How to meditate alfred schrock unsplash

တရားရှုမှတ်ခြင်းသည် ကျွန်ုပ်တို့ စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှု လျှော့ချပေးကာ အရည်အသွေးကောင်းများ ဖော်ထုတ်ပေးသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ စတင်တရားရှုမှတ်ခါစတွင် ဗုဒ္ဓဘာသာ တရားတော်များအကြောင်း သေချာမလေ့လာဘဲ ချက်ချင်းစတင်ရန် စိတ်အားထက်သန်လေ့ရှိပါသည်။ သို့သော် တစ်ဆင့်ချင်း တက်သွားလျှင် ပိုကောင်းပါသည်။ ကျွန်ုပ်တို့၏ တရားရှုမှတ်ခြင်းသည် ဗုဒ္ဓမြတ်စွာ ဟောကြားထားသော အချက်များကို ပိုမိုလေ့လာပါက တဖြည်းဖြည်းနှင့် ပိုပြီးနက်ရှိုင်းလာပါမည်။

တရားရှုမှတ် ကျင့်ကြံရန် ယေဘုယျ အချက်အလက်အချို့ကို ယခုလေ့လာပါမည်။ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က အချိန်မရွေး၊ နေရာမရွေး တရားရှုမှတ်နိုင်ပါမည်။ ယခုမှ စတင်သူများအတွက် တည်ငြိမ်သောနေရာတစ်ခုခု ရှာလျှင် ပိုကောင်းပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့အပေါ် အလွန်ပင်သက်ရောက်မှု ရှိသောကြောင့် ဖြစ်ပါသည်။

တရားရှုမှတ်ရန် နေရာထိုင်ခင်း

ဆင်းတုတော်များနှင့်တကွ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းထားသော အခန်းတစ်ခုကို တရားရှုမှတ်ရန် အကောင်းဆုံးဟု စိတ်ကူးကြည့်နိုင်ပါသည်။ ထိုသို့ ဖြစ်လို ပါကလည်း အဆင်ပြေပါသည်။ ကံကောင်းသည်မှာ ထိုသို့သော ပြင်ဆင်ထားမှုများ မလိုအပ်သော်လည်း အရေးကြီးသည်မှာ ထိုအခန်းသည် သပ်ရပ် သန့်ရှင်းနေသင့်ပါသည်။

ကျွန်ုပ်တို့အနီးအနား ပတ်ဝန်းကျင်သည် စနစ်တကျ ရှိနေသောအခါ စိတ်ကို စနစ်တကျ ရှိစေပါသည်။ ဖရိုဖရဲ ပတ်ဝန်းကျင်က စိတ်ကို အပျက်သဘော သက်ရောက်မှု ရှိနိုင်ပါသည်။

အစပိုင်းတွင် ပတ်ဝန်းကျင် တည်ငြိမ်မှုရှိပါက အလွန်ကောင်းပါသည်။ မြို့ကြီးပြကြီးတွင် နေထိုင်ပါက ဤသို့ဖြစ်ရန် ခက်ခဲပါသည်။ ထို့ကြောင့် လူအတော်များများက မနက်ခင်း သို့မဟုတ် ညဘက်တွင် တရားထိုင်ကြပါသည်။ တကယ်တော့ ဆူညံသံက ကျွန်ုပ်တို့ကို မနှောင့်ယှက်သော်လည်း အစတွင် အလွန်ပင် မတည်မငြိမ် ဖြစ်စေနိုင်ပါသည်။

တေးဂီတနှင့် တရားရှုမှတ်ခြင်း

ဗုဒ္ဓဘာသာတွင် တေးဂီတဖြင့် တရားရှုမှတ်ရန် မဆိုထားပါ။ အကြောင်းမှာ ပြင်ပ အရင်းအမြစ်မှ တည်ငြိမ်မှုကို အားထားသည့်သဘော ဖြစ်နေသည့်အတွက် ဖြစ်ပါသည်။ ကိုယ်တွင်းမှ ငြိမ်းချမ်းမှုကို ရရှိနိုင်ရပါမည်။

တရားရှုမှတ်ရန် ကိုယ်နေဟန်ထား

အရေးအကြီးဆုံး အချက်မှာ ခါးကိုဖြောင့်ဖြောင့်ထားပြီး၊ ပခုံး၊ လည်ပင်း၊ မျက်နှာ ကြွက်သားများ ဖြေလျှော့ကာ သက်သာစွာ ထိုင်နေရန် ဖြစ်သည်။ ထိုင်ခုံတွင် ထိုင်ရသည်မှာ ပိုပြီး သက်သောင့်သက်သာ ရှိပါက ထိုသို့ထိုင်နိုင်ပါသည်။ ချုပ်ထားသကဲ့သို့ မဖြစ်ရပါ။ ဈာန် ကျင့်စဉ်အချို့တွင် လုံးဝမလှုပ်ရှားရန် လိုပါသည်။ အခြား တရားရှုမှတ်နည်းများတွင် ခြေထောက်များ လှုပ်ရှားလိုပါက လှုပ်လျှင်လည်း သိပ်ပြဿနာ မရှိပါ။

တရားရှုမှတ်မည့် အချိန်

စစချင်းတွင် အလွန်တိုတောင်းသော ခဏတာမျှသာ တရားရှုမှတ်ရန် အကြံပြုပါသည်။ သုံးမိနစ်မှ ငါးမိနစ်ဆိုလျှင် လုံလောက်ပါသည်။ ထိုထက်ပို၍ အာရုံစိုက်ရန် အမှန်ပင် ခက်ခဲသည်ကို တွေ့ရပါလိမ့်မည်။ ပိုပြီး အာရုံစူးစိုက်သည့် ခဏတာသည် အာရုံလွင့်ပျံ့ပြီး၊ စိတ်ကူးယဉ်ကာ၊ အိပ်ငိုက်နေသည့် အချိန်အကြာကြီး ထိုင်ခြင်းထက် များစွာ ပိုကောင်းပါသည်။

မမေ့ရမည့် အရေးအကြီးဆုံး စည်းကမ်းချက် တစ်ခုမှာ အရာရာ အတက်၊ အကျ ရှိပါသည်။ အချို့နေ့များတွင် သင်တရားရှုမှတ်ခြင်း အဆင်ပြေသော်လည်း အချို့နေ့များတွင် အဆင်မပြေပါ။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် စိတ်သည် ပြေလျော့နေရန် အရေးကြီးပါသည်။ ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးရပါ။ အချို့နေ့များတွင် တရားရှုမှတ်လိုစိတ်ရှိသော်လည်း အချို့နေ့များတွင် မရှိတတ်ပါ။ တိုးတက်မှုသည် တစ်သမတ်တည်း မဟုတ်သည့်အတွက် တစ်ရက်တွင် ပျော်ရွှင်နေပြီး နောက်တစ်ရက်တွင် စိတ်မပါခြင်း ဖြစ်နိုင်ပါသည်။ နှစ်အနည်းငယ် ဇွဲလုံလရှိပါက ကျွန်ုပ်တို့၏ တရားရှုမှတ်ခြင်းသည် တိုးတက်လာကြောင်း ယေဘုယျ တွေ့လာရပါမည်။

တရားရှုမှတ်သည့် အကြိမ်ရေ

စွဲမြဲခြင်းမှာ အရေးကြီးသောအချက် ဖြစ်ပါသည်။ နေ့စဉ် တစ်ကြိမ်လျှင် မိနစ်အနည်းငယ် တရားရှုမှတ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ ပထမ မိနစ်အနည်းငယ်ပြီးလျှင် ခဏနားပြီးမှ ဆက်လက် ရှုမှတ်ပါ။ တင်းကျပ်သောပုံစံဖြင့် တစ်နာရီကြာ ထိုင်နေခြင်းထက် ဤသို့ လေ့ကျင့်ခြင်းက ပိုကောင်းပါသည်။

ဝင်လေထွက်လေ တရားရှုမှတ်ခြင်း

တရားထိုင်ရာတွင် လူအများစု စတင်လေ့ ရှိသည်မှာ ငြိမ်သက်စွာ ထိုင်နေပြီး ဝင်လေ၊ ထွက်လေ ရှုမှတ်ရန် ဖြစ်သည်။ စိတ်ဖိစီးနေသောအခါ ဤပုံစံက တည်ငြိမ်မှုအတွက် အလွန် အထောက်အကူ ပြုပါသည်။

  • နှာခေါင်းမှနေ၍ ပုံမှန် အသက်ရှူပါ။ မမြန်လွန်း၊ မနှေးလွန်းရ။ အရမ်း ပြင်းပြင်းရှူခြင်း၊ မသိမသာမျှသာ ရှူခြင်းမျိုး မဖြစ်ရပါ
  • အိပ်ငိုက်လာပါက ကျွန်ုပ်တို့၏ စွမ်းအင်ကို မြှင့်တင်ပေးရန် နှာခေါင်းမှ ဝင်၊ ထွက်သည့် နှစ်နေရာအနက် တစ်နေရာတွင် လေကို အာရုံစိုက်ပါ။ သို့မဟုတ် စိတ်ပျံ့လွင့်ပါက ဝမ်းဗိုက်ထဲသို့ လေအဝင်၊ အထွက် သိရှိခံစားမှုကို အာရုံစိုက်ပါ
  • လေ အဝင်၊ အထွက် ဆယ်ကြိမ် ရေတွက်ကာ သတိဖြင့် ရှူရှိုက်ပါ။ စိတ်ပျံ့လွင့်သောအခါ လေကို ညင်သာစွာ အာရုံပြန်စိုက်ပါ။

ကျွန်ုပ်တို့စိတ်ကို ဤနေရာမှ မခွါရပါ။ အဓိကတာဝန်မှာ အာရုံစူးစိုက်မှု အဝေးကို ရောက်သွားသည်နှင့် အမြန်ဆုံး သိရှိပြီး ပြန်အာရုံစိုက်ရန် ဖြစ်ပါသည်။ ပျင်းရိအိပ်ငိုက်လာပါက မိမိကိုယ်ကို ပြန်နှိုးပါ။ ဤသည်မှာ မလွယ်ပါ။ တစ်စုံ တစ်ယောက်ကို စိတ်ဆိုးသည်ဟု တွေးနေခြင်းကဲ့သို့ အနှောင့်အယှက် စိတ်ခံစားချက် ရှိလာပါက ပျင်းရိမှု၊ စိတ်ပျံ့လွင့်မှုကို သတိမထားမိခြင်းပင် ဖြစ်တတ်ပါသည်။ သို့သော် ဝင်လေထွက်လေက အမြဲတမ်း ရှိနေပါသည်။ အာရုံစိုက်မှုကို အမြဲတမ်း ပြန်ခေါ်နိုင်သော တည်ငြိမ်သည့် အခြေအနေ ဖြစ်ပါသည်။

ဝင်လေထွက်လေ တရားရှုမှတ်ခြင်း အကျိုးကျေးဇူးများ

ဝင်လေထွက်လေ တရားရှုမှတ်ခြင်းသည် စိတ်ဖိစီးမှု တိုက်ဖျက်ပေးရုံသာမက အခြားအကျိုးကျေးဇူးများလည်း ရှိပါသည်။ အမြဲတမ်း ‘‘အတွေးများနေသူ’’ ဖြစ်ပါက ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် တည်ငြိမ်မှု ရစေပါသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံရှိ အချို့ဆေးရုံများတွင် ဝင်လေထွက်လေ တရားရှုမှတ်ခြင်းကို နာကျင်မှု ကုသရာတွင်လည်း လက်ခံ ကျင့်သုံးကြပါသည်။ ၎င်းသည် ရုပ်နာကျင်မှုကို သက်သာစေရုံသာမက စိတ်နာကျင်မှုကိုလည်း လျှော့ချပေးပါသည်။

အခြားသူများကို မေတ္တာပို့လွှတ်ခြင်း

ဝင်လေထွက်လေ တရားရှုမှတ်ခြင်းဖြင့် ကျွန်ုပ်တို့စိတ် တည်ငြိမ်လာသည်နှင့် အခြားသူများကို မေတ္တာပို့လွှတ်ရန် ပွင့်လင်းပြီး သတိရှိသော အခြေအနေကို အသုံးပြုနိုင်ပါသည်။ အစပိုင်းတွင် ‘‘ယခု အားလုံးကို မေတ္တာထားသည်’’ ဟု စဉ်းစားကာ ထိုအတိုင်း ခံစားကြည့်ပါ။ ထိုအတွက် နောက်ကွယ်မှ ခွန်အား မလိုပါ။ အောက်ပါအတိုင်း မေတ္တာဓာတ် ခံစားနိုင်သည့် လုပ်ငန်းစဉ်တစ်ခုကို အကျိုးသင့် အကြောင်းသင့် အသုံးပြုနိုင်ပါသည်-

  • သက်ရှိသတ္တဝါအားလုံး အပြန်အလှန် ချိတ်ဆက်နေပါသည်။ အားလုံးသည် ဤလောကတွင် အတူရှိကြပါသည်။
  • လူတိုင်းသည် ပျော်ရွှင်မှုကို လိုလားပြီး ဝမ်းနည်းမှုကို မလိုလားကြပါ။
  • လူတိုင်းသည် ချစ်ခင်နှစ်သက်မှု ရရှိလိုကြပြီး မုန်းတီးမှု၊ ပစ်ပယ်မှုကို အလိုမရှိကြပါ။
  • ကျွန်ုပ်အပါအဝင် သက်ရှိသတ္တဝါအားလုံး အတူတူ ဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး အပြန်အလှန် ချိတ်ဆက်နေသည့်အတွက် ဤသို့ခံစားရပါသည်-

  • လူတိုင်း ပျော်ရွှင်ပါစေ။ ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိကြပါစေ။ လူတိုင်း ပျော်ရွှင်ပြီး ပြဿနာများ ကင်းဝေးပါက အလွန်ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။

ဤသို့ စဉ်းစားကာ ကျွန်ုပ်တို့နှလုံးသားတွင် ရွှေဝါရောင် နေရာင်ခြည်ကဲ့သို့ လူတိုင်းအတွက် မေတ္တာရောင်ခြည်းများ အဘက်ဘက်သို့ တောက်ပနေသည်ဟု စိတ်ကူးကြည့်ပါ။ ကျွန်ုပ်တို့ စိတ်ပျံ့လွင့်ပါက ‘‘လူတိုင်းလူတိုင်း ပျော်ရွှင်ကြပါစေ’’ ဆိုသော ခံစားချက်ဆီသို့ ပြန်ဆွဲယူပါ။

နေ့စဉ်ဘဝတွင် တရားရှုမှတ်ခြင်း

ဤသို့သော တရားရှုမှတ်နည်းများကို ကျင့်ကြံပါက နေ့စဉ်ဘဝတွင် အသုံးချနိုင်သော နည်းစနစ်များ ရရှိလာပါသည်။ နောက်ဆုံး ရည်မှန်းချက်မှာ ဝင်လေထွက်လေကို တစ်နေ့တာလုံး အာရုံစိုက်နိုင်ရန် မဟုတ်ပါ။ ရရှိထားသော အရည်အချင်းများကို အလိုရှိသလို အသုံးချကာ ယေဘုယျအားဖြင့် အာရုံစိုက်နိုင်ရန် ဖြစ်ပါသည်။ တစ်ယောက်ယောက်နှင့် စကားပြောပြီး ‘‘ဒီလူဘယ်တော့မှ အသံတိတ်မလဲ’’ ဟု စဉ်းစားနေပါက ကျွန်ုပ်တို့၏ တရားရှုမှတ်ခြင်း အလေ့အထက ကျွန်ုပ်တို့ကို ‘‘သူလည်း လူသားပဲလေ။ ကိုယ့်လိုပဲ လူချစ်လူခင်များလိုပြီး နားထောင်ပေးမည့်သူကို အလိုရှိမှာပေါ့’’ ဟု တွေးနိုင်လာပါသည်။ထိုနည်းဖြင့် တရားရှုမှတ်ခြင်းသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဘဝသာမက အခြားသူများနှင့် အပြန်အလှန် ဆက်သွယ်မှုများတွင်ပါ အထောက်အကူပြုလာပါမည်။

Top