အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ကို လက်တွေ့ကျင့်သုံးခြင်း

 လူ၏စိတ်သည် ကောင်းစွာဦးတည်ပေးပါက ပြဿနာအားလုံး၏ ရင်းမြစ်ရော အဖြေပါ ဖြစ်နေပါသည်။ စာပေကောင်းစွာ တတ်မြောက်သော်လည်း နှလုံးရည် မကောင်းသူတို့သည် ဖြည့်ဆည်းနိုင်ခြင်းမရှိသော ဆန္ဒများကြောင့် စိုးရိမ်သောကနှင့် ဂဏှာမငြိမ်မှုတို့၏ သားကောင် ဖြစ်သွားမည့်အရေး ကြုံနေရပါသည်။ ရုပ်ပိုင်းဆိုင်ရာ အသိပညာသည် အပျက်သဘော အတွေးများနှင့် ခံစားချက်များ၏ ရင်းမြစ်တစ်ခု အလွယ်တကူ ဖြစ်လာနိုင်ပါသည်။ ပြောင်းပြန်အားဖြင့် ဘာသာရေးတန်ဖိုးများကို မှန်ကန်စွာ နားလည်မှုသည် ငြိမ်းချမ်းရေးကို ရရှိစေပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီးဒလိုင်းလားမား

မက်ဆာချူးဆက် နည်းပညာသိပ္ပံရှိ ကျင့်ဝတ်နှင့် ပြုပြင်ပြောင်းလဲရေး တန်ဖိုးများဆိုင်ရာ ဒလိုင်းလားမား စင်တာတွင် ဆရာတော်ကြီးက အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်အကြောင်း ပြောဆိုရန် ဘာကြောင့် လိုအပ်သည်ကို ရှင်းပြပါသည်။ ကမ္ဘာပေါ်ရှိ လူဦးရေ သန်းခုနစ်ထောင်၏ သိသာသော အချိုးအစားတစ်ခုသည် ယုံကြည်မှု တစ်ခုခု မရှိကြောင်း၊ ကျွန်ုပ်တို့သည် ထိုသူတို့ကို ဘာသာရေး တစ်ခုခုတွင် အခြေခံသောစိတ် လေ့ကျင့်ပေးမှုစနစ်ကို ပေးအပ်၍မရနိုင်ကြောင်း သူကပြောခဲ့ပါသည်။ ဤသို့ လေ့ကျင့်ပေးမှုစနစ်သည် လောကီပညာရေးတွင် အခြေခံရန် အလွန်အရေးကြီးသည်ဟု သူကပြောခဲ့ပါသည်။

အမေရိကန်တွင် ဘဏ္ဍာရေး အကျပ်အတည်း ပေါက်ကွဲခဲ့ပြီးနောက် ထိုအခြေအနေမှာပင် ဝေါလ်စထိမှ ခေါင်းဆောင် အများစုသည် ထိပ်တန်းတက္ကသိုလ်များမှ ဖြစ်သည်ဟု သူကပြောခဲ့ပါသည်။ အကျပ်အတည်း ကာလအတွင်း အလွန်ထင်ရှားသော လောဘနှင့် လှည့်ဖြားမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် သူတို့ပညာသင်ယူချိန်က ဘာကြောင့် မသင်ပေးခဲ့နိုင်ပါသနည်း။ ယခု MIT စင်တာသည် လောဘ၊ လှည့်ဖြားမှုနှင့် အပျက်သဘောတို့ကို ဖြေရှင်းရန် စိတ်ခံစားချက်များက ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ချမှုကို ပုံဖော်ပုံနှင့် ထိုဆုံးဖြတ်ချက်များ၏ ရေရှည် သက်ရောက်မှုများကို နားလည်ခြင်းအားဖြင့် သင်ယူလေ့လာရာတွင် ပါဝင်နေပါသည်။

ဆရာတော်ကြီးက အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ကို လက်တွေ့ကျင့်သုံးရန် မိန့်ကြားရာတွင် အချက်သုံးချက်ကို ပြောသွားပါသည်-

  • ထိန်းသိမ်းဆောင်ရွက်သော ကျင့်ဝတ်
  • ကောင်းကျိုးလိုလားသော ကျင့်ဝတ်
  • ပရဟိတစိတ်နှင့် ကရုဏာထားရှိသော ကျင့်ဝတ်။

ထိန်းသိမ်း ဆောင်ရွက်သော ကျင့်ဝတ် ဆိုသည်မှာ မိမိ၏ပြုမူ၊ ပြောဆိုမှု အပျက်သဘော အလေ့အထများကို စွန့်ပယ်ပုံ ဖြစ်သည်။ ဆရာတော်ကြီးက ခန္ဓာကိုယ်သည် ကြမ်းတမ်းပြီး စိတ်သည် နူးညံ့ကြောင်း ပြောပါသည်။ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်လျှင် စိတ်ကို ထိန်းချုပ်ရန် မည်သို့မျှော်လင့်နိုင်မည်နည်း။ အပျက်သဘော ကာယကံ၊ ဝစီကံနှင့် မနောကံ အလေ့အထများကို ဦးစွာ သိရှိပြီးနောက် ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် ကောင်းကျိုးပြုသော ကျင့်ဝတ်ကို ရရှိလာပါသည်။ ဆိုလိုသည်မှာ ကရုဏာ၊ ကြင်နာမှု၊ ခွင့်လွှတ်မှုနှင့် အလေးထားမှု စသည့် မိမိ၏ အပြုသဘော အပြုအမူကို တိုးမြှင့်ပေးခြင်း ဖြစ်ပါသည်။ ထိုအခါ မိမိဘဝကို အခြားသူများအကျိုး သယ်ပိုးသည့် ပရဟိတစိတ်နှင့် ကရုဏာစိတ်ရှိသော ကျင့်ဝတ် ရရှိလာစေပါသည်။

Top