မည်သူမဆို ဘုရားဖြစ်နိုင်သည်ဟု ဗုဒ္ဓမြတ်စွာက အလေးအနက်ထား ပြောကြားခဲ့ပါသည်။ သို့သော် တကယ့် ဆိုလိုရင်းကဘာလဲ။ ဗုဒ္ဓသည် မိမိ၏ အားနည်းချက်အားလုံးကို ဖယ်ရှားပြီး ချို့ယွင်းချက်အားလုံးကို ပြင်ဆင်ကာ အစွမ်းအစ အားလုံးကို ရရှိပြီးသူ ဖြစ်ပါသည်။ ဘုရားရှင်တိုင်းသည် သူလိုကိုယ်လိုပင် စတင်ခဲ့ကြပါသည်။ သာမန်လူများအဖြစ် အမှန်တရားနှင့် အမှန်မဟုတ်သော မှန်းဆချက်များအကြား ရှုပ်ထွေးမှုကြောင့် ဘဝအခက်အခဲများ အဖန်ဖန် ကြုံတွေ့ရပါသည်။ သူတို့၏ ခေါင်းမာသော မှန်းဆချက်များက အမှန်တရားနှင့် မပတ်သက်ကြောင်း၊ သူတို့၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သူတို့စိတ်က မှန်းဆသော စိတ်ကူးယဉ်မှုများကို အလိုအလျောက် မယုံကြည်တော့ကြောင်း သဘောပေါက်လာပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါ ပြုမူမှုများကို မကြုံတွေ့တော့ဘဲ ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်သွားပါသည်။
ထိုသို့ကြိုးစားရင်း မေတ္တာနှင့် ကရုဏာကဲ့သို့ အပြုသဘော စိတ်ခံစားချက်များ ခိုင်မာရန် ကြိုးစားပြီး အခြားသူများကိုလည်း တတ်နိုင်သလောက် ကူညီပါသည်။ မိခင်သည် တစ်ဦးတည်းသော သားအပေါ် ထားရှိသည့် ကြင်နာမှုမျိုးကို လူတိုင်းအပေါ်တွင် ထားရှိပါသည်။ ဤသို့ အားကြီးသော မေတ္တာနှင့် ကရုဏာကို လူတိုင်းအပေါ်တွင် ထားရှိကာ အားလုံးအတွက် ခြွင်းချက်မရှိသည့် ဆုံးဖြတ်ချက်ကြောင့် အမှန်တရားအပေါ် သူတို့၏ နားလည်သဘောပေါက်မှုမှာ ပို၍ ခိုင်မာလာပါသည်။ အလွန် အားပြင်းသည့်အတွက် ဘုရားရှင်တို့၏ စိတ်သည် လူတိုင်း၊ အရာဝတ္ထုတိုင်း တည်ရှိနေသည်ကို လှည့်ဖြားသော မှန်းဆချက်များမှ နောက်ဆုံးတွင် ရပ်တန့်သွားပါသည်။ အနှောင့်အယှက် မရှိသည့်အတွက် တည်ရှိနေသမျှ အရာရာတိုင်း၏ အပြန်အလှန် ဆက်သွယ်မှုနှင့် မှီခိုနေမှုတို့ကို ရှင်းလင်းစွာ မြင်တွေ့လာပါသည်။
ဤအောင်မြင်မှုကြောင့် ဉာဏ်အလင်း ရရှိကာ ဘုရားဖြစ်လာပါသည်။ ဘုရားရှင်တို့၏ ခန္ဓာကိုယ်၊ အဆက်အသွယ် ပြုလုပ်နိုင်စွမ်းနှင့် စိတ်အစဉ်သည် အကန့်အသတ်မဲ့ ဖြစ်တော်မူပါသည်။ တရားဟောရမည့် ပုဂ္ဂိုလ်တို့အပေါ် သက်ရောက်မှုတိုင်းကို သိရှိတော်မူသည့်အတွက် သတ္တဝါအားလုံးကို တတ်နိုင်သလောက် လက်တွေ့ကျစွာ ကူညီနိုင်စွမ်း ရှိပါသည်။ သို့သော် ဘုရားကိုယ်တော်တိုင် အရာရာစွမ်းဆောင်နိုင်သည် မဟုတ်ပါ။ အကြံဉာဏ်ကို လက်ခံနိုင်စွမ်း ရှိပြီး မှန်ကန်စွာ လိုက်နာနိုင်သူတို့ကိုသာ အပြုသဘော လွှမ်းမိုးမှုဖြင့် ဟောကြားနိုင်ပါသည်။
လူတိုင်းသည် မိမိအောင်မြင်ခဲ့သလို အောင်မြင်နိုင်ကြောင်း ဗုဒ္ဓကဟောကြားခဲ့ပါသည်။ လူတိုင်း ဘုရားဖြစ်နိုင်ပါသည်။ ဤသည်မှာ “ဗုဒ္ဓသဘောသဘာဝ” လူတိုင်းမှာ ရှိသောကြောင့် ဖြစ်သည်။ ဘုရားအဖြစ်သို့ ရစေနိုင်သော အခြေခံ အချက်အားလုံးကို ဆိုလိုပါသည်။
ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာက ဦးနှောက်၏ ကျုံ့ဆန့်နိုင်စွမ်းကို ပြောထားပါသည်။ ဘဝတစ်လျှောက်လုံးတွင် ဦးနှောက်က အာရုံကြော လမ်းကြောင်းသစ်များ ပြောင်းလဲဖြစ်ပေါ်နိုင်စွမ်းကို ဆိုလိုပါသည်။ ဥပမာ၊ ညာဘက်လက်ကို ထိန်းချုပ်သော ဦးနှောက် အစိတ်အပိုင်း လေဖြတ်သွားပါက ညာဘက်လက်ကို အသုံးပြုနိုင်အောင် အာရုံကြော လမ်းကြောင်းသစ်များ ဦးနှောက်တွင် ဖြစ်ပေါ်အောင် အကြောအဆစ်ကုသမှုဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ မကြာသေးမီက လေ့လာမှုများအရ ကရုဏာကဲ့သို့သော စိတ်ဖြင့် တရားရှုမှတ်ခြင်းသည် အာရုံကြော လမ်းကြောင်းသစ်များ ပေါ်ထွက်စေကာ ပိုမို ပျော်ရွှင်မှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ ရရှိစေနိုင်သည်ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ဦးနှောက်၏ ကျုံ့ဆန့်နိုင်စွမ်းကို ပြောသလိုပင် စိတ်၏ ကျုံ့ဆန့်နိုင်စွမ်းကိုလည်း ပြောနိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှင့် ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး အမူအကျင့်များသည် တည်ငြိမ်ပြီး တစ်သမတ်တည်း ရှိနေမည် မဟုတ်ပါ။ အပြုသဘော လမ်းကြောင်းများ ပေါ်ထွက်အောင် နှိုးဆွပေးနိုင်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အားလုံး ဉာဏ်အလင်း ရရှိသောဘုရားအဖြစ်သို့ ရောက်ရှိစေသည့် အခြေခံအကျဆုံး အချက် ဖြစ်နေပါသည်။
ဇီဝကမ္မဗေဒ အဆင့်တွင် အပြုသဘောဖြင့် ကျွန်ုပ်တို့ ပြုမူ၊ ပြောဆို၊ တွေးတောသမျှသည် ထိုအတိုင်း အဖန်ဖန် ဆောင်ရွက်ရန် ပိုမိုလွယ်ကူစေသော အပြုသဘော အာရုံကြော လမ်းကြောင်းကို ခိုင်မာစေပါသည်။ စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် ဤသည်မှာ အပြုသဘော အင်အားနှင့် အစွမ်းအစများ တိုးပွားစေသည်ဟု ဗုဒ္ဓဘာသာက ဆိုပါသည်။ အထူးသဖြင့် အခြားသူများကို အကျိုးပြုကာ အဆိုပါ အပြုသဘော အင်အားများကို ပိုမို ယှက်နွှယ်အားဖြည့်ပေးလေ ပိုမို အားကောင်းလေ ဖြစ်ပါသည်။ ဘုရားအဖြစ် သတ္တဝါအားလုံးကို အပြည့်အဝ ကူညီနိုင်စွမ်းသော အပြုသဘော အင်အားများက တစ်လောကလုံး အကျိုးအတွက် ရည်မှန်းချက်ကို ရောက်အောင် ကျွန်ုပ်တို့ကို စွမ်းဆောင်ပေးပါသည်။
ထို့အတူ အမှန်တရားကို မှားယွင်းမှန်းဆချက်နှင့်ဆိုင်သည့် စစ်မှန်သောအရာ တစ်ခုခု မရှိကြောင်း ကျွန်ုပ်တို့ ပို၍အာရုံစိုက်လေ အာရုံကြောလမ်းကြောင်းများ ပို၍ နိုးကြားလေ ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အဓိပ္ပာယ်မဲ့မှုကို ဦးစွာ ယုံကြည်ကာ ထို့နောက်တွင် မှန်းဆမှုကိုပါ ယုံကြည်ပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့စိတ်သည် ထိုသို့ ထင်ယောင်ထင်မှား ဖြစ်သော အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ လမ်းကြောင်းများမှ ကင်းလွတ်ကာ ယင်းတို့အပေါ် တည်မှီသည့် အနှောင့်အယှက် စိတ်ခံစားချက်များ၊ စိတ်လိုက်မာန်ပါ အပြုအမူ ပုံစံများ၏ လမ်းကြောင်းများမှပါ ကင်းလွတ်ပါသည်။ ထို့နောက် အမှန်တရားကို နက်ရှိုင်းစွာ သိရှိသဘောပေါက်သော ခိုင်မာသည့် လမ်းကြောင်းများ ပေါ်ထွက်လာပါသည်။ ကန့်သတ်ခံထားရသည့် သက်ရှိတိုင်းကို အကောင်းဆုံး ကူညီနိုင်မည့်နည်းလမ်းကို သိရှိသော ဘုရားရှင်၏ အလုံးစုံသိမြင်သောစိတ်အတွက် ရည်မှန်းသည့် အားဖြင့် ထိုလမ်းကြောင်းများကို အားဖြည့်ပေးသောအခါ ဤနက်ရှိုင်းစွာ သိရှိသဘောပေါက်သော ကွန်ရက်သည် ဘုရားရှင်တို့၏စိတ်ကို ရရှိစေပါသည်။
ကျွန်ုပ်တို့အားလုံးတွင် ခန္ဓာ၊ အခြားသူများနှင့် ဆက်သွယ်နိုင်စွမ်း၊ အထူးသဖြင့် စကားပြောဆိုမှုသာမက စိတ်လည်း ရှိသည့်အတွက် ဘုရားရှင်၏ ခန္ဓာ၊ စကားပြောဆိုမှုနှင့် စိတ်ကို ရရှိနိုင်သော အခြေခံအချက်များ ကျွန်ုပ်တို့ အားလုံးတွင် ရှိနေပါသည်။ ထိုသုံးချက်သည် ဗုဒ္ဓသဘောသဘာဝ အချက်များလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံးတွင် ကိုယ်တိုင် ရှင်သန်ရပ်တည်ခြင်း၊ မျိုးစိတ်များ ရှင်သန်ရပ်တည်ခြင်း၊ မိခင်စိတ်နှင့် ဖခင်စိတ် ရှိခြင်း စသည့် အရည်အသွေး ကောင်းများ ရှိပါသည်။ ထို့ပြင် အခြားသူများအပေါ် ပြုမူ သက်ရောက်နိုင်စွမ်းလည်း ရှိပါသည်။ ယင်းတို့မှာလည်း ဗုဒ္ဓသဘောသဘာဝ အချက်များ ဖြစ်ပါသည်။ အနှိုင်းမဲ့ မေတ္တာ၊ စောင့်ရှောက်မှုကဲ့သို့သော အရည်အသွေးကောင်းများ၊ ဘုရားရှင်၏ ဉာဏ်အလင်းရရှိအောင် ဆောင်ရွက်ချက်များ ရရှိအောင် ကျွန်ုပ်တို့၏ အခြေခံ အချက်များ ဖြစ်ပါသည်။
ကျွန်ုပ်တို့စိတ်၏ အလုပ်လုပ်ပုံကို လေ့လာသောအခါ နောက်ထပ် ဗုဒ္ဓသဘောသဘာဝ အချက်များကို တွေ့ရှိရပါသည်။ ကျွန်ုပ်တို့ အားလုံးသည် သတင်းအချက်အလက်များ ရယူခြင်း၊ အရည်အသွေးတူသော အရာများကို အုပ်စုအတူ ထားရှိခြင်း၊ တစ်ခုချင်း ကိစ္စရပ်များကို ခွဲခြားသိရှိခြင်း၊ သိမြင်သောအရာကို တုံ့ပြန်ခြင်း၊ ကိစ္စများကို သိရှိခြင်း စသည်တို့ ဆောင်ရွက်နိုင်စွမ်း ရှိပါသည်။ ဤသို့ စိတ်အလုပ်လုပ်သော နည်းလမ်းများမှာ ယခုအခါ အကန့်အသတ် ရှိလာပါသည်။ သို့သော် ယင်းတို့မှာ အထွတ်အထိပ် ဆောင်ရွက်မှုရှိပါက ဘုရားရှင်၏စိတ် ရရှိရန် အခြေခံ အချက်များလည်း ဖြစ်ပါသည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့အားလုံးတွင် ဘုရားဖြစ်ရန် အခြေခံအချက်များ ရှိသည့်အတွက် ဉာဏ်အလင်း ရရှိရေးမှာ စိတ်၏စေ့ဆော်မှုနှင့် မပြတ်ကြိုးစားအားထုတ်မှုသာ လိုအပ်ပါသည်။ တိုးတက်မှုက တစ်သမတ်တည်း မဟုတ်ပါ။ အချို့နေ့များမှာ အဆင်ပြေပြီး အချို့နေ့များမှာ အဆင်မပြေပါ။ ဘုရားအဖြစ်သို့ လျှောက်လှမ်းရာတွင် ရှည်ကြာပြီး မလွယ်ကူလှပါ။ သို့သော် ကျွန်ုပ်တို့၏ ဗုဒ္ဓသဘောသဘာဝ အချက်များကို ပိုပြီးအမှတ်ရလေ စိတ်အားငယ်ခြင်းမဖြစ်အောင် ပိုပြီးရှောင်ရှားနိုင်လေ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မွေးကတည်းက အမှားအယွင်းမရှိခဲ့သည်ကို အမှတ်ရဖို့လိုပါသည်။ ကောင်းမွန်သော စိတ်ဓာတ် တွန်းအားဖြင့် လည်းကောင်း၊ ကရုဏာနှင့် ဉာဏ်ပညာတို့ ကျွမ်းကျင်စွာ ပေါင်းစပ်ထားသော လက်တွေ့နည်းလမ်းများ အတိုင်း လိုက်နာခြင်းဖြင့် လည်းကောင်း အတားအဆီး အားလုံးကို ကျွန်ုပ်တို့ ကျော်လွှားနိုင်ပါသည်။