စိတ်ငြိမ်းချမ်းမှုနှင့် စိတ်ကျေနပ်မှုတို့ကို ရှာဖွေခြင်း

Study buddhism universal values 02

အခြေအနေတစ်ခု၏ အမှန်တရားကို စုံစမ်းစစ်ဆေးရန် အရေးကြီးပုံ

စိတ်ငြိမ်းချမ်းမှုဆိုသည်မှာ စိတ်တည်ငြိမ်မှုနှင့် ဆိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကြုံတွေ့မှုက စိတ်၏ငြိမ်းချမ်းမှုကို ဆုံးဖြတ်သည် မဟုတ်ပါ။ စိတ်၏ငြိမ်းချမ်းမှု ရှိပါက ရုပ်ပိုင်းဆိုင်ရာအဆင့်သည် အရေးမကြီးလှတော့ပါ။

ယခုအခါ စိတ်ငြိမ်းချမ်းမှုကို ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့ရရှိပါသလား။ ထိုသို့မဟုတ်ပါ။ ကာယလေ့ကျင့်မှုမှ ရရှိပါ သလား။ မဟုတ်ပါ။ အသိပညာ တိုးပွားမှုမှလား။ မဟုတ်ပါ။ ကျွန်ုပ်တို့၏ ခံစားချက်များ လျှော့ချမှုမှလား။ မဟုတ်ပါ။ သို့သော် ခက်ခဲသည့်အခြေအနေတစ်ခုခု ရင်ဆိုင်ရသောအခါ တုံ့ပြန်မှုတစ်ခုခု၏အကျိုးအပြစ်နှင့် ၎င်း၏အကျိုးဆက် များကို အပြည့်အဝ သတိရှိမှုအပေါ်တွင် ထိုအခြေအနေကို ရင်ဆိုင်ပါက ကျွန်ုပ်တို့၏ စိတ်သည် အနှောင့်အယှက် မဖြစ်တော့ဘဲ စစ်မှန်သော စိတ်ငြိမ်းချမ်းမှုဟု ခေါ်ပါသည်။

ထိုအခါ ကရုဏာနှင့် လက်တွေ့ကျသော ချဉ်းကပ်မှုတို့က အထူးအရေးကြီးပါသည်။ မမျှော်လင့်သော အကျိုးဆက်များ ပေါ်ထွက်ပြီး ယင်းတို့ကြောင့် များစွာကြောက်ရွံ့မိသောအခါ ထိုအချက်သည် ကျွန်ုပ်တို့၏ လက်တွေ့မကျမှုကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အကျိုးဆက်အားလုံးကို တကယ်မကြည့်ဘဲ သတိရှိမှုနှင့်နားလည်မှုတို့ ပျောက်ဆုံးသွား ပါသည်။ သေချာစုံစမ်းစစ်ဆေးခြင်း မရှိသဖြင့် ကြောက်ရွံ့မှု ဖြစ်လာသည့်အတွက် ကျွန်ုပ်တို့သည် အခြေအနေ တစ်ခုလုံးကို သိရအောင် အဘက်ဘက်မှ လေ့လာရန် လိုအပ်ပါသည်။ လက်တွေ့နှင့် ထင်မြင်ချက်တို့ကြားတွင် ကွာဟမှုတစ်ခု အမြဲရှိသောကြောင့် ဘက်ပေါင်းစုံမှ စုံစမ်းစစ်ဆေးရပါမည်။

တစ်ခုခုကို ကြည်ရုံနှင့် အပြုသဘောလား၊ အပျက်သဘောလား ခွဲခြားရန် မဖြစ်နိုင်ပါ။ သို့သော် [၎င်းကိုသေချာ စုံစမ်းစစ်ဆေးပြီး] တစ်ခုခု၏ အမှန်တရားကို သဘောပေါက်လာမှသာ ထိုအရာသည် အပြုသဘောလား၊ အပျက် သဘောလား အကဲဖြတ်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အခြေအနေများကို ကျိုးကြောင်းဆီလျော်စွာ အကဲဖြတ်ရန် လိုပါသည်။ ဆန္ဒအတိုင်း စတင်စုံစမ်းစစ်ဆေးပါက ‘‘ဒီလို ဖြစ်စေချင်တာ။ ဒါမျိုး ဖြစ်စေချင်တာ’’ ဟုဆိုမိပြီး ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုက ဘက်လိုက်ပါသည်။ အိန္ဒိယနိုင်ငံ၊ နာလန်ဒါမှ အစဉ်အလာအရ ကျွန်ုပ်တို့သည် အမြဲတမ်း ဝေဖန်ပိုင်းခြားရန်လိုပြီး ဘာသာရေးအပါအဝင် နယ်ပယ်အားလုံးကို ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရပါမည်။

အခြားသူများအတွက် ကျွန်ုပ်တို့၏စိတ်ကို ဖွင့်ထားရန်အရေးကြီးပုံ

စိတ်ငြိမ်းချမ်းမှုနှင့် အလိုမကျမှုတို့သည် မိမိကိုယ်ကို အလွန်အမင်း တွန်းအားပေးမှုမှ ပေါ်ထွက်လာသည်။ လူတိုင်းသည် ဒုက္ခကိုကျော်လွှားပြီး ပျော်ရွှင်မှုရပိုင်ခွင့်ရှိပါသည်။ သို့သော်မိမိအတွက်သာစဉ်းစားပါက စိတ်သည်အလွန် အပျက်သဘော ဖြစ်လာပါသည်။ ထိုအခါ ပြဿနာ အသေးလေးကို အကြီးကြီးဟု ထင်မိပြီး ကျွန်ုပ်တို့သည် ဘက်လိုက်မိပါသည်။ အခြား သူများကို မိမိကဲ့သို့လူသားဖြစ်ကြောင်း စဉ်းစားမိသောအခါ စိတ်သည် ပွင့်လင်းကျယ်ပြန့်လာသည်။ ထိုအကျိုးဆက် ကြောင့် ကြီးမားသော ပြဿနာသည်ပင် သိပ်အရေးမပါတော့ဟု ထင်လာရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ပိုင်အမြင် သို့မဟုတ် လူတိုင်း၏ အမြင်အရ အရာရာကျွန်ုပ်တို့ရှုမြင်ပုံပေါ် မူတည်ပြီး စိတ်တွင် ကြီးမားသော ကွာခြားချက် ရှိပါသည်။

ထို့ကြောင့် စိတ်ငြိမ်းချမ်းမှုအတွက် အရေးကြီးသော အချက်နှစ်ချက်ရှိပါသည်။ ပထမတစ်ချက်မှာ အမှန်တရားကို သတိပြုမိရန်ဖြစ်သည်။ အရာရာ လက်တွေ့ကျစွာ ချဉ်းကပ်ပါက မမျှော်လင့်ထားသော အကျိုးဆက်များ ရှိလာမည် မဟုတ်ပါ။ ဒုတိယအချက်မှာ ‘‘အတွင်းစိတ်တံခါး’’ ဟုခေါ်သည့်အရာကို ဖွင့်ပေးသော ကျွန်ုပ်တို့၏ကရုဏာစိတ် ဖြစ်သည်။ ကြောက်ရွံ့မှုနှင့် သံသယတို့ကြောင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် အဆက်ပြတ်သွားပါသည်။

ကျွန်ုပ်တို့၏ ပြင်ပအသွင်သဏ္ဌာန်ကို အလေးမထားခြင်း

[ကျွန်ုပ်တို့ကို စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးစေသော နောက်တစ်ချက်မှာ ကျွန်ုပ်တို့၏ ပြင်ပအသွင်သဏ္ဌာန်နှင့် ပတ်သက်ပြီး စိုးရိမ်ခြင်းဖြစ်သည်။] ဥပမာ ပေကျင်းမြို့သို့ ပထမဆုံးလာရောက်စဉ်က ကျွန်ုပ်မှာအတွေ့အကြုံ မရှိဘဲ အနည်းငယ် ပူပန်မိသလို အနည်းငယ် စိုးရိမ်မိသည်။ အချို့သူများနှင့် တွေ့သောအခါတွင်မူ သူတို့၏အသွင်သဏ္ဌာန်ကို သူတို့အလွန် အလေးထားနေပါက တစ်ခုခုမှားသွားသောအခါ သူတို့မျက်နှာနီမြန်းလာပါသည်။ သို့ရာတွင် သူတို့သည် ပွင့်လင်းပြီး တစ်ခုခုမှားလည်း ဂရုမစိုက်ပါက ဘာမှပြဿနာမရှိပါ။

ဥပမာ ၁၉၅၄ ခုနှစ်တွင် ကျွန်ုပ်သည် ပေကျင်းမြို့သို့လာသောအခါ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ကျွန်ုပ်၏အခန်းတွင် လာတွေ့ပါသည်။ တရုတ်လူမျိုးတို့က ပန်း၊ သစ်သီး မျိုးစုံဖြင့် အကြီးအကျယ်ပြင်ဆင်ထားကြသည်။ တရုတ်ဘာသာ စကားပြန်တစ်ယောက် ထားပေးရန်လည်း သူတို့ကတောင်းဆိုသည်။ ထို့ကြောင့် တိဘက်ဘာသာစကားမှ တရုတ်ဘာသာ၊ ထိုမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။ ကျွန်ုပ်၏ဝန်ထမ်းအချို့ကတော့ အင်္ဂလိပ်လို တတ်ပါသည်။ တစ်ချိန်တွင် သစ်သီးပုံက ပြိုကျပြီး မူလက အလွန်နွေးထွေးပြီးစနစ်ကျနေသာ တရုတ်အရာရှိများ လေးဘက်ထောက် ဖြစ်ကုန်ပြီး ကြမ်းပြင်ပေါ် ဝပ်စင်းကုန်ကြသည်။ သူတို့၏အသွင်သဏ္ဌာန်ကို မူလကတည်းက ဂရုမစိုက်ပါက ဘာမှပြဿနာ မရှိပါ။ သို့သော် သူတို့အတွက် အလွန်မျက်နှာပူစရာ ဖြစ်သွားပါသည်။

တစ်ခါကလည်း မက္ကဆီကိုစီးတီးတွင် ယုံကြည်ချက် မတူသူများအစည်းအဝေး၌ ဂျပန်ဘုန်းတော်ကြီးတစ်ပါး ရှိသည်။ သူကလက်ထဲတွင် ပုတီးတစ်ကုံးရှိပြီး ကြိုးပြတ်သွားသည်။ ပုတီးလုံးများ ကြမ်းပြင်ပေါ်ရောက်နေသည့်တိုင် သူ့လက်က ပုတီးစိပ်နေပါသည်။ ပုတီးလုံးများ ကောက်ယူရမည်ကို သူအလွန်မျက်နှာပူသည်။ သူ၏အသွင်သဏ္ဌာန်ကို အလွန် အလေးထားသည့်အတွက် မသက်မသာ ဖြစ်ခဲ့ပါသည်။

မည်သို့ဆိုစေ ကရုဏာ၊ ပရဟိတ၊ သစ္စာရှိမှု၊ ရိုးသားမှုစသည်တို့မှာ စိတ်တည်ငြိမ်ရေးအတွက် အလွန်အရေးကြီး သော်လည်း သင်၏ ပြင်ပအသွင်သဏ္ဌာန်နှင့် မပတ်သက်ပါ။ ကျွန်ုပ်သည် တစ်ခုခုထူးခြားသည်ဟု တစ်ခါမှမပြောပါ။ သို့သော် ကျွန်ုပ်၏ အတွေ့အကြုံအရ လူထောင်ပေါင်းများစွာရှေ့တွင် မည်ကဲ့သို့ ပြုမူရမည်ကို စိုးရိမ်စိတ်မရှိပါ။ ယခုကဲ့သို့ လူပေါင်းများစွာ ပါဝင်သော သင်ကြားပွဲများတွင် စကားပြောသလို ဒါကလူအနည်းငယ်ကို စကားပြောနေသလိုပင် ဖြစ်ပါသည်။ တစ်ခုခု မှားသွားပါက မေ့ထားလိုက်ပြီး ပြဿနာမရှိပါ။ အခြားသူများ အမှားလုပ်မိလည်း ကျွန်ုပ်ရယ်နေလိုက်ပါသည်။

အတွင်းစိတ် ပြောင်းလဲခြင်း

အတွင်းစိတ် ပြောင်းလဲမှုများအတွက်ဆိုလျှင် အတွင်းစိတ် ပြောင်းလဲမှုသည် စိတ်ခံစားချက်အဆင့်ကို ပြောခြင်းဖြစ်သည်။ အသက်အရွယ်အရ သဘာဝအတိုင်း ဖြစ်လာသော အတွင်းစိတ် ပြောင်းလဲမှု အမျိုးအစားနှင့် ပြင်ပအခြေအနေ များကြောင့် ဖြစ်လာသော အတွင်းစိတ် ပြောင်းလဲမှုဟု ရှိပါသည်။ ထိုပြောင်းလဲမှု နှစ်မျိုးက အလိုအလျောက် ပေါ်ထွက်လာပါသည်။ ကျန်ပြောင်းလဲမှုများက အားထုတ်မှုဖြင့် ပေါ်ထွက်လာပြီး ထိုအချက်ကို အဓိကထား ပြောလိုပါသည်။ ကျွန်ုပ်တို့၏စိတ်ဆန္ဒအတိုင်း အတွင်းစိတ် ပြောင်းလဲမှု ဖြစ်သည်။ ဒါက အဓိကအဓိပ္ပာယ်ဖြစ်ပါသည်။

ယခုအခါ ကျွန်ုပ်တို့၏နောက်ဘဝ၊ ကယ်တင်ခြင်း၊ ကောင်းကင်ဘုံတို့အကြောင်း ပြောမည်မဟုတ်ဘဲ ယခုဘဝကို အခက်အခဲများ၊ ပြဿနာများကြားတွင် ပိုပြီးပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နည်းကို ပြောပါမည်။ ထိုအတွက် ကျွန်ုပ်တို့ ဖြေရှင်းရမည့် အဓိကအချက်များထဲတွင် ဒေါသ၊ အမုန်း၊ ကြောက်ရွံ့မှု၊ သံသယ၊ အထီးကျန်မှု၊ စိတ်ဖိစီးမှု စသည်တို့ ပါဝင်ပါသည်။ ထိုအရာအားလုံးမှာ ကျွန်ုပ်တို့၏ အခြေခံစိတ်သဘောထားနှင့် ဆက်စပ်ပါသည်။ ယင်းတို့သည် အလွန်အတ္တဗဟိုပြုရာမှ ပေါ်ထွက်လာပါသည်။ ကျွန်ုပ်တို့သည် ထိုအရာများ ကြုံတွေ့သောအခါ အတ္တသည် ထိပ်ဆုံးက အရေးကြီးလာပြီး မနာလိုမှု ပေါ်ထွက်လာပါသည်။ ကျွန်ုပ်တို့ကိုယ်ကို တန်ဖိုးထားရာမှ အနည်းငယ် မခံချင်စရာက ဒေါသဖြစ်ပြီး ဒေါသက ကြောက်ရွံ့မှု ဖြစ်လာပါသည်။ အခြားသူများကို ကျွန်ုပ်တို့ ဂရုမစိုက်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါတော့သည်။ ထို့ပြင် အခြားသူများလည်း သူတို့အတွက်သာ ဂရုစိုက်ကြပြီး ကိုယ့်ကို ဂရုမစိုက်မည်မဟုတ်ဟု ထင်မိပါသည်။ ထို့ကြောင့် အထီးကျန်လာပါသည်။ “အခြားသူများကို အားထားလို့မရပါလား” ဟုထင်လာပြီး ကိုယ့်ရှေ့မှ၊ ဘေးမှ၊ ထိုထက်ပို၍ ကိုယ့်နောက်ကွယ်မှ လူများကို သံသယဝင်လာပါသည်။

အခြေခံအားဖြင့် ထိုသို့ စဉ်းစားသောအခါ လူ့သဘာဝအရ လူတိုင်းဖော်ရွေမှုကို တန်ဖိုးထားပါသည်။ မိမိကဖော်ရွေလျှင် လူအများစုကလည်း အပြုသဘောရှုမြင်ပါမည်။ ထိုသို့သော စိုးရိမ်သောက ဖြစ်စေသည့် အပျက်သဘော စိတ်ခံစားချက် များအတွက် ယင်းတို့ကို တွန်းလှန်ရန် တန်ပြန်နည်းလမ်းအချို့ လိုပါသည်။ ဥပမာ၊ အလွန်ပူနေပါက အပူချိန်ကို လျှော့ချခြင်း သို့မဟုတ် အမှောင်ကို ဖယ်ရှားလိုပါက မီးဖွင့်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင် မှန်ပါသည်။ တန်ပြန်အားတစ်ခု သက်ရောက်ခြင်းဖြင့် အပြောင်းအလဲ ဖြစ်နိုင်သည်မှာ သဘာဝကြောင့် ဖြစ်ပါသည်။ သို့သော် ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင်သာ မှန်သည်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအဆင့်တွင်လည်း မှန်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သဘောထား၊ ရှုထောင့်ကို ဆန့်ကျင်ဘက်အရာနှင့် [အတ္တဗဟိုပြုခြင်းနှင့် သံသယတို့ကို အခြားသူများအတွက် အလေးထားခြင်းနှင့် ဖော်ရွေခြင်းတို့ဖြင့် ဆန့်ကျင်ခြင်းအားဖြင့်] တန်ပြန်ရန် လိုပါသည်။

အဝါရောင် ပန်းပွင့်ကို နမူနာယူပါ။ အကြောင်းတစ်ခုခုကြောင့် “ဖြူတယ်” ဟု ပြောပြီး နောက်ပိုင်းတွင် အဝါရောင်ဟု ယူဆပါက ဆန့်ကျင်ဘက် အမြင်နှစ်မျိုး ဖြစ်နေပါသည်။ ယင်းတို့ကို တစ်ပြိုင်နက် စွဲကိုင်၍မရပါ။ အဝါရောင်ဟု ထင်မြင်လိုက်သည်နှင့် အဖြူရောင်ဟု ထင်မြင်မှု ချက်ချင်းပျောက်သွားပါသည်။ ယင်းတို့သည် အချင်းချင်း တိုက်ရိုက် ဆန့်ကျင်ပါသည်။ ထို့ကြောင့် အတွင်းစိတ် အပြောင်းအလဲကို ဖော်ထုတ်နည်းမှာ ဆန့်ကျင်ဘက် စိတ်အခြေအနေကို ဖော်ထုတ်ခြင်း ဖြစ်ပါသည်။

နောက်ထပ် အခက်အခဲ အကြောင်းရင်း တစ်ခုမှာ မသိနားမလည်မှုဖြစ်နိုင်ပါသည်။ ထိုအတွက် တန်ပြန်အားမှာ လေ့လာမှု၊ ဆန်းစစ်မှုနှင့် စုံစမ်းစစ်ဆေးမှု ဖြစ်ပါသည်။ အကြောင်းမှာ မသိနားမလည်မှုသည် အမှန်တရားကို မမြင်ခြင်းတွင် မူတည်ပါသည်။ ထို့ကြောင့် မသိနားမလည်မှုအတွက် တန်ပြန်အားမှာ ဆန်းစစ်မှု ဖြစ်ပါသည်။ ထို့အတူ မိမိကိုယ်ကို တန်ဖိုးထားမှု၏ တန်ပြန်အားမှာ အခြားသူများကို အလေးထားမှု ဖြစ်ပြီး ထိုအထဲတွင် စိတ်ကို လေ့ကျင့်ခြင်း  [သို့မဟုတ် ကျွန်ုပ်တို့၏ သဘောထားများကို သန့်ရှင်းစေခြင်း] ပါဝင်ပါသည်။

လောကီကျင့်ဝတ်

ကျွန်ုပ်တို့၏စိတ်ကို လေ့ကျင့်နည်း [သို့မဟုတ် ကျွန်ုပ်တို့၏ သဘောထားများ သန့်ရှင်းနည်း] နှင့် ပတ်သက်၍ မေးစရာမှာ ဤအချက်သည် ဘာသာရေး သို့မဟုတ် နာမ်ပိုင်းဆိုင်ရာနှင့် ပတ်သက်ရန် လိုပါသလား။ ဤသည်မှာ ဘာသာရေးနှင့် လုံးဝမဆိုင်ဟု ထင်ပါသည်။

နာမ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ နှစ်မျိုးရှိပြီး တစ်ခုမှာ ဘာသာရေးနှင့်ဆိုင်၍ တစ်ခုမှာ မဆိုင်ပါ။ မဆိုင်သော အချက်ကို ကျွန်ုပ်က “လောကီ ကျင့်ဝတ်” ဟု ခေါ်ပါသည်။ ဥပမာ၊ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဘာသာအားလုံးကို လေးစားမှု ရှိပါသည်။ လောကီအသားပေး ဖွဲ့စည်းပုံအခြေခံဖြစ်သည်။ ထို့ကြောင့် ပါစီ သို့မဟုတ် ဇိုရိုစတိန်း အသိုင်းအဝိုင်းက အိန္ဒိယတွင် အလွန်နည်းပါးသော်လည်း၊ အိန္ဒိယရှိ အခြားလူဦးရေ သန်းထောင်ဂဏန်းနှင့် နှိုင်းယှဉ်ပါက ထောင်ဂဏန်းသာ ရှိသော်လည်း စစ်တပ်နှင့် နိုင်ငံရေးနယ်ပယ်တွင် တန်းတူအနေအထား ရှိပါသည်။

လောကီကျင့်ဝတ်အကြောင်း ပြောသောအခါ ဘာသာတရား မယုံကြည်သူများအတွက် ကျင့်ဝတ်ဟုလည်း ရည်ညွှန်းပါသည်။ ကျွန်ုပ်တို့၏ ကျင့်ဝတ်ကို လောကီကျင့်ဝတ်တွင် အခြေခံပြီး တိရစ္ဆာန်များကိုပင် လေးစားနိုင်ပါသည်။ ထို့ပြင် လောကီ ဘာသာရေး သို့မဟုတ် ကျင့်ဝတ်၏ အခြားအစိတ်အပိုင်းမှာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်ကို ပျိုးထောင်ရန် လိုပါသည်။ လောကီ ကျင့်ဝတ်ကို ပျိုးထောင်ရန် လိုပါသည်။ ဤကမ္ဘာပေါ်ရှိ လူသန်းခြောက်ထောင်သည် ထိုသို့ပြုလုပ်ရန် လိုပါသည်။ ဘာသာရေးစနစ်များက လောကီကျင့်ဝတ်ကို တစ်လောကလုံးတွင် ပျိုးထောင်ရန် ကူညီနိုင်ပါသည်။ ထိုကြီးထွားမှုအတွက် နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ယင်းကို လျှော့ချရန် ရည်ရွယ်ထားခြင်း မဟုတ်တာ သေချာပါသည်။

ထို့ကြောင့် လောကီကျင့်ဝတ်အကြောင်း ပြောသောအခါ လူမျိုးဘာသာ မခွဲခြားသော သဘောထားရှိပါသည်။ ဘာသာရေး ပုဂ္ဂိုလ်တစ်ဦးဦးက လောကီကျင့်ဝတ် ဖြန့်ကျက်ရန် ဘာသာရေး တစ်ခုခုကို လိုက်နာပါက ဘာသာရေး ကျင့်သုံးမှု အမှန် ရှိပါသည်။ ထိုသို့ မပြုလုပ်ပါက၊ သူတို့သည် ဘုရားကျောင်း၊ ဗလီ၊ ကိုးကွယ်ဝတ်ပြုသည့်နေရာကို သွားလျှင်ပင် ရိုးသားစွာ ဘာသာရေး ကျင့်သုံးသူ စစ်မှန်ပါသလားဟု သံသယ ဖြစ်မိပါသည်။

Top