နှိပ်စက်ညှဉ်းပန်းသော ဘာသာရေး ဆရာသမားများနှင့် ဆက်ဆံရန် ဒလိုင်းလားမား ဆရာတော်ကြီး၏ အကြံပေးစကား

တိဘက်မှ လာသူများနှင့် ဤနေရာရှိ တရုတ်လူမျိုးများစွာအတွက် တိတိကျကျ ဖြစ်ရန်လိုသည့်အရာတစ်ခု ရှိပါသည်။ လှည့်ဖြားတတ်သော ဘာသာရေး ဆရာအတုအယောင်များ ရှိပါက သူတို့၏ လိမ်ညာလှည့်ဖြားမှုများကို ဖော်ထုတ်ကြရန် လိုပါသည်။ ထိုအတွက် ကျွန်ုပ် တိတိကျကျ ပြောထားရန် လိုပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က တိဘက် ဗုဒ္ဓဘာသာ၊ ဇင် ဗုဒ္ဓဘာသာ စသည်တို့ကို သင်ကြားသော အနောက်တိုင်းမှ လာသည့် ဆရာများက ဓမ္မသာလာတွင် အစည်းအဝေးတစ်ရပ် ကျင်းပပါသည်။ ဤအစည်းအဝေး၌ တက်ရောက် သူများအနက် အနောက်တိုင်းသား ဆရာအနည်းငယ်က ဤသို့တိုင်ကြားပါသည်။ “ယခုအခါ ဇင် ဆရာတော်များထဲမှာ အရမ်း ညှဉ်းပမ်းနှိပ်စက်တယ်လို့ ပြောလို့ရတဲ့သူအချို့ ရှိပါတယ်။ အလားတူ တိဘက်လားမားတွေကြားမှာလည်း ညှဉ်းပမ်းနှိပ်စက်တယ်လို့ ခေါ်နိုင်တဲ့သူအချို့ ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကို ရပ်တန့်သွားအောင် ကျွန်ုပ်တို့မှာ ကျွမ်းကျင်ပါးနပ်တဲ့ နည်းစနစ်တွေ၊ နည်းလမ်းတွေ လိုနေပါတယ်။”

ထိုအချိန်တွင် ကျွန်ုပ်က ဤသို့ပြန်ပြောပါသည်။ “သူတို့ကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ ဘာမှမလုပ်နိုင်ပါဘူး။ ဘဂဝါဗုဒ္ဓက ဘာကိုစွန့်ပယ်ရမယ်၊ ဘာကိုလက်ခံရမယ် ဆိုတာကို ရှင်းလင်းပြတ်သားစွာ ဟောကြားထားပါတယ်။ ဥပမာအားဖြင့် ‘တရားတော်၏ ရည်ရွယ်ချက်နှင့်အညီ အခြားသူများကို ဆောင်ရွက်ခိုင်းပါ။ ထိုရည်ရွယ်ချက်များနှင့်အညီ သင်ကိုယ်တိုင်လည်း တစ်သမတ်တည်း ဆောင်ရွက်ပါ’ လို့ ဘုရားရှင်က ရှင်းလင်းပြတ်သားစွာ ဟောကြားထားပါတယ်။ သို့သော် သူတို့က အဲဒါကို နားမထောင်ပါဘူး။ တန်ဖိုးမထားကြပါဘူး။ ဘဂဝါဗုဒ္ဓ ဟောကြားတာကို သူတို့တန်ဖိုးမထားဘူးဆိုရင် ကျွန်ုပ်တို့က ဘာများတစ်ခုခုပြောလို့ ရမှာလဲ။ ဘာမှ အထောက်အကူ မဖြစ်ပါဘူး။

“အခြေအနေကို လူသိရှင်ကြား လုပ်ဖို့လိုပါတယ်။ ဓမ္မကို သင်ကြားပေမယ့် ဖြစ်ကတတ်ဆန်း ပုံစံနဲ့ ပြုမူသူတွေ ရှိနေကြောင်း သတင်းစာတွေမှာ လူနာမည်တွေ နဲ့တကွ ထည့်ရေးပါ။ လူသိရှင်ကြား ပြုလုပ်ပါ။ ဒါက နည်းနည်းတော့ အကူအညီရပြီး အကျိုးရှိစေနိုင်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာကလွဲလို့ ကျွန်ုပ်တို့က ဒါကိုမလုပ်ပါနဲ့လို့ သွားရှင်းပြနေလို့ မရပါဘူး။” ထိုသို့ ကျွန်ုပ်ပြောခဲ့ပါသည်။

ထိုသို့ဖြစ်နေသည်ကို သိရှိကြရန် လိုပါသည်။ လှည့်ဖြားတတ်သော ဘာသာရေး ဆရာအတုအယောင်တစ်ဦး ရှိလာတိုင်း သူတို့အမည်ကို လူသိရှင်ကြား ဖော်ထုတ်ပါ။ နောက်ဆုံးတွင် ဖမ်းဆီးရန် လိုအပ်ပါက ဖမ်းဆီးခိုင်းပါ။ အမေရိကန်တွင် အချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုင်ဝမ်တွင်လည်း အဖမ်းခံရမည့်သူအချို့ ရှိကြောင်း တွေ့လာရသည်။ သူတို့ကို ဥပဒေဖြင့် လုံးဝထိန်းချုပ်ရပါမည်။

ဓမ္မဆရာတော်အနည်းငယ်က ထိုသို့ပြုမူကာ “လားမား” ဘွဲ့ကို ရရှိထားပြီး ယုတ်ညံ့ကြောင်း အခေါ်ခံရသဖြင့် လူထုမျက်စိတွင် ထင်ရှားနေပါက ဤအရာသည် ဗုဒ္ဓဓမ္မကို အန္တရာယ် ဖြစ်စေတော့မည်ဟု စိုးစဉ်းမျှ တွေးပူနေစရာ မလိုပါ။ လွန်ခဲ့သော နှစ်အနည်းငယ်က တစ်ခုသောအခါ ကျွန်ုပ် အင်္ဂလန်၌ ရှိနေစဉ်တွင် ဗြိတိသျှ ဓမ္မစင်တာတစ်ခု၌ လားမားတစ်ပါး ရှိပါသည်။ သူသည် အမျိုးသမီးများနှင့် ပတ်သက်၍ သူ့အပြုအမူနှင့် ပတ်သက်ပြီး နာမည်ပျက်စရာ ဖြစ်ခဲ့ရာ အမေရိကန် ဥပဒေအရ ဖမ်းဆီးခံရပါသည်။ သူ့တပည့်များက သူတို့အလွန်အမင်း စိုးရိမ်ကြောင်း ကျွန်ုပ်အားပြောသည်။ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဟောခဲ့သော တရားများသည် ထိုကိစ္စကြောင့် စွန်းထင်းကုန်တော့မည့် အန္တရာယ် ဖြစ်နေပြီဟု သူတို့က စိုးရိမ်ပါသည်။ ဘဂဝါဗုဒ္ဓ ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ပင်ရှိလေပြီ။ ယခုအခါ ယုတ်ညံ့သည်ဟု အခေါ်ခံရသော ဓမ္မဆရာသမား အနည်းငယ်မျှသာ ရှိပါ၏။ သူတို့သည် ဗုဒ္ဓတရားတော်များကို မထိခိုက်စေနိုင်ပါ။ ယခုအခါ ယုတ်ညံ့ကြောင်း အခေါ်ခံရသည့် ထိုဆရာသမားများက ဗုဒ္ဓတရားတော်များကို အန္တရာယ် မပေးနိုင်ပါ။ သူတို့ကို ကျွန်ုပ်ထိုသို့ ပြောပါသည်။ ဤအတွက် ကျွန်ုပ်ယုံကြည်မှု ရှိနေပါသည်။

Top