ဘာသာရေး ညီညွတ်မှုအတွက် အခြေခံဖြစ်သည့် အပြန်အလှန် သိရှိနားလည်မှု

ဗုဒ္ဓဘာသာဝင် မဟုတ်သော နိုင်ငံများမှ လူအများစုကို ဗုဒ္ဓဘာသာ ဒဿနအကြောင်း ပြောဆိုခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်ပါသည်။ ယခုအချိန်သည် အပြန်အလှန် နားလည်မှု ရရှိရန် အရေးကြီးနေပါသည်။ ကျွန်ုပ်တို့ အားလုံးသည် ကမ္ဘာပေါ်တွင် နေထိုင်ပြီး ဤကမ္ဘာပေါ်တွင် ဘာသာပေါင်းစုံ ရှိသည့်အတွက် အပြန်အလှန် နားလည်မှုရှိရန် လိုအပ်ပါသည်။ အတိတ် တစ်ချိန်ကဆိုလျှင် လူတို့သည် ပို၍သီးခြားဖြစ်သောကြောင့် မှန်ကန်သော အယူအဆတစ်ခု၊ ဘာသာတစ်ခု ရှိလျှင် အဆင်ပြေပါသည်။ သို့သော် ယခုအခါ ကျွန်ုပ်တို့၏ ဘဝနေထိုင်မှုအရ အပြန်အလှန်ဆက်သွယ်ရန် လိုအပ်လာပါသည်။ အပြန်အလှန်ဆက်သွယ်ရပါသည်။ ဤကာလမျိုးတွင် တစ်စုံတစ်ယောက်အတွက် ဘာသာတစ်ခုနှင့် မှန်ကန်မှုတစ်ခုရှိလျှင် တစ်ခါတစ်ရံ အလွန်အကျိုးပြုပါသည်။ ထိုသူအတွက် တစ်ခုတည်းသော ယုံကြည်မှု ထားရှိလျှင် အလွန်အသုံးဝင်ပါသည်။ သို့သော် ပိုမိုကြီးမားသော လူမှုအသိုင်းအဝိုင်းအတွက် ကျွန်ုပ်တို့သည် မှန်ကန်မှုများစွာ ရှိသည့် အယူအဆကို ထားရှိရပါမည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။ ရာစုနှစ်များစွာအတွင်း ကျွန်ုပ်တို့သည် မှန်ကန်မှု များစွာနှင့် ဘာသာပေါင်းစုံ ပေါ်ထွက်မှုတို့ကို နားလည်လာကြပါသည်။ ထို့ကြောင့် ဘာသာများစွာ၊ မှန်ကန်မှုများစွာ ရှိသည့် အယူအဆကို ဖော်ထုတ်ရာတွင် အခြား ဘာသာအစဉ်အလာများအကြောင်း သင်ယူလေ့လာပါက အသုံးတည့်နိုင်ပါသည်။

ကျွန်ုပ်တို့၏ တိဘက်ဒေသတွင် တိဘက်လူမျိုး မွတ်စလင်များသည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လျှက် ရှိပါသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာ တည်ရှိသည်ကို ကျွန်ုပ်တို့ သိရှိသော်လည်း သူတို့၏ယုံကြည်မှုများအကြောင်း များစွာလေးလေးနက်နက် မဆွေးနွေးခဲ့ပါ။ ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ အစဉ်အလာသည် အကောင်းဆုံး ဖြစ်သည်ဟုသာ ထင်မြင်ခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံသို့ လာသောအခါ ယုံကြည်မှုများစွာ၊ လူပေါင်းများစွာ တွေ့ကြုံရသောအခါ မတူကွဲပြားသော ဘာသာများအကြောင်း အလေးအနက် စတင်ဆွေးနွေးခဲ့ပါသည်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဆစ်ခ်၊ ဂျိန်း၊ ဇိုရိုစထရီယန်၊ ဆူဖီ စသည့် ယုံကြည်သက်ဝင်မှု အမျိုးမျိုးအကြောင်းကို လေ့လာခဲ့ပါသည်။ ဤခြားနားသော ဘာသာများမှ လူများနှင့် ပို၍ထိတွေ့ခဲ့ပါသည်။ လေးစားမှု ထားရှိရန်အတွက် ယင်းတို့ကို လေ့လာခြင်းသည် အလွန် အထောက်အကူ ပြုပါသည်။ ဤသည်မှာ ဘာသာရေး ညီညွတ်မှုအတွက် အခြေခံ ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ အခြေခံ တရားတော် အကြောင်းကို အခြားသူများက ကျွန်ုပ်အား မေးသောအခါ ကျွန်ုပ်တွေးမိသည်မှာ သူတို့ကို ဘာသာပြောင်းရန် မဟုတ်ဘဲ အသိပညာပေးရန်သာ ဖြစ်ပါသည်။

အချို့ တိဘက် သံဃာတော်နှင့် သီလရှင်များသည် ခရစ်ယာန် ကျောင်းတိုက်များတွင် သီတင်းပတ်များစွာ နေထိုင်ကာ ခရစ်ယာန်ဘာသာ အစဉ်အလာ၏ တန်ဖိုးကို သိရှိအောင် လေ့လာထားရပါသည်။ ဗုဒ္ဓဘာသာ သံဃာတော်နှင့် သီလရှင်များသည် ခရစ်ယာန်ကျောင်းတိုက်များကဲ့သို့ လူမှုရေးလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေး အကြောင်းကို ပို၍ အလေးထားရမည်ဟု သူတို့ကို ကျွန်ုပ်ပြောပါသည်။ ခရစ်ယာန် ညီအစ်ကို မောင်နှမများသည် ပညာရေးနှင့် ကျန်းမာရေးတွင် များစွာဖြည့်ဆည်းထားကြရာ လူသားထုအတွက် ကောင်းမွန်သော ဝန်ဆောင်မှု ပေးရန် ကျွန်ုပ်တို့သည်လည်း သင်ယူရပါမည်။ သို့သော် အခြားတစ်ဖက်တွင်မူ သာသနာပြုလုပ်ငန်းကြောင့် တစ်ခါတစ်ရံ ပြဿနာအချို့ ဖြစ်ပေါ်ပါသည်။ အခြားအစဉ်အလာများထံမှ အသုံးဝင်သောအရာများစွာကို သင်ယူလေ့လာနိုင်ပါသည်။ ယုံကြည်မှု မတူသော သင်တို့သည်လည်း ကျွန်ုပ်တို့ထံမှ များစွာ သင်ယူလေ့လာနိုင်ပါသည်။

ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံရှိ ဘာသာများထဲမှ ရှေးအကျဆုံး ဘာသာတရားတစ်ခု ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ၃၀၀၀ ကျော်တိုင် လောကီသီးသန့်ဝါဒ အယူအဆ ပေါ်ပေါက်ခဲ့ပါသည်။ ဤသည်မှာ ဘာသာတရားကို မလေးစားခြင်းဟု မဆိုလိုဘဲ ဘာသာတရား မယုံကြည်သူများ အပါအဝင် ဘာသာအားလုံးကို လေးစားမှု ရှိပါသည်။ ရှေးခေတ် အစွန်းရောက်သူများဖြစ်သည့် ချာဝကများသည် နောင်ဘဝကို မယုံကြည်ပါ။ ဘာသာတရားမှန်သမျှကို မယုံကြည်ပါ။ သို့သော် လောကီသီးသန့်ဝါဒသည် ဘာသာတရား မယုံကြည်သူများကိုလည်း လေးစားသည်ဟု ဆိုလိုပါသည်။ ဗုဒ္ဓဘာသာသည် ဤပတ်ဝန်းကျင်မျိုးတွင် ပေါ်ပေါက်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာသည်လည်း ရှုထောင့်မတူသူများကို လေးစားမှုရှိပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် ဒဿနအမြင် အမျိုးမျိုးကို ဟောကြားခဲ့ပါသည်။ အကြောင်းမှာ သူ၏သာဝကများကြားတွင် စိတ်အရည်အသွေး အမျိုးမျိုး ရှိသူများ ရှိသောကြောင့် ဖြစ်ပါသည်။ အချို့ ရှုထောင့်များနှင့် ဒဿန အယူအဆများသည် အချင်းချင်း ကွဲလွဲနေသည်ဟု ထင်ရပါသည်။ အကြောင်းမှာ သူ၏ သာဝကများတွင် စိတ်အရည်အသွေး အမျိုးမျိုး ရှိသောကြောင့် ဒဿန အမြင်တစ်ခုတည်းဖြင့် သူတို့ကို မကူညီနိုင်ပါ။ ထို့ကြောင့် ဆိုလိုသည်မှာ ဗုဒ္ဓမြတ်စွာသည် တစ်ဦးချင်း အမြင်အမျိုးမျိုးကို လေးစားကာ ၎င်းတို့၏ အရည်အချင်းအလိုက် တရားဟောတော်မူပါသည်။ ဤသည်မှာ ဘာသာအယူဝါဒ မယုံကြည်သူများကိုပင် ညီအစ်ကို မောင်နှမများကဲ့သို့ လေးစားလက်ခံသည့် ရှင်းလင်းသော လက္ခဏာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်အကြောင်း၊ စိတ်ခံစားချက်များအကြောင်း ဗုဒ္ဓဘာသာ အသိပညာအချို့သည် ဘာသာအယူဝါဒ မယုံကြည်သူများအတွက်လည်း အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် အသုံးဝင်ပါသည်။ ထို့ကြောင့် ယခု ပရိသတ်ထဲမှ အခြားဘာသာ ယုံကြည်သူများရော၊ ဘာသာအယူဝါဒ မယုံကြည်သူများကိုပါ ဗုဒ္ဓဘာသာအကြောင်း ပို့ချချက်အချို့ ဝမ်းမြောက်စွာ ပေးအပ်လိုပါသည်။

ကျွန်ုပ်တို့ လူသားများသည် ဤကမ္ဘာပေါ်တွင် စတင်ပြီး ကျွန်ုပ်တို့၏ အသိဉာဏ်သည် နောက်ဆုံးတွင် တိုးတက်ဖွံ့ဖြိုး လာပါသည်။ ထိုအခါ ဘဝတွင် အမှန်ပင် ခက်ခဲပြီး အားကိုးရာမဲ့ အခြေအနေ ရင်ဆိုင်ရသောအခါ အကူအညီရမည့် အယူအဆအချို့ကို ပေးအပ်လာပါသည်။ လူတို့ကို မျှော်လင့်ချက် ရရှိစေနိုင်ပြီး ခက်ခဲသော အခြေအနေများတွင် ယုံကြည်မှုအချို့ ရှိသည့်အတွက် ထိုယုံကြည်မှု ရရှိအောင် အမှန်ပင် ဆင့်ကဲတိုးတက်စေနိုင်သည့် စိတ်ကူးအချို့၊ အယူအဆအချို့ ထားရှိရန် လိုပါသည်။

လွန်ခဲ့သော နှစ်ပေါင်းငါးထောင်အတွင်း နေရာအသီးသီးမှ လူတို့သည် ယုံကြည်မှုပုံစံ အသီးသီး ထားရှိခဲ့ပါသည်။ ယုံကြည်မှုသည် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ရှင်သန်ရန် အလွန်အသုံးဝင်ပါသည်။ ထိုယုံကြည်မှုသည် အကြောင်းတရားများနှင့်အတူ ဒဿန အမြင်များအဖြစ်သို့ တဖြည်းဖြည်း ဖွံ့ဖြိုးလာကာ ယုံကြည်မှုကို အားကောင်းစေပါသည်။ ထို့နောက် ထိုအခြေခံဖြင့် ဒဿနအမြင် အမျိုးမျိုးရှိသော ဘာသာအသီးသီး ပေါ်ထွက်လာပါသည်။ ထိုမှသည် ကမ္ဘာ့ဘာသာတရား စနစ်ကြီးများ ရရှိလာပါသည်။

ပြီးခဲ့သော နှစ်ထောင်ပေါင်း အနည်းငယ်အတွင်း ကျွန်ုပ်တို့သည် ဘာသာရေး ယုံကြည်ချက်ပေါ်တွင် မျှော်လင့်ချက် ထားရှိခဲ့သော်လည်း ပြီးခဲ့သော နှစ်ပေါင်းသုံးရာအတွင်း ကျွန်ုပ်တို့ လူသားအသိဉာဏ်သည် အမှန်တရားနှင့် ပတ်သက်၍ ပိုပြီး အခြေခံကျသော စုံစမ်းမှု ပြုလုပ်နည်းများ တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ခေတ်သစ် သိပ္ပံပညာ ပေါ်ထွက်လာကာ ထိုမှသည် ခေတ်သစ် နည်းပညာလည်း ပေါ်ထွက်လာပါသည်။ နည်းပညာသည် ကျွန်ုပ်တို့ လိုချင်တာကို ချက်ချင်း ရရှိစေသောကြောင့် လူသားထုသည် ရုပ်ဝါဒကို စိတ်ဝင်စားလာပါသည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင် အကြောင်း၊ ဘာသာရေး ယုံကြည်ချက်အကြောင်း အလေးအနက် မထားကြတော့ပါ။

ယခုအခါ ယေရှုခရစ်တော် သို့မဟုတ် အခြားနတ်ဘုရား သို့မဟုတ် နတ်သမီး ကိုးကွယ်သူများကို တွေ့နိုင်ပါသည်။ ဗုဒ္ဓမြတ်စွာကိုလိုက်နာကာ မိမိကိုယ်ကို ဗုဒ္ဓဘာသာ ယုံကြည်သူများဟု ယူဆသူများသည် မိမိယုံကြည်မှုက သင်ကြားထား သည်များကို များစွာ အလေးမထားသည့် လက်တွေ့အခြေအနေကို တွေ့နေရပါသည်။ သူတို့သည် စည်းစိမ်၊ အာဏာတို့ ပိုမိုရရှိရန် လောကီနည်းများအတိုင်း လိုက်နာကြသောကြောင့် လိမ်ညာခြင်း၊ အခြားသူများကို အနိုင်ကျင့်ခြင်းတို့ အသုံးပြုကြသည်။ ဤအချက်က သူတို့သည် သူတို့ဘာသာယုံကြည်မှုနှင့် ပတ်သက်၍ သိပ်အလေးအနက် မရှိသည်ကို ဖော်ပြပါသည်။ ထိုလူအမျိုးအစားများသည် ပို၍တိုးလာနေသည်ဟု ထင်ရပါသည်။ ထို့ကြောင့် ထိုကဲ့သို့ ဘာသာတရားကို ခံယူသည်ဆိုသူများ အားလုံးကို ဘာသာယုံကြည်ချက် မရှိသူများဟု ကျွန်ုပ်က ယူဆပါသည်။

အမှန်တကယ် သက်ဝင်ယုံကြည်သူတစ်ယောက်သည် တစ်နေ့လျှင် ၂၄ နာရီပတ်လုံး မေတ္တာနှင့် ကရုဏာကို ကျင့်ကြံပါသည်။ မိမိကိုယ်ကို ချစ်ခင်မှုသည် တိရစ္ဆာန်များမှာပင်လျှင် ရှိပါသည်။ သို့သော် တကယ့်မေတ္တာ အမျိုးအစားမှာ အခြားသူများ ကောင်းကျိုးအတွက် အလေးထားမှုပါဝင်သည့် မေတ္တာမျိုး ဖြစ်ပါသည်။ ထိုသို့ အခြေခံထားသောအခါ လိမ်ခြင်း၊ ညာခြင်း၊ အနိုင်ကျင့်ခြင်းတို့ ပြုမိမည် မဟုတ်တော့ပါ။ ကိုယ့်ပုံစံအတိုင်း မမျှတသော နည်းကို မည်သို့လျှင် အသုံးပြုပါမည်နည်း။ ထိုသို့ ပြုလုပ်သူများကို ကျွန်ုပ်က ဘာသာယုံကြည်ချက် မရှိသူများ သို့မဟုတ် အလေးအနက် မယုံကြည်သူများဟု ယူဆပါသည်။ လူအချို့သည် ဘာသာရေးကို ပွင့်လင်းစွာ ဝေဖန်ခြင်းပင် ရှိပါသည်။ အကြောင်းမှာ ယုံကြည်သူ ဆိုသူများက ထိုဘာသာ၏ တရားအတိုင်း တကယ် မကျင့်ကြံသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ စိတ်တန်ဖိုးများကို လူသိများအောင် အားထုတ်ဖို့ လိုပါသည်။ ယင်းမှာ ပိုပြီး သိပ္ပံနည်းကျ ဖြစ်ပါသည်။

ယခုအခါ ထိုသို့ဆောင်ရွက်ရန် ဖြစ်နိုင်ပါသည်။ ထိုအတွက် အချက်နှစ်ချက် ရှိပါသည်။ ပထမအချက်မှာ လွယ်ကူ သက်သာသော ဘဝတစ်ခုအတွက် အရာရာပြည့်စုံနေသူများ ရှိပါသည်။ သို့သော် လူသားများအနေနှင့် သူတို့စိတ်ထဲတွင် တစ်ခုခု လစ်ဟာနေပါသည်။ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ စိတ်ဖိစီးမှုတို့ ခံစားနေရပါသည်။ ထို့ကြောင့် သူတို့သည် မပျော်ရွှင်ပါ။ အလွန်အထီးကျန်ပါသည်။ ထိုသူတို့သည် နောက်ဆုံးတွင် ရုပ်တန်ဖိုးများ၏ အကန့်အသတ်ကို သဘောပေါက်လာပါသည်။ ထိုတစ်ခုတည်းဖြင့် စိတ်ခွန်အား သို့မဟုတ် ပျော်ရွှင်မှုနှင့် ပိုမိုငြိမ်းချမ်းသောစိတ် မရရှိနိုင်ကြောင်း မြင်လာကြပါသည်။

ဒုတိယအချက်မှာ ပြီးခဲ့သောနှစ်ပေါင်း နှစ်ရာ၊ သုံးရာအတွင်းတွင် သိပ္ပံပညာ ထွန်းကားလာပါသည်။ သိပ္ပံ သုတေသနသည် အမှန်တရားကို ရှာဖွေနေပါသည်။ အမှန်တရားကို လေ့လာဆန်းစစ်ပါသည်။ သိပ္ပံပညာရှင် စစ်စစ်သည် ပွင့်လင်းသော စိတ် ရှိပါသည်။ သူတို့သည် ဝေဖန်တတ်ပြီး စုံစမ်းလေ့လာတတ်ပါသည်။ ဗုဒ္ဓဘာသာသည်လည်း ဝေဖန်မှုကို အလေးထားပါသည်။ ဝေဖန်မှုသည် မေးခွန်းမေးခြင်းနှင့် ထိုမှသည် အဖြေကို စုံစမ်းရှာဖွေစေပါသည်။ ထို့ကြောင့် ဝေဖန်မှုသည် ဘက်မလိုက်ပါက အသုံးတည့်ပါသည်။ ထို့ကြောင့် သိပ္ပံသုတေသနသည် အမှန်တရားကို ရှာဖွေပါသည်။

ထို့နောက် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ် သိပ္ပံပညာသည် ဦးနှောက်အကြောင်း၊ အမှုန်များအကြောင်း၊ ဒြပ်အကြောင်း သုတေသနကို စတင်၍ပိုမိုဆောင်ရွက်လာပါသည်။ အထူးသဖြင့် ဆေးသိပ္ပံပညာရှင် ဦးနှောက်အထူးပြုသူများက စိတ်ခံစားချက်များသည် ကျန်းမာရေးအတွက် အရေးကြီးသည်ကို စတင်သဘောပေါက်လာပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များနှင့် ကျွန်ုပ်တို့၏ ဦးနှောက် ဆောင်ရွက်ပုံ၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်က တုံ့ပြန်ပုံတို့အကြား များစွာဆက်စပ်နေပါသည်။ သိပ္ပံပညာရှင်အချို့အဆိုအရ ကြောက်ရွံ့မှု ဖြစ်သောအခါ သွေးလှည့်ပတ်မှုသည် ခြေထောက်သို့ သွေးပိုရောက်ပြီး ထွက်ပြေးနိုင်အောင် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးပါသည်။ ဒေါသထွက်သောအခါ သွေးများသည် လက်ဆီသို့ ပိုရောက်ကာ တိုက်ခိုက်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန် ပြင်ဆင်ပေးပါသည်။ ထို့အတူ စိတ်ခံစားချက်နှင့် ဇီဝဗေဒဆိုင်ရာ အစိတ်အပိုင်းများသည် အလွန်ပင် အပြန်အလှန် မှီခိုပါသည်။ ထို့ကြောင့်လည်း ဦးနှောက်အထူးပြုသူများသည် စိတ်ခံစားချက်များနှင့် ယင်းတို့ ဖြစ်ပေါ်လာပုံများကို ယခုအခါ ပိုမိုစိတ်ဝင်စားလာကြပါသည်။

စိတ်ခံစားချက်သည် စိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အချို့ သိပ္ပံပညာရှင်များက ကလေးများအပါအဝင် လူအချို့ကို သတိရှိမှုနှင့် ကရုဏာတို့အကြောင်း လေ့ကျင့်သင်ကြားပေးကာ စမ်းသပ်မှုများ ပြုလုပ်နေပါသည်။ ထိုသို့မသင်ကြားမီက သွေးဖိအားနှင့် ဖိစီးသော ဟော်မုန်းပမာဏကို တိုင်းတာပါသည်။ သုံးပတ်ကြာပြီးနောက် ထပ်မံတိုင်းတာပါသည်။ သွေးဖိအားနှင့် စိတ်ဖိစီးမှုတို့သည် ဤကျင့်ကြံမှုများကြောင့် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ပါသည်။ ကျောင်းသားများသည်ပင်လျှင် သူတို့၏ စူးစိုက်နိုင်စွမ်း တိုးတက်လာပြီး သူတို့၏ လူမှုဆက်ဆံရေးများ ပိုမိုငြိမ်းချမ်းကာ ဖော်ရွေလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အထူးသဖြင့် အမေရိကန်တွင်သာမက အိန္ဒိယရှိ အချို့တက္ကသိုလ်များတွင် နေရာရွေးချယ် လေ့လာမှုစီမံကိန်းများ ဆောင်ရွက်နေပါသည်။ ယခုအခါ ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစု အစောပိုင်းကာလအတွင်းတွင် သိပ္ပံပညာ နယ်ပယ်သည် စိတ်ခံစားချက်များနှင့် စိတ်အကြောင်းကို ပို၍သုတေသန ဆောင်ရွက်နေပါသည်။

ဘာသာရေး အစဉ်အလာများသည်လည်း စိတ်အကြောင်းကို နှစ်ထောင်ပေါင်းများစွာပင် နည်းအမျိုးမျိုးဖြင့် ဖြေရှင်းခဲ့ ပါသည်။ ဘာသာရေး အစဉ်အလာ အားလုံးသည် မေတ္တာ၊ ခွင့်လွှတ်ခြင်း၊ ကရုဏာနှင့် မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ရေး သတင်းစကားကို သယ်ဆောင်ခဲ့ပါသည်။ ယင်းတို့အားလုံးသည် စိတ်နှင့်ဆက်စပ်ပါသည်။ ယုံကြည်မှုသည်လည်း စိတ်အဆင့်တွင် ဖြစ်ပါသည်။ တစ်ခုတည်းသော ယုံကြည်မှုသည် စိတ်ခွန်အား၊ ကောင်းချီးမင်္ဂလာအချို့ကို ပေးအပ်ပါသည်။ ဘာသာကြီးများအကြားတွင် နှစ်မျိုးနှစ်စား ရှိပါသည်။ တစ်မျိုးမှာ ဖန်ဆင်းရှင်ဘုရားသခင်၊ အကြွင်းမဲ့ ထာဝရဘုရားကို ယုံကြည်သည့် ဘုရားရှိဝါဒ ဖြစ်ပါသည်။ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာ အများအပြားတွင်လည်း ထိုသို့ ယုံကြည်ပါသည်။ ဒုတိယအမျိုးအစားမှာ ဂျိန်း၊ ဗုဒ္ဓဘာသာနှင့် သံခယာ ဝါဒ၏ ဂိုဏ်းတစ်ဂိုဏ်းတို့တွင် ဖန်ဆင်းရှင်ဘုရားကို လက်မခံကြပါ။ ဖန်ဆင်းရှင် ဘုရား အယူအဆ မရှိပါ။ အရာရာသည် ၎င်း၏ အကြောင်းတရားနှင့် အခြေအနေများကြောင့် ဖြစ်ပေါ်ပါသည်။ အိန္ဒိယနိုင်ငံမှ ဤဘာသာသုံးခုမှာ အရာရာသည် ဖန်တီးမှုမပါဝင်ဘဲ အကြောင်းအကျိုးအရ ဖြစ်ပေါ်သည်ဆိုသည့် ဒါဝင်ဝါဒနှင့် အလားတူ အကြောင်းတရားရှိမှုတွင် ယုံကြည်ပါသည်။
ဘုရားရှိဝါဒ ဘာသာများသည် ဘုရားသခင်က အရာရာ၊ အထူးသဖြင့် ကျွန်ုပ်တို့ကို ဖန်တီးကြောင်း၊ ထို့ကြောင့် သူသည် ကျွန်ုပ်တို့၏ ဖခင်ဖြစ်ကြောင်း ယုံကြည်ပါသည်။ တစ်ခုတည်းသော ယုံကြည်မှုဖြင့် သူတို့သည် ဖန်ဆင်းရှင် ဘုရားကို ပုံအပ်ပါသည်။ အတ္တဗဟိုပြု မောက်မာမှုကို လျှော့ချပါသည်။ “ငါသည် ဘုရားသခင်၏ ဖန်ဆင်းမှုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် အမှုတော်ကို ထမ်းရမည်”။ ဘုရားသခင် အမှုတော် ထမ်းခြင်း တစ်နည်းမှာ ဆုတောင်းခြင်း ဖြစ်သော်လည်း ဘုရားသခင် အမှုတော် ထမ်းသည့် အဓိကစည်းမျဉ်းမှာ မိမိကဲ့သို့ ဖန်ဆင်းထားသူများ၊ ဖန်ဆင်းထားမှုများကို မေတ္တာထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားရှိဝါဒ ဘာသာများသည် အတ္တ ဗဟိုပြုမှု လျှော့ချခြင်းနှင့် ပရဟိတစိတ် ထားရှိခြင်းတို့တွင် အနည်းနှင့်အများ သက်ရောက်မှု တူညီပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာသည်လည်း အတ္တဗဟိုပြုမှုနှင့် မောက်မာမှုတို့ကို လျှော့ချရန် ကြိုးစားပါသည်။ ဗုဒ္ဓဘာသာဝင် တို့သည် အမှီအခိုကင်းသော၊ ခိုင်မာသော အတ္တ တည်ရှိမှုကို မယုံကြည်ရန် အလေးအနက်ထားပါသည်။ “ငါ” သို့မဟုတ် “အတ္တ” သည် သတ်မှတ်ချက်မျှသာ ဖြစ်ပါသည်။ ဤသည်မှာ မိမိ၏ အတ္တ ဗဟိုပြုမှု သဘောထားကို လျှော့ချနည်း တစ်နည်း ဖြစ်သည်။ ထို့ကြောင့် ချဉ်းကပ်မှု ခြားနားသော်လည်း အတ္တဗဟိုပြုမှု လျှော့ချရန်နှင့် ပရဟိတစိတ် တိုးမြှင့်ရန် ဆိုသည့် သက်ရောက်မှု တူညီပါသည်။

ရှေးခေတ် အိန္ဒိယ ဗုဒ္ဓဘာသာ အစဉ်အလာကို လေ့လာပါက အထူးသဖြင့် နာလန္ဒာ အစဉ်အလာတွင် ဒဿနအမြင် အမျိုးမျိုး ဖော်ပြသည့် ကျမ်းစာများကို အမြဲတွေ့ရပါသည်။ နောက်ပိုင်း တိဘက် ကျမ်းစာများသည် ပရိသတ်ကို ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည်ဟု ပုံသေယူဆသောကြောင့် အိန္ဒိယ အစဉ်အလာကို ပြန်ကြည့်ရန်လိုသည်ဟု ထင်ပါသည်။ အိန္ဒိယအစဉ်အလာများစွာ ရှိသောကြောင့် အမြင်အမျိုးမျိုးကို စိစစ်ကာ တစ်ခါတစ်ရံ ၎င်းတို့အမြင်များကို ဆွေးနွေးငြင်းခုန်ပါသည်။ သို့သော် တိဘက်တွင် ၈ ရာစု၊ ၉ ရာစုကတည်းကပင် တိဘက်လူမျိုး အများစုသည် ဗုဒ္ဓဘာသာဝင် ဖြစ်လာသောကြောင့် ဤခြားနားသော ဒဿန အမြင်များကို ဆွေးနွေးစရာ မလိုပါ။ သို့သော် ယခုအခါ တိဘက်ပြင်ပတွင် ဘာသာအမြင် အမျိုးမျိုး ရှိသည့်အတွက် ယင်းတို့ကို သိရှိရန် အရေးကြီးလာပါသည်။ သို့မှသာ မှန်ကန်သော အသိပညာဖြင့် အပြန်အလှန် နားလည်မှု ရရှိပါမည်။ အပြန်အလှန် နားလည်မှုမှသည် အပြန်အလှန် လေးစားမှုနှင့် ဘာသာရေး ညီညွတ်မှုတို့ကို ရရှိလာပါသည်။

Top