည် ယခုအခါ နေအိမ်သစ်များနှင့် အခြားနိုင်ငံများမှ အခြားအစဉ်အလာများကို လေ့လာရန် အခွင့်အလမ်းများစွာ တွေ့ရှိလာပါပြီ။ ဤသည်မှာ အလွန် အထောက်အကူပြုပါသည်။ အတိတ်က ကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံတွင် ဖလှယ်ရေး အစီအစဉ်များ ရှိခဲ့ပါသည်။ ခရစ်ယာန်ဘာသာ ညီအစ်ကိုမောင်နှမများက အိန္ဒိယသို့လာရောက်ပြီး ကျွန်ုပ်တို့ထံမှ သင်ယူကာ ကျွန်ုပ်တို့ တိဘက် ရဟန်းတော်များနှင့် သီလရှင်အချို့က အနောက်တိုင်းသို့ သွားရောက်ပြီး ကက်သလစ်ကျောင်းတိုက် အများစုတွင် ခရစ်ယာန်ဘာသာကို လေ့လာကြပါသည်။ ထို့ကြောင့် ထိုနည်းဖြင့် နီးကပ်သောထိတွေ့မှုကြောင့် ကျွန်ုပ်တို့သည် စိတ်တံခါး ပိတ်မထားဘဲ ဖွင့်ထားပါက တစ်ဦးထံမှတစ်ဦး သင်ယူနိုင်ပါသည်။ ထိုနည်းဖြင့် အပြန်အလှန် နားလည်မှုနှင့် လေးစားမှုတို့ ရရှိနိုင်ပါသည်။ မည်သို့ဆိုစေ အမှန်တရားအသစ်တစ်ခုသို့ ရောက်လာပါသည်။ ထို့ကြောင့် ဘာသာများ အကြား အပြန်အလှန် ညီညွတ်မှု ရရှိရေးသည် အလွန်အရေးကြီးသည်ဟု ထင်ပါသည်။ ဤသို့ ဘာသာရေး ညီညွတ်မှု လူသိများစေရေးမှာ ကွယ်လွန်သည်အထိ ကျွန်ုပ်၏သန္နိဋ္ဌာန်တစ်ခု ဖြစ်ပါသည်။ ဤသည်မှာ အလွန်အကျိုးရှိပါသည်။

ထို့ကြောင့် အခြားဘာသာဝင် အများစုဖြစ်သော အနောက်တိုင်းမှ ပရိသတ်များကို ဗုဒ္ဓဘာသာအကြောင်း ဟောပြောသောအခါ ရည်ရွယ်ချက်မှာ ထိုသူတို့ကို ဗုဒ္ဓဘာသာအကြောင်း နားလည်မှုအချို့ ရရှိအောင်ကူညီရန် ဖြစ်ပါသည်။ ယင်းမှာသည်းခံမှု ရရှိအောင် အထောက်အကူပြုနိုင်ပါသည်။ ထို့နောက် လက်ရှိပုပ်ရဟန်းမင်းကြီး ပြောကြားသလိုပင် ဘာသာနှစ်ခုစလုံးကို အလေးထားကာ အတူတကွ ကျိုးကြောင်းဆင်ခြင်ရန် လိုပါသည်။ ယင်းမှာ အလွန်အရေးကြီးပါသည်။ ကျိုးကြောင်းဆင်ခြင်မှု မရှိပါက ယုံကြည်မှုသည် တစ်ခါတစ်ရံ အနည်းငယ် မဆီလျော်ဘဲ ရှိတတ်ပါသည်။ သို့သော် ကျိုးကြောင်းဆီလျော်မှုဖြင့် ယုံကြည်မှုသည် အလွန်ဆီလျော်သော ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ ဥပမာပြရလျှင် ဘုရားသခင်အား ယုံကြည်မှုသည် လူတစ်ယောက်က ခက်ခဲသောကာလများ ဖြတ်သန်းရခြင်းကဲ့သို့သော အချိန်များတွင် ထိုသူအတွက် ကြီးစွာသောမျှော်လင့်ချက် ရရှိစေသည့်အတွက် အလွန်အထောက်အကူ ဖြစ်ပါသည်။ ထို့ပြင် လောဘ၊ မုန်းတီးမှု၊ မနာလိုမှု၊ အခြားသူများကို လိမ်ညာအနိုင်ကျင့်မှုတို့ အနေနှင့် တွေးပါက ကျွန်ုပ်တို့မှာ ယုံကြည်ချက်ရှိနေလျှင် ထိုယုံကြည်ချက်သည် အဆိုပါ အပျက်သဘော စိတ်ခံစားချက်များနှင့် ဆောင်ရွက်ချက်များ မပြုမိအောင် ကာကွယ်ပေးပါသည်။ ဤသို့သဘောပေါက်သောအခါ ယုံကြည်ချက်သည် နေ့စဉ်ဘဝတွင် အလွန်အရေးကြီးလာပါသည်။ ဗုဒ္ဓဘာသာ အစဉ်အလာတွင် ယုံကြည်ချက်နှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို အညီအမျှ ထားပါသည်။ ထို့ကြောင့် အထူးသဖြင့် ကျိုးကြောင်းဆင်ခြင်မှုတွင် အခြေခံသော အချို့ဗုဒ္ဓဘာသာ ရှင်းပြချက်များသည် အခြားအစဉ်အလာ ကျင့်ကြံသူများအတွက် အသုံးဝင်နိုင်ပါသည်။

အသိပညာကို သိပ္ပံနည်းကျ မျှဝေခြင်း

ယနေ့ကမ္ဘာပေါ်ရှိ ဘာသာအစဉ်အလာ အမျိုးမျိုးထဲတွင် နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ ဘုရားသခင်ကို ယုံကြည်သူနှင့် ဘုရားသခင်ကို မယုံကြည်သူတို့ ဖြစ်ပါသည်။ ဘုရားသခင်ကို မယုံကြည်သော ဘာသာများတွင် အကြောင်းတရား နိယာမကို အလေးထားပါသည်။ ထို့ကြောင့် သဘာဝအားဖြင့် ဗုဒ္ဓဘာသာတွင် အကြောင်းနှင့် အကျိုး နိယာမကို များစွာ ရှင်းပြထားပြီး ယင်းမှာ သိထားလျှင် များစွာအသုံးဝင်ပါသည်။ မိမိအကြောင်း၊ မိမိစိတ်အကြောင်း ပို၍သိရှိရန် များစွာ အထောက်အကူ ပြုပါသည်။

ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခနှင့် နာကျင်မှုတို့၏ အကြောင်းရင်းသည် အပျက်သဘော စိတ်ခံစားချက်များနှင့် သဘောထားများ ဖြစ်သည်ဟု သဘောပေါက်ရန် လိုပါသည်။ ဆင်းရဲဒုက္ခနှင့် နာကျင်မှုတို့ကို ဖယ်ရှားရန်အတွက် ကိုယ်၊ နှုတ် အဆင့်တွင်သာ မကဘဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အာရုံစိုက်ရန် လိုပါသည်။ ယင်းတို့အတွက် တန်ပြန် စွမ်းအားများမှာ များသောအားဖြင့် စိတ်နှင့်ဆိုင်ပါသည်။

ဗုဒ္ဓဘာသာ အစဉ်အလာတွင် စိတ်ကိုရှင်းပြထားသည်မှာ အလွန်အသေးစိတ်ကျပါသည်။ ထို့ပြင် ရှေးခေတ်အိန္ဒိယ အစဉ်အလာများတွင်လည်း ထိုအတိုင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ခေတ် သိပ္ပံပညာသည် ဤနယ်ပယ်တွင် ပို၍နက်နဲစွာ လေ့လာစူးစမ်းနေပါသည်။ ဥပမာ၊ ဆေးသိပ္ပံပညာသည် စိတ်ခံစားချက်များအပေါ် စတင်သုတေသန ပြုနေပါသည်။ အကြောင်းမှာ ယင်းတို့သည် ကျွန်ုပ်တို့ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်အရေးကြီးသောကြောင့် ဖြစ်ပါသည်။ ကျန်းမာသော ခန္ဓာသည် စိတ်ခံစားချက်များနှင့် ဆက်စပ်ပါသည်။ ထို့ကြောင့် စိတ်ခံစားချက်များအကြောင်း ပိုမိုလေ့လာရန် ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာနေသော ဦးနှောက်နှင့်အာရုံကြောဗေဒ ပညာရှင်များအတွက် အထူးသဖြင့် အရေးကြီးပါသည်။ အခြားသော ပညာရပ်နယ်ပယ်များတွင်လည်း စိတ်နှင့် စိတ်ခံစားချက်များအပေါ်တွင် များစွာ စိတ်ဝင်စားနေပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ရှေးခေတ် အိန္ဒိယ ဘာသာတရားများထံမှ စိတ်နှင့် စိတ်ခံစားချက်များသည် သူတို့၏သုတေသနအတွက် များစွာအသုံးဝင်ပါသည်။

ကျွန်ုပ်သည် များသောအားဖြင့် ဗုဒ္ဓဘာသာ သိပ္ပံပညာ၊ ဗုဒ္ဓဘာသာ ဒဿနနှင့် ဗုဒ္ဓဘာသာ ဘာသာတရားဟူ၍ ဗုဒ္ဓဘာသာကို သုံးပိုင်းခွဲခြားလေ့ ရှိပါသည်။ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကို နမူနာအနေနှင့် ကြည့်ပါ။ ဗုဒ္ဓမြတ်စွာသည် မူလက သာမန်ခံစားချက်ရှိသူ၊ အကန့်အသတ်ရှိသောသူတစ်ဦး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သာမန် စိတ်ခံစားချက်များနှင့် စိတ်များကို အဆင့်ဆင့် ပြောင်းလဲပုံကို ဟောကြားခဲ့ပါသည်။ ကိုယ်တော်တိုင်လည်း ထိုလမ်းအတိုင်း လိုက်ခဲ့ရာ နောက်ဆုံးတွင် သဗ္ဗညုတဉာဏ်တော် ရရှိကာ ဘုရားဖြစ်တော်မူပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ ချဉ်းကပ်မှုသည် ဤကဲ့သို့ သာမန်လူတို့၏ အဆင့်တွင် စတင်ရန်နှင့် ထိုမှတစ်ဆင့် ဘုရားအဖြစ်သို့ ရောက်သည်အထိ ဆက်လက် အားထုတ်ရန် ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ယနေ့ခေတ် အမှန်တရားဖြစ်သည့် ဗုဒ္ဓဘာသာ သိပ္ပံပညာကို ပထမဦးစွာ သိရပါမည်။ ထို့နောက် ထိုအခြေခံဖြင့် ပြောင်းလဲနိုင်ခြေကို မြင်လာပါသည်။ ပြောင်းလဲမှု ဖြစ်နိုင်သည်ဟု မြင်ခြင်းမှာ ဗုဒ္ဓဘာသာ ဒဿန ဖြစ်ပါသည်။ ထိုသို့ ရှင်းလင်းလာပြီး အတွင်းစိတ် ပြောင်းလဲမှုလုပ်ငန်းတွင် မိမိကိုယ်ကို ယုံကြည်မှု ရှိလာသောအခါ ဗုဒ္ဓဘာသာ ဘာသာတရားကို စတင်ကျင့်ကြံနိုင်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ သိပ္ပံပညာကို ပြန်ကြည့်ပါက ကိုယ်တွင်းမှ စိတ်နှင့် ကိုယ်ပမှ အက်တမ်၊ စကြဝဠာ စသည်ဖြင့် နယ်ပယ်နှစ်ရပ်ကို ဖြေရှင်းထားပါသည်။ အနောက်တိုင်း သိပ္ပံပညာသည် ပြင်ပအဆင့်တွင် များစွာပြောထားပါသည်။ ထိုနယ်ပယ်တွင် အလွန်တိုးတက်နေပုံ ရပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တို့သည် ထိုမှနေ၍ အမှုန်များအကြောင်း၊ ယင်းတို့၏ ဆောင်ရွက်ပုံ၊ မျိုးဗီဇ၊ စကြဝဠာအကြောင်း စသည်တို့ကို များစွာ သင်ယူနိုင်ပါသည်။ ယင်းတို့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အသုံးဝင်ပါသည်။ အနည်းဆုံးတော့ ဤကမ္ဘာကြီးအနေနှင့် မြင်းမိုရ်တောင် မရှိသည်မှာ အတော်ရှင်းသွားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဂန္ထဝင် ဖော်ပြချက်အချို့ကိုလည်း ပြောင်းလဲရပါမည်။ ထို့ကြောင့် စကြဝဠာဗေဒ၊ အမှုန် ရူပဗေဒ၊ ကွမ်တမ် ရူပဗေဒစသည့် နယ်ပယ်များတွင် သိပ္ပံတွေ့ရှိချက်များသည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များအတွက် သင်ယူရန် မရှိမဖြစ် အရေးပါလှပါသည်။

သို့သော် ခေတ်သစ် သိပ္ပံပညာ၏ အချို့တွေ့ရှိချက်များသည် ဗုဒ္ဓဘာသာနှင့် တူညီပါသည်။ သာဓကအားဖြင့် မူလက လူတို့သည် ကိုယ်တိုင် လုံလောက်ပြီး မှီခိုမှု မရှိသော အရာဝတ္ထု အချို့ ရှိသည်ဟု ယုံကြည်ပါသည်။ သို့သော် ယခုအခါ ကွမ်တမ်ရူပဗေဒ တွေ့ရှိချက်များအရ ထိုသို့သောအရာမျိုး မရှိကြောင်း သိလာပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ထိုသို့ နှစ်ထောင်နှင့်ချီ၍ နားလည်ထားပါသည်။ ဗုဒ္ဓဘာသာက ကိုယ်တိုင်လုံလောက်သော အရာမရှိကြောင်း သို့မဟုတ် ကိုယ်တိုင် လုံလောက်စွာ မတည်ရှိကြောင်း၊ အရာအားလုံးသည် မှီခိုမှုဖြင့် ပေါ်ပေါက်လာကြောင်း သင်ကြားထားပါသည်။

ယခုအခါ စိတ်အကြောင်း သိရှိလာသည့်အတွက် ခေတ်သစ် သိပ္ပံပညာသည် လေ့လာမှုအချို့ စတင်ဆောင်ရွက် လာပါသည်။ ထို့ကြောင့် အပြန်အလှန် အကျိုးရှိနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ပြင်ပဖြစ်စဉ်များအကြောင်းကို သိပ္ပံပညာမှ လေ့လာနိုင်ပြီး သိပ္ပံပညာက အပျက်သဘော စိတ်ခံစားချက်များကို ဖြေရှင်းပုံနှင့် အဆိုပါ စိတ်ဖြစ်စဉ်တို့ကို ဗုဒ္ဓဘာသာဝင်တို့ထံမှ သင်ယူနိုင်ပါသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များနှင့် ဆွေးနွေးသောအခါ နောင်ဘဝ သို့မဟုတ် နိဗ္ဗာန်အကြောင်း မဟုတ်ပါ။ ဘာသာရေး ရှုထောင့်များအကြောင်း မပြောဘဲ စိတ်နှင့် စိတ်ခံစားချက်များအကြောင်းကို ပြောပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အမှန်တရားကို ရှာဖွေရန် အရာရာကို စူးစမ်းလေ့လာသည့် နည်းလမ်းချင်း တူညီသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော အနောက်တိုင်းသားများအတွက် သင့်ကိုယ်ပိုင် သိပ္ပံပညာ လေ့လာမှု ပြုလုပ်လျှင် အထောက်အကူ ပြုပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ တရားတော်များကို သိပ္ပံပညာ သဘောထားဖြင့် လေ့လာခွင့် ပေးအပ်သည့် အခြေခံဖြင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ပရိသတ်များအား ဗုဒ္ဓဘာသာ အကြောင်း ပို့ချချက်များ ကျွန်ုပ်က ပေးအပ်နိုင်မည်ဟု ထင်ရပါသည်။ ထိုအချက်ကြောင့် ကျွန်ုပ်၏ ဟောပြောချက်များကို ပညာရပ်ဆိုင်ရာ ပို့ချချက်များကဲ့သို့ ရှုမြင်ပေးကြပါ။ စစချင်း ရွတ်ဆိုမှုအချို့မှအပ ကျွန်ုပ်၏ ဟောပြောမှုများတွင် ဝတ်ပြုကိုးကွယ်မှုအကြောင်း၊ ဘာသာရေးရှုထောင့်အကြောင်း မပါဝင်ပါ။ သိပ္ပံပညာ ပို့ချချက်များကိုသာ ပေးအပ်ပါသည်။ ဘယ်လို ထင်မြင်ယူဆကြပါသလဲ။

Top