ကရုဏာထားရှိခြင်း

ကျွန်ုပ်တို့၏ ပြဿနာများနှင့် ယင်းတို့၏ အကြောင်းရင်းများမှ ကင်းလွတ်ရန် ဆုံးဖြတ်လိုက်သည်နှင့် အခြားသူများကို အလေးထားလာနိုင်သလို သူတို့ကိုလည်း ကရုဏာထားရှိခြင်းဖြင့် အလားတူ လွတ်ကင်းစေလိုစိတ် ဖြစ်လာပါသည်။
Meditation feeling compassion

ရှင်းလင်းချက်

အလေးထားသည့် လက်တွေ့ကျသော သဘောထားရှိလိုက်သည်နှင့် နောက်တစ်ဆင့်မှာ အခြားသူများအား ကရုဏာထားရှိရေးဖြစ်သည်။ ကရုဏာဆိုသည်မှာ အခြားသူများကို သနားပြီး အထင်သေးခြင်း မဟုတ်ပါ။ စာနာစိတ်အခြေခံကာ သူတို့ခံစားရသည်ကို ခံစားခြင်းဖြစ်ပါသည်။ ကရုဏာသည် အခြားသူများကို ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းရင်းများမှ မိမိကိုယ်တိုင်လည်း ကင်းလွတ်စေလိုသည့်အတိုင်း သူတို့ကိုလည်း ကင်းလွတ်စေလိုစိတ် ဖြစ်ပါသည်။ ကရုဏာတွင် မိမိတတ်နိုင်သမျှ ကူညီလိုစိတ်နှင့် ကူညီလိုသောရည်ရွယ်ချက်တို့လည်း ပါဝင်ပါသည်။ ဘာမှမလှုပ်ရှားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရုပ်အား၊ စိတ်အားဖြင့် ကူညီပြီး လိုအပ်လျှင် အခြားသူများက သူတို့ပြဿနာများကျော်လွှားရန် လိုအပ်သည့် စိတ်အခြေအနေကို ကျွန်ုပ်တို့သည် စိတ်ထဲမှဖော်ထုတ်ကာ သူတို့ထံပို့လွှတ်သည်ဟု စိတ်ကူးကြည့်ပါသည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင့်အိမ်နှင့်ပိုင်ဆိုင်မှုအားလုံး မြေငလျင်ကြောင့် ဆုံးရှုံးသွားသည့်အတွက် ဟင်းလင်းပြင်မှာ အိပ်နေရပြီး အစာရေစာမရရှိဘဲ ဘဝကိုပြန်တည်ဆောက်ဖို့ ငွေလည်းမရှိကြောင်း စိတ်ကူးကြည့်ပါ။ သင်လုံးဝ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျနေပါသည်။
  • ဤအခြေအနေမှ သင်အရမ်းလွတ်မြောက်လိုသည်ဟု စိတ်ကူးပြီး သင့်မပျော်ရွှင်မှု၏ အကြောင်းရင်းသည် သင်၏စိတ်ဓာတ်ကျမှုဖြစ်ကြောင်း သဘောပေါက်လိုက်ပါ။ ထို့ကြောင့် ဤစိတ်ဓာတ်ကျမှုမှ လွတ်ကင်းရန်နှင့် ပြန်လည်တည်ဆောက်ရေး နည်းလမ်းများ ရှာဖွေရန် ဆုံးဖြတ်ချက်ချပါ။
  • ထို့နောက် သင့်မိခင်သည်လည်း အလားတူအခြေအနေမှာရှိသည်ဟု စိတ်ကူးပြီး သင့်အတွက်ဆုံးဖြတ်ချက်အား သင့်မိခင်လွတ်မြောက်မှုဆီသို့ ပြောင်းလဲပါ။ သူ့ကိုလည်း အခက်အခဲမှ လွတ်ကင်းစေရန် ဆုံးဖြတ်ချက်ချကာ ကရုဏာ ထားရှိပါ။
  • မိခင်သည် မျှော်လင့်ချက်မဲ့မသွားဘဲ ပြန်လည်တည်ဆောက်ဖို့ သတ္တိနှင့်ခွန်အား ရရှိပါစေဟုဆန္ဒပြုပါ။
  • ထို့နောက် ဤအခြေအနေမျိုး လက်ရှိကြုံနေသည့် လူဦးရေ ရာ၊ ထောင်ချီသော နီပေါလူမျိုးများကို စိတ်ကူးကြည့်ပြီး သူတို့အပေါ် ကရုဏာထားပါ။
  • စိတ်ခံစားချက် မညီမျှမှုအတွက် ထိုနည်းလမ်းအတိုင်း ပြုလုပ်ပါ။ သင့်စိတ်ခံစားချက် မညီမျှခဲ့သည့်အချိန်ကို ပြန်အမှတ်ရပြီး တည်ငြိမ်ကြည်လင်သောစိတ် ထားရှိခြင်းဖြင့် စိတ်ခံစားချက် ညီမျှမှုရနိုင်သည်ကို သဘောပေါက်ကာ မညီမျှမှုမှ လွတ်မြောက်အောင် ဆုံးဖြတ်ချက်ချပါ။
  • ထိုအတိုင်း သင့်မိခင်နှင့် အခြားသက်ရှိအားလုံးဆီသို့ ပြောင်းလဲပါ။

အကျဉ်းချုပ်

ကျွန်ုပ်တို့သည် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို အလိုမရှိသည့်အတိုင်း အခြားသူအားလုံးလည်း ထိုအတိုင်း ဖြစ်ပါသည်။ အားလုံးသည် ကျွန်ုပ်တို့လိုပင် ဆင်းရဲဒုက္ခနှင့် ပြဿနာများမှ လွတ်ကင်းလိုပါသည်။ သူတို့အတွက် ကရုဏာထားရှိရန်၊ သူတို့၏ ဆင်းရဲဒုက္ခမှ လွတ်ကင်းစေလိုသောစိတ် ထားရှိရန် ကျွန်ုပ်တို့သည် ပထမဦးစွာ မိမိ၏ ပြဿနာများကို အသိအမှတ်ပြု၊ ရင်ဆိုင်ရန်နှင့် သူတို့လည်း လွတ်ကင်းပါစေဟု ခိုင်မာသောဆန္ဒ ထားရှိရန် လိုပါသည်။ မိမိ၏ဆင်းရဲဒုက္ခများ ဖယ်ရှားရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလေ၊ အခြားသူများ၏ ဆင်းရဲဒုက္ခများကို စာနာရန်နှင့် သူတို့ဆင်းရဲဒုက္ခများ ကျော်လွှားနိုင်အောင် ကူညီလိုသော ဆုံးဖြတ်ချက် ထားရှိရန် ပိုမိုစွမ်းဆောင်နိုင်လေ ဖြစ်ပါသည်။

Top