ဘာသာရေးဆရာသမားတစ်ဦးနှင့် သင်ယူလေ့လာခြင်း

ဘာသာရေး တပည့်များနှင့် ဘာသာရေး ဆရာသမားများတွင် အဆင့်အမျိုးမျိုး ရှိပါသည်။ တပည့်လုပ်မည့်သူက သူတို့ဖြစ်စေ၊ သူတို့၏ ဆရာသမားဖြစ်စေ တကယ်ရှိရမည့် အရည်အချင်းထက် ပိုမြင့်နေသည်ဟု ယူဆမိသောအခါ သို့မဟုတ် သူတို့၏ ဆရာကို ဆရာဝန်ကဲ့သို့ သဘောထားသောအခါ ရောထွေးမှုအများစု ဖြစ်လာတတ်ပါသည်။ ရိုးသားစွာ မိမိကိုယ်ကိုယ် လေ့လာဆန်းစစ်ခြင်းနှင့် လက်တွေ့ကျသော လေ့လာခြင်းတို့ ရှိပါက ကျွန်ုပ်တို့ ရှိနေသည့် အဆင့်ကို ရှင်းရှင်းလင်းလင်း သိလာပြီး ကောင်းမွန်သော ဆရာ-တပည့် ဆက်ဆံရေးကို ဖန်တီးလာနိုင်ပါလိမ့်မည်။

ဘာသာရေး ဆရာ-တပည့် ဆက်ဆံရေးအကြောင်း လက်တွေ့ကျသောအချက်များ

ဘာသာရေးဆိုင်ရာ ဆရာ-တပည့် ဆက်ဆံ‌ရေးတွင် ရှုပ်ထွေးမှု မဖြစ်အောင် လက်တွေ့ကျသော အချက်အချို့ကို ကျွန်ုပ်တို့ အသိအမှတ်ပြုဖို့ လိုပါသည်။

  1. ဘာသာရေး လေ့လာသူအားလုံး နီးပါးသည် ဘာသာရေး လမ်းကြောင်းတွင် အဆင့်ဆင့် ကျော်ဖြတ်ရပါသည်။ 
  2. ကျင့်ကြံသူ အများစုသည် ဘဝသက်တမ်း တစ်လျှောက်တွင် ဆရာသမား အများကြီးနှင့် သင်ယူလေ့လာပြီး ဆရာတစ်ဦးချင်းစီနှင့် မတူညီသော ဆက်ဆံရေးများ ထားရှိမိပါသည်။ 
  3. ဘာသာရေး ဆရာသမားတိုင်းသည် အောင်မြင်မှုအဆင့် တစ်ပုံစံတည်း ရရှိထားသည် မဟုတ်ပါ။ 
  4. လေ့လာသူတစ်ဦးနှင့် သင်ပေးသူတစ်ဦးအကြား သင့်တော်သည့် ဆက်ဆံရေး အမျိုးအစားသည် ၎င်းတို့ တစ်ဦးချင်းစီ၏ ဘာသာရေးအဆင့်ပေါ်တွင် မူတည်ပါသည်။ 
  5. လူတို့သည် ဘာသာရေးလမ်းကြောင်းပေါ်တွင် အဆင့်မြင့်လာသည်နှင့်အမျှ သူတို့၏ ဆရာသမားများကို တဖြည်းဖြည်း ပိုမိုလေးနက်သော ပုံစံဖြင့် ဆက်စပ်မှတ်ယူကြပါသည်။ 
  6. ဆရာတစ်ဦးတည်းကပင် သင်ယူသူ တစ်ဦး၏ ဘာသာရေးဆိုင်ရာ ဘဝတွင် ကဏ္ဍ အသီးသီးမှ ပါဝင်နေသောကြောင့် ထိုဆရာသမားနှင့် အသင့်တော်ဆုံး ဆက်ဆံရေးသည် သင်ယူသူတစ်ဦးနှင့် တစ်ဦးအတွက် မတူညီနိုင်ပါ။ 

ဘာသာရေး ဆရာသမားများနှင့် ဘာသာရေး တပည့်များ၏ အဆင့်များ

ထို့ကြောင့် ဘာသာရေး ဆရာသမားနှင့် ဘာသာရေး တပည့်တို့၏ အဆင့်များစွာ ရှိပါသည်။ အောက်ပါအတိုင်း ရှိကြပါသည်-

  • တက္ကသိုလ်တစ်ခုကဲ့သို့ သတင်းအချက်အလက်များ ပေးသည့် ဗုဒ္ဓဘာသာ ပါမောက္ခများ
  • ဘဝတွင် ဓမ္မကို ကျင့်သုံးပုံအကြောင်း ညွှန်ပြသည့် ဓမ္မလမ်းညွှန်သူများ 
  • ထိုက်ချိ သို့မဟုတ် ယောဂ သင်ကြားသကဲ့သို့ နည်းစနစ်များ သင်ပေးသည့် တရားရှုမှတ်ရန် သင်ကြားပေးသူများ
  • လူဝတ်ကြောင် သို့မဟုတ် ရဟန်း သီလကတိကဝတ်များ၊ ဗောဓိသတ္တ သီလကတိကဝတ်များ သို့မဟုတ် တန္တရ သီလကတိကဝတ်များဆိုသည့် တပည့်များကို ပေးအပ်သည့် သီလကတိကဝတ် အဆင့်အလိုက် ကွဲပြားသည့် ဘာသာရေး ရှေ့ဆောင်လမ်းပြများ

ထို့အတူ အောက်ပါတို့ ရှိလာပါသည်- 

  • အချက်အလက် ရယူလိုစိတ် ရှိသည့် ဗုဒ္ဓဘာသာ သင်တန်းသားများ
  • ဘဝတွင် ဓမ္မကို မည်သို့အသုံးချရမည်ကို လေ့လာလိုသည့် ဓမ္မ သင်တန်းသားများ
  • ဖြေလျှော့်နည်း သို့မဟုတ် လေ့ကျင့်နည်း စနစ်များကို သင်ကြားလိုသော တရားရှုမှတ်မည့် သင်တန်းသားများ
  • နောင်ဘဝ ကောင်းစားရန်၊ လွတ်မြောက်မှု ရရှိရန် သို့မဟုတ် ဉာဏ်အလင်းရရှိရန် ဆန္ဒရှိသူများ ဖြစ်ပြီး ဤရည်မှန်းချက်များ အောင်မြင်စေမည့် ကတိကဝတ် အဆင့်အချို့ ပြုလုပ်ရန် အသင့်ရှိနေသည့် သာဝကများ။ သာဝကများသည် ယခုဘဝမှာလည်း တိုးတက်မှုရှိလိုလျှင် ဤသည်မှာ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု အတွက် အဆင့်တစ်ဆင့် အနေနှင့် ရှုမြင်ကြပါသည်။

အဆင့်တိုင်းတွင် ထိုအဆင့်အတွက် အရည်အချင်း သတ်မှတ်ချက်များ ရှိပါသည်။ ဘာသာရေး လေ့လာသူတစ်ဦး အနေနှင့် ကျွန်ုပ်တို့သည် အာရှတိုက်သားလား၊ အနောက်တိုင်းသားလား။ သံဃာတော်လား။ သီလရှင်လား သို့မဟုတ် လူဝတ်ကြောင်လား။ ပညာအရည်အချင်း အဆင့်၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ် ရင့်ကျက်မှု အဆင့်၊ ကတိကဝတ်ပြုမှုအဆင့် စသည်ဖြင့် မိမိအရည်အချင်းနှင့် ဆရာ၏ နောက်ခံရာဇဝင်ကိုပါ ထည့်စဉ်းစားရန် လိုပါသည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း ဂရုတစိုက် ဆောင်ရွက်သွားရန် အရေးကြီးပါသည်။

သာဝက ဖြစ်လာရန် သတ်မှတ်အရည်အချင်းများနှင့် ဘာသာရေး ဆရာသမား ဖြစ်လာရန် သတ်မှတ်အရည်အချင်းများ

ကျွန်ုပ်တို့သည် သာဝက ဖြစ်လာမည့်သူတစ်ဦး အနေနှင့် မိမိ၏ တိုးတက်မှုအဆင့်ကို လေ့လာကြည့်ရန် လိုပါသည်။ သို့မှသာ မိမိအသင့် မဖြစ်သေးသော ဆက်ဆံရေးအတွက် ကိုယ်တိုင် အားစိုက်ကြိုးပမ်းမှု မပြုမိစေရန် ဖြစ်ပါသည်။ သာဝကတစ်ဦး ရှိရမည့် အဓိက သတ်မှတ် အရည်အချင်းများမှာ-

  1. မိမိကိုယ်ပိုင် ကြိုတင်သိရှိမှုများနှင့် ထင်မြင်ချက်များကို တွယ်တာမှု မရှိဘဲ စိတ်ကိုဖွင့်ထားခြင်း 
  2. သင့်တော်သောအရာနှင့် မသင့်တော်သောအရာကို ခွဲခြားသိရှိသည့် အသိအမြင်စိတ် ရှိခြင်း 
  3. ဓမ္မကိုလည်းကောင်း၊ သင့်တော်သည့် အရည်အချင်းရှိသော ဆရာသမားကို ရှာဖွေရန်လည်းကောင်း ပြင်းပြစွာ စိတ်ဝင်စားခြင်း 
  4. ဓမ္မကိုလည်းကောင်း၊ ကောင်းစွာ အရည်အချင်းရှိသော ဆရာသမားများကို လည်းကောင်း တန်ဖိုးထား လေးစားခြင်း 
  5. စူးစိုက်သောစိတ် ရှိခြင်း 
  6. စိတ်ခံစားချက် အခြေခံအဆင့် ရင့်ကျက် တည်ငြိမ်ခြင်း 
  7. ကျင့်ဝတ်တာဝန်ရှိမှု အခြေခံသိစိတ် ရှိခြင်း။

ဆရာ၏အဆင့်ပေါ် မူတည်ကာ သူသည် သတ်မှတ်အရည်အချင်း ပို၍ရှိရန် လိုလာပါသည်။ ယေဘုယျအားဖြင့် အဓိကအရည်အချင်းများမှာ-

  1. သူ့၏ ဘာသာရေး ဆရာသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေး 
  2. တပည့်ထက် ဓမ္မအသိပညာ ပိုများခြင်း 
  3. တရားရှုမှတ်ခြင်းနှင့် နေ့စဉ်ဘဝတွင် ယင်းနည်းစနစ်များ အသုံးချရာ၌ အတွေ့အကြုံ ရှိခြင်းနှင့် အောင်မြင်မှု အဆင့်တစ်ဆင့်အထိ ရှိခြင်း 
  4. ဘဝတွင် ဓမ္မကို အသုံးချရာ၌ အကျိုးပြုရလဒ်များကို အတုယူ အားကျအောင် နမူနာ ပြနိုင်စွမ်း။ ဆိုလိုသည်မှာ အောက်ပါတို့ ရှိရန် ဖြစ်ပါသည်- 
  5. ကျင့်ဝတ်နှင့်အညီ မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်း 
  6. အထွေထွေ စိတ်ခံစားချက် ပြဿနာများနှင့် လွတ်ကင်းမှုကို အခြေခံသည့် စိတ်ခံစားချက် ရင့်ကျက်တည်ငြိမ်ခြင်း 
  7. သင်ကြားရာတွင် အဓိက လှုံ့ဆော်မှုအဖြစ် တပည့်များ အကျိုးရှိရေးကို ရိုးသားစွာ အလေးထားခြင်း 
  8. သင်ကြားရာတွင် သည်းခံမှုရှိခြင်း 
  9. ဟန်ဆောင်မှု မရှိခြင်း (သူ့မှာမရှိသည့် အရည်အသွေးများ ရှိသယောင်မဆောင်ခြင်း) နှင့် သူတော်ကောင်းယောင် မဆောင်ခြင်း (အသိပညာ၊ အတွေ့အကြုံ မရှိခြင်းကဲ့သို့ မိမိ မရှိသည့် ချို့ယွင်းချက်များကို မကွယ်ဝှက်ထားခြင်း)။

မိမိ၏မြို့တွင် ဆရာသမားများက သတ်မှတ်အရည်အချင်း အဆင့် မည်မျှရှိကြောင်း၊ ကျွန်ုပ်တို့ထံ၌ အချိန်နှင့် အားစိုက်ထုတ်မှု မည်မျှရှိကြောင်း၊ ကျွန်ုပ်တို့၏ ဘာသာရေး ရည်မှန်းချက်များ (“ခံစားချက်ရှိသော သတ္တဝါအားလုံး အကျိုးအတွက်” ဟု အကောင်းဆုံး ဆန္ဒမျှသာမက လက်တွေ့ကျရန်) စသည်ဖြင့် အခြေအနေ၏ အမှန်တရားနှင့် ကိုက်ညီအောင် ကျွန်ုပ်တို့ ဆောင်ရွက်ဖို့ လိုပါသည်။ မိမိ၏ ဆရာဖြစ်လာမည့်သူနှင့် ဘာသာရေး ဆက်ဆံရေး အခိုင်အမာ မတည်ဆောက်မီ သူ၏ သတ်မှတ်အရည်အချင်းများကို လေ့လာကြည့်ပါက ဆရာသမားကို နတ်ဘုရား သို့မဟုတ် နတ်ဆိုးကဲ့သို့ ရှုမြင်မည့် အစွန်းတရားများ မရှိအောင် ရှောင်ရှားနိုင်ဖွယ် ရှိပါသည်။ ဘာသာရေး ဆရာသမားကို နတ်ဆိုးအဖြစ် မြင်သောအခါ ကျွန်ုပ်တို့၏ သံသယလွန်ကဲမှုကြောင့် အကျိုးမရှိအောင် တားဆီးလိုက်ပါသည်။ 

ဘာသာရေး ဆရာသမား၏ သာဝက ဖြစ်ခြင်းနှင့် ဆရာဝန်၏ လူနာဖြစ်ခြင်း ခြားနားချက်များ 

ဘာသာရေး ဆရာ-တပည့် ဆက်ဆံရေးတွင် ရှုပ်ထွေးမှုဖြစ်သည့် အဓိကအကြောင်းရင်း တစ်ခုမှာ ဘာသာရေး ဆရာသမားကို ကုထုံးပညာရှင်ကဲ့သို့ ဖြစ်စေလိုခြင်း ဖြစ်သည်။ ဥပမာ၊ မိမိလက်ကျန်ဘဝတွင် စိတ်ချမ်းသာပျော်ရွှင်မှုနှင့် ကောင်းမွန်သော လူမှုဆက်ဆံရေး ရရှိလိုသူတစ်ဦးကို စဉ်းစားကြည့်ပါ။ ဤရည်မှန်းချက်ကို နည်းလမ်းမျိုးစုံဖြင့် အောင်မြင်စေရန် ဘာသာရေး ရှေ့ဆောင်လမ်းပြသူ တစ်ဦး၏ သာဝက ဖြစ်လာခြင်းသည် ဆရာဝန်၏ လူနာ တစ်ယောက် ဖြစ်လာသည့် ရည်ရွယ်ချက်နှင့် တူနေပါသည်။

ဗုဒ္ဓဘာသာရော၊ ဆေးဝါးကုသမှုပါ နှစ်မျိုးစလုံးသည်-

  1. ကျွန်ုပ်တို့ဘဝရှိ ဆင်းရဲဒုက္ခကို သိရှိ၊ အသိအမှတ်ပြုကာ ယင်းကို ဖယ်ရှားလိုစိတ်မှ ပေါ်ထွက်လာသည် 
  2. ကျွန်ုပ်တို့၏ ပြဿနာများနှင့် ယင်းတို့၏ အကြောင်းရင်းများကို သိရှိနားလည်ပေးမည့်သူ တစ်ယောက်ယောက်နှင့် လုပ်ကိုင်ဆောင်ရွက်မှု ပါလာသည်။ တကယ်တော့ ကုထုံးပုံစံ အများစုသည် နားလည်ပေးမှုက မိမိကိုယ်ကိုယ် ပြောင်းလဲခြင်းအတွက် အဓိက ဖြစ်သည် ဆိုရာတွင် ဗုဒ္ဓဘာသာနှင့် သဘောတူညီပါသည်။ 
  3. ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများအား လေးနက်စွာ နားလည်မှုကို အသားပေးသော အတွေးအခေါ်ဂိုဏ်းများ၊ ဤအချက်များကို ကျော်လွှားရန် လက်တွေ့နည်းလမ်းများဖြင့် ကြိုးစားရန် အလေးထားသော အစဉ်အလာများနှင့် ချဉ်းကပ်မှုနှစ်ခု ညီမျှစွာ ပေါင်းစပ်ထားသည်ကို ထောက်ခံသော စနစ်များကို လက်ခံပါသည်။ 
  4. ဆရာသမား သို့မဟုတ် ဆရာဝန်နှင့် ‌ကောင်းမွန်သော စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေး ထားရှိခြင်းသည် မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ အရေးကြီးသော အပိုင်းအဖြစ် ထောက်ခံပါသည်။ 
  5. ရှေးအကျဆုံး ကုထုံး ပုံစံ အများစုသည် လူနာ၏ အပြုအမူနှင့် တွေးခေါ်နည်းများအား ပြုပြင်မည့် ကျင့်ဝတ်လမ်းညွှန်များ အသုံးမပြုကြသော်လည်း နောက်ပိုင်းကျသော ဂိုဏ်းအနည်းငယ်တွင် ဗုဒ္ဓဘာသာနှင့် တူညီသည့် ကျင့်ဝတ်စည်းမျဉ်းများကို ပြောကြားလာပါသည်။ အဆိုပါ စည်းမျဉ်းများတွင် ပုံပျက်နေသော မိသားစုဝင် အားလုံးကို တန်းတူညီမျှ ဆက်ဆံခြင်း၊ ဒေါသဖြင့် ပြုမူခြင်းကဲ့သို့ အပျက်သဘော စိတ်လိုက်မာန်ပါ ပြုလုပ်မှုများမှ ရှောင်ရှားခြင်းတို့ ပါဝင်ပါသည်။ 

တူညီမှုများ ရှိသော်လည်း ဗုဒ္ဓဘာသာ ဆရာတော်တစ်ဦးထံ၌ သာဝက ဖြစ်ခြင်းနှင့် ဆရာဝန်တစ်ဦးထံ၌ လူနာဖြစ်ခြင်း အကြားတွင် သိသာထင်ရှားသော ခြားနားချက် အနည်းဆုံးငါးခု ရှိပါသည်။

(၁) ဆက်ဆံရေး တည်ဆောက်သည့် စိတ်ခံစားချက် အဆင့်။ လူနာ ဖြစ်လာမည့်သူများက စိတ်ခံစားချက် အနှောင့်အယှက် ဖြစ်နေစဉ်တွင် ဆရာဝန်ကို ယေဘုယျအားဖြင့် ချဉ်းကပ်ပါသည်။ သူတို့သည် စိတ်ရောဂါပင် ရနေနိုင်ပြီး ကုသမှုတွင် ဆေးပေးရန် လိုအပ်နိုင်ပါသည်။ သာဝက ဖြစ်လာမည့်သူများနှင့် မတူသည်မှာ သူတို့က မိမိ၏ ဘာသာရေး လမ်းကြောင်းပေါ်၌ ပထမအဆင့် အနေနှင့် ဆရာသမားနှင့် ဆက်ဆံရေး မတည်ဆောက်ကြပေ။ ထိုသို့မတည်ဆောက်မီ ဗုဒ္ဓဘာသာ တရားတော်များကို လေ့လာကာ ကိုယ်တိုင် စတင် အားထုတ်ပါသည်။ အကျိုးဆက်အားဖြင့် သူတို့သည် စိတ်ခံစားချက် ရင့်ကျက်တည်ငြိမ်မှု အဆင့် အလုံအလောက် ရရှိနေပါသည်။ သို့ဖြစ်ရာ သူတို့တည်ဆောက်သည့် ဆရာ-တပည့် ဆက်ဆံရေးသည် ဗုဒ္ဓဘာသာ ဝေါဟာရအနေနှင့် ပြောရလျှင် အပြုသဘော ဖြစ်ပါသည်။ တစ်နည်းဆိုသော် ဗုဒ္ဓဘာသာ သာဝကများသည် စိတ်ရောဂါဆန်သော သဘောထားနှင့် အပြုအမူများမှ အတော်လေး ကင်းလွတ်ပြီးသား ဖြစ်နေရန် လိုပါသည်။

(၂) ဆက်ဆံရေးတွင် မျှော်လင့်သော အပြန်အလှန် ဆက်သွယ်မှု။ လူနာ ဖြစ်လာမည့်သူများက သူတို့အား နားထောင်ပေးမည့်သူကို အများဆုံး စိတ်ဝင်စားသည်။ ထို့ကြောင့် အဖွဲ့လိုက် ကုထုံး အနေနှင့် ဖြစ်လျှင်ပင် ဆရာဝန်က သူတို့အကြောင်းနှင့် သူတို့ ပုဂ္ဂိုလ်ရေး ပြဿနာများကို အာရုံစူးစိုက် နား‌ထောင်မည်ဟု မျှော်လင့်ကြသည်။ တစ်ဖက်တွင်မူ သာဝကများက မိမိတို့ ပုဂ္ဂိုလ်ရေး ပြဿနာများကို ဆရာသမားများအား ပုံမှန်ဆိုလျှင် မပြောပြကြပါ။ တစ်ဦးချင်း အာရုံစိုက်ဖို့လည်း မမျှော်လင့်သလို မတောင်းဆိုကြပါ။ ပုဂ္ဂိုလ်ရေး အကြံဉာဏ်အတွက် ဆရာသမားနှင့် တိုင်ပင်ဆွေးနွေးလျှင်ပင် အမြဲပုံမှန် မတိုင်ပင်ကြပါ။ ဆက်ဆံရေး၏ အဓိက အာရုံစိုက်မှုမှာ တရားနာရန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် သာဝကများသည် လူတိုင်း ရင်ဆိုင်ရသည့် အထွေထွေ ပြဿနာများ ကျော်လွှားရန်အတွက် နည်းစနစ်များကို အခြေခံအားဖြင့် သူတို့ဆရာသမားများထံမှ သင်ယူပါသည်။ ထို့နောက်တွင်မှ ထိုနည်းနစ်များကို မိမိတို့ အခြေအနေအသီးသီးတွင် အသုံးချရန် ကိုယ်တိုင် တာဝန်ရှိသည်ဟု ယူဆကြပါသည်။

(၃) အလုပ်သဘော ဆက်ဆံ‌ရေးမှ မျှော်လင့်သော ရလဒ်များ။ ကုသမှုသည် ကျွန်ုပ်တို့ ဘဝရှိ ပြဿနာများကို လက်ခံပြီး ယင်းတို့နှင့် နေထိုင်တတ်အောင် သင်ယူရန် သို့မဟုတ် ယင်းတို့ကို ခံနိုင်ရည်ရှိလာအောင် လျှော့ချရန် ရည်မှန်းပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ယခုဘဝ စိတ်ခံစားချက် ကောင်းမွန်အောင် ရည်မှန်းပြီး ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးကို ချဉ်းကပ်မည်ဆိုပါကလည်း မိမိတို့ ပြဿနာများကို လျှော့ချပေးရန် မျှော်လင့်ပေမည်။ ဘဝသည် ဘုရားရှင် ဟောကြားသည့် ဘဝ၏ အမှန်တရား (သစ္စာ) ပထမအချက် အတိုင်းပင် ခက်ခဲကြမ်းတမ်းသော်လည်း ခက်ခဲမှု လျော့သွားအောင် ကျွန်ုပ်တို့ တတ်နိုင်ပါသည်။

သို့သော် ကျွန်ုပ်တို့ဘဝကို စိတ်ခံစားချက်အရ ခက်ခဲမှုများ လျော့ပါးသွားအောင် ပြုလုပ်ခြင်းသည် ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း ချဉ်းကပ်ရန် အခြေခံအဆင့်မျှသာ ရှိပါသေးသည်။ ဘာသာရေး ဆရာများ၏ သာဝကများသည် နှစ်သက်ဖွယ်ကောင်းသော ပြန်လည်မွေးဖွားမှု၊ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု ဆိုသည့် ပိုမိုကြီးမားသော ရည်မှန်းချက်များဆီ အနည်းဆုံး ဦးတည်ကြပါမည်။ ထို့ပြင် ဗုဒ္ဓဘာသာ သာဝကများတွင် ဗုဒ္ဓဘာသာက ရှင်းပြသည့်အတိုင်း ပြန်လည်မွေးဖွားမှုအကြောင်း အသိဉာဏ်ရှိရှိ နားလည်ကြပါမည်။ ထို့ပြင် ထိုဘဝရှိသည်ကို အနည်းဆုံးတော့ သဘောတရားတစ်ခုအဖြစ် လက်ခံကြပေမည်။ ကုထုံးလူနာများတွင် ပြန်လည်မွေးဖွားမှုအကြောင်း သို့မဟုတ် သူတို့လက်ရှိ အခြေအနေကို ကျော်လွန်သော ရည်မှန်းချက်များအကြောင်း တွေးစရာ မလိုကြပါ။

(၄) မိမိကိုယ်တိုင် ပြောင်းလဲရန် ကတိကဝတ်ပြုမှု အဆင့်။ ဆရာဝန်၏ လူနာများသည် နာရီအလိုက် အခကြေးငွေ ပေးသော်လည်း တစ်ဘဝတာ သဘောထားနှင့် အပြုအမူ ပြောင်းလဲရန် သူတို့ကိုယ်တိုင် ကတိကဝတ်ပြု ကြိုးပမ်းခြင်း မရှိပါ။ တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာ သာဝကများသည် တရားတော်အတွက် ငွေပေးချင်လည်းပေးမည်။ ငွေပေးချင်မှလည်း ပေးပါမည်။ မည်သို့ဆိုစေ သူတို့ဘဝတွင် ဦးတည်ချက်ကို စနစ်တကျ ပြောင်းလဲလိုက်ပါသည်။ စိတ်ချရသောလမ်းကြောင်း (ကိုးကွယ်မှု) ပြုလုပ်လိုက်ခြင်းဖြင့် သာဝကများသည် ဘုရားရှင်တို့ကိုယ်တိုင် လျှောက်လှမ်းကာ ဟောကြားခဲ့ပြီး အဆင့်မြင့် အသိအမြင်ရှိသည့် ဘာသာ‌ရေး အသိုင်းအဝိုင်းက ကြိုးပမ်းလိုက်နာသည့် မိမိကိုယ်ကို တိုးတက်စေရေး လမ်းကြောင်းကို လိုက်နာရန် ကိုယ်တိုင် ကတိကဝတ် ပြုလိုက်ပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာ သာဝကများသည် ဘဝတွင် ကာယကံ၊ ဝစီကံ၊ မနောကံတို့၌ ကျင့်ဝတ်အတိုင်း အပြုသဘော လမ်းကြောင်းအတိုင်း လိုက်နာရန် ကိုယ်တိုင် ကတိကဝတ် ပြုလိုက်ပါသည်။ အပျက်သဘော ပုံစံများကို ရှောင်ရှားရန်နှင့် အပြုသဘော ပုံစံများနှင့်သာ ထိတွေ့ရန် သူတို့ အတတ်နိုင်ဆုံး ကြိုးပမ်းပါသည်။ သာဝကများက ထိန်းချုပ်မရသော ပြန်လည်မွေးဖွားမှု၏ သံသရာလည်နေသော ပြဿနာများမှ လွတ်မြောက်အောင် ရိုးသားစွာ ဆန္ဒပြုသောအခါ လူ့သီလ သို့မဟုတ် ရဟန်းသီလကို စနစ်တကျ ခံယူခြင်းဖြင့် ပို၍ပင် ခိုင်မာစွာ ကတိကဝတ် ပြုလိုက်ပါသည်။ ဤသို့ မိမိကိုယ် ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွင်ရှိသော သာဝကများသည် သဘာဝအားဖြင့် အပျက်သဘော ဖြစ်သော သို့မဟုတ် ဗုဒ္ဓမြတ်စွာ က အချို့သူများကို အချို့ရည်ရွယ်ချက်များအတွက် ရှောင်ရှားခိုင်းထားသော အပြုအမူ အမျိုးအစား အချို့ကို ဘဝတွင် အမြဲတမ်း ရှောင်ရှားရန် ကတိကဝတ် ပြုထားကြပါသည်။ ဒုတိယ အမျိုးအစား နမူနာ ပြရလျှင် တွယ်တာမှု လျှော့ချနိုင်အောင် လူတို့အဝတ်ကို စွန့်ပြီး သင်္ကန်းဝတ်သော သံဃာများ ဖြစ်သည်။ အပြီးတိုင် လွတ်မြောက်လိုသော ဆန္ဒ မရှိမီကပင် သာဝကများသည် တစ်ခါတစ်ရံ လူ့သီလ၊ ရဟန်းသီလ ခံယူတတ်ကြပါသည်။

ဆရာဝန်၏ လူနာများမှာမူ ကုသမှု သဘောတူညီချက် အနေနှင့် မိနစ်ငါးဆယ်ကြာ တွေ့ဆုံမှု စီစဉ်သည့်အတိုင်း လိုက်နာခြင်းကဲ့သို့ လုပ်ဆောင်မှု စည်းကမ်းအချို့ကို လိုက်နာရန် သဘောတူကြပါသည်။ သို့သော် ဤစည်းကမ်းများမှာ ကုသမှုအတွင်း၌သာ သက်ဆိုင်ပါသည်။ ကုသမှု ပြင်ပတွင် အကျုံးမဝင်ပါ။ သဘာဝအားဖြင့် အပျက်သဘော ဖြစ်သော အပြုအမူတို့ကို ရှောင်ရှားရန် မသက်ဆိုင်သလို တစ်ဘဝလုံးလည်း မဟုတ်ပါ။

(၅) ဆရာသမား သို့မဟုတ် ဆရာဝန်အပေါ် သဘောထား။ သာဝကများက သူတို့၏ ဘာသာရေး ဆရာသမားအား သူတို့ရရှိအောင် ကြိုးစားလိုသူ သက်ရှိ စံနမူနာအဖြစ် ရှုမြင်ပါသည်။ ဆရာ၏ အရည်အသွေးကောင်းများကို မှန်ကန်သော အသိအမှတ်ပြုမှုတွင် အခြေခံပြီး ဤသို့ ရှုမြင်ကြခြင်း ဖြစ်သည်။ ဉာဏ်အလင်းရရှိမှုဆီသို့ သူတို့၏ အဆင့်လိုက် လမ်းကြောင်း တစ်လျှောက်တွင် ဤအမြင်ကို ထိန်းသိမ်းကာ ပို၍ ခိုင်မာလာပါသည်။ လူနာများမှာမူ သူတို့၏ ဆရာဝန်ကို စိတ်ခံစားချက် ကျန်းမာရေးအတွက် စံပြအဖြစ် သဘောထား နိုင်သော်လည်း ဆရာဝန်၏ အရည်အသွေးကောင်းများကို မှန်ကန်သော အသိအမှတ်ပြုမှု မလိုအပ်ပါ။ ဆရာဝန် ဖြစ်လာစေရေးမှာလည်း ထိုဆက်ဆံရေး၏ ရည်မှန်းချက် မဟုတ်ပါ။ ကုသမှုကာလအတွင်း ဆရာဝန်များက လူနာကို စံပြုခန့်မှန်းမှုများထက် ကျော်လွန်ကာ ဦးဆောင်သွားပါသည်။

“သာဝက” ဆိုသော ဝေါဟာရကို မှားယွင်းသုံးစွဲခြင်း

တစ်ခါတစ်ရံ လူတို့သည် မိမိကိုယ်ကိုယ် ဘာသာရေး ဆရာသမားများ၏ သာဝကများဟု ခေါ်လိုက်ကြသည်။ သို့သော် သူတို့ဖြစ်စေ၊ ဆရာသမား ဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ ဝေါဟာရ၏ သင့်တော်သော အဓိပ္ပာယ်အတိုင်း မပြည့်မီကြပါ။ သူတို့၏ မသိမှုကြောင့် တစ်ခါတစ်ရံ လက်တွေ့မကျသော မျှော်မှန်းချက်များ၊ နားလည်မှု လွဲခြင်းများ၊ နာကျင် ခံစားမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်လာတတ်ပါသည်။ ဤစကားအရ ညှဉ်းပန်းနှိပ်စက် ခံရသူ ဖြစ်လာခြင်း ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက် ဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် ခွန်အားပြသကာ တစ်စုံတစ်ဦးကို အသုံးချခြင်းကို ဆိုလိုပါသည်။ အနောက်တိုင်းတွင် အတွေ့များသည့် အတုအယောင် သာဝက အမျိုးအစား သုံးမျိုးကို လေ့လာကြည့်ကြပါစို့။ သူတို့သည် ဘာသာရေး ဆရာသမားများနှင့် အထူးသဖြင့် ပြဿနာများ ပိုဖြစ်တတ်ပါသည်။

(၁) အချို့လူများက ဓမ္မစင်တာများသို့ ရောက်လာပြီး သူတို့စိတ်ကူးယဉ်ထားသည်များ ပြည့်ဝအောင် မျှော်လင့်ကြသည်။ “လျှို့ဝှက်ဆန်းကြယ်သော အရှေ့တိုင်း” သို့မဟုတ် စူပါစတား ဂုရုကြီးများအကြောင်း ဖတ်ဖူး၊ ကြားဖူးကြပြီး ထူးခြားဆန်းကြယ်သော အတွေ့အကြုံ ရရှိခြင်းဖြင့် စိတ်လှုပ်ရှားဖွယ် မကောင်းဖို့များသော သူတို့၏ ဘဝများကို ကျော်လွှားလိုကြပါသည်။ သူတို့သည် ဘာသာရေး ဆရာသမားများနှင့် တွေ့ဆုံပြီး အထူးသဖြင့် ဆရာက အာရှတိုက်သား၊ သင်္ကန်းဝတ်သူ သို့မဟုတ် ထိုနှစ်ချက်စလုံး ပြည့်စုံသူဆိုလျှင် မိမိကိုယ်ကိုယ် သာဝကဟု ချက်ချင်း ကြေညာလိုက်သည်။ အာရှတိုက်မှ ဘွဲ့အမည်များရှိသည့် လူဝတ်နှင့် ဖြစ်စေ၊ သင်္ကန်းဝတ်ဖြစ်စေ အနောက်တိုင်း ဆရာသမားများကိုလည်း ထိုသဘောအတိုင်း ပြုလုပ်လိုက်ကြပါသည်။

လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေသည်မှာ ထိုသို့ ရှာဖွေသူက ဘာသာရေး ဆရာသမားနှင့် ရရှိထားသော ဆက်ဆံရေးကို တစ်ခါတစ်ရံ မတည်မငြိမ် ဖြစ်စေပါသည်။ သင့်တော်သော အရည်အချင်းရှိသည့် ဆရာများ၏ သာဝကများဟု သူတို့ဘာသာ ကြေညာထားလျှင်ပင် သူတို့သည် သူတို့မှာ ရှိချင်ရှိနေမည့် စိတ်ကူးယဉ်မှုများမှ လွဲ၍ သဘာဝလွန် ကိစ္စတစ်ခုခု မဖြစ်ပေါ်ကြောင်း သဘောပေါက်သောအခါ ထိုဆရာများထံမှ တစ်ခါတစ်ရံ ထွက်ခွာသွားပါသည်။ ထို့ပြင် “ချက်ချင်း သာဝက” ဖြစ်ရန် လက်တွေ့မကျသော သဘောထားများနှင့် မျှော်လင့်ချက် ကြီးမားခြင်းသည် သူတို့၏ ဝေဖန်ဆန်းစစ်မှု စိတ်ကို တစ်ခါတစ်ရံ ဖုံးလွှမ်းသွားပါသည်။ ထိုသူတို့သည် ပြကွက်ကောင်းတစ်ခု ပြသရာတွင် ကျွမ်းကျင်သည့် ဘာသာရေး အတုအယောင်ဆရာများ၏ လှည့်ဖြားမှုကို အထူးသဖြင့် ခံရတတ်ပါသည်။

(၂) အချို့လူများသည် ကိုယ်၊ စိတ် နာကျင်မှုကို ကျော်လွှားရန် အထောက်အကူဖြစ်စေဖို့ စင်တာများသို့ အလောတကြီး ရောက်လာပါသည်။ ကုထုံး ပုံစံအမျိုးမျိုးကို သူတို့စမ်းကြည့်ပြီးဖြစ်သော်လည်း တစ်ခုမျှ မအောင်မြင်ပေ။ ယခုအခါ မှော်ဆရာ/ပျောက်စေဆရာထံမှ ဆန်းကြယ်သော ကုသမှုကို သူတို့ရလိုကြသည်။ ဆေးအဆောင် ပေးမည့်သူ၊ အထူးဆုတောင်းပေးမည့်သူ၊ ရွတ်ဖတ်ရန် မန္တရား ပေးမည့်သူ သို့မဟုတ် လေ့ကျင့်ရန် ထောင်ပေါင်းများစွာသော ရှိခိုးနည်းများကဲ့သို့ အစွမ်းထက် လေ့ကျင့်နည်း ပေးမည့်သူ တစ်ဦးဦး၏ သာဝကများဟု သူတို့ကိုယ်သူတို့ ကြေညာလိုက်သည်။ ထိုနည်းဖြင့် သူတို့ပြဿနာများ အလိုလို ပြေလည်သွားမည့်အလား ထင်မှတ်ကြသည်။ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေနေသူများအား ဆွဲဆောင်သည် အလားတူ ဆရာသမားများထံသို့လည်း သူတို့ခြေဦးလှည့်ကြသည်။ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေနေသူများ၏ “ပျောက်စေ” စိတ်ထားသည် ဘာသာရေး အတုအယောင်များ၏ အလွဲသုံးမှုကိုလည်း ဆွဲဆောင်နေပါသည်။

(၃) အချို့သူများ၊ အထူးသဖြင့် အစွဲအလမ်း ကြီးသူများ၊ အလုပ်လက်မဲ့ လူငယ်များကလည်း လူကြိုက်များအောင် ဆွဲဆောင်သော ဓမ္မစင်တာများသို့ ဖြစ်တည်မှုပဓာနဝါဒ ဖြည့်ဆည်းမှုများ ရရှိမည် အထင်နှင့် ရောက်လာပါသည်။ ဆွဲဆောင်မှုရှိသော ဘဝင်မြင့်သူများက သူတို့ကို “ဘာသာရေး ဖက်ဆစ်” နည်းလမ်းများဖြင့် ဆွဲခေါ်သွားပါသည်။ သာဝကဆိုသူတို့ကို သူတို့ဂိုဏ်းထဲ အလုံးစုံ သစ္စာခံပါက သူတို့ကို များပြားလှသော ခွန်အားများ ပေးမည်ဟု ကတိပြုကြသည်။ ရန်သူတို့ကို ချေမှုန်းမည့် ကြမ်းတမ်းသော အကာအကွယ်ပေးသူ ဆိုသည့် နားထောင်ကောင်းသော ဖော်ပြချက်များဖြင့် သာဝကများကို ဆက်လက်ပြီး ဆွဲဆောင်ပါသည်။ အထူးသဖြင့် အဆင့်နိမ့်ပြီး မစင်ကြယ်သော ဗုဒ္ဓဘာသာ အစဉ်အလာများမှ နောက်လိုက်များကို ထိုသို့ ဆွဲဆောင်ပါသည်။ သူတို့လှုပ်ရှားမှု၏ တည်ထောင်သူ ဖခင်ကြီးများထံမှ အစွမ်းထက်လူသား ခွန်အားများရှိသည့် ကြီးကျယ်ခမ်းနားသော ဇာတ်လမ်းများဖြင့် အားကြီးသော ခေါင်းဆောင်က လောကီလွန်ပညာ အနေအထားဖြင့် မိမိတို့အား ချီးမြှင့်ပေးမည်ဆိုသည့် သာဝကများ၏ အိပ်မက်ကို ဖြည့်ဆည်းပေးရန် သူတို့ကြိုးစားပါသည်။ ဤကတိများအတိုင်းပင် ထိုသူတို့သည် မိမိကိုယ်ကိုယ် သာဝကဟု အလျင်အမြန် ကြေညာလိုက်ပါသည်။ ပြီးလျှင် အာဏာကြီးစိုးသော ဆရာများက သူတို့အား ပေးလာသည့် ညွှန်ကြား သို့မဟုတ် အမိန့် မှန်သမျှကို မျက်ကန်းလိုက်နာပါတော့သည်။ ရလဒ်ကတော့ အများအားဖြင့် ဆိုးရွားလှပါသည်။

အကျဉ်းချုပ်

အနှစ်ချုပ်အားဖြင့် ဗုဒ္ဓဘာသာ စင်တာတစ်ခုတွင် သင်ကြားပေးသူတိုင်းသည် စစ်မှန်သော ဘာသာရေး ဆရာသမားတစ်ဦး မဟုတ်ပါ။ ထို့အတူ ထိုစင်တာတွင် လေ့လာဆည်းပူး နေသူတိုင်းသည်လည်း စစ်မှန်သော ဘာသာရေး သာဝကတစ်ဦး မဟုတ်ပါ။ ဆရာနှင့် သာဝက ဝေါဟာရ နှစ်ခုစလုံး၏ သုံးနှုန်းပုံမှာ တိကျရန်လိုပါသည်။ ထိုအတွက် ဘာသာရေး ရိုးသားမှုနှင့် ဟန်ဆောင်ခြင်းကင်းမှုတို့ လိုအပ်ပါသည်။

Top