အဆင်မပြေသော ဆက်ဆံရေးများကို ဖြေရှင်းခြင်း

ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးများ ကောင်းမွန်စေရန် အခက်အခဲဖြစ်စေသည့် မိမိ၏ လက်တွေ့မကျသော မှန်းဆချက်များ ဖယ်ရှားရင်း ဂရုစိုက်သည့် သဘောထား မွေးမြူပါ။
Meditation difficult relationships nik shuliahin unsplash

ရှင်းလင်းချက်

ဗုဒ္ဓဘာသာဝင်တို့၏ တရားရှုမှတ်ခြင်းသည် ပြဿနာများကို ကျော်လွှားရန် ဦးတည်ပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့ကို ပြဿနာများ ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်အောင် သစ္စာလေးပါးကို ဟောကြားတော်မူပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ဘဝပြဿနာများရှိပါသည်။ အချို့မှာ ကျန်ပြဿနာများထက် ပို၍ကြမ်းတမ်းပါသည်။ သို့သော် အများစုရင်ဆိုင်ရသည့် ပြဿနာတစ်ခုမှာ အခြားသူများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးနှင့် သက်ဆိုင်ပါသည်။

ထိုဆက်ဆံရေးအချို့မှာ အတော်လေးခက်ခဲပြီး စိန်ခေါ်မှုများရှိပါသည်။ သို့သော် ယင်းတို့ကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်သည့်အချက်များရှိကြောင်း ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ ဤပြဿနာများ၏ အကြောင်းတရားကို ဖွေရှာရန် ကျွန်ုပ်တို့သည် မိမိကိုယ်ကို လေ့လာဆန်းစစ်ဖို့လိုပါသည်။ အကြောင်းမှာ အခြားသူများက ကျွန်ုပ်တို့၏ ပြဿနာများကို မည်မျှအားကောင်းစွာ ဖြစ်ပေါ်စေကာမူ အမှန်တကယ် ထိန်းချုပ်နိုင်သည့်အချက်မှာ ယင်းတို့အပေါ် ကျွန်ုပ်တို့၏တုံ့ပြန်ပုံ ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏သဘောထားနှင့် အပြုအမူများဖြင့် တုံ့ပြန်ပုံကိုဆိုလိုပါသည်။

ကျွန်ုပ်တို့၏အပြုအမူကို ကျွန်ုပ်တို့၏သဘောထားက ပုံဖော်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သဘောထားများ တိုးတက်ကောင်းမွန်အောင် အာရုံစိုက်ဖို့လိုပါသည်။ ဒုက္ခပေးသည့်အချက်များကို အမှန်တရားနှင့် ကရုဏာတွင်အခြေခံသည့် ပိုပြီးမွန်မြတ်သောအချက်များဖြင့် အစားထိုးနိုင်ပါက အဆင်မပြေသော ဆက်ဆံရေးများကြောင့် ဆင်းရဲဒုက္ခကြုံရမှုကို အားလုံးမဖယ်ရှားနိုင်လျှင်တောင်မှ အနည်းဆုံးလျှော့ချပေးပါလိမ့်မည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင်နှင့်အဆင်မပြေသော ဆက်ဆံရေးရှိသူတစ်ဦးကို ပထမသစ္စာဖြစ်သည့် စစ်မှန်သော ဆင်းရဲဒုက္ခ နမူနာတစ်ခုအဖြစ် အာရုံစိုက်ပါ။ 
  • စိတ်အနှောင့်အယှက်ဖြစ်သော ခံစားချက် ပေါ်ထွက်လာပါစေ။
  • ထိုသို့သင်ဘာကြောင့် ခံစားရသည်ကို ဒုတိယသစ္စာဖြစ်သည့် ဆင်းရဲဒုက္ခ၏ စစ်မှန်သော အကြောင်းရင်းအဖြစ် လေ့လာဆန်းစစ်ပါ။ ဖြစ်နိုင်သည်မှာ သူတို့နှင့် အတူရှိရသည်မှာ ပင်ပန်းပြီး စိတ်ညစ်ရသည့်အတွက် သို့မဟုတ် သူတို့နှင့်ပတ်သက်ပြီး တစ်ခုခုကို မနှစ်သက်သောကြောင့် သို့မဟုတ် သူတို့ကို လိုအပ်ချိန်တိုင်းတွင် အသင့်ရှိမနေခြင်း သို့မဟုတ် သူတို့သည် အမြဲတမ်း စိတ်အားထက်သန်မှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
  • ပိုမိုနက်နဲစွာ လေ့လာသောအခါ သူတို့ကို ထိုရှုထောင့်ဖြင့်သာ သတ်မှတ်ထားပြီး သူတို့သည် လူသားတစ်ဦး ဖြစ်သည်ဟု မယူဆမိကြောင်း တွေ့လာရပါသည်။ သူတို့ဘဝတွင် အခြားသူများစွာ ရှိနေသလို ကျွန်ုပ်တို့အပြင် အခြားအချက်များအားလုံးကလည်း သူတို့အပေါ် သက်ရောက်မှုရှိနေပါသည်။ ကျွန်ုပ်တို့လိုပင် သူတို့မှာလည်း ခံစားချက်ရှိပြီး ကျွန်ုပ်တို့လိုပင် ချစ်ခင်နှစ်သက်ခံလိုကြပါသည်။
  • သူတို့အပေါ်တွင် လူတိုင်း ထိုနည်းဖြင့် သဘောထားခြင်း မဟုတ်ပါ။ ထို့ကြောင့် ထိုစိတ်အနှောင့်အယှက် မသက်မသာဖြစ်မှု ခံစားချက်ကို အဆုံးသတ်ရန် ဖြစ်နိုင်ပါသည်။ သူတို့နှင့်ပတ်သက်ရသည်ကို ဆင်းရဲဒုက္ခ၏ စစ်မှန်သော ရပ်တန့်မှုဆိုသည့် တတိယသစ္စာအဖြစ် သဘောထားနိုင်ပါသည်။
  • ထိုအဆင်မပြေမှုကို ဖယ်ရှားရန်အတွက် စစ်မှန်သောနားလည်မှုဆိုသည့် စိတ်၏မှန်ကန်သောလမ်းကြောင်း စတုတ္ထသစ္စာအဖြစ် သဘောပေါက်ရန် လိုပါသည်။ ထိုအခါ သူတို့သည် စိတ်အနှောင့်အယှက်ပေးသူအဖြစ် အမှန်ပင် တည်ရှိနေပါက လူတိုင်းက သူတို့ကို စိတ်အနှောင့်အယှက်ပေးသူဟု ယူဆပါမည်။ သို့သော် ထိုသို့မဖြစ်နိုင်ပါ။
  • အမှန်ပင် စိတ်အနှောင့်အယှက်ပေးသူအဖြစ် သူတို့အပေါ် မှန်းဆချက်ကို ဖြတ်တောက်လိုက်ရပါမည်။
  • ထို့နောက် သူတို့ကို စိတ်အနှောင့်အယှက်ပေးမှု မပါဝင်ဘဲ ရှုမြင်ပါသည်။ သူတို့သည် ကျွန်ုပ်တို့အတွက်သာ စိတ်အနှောင့်အယှက်ပေးနေသလို ထင်ရသော်လည်း ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်မှုနှင့် ဆင်တူပါသည်။
  • ထို့နောက် သူတို့အပေါ် အလေးထားသည့် သဘောထားကို မွေးမြူရပါသည်။ သူတို့သည် လူသားတစ်ဦးသာဖြစ်ပြီး နှစ်သက်ခံလိုသည်။ ပျော်ရွှင်လိုသည်။ နှစ်သက်မခံရမှုကို အလိုမရှိကြပါ။ ကျွန်ုပ်သည် ခြင်တစ်ကောင်လို စိတ်အနှောင့်အယှက်ပေးသကဲ့သို့ ထိုသူသည် ကျွန်ုပ်အပေါ် ဆက်ဆံပါက ကျွန်ုပ်တို့၏ ခံစားချက်အပေါ် ထိခိုက်သည့်အတွက် ယင်းကို မနှစ်သက်သလိုပင် သူတို့လည်း ယင်းကိုမနှစ်သက်ပါ။ သူတို့၏ ခံစားချက်အပေါ် ထိခိုက်ပါသည်။
  • ထိုသူကို အလေးထားသည့် သဘောထားဖြင့် ရှုမြင်လိုက်ပါ။

အကျဉ်းချုပ်

ဆက်ဆံရခက်သူများနှင့် ရင်ဆိုင်ရာတွင် သူတို့နှင့်ဆုံတွေ့သောအခါ သို့မဟုတ် ဖြစ်နိုင်ပါက သူတို့နှင့် မတွေ့ဆုံမီ အရင်ဆုံး တည်ငြိမ်အောင်ပြုလုပ်ဖို့လိုပါသည်။ ထို့နောက် သူတို့နှင့် အတူရှိသောအခါ သူတို့ကို မိမိကဲ့သို့ ခံစားချက်များရှိသည့် လူသားတစ်ဦးအဖြစ် ရှုမြင်ကာ အလေးထားသော သဘောထား မွေးမြူရန် လိုပါသည်။ ထိုသို့သော သဘောထားမျိုး မရရှိအောင် တားဆီးသည့်အချက်တစ်ချက်မှာ ထိုသူကို သူတို့ဘဝ၏ အမှန်တရား အဆက်အစပ်ဖြင့် မရှုမြင်နိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ မှားယွင်းသော မှန်းဆချက်များကို တွန်းဖယ်ပြီး သူတို့ကို ပိုမိုလက်တွေ့ကျစွာ ရှုမြင်ပါက ပွင့်လင်းပြီး အလေးထားသော သဘောထားဖြင့် ကျွန်ုပ်တို့သည် သူတို့ကို ပိုမိုအောင်မြင်စွာ လက်တွဲနိုင်လာပါလိမ့်မည်။

Top