ဗုဒ္ဓဘာသာ-မွတ်စလင်ဘာသာ ညီညွတ်ရေးအတွက် ရှုထောင့်များ

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား တွေ့ဆုံဆွေးနွေးမှုအတွက် ရှုထောင့်များသည် အဘယ်နည်း။

ထိုအတွက် ဖြစ်နိုင်ခြေများစွာ ရှိသည်ဟု ထင်ပါသည်။ လွန်ခဲ့သော ဆယ့်နှစ်နှစ် ၁၉၉၇ ခုနှစ်ဝန်းကျင်ကတည်းကပင် ကျွန်ုပ်သည် ဤတွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့ပါသည်။ အစ္စလာမ်ကမ္ဘာ၏ အစိတ်အပိုင်းများသို့ ခရီးသွားလာရင်း ထိုဒေသရှိ လူတို့သည် သတင်းအချက်အလက် အလွန်ဆာလောင်သည်ကို တွေ့ရှိရပါသည်။ “ကျွန်ုပ်တို့အားလုံးသည် အကြမ်းဖက်သမားများ မဟုတ်ကြောင်း အားလုံးကိုပြောပေးပါ” ဟု သူတို့က ကျွန်ုပ်ကို မကြာခဏပြောပါသည်။

ဒလိုင်းလားမား ဆရာတော်ကြီးက ဘာသာရေး ညီညွတ်မှု ဖော်ဆောင်ရန် အထူးသဖြင့် မွတ်စလင်ကမ္ဘာကို ဆက်သွယ်ရန် အထူးအလေးထား ပြောကြားပါသည်။ တစ်ဦးကို တစ်ဦးက ဘာသာပြောင်းရန် ရည်ရွယ်ချက် သို့မဟုတ် ဆန္ဒ မပါဝင်ဘဲ၊ တစ်ဦး၏ ယုံကြည်မှုများကို တစ်ဦးကသိအောင် အသိပညာပေးခြင်း လိုအပ်သည်ဟု သူကအလေးထား ပြောကြားပါသည်။ ခြားနားသောအမြင်များ ကျိန်းသေရှိသည့် ယုံကြည်ချက်အချို့ ရှိသော်လည်း ယင်းတို့ကို အာရုံစိုက်ခြင်းဖြင့် အကျိုးမရှိပါ။ အချင်းချင်း ယုံကြည်မှုများကို လေးစားရန်၊ ဘာသာတိုင်း၏ ယုံကြည်မှုများက ဘာသာဝင်တို့အား ကူညီပုံကို နားလည်တန်ဖိုးထားရန်နှင့် ဘုံတူညီသော အရာများကို အတူတကွကြိုးစားအလေးထားရန် လိုပါသည်။ ဤသည်မှာ ဆရာတော်ကြီးက “အားလုံးနှင့်ဆိုင်သော တန်ဖိုးများ” ဟုခေါ်သည့် အခြေခံကျင့်ဝတ်ကို အလေးထားမှုနှင့် အထူးသဖြင့် သက်ဆိုင်ပါသည်။

လူတိုင်းလိုချင်သည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဤနည်းဖြင့် ကြိုးစားရန် လိုပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ဆောင်ရွက်သမျှတိုင်းတွင် မွတ်စလင်များ ပါဝင်ရန်ဆိုလိုပြီး “သင်တို့” နှင့် မတူသော “ကျွန်ုပ်တို့” ဆိုသည့် သဘောထားလုံးဝမရှိရပါ။ ဥပမာအားဖြင့် ကျွန်ုပ်၏ဝက်ဘ်ဆိုက်တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အပိုင်းများကို အစ္စလာမ်ဘာသာစကားများသို့ ဘာသာပြန်ဆိုခြင်းဖြင့် ထိုဘာသာစကားများသည် လူပေါင်းများစွာ မဖတ်ရှုသော်လည်း မွတ်စလင်များကို လေးစားသည့်လက္ခဏာရပ် ဖြစ်ပါသည်။ လေးစားမှုပြသခြင်းသည် အလွန့်အလွန် အရေးကြီးပြီး ဒလိုင်းလားမား ဆရာတော်ကြီးက အားပေးပံ့ပိုးသည့်အချက် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ယဉ်ကျေးမှုနှစ်ခုအကြား ဆက်ဆံရေး သမိုင်းအကြောင်း ကျွန်ုပ်၏ ရေးသားချက်တွင် ပိုပြီးဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်ကို တင်ပြခဲ့ပါသည်။ မွတ်စလင်များက ဗုဒ္ဓဘာသာဖြစ်သော အိန္ဒိယမှ အရာအားလုံး ဖျက်ဆီးပစ်သည်ဆိုသော ဝါဒဖြန့်ချိမှုဟောင်းကို ထပ်ပြောမနေပါ။ သမိုင်းကို ဤသို့တင်ဆက်မှုသည် မွတ်စလင် အောင်နိုင်သူများကို ဘာသာရေး အစွန်းရောက်များဟု ပုံဖော်ပါသည်။ သို့သော် သူတို့မှာ အခြားအောင်နိုင်သူများလိုပင် ငွေကြေး၊ အာဏာစသည့် ဦးတည်ချက်နှင့် စေ့ဆော်မှုများ ရှိပါသည်။ ထိုသို့မတင်ဆက်ဘဲ ယဉ်ကျေးမှုတိုင်းက အခြားယဉ်ကျေးမှုအပေါ် အပြုသဘော ထည့်ဝင်မှုများကို ထောက်ပြပြီး အလေးထားရန် လိုပါသည်။ မွတ်စလင်များထံမှ ခေတ်သစ်သိပ္ပံ စသည့်အရာများစွာ ရရှိခဲ့ပါသည်။ မွတ်စလင်ယဉ်ကျေးမှုများ၏ ဤအပြုသဘော ထည့်ဝင်မှုများကို ပိုပြီးအလေးထားကာ ကျွန်ုပ်တို့ ဆောင်ရွက်သမျှတွင် သူတို့ကိုလေးစားမှုဖြင့် ပါဝင်စေသောအခါ ပူးပေါင်းဆောင်ရွက်ရန် အလွန်အလားအလာကောင်းသည်ဟု ထင်ပါသည်။ ကျွန်ုပ်ဂုဏ်ယူစွာ တွေ့ဆုံခဲ့သော မွတ်စလင် ခေါင်းဆောင်များ ရှိပြီး ဤကိစ္စများကို ဤချဉ်းကပ်မှုဖြင့် အလွန်ပွင့်လင်းစွာ ဆွေးနွေးလိုကြပါသည်။

Top