ဆခုန်ယင်းပိုချီ၏ ဘဝနှင့် ကိုယ်ရည်ကိုယ်သွေး

ဘုန်းတော်ကြီး ဒလိုင်းလားမား၏ လက်ထောက် သင်ကြားရေးမှူး ယင်းပိုချီ

ဇန်ဟဗ်ဆခုန်ယင်းပိုချီသည် ဦးခေါင်းရိတ်ထားပြီး အနီရောင်သင်္ကန်းဝတ်ကာ မျက်နှာတွင် အရေးအကြောင်းကြီးများဖြင့် သူ့အသက်ထက်စာလျှင် ပိုပြီး ရှေးကျပုံ ပေါက်သည့် သန်မာသူတစ်ယောက် ဖြစ်ပါသည်။ သူ၏ နှိမ့်ချပြီး အမြော်အမြင် ရှိသော ပုံစံနှင့် နူးညံ့သိမ်မွေ့သော ဟာသဉာဏ်ကြောင့် ဒဏ္ဍာရီထဲတွင် တွေ့ရလေ့ရှိသည့် ပညာရှိတစ်ယောက်နှင့် တူနေပါသည်။ ဤအရည်အသွေးကို သူနှင့် ဆုံတွေ့သော အနောက်တိုင်းသားများကလည်း သတိပြုမိပါသည်။ ဥပမာအားဖြင့် သူ့အား ဓမ္မသာလာတွင် ဆုံတွေ့စဉ်က နာမည်ကျော် စတားဝါး ရုပ်ရှင်ရိုက်ကူးသူများက သူ့ကို ထိုဇာတ်လမ်း၏ ဘာသာရေးညွှန်ကြားသော ယိုးဒ ဇာတ်ကောင်အတွက် စံပြုပုံစံအနေနှင့် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြ ပါသည်။ ယင်းပိုချီသည် ရုပ်ရှင်လုံးဝ မကြည့်သော်လည်း ထိုသို့သောရုပ်ပြောင်ကို ပြုံးမိမှာ သေချာပါသည်။ ယင်းပိုချီ၏ အထူးခြားဆုံး လက္ခဏာရပ်မှာမူ ဒလိုင်းလားမား ဆရာတော်ကြီးနှင့် သူ၏ဆက်ဆံရေး ဖြစ်ပါသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဘက်ဒေသ၏ ဘာသာရေးနှင့် လောကီရေးရာ ခေါင်းဆောင်ဖြစ်ပါသည်။ သူ့ရာထူးစဉ်ဆက်သည် ပြန်လည်ဝင်စားမှုဖြင့် ဆက်လက်ဆောင်ရွက်ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား သေဆုံးသည်နှင့် သူ၏အနီးဆုံး တွဲဖက်များက သူပြန်ဝင်စားသော ကလေးငယ် တစ်ယောက်ကို ရှုပ်ထွေးသော လုပ်ထုံး လုပ်နည်းဖြင့် ရှာဖွေဖော်ထုတ်ပါသည်။ ထို့နောက်တွင် ပေါ်ထွက်လာသော ဒလိုင်းလားမားတိုင်းသည် အထူးချွန်ဆုံး ဆရာတော်များထံမှ အကောင်းဆုံး ပညာရေးကို သင်ကြားရပါသည်။ ဤဆရာတော်များထဲတွင် အကြီးတန်းဆရာနှင့် အငယ်တန်းဆရာအပြင် “လက်ထောက်ဆရာများ” ဟု ဘာသာပြန်လေ့ရှိသော ဇန်ဟဗ် ခုနစ်ပါးတို့ ပါဝင်ပါသည်။

တိဘက် ဗုဒ္ဓဘာသာတွင် အဓိက အစဉ်အလာကြီး လေးခုရှိပါသည်။ အစဉ်အဆက်ဖြင့် အိန္ဒိယမှ ပြန့်ပွားလာသော်လည်း အခြေခံ တရားတော်များတွင် အဓိက ကွာဟချက်များ မရှိပါ။ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ပင်မဆရာ ကိုးဦးသည် ထိုအစဉ်အလာ လေးခုအနက် အကြီးမားဆုံးဖြစ်သော ဂယ်လဂ် အစဉ်အလာမှ ဖြစ်ပါသည်။ သူသည် အခြေခံပညာရေး ပြီးဆုံးသွားသည်နှင့် ညဉ်ဂမ၊ ကာဂယုနှင့် စကြာ ဆိုသည့် အခြားအစဉ်အဆက်များ၏ ဆရာတော်များထံမှ လေ့လာ သင်ယူပါသည်။ ဇန်ဟဗ် ခုနစ်ပါးသည် တိဘက်မြို့တော် လာဆာအနီးရှိ ဂယ်လဂ် ကျောင်းတိုက်ကြီး ခုနစ်ခုမှ တစ်ပါးစီ ပါဝင်ပါသည်။ သူတို့ကို သူတို့၏ လေ့လာသင်ယူမှု၊ တရားရှုမှတ်မှုအဆင့်နှင့် ကိုယ်ကျင့်သီလ မြင့်မားမှုတို့ အပေါ်တွင် မူတည်ပြီး ရွေးချယ်ပါသည်။ ဆခုန်ယင်းပိုချီသည် ဂယ်လဂ် အစဉ်အလာကို တည်ထောင်သူ ဆုန်ခပ ကိုယ်တိုင် တည်ထောင်သည့် ဂန်ဒန်ကျန်းစီ ကျောင်းတိုက်မှ ခန့်အပ်သည့် ဇန်ဟဗ်တစ်ပါး ဖြစ်ပါသည်။ ဤရာထူးကို ၁၉၄၈ ခုနှစ်တွင် ရယူစဉ်က သူ့အသက် ၃၄ နှစ်သာ ရှိသည်။ ဒလိုင်းလားမားသည် ၁၃ နှစ် ဖြစ်သည်။ သူသည် ထိုခုနစ်ပါးအနက် အိန္ဒိယနိုင်ငံတွင် ၁၉၅၉ ခုနှစ်၌ ပြည်ပတွင် ဆရာတော်ကြီးနှင့်အတူ အတူရှိနေနိုင်သည့် တစ်ဦးတည်းသော ဇန်ဟဗ်တစ်ပါး ဖြစ်ပါသည်။

ယင်းပိုချီ၏ ကျွမ်းကျင်သောနယ်ပယ်များ

၁၉၈၃ ခုနှစ်တွင် ပျံလွန်တော်မူချိန်အထိ ယင်းပိုချီသည် ဆရာတော်ကြီးကို ပထမတွင် လာဆာ၊ နောက်ပိုင်းတွင် ဓမ္မသာလာ၌ သစ္စာရှိစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ သူ၏ အဓိကတာဝန်မှာ ဆရာတော်ကြီး ရရှိသည့် သင်ခန်းစာ အားလုံးကို တက်ရောက်ပြီးနောက် ဆရာတော်ကြီး၏ နားလည်သဘောပေါက်မှု မှန်ကန်ကြောင်း သေချာစေရန် သူနှင့်အတူ ဆွေးနွေးငြင်းခုန်ရပါသည်။ တကယ်တော့ ဆရာတော်ကြီးက ယင်းပိုချီကို သူ၏တရားဟောကြားမှုတိုင်းတွင် ပါဝင်စေလိုပါသည်။ သို့မှသာ အနည်းဆုံး နောက်ထပ်လားမားတစ်ပါးက သူ၏ပညာပေး သင်ကြားမှုကို အပြည့်အဝ သိရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်ကြီး ကဲ့သို့ပင် ယင်းပိုချီသည် တိဘက် အစဉ်အလာ လေးခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်ပါသည်။ သူ၏ကျွမ်းကျင်မှုသည် သုတ္တန် နှင့် တန္တရ ဆိုသည့် ဗုဒ္ဓဘာသာ သင်ကြားရေး အဓိက အစိတ်အပိုင်းနှစ်ခုကို အပြည့်အဝ ဖြန့်ကျက်ထားပါသည်။ သုတ္တန်များသည် အခြေခံ တရားတော်များကို ပြန့်ပွားစေပြီး တန္တရများတွင် မိမိကိုယ်ကို ပြောင်းလဲရန် အနက်ရှိုင်းဆုံး နည်းလမ်းများ ပါဝင်ပါသည်။

ယင်းပိုချီသည် ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာ ဝိဇ္ဇာ၊ သိပ္ပံအတတ်တို့ကိုလည်း ကျွမ်းကျင်ပါသည်။ နမူနာအားဖြင့် သူသည် တန္တရ ဝတ်ပြုကိုးကွယ်မှုများနှင့် အဆောက်အဦ (စေတီ) အမျိုးမျိုးတွင် ဌာပနာထားရန် အသုံးပြုသည့် နှစ်ဖက်မြင်၊ သုံးဖက်မြင် သင်္ကေတ လောကစနစ် (စက်ဝိုင်းပုံသင်္ကေတ) ကို တိုင်းတာ တည်ဆောက်ရာတွင် ပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူသည် လင်္ကာ၊ စကားပြေနှင့် တိဘက်သဒ္ဒါတို့ကိုလည်း ကျွမ်းကျင်သည်။ ထို့ကြောင့် သူ၏သင်ကြားရေး ပုံစံသည် ပညာရပ်ပိုင်းဆိုင်ရာ အသေးစိတ်ကို လှပစွာ အလေးအနက်ထားမှုနှင့်အတူ ခန့်ညားပြီး ထိရောက်မှု ရှိပါသည်။

ဆခုန်ယင်းပိုချီသည် တိဘက်ရိုးရာဗေဒင် (မို) တွင်လည်း ကျွမ်းကျင်ပါသည်။ ဤစနစ်တွင် ဆောင်ရွက်ရန် စူးစိုက်တရားရှုမှတ်ကာ အန်စာတုံး သုံးကြိမ်ပစ်ပြီးနောက် ရလဒ်ကို ဘာသာပြန်ခြင်းဖြင့် လူတို့၏ ခက်ခဲသော ဆုံးဖြတ်ချက်များကို ကူညီဖြေရှင်းပေးပါသည်။ ထို့ပြင် သူသည် တိဘက် နက္ခတ္တဗေဒကိုလည်း တတ်ကျွမ်းပါသည်။ ဂြိုဟ်များ၏ အနေအထားကို တွက်ချက်ရန် ရှုပ်ထွေးသော သင်္ချာနည်းများကို တတ်မြောက်ရပါသည်။ ဤသို့ ဆန်းကြယ်သော ဘာသာရပ်များကို သူ၏ချဉ်းကပ်မှုသည် အမြဲလက်တွေ့ကျပြီး ရလဒ်ကိုဦးစားပေးပါသည်။ ယင်းတို့ကို အသုံးချခြင်းသည် ဖြည့်ဘက်အနေနှင့်သာဖြစ်ပြီး ပုံမှန်သိစတ်ဖြင့် ဝေဖန်ပိုင်းခြားမှုကို အစားထိုး အသုံးပြုရန် မဟုတ်ပါ။

ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာဖြစ်သည်ကို ယင်းပိုချီ၏ နှိမ့်ချမှု

သူ၏ တရားဝင် ရာထူးနှင့် ကျယ်ပြန့်သော လေ့လာဆည်းပူးမှုတို့သည် အရေးကြီးသော်လည်း ယင်းပိုချီသည် အမြဲတမ်း နှိမ့်ချမှုရှိပါသည်။ သူသည် အထူးသဖြင့် တန္တရစနစ်များထဲတွင် အရှုပ်ထွေးဆုံး ဖြစ်သည့် ကာလချက္ကရာ (အချိန်စက်ဝန်း) နှင့်ပတ်သက်၍ ဆရာတော်ကြီး၏ အဓိကဆရာတစ်ဆူ ဖြစ်နေသော်လည်း၊ သူ၏ နာမည်ကျော်တပည့်ဖြစ်သူကို တန္တရဖြည့်ဆည်းမှုများစွာ အပ်နှင်းထားသော်လည်း အင်္ဂလိပ်ဘာသာဖြင့် “လက်ထောက်ဆရာ” ဟု အခေါ်မခံလိုပါ။ သူ့ဂုဏ်ပုဒ်ဖြစ်သည့် ဇန်ဟဗ် ကို “ဆွေးနွေးငြင်းခုန်သော အမှုထမ်း” ဟူ၍ သူက လုံးကောက် ဘာသာပြန်စေလိုပါသည်။ သို့သော် နောက်ဆုံးတွင် “ဆွေးနွေးငြင်းခုန်ဘက် ဆရာတော်” ဆိုသည့် စကားလုံးကို သဘောတူခဲ့ပါသည်။

ဆခုန်ယင်းပိုချီသည် ဆရာတော်ကြီးအား အလွတ်သဘော အနေနှင့်သာမက တရားဝင် အနေနှင့်ပါ များစွာ အမှုတော် ထမ်းခဲ့ပါသည်။ ဥပမာအားဖြင့် ဆရာတော်ကြီးသည် ယေဘုယျအားဖြင့် ကမ္ဘာကြီး သာယာဝပြောရေးနှင့် သီးသန့်အားဖြင့် သူ့လူမျိုးများအတွက် အထူးတရားရှုမှတ်မှုနှင့် ဝတ်ပြုအခမ်းအနား (ပူဇာ) များကို မကြာခဏ ဆောင်ရွက်ပါသည်။ အချို့အခမ်းအနားများကို တစ်ပါးတည်း ဆောင်ရွက်ပြီး အချို့ကို သီးသန့်သံဃာအချို့နှင့် ဆောင်ရွက်ကာ အချို့ကို လူပရိသတ်ရှေ့တွင် ဆောင်ရွက်ပါသည်။ ဆရာတော်ကြီးသည် ထိုကိစ္စများကို သူနှင့်အတူ ဆောင်ရွက်ရန် သို့မဟုတ် သူကအခြားကိစ္စများဖြင့် အလွန်အလုပ်များနေပါက သူ့ကိုယ်စား ကြီးကြပ် ဆောင်ရွက်ပေးရန် ယင်းပိုချီအား ထုံးတမ်း စဉ်လာအရ တောင်းဆိုပါသည်။ ထို့ပြင် ဆရာတော်ကြီးက ဟောပြောသောအခါ ယင်းပိုချီသည် သူ၏ ညာဘက်တွင် ထိုင်ပြီး ဆရာတော်ကြီး လိုအပ်မည့် စကားလုံးတိုင်းကို ပြောပြခြင်း၊ ဆရာတော်ကြီး မေးမြန်းသည့် မေးခွန်း သို့မဟုတ် မရှင်းလင်းမှုများကို ဖြေကြားခြင်းတို့ ပြုလုပ်ပါသည်။ အခြားသူများက ဆရာတော်ကြီးအား တရားတော်များ သို့မဟုတ် မျိုးရိုးစဉ်ဆက်များ တိုက်ရိုက် ပြောပြရန် အလွန်ရှက်ရွံ့ပါက ယင်းပိုချီကို တစ်ဆင့် ပြောနိုင်ပါသည်။ ထို့နောက် ယင်းပိုချီသည် ဆရာတော်ကြီးအား ဘာသာရေး လက်ဆင့်ကမ်းသူတစ်ဦးကဲ့သို့ ပြောပြပါသည်။

သံတမန်စွမ်းရည်

ဆရာတော်ကြီးသည် သူ၏မူဝါဒများကို ကျောင်းတိုက်များနှင့် အများပြည်သူထံ ပို့ဆောင်ရန်အတွက် ဆခုန်ယင်းပိုချီအား သူ၏အကြံပေးနှင့် လက်ထောက် အကြီးအကဲဟု မကြာခဏ ရည်ညွှန်းလေ့ ရှိပါသည်။ အကြောင်းမှာ ယင်းပိုချီသည် လောကီ၊ လောကုတ်နှစ်ဘက်စလုံးတွင် ကျွမ်းကျင်သံတမန်တစ်ဦး ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူသည် ဒေသဆိုင်ရာ အငြင်းပွားမှုများကို မကြာခဏ ကြားဝင်ဖြေရှင်းကာ သူသိထားသော ဒေသများမှ ဒေသဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆရာတော်ကြီး၏ ရုံးခွဲများအား အကြံပေးပါသည်။

နွေးထွေးသော ဟာသဉာဏ်ကြောင့် သူ၏သံတမန်စွမ်းရည်သည် ပိုမိုထက်မြက်ပါသည်။ လူတို့သည် သူ့ထံသို့လာပြီး ရယ်စရာများနှင့် ဟာသဇာတ်လမ်းများ တစ်ခါတစ်ရံ ပြောဆိုကြပါသည်။ ထိုအခါ သူသည် ရယ်မောပြီး ထိုသို့ လာပြောသူများအား အလွန်တန်ဖိုးထားရုံသာမက ထိုဇာတ်လမ်းများကို အခြားသူများထံသို့ ကျွမ်းကျင်စွာ ပြန်ပြောပြ တတ်ပါသည်။ သူရယ်လိုက်လျှင် တစ်ကိုယ်လုံး လှုပ်သွားပြီး သူ့အနီးမှလူတိုင်းကို လုံးဝကူးစက်သွားပါသည်။ ဤသို့ လက်တွေ့ဉာဏ်ပညာနှင့် အူလှိုက်သည်းလှိုက် ဟာသဉာဏ်တို့ ပေါင်းစပ်ထားသောကြောင့် သူနှင့်တွေ့ဆုံသူတိုင်းက များစွာချင်ခင်သွားပါသည်။

ကျောင်းတိုက်များ ပြန်လည်တည်ထောင်ခြင်းနှင့် နိုင်ငံ့ပရောဟိတ်များအတွက် ကြားခံပုဂ္ဂိုလ်များအား သင်ကြားခြင်း

ယင်းပိုချီသည် တိဘက်တွင် တရုတ်တို့ကျူးကျော်ဖျက်ဆီးခဲ့သော ကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များကို အိန္ဒိယနိုင်ငံတွင် ပြန်လည်ထူထောင်ရာ၌ အထူးအရေးပါပါသည်။ အားဖြည့်ပေးမှုများနှင့် တရားတော်များ ပေးအပ်ခြင်းဖြင့် သူတို့၏ အစဉ်အလာ ဝတ်ပြုကိုးကွယ်မှုများ ပြန်လည်စတင်နိုင်အောင် သူကထိုသို့ ဆောင်ရွက်ပေး ပါသည်။ အထူးသဖြင့် နယ်ချန်နှင့် ဂါဒုန် နိုင်ငံ့ပရောဟိတ် နှစ်ခု၏ ကျောင်းတိုက်များနှင့် ပတ်သက်လျှင် ထိုသို့ ဆောင်ရွက်ခဲ့ကာ သူ့ဘဝ တစ်လျှောက်လုံးတွင် အနီးကပ် ဆက်ဆံရေး ထားရှိခဲ့ပါသည်။ ယင်းပိုချီသည် ဆရာတော်ကြီး၏ အဓိက လူသားအကြံပေးအဖြစ် ဆောင်ရွက်သလိုပင် နိုင်ငံ့ပရောဟိတ်များသည် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အစဉ်အလာအရ သဘာဝလွန် အတိုင်ပင်ခံများ ဖြစ်ပါသည်။ မြူခိုးများရှိသည့် ကြားခံ ပုဂ္ဂိုလ် မှတစ်ဆင့် ၎င်းတို့က သူနှင့် စကားပြောဆိုပါသည်။ ကြားခံ ပုဂ္ဂိုလ် များသည် မြင့်မားသော အသိဉာဏ်အတွက် သန့်ရှင်းသော လမ်းကြောင်းများ ဖြစ်လာနိုင်အောင် ယင်းပိုချီက သူတို့၏ ဘာသာရေးသင်တန်းကို ကြီးကြပ်ပါသည်။

ယင်းပိုချီသည် ဗုဒ္ဓတရားတော်များ နာယူရန် သို့မဟုတ် ဟောပြောရန်အတွက်ဆိုလျှင် မည်သည့် အခက်အခဲကိုမျှ မရှောင်ဖယ်ခဲ့ပါ။ ဥပမာအားဖြင့် တစ်ခုသော နွေရာသီတွင် ဗုဒ္ဓဂါယာ၌ ကူနူလားမား ယင်းပိုချီထံမှ ကာလချက္ကရာ အကြောင်း သင်ယူရန်အတွက် ပြင်းထန်သော အပူဒဏ်ကို ရင်ဆိုင်ခဲ့ပါသည်။ ဟိမဝန္တာ၏ အိန္ဒိယ ဘက်ခြမ်းမှ တိဘက် ယဉ်ကျေးမှုဒေသဖြစ်သည့် ကင်နာ ဒေသမှ ဤဆရာတော်ကြီးသည် တိဘက်လူမျိုးအားလုံးက ဗောဓိသတ္တ ဟု အသိအမှတ် ပြုထားသည့် ယနေ့ခေတ်တွင် ရှင်သန်နေသော တစ်ပါးတည်းသော ဆရာတော် ဖြစ်ပါသည်။ ဗောဓိသတ္တ ဆိုသည်မှာ အခြားသူများအကျိုးအတွက် ဉာဏ်အလင်းရရှိအောင် အလုံးစုံ အတ္တကင်းမဲ့ပြီး အလုံးစုံ အားစိုက်ကြိုးပမ်းသူ ဖြစ်ပါသည်။ ဗုဒ္ဓဂါယာသည် ဘုရားရှင် ဗောဓိပင်အောက်၌ သဗ္ဗညုတဉာဏ်တော် ရရှိသည့် မြင့်မြတ်သောနယ်မြေ ဖြစ်ပါသည်။ ထိုနေရာသည် အိန္ဒိယနိုင်ငံတွင် အဆင်းရဲဆုံးနှင့် အပူပြင်းဆုံး ဒေသဖြစ်ပါသည်။ နွေရာသီတွင် အပူချိန်တွင် ၁၂၀ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၅၀ ဒီဂရီစင်တီဂရိတ်ခန့် ပုံမှန်ရှိပါသည်။ မီးခဏခဏ ပျက်ခြင်း၊ ရေပြတ်ခြင်း၊ လေအေးပေးစက် မရှိခြင်းတို့ကြောင့် ထိုနေရာကို သွားရသည်မှာ ယာယီသာ ဖြစ်နိုင်ပါသည်။ ကူနူလားမားသည် ထိုနေရာ၌ ပန်ကာမရှိ၊ ပြတင်းပေါက်မပါသော အခန်းတစ်ခုတွင် ပုံမှန်နေထိုင်ပါသည်။

ဟိမဝန္တာမှ စပီတီ တောင်ကြားတွင် ဗုဒ္ဓဘာသာကို ပြန်လည်ပြုပြင်ခြင်း

ယင်းပိုချီသည် တရားဟောပြောရန် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားပြီး အနောက်ဥရောပနှင့် မြောက်အမေရိကသို့လည်း နှစ်ကြိမ် သွားရောက်ခဲ့ပါသည်။ အဓိကစင်တာများသို့ သွားရောက်ခဲ့သော်လည်း ဆရာရှားပါးပြီး အခြားသူများ မသွားရောက်လိုသည့်  သေးငယ်ပြီး အလှမ်းဝေးသော နေရာများကို သွားရန် သူကအမြဲပိုမိုနှစ်သက်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယ-တိဘက်နယ်စပ်ရှိ အိန္ဒိယစစ်တပ်မှ တိဘက်တပ်ခွဲရှိ စစ်သားများကို ဟောကြားရန် တစ်ခါတစ်ရံ နွားသိုးများကိုစီးပြီး ခရီးသွားပါသည်။ ကုန်းမြင့်များတွင် တဲတိုးပြီး စခန်းချကာ အဆင်မပြေမှုများကိုလည်း လုံးဝမမှုပါ။

ဤသို့ အလှမ်းဝေးသော နယ်စပ်ဒေသများတွင် ယင်းပိုချီသည် ကင်နာအနီးရှိ မြင့်မားသော အိန္ဒိယ ဟိမဝန္တာ တောင်ကြားဖြစ်သည့် စပီတီ ဒေသနှင့် အထူးသဖြင့် နီးစပ်မှု ရှိပါသည်။ ထိုနေရာမှာပင် သူပျံလွန်တော်မူပြီး ပြန်လည်မွေးဖွားပါသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ဤခြောက်သွေ့ပြီး ဖုန်ထူသော ဒေသသည် တိဘက်အစိတ်အပိုင်းဖြစ်ပြီး ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာသည့် အချက်အချာနေရာ ဖြစ်ခဲ့ပါသည်။ သို့သော် မကြာသေးမီကာလအတွင်း စံချိန်စံညွှန်းများသည် လွန်ခဲ့သော ထောင်စုနှစ်ကကဲ့သို့ လျော့ကျလာပါသည်။ သံဃာများက မေထုန်မမှီဝဲရန်နှင့် အရက်သေစာမသောက်စားရန် ကတိကဝတ်များကို လျစ်လျူရှုလာပါသည်။ ဘုရားရှင်၏ တကယ့်တရားတော်များကို အနည်းငယ်မျှသာ လေ့လာကျင့်ကြံပါတော့သည်။

ယင်းပိုချီသည် ထိုတောင်ကြားသို့ ငါးကြိမ်သွားရောက်ကာ ဒုတိယမြောက် သာသနာပြန်လည် ထွန်းကားအောင် ကြိုးစားခဲ့ပါသည်။ စပီတီမှ ရှေးအကျဆုံး တာဘိုဂွန်ပ ကျောင်းတိုက်ကို ပြန်လည်အားစိုက်ကာ ၎င်း၏ သံဃာများအား ၎င်း၏ အစဉ်အလာ ဝတ်ပြုကိုးကွယ်မှုများအတွက် ဖြည့်ဆည်းမှုများနှင့် အာဂုံဟောပြောမှုများ ပေးအပ်ခဲ့ပါသည်။ စာပေတတ်ကျွမ်းသော ဘာသာရေး သင်ကြားသူများကို ခေါ်လာပြီး ထိုဒေသမှ ကလေးများအတွက် ကျောင်းတစ်ကျောင်း တည်ထောင်ပါသည်။ နောက်ဆုံးတွင် ယင်းပိုချီသည် ၁၉၈၃ ခုနှစ်၌ ဒလိုင်းလားမား ဆရာတော်ကြီးကို စီစဉ်ဖိတ်ခေါ်ကာ တာဘိုတွင် ကာလချက္ကရာ စတင်သက်ဝင်မှု ပေးအပ်စေခဲ့ပါသည်။ ကာလချက္ကရာ တရားတော်များသည် အိန္ဒိယမှ တိဘက်သို့ ၁၀၂၇ ခုနှစ်တွင် စတင်ရောက်ရှိလာခြင်းသည် ရှုပ်ထွေးမှု ရှည်ကြာသောကာလ တစ်ခုအပြီးတွင် ထိုဒေသ၌ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားစေသည့် ထင်ရှားသော ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ လက်ရှိ ဖြည့်ဆည်းပေးမှုသည်လည်း ထိုရည်ရွယ်ချက်အတိုင်း ဖြစ်မည်ဟု သူကမျှော်လင့်ပါသည်။

ကျောင်းတိုက်များသို့ များပြားသော ကပ်လှူမှုများ

ဆခုန်ယင်းပိုချီသည် တရားတော်များအတွက် နာယကကြီး တစ်ပါးလည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် စပီတီတွင် သူရရှိသမျှ ကပ်လှူပူဇော်မှုတိုင်းကို ကျောင်းတိုက်သို့ ပြန်လည် လှူဒါန်းပါသည်။ ဤသို့ရက်ရောမှုကြောင့် တာဘိုဂွန်ပ ကျောင်းတိုက်သည် နှစ်စဉ်ဆုတောင်းပွဲတော်ကို စတင်ကျင်းပလာနိုင်ပါသည်။ ထိုပွဲတော်တွင် ဒေသခံတို့က သုံးရက်တာ စုရုံးပြီး ဥုံ မဏိပဒ္ဓမေဟုမ် ရွတ်ဖတ်ကြပါသည်။ ဤဂါထာ (မန္တရား) သည် ကရုဏာ ကိန်းအောင်းသည့် ဗုဒ္ဓပုံတော် (ယီဒမ်) ဖြစ်သည့် အဝလောကီတိဿနှင့် ဆက်စပ်နေပြီး အထူးသဖြင့် တိဘက်ဗုဒ္ဓဘာသာဝင်တို့နှင့် နီးစပ်မှုရှိပါသည်။ ဤဂါထာရွတ်ဖတ်ခြင်းဖြင့် သက်ရှိအားလုံးအတွက် မေတ္တာထားရန် အာရုံစိုက်လာနိုင်ပါသည်။

ယင်းပိုချီသည် ပထမဆုံး အနောက်တိုင်း ခရီးစဉ်မှ ရရှိသော လှူဖွယ်ဝတ္ထုများကို ဗုဒ္ဓပုံတော် ကာလချက္ကရာကို ဖော်ကျူးထားသည့် အသုံးပြု ပိတ်သားအလိပ်ကြီးတစ်ခု ပြုလုပ်ရန် အသုံးပြုခဲ့ပါသည်။ ယင်းကို ဆရာတော်ကြီးက ဤတရားရှုမှတ်မှုစနစ်ထဲသို့ ဖြည့်ဆည်းမှု ပေးအပ်မည့် နေရာအသီးသီးသို့ ခရီးသွားလာသောအခါတွင် အသုံးပြုရန် လှူဒါန်းပါသည်။ ဆုန်ခပ၏ဘဝအကြောင်း ပန်းချီကားလိပ်များ အပြည့်အစုံ ရေးဆွဲရန် အတွက်လည်း ဤလှူဒါန်းငွေများကို ခွဲဝေသုံးစွဲပါသည်။ ယင်းတို့ကို သူ၏ဂန်ဒန်ကျန်းစီ ကျောင်းတိုက်သို့ လှူဒါန်းပါသည်။ ထိုမတိုင်မီ နှစ်များက သူသည် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မွန်ဂေါ့တွင် ယင်းကို ပြန်လည်ထူထောင်ပေးခဲ့ပါသည်။ ဒုတိယအကြိမ် အနောက်တိုင်း ခရီးစဉ်မှရရှိသော အလှူငွေများကို ၁၉၈၃ ခုနှစ် မတ်လတွင် မွန်ဂေါ့ရှိ ဒရီပွန်ကျောင်းတိုက်တွင် စုဝေးလာသော သံဃာနှင့် သီလရှင်ပေါင်း ၄၀၀၀ ကျော်ကို ကျယ်ကျယ်ပြန့်ပြန့် ကပ်လှူမှုများ ပြုလုပ်ပါသည်။ ၎င်းသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံး မွန်လမ် ပွဲတော် အပြည့်အစုံ ကျင်းပခြင်း ဖြစ်ပါသည်။ မွန်လမ် ပွဲတော်သည် လာဆာတွင် အစဉ်အလာအရ ကျင်းပသော ဆုတောင်းပွဲ ဖြစ်ပြီး ကျောင်းတိုက်အားလုံးက တစ်လတာ စုဝေးဝတ်ပြုရန် လာရောက်ကြပါသည်။

ကိန်းကြီးခန်းကြီးကို မနှစ်သက်ခြင်းနှင့် ရိုးရှင်းမှုကို ကျင့်သုံးခြင်း

ယင်းပိုချီသည် ဝတ်ပြုအခမ်းအနားနှင့် ပုံမှန်လုပ်ထုံးလုပ်နည်းများတွင် ကျွမ်းကျင်သော်လည်း ဟန်ဆောင်မှုကင်းပြီး ပုံမှန်အစဉ်အလာများကို မနှစ်သက်ပါ။ ဥပမာအားဖြင့် အနောက်တိုင်းသို့ ခရီးသွားသောအခါ ဝတ်ပြုကိုးကွယ်မှု အဆင်တန်ဆာ သို့မဟုတ် ပန်းချီကားများကို လုံးဝယူမသွားပါ။ ထိုနေရာတွင် ဖြည့်ဆည်းမှု ပေးအပ်သောအခါတိုင်း လိုအပ်သော ပုံတော်တစ်ခုခု ကိုယ်တိုင် ထုတ်ယူကာ မုန့်နှစ် (တိုမာ) ကပ်လှူမှု ရုပ်ပုံအတွက် ကွတ်ကီး သို့မဟုတ် ကိတ်မုန့်ကို အစားထိုးပါသည်။ အခမ်းအနား အိုးအတွက် ပန်းအိုး သို့မဟုတ် နွားနို့ပုလင်းများကို အသုံးပြုပါသည်။ နှစ်လတစ်ကြိမ် ဆော့ဂ် အခမ်းအနားတွင် ဆုတောင်းအရက်၊ အသား၊ မုန့်နှစ်၊ သစ်သီးနှင့် သကြားလုံးများ ကပ်လှူပါသည်။ ထိုခရီးစဉ်များအတွင်း အထူးပြင်ဆင်မှုများ မပြုလုပ်သောအခါ ကပ်လှူသော မည်သည့်ဆွမ်းကိုမဆို တိတ်ဆိတ်စွာ ဘုဉ်းပေးပါသည်။

ထို့ပြင် ယင်းပိုချီသည် ဗုဒ္ဓတရားတော်များကို သူ့ပရိသတ်နှင့် ကိုက်ညီအောင် အမြဲဟောပြောပါသည်။ တစ်ခါကဆိုလျှင် ယင်းပိုချီကို နယူးယောက်ရှိ ဝုစတော့အနီးမှ ထရမ်ပါတောင် ဇန်ဗုဒ္ဓဘာသာစင်တာသို့ ဖိတ်ခေါ်ပါသည်။ ဉာဏ်ပညာ ကိန်းအောင်းသည့် ဗုဒ္ဓပုံတော်ဖြစ်သည့် မန်ဇူသီရိ ကျင့်ကြံမှုအတွက် ခွင့်ပြုအခမ်းအနား (ဂျယ်နန်) အပ်နှင်းရန် အဖွဲ့ဝင်များက သူ့အား တောင်းဆိုပါသည်။ ဇန်အစဉ်အလာ ဖြစ်သည့် ရိုးရှင်းမှုနှင့်အညီ ယင်းပိုချီသည် ပလ္လင်ပေါ်တွင် မထိုင်ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ပါသည်။ ဝတ်ပြုမှုအဆင်တန်ဆာ သို့မဟုတ် အလှဆင်အခမ်းအနားများ မပါဝင်ဘဲ ဂျယ်နန် ပေးအပ်ပါသည်။

ဟန်ဆောင်မှုကင်းပြီး ရိုးသားစွာနှိမ့်ချခြင်း

ဆရာတော်ကြီးသည် ဇန်ဟဗ်ဆခုန်ယင်းပိုချီအား စစ်မှန်သော ကာဒန်ပ ဂဲရှိ တစ်ပါးအဖြစ် မကြာခဏ ဖော်ပြပါသည်။ ကာဒန်ပ ဂဲရှိများသည် ဆယ့်တစ်ရာစုမှ ဆယ့်သုံးရာစုအထိ တိဘက် ဗုဒ္ဓဘာသာ ဆရာတော်များ ဖြစ်ပါသည်။ ရိုးသားပြီး တိုက်ရိုက် ကျင့်ကြံမှုနှင့် နှိမ့်ချမှုတို့ကြောင့် ထင်ရှားပါသည်။ ဥပမာအားဖြင့် တရားတစ်ပုဒ်တွင် ဆရာတော်ကြီးက ယင်းပိုချီအား ရည်ညွှန်းကာ ဤနေရာတွင် တစ်ဦးတည်းသော နှိမ့်ချစွာ ထိုင်နေသူသည် ဘာကိုမှ အလိုမရှိသူ ဖြစ်ပြီး အားလုံးကတော့ မောက်မာစွာ ထိုင်နေသည်ဟု ဆိုပါသည်။ တစ်ခါကလည်း သူ၏အဓိက အကြံဉာဏ်ကို မေးမြန်းသောအခါ ယင်းပိုချီက အမြဲနှိမ့်ချရန်၊ ဟန်ဆောင်မှုကင်းရန်၊ နွေးထွေးသော နှလုံးသားရှိရန်နှင့် အားလုံးကို အလေးအနက်ထားရန် ပြောကြားပါသည်။

ယင်းပိုချီသည် ဤအကြံဉာဏ်အတိုင်း မသွေဖီဘဲ သူ့ဘဝကို နေထိုင်ပါသည်။ တစ်ခါကဆိုလျှင် ယင်းပိုချီသည် အီတလီနိုင်ငံ၊ မီလန်မြို့မှ ချမ်းသာသော မိသားစု၏ တိုက်ခန်းကျယ်တစ်ခုတွင် နေထိုင်ပါသည်။ ဤမြို့သို့ လာရောက်သည့် အဆင့်မြင့် လားမား အများစုသည် ဤအိမ်တွင် နေထိုင်ပါသည်။ အိမ်ရှိ အဘွားဖြစ်သူက ဤလားမား အားလုံးအနက် ဆခုန်ယင်းပိုချီကို သူအနှစ်သက်ဆုံးဖြစ်ကြောင်း ပြောပါသည်။ အခြားသူတို့သည် သူတို့အခန်းထဲတွင် အလွန်စနစ်တကျ ထိုင်နေပြီး ကိုယ်တိုင် ဆွမ်းကိုယူဆောင်ပါသည်။ ဆခုန်ယင်းပိုချီမှာမူ ထိုသို့မဟုတ်ဘဲ မီးဖိုထဲသို့ မနက်ခင်းတွင် အတွင်းဝတ်သင်္ကန်းဖြင့် ဝင်လာပါသည်။ မီးဖိုချောင် စားပွဲတွင် ဟန်ဆောင်မှုမရှိဘဲ သူ့လက်ဖက်ရည်ကို သောက်ပြီး မန္တရားများရွတ်ဖတ် ပုတီးစိတ်ပါသည်။ ထိုအဘွားဖြစ်သူက မနက်စာ ပြင်ဆင်နေစဉ် သူသည် လုံးဝသက်သောင့်သက်သာရှိစွာ ပြုံးရွှင်နေပါသည်။

အခြားသူများကို နှိမ့်ချတတ်အောင် သင်ကြားရာတွင် ကျွမ်းကျင်ခြင်းနှင့် အားလုံးကို အလေးအနက်ထားခြင်း

ယင်းပိုချီသည် အခြားသူများကို ဟန်ဆောင်မှုများ ကင်းစေရန်လည်း ဟောကြားတော်မူပါသည်။ တစ်ခါက ပြင်သစ်နိုင်ငံ၊ လာဗာရှိ နာလန္ဒာ ကျောင်းတိုက်မှ အနောက်တိုင်းသား သံဃာများက ယင်းပိုချီကို သုံးရက်တာ တရားချီးမြှင့်ရန် ပင့်ဖိတ်ပါသည်။ သူတို့က ရှစ်ရာစုနှစ်က အိန္ဒိယဆရာတော်ကြီး ရှန်တီဒေဝ ရေးသားသည့် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း (ဗောဓိစရိယဝတ္တရ) မှ ဉာဏ်ပညာအကြောင်း အလွန် ခက်ခဲသော အခန်းကို ရှင်းပြရန် တောင်းဆိုပါသည်။ ယင်းပိုချီသည် ဘာမှမရှိခြင်းအကြောင်းကို အဆင့်မြင့်ပြီး ရှုပ်ထွေးသော အဆင့်မှ ရှင်းပြကာ တရားကို စဟောပါသည်။ မည်သူမျှ မလိုက်နိုင်ပါ။ ထို့နောက် ခဏနားပြီး သံဃာများကို အလွန်ဟန်ဆောင်မှုရှိသည့်အတွက် အပြစ်တင်ပါသည်။ သူက ဆုန်ခပသည် ဘာမှမရှိခြင်းအကြောင်းကို မှန်ကန်စွာ သိရှိရန် ဤမျှခက်ခဲပါက၊ အကြိုပြင်ဆင် ကျင့်ကြံမှုများတွင် ဤမျှ အားထုတ်ရပါက ထိုအကြောင်းကို ဤမျှလွယ်လွယ်နှင့် အကြောင်းအရာတစ်ခုလုံးကို သုံးရက်နှင့် နားလည်ရန် မဖြစ်နိုင်ကြောင်း ပြောပါသည်။ ထို့နောက် ယင်းပိုချီသည် ကျမ်းစာကို ပိုမိုရိုးရှင်းသောအဆင့်မှ ဆက်လက်ဟောကြားရာ သို့မှသာ သံဃာများ လိုက်နိုင်ပါတော့သည်။

ယင်းပိုချီသည် အနောက်တိုင်းနှင့် ပတ်သက်၍ သူအထင်အကြီးဆုံးအချက်မှာ လူပေါင်းများစွာ ဗုဒ္ဓဘာသာ တရားတော်များအပေါ်တွင် ရိုးရိုးသားသား စိတ်ဝင်စားမှုရှိခြင်း ဖြစ်သည်ဟု တစ်ခါက မိန့်ကြားဖူးပါသည်။ ထို့ကြောင့် မည်သူက တရားတောင်းသည်ဖြစ်စေ သူတို့၏ စိတ်ဝင်စားမှုကို သူကလေးစားပါသည်။ သူတို့နားလည်နိုင်သော အဆင့်မှ ဟောကြားသော်လည်း သူတို့အစွမ်းအစဟု ယူဆထားသည့်အဆင့်ထက် အနည်းငယ် ကျော်လွန်အောင် အမြဲတမ်း စည်းခြားထားပါသည်။ ဆက်ကပ်ပွဲများ စိတ်ဝင်စားသော ယင်းပိုချီသည် ဝက်ဝံတစ်ကောင်ကို စက်ဘီးစီးတတ်အောင် သင်ပေးနိုင်ပါက လူသားတစ်ယောက်ကိုလည်း ကျွမ်းကျင်သော နည်းလမ်းနှင့် သည်းခံမှုတို့ဖြင့် ဘာမဆို သင်ကြားပေးနိုင်ကြောင်း ပြောလေ့ရှိပါသည်။

တစ်ခါက ဗုဒ္ဓဘာသာအကြောင်း မသိသော ဟစ်ပီပုံစံ အနောက်တိုင်းသား တစ်ယောက်က မူးယစ်ဆေးမှိန်းနေပြီး ယင်းပိုချီအား နာရိုပါ၏ ကျင့်ကြံမှုခြောက်ရပ်အကြောင်း ဟောကြားခိုင်းပါသည်။ ပုံမှန်အားဖြင့် ဤမျှအဆင့်မြင့်သော အကြောင်းရပ်ကို နှစ်ပေါင်းများစွာ အပြင်းအထန် တရားရှုမှတ်ပြီးမှ လေ့လာရပါသည်။ ထိုလူငယ်ကို မိုက်မဲပြီး မောက်မာသူကဲ့သို့ မောင်းထုတ်မည့်အစား ယင်းပိုချီက သဘောတူကာ သူ့စိတ်ဝင်စားမှုသည် အလွန်ကောင်းမွန်ကြောင်း ပြောပါသည်။ သို့သော် ပထမဦးစွာ သူ့ကိုယ်သူ ပြင်ဆင်ရမည် ဖြစ်သောကြောင့် ယင်းပိုချီက သူ့အားအကြိုပြင်ဆင် ကျင့်ကြံမှုများ ဟောပါသည်။ လူတို့၏ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်လိုစိတ်ကို အလေးအနက် ထားခြင်းဖြင့် ယင်းပိုချီသည် အနောက်တိုင်းသား များစွာကို သူတို့ဘာသာ အလေးအနက်ထားရန် လှုံ့ဆော်ပေးပါသည်။ ထိုအခါ သူတို့၏ ဘာသာရေးလမ်းကြောင်းကို ရှေ့ဆက်နိုင်အောင် ကူညီလိုက်ပါသည်။

အားလုံးအပေါ် အညီအမျှ လေးစားခြင်း

ပုပ်ရဟန်းမင်းကြီးဖြစ်စေ၊ လမ်းပေါ်မှ အရက်မူးသမားဖြစ်စေ၊ ကလေးငယ် တစ်သိုက်ဖြစ်စေ၊ မည်သူနှင့် ဆုံတွေ့စေကာမူ ယင်းပိုချီသည် အားလုံးကို တန်းတူအညီအမျှ လေးစားစွာ ဆက်ဆံပါသည်။ မည်သူ့ကိုမျှ အထင်သေးခြင်း၊ မျက်နှာရအောင်လုပ်ခြင်း သို့မဟုတ် အထင်ကြီးစေခြင်း မရှိပါ။ တစ်ခါက နယူးယောက်၊ အီသာကာရှိ ဉာဏ်ပညာ၏ ရွှေရောင်ညွှန်တံ စင်တာမှ အဖွဲ့ဝင်များက ယင်းပိုချီအား သူတို့၏ကလေးများကို ဟောပြောရန် တောင်းဆိုပါသည်။ ကလေးငယ်များသည် ငယ်ရွယ်ပြီး စိတ်ထားပွင့်လင်းသောကြောင့် သူတို့အပေါ် သူက မည်မျှလေးစားကြောင်း ပြောပါသည်။ သူတို့မှာ သူတို့မိဘများထက် ထူးချွန်နိုင်စွမ်း ရှိပါသည်။ ဤနည်းဖြင့် ကလေးများကို သူတို့ကိုယ်သူတို့ လေးစားရန် လှုံ့ဆော်လိုက်ပါသည်။

ထူးခြားသော ကံအကြောင်းချိတ်ဆက်မှုများကို အသိအမှတ် ပြုနိုင်စွမ်း

ဆခုန်ယင်းပိုချီသည် သူတွေ့ဆုံသူများနှင့် ကံအကြောင်း ဆက်စပ်မှုကို မကြာခဏ မြင်နိုင်သော်လည်း သူတတ်နိုင်သည်ထက် ကျော်လွန်၍ ကူညီနိုင်သည်ဟု ဟန်ဆောင်ခြင်း လုံးဝမရှိပါ။ တစ်ခါက ဆွစ်လူမျိုး တစ်ယောက်သည် ဓမ္မသာလာတွင် သူ့ထံသို့ချဉ်းကပ်ကာ သူ့မှာသရဲခြောက်ခံရသည့်ဒုက္ခ ရှိသည်ဟု ရှင်းပြလာပါသည်။ ယင်းပိုချီက ဤပြဿနာတွင် သူ့ကိုကူညီရန် ကံအကြောင်း ဆက်စပ်မှုမရှိကြောင်း ပြန်ပြောကာ ထိုသို့ဆက်စပ်သော အခြား လားမားတစ်ပါးထံ ထိုသူကို လမ်းညွှန်လိုက်ပါသည်။ သို့သော် အချို့သူများကို ယင်းပိုချီသည် မြင်လိုက်သည်နှင့် ချက်ချင်း အသိအမှတ်ပြုမိပုံ ရပါသည်။ ထိုသူတို့၏ လိပ်စာများကို တပည့်များအား မှတ်သားခိုင်းပါသည်။ တကယ်လည်း နက်ရှိုင်းသော ဆက်ဆံရေးများ ဖြစ်လာပါသည်။ ယင်းပိုချီသည် ကျွန်ုပ်၏လိပ်စာကို ယူထားရန် မလိုကြောင်း မြင်ထားသော်လည်း ထိုသို့ကံကောင်းသူများထဲတွင် ကျွန်ုပ်ပါဝင်ပါသည်။ ကျွန်ုပ်ကလည်း ကျေးဇူးပြန်ဆပ်ရပါမည်။

Top