ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ ခံစားချက်များသည် လည်းကောင်း ဘာမှမထူးခြားပါ

နိဒါန်း

တိဘက်ဘာသာစကားတွင် လိုဂျုန် ဟုခေါ်သည့် စိတ်ကိုလေ့ကျင့်ခြင်း သို့မဟုတ် စိတ်သဘောထား လေ့ကျင့်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝတွင် တွေ့ကြုံရင်ဆိုင်ရပုံနှင့် ထိုသို့ကြုံတွေ့ရမှုများအပေါ် ကျွန်ုပ်တို့၏သဘောထားများ ပြောင်းလဲနိုင်ပုံတို့အကြောင်းကို ကိုင်တွယ်ဖြေရှင်းပါသည်။ ဘဝသည် အတက်၊ အကျများပြည့်နေပြီး အလွန်ပင် မလွယ်ကူသည်ကို အားလုံးသိကြပါသည်။ ကျွန်ုပ်တို့သည် အချိန်တိုင်း အမျိုးမျိုးကြုံတွေ့နေရပြီး ယင်းတို့သည် အကြောင်းတရားနှင့် အခြေအနေများစွာကြောင့် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။

လွယ်လွယ်ကူကူ နမူနာတစ်ခုပြရလျှင် ကျွန်ုပ်တို့အားလုံး ယခုညနေခင်းတွင် ဤနေရာမှာစုစည်းမိသည့်အနေနှင့် စဉ်းစားကြည့်ပါ။ သင် ဘာကြောင့် ဒီကို ရောက်လာပါသနည်း။ ရုပ်ပိုင်းဆိုင်ရာ အချက်များမှာ ယာဉ်အသွားအလာနှင့် သယ်ယူပို့ဆောင်ရေး၊ ဤမြို့တွင် သင်နေထိုင်ခြင်း၊ သင်စိတ်ဝင်စားသော အကြောင်းရပ်များ၊ သင့်မိသားစု၊ အလုပ်ခွင်နှင့် နေ့စဉ်ဘဝတွင် ယေဘုယျအားဖြင့် ဖြစ်ပျက်နေသောအရာများ ပါဝင်ပါသည်။ အကြောင်းတရားနှင့် အခြေအနေ မြောက်မြားစွာကြောင့် ကျွန်ုပ်တို့ စုစည်းမိပါသည်။ အားလုံးသည် မတူညီသော နောက်ခံအကြောင်း၊ မတူညီသော အကြောင်းတရားနှင့် အခြေအနေများကြောင့် ရောက်ရှိလာကြပါသည်။

ယခုဤနေရာတွင် ထိုင်နေသည်မှာ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်နှင့် ဘာသာပြန်သူတို့ ရှိပါသည်။ မှတ်တမ်း တင်နေသော ဗီဒီယို ကင်မရာလည်း ရှိပါသည်။ ကျွန်ုပ်ကိုကြည့်နေသော သင်တို့နှင့် ကင်မရာတို့တွင် မည်သို့ ကွာခြားပါသနည်း။ ကင်မရာသည် ကျွန်ုပ်တို့လိုပင် အကြောင်းတရားနှင့် အခြေအနေများစွာကြောင့် ဤနေရာကို ရောက်နေပါသည်။ တစ်စုံတစ်ယောက်က ထုတ်လုပ်ပြီး တစ်စုံတစ်ယောက်က ဝယ်လိုက်သည်။ နောက်တစ်ယောက်က တပ်ဆင်သည်။ ကင်မရာနှင့် ကျွန်ုပ်တို့သည် အချက်အလက်များ ရယူပါသည်။ သို့သော် တကယ့်ကွာခြားချက်မှာ ကျွန်ုပ်တို့က ရရှိသည့် အချက်အလက်များကို အခြေခံပြီး ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အနည်းအများအလိုက် ခံစားချက်များ ဖြစ်ပေါ်ပါသည်။ ကင်မရာနှင့် ကွန်ပျူတာများက ၎င်းတို့ရရှိသော အချက်အလက်များကို ကြုံတွေ့ခံစားခြင်း မရှိပါ။

ပျော်ရွှင်မှုဆိုတာဘာလဲ။

ဘဝ၏ အခြေခံစည်းမျဉ်းမှာ ကျွန်ုပ်တို့ အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ ဝမ်းမနည်းလိုခြင်း ဖြစ်ပါသည်။ ထိုအခါ “ကောင်းပြီ။ ဒါဆိုရင် ပျော်ရွှင်တယ် ဆိုတာဘာလဲ။ ကျွန်ုပ်တို့ ဘာကိုအမှန်တကယ် လိုချင်တာလဲ" ဟု တွေးစရာ ဖြစ်လာပါသည်။

ဗုဒ္ဓဘာသာ အမြင်အရ ပျော်ရွှင်မှုဆိုသည်မှာ မစွန့်လွှတ်ချင်သည့် တွေ့ကြုံခံစားရမှုဖြစ်ပြီး ယင်းကို ကြိုက်နှစ်သက်သည့်အတွက် ဆက်လက်ဖြစ်ပေါ်စေချင်ပါသည်။

ဤသို့စိတ်အတွေ့အကြုံနှင့်အတူ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို မြင်တွေ့ခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ သိမှုဖြစ်စေ၊ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်း တွေးတောခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ သိမှုဖြစ်စေ တွဲဖက်နေနိုင်ပါသည်။ ကျွန်ုပ်တို့ မြင်တွေ့သောအရာ သို့မဟုတ် တွေးနေသောအရာကို အလွန်နှစ်သက်ခြင်းမျိုး မဟုတ်ဘဲ မြင်တွေ့ခြင်း၊ တွေးတောခြင်း ပြုနေစဉ် ခံစားရပုံကို နှစ်သက်ခြင်း ဖြစ်ပါသည်။ သို့သော် ပျော်ရွှင်မှုဆိုသည်မှာ သာယာသော ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့နှင့် မတူပါ။ ယင်းမှာ စိတ်အခြေအနေ ဖြစ်ပါသည်။ ချောကလက် သို့မဟုတ် မိမိ၏နုပျိုမှု သို့မဟုတ် ပျော်ရွှင်မှုကဲ့သို့ တစ်စုံတစ်ခု၏ အရည်အသွေးကောင်းများကို ချဲ့ကားခြင်းဖြစ်ကာ တွယ်တာမိပြီး မစွန့်လွှတ်လိုသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့်လည်း မတူပါ။

ဥပမာအားဖြင့် ရုပ်ရှင်ကဲ့သို့ တစ်ခုခုကို ကြည့်နေသောအခါ ကြုံရသည့် ပျော်ရွှင်မှုအတိုင်းအတာသည် အားမကောင်းလှပါ။ မိနစ်အနည်းငယ် ကြည့်ပြီးနောက် ဆက်ကြည့်နေမိပြီး တခြားကို အာရုံမစိုက်မိတော့သလို ရှိပါသည်။ ထိုအချက်က ကျွန်ုပ်တို့သည် မိမိခံစားနေရသည်ကို ကျေနပ်နှစ်သက်နေပြီး ထိုခံစားချက်မှ ဖယ်ခွာမသွားချင်ကြောင်း ဖော်ပြပါသည်။ “ဆက်ကြည့်နေရတာ ပျော်တယ်” ဟု တွေးနေနိုင်ပါသည်။ ကြည့်ရသည်ကို မပျော်ရွှင်ပါက ဆက်မကြည့်မိအောင် ကြိုးစားပါလိမ့်မည်။ မပျော်ရွှင်မှု ဆိုသည်မှာ မိမိတွင် ပင်ကိုသဘာဝအရ မရှိစေလိုသော တွေ့ကြုံရသည့် ခံစားချက်ဟု အဓိပ္ပာယ်သတ်မှတ်ပါသည်။ ဤသို့ဆိုရာတွင် တစ်ခုခုကို လိုချင်ခြင်း သို့မဟုတ် မလိုချင်ခြင်း မရှိသည့် ဘက်မလိုက်သော ခံစားချက်လည်း တစ်ခါတစ်ရံ ရှိပါသည်။

သို့သော် “ပျော်ရွှင်မှု”၊ “မပျော်ရွှင်မှု” အနေနှင့် တစ်ခါတစ်ရံ တွေးကြည့်ပါက မျက်နှာပြုံးဖြီးဖြီးဖြစ်ခြင်း သို့မဟုတ် အလွန်ပင် ဝမ်းနည်းစိတ်ဓာတ်ကျခြင်း စသည်ဖြင့် အစွန်းရောက်အောင် တွေးမိကြပါသည်။ သို့ရာတွင် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု ခံစားချက်များသည် ဤသို့ဟန်အမူအရာပြစရာ မလိုပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ဘဝ၏ အခိုက်အတန့်တိုင်းတွင် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတိုင်းအတာအချို့ကို ကြုံတွေ့နေရပြီး အခိုက်အတန့် အများစုသည် သိပ်ဟန်အမူအရာ မပါဝင်ပါ။

ဘဝ၏ အတက်အကျများ

အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် အဖြစ်အပျက်များစွာ ကြုံဆုံနေရပါသည်။ ယခုလို ဤနေရာသို့ ရောက်ရှိလာခြင်း၊ အတူတကွ စုဝေးမိခြင်းမှာ အကြောင်းတရားနှင့် အခြေအနေများစွာကြောင့် ဖြစ်ပါသည်။ မိမိအနီးအနားတွင်ဖြစ်စေ၊ စိတ်ထဲတွင်ဖြစ်စေ ဖြစ်နေသောအရာနှင့် ပတ်သက်သည့် အချက်အလက်များကို ရယူပါသည်။ ထိုသို့ ဖြစ်နေစဉ်တွင် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု အဆ့်အမျိုးမျိုးဖြင့် ကြုံတွေ့ခံစားပါသည်။ ဤဖြစ်စဉ်ကို စိတ်ကြည်လင်သည် သို့မဟုတ် စိတ်မကြည်ဘူး စသည်ဖြင့် စိတ်အနေအထားနှင့် တစ်ခါတစ်ရံ ဖော်ပြတတ်ပါသည်။

ဘဝ၏ သဘောသဘာဝသည် အမြဲတမ်း အတက်အကျ ဖြစ်နေပါ၏။ ထို့ပြင် ကျွန်ုပ်တို့ရရှိသည့် စိတ်အခြေအနေသည် ကျွန်ုပ်တို့ရယူသည့် အချက်အလက်များ၊ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဖြစ်နေသောအရာများ၊ ကျွန်ုပ်တို့ ဆောင်ရွက်နေသောအရာများ စသည်တို့နှင့် အမြဲတမ်း မသက်ဆိုင်ပါ။ နမူနာပြရလျှင် ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် နှစ်သက်သောကိစ္စတစ်ခုကို ပြုလုပ်နေသော်လည်း စိတ်မကြည်သည့်အတွက် ယင်းကို ပျော်ရွှင်စွာ မခံစားနိုင်ပါ။ သို့မဟုတ် အားစိုက်ရသည့် အားကစားလှုပ်ရှားမှုကဲ့သို့ သိပ်ပျော်စရာ မကောင်းသည့်အရာတစ်ခု ပြုလုပ်နေသော်လည်း ပျော်ရွှင်လာသည့်အတွက် ဆက်လက်လုပ်ဆောင်လိုပါသည်။ ကျွန်ုပ်တို့၏ စိတ်အခြေအနေက ကျွန်ုပ်တို့ အမှန်တကယ် ဆောင်ရွက်နေသောအရာနှင့် အမြဲတမ်း မသက်ဆိုင်သည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

အခိုက်အတန့်တိုင်းကို ကြုံတွေ့နေစဉ်တွင် ထိုအတွက် သဘောထားအချို့ အမြဲရှိနေပါသည်။ ယခုပြောနေသော အကြောင်းအရာဖြစ်သည့် သဘောထားဆိုသည်မှာ အဘယ်နည်း။ သဘောထားဆိုသည်မှာ တစ်စုံတစ်ခုအပေါ် သဘောထားပုံဟု ရိုးရှင်းစွာဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ထံတွင် သဘောထား အမျိုးမျိုး ရှိနိုင်ပါသည်။ ထိုသဘောထားအပေါ် မူတည်ပြီး ကျွန်ုပ်တို့၏ စိတ်အခြေအနေ အမျိုးအစားကို အလွန်သက်ရောက်မှု ရှိပါသည်။ ပုံမှန်အခြေအနေများတွင် ဘဝတွင် အမြဲကြုံနေရသော အတက်အကျများကို ပြောင်းလဲရန် အမှန်တကယ် အများကြီး မပြုလုပ်နိုင်ပါ။ သင့်ကိုပီတိဖြစ်စေသည့် တရားရှုမှတ်နည်းအချို့ ဆောင်ရွက်လျှင်ပင် ရေရှည်တွင် အတက်အကျများ ရှိလာမည် မဟုတ်ပါလား။ သို့သော်လည်း ကျွန်ုပ်တို့ ကြိုးစားပြုပြင်ရမည်မှာ ကျွန်ုပ်တို့၏ သဘောထား ဖြစ်ပါသည်။

ယခုအခါ ကျွန်ုပ်တို့၏ သဘောထားကို လေ့ကျင့်ခြင်းအကြောင်း ပြောရာတွင် အပိုင်းနှစ်ပိုင်း ရှိပါသည်။ တစ်ပိုင်းမှာ အရာရာအပေါ် အပျက်သဘောထား ရှိမှုကို ရှင်းလင်းရန် သို့မဟုတ် တားဆီးရန် ဖြစ်ပါသည်။ “အပျက်သဘော” ဆိုသည်မှာ အနည်းငယ် ပြင်းထန်သောစကားလုံး ဖြစ်သည့်အတွက် “အကျိုးမရှိသော” ဟုလည်း ပြောနိုင်ပါသည်။ သို့သော် မိမိကိုယ်ကို ပျက်စီးစေသည့် သဘောလည်း ပါဝင်ပါသည်။ အကြောင်းမှာ ဤသဘောထားများကြောင့် ကျွန်ုပ်တို့ စိတ်မကြည်မလင် ဖြစ်ရပါသည်။ အခြားအပိုင်းတစ်ခုမှာ အရာရာကို ပိုပြီးအကျိုးရှိသောနည်းဖြင့် ကြည့်တတ်အောင် လေ့ကျင့်ရန် ဖြစ်ပါသည်။

ဤနေရာတွင် “အပြုသဘော တွေးခေါ်မှု၏ စွမ်းအား” ဆိုသည့် အရာအကြောင်း ပြောခြင်းမဟုတ်သည်ကို သတိပြုရန် အရေးကြီးပါသည်။ ယင်းမှာ “အားလုံး အရမ်းကောင်းတယ်။ အားလုံး ပြီးပြည့်စုံတယ်” ဟု အလွန်အကျူး အကောင်းမြင်ခြင်း ဖြစ်ပါသည်။ ထိုအခါ အထောက်အကူ ပြုသော်လည်း အနည်းငယ် ရိုးရှင်းပါသည်။ မိမိသဘောထားကို ဖြေရှင်းရန် အမှန်တကယ် ထိရောက်သောနည်းလမ်း တစ်ခုသည် ကျွန်ုပ်တို့သည် ပိုပြီးနက်နဲစွာ ကြည့်ရန်ဖြစ်ပါသည်။

မိမိခံစားနေရသောအရာသည် ဘာမှမထူးခြားပါ

ပထမဦးစွာ ကျွန်ုပ်တို့ခံစားရသည့် ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွှင်မှု အဆင့်အလိုက် ခံစားချက်များနှင့် ပတ်သက်သည့် သဘောထားကို အာရုံစိုက်ကြပါစို့။ ဤနေရာတွင် လူအများစုမှာရှိသည့် မိမိခံစားနေရသည့်အရာ၏ အရေးကြီးမှုကို ပုံကြီးချဲ့မိသော ပြဿနာအနေနှင့် လေ့လာပါမည်။

ကျွန်ုပ်တို့သည် “ငါ” ဟူ၍ မိမိကိုယ်ကို ပုံကြီးချဲ့ပြီး မိမိခံစားနေရသည်ကိုလည်း များစွာ ချဲ့ကားပါသည်။ ကျွန်ုပ်တို့သည် အရာရာကို နှစ်ခွဖြစ်သောနည်းဖြင့် တွေ့ကြုံခံစားပါသည်။ နမူနာပြရလျှင် တစ်ဖက်တွင် “ငါ” ဆိုသည့်အမြင် ရှိပြီး အခြားတစ်ဖက်တွင် မပျော်ရွှင်မှု ရှိပါသည်။ ကျွန်ုပ်တို့သည် ဤမပျော်ရွှင်မှုကို ကြောက်ရွံ့သည့်အတွက် ယင်းကို တတ်နိုင်သလောက် တားဆီးပြီး ဖယ်ရှားရန် ကြိုးစားပါသည်။ သို့သော် ဤသဘောထား ရှိသောအခါ လက်တွေ့တွင် မည်သို့ခံစားရပါသနည်း။ ပိုဆိုးစေသည်မဟုတ်ပါလား။

သင်စိတ်မကြည်လင်ဘဲ မပျော်မရွှင်ဖြစ်နေသောအခါ သင့်သဘောထား မည်သို့ရှိသည်ကို ခဏလောက် စဉ်းစားကြည့်ပါ။ ငိုကြွေးနေပြီး အလွန်ပင် ဝမ်းနည်းနေသောအချိန်ကို မဆိုလိုပါ။ ထိုင်ပြီးအလုပ်လုပ်ရင်း သို့မဟုတ် တီဗီကြည့်ရင်း သို့မဟုတ် တစ်ခုခုပြုလုပ်နေရင်း “အင်း။ စိတ်ညစ်လိုက်တာ” ဟု ခံစားရခြင်းကို ဆိုလိုပါသည်။ ဤသည်မှာ ဤနေရာတွင် ထိုင်ပြီး မိုးသားတိမ်လိပ်များ မှောင်မဲလာသလို ဖြစ်သည်ဟုတွေးမိကာ “ဒါမျိုး မဖြစ်ချင်ဘူး” ဟု အကာအကွယ်များ ခြားထားလိုပါသလား။ ထိုသို့ သင်ကြုံတွေ့ရပါသလား။ စိတ်မကြည်လင်မှုက ပေါ်ပေါက်လာပြီး ကျွန်ုပ်တို့က လုံးဝ အလိုမရှိဘူးဟု ထင်ရတတ်ပါသည်။ ထို့ပြင် ယင်းကို ဆိုးရွားလိုက်တာဟု ပိုပြီးအာရုံစိုက်လေ၊ ပိုဆိုးလာလေ ဖြစ်ပါသည်။ ဤနေရာတွင် ပြဿနာမှာ ကျွန်ုပ်တို့သည် ဖြစ်နေသောအရာကို ချဲ့ကားပြီး နှစ်ခုခွဲထုတ်လိုက်ပါသည်။ တစ်ဖက်တွင် “ငါ” ရှိပြီး အခြားတစ်ဖက်တွင် စိတ်မကြည်လင်မှု ရှိပါသည်။

ပျော်ရွှင်မှုနှင့် ပတ်သက်လျှင် မည်သို့ရှိမည်နည်း။ ဤနေရာတွင်လည်း ကျွန်ုပ်တို့သည် တစ်ဖက်တွင် “ငါ” နှင့် အခြားတစ်ဖက်တွင် ပျော်ရွှင်မှုဆိုပြီး နှစ်ခွဖြစ်သောနည်းဖြင့် တွေ့ကြုံခံစားတတ်ပါသည်။ ထို့နောက် ယင်းကို ဆုံးရှုံးမှာကြောက်သည့်အတွက် တွယ်တာပြီး ဆုပ်ကိုင်ထားရန် ကြိုးစားပါသည်။ ယင်းကို ပျောက်ဆုံးသွားမှာ စိုးသည့်အတွက်၊ ယင်းကို ဆုံးရှုံးသွားကာ ဝမ်းနည်းရတော့မည် ဖြစ်သည့်အတွက် မလုံခြုံမှု ရှိနေပါသည်။ ဤသို့မလုံခြုံမှုက ဖျက်ဆီးပစ်သည့်အတွက် ပျော်ရွှင်မှုကို အေးအေးဆေးဆေး ခံစားရန်မှာ ခက်ခဲနေသည် မဟုတ်ပါလား။ ထို့ပြင် “ငါက ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူး” အစရှိသည့် ရှုပ်ထွေးမှုအားလုံးလည်း ပါဝင်နိုင်ပါသည်။

သေသေချာချာ စတင်တွေးကြည့်ပါက ကျွန်ုပ်တို့သည် တိရစ္ဆာန်လို တစ်ခါတစ်ရံ ဖြစ်တတ်သည်မှာ ရယ်စရာတော့ ကောင်းပါသည်။ ခွေးတစ်ကောင် အစာစားနေသည်ကို ကြည့်လျှင် နှစ်သက်စွာ စားနေသည်ဟု ထင်ရသော်လည်း ဘေးဘီကို အမြဲကြည့်နေပြီး တစ်စုံတစ်ယောက်က လုယူသွားမည်ကို အနည်းငယ် စိုးထိတ်နေပါသည်။ ထိုသို့သော ခံစားချက်မျိုး ဖြစ်ဖူးပါသလား။ ပျော်ရွှင်နေသော်လည်း တစ်ယောက်ယောက်က တွေ့ရှိသွားပြီး လုယူသွားမည်ကို ကြောက်ရွံ့နေပါသည်။ ထူးဆန်းသည်ဟု ဆိုရပါမည်။

“ငါ” ဟု ရှုမြင်ခြင်းနှင့် ဘက်မလိုက်သော ခံစားချက်တို့ဖြင့် နှစ်ခွဖြစ်သည့် ခံစားချက် ရှိပါသေးသည်။ ကျွန်ုပ်တို့သည် ဘက်မလိုက်သော ခံစားချက်ကို ဘာခံစားချက်မှ မရှိဘူးဟု ပုံကြီးချဲ့ပါသည်။ ဤသို့ မကြာခဏ ဖြစ်တတ်ပြီး ကျွန်ုပ်တို့သည် ဘာကိုမှ မခံစားရသည့်အလား ဖြစ်လာပါသည်။ ထိုအခါ အသက်ရှင်နေတာမှ ဟုတ်ရဲ့လားဟုပင် ခံစားရတတ်ပါ၏။ ဤသို့သော ဘက်မလိုက်သည့် ခံစားချက်ကြောင့် ကျွန်ုပ်တို့သည် အနည်းငယ် မပျော်မရွှင် ဖြစ်လာပါသည်။ ဘာကိုမှ မခံစားရသလို ဖြစ်လာပါသည်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှုနှင့် ဘက်မလိုက်မှုဆိုသည့် ဖြစ်နိုင်ခြေတိုင်းတွင် ပိုပြီးပုံကြီးချဲ့လေ ပိုပြီးမပျော်ရွှင်လေ ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ ခံစားချက်အပေါ် မိမိ၏ သဘောထားသည် မိမိ၏ အတွေ့အကြုံအပေါ် များစွာသက်ရောက်မှု ရှိပါသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု သို့မဟုတ် ဘက်မလိုက်မှုဆိုသည့် ခံစားချက်ကို သီးသန့်အရာအဖြစ်၊ မိမိနှင့် ကင်းကွာနေသည်ဟု မြင်လေ့ရှိပါသည်။

သင့်ရှေ့တွင် ဟင်းလျာသုံးမျိုးရှိသည်ဟု စိတ်ကူးကြည့်ပါ။ တစ်ပွဲက စားမကောင်းပါ။ တစ်ပွဲက အရသာရှိသည်။ နောက်တစ်ပွဲက အရသာ ရောစပ်နေပါသည်။ ဤသည်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုနှင့် ဘက်မလိုက်မှုဆိုသည့် ခံစားချက်များနှင့် တူပါသည်။ ယင်းတို့ကို ခံစားသောအခါ ဟင်းလျာများကို ကျွန်ုပ်တို့က “စားနေသည်” ဆိုပြီး ဆွဲယူလိုက်ပါသည်။ တစ်နည်းဆိုသော် “ငါ့မှာ ဘာခံစားချက်မှ မရှိရင်ကောင်းမယ်” ဆိုသော ခံစားချက်ဖြင့် မစားဘဲ နေနိုင်သည့်အလား ဖြစ်သော်လည်း ထိုသို့မနေပါ။ သို့ရာတွင် ထိုသို့ဆိုပါက အသက်ရှင်နေသလို ခံစားရမည် မဟုတ်တော့ပါ။ ထို့ကြောင့် စိတ်ကျေနပ်မှု မရှိပါ။ ဤသို့ “ငါ” နှင့် စိတ်ခံစားချက်ဆိုပြီး၊ ခံစားချက်သည် ကျွန်ုပ်တို့နှင့် ခွဲခြားထားသည့် နှစ်ခွဖြစ်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။

လုပ်သာလုပ်ပါ

ကျွန်ုပ်တို့၏ သဘောထားများကို လေ့ကျင့်ချိန်တွင် ပထမဆုံး ဆောင်ရွက်ရမည်မှာ “ဘာမှမထူးခြားဘူး” ဆိုသော သဘောထားမျိုး ရှိရန်ဖြစ်ပါသည်။ ဤသည်မှာ ဘာမှမဟုတ်ဘူးဟု ထင်ရသော်လည်း တကယ်တော့ အလွန် လေးနက်ပါသည်။ “အခု ခံစားနေရတာက ဘာမှမထူးခြားပါဘူး။” ဘဝသည် အတက်အကျရှိပါသည်။ တစ်ခါတစ်ရံ စိတ်ကြည်ပြီး တစ်ခါတစ်ရံ စိတ်မကြည်ပါ။ တစ်ခါတစ်ရံ ဘာမှမဖြစ်သလို နေပါသည်။ ထိုအတွက် ဘာမှအံ့ဩစရာ မရှိပါ။ ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် ခံစားနေရမည် ဖြစ်ပြီး အခြားသော ခံစားချက်များ မရှိသင့်သည့်အလား ကျွန်ုပ်တို့နှင့် ပတ်သက်၍ ဘာမှ မထူးခြားပါ။ အဓိကအချက်မှာ မည်သို့ခံစားရသည်ဖြစ်စေ ဘဝကို ရှေ့ဆက်နေရပါသည်။

ဥပမာအားဖြင့် သင့်သားသမီးများကို ပြုစုစောင့်ရှောက်ရမည် ဆိုပါက သင်စိတ်ကြည်သည်ဖြစ်စေ၊ မကြည်သည်ဖြစ်စေ၊ ထိုသို့ဆောင်ရွက်ရန် လိုပါသည်။ စိတ်ခံစားချက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကားမောင်းပြီး အလုပ်သွားပါသည်။ မိမိကိုယ်ကိုနှင့် မိမိခံစားရပုံကို ပိုပြီးအာရုံစိုက်လေ၊ ပိုပြီးမပျော်ရွှင်လေ ဖြစ်ပါသည်။ ထိုသို့ ဆိုသည့်အတွက် ကျွန်ုပ်တို့သည် ဘာကိုမှ မခံစားရဘူးဟု မဆိုလိုပါ။ မိမိခံစားနေရသောအရာကို သတိရှိသင့်သော်လည်း တစ်ချိန်တည်းမှာပင် ပုံကြီးမချဲ့မိရန်လည်း လိုပါသည်။

အချို့သူတို့က ဝမ်းနည်းရမည့် ခံစားချက်ကို သူတို့ကို လုံးဝစိတ်ညစ်စေမည်ဟု ထင်သောကြောင့် အမှန်တကယ် ကြောက်ရွံ့နေဟန်တူပါသည်။ တစ်ယောက်ယောက် ကွယ်လွန်ခြင်း သို့မဟုတ် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ခြင်းကဲ့သို့ ဖြစ်ပါသည်။ အလွန်ပြင်းထန်သည့်အတွက် မပျော်ရွှင်သော ခံစားချက်ကို မခံစားရအောင် ကာကွယ်လိုကြပါသည်။ ဤသည်မှာ မသိစိတ်တွင် ဖြစ်နိုင်ပြီး သိစိတ်ဖြင့် ခံစားချက်ကို ပိတ်ဆို့ခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပါမည်။ ပြင်ပမှ တစ်ခုခုက ကိုယ်ထဲဝင်လာသည့်အလား ယင်းကို ငြင်းပယ်လိုပါသည်။ အခြားတစ်ဖက်တွင်မူ မိမိသည် ပျော်ရွှင်ထိုက်သူ မဟုတ်ကြောင်း တွေးနေသူများ ရှိပါသည်။ အရာရာ အဆင်ပြေနိုင်သော်လည်း သူတို့သည် အခြေခံအားဖြင့် မကောင်းသည့်အတွက် ပျော်ရွှင်မှုမရသင့်ကြောင်း ထင်နေပါသည်။ ထို့ပြင် ဘက်မလိုက်သော ခံစားချက် မထားရှိနိုင်သူများကိုလည်း တွေ့နိုင်ပါသည်။ သူတို့က သီချင်းအမြဲ နားထောင်ခြင်းကဲ့သို့ အချိန်တိုင်း ဖျော်ဖြေသာယာလိုကြပါသည်။ ထိုအခါ သူတို့သည် ကျေနပ်ပျော်ရွှင်ရလိမ့်မည်ဟု ခံစားရပါသည်။ ထို့ကြောင့် တိတ်ဆိတ်သည့် ဘက်မလိုက်သော ခံစားချက်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခံစားချက်များကို တစ်ခါတစ်ရံ ကြောက်ရွံ့တတ်ကြသည်ဟု ဆိုနိုင်ပါသည်။ ဘာကြောင့်လဲ။ ကျွန်ုပ်တို့သည် ယင်းတို့နှင့် ယင်းတို့၏ အရေးပါမှုကို များစွာ ပုံကြီးချဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ခံစားချက်များက ဘဝအစိတ်အပိုင်းသာ ဖြစ်ပါသည်။ အခိုက်အတန့်တိုင်းတွင် သဘာဝအားဖြင့် ကြုံဆုံရခြင်း ဖြစ်ပါသည်။ ယင်းမှာ ကျွန်ုပ်တို့နှင့် ဗီဒီယိုကင်မရာ၏ ကွာခြားချက် ဖြစ်သလို ဘာမှမထူးခြားပါ။ ဤသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အရမ်းမရိုးရှင်းလှပါ။

မိမိအိမ်ပြတင်းပေါက်သို့ ကျေးငှက်တစ်ကောင် ရောက်လာသည့်နမူနာ

ကျွန်ုပ်တို့ လိုအပ်သည်မှာ နူးညံ့သိမ်မွေ့သော ဟန်ချက်ညီမှု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်လိုသည်မှာ မှန်သော်လည်း ယခုရရှိနေသည့် ပျော်ရွှင်မှုအားလုံးကို မပျက်စီးစေလိုသော ခံစားချက်လည်း ပါဝင်နိုင်သည့်အတွက် ယင်းကိုဖက်တွယ်ကာ မလုံခြုံမှု ရှိလာပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ ကျွန်ုပ်တို့ယခုရရှိထားသည့် ပျော်ရွှင်မှုသည် ကျိန်းသေကွယ်ပျောက်သွားပါမည်။ ဘဝ၏သဘောသဘာဝကိုက အတက်အကျ ရှိသည့်အတွက် ထိုသို့ရေရှည်မခံခြင်း ဖြစ်ပါသည်။ ဤသို့သိရှိထားပါက စိုးရိမ်နေစရာ အကြောင်းမရှိပါ။ ပျော်ရွှင်မှု ရှိနေသမျှကာလတွင်သာ တွေ့ကြုံခံစားရန် လွတ်လပ်သွားစေပါသည်။

ဤအတွက် ကျွန်ုပ်မကြာခဏ အသုံးပြုသော နမူနာကောင်းတစ်ခု ရှိပါသည်။ အလွန်လှပသော ကျေးငှက်တစ်ကောင် သင့်ပြတင်းပေါက်ကိုလာပြီး ခဏတာ နားသွားသည်ဟု စိတ်ကူးကြည့်ပါ။ ယခုအခါ ငှက်ကလေး၏ အလှကို ခံစားလိုက်နိုင်သော်လည်း တောထဲကငှက် ဖြစ်သည့်အတွက် ပျံထွက်သွားမည်ကို သိနေပါသည်။ ဖမ်းပြီး လှောင်အိမ်ထဲထည့်ထားရန် ကြိုးစားပါက ငှက်သည် အလွန်ပင် မပျော်မရွှင် ဖြစ်ပါလိမ့်မည်။ ဖမ်းရာတွင်လည်း ငှက်ကကြောက်လန့်ပြီး ထွက်ပြေးကာ လုံးဝပြန်မလာတော့ခြင်းမျိုး ဖြစ်သွားနိုင်ပါသည်။ သို့သော် ထိုအတွက် စိတ်အေးသက်သာနေပြီး ငှက်ကလေး ရှိနေချိန်တွင်သာ အလှကို ခံစားလိုက်ပါက ၎င်းသည်လည်း ကြောက်လန့်ခြင်း သို့မဟုတ် မပျော်ရွှင်ခြင်း မဖြစ်တော့သလို နောက်လည်း ပြန်လာနိုင်ပါသည်။

ပျော်ရွှင်မှုသည် ထိုနည်းအတိုင်းပင် မဟုတ်ပါလား။ ကျွန်ုပ်တို့နှစ်သက်သူများနှင့်လည်း ထိုအတိုင်း ဖြစ်ပါသည်။ သူတို့လာလည်သောအခါ သူတို့က အနွေးထည်ပင် မချွတ်ရသေးမီ “ခပ်ကြာကြာ နေသွားပါလား” ဆိုသည့် သဘောထားမျိုး ရှိတတ်ပါသည်။ “ဘယ်တော့ ထပ်လာဦးမလဲ” ဆိုသည့်အတွေးမျိုး ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်တတ်သည့် ပုံမှန်နည်းလမ်းမျိုး ဖြစ်ပါသည်။

ဘာမှမထူးခြားပါ။ လုံးဝ မထူးခြားပါ။ ငှက်တစ်ကောင် ပြတင်းပေါက်ကို လာနားသည်။ မိတ်ဆွေတစ်ယောက် လာလည်သည်။ သူငယ်ချင်းက ဖုန်းဆက်သည်။ ဘာမှမထူးခြားပါ။ အဆုံးသတ်သွားမည် ဖြစ်သည့်အတွက် ရှိနေသမျှအချိန်တွင်သာ ပျော်ရွှင်ခံစားပါ။ ထို့ကြောင့် ဘာကိုမျှော်လင့်နေမည်နည်း။ ကျွန်ုပ်တို့ ပျော်ရွှင်လိုသည်မှာ မှန်ပါသည်။ မပျော်ရွှင်သော အခါတွင်လည်း လက်ရှိကြုံတွေ့နေရသည်ကို လက်ခံလိုက်ပါ။ ထိုအတွက်လည်း ထူးခြားမှု သို့မဟုတ် အံ့ဩစရာ မရှိပါ။ ထိုမပျော်ရွှင်မှုသည်လည်း ကွယ်ပျောက်သွားပါမည်။ ယင်းကို တွန်းထုတ်ရန် ကြိုးစားလျှင်တော့ ပိုဆိုးသွားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ၏ခံစားချက်ကို ဝေဖန်ဆန်းကာ ဘာကိုကြောက်နေသည်ကို လေ့လာနိုင်ပါသည်။ မပျော်ရွှင်မှု ခံစားရမည်ကို ကြောက်နေပါသလား။ ပျော်ရွှင်မှုနှင့် မထိုက်တန်သောကြောင့် ပျော်ရွှင်ရမှာကို ကြောက်နေတာလား။ ဘာမှမရှိသည့်အတွက် ဘက်မလိုက်သည့် ခံစားချက်ကို ကြောက်နေတာလား။ ဘာကိုကြောက်နေပါသနည်း။

အထိအတွေ့ လေ့ကျင့်မှုဆိုသည့်အရာကို ပြောပြလိုပါသည်။ လူတို့၏ ခံစားချက်များအပေါ် ကြောက်ရွံ့မှုကို ကျော်လွှားနိုင်အောင် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါသည်။ သိပ်တော့ မခက်ပါ။ သင်က သင့်လက်ကို ပွတ်သည်။ ထို့နောက် ညှစ်လိုက်သည်။ ထို့နောက် ဆုပ်ကိုင်ပါသည်။ တစ်ခုက ခံစားချက် ကောင်းမွန်ပြီး တစ်ခုက မကောင်းပါ။ နောက်တစ်ခုက မည်သို့မျှ မနေပါ။ သို့သော် ယင်းတို့အားလုံးတွင် ဘာမှထူးထူးခြားခြား မရှိဘူး မဟုတ်လား။ ယင်းတို့မှာ ခံစားချက် များသာ ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့သော သဘောထားမျိုး ရရှိရန် လိုပါသည်။ မိမိသည် စိတ်မကြည်လင်တော့ ဘာဖြစ်မည်နည်း။ ဘာမှ မထူးခြားပါ။ ကျွန်ုပ်တို့သည် စိတ်မကြည်လင်သည်ကို ဝန်ခံကာ ထိုအခြေအနေ ကောင်းမွန်အောင် တစ်ခုခုလုပ်နိုင်ပါက လုပ်လိုက်ရပါမည်။ ဘာမှမလုပ်နိုင်ပါကလည်း ဤအတိုင်း လက်ခံလိုက်ရပါမည်။ တကယ်တော့ ယင်းကို လက်ခံနေစရာပင်မလိုဘဲ လုပ်စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားနိုင်ပါသည်။ ထိုခံစားချက် ကြုံတွေ့ရပုံကို အမှန်တကယ် ပြောင်းလဲလိုပါက ယင်းအပေါ် ကျွန်ုပ်တို့၏ သဘောထား ပြောင်းလဲနိုင်မည့် အခြားနည်းလမ်းများကို လေ့လာရန်လိုပါသည်။

ဤသို့ “ဘာမှမထူးခြားမှု” က ပထမအဆင့် ဖြစ်ပါသည်။ မိမိခံစားရပုံနှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ ဤခံစားချက် များမှ ခွဲခြားထားသည့်၊ ယင်းတို့မခံစားရအောင် ကာကွယ်ရန်လိုသည့် “ငါ” ဟူ၍ မရှိပါ။ အတက်အကျများ ရှိနေသလို ဘဝသည် ဤအတိုင်းဆက်သွားနေပါသည်။

မိမိနှင့် ပတ်သက်၍ ဘာမှမထူးခြားခြင်း

“ခံစားချက်များနှင့် ပတ်သက်၍ ဘာမှမထူးခြားခြင်း” သည် “မိမိနှင့် ယခု မိမိခံစားနေရသောအရာအပေါ် ဘာမှ မထူးခြားခြင်း” နှင့် ဆက်စပ်နေပါသည်။ ထိုအခါ ဗုဒ္ဓဘာသာတွင် “မိမိကိုယ်ကို တန်ဖိုးထားမှု” ဆိုသည့် ခေါင်းစဉ်အောက်သို့ ရောက်လာပါသည်။ ကျွန်ုပ်တို့သည် အရာအားလုံးကို မိမိကိုယ်ကို တန်ဖိုးထားမှု အနေနှင့် တွေ့ကြုံခံစားပါသည်။ ဤသည်မှာ ဘာကိုဆိုလိုပါသနည်း။ မိမိအတွက်သာ လုံးဝ အလေးထားသည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုနှင့် မိမိလက်ရှိ ခံစားနေရသည်ကိုသာ အာရုံစိုက်ပြီး အခြားသူအားလုံးကို “သူတို့ရဲ့ ခံစားချက်က အရေးမကြီးဘူး။ ငါမပျော်ရွှင်တာက အရေးကြီးတယ်” ဟူ၍ သူတို့ကို လျစ်လျူရှုလိုက်ပါသည်။

ဤနေရာတွင်လည်း အရေးကြီးသည်မှာ မိမိနှင့် မိမိတွေးနေသည့်အချက်အပေါ် ဘာမှမထူးခြားကြောင်း စဉ်းစားဖို့လိုပါသည်။ ကျွန်ုပ်တို့၏စိတ်သည် “ငါ” ကိုတွယ်တာပြီး အမြင်ကျဉ်းလာလေ၊ ပိုပြီး မပျော်ရွှင်လေ ဖြစ်ပါသည်။ ယင်းမှာ ကြွက်သားတစ်ခု အလွန်တောင့်တင်းသွားသည်နှင့် ဆင်တူပါသည်။ ကျွန်ုပ်တို့စိတ်သည် “ငါ၊ ငါ၊ ငါ” ဟုဖြစ်နေသော်လည်း ဤကမ္ဘာပေါ်ရှိ လူသန်းပေါင်း ခုနစ်ထောင်နှင့် မရေမတွက်နိုင်သော တိရစ္ဆာန်များကို ထည့်တွက်ပါက ကျွန်ုပ်တို့ခံစားနေရသောအရာမှာ ဘာမှမထူးခြားပါ။ လူတိုင်းသည် လက်ရှိတွင် တစ်ခုခုကို ခံစားနေရပါသည်။ အချို့က ပျော်ရွှင်နေသည်။ အချို့က ဝမ်းနည်းနေသည်။ အချို့က မည်သို့မျှ မခံစားရပါ (အိပ်နေ၍ ဖြစ်နိုင်ပါသည်)။ ယင်းမှာလည်း လူတစ်ဦးချင်းစီတွင် အချိန်တိုင်း ပြောင်းလဲနေပါသည်။ ဤနည်းဖြင့် လေ့လာပါက ကျွန်ုပ်နှင့် ကျွန်ုပ်ယခု ခံစားနေရသော အရာတို့နှင့် ပတ်သက်၍ ဘာများထူးခြားပါသနည်း။

ကားလမ်းပိတ်ဆို့မှု ကြုံတွေ့နေရသည့် ဥပမာနှင့် ဆင်တူပါသည်။ လမ်းပိတ်နေသော အခြားသူများသည် အမှန်ပင် သာယာပျော်ရွှင်နေသည်ဟု ထင်ပါသလား။ “ငါ၊ ငါ၊ ငါက အရေးကြီးတယ်။ ပိတ်မိနေပြီ။ မောင်းထွက်လို့ကို မရဘူး။ ဆိုးလိုက်တာ” ဟု ပိုပြီးတွေးလေ ပိုပြီး မပျော်ရွှင်လေ ဖြစ်လာသည် မဟုတ်ပါလား။ လမ်းကြောပိတ်နေသည့် လူတိုင်းကို တွေးကြည့်လိုက်ပါက သင့်စိတ်သည် အလိုလို ပို၍ပွင့်လင်းလာပြီး ပို၍သက်သာရာ ရလာမှာ သေချာပါသည်။

ယနေ့ ဤနေရာသို့ လာရာတွင် ကားလမ်းများ လုံးဝမရွေ့လျားဘဲ လမ်းကြားထဲမှ ကားများကလည်း လမ်းမကြီးပေါ်တက်ရန် ကြိုးစားနေသည်ကို အမှတ်ရမိပါသည်။ ထိုကားများသည် ယာဉ်ကြောဖြတ်မောင်းပြီး ဆန့်ကျင်ဘက် ယာဉ်ကြောထဲဝင်လိုကြပါသည်။ ထိုဘက်မှာလည်း ယာဉ်များ မရွေးလျားပါ။ ကျွန်ုပ်တို့သွားမည့်ဘက်မှ ယာဉ်ကြောများထဲသို့ တစ်နည်းနည်းဖြင့်ဝင်ပြီး တစ်ဖက်ကို ဖြတ်ဝင်လိုကြခြင်း ဖြစ်ပါသည်။ ထိုသို့ ဖြတ်ခွင့်ကို ဘယ်သူမှ ခွင့်မပြုပါ။ “ဘယ်လိုများ ဖြတ်သွားမလို့ပါလိမ့်” ဟု တွေးမိပါသည်။ ထိုသူတို့က တဖြည်းဖြည်း စတင်တိုးဝင်ကာ ကားဦးပိုင်းနှင့် ကပ်လာသည်။ ထို့နောက် အမှန်ပင် စိတ်ဝင်စားစရာကို စတွေ့ရပါသည်။ ကျွန်ုပ်တို့ရှေ့မှလူသည် ကျွန်ုပ်တို့က အရှေ့ကိုရွေ့နိုင်ပြီ ဖြစ်သော်လည်း ဖုန်းပြောနေပြီး ဂရုစိုက်ခြင်း မရှိပါ။ ထို့ကြောင့် သူ့ကားက မရွေ့ပါ။ ထိုအခါ နောက်ဘက်မှကားများက အလွန်ဒေါသထွက်ကုန်ပါသည်။

ထိုသို့ဖြစ်နေရင်း ရုတ်တရက်ဆိုသလို “ငါ့ဘဝ သနားစရာပဲ။ ဒီလိုလမ်းပိတ်နေရတယ်” ဆိုပြီး မတွေးနိုင်ပါ။ သင်ကြည့်နေသောအရာက ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်လာပါသည်။ “သူတို့လမ်းကြောကို ဘယ်လိုတိုးဝင်မလို့လဲ။ သူတို့က ဘယ်လို သွားရတော့မှာလဲ” ဟု တွေးကာ သင့်ကိုယ်သင် မတွေးမိတော့ပါ။ သင့်သဘောထားကို ပြောင်းလိုက်ပါသည်။ “ငါက အရေးကြီးတယ်။ ဒီလမ်းကြောမှာ ငါက အထူးခြားဆုံးပဲ” ဆိုပြီး “ငါ” ဆိုသည့်အရာကို ပုံကြီးမချဲ့တော့ပါ။ ထို့ပြင် ဤကဲ့သို့ “ငါ” ကို ပုံကြီးမချဲ့တော့သည်နှင့် အခြေအနေကို ကြုံတွေ့ခံစားရမှု တစ်ခုလုံးသည် ပြောင်းလဲသွားပါသည်။ ထိုသို့တွေးကြည့်လိုက်ပါ။

မိမိကိုယ်ကို တန်ဖိုးထားသည့် ပြဿနာ

ကူနူလားမား ဆိုသည့် တိဘက်ဆရာတော်ကြီးတစ်ပါး အလွန်အသုံးဝင်သော လေ့ကျင့်နည်းတစ်ခုကို ပြောထားပါသည်။ သူက သင့်ကိုယ်သင် တစ်ဖက်တွင် ရှိပြီး အခြားသူများက တစ်ဖက်တွင် ရှိသည်ဟု စိတ်ကူးကြည့်ခိုင်းပါသည်။ ထို့နောက် ဘေးလူအနေနှင့် သီးခြားကြည့်စေပါသည်။ ဤပုံရိပ်၏ တစ်ဖက်တွင်ရှိနေသော “ငါ” သည် မပျော်ရွင်သလို တစ်ဖက်မှ အခြားသူများကလည်း မပျော်ရွှင်ပါ။ သို့မဟုတ် သင်က ကားလမ်းပိတ်နေသည့်အတွက် ထိုလူများအားလုံးသည်လည်း ပိတ်နေပါသည်။ ယခုအခါ ဘက်မလိုက်သော လေ့လာသူ အနေနှင့်ကြည့်ပါက မည်သူသည် ပို၍အရေးကြီးပါသနည်း။ အားလုံးရှေ့သို့ ရောက်ချင်နေသော “ငါ” ဆိုသူလား။ သို့တည်းမဟုတ် ကားလမ်းပိတ်နေသော လူအားလုံးလား။ ထိုသို့စဉ်းစားကြည့်ပါ။

လူအုပ်ကြီးက လူတစ်ယောက်ထက် ပိုအရေးကြီးသည်မှာ ရှင်းနေသည် မဟုတ်ပါလား။ ဤသို့ဆိုသဖြင့် မိမိသည် ဘာမှမဟုတ်ဘူးဟု မဆိုလိုပါ။ တကယ်တော့ လူတိုင်းကို အလေးထားဂရုစိုက်ပါက မိမိသည်လည်း “လူတိုင်း” ဆိုသည့်အထဲတွင် ပါဝင်နေပါသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် မိမိခံစားချက်နှင့် ပတ်သက်လျှင် အခြားသူများထက် ပိုပြီးအရေးမကြီးသည်မှာ ရှင်းနေပါသည်။

ထို့ကြောင့် ပြဿနာသည် မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် အမြဲတမ်း “ငါ၊ ငါ၊ ငါ။ ငါကအရမ်း အရေးကြီးတယ်” ဟူ၍ ဖြစ်နေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိအပေါ်တွင် တိမ်တိုက်ကြီး ရှိနေပြီး ထိုအထဲတွင် သီးခြား “ငါ” ဟူ၍ ရှိနေကြောင်း တွေးမိကာ မပျော်ရွှင်သောအခါ ဤသည်မှာ “ငါ” ကို မိမိကိုယ်ကို အလေးထားမှု ဖြစ်ပါသည်။ ပျော်ရွှင်သောအခါတွင်လည်း ဤ “ငါ၊ ငါ၊ ငါ” ဟူ၍ ရှိနေပါသည်။ ကျွန်ုပ်တို့သည် ခွေးကြီးတစ်ကောင်က ကျွန်ုပ်တို့၏အရိုးကို လုယူသွားမည်ကို မဖြစ်စေချင်ပါ။ ထိုအခါ “ငါ၊ ငါ၊ ငါ။ ငါက ဘာမှ မခံစားရဘူး။ ဖျော်ဖြေသာယာမှု မရှိဘူး။ ဖျော်ဖြေရေး ရရှိဖို့ လိုအပ်တယ်” ဟု တစ်ခါတစ်ရံ တွေးမိလာပါသည်။

အခြားသူများကို ပွင့်လင်းစွာ တန်ဖိုးထားခြင်း

ဤသို့ “ငါ” နှင့် ငါခံစားနေရသောအရာအပေါ် ကန့်သတ်အာရုံစိုက်သည့် မိမိကိုယ်ကို စိတ်စွဲမှုသည် ပြဿနာဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်ရမည်မှာ ဤရှုထောင့်ကို ပြောင်းလဲပြီး အားလုံးအနေနှင့် တွေးရပါမည်။ “လူတိုင်း ဒီယာဉ်ကြောပိတ်ဆို့မှုကနေ လွတ်မြောက်ပါစေ” ဆိုသည့် စိတ်ဓာတ်စေ့ဆော်မှု ရှိရန် ဖြစ်ပါသည်။ ထိုသို့တွေးပါက သင်တစ်ဦးတည်း လွတ်မြောက်လိုစိတ် မရှိနိုင်တော့ပါ။ ကားလမ်းပိတ်မှုကို ဖယ်ရှားဖို့လိုပါသည်။ ပိတ်နေသူအားလုံးလည်း ပါဝင်ပါသည်။ ဤသို့ အားလုံးပါဝင်သည့် ကျယ်ပြန့်သောအမြင်ဖြင့် အလေးထားပါက ကျွန်ုပ်တို့သည် ပို၍သက်သာရာ ရလာပါသည်။ ကားလမ်းပိတ်သည့်အတွက် အလွန်တင်းကျပ်စိတ်ညစ် မနေတော့ပါ။ ထို့ပြင် နောက်ဆုံးတွင် ယာဉ်ကြောပွင့်သွားသောအခါ “အို၊ ကောင်းလိုက်တာ၊ ငါတော့လွတ်ပြီ” ဟူ၍သာ မတွေးဘဲ “ဒါတကယ် ကောင်းတာပဲ။ လူတိုင်း ကိုယ်သွားချင်တဲ့နေရာ သွားလို့ရပြီ” ဟူ၍ တွေးလိုက်ပါ။ ထိုအခါ တစ်ယောက်ယောက်က မိမိကိုက်ထားသည့် အရိုးကို လာလုယူသွားမှာစိုးသကဲ့သို့ ထိုပျော်ရွှင်မှုအပေါ်တွင် တွယ်တာခြင်း မရှိတော့ပါ။

ဤသည်မှာ အခြေခံအားဖြင့် ကရုဏာဟု ခေါ်ပါသည်။ အခြားသူများ၏ မပျော်ရွှင်မှုကိုတွေးကာ မိမိကိုယ်ကို အလေးထားသည့်နည်းအတိုင်း အလေးထားခြင်း ဖြစ်ပါသည်။ ထို့နောက် ဘာမှမထူးခြားခြင်း ဖြစ်နိုင်သည့်တိုင် လူတိုင်း ထိုမပျော်ရွှင်မှုမှ ကျော်လွှားနိုင်အောင် အမှန်တကယ်ကူညီရန် တာဝန်ယူပါသည်။ လောကတွင် ဖြစ်ပျက်နေသော စိတ်ပျက်စရာများကိုတွေးပြီး စိတ်ဓာတ်ကျနေစရာ မလိုပါ။ ဤသည်မှာ သဘာဝအတိုင်း အမြဲဖြစ်နေပါသည်။ သို့သော် လူတိုင်းပျော်ရွှင်လျှင်တော့ ပိုကောင်းသည် မဟုတ်ပါလား။

“ငါသည် အားလုံးကို အလေးထားကာ အားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုပါသည်” ဟု တွေးကာ အနည်းငယ် တာဝန်ယူမှုအသိ ဆန္ဒအလျောက် ရှိလာသောအခါ ရဲစွမ်းသတ္တိနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု များစွာရှိလာပါသည်။ ဤအကြောင်းကို ဒလိုင်းလားမား ဆရာတော်ကြီး မကြာခဏပြောလေ့ရှိပါသည်။ မိမိနှင့် မိမိ၏မပျော်ရွှင်မှုကိုသာ တွေးနေပါက ကျွန်ုပ်တို့သည် အလွန်ပင် အားနည်းလာပါသည်။ သို့သော် အခြားသူအားလုံးနှင့် သူတို့၏ မပျော်ရွှင်မှုများကို စိတ်ပါဝင်စားစွာ တွေးရန်မှာ ခွန်အားများစွာ လိုပါသည်။ ဤသည်မှာ အားနည်းသည့် လက္ခဏာတစ်ရပ် မဟုတ်ဘဲ မယုံနိုင်လောက်အောင် မိမိကိုယ်ကိုယုံကြည်မှု ရရှိစေသည့် အားကောင်းသည့် လက္ခဏာဖြစ်ပါသည်။ “အို၊ သနားစရာ ငါပါလား။ ကားလမ်း ပိတ်မိပြန်ပြီ” ဆိုသည့်အတွေး မရှိတော့ပါ။ ထိုသို့တွေးမည့်အစား ကားလမ်းပိတ်နေသူအားလုံးကို တွေးမိကာ သူတို့ကိုလည်း လွတ်မြောက်စေလိုစိတ် အမှန်တကယ် ရရှိလာပါသည်။ ကားလမ်းပိတ်နေသူအားလုံး အနေနှင့် တွေးရသည်မှာ များစွာပို၍သတ္တိရှိဖို့ လိုပါသည်။ ထိုအခါ မိမိအတွက်လည်း ပိုပြီးအပြုသဘော ခံစားချက်ကို ရရှိလာပါသည်။ ကျွန်ုပ်တို့သည် ကားလမ်းပိတ်သည့်အတွက် အားနည်းခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်း မရှိတော့ဘဲ ကြံ့ခိုင်လာပါတော့သည်။

မိမိအတွက်သာမက ကားလမ်းပိတ်နေသည့် အခြားသူများကို စဉ်းစားပါက အခြားသူများကို သွယ်ဝိုက်၍ ကူညီရာရောက်ပါသည်။ နမူနာပြရလျှင် ကျွန်ုပ်တို့သည် ဒေါသမကြီးတော့ဘဲ ဟွန်းကို တရစပ် မတီးတော့ပါ (ဤသည်မှာ မည်သူမျှ မရွေ့လျားနိုင်သည့်အတွက် လုံးဝအဓိပ္ပာယ် မရှိပါ)။ လမ်းကြားထဲက ကားတစ်စီး တိုးဝင် ဖြတ်တက်သောအခါတွင် ကားတံခါးဖွင့်ပြီး ထိုသူကို ညစ်ညမ်းစွာ မအော်ဟစ်မိတော့ပါ။ ထိုအခါ နှစ်ဦးနှစ်ဖက် သက်သာရာ ရပါသည်။ သို့သော် ကျွန်ုပ်တို့သည် လွှမ်းမိုးမှုများစွာ မရှိနိုင်တော့ပါ။

ဤသည်မှာ မိမိသဘောထားကို ပြောင်းလဲနည်း၊ ဘဝ၏ သဘာဝအတိုင်း အတက်အကျများကို တွေ့ကြုံခံစားမှုအပေါ် အရည်အသွေးကို ပြောင်းလဲနည်းအတွက် ဥပမာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရမ်းအရေးကြီးသည်၊ ကျွန်ုပ်တို့ ခံစားနေရသည်မှာ အရမ်းအရေးကြီးသည် ဆိုသော ခံစားချက်ကို ကျော်လွှားရန်နှင့် အခြေအနေတိုင်းကို အကောင်းဆုံး ဖြေရှင်းရန်အတွက် အဓိက လိုအပ်သည်မှာ အလေ့အကျင့်နှင့် အနည်းငယ် သတ္တိရှိမှုတို့သာ ဖြစ်ပါသည်။

ဒေါသကို ဖြေရှင်းနည်း

ကျွန်ုပ်တို့သည် ကားလမ်းပိတ်နေပြီး တစ်ယောက်ယောက် ဖြတ်ဝင်ပါက ထိန်းချုပ်မရစွာ ဒေါသထွက်လာနိုင်ပါသည်။ ကျွန်ုပ်တို့၏ သဘောထားကို ပြောင်းလဲရန် နောက်တစ်နည်းမှာ ဤအခြေအနေ ဖြစ်စေသော အကြောင်းရင်းအားလုံးကို တွေးရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ယာဉ်မောင်းသူမှာ ဖျားနေသောကလေး ပါလာပြီး ဆေးရုံကို ရောက်ဖို့ ကြိုးစားနေခြင်းမျိုး ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့ကို အတော်လေး တည်ငြိမ်စေနိုင်ပါသည်။

သို့သော် ဤသို့သော ကနဦး ဒေါသအခိုးအငွေ့များမှာ အမြဲတမ်း ဆက်ဖြစ်နေပါသည်။ ဒေါသ၏ ဖြစ်လိုစိတ်နှင့် အလေ့အထများကို ကျော်လွှားရသည်မှာ ရှည်ကြာသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဤနမူနာကဲ့သို့ အလောတကြီး ဖြစ်နေသူတစ်ယောက်မှာ ထိုအတွက် အကြောင်းရင်းကောင်းကောင်း ရှိသည်ဟု တွေးခြင်းဖြင့် မိမိသဘောထားကို ပြောင်းလဲခြင်းမှာ ဒေါသကို ယာယီဖြေရှင်းမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မိမိနှင့် အခြားသူများအပေါ် နားလည်သဘောပေါက်ပုံနှင့် သက်ဆိုင်သည့် ဒေါသ၏ ဇစ်မြစ်ကို ဖယ်ရှားပစ်ရန်အတွက် ကျွန်ုပ်တို့သည် အလွန်နက်ရှိုင်းစွာ ကြိုးစားရပါမည်။

ကျွန်ုပ်တို့သည် မိမိနှင့် အခြားသူများကို ဘဝတွင် ဖြစ်ပျက်သော အဖြစ်အပျက်ကလေးတစ်ခုအဖြစ် သတ်မှတ်တတ် ပါသည်။ ဥပမာပြရလျှင် ကားလမ်းပိတ်နေချိန် ဖြတ်ဝင်ရန် ကြိုးစားသူကို ဆိုးသွမ်းသူတစ်ယောက်ဟု ရှုမြင်ခြင်း ဖြစ်သည်။ ယင်းမှာ ထိုသူနှင့်ပတ်သက်၍ တွေးမိသမျှ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့ဘဝတွင် ဖြစ်ပျက်နေသည့် ကိစ္စတစ်ခုတည်းကိုသာ ဖော်ထုတ်ပါသည်။ ထိုအထဲတွင် မိမိလည်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေပါသည်။ မိမိအတွက် သတ်မှတ်ချက် ထားသလိုပင် သူတို့ကို ခိုင်မာသော သတ်မှတ်ချက် ပေးလိုက်သည်။ ထိုအခါ ဒေါသထွက်နေသည့် ခိုင်မာသော “ငါ” ဟူ၍ ရှိလာပါသည်။

ဤသို့မဖြစ်အောင် မိမိနှင့် သူတို့ကို တစ်ခုခုအနေနှင့် မသတ်မှတ်မိသည့် အဆင့်အထိ လျှော့ချရပါမည်။ သို့သော် ဤသည်မှာ နက်ရှိုင်းပြီး ရှည်ကြာသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ တစ်စုံတစ်ယောက်၏ ဓာတ်ပုံကို စဉ်းစားကြည့်ပါ။ ယင်းမှာ ထိုသူ၏ အခိုက်အတန့် တစ်ခုသာ ဖြစ်ပြီး သူတို့နှင့် သက်ဆိုင်သော အရာအားလုံး မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိနှင့် မိမိဘဝသာမက အခြားသူများကိုပါ ရုပ်ငြိမ်ဓာတ်ပုံများလို ရှုမြင်ခြင်းကို ရပ်တန့်ဖို့လိုပါသည်။ အရာအားလုံးသည် အချိန်တိုင်း ပြောင်းလဲနေပါသည်။ ထို့ပြင် အရာရာကို ကျွန်ုပ်တို့၏ လှည့်ဖြားသော အမြင်ကို လျှော့ချလိုက်သည်နှင့် အမြဲတမ်း တင်းကျပ်နေတတ်သည့်အတွက် ကျင့်သားရဖို့ လိုပါသည်။ နောက်ဆုံးတွင် ထိုသို့ ဒေါသ သို့မဟုတ် မနာလိုမှု စသည်တို့၏ တင်းကျပ်မှုကို နောက်ထပ်တစ်ဖန် မရရှိစေရန် ကျိန်းသေဖြစ်လာနိုင်ပါသည်။

ပျော်ရွှင်မှုနှင့် ပတ်သက်၍ ဘာမှမမှားပါ

ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ခံစားချက်များကို ပုံကြီးမချဲ့ရန်နှင့် မိမိအပါအဝင် မည်သူ့ကိုမဆို ပုံသေကန့်သတ်ချက်ဖြင့် မှန်းဆခြင်းမပြုရန် ဤသို့လေ့ကျင့်ခြင်းသည် ကျွန်ုပ်တို့၏ဘဝ အရည်အသွေးကို ပိုကောင်းစေပါသည်။ ခက်ခဲသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ပိုပြီးလွယ်ကူလာပါသည်။ ထို့ကြောင့် ဘဝသည် အခက်အခဲတစ်ခု မဟုတ်တော့ပါ။ ကျွန်ုပ်တို့သည် ပို၍စိတ်ခံစားချက် ညီမျှပြီး ပို၍ပျော်ရွှင်လာပါသည်။

ပိုမိုမြင့်မားသည့် ရည်မှန်းချက်မှာ အခြားသူများနှင့် သူတို့နှင့် ကျွန်ုပ်တို့၏ ဆက်ဆံပုံကို တွေးကြည့်ရန် ဖြစ်ပါသည်။ မိသားစုနှင့် နေထိုင်ပြီး သားသမီးများ ရှိပါက၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များ ရှိပါက “ငါက သနားစရာပဲ” စသည်ဖြင့်အမြဲ စိတ်မကြည်မလင်ဖြစ်ပြီး တွေးနေပါက ကျွန်ုပ်တို့သည် သူတို့ကို မကူညီနိုင်သည့် အလွန်အားနည်းသော အခြေအနေတွင် ရှိနေပါသည်။ ထိုအခါ သူတို့ကို မပျော်မရွှင် ဖြစ်စေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်အခြေအနေသည် အခြားသူများ၊ မိမိ၏ မိသားစုအပေါ် သက်ရောက်မှုရှိကာ ကျွန်ုပ်တို့က သူတို့ကို အလေးထားသည့်အတွက် ကျွန်ုပ်တို့သည် ပိုပြီးအပြုသဘောဆန်အောင် တစ်နည်းနည်းဖြင့် ဖြေရှင်းရပါမည်။ ဤကား မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားရမည့် နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

ပျော်ရွှင်မှုအတွက် တွန်းအားသည် ဇီဝဗေဒနှင့်ဆိုင်ပြီး ပျော်ရွှင်လိုသည်မှာ အပြစ်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ပျော်ရွှင်ခြင်း ရရှိအောင် ကြိုးစားဖို့လိုပါသည်။ သို့သော် ယင်းကိုရရှိလာသောအခါ ယင်း၏သဘောသဘာဝဖြစ်သည့် ကွယ်ပျောက်သွားမည့် သဘောကို အသိအမှတ်ပြုဖို့ လိုပါသည်။ ထို့ကြောင့် ခံစားလိုက်ရုံသာ ရှိပါသည်။ ပျော်ရွှင်မှုနှင့် ပတ်သက်၍ ပိုပြီး စိတ်သက်သာရာရလေ၊ ပိုပြီးမကြာခဏ ပျော်ရွှင်လေ ဖြစ်ပါသည်။ ထို့ပြင် မကြာခဏ ပျော်ရွှင်ရမည် ဖြစ်သည့်အတွက် ဘာဖြစ်မည်နည်း။ ဘာကိုမျှော်လင့်မည်နည်း။ ဘာမှ အရေးမကြီးပါ။ ဘာမှ မထူးခြားပါ။

ဖြစ်ပျက်နေသောအရာနှင့် ပတ်သက်၍ ဘာမှထူးခြားမှု မရှိကြောင်း တွေးသောအခါ ပိုမိုသက်သာရာရပြီး ပိုမိုပျော်ရွှင်လာသည့်နည်း ဖြစ်ပါသည်။ အဓိကအချက်မှာ “ငါအမြဲ ပျော်ရွှင်ရမယ်။ ငါအမြဲ ဖျော်ဖြေခံရမယ်။ ငါအမြဲ ကိုယ့်ပုံစံအတိုင်း သွားရမယ်” ဆိုသည့် အမြဲစိုးရိမ်စိတ်ဖြင့် မစိုးရိမ်တော့ပါ။ ဤသို့ တွေးတောမှုမျိုးသည် အမှန်တော့ မသက်သာလှပါ။ ပျော်ရွှင်ခြင်းဆိုသည်မှာ သင်လုပ်နေရာအရာနှင့် မသက်ဆိုင်ကြောင်း ပြောခဲ့သည်ကို အမှတ်ရပါ။ ကိစ္စတစ်ခုတည်းကိုပင် ပြုလုပ်ပြီး ပျော်ရွှင်မှု၊ မပျော်ရွှင်မှု သို့မဟုတ် မည်သို့မျှ မခံစားရမှု  စသည်ဖြင့် တစ်နေ့တစ်မျိုး ဖြစ်နိုင်ပါသည်။ သင်အာရုံစိုက်သောအရာ အပေါ်တွင်သာ မူတည်ပါသည်။

နမူနာတစ်ခု ပြပါမည်။ ကျွန်ုပ်သည် သွားဆရာဝန်ထံ သွားရသည်ကို နှစ်သက်ပါသည်။ သွားဆရာဝန်ကလည်း တော်သည်။ ကျွန်ုပ်တို့ အလွန်ရင်းနှီးကြပြီး အမြဲ နောက်ပြောင်နေကြပါသည်။ “သူက ငါ့သွားတွေကို လွန်နဲ့ဖောက်မှာကို စိုးရိမ်လိုက်တာ” ဆိုသည့်အချက်ကို ကျွန်ုပ် အာရုံမစိုက်သည့်အတွက် သူ့ဆီသွားရသည်ကို ပျော်ပါသည်။ စိုးရိမ်သောက မရှိပါ။ “အိုး၊ ဝမ်းသာတယ်။ မနက်ဖြန် ငါ့မိတ်ဆွေနဲ့ သွားတွေ့ရမယ်” ဟူ၍ ပျော်ရွှင်မှုဖြင့် ရှုမြင်ပါသည်။

ကျွန်ုပ်သည် အနည်းငယ် ထူးဆန်းနေသည်ဟု ထင်ချင်ထင်နိုင်ပါသည်။ သို့သော် သွားအမြစ်ကုသမှု ပြီးသွားသောအခါ သေချာနှစ်သက်မိပါသည်။ ကျွန်ုပ်၏ ပါးစပ်ကို ကျယ်ကျယ်ဟထားပြီး သူတို့က ကိရိယာတန်ဆာပလာ တစ်ခုပြီးတစ်ခု ထည့်သောကြောင့် စိတ်ဝင်စားစရာ ကောင်းပါသည်။ ထို့ပြင် သူတို့ ဘယ်လောက် ဇွဲရှိမည်ကို မသိနိုင်သည့်အတွက် စတင်ရယ်မောမိပါသည်။ ကျွန်ုပ်ကို ထုံဆေးပေးထားသောကြောင့် ဘာကိုမှ မခံစားရပါ။

ထုံဆေးထိုးသည်မှာ နာသော်လည်း ဘာထူးခြားမည်နည်း။ ထိုသို့မထိုးဘဲ သွားအမြစ်ကုသမှုအတွင်း နာရီဝက်ကြာ အနာခံမည်လား။ စက္ကန့်ပိုင်းလောက် ထုံဆေးထိုးလိုက်မလား။ ဆေးထိုးခြင်းသည် နာကျင်သော်လည်း ခဏသာ ကြာသည့်အတွက် အဆင်ပြေပါသည်။

အရာအားလုံးသည် ကျွန်ုပ်တို့၏ သဘောထားပေါ်တွင် မူတည်ပါသည်။ ဤသည်မှာ စိတ်သဘောထားကို လေ့ကျင့်ခြင်းဖြစ်သည်။ ၎င်းသည် ဘဝအရည်အသွေးကို ပြုပြင်ပြီး တိုးတက်စေပါသည်။ သွားအမြစ် ကုသမှု လိုအပ်ပါက ယင်းမှာ နှိပ်စက်ညှဉ်းပမ်းသလို အဖြစ်ခံမလား။ သိပ်မဆိုးဘူးဟု အဖြစ်ခံမလား။ ကုသမှု ခံယူရမည်ဖြစ်ပြီး အခြားရွေးစရာ မရှိပါ။ ထို့ကြောင့် တတ်နိုင်သမျှ အဆင်ပြေသော အတွေ့အကြုံတစ်ခုလို ယူဆနိုင်ပါသ်ည။ ဤသည်မှာ ဤအတွေ့အကြုံနောက်ကွယ်မှ စည်းမျဉ်းဖြစ်ပါသည်။

အကျဉ်းချုပ်

မည်သူမျှ မနက်လင်းသည်နှင့် ပြဿနာ သို့မဟုတ် ဆင်းရဲဒုက္ခများ ရလိုပါသည်ဟု နိုးထလာခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ ဆောင်ရွက်သော အရာတိုင်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်စေရန်အတွက် ရည်မှန်းပြီး ဆောင်ရွက်ပါသည်။ သို့သော် ဤသို့ဖမ်းရခက်သော ရည်မှန်းချက်မှာ အနည်းငယ်မျှပင် မနီးစပ်သလို ရှိနေပါသည်။ မိမိကိုယ်ကို အာရုံစိုက်ခြင်း၊ မိမိကိုယ်ကို၊ မိမိဆောင်ရွက်သောအရာ၊ မိမိခံစားသောအရာတို့၏ အရေးကြီးပုံကို ပုံကြီးချဲ့ခြင်း အားဖြင့် မိမိမှာရှိသည့် ပျော်ရွှင်မှုကို မခံစားနိုင်တော့ဘဲ ရင်ဆိုင်ရသည့် အခက်အခဲများကို စတ်စွဲနေမိပါသည်။ ကျွန်ုပ်တို့၏ သဘောထားကို အခြားသူများနှင့် သူတို့၏ခံစားချက်များပါ ပါဝင်လာအောင် လေ့ကျင့်ပေးခြင်းဖြင့် ကျွန်ုပ်တို့အားလုံး ကျော်ြဖတ်ကြရသည့် အတက်အကျများကို ပိုပြီးသက်သာရာရစွာ ပျော်ပျော်ရွှင်ရွှင် တွေ့ကြုံခံစားနိုင်အောင် တံခါးဖွင့်လိုက်ပါသတည်း။

Top