ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးကို ဘဝနှစ်ခုတွင် ဆုံတွေ့ရခြင်း

လူတစ်ယောက်၏ ဘဝတွင် ဘာသာရေး ဆရာတော်တစ်ပါးနှင့် နက်ရှိုင်းသော ဆက်ဆံရေးသည် စိတ်အား အထက်သန်ဆုံးနှင့် အထင်ရှားဆုံး သံယောဇဉ် ဖြစ်ပါသည်။ ထိုဆက်ဆံရေးသည် မိမိကိုယ်ကို လှည့်ဖြားမှု၊ နာကျင်မှုနှင့် ဘာသာရေးဆိုင်ရာ စိတ်ပျက်အားငယ်မှုတို့၏ အရင်းအမြစ်လည်း ဖြစ်နိုင်ပါသည်။ ယင်းတို့အားလုံးသည် ကောင်းမွန်သော ဆက်ဆံရေးအပေါ်တွင် မူတည်နေပါသည်။ ကောင်းမွန်သော ဆက်ဆံရေး ဆိုသည်မှာလည်း မိမိနှင့် မိမိဆရာ၏ အရည်အချင်းများ၊ ထိုရင်းနှီးမှု၏ ရည်ရွယ်ချက်၊ ထိုဆက်ဆံရေး၏ အဘက်ဘက်မှ ရှုထောင့်များနှင့် ကန့်သတ်ချက်များ စသည်တို့နှင့် ပတ်သက်ပြီး လက်တွေ့ကျသော သဘောထားမျိုး ထားရှိမှုအပေါ်တွင် မူတည်နေပြန်ပါသည်။ 

ကျွန်ုပ်သည် ဘာသာရေး ဆရာတော်တစ်ပါးနှင့် ရင်းနှီးကျွမ်းဝင်ခြင်း။ ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်း (အီသာကာ- စနိုးလိုင်းယင်း၊ ၂၀၀၀။ ပြန်လည်ပုံနှိပ်ခြင်း- ဉာဏ်ပညာရှိသော ဆရာ၊ ဉာဏ်ပညာရှိသော တပည့်။ ကောင်းမွန်သော ဆက်ဆံရေးရရှိရန် တိဘက်ရိုးရာနည်းလမ်းများ။ အီသာကာ- စနိုးလိုင်းယင်း၊ ၂၀၁၀) ကို ရေးသားခဲ့ပါသည်။ အဓိက အကြောင်းရင်းမှာ ကျွန်ုပ်၏ အဓိက ဆရာတော်များဖြစ်သော ဇန်ဟဗ်ဆခုန်ယင်းပိုချီ၊ ဒလိုင်းလားမား ဆရာတော်ကြီး၊ ဂဲရှိငါဝမ်ဒါဂယေတို့နှင့် ရင်းနှီးမှုမှနေ၍ များစွာ အကျိုးဖြစ်ထွန်းခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်နှင့် ပတ်သက်ပြီး တွေ့ဆုံခဲ့သည့် ရိုးသားသော ဘာသာရေး ကြိုးပမ်းအားထုတ်သူများစွာသည် သာမန်အတွေ့အကြုံများသာ ရှိသည်ကို ဝမ်းနည်းမိသောကြောင့်လည်း ထိုသို့ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ အများစုသည် လိင်ပိုင်းဆိုင်ရာ၊ ငွေကြေး သို့မဟုတ် အာဏာ အလွဲသုံးမှုများ ကြုံတွေ့ခဲ့ရပြီး သူတို့ကိုယ်သူတို့ ဘာမှမသိသော ကျူးလွန်ခံရသူများဟု ဖော်ပြခဲ့ကြပါသည်။ စော်ကားသော ဆရာများအပေါ်တွင်သာ အပြစ်ပုံချပြီးနောက် သူတို့သည် ဘာသာရေး ဆရာသမား အားလုံးနှင့် ကင်းကင်းရှင်းရှင်း နေပါတော့သည်။ မကြာခဏဆိုသလို ဘာသာရေး လမ်းကြောင်းမှလည်း ကင်းကွာသွားပါသည်။ အချို့လူများမှာ အစဉ်အလာ စံနှုန်းများအရ ထိခိုက်မှုရှိသည်ဟု မည်မျှထင်ရစေကာမူ သူတို့၏ အဆင်မပြေသော ဆက်ဆံရေးများကို ငြင်းပယ်ပြီး သင့်တော်သော “ဆရာကိုးကွယ်မှု” ကို မှန်ကန်ကြောင်း ပြသရုံသာမက ဆရာထံမှ အပြုအမူအားလုံးကိုပါ သက်သေထူပေးခဲ့ပါသည်။ ထိုအစွန်းနှစ်ဖက် စလုံးသည် တပည့်များအတွက် ကောင်းမွန်သော ဆက်ဆံရေးမှ ရရှိမည့် အကျိုးအမြတ်ကို အပြည့်အဝ မရရှိအောင် တားဆီးလိုက်ပါသည်။

တပည့်များက အနောက်တိုင်းသားများဖြစ်ပြီး ဆရာများက တိဘက်လူမျိုးများ ဖြစ်နေလျှင် ဖြစ်တတ်သော ပြဿနာတစ်ခုမှာ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု လွဲမှားခြင်းဖြစ်ပြီး တစ်ဖက်လူသည် ကိုယ်ပိုင်ယဉ်ကျေးမှု ထုံးစံများအတိုင်း ပြုမူမည်ဟု လက်တွေ့ မကျသော မျှော်လင့်ချက်များကြောင့် ပိုဆိုးကုန်ပါသည်။ နောက်ထပ် ရှုပ်ထွေးစေသည့် အချက်များမှာ ပုံမှန် ဆရာ-တပည့် ဆက်ဆံရေးအကြောင်း စာဖြင့်ရေးသားထားမှုများကို ၎င်းတို့၏ မူရင်းအာဘော်များမှ ထုတ်ပယ်ခြင်း၊ ယင်းတို့ကို လုံးကောက် အဓိပ္ပာယ်ပြန်ခြင်းနှင့် တစ်ခါတစ်ရံ လွဲမှားသော ဘာသာပြန်ဆိုမှုများကြောင့် ဘာသာရပ်ဆိုင်ရာ ဝေါဟာရများ၏ အဓိပ္ပာယ်ကို နားလည်မှုလွဲခြင်းတို့ ဖြစ်ပါသည်။

ဥပမာအားဖြင့် လမ်-ရင်း (အဆင့်အလိုက်လမ်းကြောင်း) ကျမ်းစာတွင် ဆက်ဆံရေးဆိုသည်မှာ “လမ်းကြောင်း၏ဇစ်မြစ်” ဟု တင်ပြထားပြီး ထိုအကြောင်း ၎င်းတို့၏ ပထမဆုံး အဓိကခေါင်းစဉ်အနေနှင့် ဆွေးနွေးထားပါသည်။ သို့ရာတွင် ထိုသို့နှိုင်းယှဉ်ပြမှု၏ အဓိကအချက်မှာ သစ်ပင်တစ်ပင်သည် အမြစ်မှနေ၍ ရပ်တည်ထိန်းသိမ်းရသော်လည်း အမြစ်မှ စတင်ပေါ်ပေါက်သည်ဟု မဆိုလိုပါ။ သစ်ပင်သည် သစ်စေ့မှ စတင်ပေါက်ဖွားပါသည်။ ဆုန်ခပ သည် ဆက်ဆံရေးကို “လမ်းကြောင်း၏ ဇစ်မြစ်” ဟု မခေါ်ဆိုပါ။ တကယ်တော့ မူလ လမ်-ရင်း တရားကို နာယူသူများမှာ စတင်လေ့လာသူများ မဟုတ်ပါ။ သူတို့အထဲတွင် တန္တရ စွမ်းအားဖြည့်ဆည်းမှုများ ရရှိဖို့ စုရုံးလာသော သံဃာများနှင့် သီလရှင်များ ပါဝင်ပါသည်။ ကြိုတင်ပြင်မှုအနေနှင့် သုတ္တန်တရားများကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ ထိုသူတို့အတွက် ယခင်လေ့လာကျင့်ကြံမှုများမှ ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း လိုက်နာပြီးသားဖြစ်ရာ ဘာသာရေး သင်ကြားသူနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် ဉာဏ်အလင်းရရှိမှု လမ်းကြောင်း အောင်မြင်အောင် ထိန်းသိမ်းရန် စိတ်အားထက်သန်မှု ရရှိစေသည့် ဇစ်မြစ် ဖြစ်ပါသည်။ အနောက်တိုင်း ဓမ္မစင်တာများတွင် စတင်လေ့လာသူများသည် ထိုနေရာရှိ ဘာသာရေး သင်ကြားသူများကို ဘုရားကဲ့သို့ ရှုမြင်ပြီး စတင်ရန် လိုအပ်သည်ဟု လုံးဝမရည်ရွယ်ထားပါ။

ကျွန်ုပ်သည် ဘာသာရေး သင်ကြားသူတစ်ယောက်နှင့် အနက်ရှိုင်းဆုံး ဆက်ဆံရေးသည် ထိုဆရာတော်၏ ဘဝနှစ်ခုတိုင် ရင်းနှီးခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် ဒလိုင်းလားမား ဆရာတော်ကြီး၏ ကွယ်လွန်သွားပြီဖြစ်သော ဆွေးနွေးငြင်းခုန်ဘက် ဆရာတော်နှင့် လက်ထောက်သင်ကြားရေးမှူး ဖြစ်သူ ဇန်ဟဗ်ဆခုန်ယင်းပိုချီ၏ တပည့်၊ စကားပြန်၊ အင်္ဂလိပ်ဘာသာ အတွင်းရေးမှူးနှင့် ပြည်ပခရီးစဉ် စီမံခန့်ခွဲသူအဖြစ် ကိုးနှစ်ကြာ ဆောင်ရွက်ခဲ့ပါသည်။ ယင်းပိုချီသည် ၁၉၈၃ ခုနှစ်တွင် ကွယ်လွန်ကာ ကိုးလ အတိအကျ ကြာမြင့်သောအခါ ပြန်ဝင်စားပါသည်။ ထိုသို့ဖော်ထုတ်ခံရပြီးနောက် အသက် လေးနှစ်အရွယ်တွင် ဓမ္မသာလာသို့ ပြန်လည်ရောက်ရှိပါသည်။ လအနည်းငယ်အကြာတွင် ကျွန်ုပ်တို့ တွေ့ဆုံသော အခိုက်အတန့်၌ သူရောကျွန်ုပ်ပါ ကျွန်ုပ်တို့၏ နက်ရှိုင်းသော သံယောဇဉ်ကို ပြန်လည် အတည်ပြုခဲ့ပါသည်။ ကျွန်ုပ်ဘယ်သူလဲ သူသိပါသလားဟု နောက်လိုက်တစ်ယောက်က မေးသောအခါ ပြန်ဝင်စားသော လူငယ်ကလေးက “မနောက်ပါနဲ့။ သူဘယ်သူလဲဆိုတာ သိတာပေါ့” ဟု ပြန်ဖြေပါသည်။ ထိုအချိန်မှစကာ ယင်းပိုချီသည် ကျွန်ုပ်အား သူ၏ ဘာသာရေး မိသားစုမှ အနီးကပ်မိသားစုဝင်ကဲ့သို့ သဘောထားပါသည်။ လေးနှစ်အရွယ် ကလေးတစ်ယောက်အနေနှင့် ဟန်ဆောင်၍ မရသောအရာ ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ကျွန်ုပ်သည်လည်း ကျွန်ုပ်တို့၏ နက်ရှိုင်းသော ဆက်စပ်မှုနှင့် ပတ်သက်၍ သံသယ မဖြစ်ခဲ့ပါ။

၂၀၀၁ ခုနှစ် နွေရာသီတွင် ကျွန်ုပ်သည် ယင်းပိုချီနှင့်အတူ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ သူ၏ ကျောင်းတိုက်ဖြစ်သည့် ဂန်ဒန်ကျန်းစီတွင် တစ်လကြာ နေထိုင်ခဲ့ပါသည်။ ထိုကျောင်းတိုက်တွင် သူ့အသက် ဆယ့်ခုနစ်နှစ်၌ ပညာရှင်များ အဆင့်သို့ တရားဝင် အခြေချသည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် သံဃာ့အစုအဝေးရှေ့မှောက်တွင် ဆွေးနွေးငြင်းခုန်ခဲ့ပါသည်။ ထိုလမှာပင် ကျွန်ုပ်သည် သူ့ထံမှ သူ၏ဂဲရှိ သင်တန်းတွင် လေ့လာနေသော တရားများကို နာယူခဲ့ပါသည်။ သူ့ရှေ့မှ နောက်ထပ် အနီးကပ်တပည့် အနောက်တိုင်းသား တစ်ယောက်ကို ပေးထားသော စာသားကို နှုတ်ဖြင့် ဟောပြောရှင်းပြထားသည်ကို ဘာသာပြန်ခဲ့ပါသည်။ သူ့အတွက် နောက်တစ်ကြိမ် ဘာသာပြန်ပေးရသည်မှာ အလွန်ဝမ်းမြောက်ကြောင်း ကျွန်ုပ်က ယင်းပိုချီကို ပြောသောအခါ သူက “မှန်တာပေါ့။ ခင်ဗျားရဲ့ကံပဲ” ဟုသူက ပြန်ပြောပါသည်။ သူ၏ယခင်ဘဝက ကျွန်ုပ်အား ပေးခဲ့သော ဓမ္မ အချက်အလက်များနှင့် လောကီရေးရာ အကြံဉာဏ်များကို ကျွန်ုပ်က သူ့အား အလျဉ်းသင့်သလို ဆက်လက်၍ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆခုန်ယင်းပိုချီကို နှစ်ဘဝတာ ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ရှိခဲ့ခြင်းကြောင့် ကျွန်ုပ်၏ ဓမ္မနှင့် ပြန်လည်မွေးဖွားမှုတို့တွင် ယုံကြည်မှုသည် စာပေလေ့လာမှုနှင့် တရားရှုမှတ်မှုသက်သက်ဖြင့် ရရှိသည့် ယုံကြည်မှုထက်ပို၍ မိမိကိုယ်ကို ယုံကြည်မှု ရှိလာပါသည်။ ထိုယုံကြည်မှုသည် ဓမ္မလမ်းကြောင်းအတိုင်း အမှန်တကယ် ဆက်လက်လျှောက်လှမ်းရန် အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ သူ့ဘဝနှစ်ခုစလုံးမှ ကျွန်ုပ်တို့၏ အခန်းကဏ္ဍများကို သူရောကျွန်ုပ်ပါ လှည့်ဖြားမှု မရှိခဲ့ပါ။ ကျွန်ုပ်တို့နှစ်ဦးစလုံးသည်သည် ယခင်က ကျွန်ုပ်တို့၏ ဘဝနှင့် အလုံးစုံ မတူညီသလို အလုံးစုံ ခြားနားမှုလည်း မရှိပါ။ ကျွန်ုပ်တို့အားလုံးတွင် အစဉ်အဆက် ရှိပါသည်။ အချင်းချင်း လေးနက်သော လေးစားမှု ရှိပြီး ယခင်ဘဝနှင့် ယခုဘဝတွင် ကျွန်ုပ်တို့၏ မတူညီသော အဆင့်များအကြောင်း လက်တွေ့ကျသော သဘောထားကို အခြေခံလျှက် ကျွန်ုပ်တို့သည် တစ်ဖက်လူကို သက်သောင့်သက်သာရှိစွာ ဟောကြားမှု၊ သင်ယူမှုတို့ ရှိပါသည်။ ဤသည်မှာ လုံးဝ သဘာဝကျပါသည်။

ကျွန်ုပ်သည် စတားထရက် ဇာတ်ကား၏ ပရိသတ်တစ်ဦး ဖြစ်သည့်အတွက် အထက်ပါ အတွေ့အကြုံသည် မူရင်းစီးရီးနှင့် နောက်မျိုးဆက် နှစ်ခုစလုံးတွင် ပါဝင်နေသော အဖွဲ့ဝင်တစ်ယောက်ကဲ့သို့ ကြုံတွေ့ရသည်ဟု ရှုမြင်ပါသည်။ ယခင်က ကပ္ပတိန်ကာ့ခ် လက်အောက်တွင် ဖြစ်ပြီး ယခုအခါ သူပြန်လည်ဝင်စားသည့် လူငယ်ဗိုလ်လောင်းတစ်ဦးအဖြစ် လေ့ကျင့်နေဆဲဖြစ်သည့် ကပ္ပတိန်ပစ်ကဒ် လက်အောက်တွင် ဖြစ်ပါသည်။ ကျွန်ုပ်ရင်ဆိုင်ရသည့် အဓိက စိန်ခေါ်မှုမှာ အနာဂတ် အင်တာပရိုက်များ အားလုံး၏ အဖွဲ့သားများကို အမှုထမ်းရန် ကံများ ဆက်လက် ဖြည့်ဆည်းသွားရေး ဖြစ်ပါသတည်း။

Top