ဗုဒ္ဓဘာသာ အမျိုးအစားများ

02:01
ဗုဒ္ဓတရားတော်များ အာရှတိုက်နိုင်ငံများနှင့် ယဉ်ကျေးမှုများဆီသို့ ပျံ့နှံ့ရောက်ရှိသည်နှင့်အမျှ ဒေသခံပြည်သူများက မိမိတို့ကိုယ်ပိုင် ရိုးရာအစဉ်အလာ ယုံကြည်မှုများနှင့် လိုက်လျောညီထွေသော အစိတ်အပိုင်းများကို ပြုပြင်ပြောင်းလဲယူခဲ့ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ အမျိုးအစားများစွာ ဖြစ်ပေါ်လာပါသည်။ အမျိုးအစားတိုင်းတွင် ကိုယ်ပိုင် ချဉ်းကပ်မှုနှင့် ပုံစံတို့ ရှိကြပါသည်။ သို့သော် အားလုံးက မရှိမဖြစ် အရေးပါသော တရားတော် လက္ခဏာရပ်များကို ထိန်းသိမ်းထားကြပါသည်။ ဤသည်မှာ ဗုဒ္ဓမြတ်စွာ၏ အသိပညာပေးသော နည်းလမ်းနှင့် အညီ ဖြစ်ပြီး ဘုရားရှင်၏သတင်းစကားကို သာဝကတိုင်း၏ စိတ်နေစိတ်ထားနှင့် ကိုက်ညီအောင် ပြုပြင်ယူခြင်း ဖြစ်ပါသည်။

ယနေ့ခေတ် အဓိက ဗုဒ္ဓဘာသာ အမျိုးအစားများအား ကိုယ်စားပြုသည့် ထေရဝါဒ၊ တရုတ်ဗုဒ္ဓဘာသာနှင့် တိဘက်ဗုဒ္ဓဘာသာတို့၏ ထင်ရှားသော အချက်အချို့ကို လေ့လာကြည့်ကြပါစို့။

ထေရဝါဒ ဗုဒ္ဓဘာသာ

အရှေ့တောင်အာရှတွင် ကျင့်သုံးသော ထေရဝါဒဗုဒ္ဓဘာသာသည် သတိဖြင့် တရားရှုမှတ်ခြင်းကို အလေးထားပါသည်။ ထိုသို့ရှုမှတ်ရာ၌ တရားထိုင်နေစဉ် ဝင်လေထွက်လေနှင့် ခန္ဓာကိုယ်၏ ထိတွေ့မှုများကို လည်းကောင်း၊ ဖြေးညင်းစွာ လမ်းလျှောက်ရင်း လှုပ်ရှားမှုများ၊ ရည်ရွယ်ဆောင်ရွက်မှုများကို လည်းကောင်း အာရုံစိုက်ပါသည်။ လှုပ်ရှားမှုတိုင်း၏ အတက်၊ အကျကို သတိရှိခြင်းဖြင့် မမြဲခြင်း သဘောတရားကို သိမြင်လာပါသည်။ ဤသိမြင်သဘောပေါက်မှုဖြင့် အရာရာ ကြုံတွေ့သမျှကို ပိုင်းခြားဆန်းစစ်အသုံးချသောအခါ သတ္တဝါတိုင်း၊ အရာရာတိုင်း အမှီအခိုကင်းစွာ မပြောင်းလဲဘဲ တည်ရှိနေခြင်း မရှိကြောင်း သဘောပေါက်လာပါသည်။ အားလုံးသည် ခဏတာ ပြောင်းလဲခြင်းသာ ဖြစ်ပါသည်။ ဤနည်းဖြင့် အတ္တဗဟိုပြု အလေးထားမှုနှင့် ယင်းမှရရှိသည့် မပျော်ရွှင်မှုတို့မှ လွတ်မြောက်ရာ အမှန်တရားကို နားလည်သဘောပေါက်လာပါသည်။

ထေရဝါဒ ဗုဒ္ဓဘာသာသည် အနှိုင်းမဲ့မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတို့အပေါ်တွင် တရားရှုမှတ်ရန်လည်း သင်ကြားပါသည်။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်မှသာ ‘‘ထိတွေ့ဆက်သွယ်မှုရှိသော ဗုဒ္ဓဘာသာ’’ ဆိုသည့် လှုပ်ရှားမှုတစ်ခု ထိုင်းနိုင်ငံတွင် စတင်ပေါ်ပေါက်လာပါသည်။ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သော ဗုဒ္ဓဘာသာဝင်တို့အတွက် ဖြစ်ပါသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဗုဒ္ဓဘာသာ ကျမ်းစာများကို လေ့လာရွတ်ဖတ်ကြပြီး သာမန်လူတို့အတွက် အစဉ်အလာ အခမ်းအနားများ ကျင်းပပေးပါသည်။ ရဟန်းတော်များက နေ့စဉ် ဆွမ်းခံထွက်ကာ အိမ်ထောင်စုများက သဒ္ဓါတရားထက်သန်စွာ ဆွမ်းဆက်ကပ်လောင်းလှူကြပါသည်။

အရှေ့အာရှဒေသ မဟာယာန ဗုဒ္ဓဘာသာ

အရှေ့အာရှမှ မဟာယာန အစဉ်အလာများသည် တရုတ်နိုင်ငံမှ ဆင်းသက်လာပြီး အဓိက အချက်နှစ်ချက်မှာ သန့်ရှင်းသောကုန်းမြေ (Pure Land) နှင့် ဂျပန်နိုင်ငံတွင် ဇင် ဗုဒ္ဓဘာသာဟု ခေါ်သည့်ဘာသာ ဖြစ်ပါသည်။

  • သန့်ရှင်းသောကုန်းမြေ အစဉ်အလာသည် အနှိုင်းမဲ့ အလင်းတန်း ဗုဒ္ဓ အမီတာဘာ အမည်ကို ရွတ်ဆိုကြသည်။ အရာရာသည် ဗုဒ္ဓအဖြစ်သို့ရောက်ရှိအောင် စေ့ဆော်သည့် ကောင်းကင်ဘုံ အမျိုးအစားဖြစ်သော ပျော်ရွှင်ခြင်း သန့်ရှင်းသောကုန်းမြေသို့ သွားရာနည်းစနစ် ဖြစ်သည်။
  • ဇင်ဗုဒ္ဓဘာသာသည် ယူဆတွေးတောသော စိတ်အားလုံးကို တည်ငြိမ်အောင် တိကျစွာ တရားရှုမှတ်ခြင်းကို အသားပေးပါသည်။ ထိုနည်းဖြင့် ကရုဏာထားသော စိတ်၏ မူလသဘောသဘာဝ ဖြစ်စေကာ ဉာဏ်ပညာ ထွန်းလင်းလာပါသည်။

အစဉ်အလာ နှစ်မျိုးစလုံးတွင် သံဃာတော်နှင့် သီလရှင်များက ကျမ်းစာပေများ ရွတ်ဖတ်ကာ ကွန်ဖြူးရှပ် ယဉ်ကျေးမှုနှင့်အညီ သာမန်လူတန်းစားတို့၏ အထူးသဖြင့် ကွယ်လွန်သွားသော ဘိုးဘွားများအတွက် အခမ်းအနားများ ကျင်းပပေးပါသည်။

တိဘက်ဒေသ မဟာယာန ဗုဒ္ဓဘာသာ

ဗဟိုအာရှ ဒေသတစ်လျှောက် တွေ့ရသော တိဘက်မဟာယာန ဗုဒ္ဓဘာသာပုံစံသည် အိန္ဒိယ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်း တိုးတက်မှုကို အပြည့်အဝ ထိန်းသိမ်းထားပါသည်။ အထူးသဖြင့် နာလန်ဒါတက္ကသိုလ်ကဲ့သို့ ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးများ၏ အစဉ်အလာကို ထိန်းသိမ်းပါသည်။ ထို့ကြောင့် အထူးသဖြင့် စိတ်၏သဘောသဘာဝ၊ စိတ်ခံစားချက်နှင့် အမှန်တရားတို့အား လေ့လာသင်ကြားမှုကို အသားပေးသည်။ ယုတ္တိကျမှုနှင့် ငြင်းခုံဆွေးနွေးမှု တို့မှတစ်ဆင့် ထိုအကြောင်းရပ်များကို အပြင်းအထန် တရားရှုမှတ်မှုဖြင့် ပေါင်းစပ် ဆောင်ရွက်ပါသည်။

တိဘက်တွင် ဤချဉ်းကပ်မှုကို အိန္ဒိယ ဗုဒ္ဓဘာသာ အစဉ်အလာ တန္တရ လေ့ကျင့်မှုဖြင့် ပေါင်းစပ်ပါသည်။ ယင်းသည် ဘုရားအဖြစ်သို့ အသွင်းပြောင်းရန် စိတ်ကူးစွမ်းအားများကို အသုံးပြုကာ ခန္ဓာကိုယ်၏ နူးညံ့သော စွမ်းအင်များဖြင့် ကြိုးစားအားထုတ်ပါသည်။ ဘာမှမရှိမှု (အနတ္တ) နှင့် ကရုဏာတို့ကို အာရုံစူးစိုက်ကာ ထိုသို့အားထုတ်ပါသည်။ ထိုနည်းဖြင့် ထူးခြားသောဗုဒ္ဓပုံစံ ဖြစ်လာအောင် မိမိကိုယ်ကို စိတ်ကူးကြံဆပါသည်။ ထိုပုံစံများကို တစ်ခါတစ်ရံ ‘‘တရားအားထုတ်သောနတ်များ’’ ဟုခေါ်သော်လည်း အဓိပ္ပာယ်နှင့် လုပ်ဆောင်ချက်အရ ဘုရားသခင်ကဲ့သို့ မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် နတ်ဘုရားများစွာ ကိုးကွယ်သောဘာသာ မဟုတ်ပါ။ ဗုဒ္ဓပုံစံတိုင်းသည် ဉာဏ်ပညာ၊ ကရုဏာစသည့် ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ကို သင်္ကေတဖြင့် ကိုယ်စားပြုမှု အစိတ်အပိုင်း ဖြစ်ပါသည်။ ထိုပုံစံဖြင့် မိမိကိုယ်ကို မြင်ယောင်ကြည့်ကာ ယင်းနှင့်ဆက်စပ်သည့် အစွမ်းထက်အက္ခရာများ (မန္တရားများ) ရွတ်ဆိုခြင်းဖြင့် မိမိ၏ လွဲမှားသော၊ အပျက်သဘော အတ္တရုပ်ပုံကို ကျော်လွှားကာ ထိုပုံစံတွင်ကိန်းအောင်းသည့် အရည်အသွေးများ ရရှိလာပါသည်။ အဆိုပါကျင့်ကြံမှုများသည် အလွန်အဆင့်မြင့်ပြီး အပြည့်အဝ ကျွမ်းကျင်သော ဆရာသမား၏ အနီးကပ်ကြီးကြပ်မှု လိုအပ်ပါသည်။

တိဘက် ဗုဒ္ဓဘာသာတွင် ရွတ်ဖတ်ခြင်းနှင့် ရိုးရာအစဉ်အလာများလည်း များစွာရှိပါသည်။ နတ်ဆိုးများပုံစံဖော်ထားသည့် အပျက်သဘော အားများနှင့် အနှောင့်အယှက်များကို ဖယ်ရှားရန် တစ်ခါတစ်ရံ ပုံစံထုတ်ထားပါသည်။ အဆိုပါ အစဉ်အလာများ ဆောင်ရွက်နေရင်း အခက်အခဲများ ကျော်လွှားရန် ခွန်အားနှင့် ယုံကြည်မှုတို့ ရရှိအောင် တရားရှုမှတ်ခြင်း အထောက်အပံ့အနေနှင့် အလွန်အားကောင်းသော ပုံစံဖြင့် မိမိကိုယ်ကို စိတ်ကူးပါသည်။ မေတ္တာ၊ ကရုဏာတို့ ရရှိအောင် တရားရှုမှတ်ခြင်း နည်းစနစ်များအပေါ်တွင်လည်း များစွာ အသားပေးပါသည်။ မြင်ယောင်ကြည့်ခြင်းကိုလည်း အသုံးပြုပါသည်။

အကျဉ်းချုပ်

ထေရဝါဒ၏ သတိဖြင့် ရှုမှတ်အားထုတ်မှု၊ တရုတ်နိုင်ငံရှိ အမီတာဘာ ဗုဒ္ဓမြတ်စွာ၏ အမည်ကို ရွတ်ဆိုမှု သို့မဟုတ် တိဘက်မှ ငြင်းခုန်ဆွေးနွေးမှုနှင့် မြင်ယောင်ကြည့်ပြီး အားထုတ်မှု တို့ကိုလေ့လာသောအခါ ဗုဒ္ဓဘာသာ အမျိုးအစား အားလုံးသည် အဆက်အစပ် တစ်ခုတည်း ဖြစ်နေပါသည်။ မိမိအတွက်သာမက အခြားသူများကိုလည်း တတ်နိုင်သလောက် အကျိုးပြုနိုင်အောင် ဆင်းရဲဒုက္ခကို ကျော်လွှားကာ အစွမ်းအစများ ပေါ်ထွက်လာစေရန် ထိရောက်သော နည်းစနစ်များ ပေးထားပါသည်။

Top