စွန့်ပယ်ခြင်းမှ ကရုဏာသို့

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့သည် ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းတရားများမှ လွတ်ကင်းရန် ဆုံးဖြတ်ထားသည့် တူညီသော သဘောထား ဖြစ်ပါသည်။ ပထမတစ်ခုက မိမိကိုယ်ကို အာရုံစိုက်ပြီး ဒုတိယတစ်ခုက အခြားသူများကို အာရုံစိုက်ပါသည်။ စွန့်ပယ်ခြင်း ရရှိအောင် အကြောင်းရင်းများ၊ တွဲဖက်နေသော စိတ်၏အစိတ်အပိုင်းများ၊ နားလည်သဘောပေါက်မှုများ စသည့် အသေးစိတ် အချက်အားလုံးကို သိလာသောအခါ ကရုဏာကို အပြည့်ဝဆုံးဖြစ်အောင် ထားရှိလာနိုင်ပါလိမ့်မည်။

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့သည် ဗုဒ္ဓဘာသာ လမ်းကြောင်းကို ရှေ့ဆက်လျှောက်လှမ်းရာတွင် ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှု တစ်စိတ်တစ်ပိုင်းအဖြစ် မွေးမြူရန်လိုသည့် အရေးကြီးသော စိတ်အခြေအနေ နှစ်ရပ်ဖြစ်ပါသည်။ အတိအကျဆိုရလျှင် ထိုစိတ်အခြေအနေ နှစ်ရပ်နှင့် ပတ်သက်သော ကိစ္စရပ်အချို့ကို လေ့လာလိုပါသည်။ အထူးသဖြင့် ထိုနှစ်ချက်သည် အချင်းချင်းအလွန်နီးစပ်စွာ ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။ တကယ်တော့ ယင်းတို့သည် တူညီသော စိတ်အခြေအနေဖြစ်ပြီး ရည်မှန်းသောအရာကသာ ကွဲပြားခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာ တရားတော်များ အားလုံးသည် ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခနှင့် ပြဿနာများ ဖယ်ရှားနိုင်အောင် ကူညီပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ဤသို့ပြုလုပ်သည့် နည်းလမ်းမှာ ယင်းတို့၏ စစ်မှန်သော အကြောင်းတရားများကို မိမိကိုယ်တွင်း၌ တွေ့ရှိပြီး ထိုအကြောင်းတရားများက ဆင်းရဲဒုက္ခကို ထပ်မဖြစ်စေအောင် ယင်းတို့ကို ဖယ်ရှားခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် ထိုအကြောင်းတရားများက နောက်ထပ်တစ်ဖန် ထပ်မဖြစ်အောင် ဖယ်ရှား၍ရနိုင်သည်ဆိုသော ယုံကြည်ချက် အပေါ်တွင် အခြေခံပါသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိ၏ မသိနားမလည်မှု၊ သတိမပြုမိမှု တို့အတွက် ဇစ်မြစ်အကြောင်းရင်းကို လုံးဝတန်ပြန်ဖယ်ရှားမည့် နားလည်သဘောပေါက်မှု စိတ်၏လမ်းကြောင်းကို ဖန်တီးရန် လိုပါသည်။

ဤသည်မှာ ဗုဒ္ဓမြတ်စွာ၏ အခြေခံအကျဆုံး တရားဖြစ်သော သစ္စာလေးပါးနှင့် ကိုက်ညီပါသည်။ စွန့်ပယ်ခြင်းနှင့် ကရုဏာကို လေ့လာသောအခါ ထိုနှစ်ခုစလုံးသည် ဆင်းရဲဒုက္ခ ပပျောက်စေလိုသည့် ဆန္ဒဖြင့် ထိုဆင်းရဲဒုက္ခကို ဦးတည်ပါသည်။ ထိုနှစ်ခု၏ အဓိက ခြားနားချက်မှာ စွန့်ပယ်ခြင်းတွင် မိမိစိတ်သည် ကိုယ်တိုင်ကြုံရသည့် ဆင်းရဲဒုက္ခကို အာရုံစိုက်ပြီး ကရုဏာသည် အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်ပါသည်။ ထိုအခါ စိတ်အခြေအနေချင်း အလွန်ဆင်တူသည် မဟုတ်ပါလား။ သို့သော် မေးစရာဖြစ်လာသည်မှာ စိတ်ခံစားချက်သည် တကယ်ပင် တူညီသလား။ ထိုနှစ်ခုတွင် တစ်ခုမှတစ်ခုသို့ ဘယ်လိုကူးပြောင်းမည်နည်း။

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့၏ အဓိပ္ပာယ်

“စွန့်ပယ်ခြင်း” ဆိုသောစကားလုံးကို အင်္ဂလိပ်ဘာသာတွင်သာ အသုံးပြုခြင်း မဟုတ်ဘဲ အနောက်တိုင်း၌ ဗုဒ္ဓဘာသာကို ဟောပြောသည့် အခြားဘာသာစကား အားလုံးတွင်လည်း အသုံးပြုပါသည်။ မည်သို့ဆိုစေ ထိုစကားသည် မူလသက္ကတ သို့မဟုတ် တိဘက်ဝေါဟာရကို မှန်ကန်စွာ ဘာသာပြန်ထားသလားဟု မေးစရာ ဖြစ်လာပါသည်။ ဗုဒ္ဓဘာသာကို အနောက်တိုင်းတွင် အစောဆုံး ဘာသာပြန်ခဲ့သော၊ ဗုဒ္ဓဘာသာ တရားတော်များကို မူရင်းနှင့်ကွဲပြားသည့် အယူအဆမူဘောင်ဖြင့် နားလည်သော သာသနာပြုပုဂ္ဂိုလ်များက တီထွင်အသုံးပြုခဲ့လေသလားဟု တွေးစရာ ဖြစ်လာပါသည်။ တကယ်တော့ “စွန့်ပယ်ခြင်း” ဆိုသောစကားလုံးတွင် အရာရာကို စွန့်လွှတ်မှုဆိုသည့် အဓိပ္ပာယ် ဆောင်ပါသည်။ အကြောင်းမှာ လောကီကိစ္စများနှင့် ပတ်သက်ရသည်မှာ မကောင်းဘဲ တရားကျင့်ကြံသောဂူ သို့မဟုတ် ကျောင်းတိုက်ထဲတွင် နေထိုင်မည့်သဘော ပါဝင်ပါသည်။ သို့သော် သက္ကတဘာသာ (နိစရန) သို့မဟုတ် တိဘက်ဘာသာ (ငက်စ်-ဗျောင်) ဆိုသည့် ဝေါဟာရ၏ တကယ့်ဆိုလိုရင်း မဟုတ်ပါ။ တိဘက်ဘာသာတွင် ကြည့်မည်ဆိုပါက ဤဝေါဟာရက ဆုံးဖြတ်ချက်ဟု ဆိုလိုပါသည်။ သေချာအောင်ပြုလုပ်မည်ဟု ဆိုလိုပါသည်။ ၎င်းက အာရုံစိုက်သည့် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ဆုံးဖြတ်ခြင်းဟု တိတိကျကျ ရည်ညွှန်းပါသည်။

ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ထိုဆုံးဖြတ်ချက်မျိုး ရရှိအောင် ထိုဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းတရားများကို စွန့်လွှတ်လိုစိတ် ရှိရပါမည်။ ထို့ကြောင့် တစ်ခုခု စွန့်လွှတ်ခြင်း သို့မဟုတ် တစ်ခုခုကို ကျောခိုင်းခြင်းဆိုသည့် သဘောမျိုး ပါဝင်ပါသည်။ ထို “တစ်ခုခု” သည် ကျွန်ုပ်တို့ ဦးစွာအသိအမှတ်ပြုပြီး အာရုံစိုက်နေသည့် ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းတရားများ ဖြစ်ပါသည်။ မိမိကြုံတွေ့နေရသော ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းရင်းများကို အသိအမှတ် ပြုခြင်း၊ ယင်းတို့ကို ထပ်မံ မကြုံတွေ့လိုခြင်း၊ ယင်းတို့မှ ရုန်းထွက်လိုခြင်းတို့ ရှိမှသာ ယင်းတို့ကို စွန့်လွှတ်လိုစိတ် ရှိလာပါမည်။ “ဒါကို မရှိစေချင်တော့ဘူး” ဆိုသည်မှာ ဤအချက်ကို ပိုပြီးဘက်မလိုက်ဘဲ ဖော်ပြခြင်းဟု ယူဆပါသည်။ ဤသည်မှာ မိမိ၏ ဆင်းရဲဒုက္ခ သို့မဟုတ် ကရုဏာအနေနှင့်ဆိုလျှင် အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်မှုတိုင်းတွင် ဆိုလိုပါသည်။ မိမိဖြစ်စေ၊ အခြားသူများဖြစ်စေ ထိုဆင်းရဲဒုက္ခ ကြုံတွေ့ရသူ မတူညီသော်လည်း စိတ်ဆန္ဒက တူညီပါသည်။ ယင်းကို မရှိစေချင်တော့ပါ။

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့ ရရှိစေသော အချက်များ

မိမိရော အခြားသူများပါ ကြုံတွေ့ရသည့် အချို့သော ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းအချို့ကို အာရုံစိုက်မှုအပေါ် အသိအမှတ် ပြုရုံသာမက အခြားပါဝင်ပတ်သက်သည့် အချက်အမျိုးမျိုးကိုလည်း အသိအမှတ်ပြုရန် အလွန် အရေးကြီးပါသည်။ သုတ္တန်နှင့် မန္တရားအတွက် လက်တွေ့အကြံဉာဏ်ပေးစာ တွင် ဆုန်ခပ က ထိထိရောက်ရောက် တရားရှုမှတ်နိုင်ရန် လိုအပ်သော ယေဘုယျ အချက်များကို အလွန်ရှင်းလင်းစွာ ရှင်းပြထားပါသည်။ ပထမဦးစွာ တရားရှုမှတ်မှုဆိုသည်ကို နားလည်ဖို့လိုပါသည်။ တရားရှုမှတ်မှုသည် သီးသန့်စိတ်အခြေအနေဖြင့် မိမိစိတ် သို့မဟုတ် အရာဝတ္ထုကို ထိုစိတ်အား အဖန်ဖန် ထားရှိခြင်း သို့မဟုတ် ထိုအရာဝတ္ထုအား အဖန်ဖန် အာရုံစိုက်ခြင်းဖြင့် ရင်းနှီးကျင့်သားရစေသောနည်း ဖြစ်ပါသည်။

ထိုစိတ်အခြေအနေနှင့် ရင်းနှီးအောင် ပြုလုပ်ပုံကို သိရှိရန်အတွက် ၎င်း၏သတ်မှတ်ချက်အားလုံးကို သိရန်လိုပါသည်။ အောက်ပါတို့ကို သိရှိရန်လိုပါသည်-

  • ထိုစိတ်က အာရုံစိုက်သောအရာ - ဤနေရာတွင် ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများ။
  • ထိုစိတ်က ထိုအရာဝတ္ထုနှင့် ဆက်စပ်ပုံ။ ပညာရပ် ဝေါဟာရမှာ “ထိုအရာဝတ္ထုကို မည်သို့ယူဆသလဲ” ဟူ၍ဖြစ်ပါသည်။ မိမိစိတ်ကို ထိုအရာဝတ္ထုကို ယူဆပုံမှာ ယင်းကိုမရှိစေလိုခြင်း ဖြစ်ပါသည်။ မိမိစိတ်သည် ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများကို အာရုံစိုက်သည်သာမက ယင်းတို့ကို အလေးထားမှုလည်း ရှိပါသည်။ ယင်းကိုအပေါ် မိမိစိတ်က ဆက်စပ်ပုံမှာ “ကုန်ခမ်းသွားပြီ” ဟူ၍ဖြစ်ပါသည်။

စိတ်အခြေအနေတိုင်းသည် စူးစိုက်မှု၊ ရည်ရွယ်ချက် စသည့် စိတ်၏အပိုင်းအမျိုးမျိုးဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအပိုင်းအားလုံးကို သိရှိပါက လိုချင်သော စိတ်အခြေအနေကို ဖော်ထုတ်ရန် အမှန်တကယ် အထောက်အကူ ပြုပါသည်။ ထိုအတွက် ကျွန်ုပ်တို့သိရှိရန်လိုအပ်သော အခြားအချက်များစွာကိုလည်း ဆုန်ခပ က ဖော်ပြထားပါသည်။ ယင်းတို့မှာ-

  • ထိုစိတ်အခြေအနေက တည်မှီသောအရာ၊ တစ်နည်းအားဖြင့် ထိုစိတ်မတိုင်မီ ထားရှိရမည့် စိတ်အခြေအနေများ၊ ဤစိတ်အခြေအနေကို စုစည်းပြီး ပံ့ပိုးမည့်အရာ၊ ဥပမာအားဖြင့် ဆင်းရဲဒုက္ခကို သိရှိကာ မိမိနှင့် အခြားသူများထံတွင် ရှိနေပုံကို အသိအမှတ်ပြုခြင်း။
  • မိမိရရှိလိုသော စိတ်အခြေအနေကို မည်သည့် စိတ်၏ အစိတ်အပိုင်းများက အထောက်အကူပြုပြီး မည်သည့် အစိတ်အပိုင်းများက အန္တရာယ် ပြုသနည်း။ ဥပမာ၊ မိမိအတွက်ဖြစ်စေ၊ အခြားသူများအတွက် ဖြစ်စေ မေတ္တာတရားက ကူညီပြီး၊ မိမိအတွက်ဖြစ်စေ၊ အခြားသူများအတွက် ဖြစ်စေ အမုန်းတရားက ပျက်စီးစေပါလိမ့်မည်။
  • ထိုသို့သော စိတ်အခြေအနေကို ရရှိသည်နှင့် ယင်း၏အကျိုးကျေးဇူးနှင့် အသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်ချက်က အဘယ်နည်း။ ဥပမာ၊ စွန့်ပယ်ခြင်းသည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများမှ လွတ်ကင်းအောင် အမှန်တကယ် ကူညီပြီး ကရုဏာသည် အခြားသူများ၏ ဆင်းရဲဒုက္ခမှ လွတ်ကင်းစေရန် ကူညီပါသည်။

ဤသည်မှာ ပညာရပ်ဆိုင်ရာ အသေးစိတ်ဟု ထင်ရသော်လည်း ဆိုပါစို့၊ မေတ္တာ၊ ကရုဏာ ထားရှိရန် ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာ ကျင်ကြံမှု သို့မဟုတ် ဘာသာရေး ကျင်ကြံမှု တစ်ခုခုတွင် အလွန် အထောက်အကူ ပြုပါသည်။ ထိုကဲ့သို့ ဘယ်လို ဆောင်ရွက်ပါသလဲ။ တစ်ခါတစ်ရံတွင် မေတ္တာ၊ ကရုဏာဆိုသည်မှာ ဘာကိုဆိုလိုမှန်း အတိအကျ မသိသည့်အတွက် စိတ်တွင်ဘာမှ မရှိဘဲ ထိုင်နေပြီး ဘာလုပ်ရမှန်း မသိတော့ပါ။ သို့တည်းမဟုတ် မေတ္တာ၊ ကရုဏာဆိုသည်မှာ ကိုယ်တိုင်စိတ်ကူးကြည့်သော အရာများဖြစ်ပြီး ကိုယ်ပိုင်စိတ်ကူးများက များသောအားဖြင့် မရှင်းလင်းပါ။ တစ်ခုခု မရှင်းလင်းတာကို ဖော်ထုတ်လိုပါက အတတ်နိုင်ဆုံး ဆောင်ရွက်နိုင်သည်မှာ မရှင်းလင်းသော ခံစားချက် ရလာပြီး ဗုဒ္ဓဘာသာက ထားရှိရန် ညွှန်ကြားထားခြင်း မဟုတ်သည့် မရှင်းလင်းသော ခံစားချက်တစ်ခုခုသာ ဖြစ်နိုင်ပါသည်။

ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင် “ဘာသာရေး တန်ဖိုးများ” ဆိုသည့် စိတ်အခြေအနေများ  စသည်တို့ဖြင့် ကြိုးစားအားထုတ်သော်လည်း ချဉ်းကပ်မှုမှာ သိပ္ပံနည်းကျဖြစ်သလို တိကျမှုလည်း ရှိပါသည်။ မိမိစိတ်ဖြင့် ဆောင်ရွက်နေသောအရာနှင့် ဘယ်လိုဆောင်ရွက်သည်ကို အတိအကျ သိသောကြောင့် တိကျမှုရှိပါသည်။ မိမိစိတ်၊ နှလုံးသား၊ စိတ်ခံစားချက်တို့ဖြင့် မည်သို့ ဆောင်ရွက်သည်ကို တိကျသေချာနေပါက ယင်းတို့ကို အပြုသဘော အမှန်တကယ် ပြုစုပျိုးထောင်နိုင်ပါသည်။ ထိုသို့မဟုတ်ပါက အားလုံးဝေဝါးနေပါမည်။

လူအချို့သည် သိပ္ပံနည်းကျ သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ ဦးတည်ခြင်း သိပ်မရှိကြပါ။ အချို့က ပိုပြီးပင်ကိုသိစိတ်ရှိကာ စိတ်ခံစားချက်များဖြင့် ပိုမိုဆောင်ရွက်ပါသည်။ သို့သော် ပင်ကိုသိစိတ်ကို သေချာလေ့လာပါက အကောင်းဆုံး ပင်ကိုသိစိတ်ဟူသည် တိကျမှုရှိသောစိတ်မျိုး ဖြစ်သည်ကို တွေ့ရပါသည်။ မတိကျသော ပင်ကိုသိစိတ်သည် များစွာအကျိုးပြုမည် မဟုတ်ပါ။ ထို့ကြောင့် မည်သည့် ကိုယ်ရည်ကိုယ်သွေးမျိုး ရှိသည်ဖြစ်စေ၊ တိကျမှုက အလွန် အထောက်အကူ ပြုပါသည်။

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့နှင့် ပူးတွဲနေသော စိတ်၏အစိတ်အပိုင်းများ။ “တော်ပါပြီ” ဆိုသည့် ပြတ်သားသော ခံစားချက်

စွန့်ပယ်ခြင်း၊ ကရုဏာတို့နှင့် ပူးတွဲနေသော စိတ်၏အစိတ်အပိုင်းများက အဘယ်နည်း။ ဗုဒ္ဓဘာသာ တရားတော်များတွင် ဆွေးနွေးထားသည့် ဤစိတ်အခြေအနေများကို တိကျစွာ ပုံဖော်ပြလိုပါသည်။ သို့သော် ထိုစိတ်အခြေအနေများနှင့် စိတ်ခံစားချက်များကို အတိအကျ ဖော်ပြနိုင်သည့်တိုင် ယင်းတို့ကို မည်သို့လျှင် အမှန်တကယ် ခံစားရပုံနှင့် ပတ်သက်ပြီး မေးစရာ အလိုလို ဖြစ်လာပါသည်။ ထိုအခါတွင်လည်း မိမိခံစားရသောအရာက စစ်မှန်သောအရာ ဟုတ်၊ မဟုတ် ဘယ်လို သိနိုင်ပါမည်နည်း။

စစ်မှန်သောအရာဖြစ်အောင် ဤစိတ်အခြေအနေများအတွက် ဘာလိုအပ်သည်ကို ကျွန်ုပ်တို့အတိအကျ သိလာပါက ယခုကြုံတွေ့နေရသောအရာကို အစစ်အမှန် ဖြစ်ရမည့်အရာနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ခံစားနေရသောအရာကို လေ့လာရာတွင် ယင်းကိုပုံဖျက်ကာ ယင်းအထဲမှ အစိတ်အပိုင်းအားလုံးကိုကြည့်ပြီး ထိုစိတ်အခြေအနေများ၏ မည်သည့်အပိုင်းက အားနည်းသည် သို့မဟုတ် လျော့နည်းသည်ကို လေ့လာနိုင်ပါသည်။ ထို့နောက် ပိုပြီးတိကျသော စိတ်အခြေအနေ ရရှိအောင် ကြိုးစားရန် လိုပါသည်။ မိမိခံစားချက်များကို ဆန်းစစ်သဘောပေါက်ခြင်းသည် ထိုခံစားချက်များကို ဖျက်ဆီးသောလုပ်ငန်းစဉ် မဟုတ်ပါ။ ယင်းမှာ မိမိကိုရော၊ အခြားသူများကိုပါ ကူညီကာ ပိုပြီးအကျိုးရှိစေမည့်  စိတ်ပညာကုထုံးအတိုင်း လိုက်နာသော လုပ်ငန်းစဉ်လည်း ဖြစ်ပါသည်။

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့နှင့်အတူ အားကောင်းသော မည်သည့်စိတ်ခံစားချက် ရှိပါသနည်း။ ဤသည်မှာ တိဘက်ဘာသာဖြင့် ယစ်-ဗျောင် ဟုခေါ်ပြီး ဘာသာပြန်ရန် မလွယ်ကူပါ။ သို့သော် “ဒါကို ထပ်မလိုချင်တော့ဘူး” ဆိုသည့် တစ်ခုခုကို စိတ်ကုန်သော အခြေအနေတစ်ရပ် ဖြစ်ပါသည်။ တစ်ခါတစ်ရံ ၎င်းကို “မနှစ်မြို့မှု” ဟု အနည်းငယ် ပိုပြင်းထန်စွာ ဘာသာပြန်ပါသည်။ ယခင်ကဆိုလျှင် ထိုအတိုင်း ကျွန်ုပ်ဘာသာပြန်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မိမိ၏ ဆင်းရဲဒုက္ခကို မနှစ်မြို့သလို အခြားသူများ၏ ဆင်းရဲဒုက္ခကိုလည်း မနှစ်မြို့ပါ။ သို့သော် ဆက်လက်စဉ်းစားပါက ယင်းမှာအလွန်ပြင်းထန်သော စကားလုံးဖြစ်သည်ဟု ထင်မိပါသည်။ အကြောင်းမှာ မနှစ်မြို့မှုသည် တွန်းကန်သည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်အဖြစ်သို့ အလွယ်တကူ ဖြစ်သွားနိုင်ပါသည်။ ဤစိတ်ခံစားချက်၏ သဘောက ပိုပြီးဘက်မလိုက်ဘူးဟု ထင်ပါသည်။ မိမိ၏ ဆင်းရဲဒုက္ခဖြစ်စေ၊ အခြားသူများ၏ ဆင်းရဲဒုက္ခဖြစ်စေ “ဒီဆင်းရဲဒုက္ခတွေ များနေပြီ။ အဆုံးသတ်ရတော့မယ်” ဟုဖြစ်ရပါမည်။ ထို့ကြောင့် “အဲဒါက တော်လောက်ပြီ” ဆိုသည့် ပြတ်သားမှု အစိတ်အပိုင်းအချို့ ပါဝင်နေပါသည်။

ဤသည်ကို မိမိ၏ပုံမှန် အတွေ့အကြုံနှင့် ဆက်စပ်နိုင်သည်ဟု ထင်ပါသည်။ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်နေနိုင်ပြီး ဤဆင်းရဲဒုက္ခမှ လွတ်မြောက်လိုပါသည်။ သို့သော် စိတ်ဓာတ်ခိုင်မာစွာ ဆုံးဖြတ်ပြီး “အဲဒါက တော်လောက်ပြီ” ဟုပြောသည့်အဆင့် ရောက်မှသာ ထိုဆင်းရဲဒုက္ခမှ လွတ်ရန် အမှန်တကယ်တစ်ခုခု ပြုလုပ်ပါလိမ့်မည်။ ထို့ကြောင့် “တော်လောက်ပြီ” ဆိုသည့်ခံစားချက်မှာ စွန့်ပယ်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်း၏ အဓိကစိတ်ခံစားချက်သဘော ဖြစ်ပါသည်။

အချက်အလက်တစ်ခုကို မှန်သည်ဟု ယုံကြည်ခြင်း

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့နှင့် တွဲနေသော နောက်ထပ် စိတ်၏ အစိတ်အပိုင်းတစ်ခုမှာ အချက်အလက်တစ်ခုကို မှန်ကန်သည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ယင်းကို “ယုံကြည်ချက်” ဟု တစ်ခါတစ်ရံ ဘာသာပြန်သော်လည်း မသင့်တော်ဘူးဟု ထင်ပါသည်။ အကြောင်းမှာ ယုံကြည်ချက်သည်လည်း မှားယွင်းခြင်း၊ မသေချာခြင်း ဖြစ်နိုင်ပါသည်။ ဥပမာ၊ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးမှုကို ယုံကြည်ခြင်းမျိုး ဖြစ်သည်။ ဤနေရာတွင် အချက်တစ်ချက်ကို ယုံကြည်မှုသည် မှန်ကန်သောအရာ တစ်ခုခုကို ရည်မှန်းကာ ယင်းကိုမှန်သည်ဟု ယုံကြည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အီစတာပွဲတော် အထိမ်းအမှတ် ယုန်တစ်ကောင် သို့မဟုတ် အလားတူအရာများကို ယုံကြည်ခြင်းအကြောင်း ပြောနေခြင်းမဟုတ်ပါ။

အကြောင်းတရားကို အခြေခံပြီး အချက်အလက်ကို ယုံကြည်ခြင်း

အချက်တစ်ချက်ကို ယုံကြည်မှုတွင် သုံးမျိုးသုံးစား ရှိပါသည်။ ပထမတစ်ခုမှာ အကြောင်းတရား အခြေခံသော အချက်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤယုံကြည်မှုဖြင့် ဆင်းရဲဒုက္ခကို အာရုံစိုက်ပြီး ဤသည်မှာ တကယ့်ဆင်းရဲဒုက္ခဖြစ်ကာ ဤအကြောင်းကြောင့် ဖြစ်လာသည်ဆိုသော အချက်ကို အခိုင်အမာ ယုံကြည်ပါသည်။ ထို့ပြင် ဤဆင်းရဲဒုက္ခကို ထာဝရဖယ်ရှားပစ်နိုင်ကြောင်း ခိုင်မာစွာ ယုံကြည်ပါသည်။

ထိုနောက်ဆုံးအချက်မှာ အလွန်အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ဆင်းရဲဒုက္ခကို ဖယ်ရှားနိုင်ကြောင်း၊ ဆန့်ကျင်ဘက်တစ်ခုခုက ယင်းကိုအပြီးတိုင် ဖယ်ရှားနိုင်ကြောင်း အကြောင်းတရားပေါ် အခြေခံသည့် ခိုင်မာစွာ ယုံကြည်ခြင်း မရှိပါက စိတ်ခံစားချက် သဘောထား တစ်ခုလုံးက ကွဲပြားနေပါမည်။ ဥပမာ၊ ဘဝတွင် ပြဿနာတစ်ခု ရှိနေသည်ဟု အသိအမှတ်ပြုနိုင်ပြီး ၎င်း၏အကြောင်းရင်းကိုပင် အနည်းငယ် နားလည်နိုင်ပါသည်။ မိမိပြဿနာကို အမှန်ပင် ဖယ်ရှားလိုပြီး တောက်လောက်ပြီဟု နက်ရှိုင်းစွာ ခံစားရသည့်အဆင့်ကိုပင် ရောက်ချင်ရောက်နေပါမည်။ ထိုအတွက် တစ်ခုခု အမှန်ပင် ဆောင်ရွက်ချင်နေပါသည်။ သို့သော် ယင်းမှာ မျှော်လင့်ချက်မဲ့ကာ မိမိပြဿနာကို ဖယ်ရှားဖို့ နည်းလမ်းမရှိဘဲ ပါးစပ်ပိတ်ပြီး နေတတ်အောင် နေသွားရသည်ဟု ဆိုပါစို့။ သို့မဟုတ် ဤပြဿနာကို ထာဝရ ရှိနေရတော့မည်ဟု ခံစားနေရပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ဖော်ပြထားသည့် အချက်အလက်ကို ယုံကြည်မှုနှင့် အလွန်ခြားနားသော စိတ်အခြေအနေ ဖြစ်သည်မဟုတ်ပါလား။ ထိုသို့ မျှော်လင့်ချက်မဲ့သော စိတ်အခြေအနေတွင် အခြေအနေတစ်ခုလုံးကို အလွန်စိတ်ဓာတ်ကျရန် တကယ်ပင် လွယ်ကူပါသည်။ မိမိပြဿနာမှ အမှန်ပင် လွတ်ကင်းလိုသော်လည်း ဆန္ဒသက်သက်သာဖြစ်ပြီး ဘာမှမလုပ်နိုင်ကြောင်း သဘောပေါက်နေသည့်အတွက် လုံးဝစိတ်ပျက်မိနေပါသည်။

ထို့ကြောင့်လည်း ကျွန်ုပ်တို့၏ ပြဿနာကို ထာဝရဖယ်ရှားနိုင်ကြောင်း ခိုင်မာသော ယုံကြည်ချက်သည် အကြောင်းတရားပေါ်တွင် မူတည်ရပါမည်။ ပြဿနာကို မိမိကိုယ်တိုင် ဖယ်ရှားနိုင်ပုံကို နားလည်ကာ ထိုသို့ဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။ ထိုအခါ မျှော်လင့်ချက် ရလာပါသည်။ မျှော်လင့်ချက်မှ ခွန်အားရပါသည်။ ခွန်အားသည် ပြဿနာကို မိမိကိုယ်တိုင် ဖယ်ရှားရန် အမှန်တကယ် တစ်ခုခုဆောင်ရွက်နိုင်စွမ်း ရှိဖို့အတွက် အလွန်အရေးကြီးပါသည်။ ယင်းမှာ အကြောင်းတရားကို အခြေခံသောအချက်တွင် ယုံကြည်ခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ခု၏ မှန်ကန်သောအချက်ကို အမြင်ရှင်းလင်းစွာ ယုံကြည်ခြင်း

အချက်အလက်တစ်ခုကို ယုံကြည်မှု ဒုတိယအမျိုးအစားမှာ “တစ်စုံတစ်ခု၏ မှန်ကန်သောအချက်ကို အမြင်ရှင်းလင်းစွာ ယုံကြည်ခြင်း” ဟု ခေါ်ပါသည်။ အရာဝတ္ထုကို ဖယ်ရှားရှင်းလင်းမှု မရှိဘဲ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို စိတ်ထဲမှ ရှင်းလင်းပေးသည့် သဘောဖြင့် အမြင်ရှင်းစေခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘာကိုဆိုလိုပါသလဲ။ ဆင်းရဲဒုက္ခကို ထာဝရဖယ်ရှားနိုင်သည်ဟူသော ယုံကြည်မှုမျိုးသည် စိတ်ဓာတ်ကျမှုကို ဖယ်ရှားပေးသည်။ အခြေအနေကို သံသယဖြစ်မှုအား ဖယ်ရှားပေးသည်။ မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်း ခံစားချက်များကို ဖယ်ရှားပေးပါသည်။ ပြဿနာနှင့် အခက်အခဲများစွာ ရှိနေသောအခါ “ဒီလို အမြဲဖြစ်နေတော့မှာပဲ” သို့မဟုတ် “ပိုဆိုးသွားမှာစိုးလို့ ဘာမှမလုပ်ရဲအောင် ကြောက်နေပြီ” ဟုတွေးကာ ကြောက်လန့်တကြား နေထိုင်နေရပါသည်။

မိမိတွင်ဖြစ်စေ၊ အခြားသူများတွင်ဖြစ်စေ ဤဥပမာမျိုးကို ကျွန်ုပ်တို့အားလုံး သိရှိကြမှာသေချာပါသည်။ ဥပမာအားဖြင့် တစ်ယောက်ယောက်နှင့် ဆိုးရွားသော၊ အပျက်သဘော ဖြစ်သော၊ နှိပ်စက်တတ်သော ဆက်ဆံရေး ရှိနေသော်လည်း ထိုသူမရှိလျှင် ဘဝပိုဆိုးသွားနိုင်သည့်အတွက် ထိုဆက်ဆံရေးမှ ရုန်းထွက်ကာ အဆုံးသတ်ရန် ကြောက်နေကြပါသည်။ သို့သော် ဆက်ဆံရေးကို အဆုံးသတ်ကာ ပြဿနာကို ဖယ်ရှားနိုင်ကြောင်း၊ ထိုသို့အဆုံးသတ်ခြင်းဖြင့် ဘဝတွင် အရာရာပိုကောင်းလာမည် ဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်ပါက စိတ်တွင် ကြောက်ရွံ့မှု၊ မပြတ်သားမှုတို့ မရှိအောင် ရှင်းလင်းလိုက်ပါသည်။

ဤသို့ မိမိကိုယ်ကို ယုံကြည်မှုဆိုသည့် ဒုတိယအမျိုးအစားတွင် ဆင်းရဲဒုက္ခ၏ အပျက်သဘောကို ချဲ့ကားမှုလည်း ဖယ်ရှားလိုက်ပါသည်။ ကျွန်ုပ်တို့ထံတွင် ပြဿနာ ရှိနေနိုင်သော်လည်း ထိုပြဿနာ၏ အပျက်သဘောကို ချဲ့ကားပါက ကြောက်မက်ဖွယ်မကောင်းဆိုးရွားကို စိတ်ထဲသို့ ပို့လိုက်သလိုဖြစ်ပါသည်။ ပြဿနာကို ပြင်ပသို့ပို့ကာ နတ်ဆိုးများကြောင့် ဖြစ်သည်ဟုပုံဖော်ပြီး ပို၍ပင် ကြောက်ရွံ့လာပါသည်။ သို့သော် ဆင်းရဲဒုက္ခကို ထာဝရ ဖယ်ရှားနိုင်သည့် ရှင်းရှင်းလင်းလင်း ယုံကြည်မှုတွင် အခြေခံသော စွန့်ပယ်မှုရှိပါက မကြောက်ရွံ့တော့ပါ။ ပြဿနာမှ ထွက်ပြေးခြင်း၊ ကြောက်ရွံမှုဖြင့် ရှောင်ခွါခြင်း မရှိတော့ဘဲ ပြဿနာများကိုရင်ဆိုင်ကာ အောင်မြင်မည်ဆိုသော ယုံကြည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းလာနိုင်ပါသည်။

ထိုအခါ “သံသရာအကျဉ်းထောင်မှ လွတ်မြောက်မှု” ကဲ့သို့ ဖော်ပြချက်များတွင် ပါဝင်သော စိတ်ခံစားချက် အခြေအနေကို နားလည်သဘောပေါက်ရာတွင် သတိထားဖို့ လိုပါသည်။ ထိန်းချုပ်မရစွာ ပြန်ဖြစ်သော ဆင်းရဲဒုက္ခဆိုသည့် သံသရာအခြေအနေကို ကြောက်ရွံ့၊ မုန်းတီးသည့်အတွက် ကျွန်ုပ်တို့၏စိတ်က ဝမ်းနည်းပြီး ရှုပ်ထွေးနေမှုကြောင့် မဟုတ်ပါ။ ဤဆင်းရဲဒုက္ခအားလုံးမှနေ၍ မိမိကိုယ်တိုင် လွတ်မြောက်နိုင်သည့် အချက်ကို ရှင်းရှင်းလင်းလင်း ယုံကြည်မှုကြောင့် တည်ငြိမ်ပြီး ကြည်လင်စွာ ပိုင်းဖြတ်ထားသော စိတ်အခြေအနေကို ရရှိလာခြင်းသာ ဖြစ်ပါသည်။

အချက်အလက်ကို ၎င်းနှင့်ပတ်သက်သော စိတ်အားထက်သန်မှုဖြင့် ယုံကြည်ခြင်း

တတိယမြောက် ယုံကြည်မှုအမျိုးအစားမှာ ထိုအချက်အလက်နှင့် ဆိုင်သော စိတ်အားထက်သန်မှုဖြင့် ယင်းကိုယုံကြည်ခြင်း ဖြစ်ပါသည်။ ဤနေရာတွင် စိတ်အားထက်သန်မှု ဆိုသည်မှာ “ဒါကနေ ထွက်ခွါရမယ်။ ဒီကနေ လွတ်မြောက်ဖို့ တစ်ခုခုလုပ်ရမယ်” ဆိုသည့်စိတ် ဖြစ်ပါသည်။ ဤစိတ်အခြေအနေ၏ နေ့စဉ်တွေ့နေကျ နမူနာတစ်ခုမှာ ဆင်းဆင်းရဲရဲ မွေးဖွားကြီးပြင်းလာပြီး ဤအကန့်အသတ်များမှ လွတ်မြောက်ကာ ဘဝတွင် ပိုမိုအောင်မြင်အောင် တစ်ခုခုဆောင်ရွက်ရန် ဆုံးဖြတ်ထားသူကဲ့သို့ ဖြစ်ပါသည်။ ထိုသူတို့သည် အလွန်ရှင်းလင်း တည်ငြိမ်ကာ သူတို့၏ အခြေအနေကို မုန်းတီးမှုပြည့်နေသည်ဟု မဆိုလိုပါ။ မိမိဆင်းရဲခြင်းမှ ထွက်မြောက်ရန် ဘာလုပ်ရမည်ကို သိရှိပြီး ထိုသိုလုပ်ပါတော့မည်။ အကြောင်းမှာ ဤအခြေအနေမျိုး အများကြီးကြုံခဲ့ရသောကြောင့် ဖြစ်ပါသည်။ သူတို့ လုပ်ရမည့်အရာကို သိရှိသလို တန်းတန်းမတ်မတ် လုပ်ကိုင်ဆောင်ရွက်ပါသည်။

ကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိ အလွန်ဆင်းရဲသောမိသားစုတွင် ကြီးပြင်းလာသော မိတ်ဆွေတစ်ယောက်ကို ဥပမာအနေနှင့် စဉ်းစားမိပါသည်။ သူ့အဆင့်အတန်းမှ လူအများစုက ဂိုဏ်းဖွဲ့ကာ အချင်းချင်း တိုက်ခိုက်နေချိန်တွင် သူကကျောင်းတက်ခဲ့သည်။ ထိုနေရာမှ လွတ်မြောက်ရန် သူပိုင်းဖြတ်ထားသည်။ ဘာလုပ်ရမည်ကို သူသိသည်။ အလွန်ကြိုးကြိုးစားစား ငွေရှာပြီး တက္ကသိုလ်တက်ခွင့် ရခဲ့သည်။ ဆေးပညာသင်ယူကာ ယခုဆိုလျှင် အလွန်အောင်မြင်သော ဦးနှောက်ခွဲစိတ်ကု ဆရာဝန် ဖြစ်နေပါပြီ။

ကရုဏာတွင် ပါဝင်သော အစိတ်အပိုင်းများသည် စွန့်ပယ်ခြင်း၏ အစိတ်အပိုင်းများနှင့် တူညီသည်

မိမိ၏ဆင်းရဲဒုက္ခကို အာရုံစိုက်သောအခါ စွန့်ပယ်ခြင်းဟု ခေါ်ပါသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်သောအခါလည်း ထိုအတိုင်း ဖြစ်ပါသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်ပြီး မိမိစိတ်က “ဒါကိုစွန့်ပယ်ရမယ်” ဆိုသည့်ရည်ရွယ်ချက်ဖြင့် ဆက်စပ်ပါသည်။ ယင်းနှင့်ပူးတွဲနေသော စိတ်အခြေအနေနှင့် စိတ်ခံစားချက်သည် “တော်လောက်ပြီ” ဆိုသော ခံစားချက်လိုပင် ဖြစ်ပါသည်။ အားလုံးတွင် ကျွန်ုပ်တို့လိုပင် ဤသို့သော ဘဝပြဿနာများ ရှိသည်ကို သဘောပေါက်သော်လည်း ယင်းကို မနှစ်မြို့ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း မဟုတ်ပါ။ ယင်းတို့မှာလည်း အနှောင့်အယှက်ပေးသော စိတ်ခံစားချက်မျိုး ဖြစ်ပါသည်။ ဤသည်မှာ သူတို့ပြဿနာများ၏ အကြောင်းရင်းဖြစ်ပြီး သူတို့ကိုလည်း ထိုအထဲမှ ဖယ်ရှားပေးရန် ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့သည် မိမိ၏နားလည်မှုနှင့် ယုံကြည်မှုကို အခိုင်အမာ ယုံကြည်ပါသည်။ သူတို့ကို ဆုတောင်းပေးရုံသာ မဟုတ်ဘဲ ယင်းမှာမျှော်လင့်ချက် ကင်းမဲ့ကြောင်း နက်ရှိုင်းစွာဖြင့် သိရှိပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်မှုသည် ရှင်းရှင်းလင်းလင်း ယုံကြည်မှုမျိုး ဖြစ်သောကြောင့် ဤကရုဏာနှင့်အတူ ကျွန်ုပ်တို့စိတ်သည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် မရှိပါ။ ထိုအချက်က အရမ်းအရေးကြီးပါသည်။

နမူနာများကို စဉ်းစားမိပါသည်။ ကျွန်ုပ်၏မိခင်သည် အမေရိကန် ရုပ်မြင်သံကြား ပြည်တွင်းသတင်းကို ကြည့်လေ့ရှိပြီး လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုစသည်တို့ နေ့တိုင်းဖြစ်နေသည်ကို တွေ့ပြီး “ဆိုးလိုက်တာ။ ဒါမဖြစ်သင့်ဘူး” စသည်ဖြင့် အလွန်ဒေါသထွက်ကာ စိတ်အနှောင့်အယှက် ဖြစ်ပါသည်။ ဤသည်မှာ ကရုဏာနှင့် တူသော်လည်း တကယ်တော့ အနှောင့်အယှက်ပေးသော စိတ်အခြေအနေ ဖြစ်ပါသည်။ “လက်တွေ့” ကရုဏာမဟုတ်ပါ။ ဤကိစ္စတွင် ကရုဏာနှင့် စိုးရိမ်မှုတို့ ရောက်စပ်နေသလို ဒေါသနှင့် ဝမ်းနည်းမှုတို့လည်း ရောစပ်နေပါသည်။

“လက်တွေ့” ကရုဏာဆိုသည့် ကရုဏာသည် ဝမ်းနည်းနေသော စိတ်အခြေအနေ မဟုတ်ပါ။ ယင်းမှာ အလွန်ရှင်းလင်းသော စိတ်အခြေအနေ ဖြစ်ပါသည်။ “ဒါအတွက်၊ ဒီဆင်းရဲဒုက္ခကို ဖယ်ရှားပေးဖို့အတွက် တစ်ခုခု လုပ်တော့မယ်” ဆိုသည့် စိတ်ဆန္ဒပါသော ယုံကြည်မှုဖြင့် ပူးတွဲနေပါသည်။ ထို့ကြောင့် “သူတို့” ဒါကိုတစ်ခုခု လုပ်ပါစေဟု ဆုတောင်းရုံမျှသာ မဟုတ်ဘဲ မိမိကလည်း ကူညီရန် ကြိုးစားပါမည်။ သို့သော် ဤစိတ်ဆန္ဒနှင့် ရည်မှန်းချက်သည် မိမိဘာလုပ်နိုင်သည်ကို လက်တွေ့ကျကျ နားလည်မှုတွင် အခြေခံရန် လိုပါသည်။ ယင်းသည် “မိမိက တန်ခိုးရှင်နတ်ဘုရား ဖြစ်သည်။ အပြင်ထွက်ပြီး လောကကို ကယ်တင်မည်” ဆိုပြီး “ဤသူကို အောင်မြင်စွာ ကယ်တင်နိုင်ပါက မိမိသည်အလွန် မင်္ဂလာရှိမည်ဖြစ်ပြီး မအောင်မြင်ပါက အပြစ်ရှိမည်” ဆိုသည့် စိတ်ကူးနှင့် ရောနေခြင်း မဟုတ်ပါ။ ထို့ကြောင့်လည်း ဆင်းရဲဒုက္ခကို ဖယ်ရှားနိုင်သည့် လုပ်ငန်းစဉ်ကို ကောင်းစွာ နားလည်ရန်လိုပြီး ယုံကြည်မှုရှိရန် လိုခြင်း ဖြစ်ပါသည်။ ဤလုပ်ငန်းသည် ဆင်းရဲဒုက္ခပျောက်ကွယ် စေလိုသော မိမိ၏စိတ်စွမ်းအားနှင့် မိမိ၏ဆန္ဒသာမက အကြောင်းတရားနှင့် အချက်များစွာပေါ်တွင် မူတည်ပြီးမှ ဖြစ်ပေါ်လာသောအရာ ဖြစ်ပါသည်။

နာကျင်မှုဝေဒနာနှင့် မပျော်ရွှင်မှုတို့ကို အာရုံစိုက်သော စွန့်ပယ်ခြင်းနှင့် ကရုဏာ

စွန့်ပယ်ခြင်းနှင့် ကရုဏာ ရရှိရန်လိုအပ်သော ပထမအစိတ်အပိုင်းမှာ မိမိ၏ ဆင်းရဲဒုက္ခ ဖြစ်စေ၊ အခြားသူများ၏ ဆင်းရဲဒုက္ခကို ဖြစ်စေ အာရုံစိုက်ရန် လိုသောအချက် ဖြစ်သည်ဟု ရှင်းပြခဲ့ပါသည်။ ထိုအခါ ပထမဆုံး မေးရမည်မှာ မည်သည့် ဆင်းရဲဒုက္ခမျိုးကို အာရုံစိက်ရမည်နည်း။ ဗုဒ္ဓမြတ်စွာက စစ်မှန်သော ဆင်းရဲဒုက္ခ သုံးမျိုးကို ဖော်ပြခဲ့ပါသည်။ ဤနေရာတွင် အလွန်အသေးစိတ် မကြည့်ဘဲ ထိုသုံးမျိုးအနက် ကျွန်ုပ်တို့အာရုံစိုက်နိုင်သည့် ပထမတစ်ခုမှာ နာကျင်မှုနှင့် မပျော်ရွှင်မှု ဖြစ်ပါသည်။

နာကျင်မှုနှင့် မပျော်ရွှင်မှုကို ပပျောက်စေလိုသည်မှာ အရမ်းမခက်ပါ။ သွားဆေးခန်းပြလျှင် အားလုံး ကြုံဖူးကြမည်ဟု ထင်ပါသည်။ သို့သော် ယင်းမှာ အမှန်တကယ် စုံစမ်းကြည့်ရန် အလွန်စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်ပါသည်။ သွားဆရာဝန်ရှေ့တွင် ထိုင်ခုံပေါ် ထိုင်နေသောအခါ ထုံဆေးမပါဘဲ သွားကိုလွန်ဖြင့်ဖောက်သည့် နာကျင်မှုကို ကြုံရပါက ယင်းကို စွန့်ပယ်မှု ရှိပါသလား။ ယင်းမှာ မိမိစိတ်အခြေအနေ ဟုတ်ပါသလား။ အမှန်တကယ် မိမိစိတ်အခြေအနေက ဘာပါလဲ။ ထိုခုံပေါ်တွင် ဘာကိုခံစားရပါသနည်း။ ကျွန်ုပ်တို့အများစုအတွက် ယင်းမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်သောက ဖြစ်ပါသည်။ စွန့်ပယ်ခြင်းနှင့်အတူ ခံစားရသော နာကျင်မှုကို အာရုံစိုက်သော်လည်း စွန့်ပယ်ခြင်းနှင့် မတူသည်မှာ ယင်းကိုပုံကြီးချဲ့ပြီး မကောင်းဆိုးရွားလို ပြုလုပ်လိုက်ပါသည်။ တကယ်တော့ တည်ငြိမ်မှု လုံးဝမရှိသည်မှာ သေချာပါသည်။

သို့သော် ဤအခြေအနေကို စွန့်ပယ်ခြင်းဖြင့် ချဉ်းကပ်သည်ဆိုပါစို့။ ကျွန်ုပ်တို့သည် လွန်ဖြင့် ဖောက်သည့်နာကျင်မှုကို အာရုံစိုက်နေပါဦးမည်။ ထိုနာကျင်မှု ခံစားနေရသည်ကို အဆုံးသတ်လိုစိတ် ရှိနေပါသည်။ ထိုနာကျင်မှုက များနေပြီဖြစ်ရာ ယင်းကို ဖယ်ရှားနိုင်မည်ဟု ယုံကြည်ပါသည်။ သို့သော် ယခုအခါ စိတ်ဝင်စားဖွယ် ပြဿနာ ပေါ်လာပါသည်။ ယင်းကို သည်းခံပြီး စောင့်ဆိုင်းလိုက်ရုံဖြင့် ဖယ်ရှားနိုင်သည်ဟု နားလည်ထားနိုင်ပါသည်။ သွားဆေးခန်းထိုင်ခုံတွင် ဤသွားကိုလွန်ဖြင့်ဖောက်သည့် ဆရာဝန်က မိမိ၏လက်ကျန်ဘဝတစ်ခုလုံး နာကျင်အောင် ပြုလုပ်နေမည်မဟုတ်ပါ။ မမြဲခြင်း ရှိနေသလို လွန်ဖြင့်ဖောက်မှုကလည်း ပြီးဆုံးသွားပါမည်။ ခံနိုင်ရည်ရှိရန်သာ လိုပါသည်။ ဤအတွေးဖြင့် ကျွန်ုပ်တို့သည် တည်ငြိမ်မှုရရှိနိုင်ပါသည်။ ထိုင်ခုံတွင် ကြောက်လန့်တောင့်တင်းမှုမရှိဘဲ ဆက်လက်တည်ငြိမ်စွာ နေလိုက်ပါက နာကျင်မှု ဝေဒနာသည် ပြီးဆုံးကာ ပျောက်ကွယ်သွားပါလိမ့်မည်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ ဤနာကျင်မှုအပေါ် သဘောထားကို ပြောင်းလဲခြင်းဖြင့် ထိုဝေဒနာကို ဖယ်ရှားနိုင်သည်ဟု ယုံကြည်နိုင်သည့်အချက် ဖြစ်ပါသည်။ ဤသည်မှာ ဆိုးရွားသော အခြေအနေများကို အပြုသဘော အခြေအနေများသို့ ပြောင်းလဲရန် စိတ်ကိုလေ့ကျင့်သော သို့မဟုတ် သဘောထားကို လေ့ကျင့်ပေးသော နည်းလမ်းကို ဆိုလိုပါသည်။ ဥပမာ၊ တိဘက်တွင် ဖြစ်စေ၊ ကမ္ဘာ့အခြားနေရာများတွင်ဖြစ်စေ ညှဉ်းပမ်းနှိပ်စက်ခံရသော လူသားအားလုံး၏ ဆင်းရဲဒုက္ခကို တွေးကြည့်ပြီး သွားဆေးခန်းထိုင်ခုံတွင် မိမိကြုံတွေ့ရသည့်ဝေဒနာနှင့် နှိုင်းယှဉ်ပါက မိမိ၏နာကျင်မှုသည် အသေးအဖွဲဟု ယှဉ်ကြည့်နိုင်ပါသည်။ မိမိဆင်းရဲဒုက္ခ၏ နှိုင်းယှဉ်မှုကို နားလည်ခြင်းဖြင့် မပြောပလောက်သော နာကျင်မှုကို ရင်ဆိုင်ရသောအခါ တည်ငြိမ်စေပြီး ယင်းကို အလွန်အမင်း ခံစားရမည် မဟုတ်ပါ။ နာကျင်မှုက ရှိနေသော်လည်း ရေးကြီးခွင်ကျယ် မဟုတ်တော့ပါ။

ဤဥပမာနှစ်ခုစလုံးတွင် စွန့်ပယ်ခြင်း ရှိပါသည်။ ဘာကိုစွန့်ပယ်ပါသလဲ။ အပေါ်ယံအားဖြင့် နာကျင်မှုကို စွန့်ပယ်ပါသည်။ သို့သော် ယင်းအပေါ် မည်သည့်သဘောထားရှိသည်ဖြစ်စေ၊ နာကျင်မှုကို ချက်ချင်းမဖယ်ရှားနိုင်ပါ။ လွန်ဖြင့်ဖောက်မှု ရပ်တန့်သွားချိန်အထိ ရုပ်နာကျင်မှုခံစားနေရပါသေးသည်။ တကယ်တော့ နာကျင်မှုသည် ကျွန်ုပ်တို့က စွန့်ပယ်သည်ဖြစ်စေ၊ မပယ်သည်ဖြစ်စေ သွားဆရာဝန် လုပ်ငန်းပြီးစီးသည်အထိ ဆက်ရှိနေပါမည်။ မည်သို့ရှိစေကာမူ လွန်ဖြင့်ဖောက်သည့် နာကျင်မှုသည် မမြဲကြောင်း ယုံကြည်မှုထားပြီး ယင်း၏မမြဲခြင်းက နာကျင်မှုကို ခံနိုင်ရည်ရှိစေသည့်အတွက် မကြာခင် လွတ်မြောက်သွားပါမည်။ ထို့ကြောင့် ပို၍နက်နဲစွာ လေ့လာပါက ရုပ်နာကျင်မှု ကြုံတွေ့နေရစဉ် မပျော်ရွှင်မှုကို အမှန်တကယ် စွန့်ပယ်ခြင်း ဖြစ်ပါသည်။ သဘောထား ပြောင်းလဲမှုဖြင့် ထိုမပျော်ရွှင်မှုကို ချက်ချင်းဖယ်ရှားပစ်နိုင်ပါသည်။

သွားဆေးခန်းထိုင်ခုံတွင် ကြုံရသည့် မိမိအတွေ့အကြုံတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်သောကတို့ ပူးတွဲနေပါက ဤစိတ်အခြေအနေများက ပိုပြီး မပျော်မရွှင် ဖြစ်စေကာ အခြေအနေကို ပိုတောင်ဆိုးစေပါသည်။ သို့သော် နာကျင်မှုအပေါ် သဘောထား ပြောင်းလဲလိုက်ပါက ဥပမာ၊ ယင်း၏မမြဲခြင်း သို့မဟုတ် နှိုင်းယှဉ်ခြင်းဖြင့် နားလည်ပါက လွန်ဖြင့်ဖောက်မှုကို စိတ်ထဲမှရော၊ စိတ်ခံစားချက်ဖြင့်ပါ ဝေဒနာခံစားရမည် မဟုတ်ကြောင်း မိမိကိုယ်ကို ယုံကြည်နိုင်ပါသည်။

ဤသည်မှာ သဘောထား ပြောင်းလဲခြင်းဖြင့် မိမိတွင် အမှန်တကယ် ဖယ်ရှားနိုင်သောအရာကို ဆိုလိုသည့် ဤနေရာတွင် စွန့်ပယ်သောအရာကို နားလည်မှုတွင် အခြေခံသော စွန့်ပယ်ခြင်း ကျင့်ကြံမှု ဖြစ်ပါသည်။ အောက်ပါတို့ကို စွန့်ပယ်ပါသည်-

  • ရုပ်နာကျင်မှု ဝေဒနာနှင့် ပတ်သက်သည့် မပျော်ရွင်မှု ခံစားရခြင်း၊
  • နာကျင်သော စိတ်နှင့် စိတ်ခံစားချက် အခြေအနေများ။
  • ဤနာကျင်သော စိတ်နှင့် စိတ်ခံစားချက် အခြေအနေများနှင့် ပတ်သက်၍ မပျော်ရွင်မှု ခံစားရခြင်း။

သဘောထား ပြောင်းလဲခြင်းသည် နာကျင်မှု ကြုံတွေ့ရသော အခြေအနေတစ်ခုလုံးကို လုံးဝပြောင်းလဲလိုက်ပါသည်။ ဤအတွက် နမူနာများကို အနောက်တိုင်း ဆေးရုံများ၌ ကင်ဆာကြောင့်ဖြစ်စေ၊ အခြားနောက်ဆုံးအဆင့် ဖျားနာမှုတစ်ခုခုကြောင့်ဖြစ်စေ၊ ကွယ်လွန်သွားသော လားမားဘုန်းတော်ကြီးများနှင့်အတူ ကျွန်ုပ်တို့ လေ့လာခဲ့ပါသည်။ သူတို့သည် ရုပ်နာကျင်မှုကို ခံစားနေရသည်မှာ သေချာပါသည်။ ထို့ပြင် ထိုနာကျင်မှုအပေါ် မပျော်ရွှင်မှုနှင့် ကြောက်ရွံ့မှုတို့လည်း စွန့်ပယ်ထားသည်မှာ သေချာပါသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခနှင့် သူတို့၏ ဝမ်းနည်းမှုကို၊ အထူးသဖြင့် အကူအညီမဲ့နေသော ဆရာဝန်၏ အဆင်မပြေမှုကို တွေးတောခြင်းအားဖြင့် အခြေအနေတစ်ခုလုံးကို ပြောင်းလဲပါသည်။ ဤလားမားဘုန်းတော်ကြီးများက ဆရာဝန် မည်သို့ခံစားရသည်ကို သာမက လာရောက်ဂါရဝပြုသူ အားလုံး မည်သို့ခံစားရသည်ကိုပါ အထူးအလေးထားမှု ပြသခဲ့ပါသည်။

သူတို့၏ နာမကျန်းမှုကို ဤသို့ဖြေရှင်းပုံ၏ အကြောင်းခံက အဘယ်နည်း။ ယင်းမှာ စွန့်ပယ်ခြင်းနှင့် ကရုဏာ ဖြစ်ပါသည်။ သူတို့သည် သူတို့ကိုယ်တိုင်ရော သက်ဆိုင်သူ အားလုံးနှင့် ပတ်သက်၍ပါ အခြေအနေတစ်ခုလုံး၏ တင်းကျပ်မှုနှင့် စိတ်နာကျင်မှုကို စွန့်ပယ်ထားပါသည်။ ထို့ပြင် သူတို့သည် စွန့်ပယ်ခြင်း ရှိသလို ဟန်ဆောင်နေခြင်းလည်း မဟုတ်ပါ။ ဤလားမားဘုန်းတော်ကြီးများက “အဆင်ပြေတယ်။ အဆင်ပြေတယ်။ စိတ်မပူနဲ့” ဟု အပြင်တွင် ပြောနေပြီး စိတ်ထဲတွင် အဆင်မပြေသလို ခံစားရသူများ မဟုတ်ပါ။ ထိုသို့ဆိုပါက သူတို့သည် ရှင်းရှင်းလင်းလင်း ယုံကြည်မှု ကင်းမဲ့နေပါ လိမ့်မည်။ စိတ်၏ဆန့်ကျင်ဘက် တစ်ခုခု ကျင့်သုံးခြင်းဖြင့် အခြေအနေ၏ တင်းကျပ်မှုအားလုံး ပြေလျော့သွားသည်ကို သိသည့်အတွက် ကြောက်ရွံ့မှု၊ မသက်သာမှုတို့ကို ဖယ်ရှားပေးသော ယုံကြည်ချက်မျိုး ဖြစ်ပါသည်။ ဤသို့သော စွန့်ပယ်ခြင်းနှင့် ကရုဏာ ကျင့်ကြံမှုများနှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ ဤလားမားဘုန်းတော်ကြီးများလိုပင် စွန့်ပယ်ခြင်းနှင့်တကွ ပူးတွဲပါ အချက်အားလုံး အလိုအလျောက် ပေါ်ထွက်လာပါမည်။ မိမိက ထုတ်ဖော်နေရသည့် အတုအယောင် တစ်ခုခု မဟုတ်တော့ပါ။

ခက်ခဲသော အခြေအနေ၏ နောက်ထပ်နမူနာမှာ အလုပ်ပြုတ်ခြင်း သို့မဟုတ် စုဆောင်းငွေများ ဆုံးရှုံးခြင်းဟု ဆိုရပါမည်။ ထိုအတွက် အလွန်စိတ်ညစ်နိုင်သော်လည်း မိမိအလုပ် သို့မဟုတ် စုဆောင်းငွေ ဆုံးရှုံးဖူးသော အခြားသူများအားလုံးလည်း အလွန်စိတ်ညစ်ကြရပါသည်။ ကျွန်ုပ်တို့သည် ထိုမပျော်ရွှင်မှုနှင့် စိတ်ဓာတ်ကျမှုကို မိမိတွင်ရော၊ အခြားသူများတွင်ပါ ပပျောက်စေချင်ပါသည်။ စွန့်ပယ်ခြင်းမှ ကရုဏာသို့ ကူးပြောင်းသည်မှာ မိမိကိုယ်ပိုင် ဆင်းရဲဒုက္ခကို စွန့်ပယ်မှု ရပ်တန့်ရမည်ဟု မဆိုလိုပါ။ မိမိစိတ်အခြေအနေကို မိမိနှင့် အခြားသူအားလုံး အပါအဝင် လူတိုင်းပါဝင်အောင် ဖြန့်ကြက်ခြင်း ဖြစ်ပါသည်။

သာမန်ပျော်ရွှင်မှု ခံစားရခြင်းအပေါ်၌ အာရုံစိုက်သော စွန့်ပယ်ခြင်းနှင့် ကရုဏာ

၎င်းသည် နာကျင်မှုနှင့် မပျော်ရွှင်မှု ခံစားရခြင်းကိုသာ ရည်ရွယ်သော စွန့်ပယ်ခြင်းနှင့် ကရုဏာ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုသည်လည်း ပြဿနာရှိပါသည်။ တစ်နည်းဆိုသော် ဆင်းရဲဒုက္ခတစ်မျိုးပင် ဖြစ်ပါသည်။ ဤဆင်းရဲဒုက္ခသည် မိမိ၏သာမန် ပျော်ရွှင်မှုက ဘယ်တော့မှ မတည်တံ့ကြောင်း၊ စိတ်ကျေနပ်ဖွယ် မဟုတ်ကြောင်း၊ အမြဲတမ်း လုံလောက်မှု မရှိကြောင်း ဆိုသောအချက် ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် မကြာမီမှာပင် အဆင်မပြေမှု၊ မပျော်ရွှင်မှုတို့အဖြစ် ပြောင်းလဲသွားပါသည်။ ထို့ကြောင့်လည်း “အပြောင်းအလဲ၏ ဆင်းရဲဒုက္ခ” ဟုခေါ်ခြင်း ဖြစ်ပါသည်။ ဥပမာ၊ ရေခဲမုန့်စားသည်မှာ စစ်မှန်သော ပျော်ရွှင်ခြင်း အကြောင်းတရား ဆိုပါက ပိုစားလေ၊ ပိုပျော်ရွှင်လေ ဖြစ်ပါမည်။ သို့သော် ပိုစားလေ၊ ပိုမနှစ်မြို့လေ ဖြစ်သော အဆင့်ကို ရောက်သွားမှာသေချာပါသည်။ ထိုအခါ ရေခဲမုန့်အပေါ် ကျွန်ုပ်တို့၏ သာမန်ပျော်ရွှင်မှုသည် ပြောင်းလဲသွားကာ ပျော်ရွှင်မှုလည်း မရှိတော့ပါ။

အနှစ်ချုပ်အားဖြင့် သာမန်ပျော်ရွှင်မှုသည် စိတ်ရှုပ်စေပါသည်။ မည်မျှပင် ဆက်လက်ပျော်ရွှင်မှု ခံစားလိုသော်လည်း မိမိစိတ်အခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်ပါသည်။ ထို့ပြင် ယခုရနေသော ပျော်ရွှင်မှု သို့မဟုတ် ယခင်ရရှိထားသော ပျော်ရွှင်မှုကို ဘယ်တော့မှ စိတ်ကျေနပ်မှု မရှိပါ။ အမြဲတမ်း ထပ်ပြီးလိုနေပါသည်။ ဤသို့ အပြောင်းအလဲ၏ ဆင်းရဲဒုက္ခကိုလည်း လွတ်ကင်းလိုသော ဆုံးဖြတ်ချက်ဖြင့် စွန့်ပယ်နိုင်ပါသည်။

သို့သော် သာမန်ပျော်ရွှင်မှုကို စွန့်ပယ်ခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ။ ယင်းမှာ ထပ်ပြီးပျော်ရွှင်လိုစိတ် မရှိရဘူးဟု ဆိုလိုပါသလား။ မိမိ၏ပျော်ရွှင်မှုသည် စိတ်ကျေနပ်ဖွယ် မဟုတ်သည့်အတွက် စွန့်လွှတ်ရမည်ဟု ဆိုလိုချင်ပါသလား။ ထိုသို့စဉ်းစားခြင်းမှာ ဗုဒ္ဓဘာသာ ရှုထောင့်ကို အကြီးအကျယ် နားလည်မှုလွဲခြင်း ဖြစ်ပါမည်။ သာမန်ပျော်ရွှင်မှုသည် နာကျင်မှု၊ မပျော်ရွှင်မှုတို့လိုပင် မမြဲသလို မလွဲမသွေ အဆုံးသတ်သွားပါလိမ့်မည်။ သို့သော် စွန့်ပယ်ခြင်းဖြင့် ထိုအချက်ကို လက်ခံလာနိုင်ပါသည်။ သာမန်ပျော်ရွှင်မှုမျိုး ခံစားရသည့် အရည်အသွေးကောင်းများ တည်ရှိနေစဉ်တွင်လည်း ပုံကြီးမချဲ့တော့ပါ။

ဤနည်းဖြင့် သာမန်ပျော်ရွှင်မှု ခံစားရခြင်းကို ကျော်လွှားနိုင်ပါသည်။ ယင်းကို ကောင်းမွန်သော ယာယီခံစားချက် တစ်ခုအဖြစ် အရှိအတိုင်း ခံစားရင်း မတည်တံ့သည့်အချက်ကိုလည်း အပြည့်အဝ သိရှိထားပါသည်။ ၎င်းသည် အဆုံးသတ်မည်ကို သိထားသောကြောင့် စိတ်မရှုပ်တော့ပါ။ ထာဝရ တည်နေအောင်လည်း မမျှော်လင့်တော့ပါ။ ရှိနေချိန်တွင်သာ ခံစားပါသည်။ ယင်းကိုခံစားကာ အဆုံးသတ်မည်ဟု သိထားသော်လည်း ထိုသို့ရပ်တန့်သွားမည့် အချိန်ကို စိုးရိမ်တကြီး ထိတ်လန့်နေခြင်း မဟုတ်ပါ။ ယင်းသည် အဆုံးသတ်မည်ဆိုသည့် အချက်တွင် ရှင်းရှင်းလင်းလင်း ယုံကြည်မှုဖြင့် ကျွန်ုပ်တို့၏ စိတ်ကို ထိုအတွေးကြောင့် မသက်မသာဖြစ်မှုများမှ ရှင်းလင်းလိုက်သည်ကို သတိရပါ။

အမြဲတမ်းမတွေ့ဖြစ်သော သူငယ်ချင်း တစ်ယောက်နှင့် ရှိနေသည့် ဥပမာတစ်ခု ပေးပါမည်။ ထိုသူငယ်ချင်းက ခဏလာလည်ပြီးနောက် ပြန်သွားရာ ကျွန်ုပ်တို့မှာ စိတ်မကျေနပ်ပါ။ သူ့ကို ကြာကြာနေစေချင်ပါသည်။ တကယ်တော့ ထိုသို့လာလည်ရာမှ ရရှိမည်ဟု မျှော်လင့်ပြီး မရရှိသောအရာက ဘာပါလဲ။ ဤလူနှင့် အတူရှိနေခြင်းသည် တစ်နည်းနည်းဖြင့် အဆုံးစွန် ပျော်ရွှင်စေပြီး မိမိ၏ အထီးကျန်မှုနှင့် မလုံခြုံမှုတို့ ထာဝရ ဖယ်ရှားနိုင်မည်ဟု အမှန်တကယ် မျှော်လင့်ပါသလား။ သူကငါးမိနစ် ထပ်နေပါက စိတ်ကျေနပ်ပါမည်လား။

ကျွန်ုပ်တို့၏ မျှော်လင့်ချက် မပြည့်ဝသောကြောင့် စိတ်မကျေနပ်သော်လည်း လုံးဝ လက်တွေ့မကျသော မျှော်လင့်ချက် ဖြစ်ပါသည်။ မိမိမျှော်လင့်သည်မှာ မဖြစ်နိုင်ပါ။ တစ်ဖက်တွင်မူ ဆန်းကြယ်သောအရာ တစ်ခုခု ဖြစ်လာမည်ဟု မမျှော်လင့်ပါက ဘာဖြစ်ဖြစ် စိတ်ကျေနပ်ပါလိမ့်မည်။ ဤသည်မှာ အမှန်တရားကို လက်ခံခြင်း ဖြစ်ပါသည်။ လာလည်ခြင်း၊ အစားအသောက်၊ ရင်းနှီးမှု၊ ထိုသူနှင့် ယခုရရှိသော အရာအားလုံးကို ပျော်ရွှင်ခံစားပါသည်။ ဤသည်မှာ မိမိ၏မပျော်ရွှင်မှု၊ အထီးကျန်မှု သို့မဟုတ် ဆာလောင်မှုကို ထာဝရ ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း သိထားသော်လည်း ထိုသို့ဖြစ်မည်ဟု မမျှော်လင့်ပါ။ မိမိသူငယ်ချင်း လာလည်သည်ကို မချဲ့ကားပါ။ ၎င်းကို ရှင်းရှင်းလင်းလင်းသိပြီး သူထွက်သွားသောအခါ စိတ်ပျက်ဝမ်းနည်းခြင်း မရှိပါ။ အရှိအတိုင်း ပျော်ရွှင်ခံစားပြီး အဆုံးသတ်သွားသောအခါ ပြီးဆုံးသွားပါသည်။

မိမိ၏ သာမန်ပျော်ရွှင်မှုဖြင့် ရင်ဆိုင်ရသော ပြဿနာများကို စွန့်ပယ်လိုက်သည်နှင့် ယင်းကို အခြားသူများ၏ သာမန်ပျော်ရွှင်မှုအဖြစ် မည်သို့ဖြန့်ကြက်ရမည်နည်း။ အခြားသူတစ်ယောက်၏ ပြဿနာများကို သာမန်ပျော်ရွှင်မှုဖြင့် အာရုံစိုက်သောအခါ ရှင်းရှင်းလင်းလင်းဖြစ်ရန် အထူးအရေးကြီးပါသည်။ သူတို့၏ ပျော်ရွှင်မှုက သူတို့ကို စိတ်ကျေနပ်စေမည် မဟုတ်ကြောင်း သဘောပေါက်သည့်တိုင် အခြားသူက ပျော်ရွှင်ပြီး မိမိက မပျော်ရွှင်သည်ကို မနာလိုခြင်း မဟုတ်တာ သေချာပါသည်။ ဤလူသည် ဥပမာအားဖြင့် သူ့မိတ်ဆွေနှင့် ဆက်ဆံရေးမှ အလွန်အမင်း မျှော်လင့်ထားခြင်း သို့မဟုတ် သူတို့အတွက် ကောင်းမွန်သောအရာမည်မျှ ဖြစ်လာပါစေ အမြဲတမ်း စိတ်ရှုပ်ခြင်း၊ စိတ်မကျေနပ်ခြင်း ဖြစ်နေမည်ကို ကျွန်ုပ်တို့ အသိအမှတ် ပြုပါသည်။ ယင်းကို ပြဿနာအဖြစ် အသိအမှတ် ပြုပါသည်။ သူတို့ကို မပျော်ရွှင်စေလိုခြင်း မဟုတ်ပါ။ မိမိတို့ အာရုံစိုက်နေသောအရာမှာ သာမန်ပျော်ရွှင်မှုကို သူတို့မျှော်လင့်ပုံမှ ပေါ်ထွက်လာသော မပျော်ရွှင်မှု သို့မဟုတ် ပြဿနာကို အာရုံစိုက်ခြင်းသာ ဖြစ်ပါသည်။

ဤနေရာတွင် ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှု၏ ပြဿနာများအကြား ခွဲခြားထားခြင်းဖြင့် တစ်ဖက်လူခံစားနေရသည့် ပျော်ရွင်မှုကို ပီတိဖြစ်လာစေပါသည်။ ပီတိဖြစ်ခြင်းကို ဗုဒ္ဓဘာသာ တရားတော်များတွင် အလွန်အလေးထားပါသည်။ သူတို့၏ ပျော်ရွှင်မှုကို ပီတိဖြစ်သော်လည်း သာမန်ပျော်ရွှင်မှု၏ အားနည်းချက်များကို လက်တွေ့ကျစွာ နားလည်ပါသည်။ ထိုပျော်ရွှင်မှုနှင့်တွဲနေသည့် သူတို့၏ ပြဿနာများအတွက် ကရုဏာ ထားပါသည်။ မည်သို့ဆိုစေ ၎င်းသည်သာမန်ဖြစ်သည့် လောကီပျော်ရွှင်မှု ဖြစ်သော်လည်း ပီတိဖြစ်စေနိုင်ပါသည်။

အားလုံးပျံ့နှံ့နေသော ဆင်းရဲဒုက္ခတွင် အာရုံစိုက်သည့် စွန့်ပယ်ခြင်းနှင့် ကရုဏာ

ဗုဒ္ဓမြတ်စွာ ဖော်ပြခဲ့သည့် အနက်နဲဆုံး ဆင်းရဲဒုက္ခမျိုးမှာ “အားလုံးပျံ့နှံ့နေသော ဆင်းရဲဒုက္ခ” ဖြစ်ပါသည်။ ဤသည်မှာ သံသရာဆိုသည့် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုကို ဆိုလိုပါသည်။ ပထမ ပြဿနာနှစ်မျိုး ကြုံတွေ့ရမှု၏ အခြေခံလည်း ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓမြတ်စွာက သစ္စာလေးပါး ဟောကြားရာတွင် စစ်မှန်သော ဆင်းရဲဒုက္ခဟု တသီးတခြား ဖော်ပြခဲ့သော ဆင်းရဲဒုက္ခမျိုး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် “စွန်းထင်းနေသော” ခန္ဓာဆိုသည့်အရာကို ပုံစံတစ်မျိုးမဟုတ်တစ်မျိုးဖြင့် ဆက်လက်ရရှိကာ မွေးဖွားခြင်း၊ လမ်းလျှောက်ရန်နှင့် အခြားအရာများ ဆောင်ရွက်ရန် အားလုံးပြန်လည် သင်ယူခြင်းတို့ကို ဖြတ်သန်းရသလို အလွယ်တကူ ထိခိုက်နာကျင်ပြီး အိုနာသေဘေးကိုလည်း မလွဲမသွေ ကြုံရပါဦးမည်။ ထို့ပြင် “စွန်းထင်းနေသော” စိတ်ကို ဆက်လက်ရရှိကာ တစ်နည်းမဟုတ် တစ်နည်း ရှုပ်ထွေးခြင်း၊ မှန်းဆချက်များစွာ ပြုလုပ်ခြင်း၊ ထူးဆန်းသောအတွေးမျိုးစုံ ရှိနေခြင်း၊ စိတ်အခြေအနေ အတက်အကျများ ဆက်ဖြစ်နေခြင်းတို့ ကြုံရပါဦးမည်။

ကျွန်ုပ်တို့သည် စိတ်ကျေနပ်ဖွယ် လုံးဝမရှိသည့် ရှုပ်ပွေသော ဆက်ဆံရေးများတွင် အမြဲတမ်း ပတ်သက်နေပါမည်။ အရာရာသည် မိမိမဖြစ်စေချင်သောပုံစံဖြင့် ဖြစ်လာပါဦးမည်။ မိမိနှစ်သက်သောအရာကိုလည်း အမြဲ မရပြန်ပါ။ တကယ်တော့ နှစ်သက်သောအရာနှင့် မကြာခဏ ခွဲခွာပြီး မနှစ်သက်သောအရာနှင့် ဆုံတွေ့ရပါမည်။ အခြားသူများက တစ်နည်းနည်းဖြင့် ပြုမူသောအခါ မနှစ်သက်ဘဲ လမ်းမဖယ်ပေးနိုင်ပါ။ ကျွန်ုပ်တို့သည် စိတ်ရှုပ်လာပါသည်။ အလုပ်ကောင်းကောင်း၊ အိမ်ထောင်ဖက်ကောင်း သို့မဟုတ် ဘာမဆို ရရှိရန် အလွန်ကြိုးစားသော်လည်း လိုချင်တာကို မရရှိပါ။ မိမိအနာဂတ် ဘဝသည် မသေချာရုံသာမက နောက်အခိုက်အတန့် တစ်ခုတွင် ဘာကိုခံစားရမည်မှာလည်း မသေချာပါ။

ယခု ရရှိထားသော ခန္ဓာကိုယ် အမျိုးအစားနှင့် လက်ရှိဘဝကို အမြဲတမ်း စွန့်ပယ်ကာ အသစ်လုံးလုံးဖြစ်သော ပြန်လည်မွေးဖွားမှုဖြင့် အရာအားလုံးကို ပြန်လည်သင်ကြားခြင်း၊ မိတ်ဆွေထပ်ဖွဲ့ရခြင်း စသည်တို့ ဖြစ်လာပါမည်။ နောက်တစ်ကြိမ် လူအဖြစ် ပြန်လည်မွေးဖွားမလား ဆိုသည်မှာလည်း အနည်းငယ်သာ အာမခံချက် ရှိပါသည်။ လူပြန်မဖြစ်ဖို့က များပါသည်။ ပိုးဟပ် သို့မဟုတ် ထိုထက်ဆိုးသောပုံစံဖြင့် ပြန်လည်မွေးဖွားနိုင်ပါသည်။ ကျွန်ုပ်တို့သည် စွန့်ပယ်ခြင်းနှင့်အတူ ဤအရာကို ထပ်မလိုချင်တော့ပါ။

ဤသို့သော စွန့်ပယ်ခြင်း အဆင့်တွင် သက်ဆိုင်သော စိတ်အခြေအနေကို လေ့လာလျှင် အတော်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ထိန်းချုပ်မရစွာ သံသရာတွင် ပြန်လည်မွေးဖွားမှုကို ငြီးငွေ့မှုလည်း ပါဝင်မည်ဟု ထင်ပါသည်။ သံသရာခရီးကို ပုံကြီးမချဲ့သောကြောင့် ယင်းကို စွဲလမ်းမှု မရှိသလိုပင် ဖြစ်ပါသည်။ တစ်ပုံစံတည်း ထပ်ခါထပ်ခါ အမြဲဖြစ်နေသည့်အတွက် စိတ်မဝင်စားတော့ပါ။

ဘဝတွင် ရင်ဆိုင်ရသည့် အမြဲတမ်း ပြန်ဖြစ်နေသော ပြဿနာများကို မနှစ်သက်တော့ဘဲ ငြီးငွေ့လာပါက အကျိုးဆက်အားဖြင့် ဘာကိုမှ ဂရုမစိုက်တော့ခြင်းဟု မဆိုလိုပါ။ “ဘာပဲဖြစ်ဖြစ်” ဆိုသည့် စိတ်မဝင်စားသော သဘောထားကို စွဲကိုင်ရန် မဟုတ်ပါ။ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု၏ အားလုံးပျံ့နှံ့နေသော ပြဿနာများတွင် အကြောင်းခံသည် မိမိ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ အနှောင့်အယှက်ပေးသော သဘောထားများ၊ ယင်းတို့ကြောင့် စိတ်လိုက်မာန်ပါ ပြုမူမှုများ ဖြစ်သည်ဟု နားလည်သဘောပေါက်ခြင်းသာ ဖြစ်ပါသည်။ ထိုထက်ပို၍ ဤဆင်းရဲဒုက္ခ၏ စစ်မှန်သော အကြောင်းရင်းသည် ကျွန်ုပ်တို့၏ အနှောင့်အယှက် စိတ်အခြေအနေနှင့် စိတ်လိုက်မာန်ပါ အပြုအမူ နောက်ကွယ်ရှိ မသိမှုနှင့် ရှုပ်ထွေးမှု ဖြစ်သည်ကိုလည်း နားလည်ပါသည်။ ယင်းကို လွတ်မြောက်ရန်လည်း ဆုံးဖြတ်ထားပါသည်။

သံသရာမှ ဤသို့လွတ်မြောက်လိုသော ဆုံးဖြတ်ချက်သည် အနက်ရှိုင်းဆုံး စွန့်ပယ်ခြင်း “လက်တွေ့” အဆင့် ဖြစ်ပါသည်။ ထို့ပြင် ဤသို့ သံသရာတွင် ပြန်လည်မွေးဖွားသည့် ဆိုးရွားသောရောဂါစုကို ကျွန်ုပ်တို့သည် အဆုံးသတ်နိုင်သည်ကိုလည်း ယုံကြည်မှု ရှိပါသည်။ ရလဒ်အားဖြင့် ကျွန်ုပ်တို့၏စိတ်သည် ဤအခြေအနေတွင် ရှိနေသည်ကို အနှောင့်အယှက် မဖြစ်တော့ပါ။ စိတ်ကြည်လင် ရှင်းလင်းနေပါသည်။ မိမိကိုယ်ကို လွတ်မြောက်အောင် တစ်ခုခု ဆောင်ရွက်ရန် ဆုံးဖြတ်ထားပါသည်။ ထိုမျှသာမက ယင်းကိုအဆုံးသတ်နိုင်အောင် ဘာလုပ်ရမည်ကို သိရှိပြီး လုပ်နိုင်သည်ကိုလည်း ယုံကြည်မှု ရှိပါသည်။ သံသရာမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သည့် မိမိကိုယ်ကို အာရုံစိုက်မှုမှသည် အခြားသူအားလုံးအပေါ် အညီအမျှ အာရုံစိုက်မှုသို့ ပြောင်းလဲသောအခါ “မဟာကရုဏာ” ဖြစ်လာပါသည်။

စွန့်ပယ်ခြင်း ရရှိအောင်ကြိုးစားသောအခါ ရှောင်ရှားရမည့် အန္တရာယ်များ

စွန့်ပယ်ခြင်းနှင့် ကရုဏာတို့ကို အဆင့်လိုက်ဉာဏ်အလင်းရရှိမှုလမ်းကြောင်း လမ်-ရင်းတရား၏ စိတ်ဓာတ်စေ့ဆော်မှု သုံးဆင့်အနေနှင့် တင်ဆက်ထားပါသည်။ ထို့ကြောင့် ထိုနှစ်ချက်ရရှိအောင် ကြိုးစားသောအခါ ဖြစ်လာနိုင်သည့် အန္တရာယ်များကို ဤအဆက်အစပ်အရ ကြည့်ခြင်းဖြင့် လေ့လာဆန်းစစ်နိုင်ပါသည်။ ကနဦး စိတ်ဓာတ်စေ့ဆော်မှု အဆင့်မှာ နောင်ဘဝ တိုးတက်ကောင်းမွန်ရေး ဖြစ်သည်။ ယင်းမှာ ဉာဏ်အလင်းရရှိရေး ဘာသာရေး လမ်းကြောင်းတွင် ဆက်လျှောက်နိုင်ရန် အခွင့်အလမ်းအားလုံး ရှိသည့် တန်ဖိုးရှိသော လူ့ဘဝ ဆက်လက်ရရှိစေရန်အတွက် ဖြစ်ပါသည်။ ဤကနဦး စိတ်ဓာတ်စေ့ဆော်မှု ရရှိအောင်ကြိုးစားနေစဉ် အန္တရာယ်မှာ တန်ဖိုးရှိသော လူ့ဘဝကို အလွယ်တကူ တွယ်တာသွားနိုင်ပါသည်။ “လူပြန်ဝင်စားပြီး သူငယ်ချင်းတွေ၊ ချစ်ခင်သူတွေနဲ့ ဆက်နေပြီး အဆင်ပြေချမ်းသာချင်တယ်” စသည့်အတွေးမျိုး ခံစားရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပိုကောင်းသော ပြန်လည်မွေးဖွားမှုများအတွက် ကြိုးစားရာတွင် တွယ်တာမှုများစွာနှင့် ရောစပ်နေနိုင်ပါသည်။ အာသာဆန္ဒနှင့် တွယ်တာမှုတို့မှာ တကယ်တော့ တစ်စုံတစ်ခု၏ အရည်အသွေးကောင်းများအား ချဲ့ကားမှုတွင် အခြေခံပါသည်။ အာသာဆန္ဒရှိပါက တစ်ခုခု မရရှိသောအခါ “ဒါကို ရရမယ်” ဟုတွေးပြီး တွယ်တာမှုရှိပါက တစ်ခုခု ရရှိထားသောအခါ “ဒါကို လက်မလွှတ်နိုင်ဘူး” ဟု တွေးပါသည်။

စွန့်ပယ်ခြင်း၏ အန္တရာယ်မှာ တွယ်တာမှု၏ အန္တရာယ်နှင့် ဆင်တူသော်လည်း ငြင်းပယ်မှုရှုထောင့်မှ ဖြစ်ပါသည်။ တန်ဖိုးရှိသော လူသားဘဝ၏ အရည်အသွေးကောင်းများကို ချဲ့ကားသည့် ဆွဲဆောင်မှု မဟုတ်ဘဲ သံသရာတွင် တည်ရှိမှု၏ အပျက်သဘော အရည်အသွေးများကို စွန့်ပယ်ခြင်းဖြင့် ချဲ့ကားလိုက်ပါသည်။ ထိုသို့ချဲ့ကားခြင်းကြောင့် ငြင်းပယ်ရန် ခံစားရပြီး စောစောက ပြောခဲ့သော မနှစ်မြို့မှုဘက်သို့ ရောက်သွားပါသည်။ မနှစ်မြို့မှုနှင့် ငြင်းပယ်မှုတို့သည် အနီးကပ်ဆက်စပ်နေပါသည်။

စွန့်ပယ်ခြင်းရရှိအောင် ကြိုးစားသောအခါ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားသည့် သံသရာမှ လွတ်မြောက်ရန် ကြိုးစားနေသူတစ်ယောက်၏ အလယ်အလတ် စိတ်ဓာတ်စေ့ဆော်မှု အဆင့်သို့ ရောက်ရှိလိုသည့်ပုံစံဖြင့် ကြိုးစားပါသည်။ ဤသည်မှာ မလွယ်ကူလှပါ။ သံသရာ၏ အပြစ်များ သို့မဟုတ် အားနည်းချက်များကို ယခုအာရုံစိုက်နေခြင်း ဖြစ်ပါသည်။ ဤသည်မှာ “စိတ်ကိုဓမ္မဘက်သို့ လှည့်ပေးသော အတွေးလေးမျိုး” ဆိုသည့်အနက်မှ အတွေးတစ်မျိုး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သံသရာ၏ မကောင်းသည့်အချက်များကို အမြဲတမ်း တွေးကြည့်ရန် ကြိုးစားနေပါသည်။

ထိုသို့ပြုလုပ်နေသောအခါ ဘဝမှာ ကြုံတွေ့ရသောအရာတိုင်းတွင် သံသရာ၏ မကောင်းသည့် အချက်များကို ကြည့်ပါသည်။ ဒါကမိမိတို့၏ စိတ်ခံစားချက်နှင့် ဘဝအတွေ့အကြုံကို များစွာအရောင်ဆိုးပစ်နိုင်ပါသည်။ မည်သည့် အခြေအနေတွင် ရောက်ရှိနေသည်ဖြစ်စေ စိတ်ထဲသို့ အရင်ဆုံးဝင်လာရမည့်အတွေးမှာ ဆင်းရဲဒုက္ခ ဖြစ်ပါမည်။ ဥပမာ၊ တစ်ယောက်ယောက်နှင့် တွေ့ပါက အနည်းငယ် စိတ်ဝင်စားမိသော်လည်း “ဆင်းရဲဒုက္ခ” ဟု တွေးလိုက်ပါသည်။ အလုပ်အသစ်တစ်ခု ရလာပြီး “ဒါက ဆိုးရွားလာဦးမယ့် ဆင်းရဲဒုက္ခပါပဲ” ဟုတွေးသည်။ ဘာဖြစ်လာသည်ဖြစ်စေ “ဆင်းရဲဒုက္ခ” ဖြစ်ပါသည်။ တယ်လီဖုန်းမြည်လည်း “ဆင်းရဲဒုက္ခ” ဖြစ်ပါသည်။ ဘာမဆို ထိုအတိုင်း ဖြစ်ပါသည်။ ရေချိုးလျှင်လည်း “ဆင်းရဲဒုက္ခဖြစ်ပြီး အဆုံးသတ်သွားဦးမည်။ မကြာခင် နောက်တစ်ခါ ထပ်ချိုးရဦးမည်။ ငြီးငွေ့ဖွယ် ဖြစ်ပါသည်။” ဤနည်းဖြင့် ဘဝကိုရော၊ ကြုံတွေ့ရသော အတွေ့အကြုံတိုင်းနှင့် အထူးသဖြင့် လူတိုင်းအပေါ်သို့ ယေဘုယျအားဖြင့် အလွန်အပျက်သဘောထား ရှိလာရန် အလွန်လွယ်ကူပါသည်။ ကွန်ပျူတာအသစ် ဝယ်လာရာမှာလည်း “ဆင်းရဲဒုက္ခ ဖြစ်ပါသည်။ စက်ပျက်လိမ့်ဦးမည်။ ဗိုင်းရပ်စ် ဝင်ဦးမည်။” မိတ်ဆွေတစ်ယောက်ကို တွေ့ရာ မိမိအချိန်သည် အလွန်စိတ်မကျေနပ်ဖွယ် ဖြစ်လာမည်ကို ပထမဆုံး တွေးမိပါသည်။ ဘာကိုမျှ ပျော်ရွှင်ခံစား၍ မရပါ။ အရာအားလုံး စိတ်ပျက်ဖွယ်ကောင်းပြီး မိုက်မဲမှုဖြစ်သည်ဆိုသည့် ဤအပျက်သဘောထားက စိတ်ဓာတ်ကျမှု ဖြစ်စေနိုင်ပါသည်။


စွန့်ပယ်ခြင်းနှင့် ကရုဏာတို့တွင် ပျော်ရွှင်မှုကို ပေါင်းစပ်ခြင်း

ဤသို့ အပျက်သဘောဖြစ်ပြီး စိတ်ဓာတ်ကျမည့် အန္တရာယ်ကို မည်ကဲ့သို့ ဖြေရင်းပါမည်နည်း။ ထိုအတွက် အဖြေမှာ “ဘဝရဲ့ အလှအပကို ခံစားပါ” ဟု ပြောလိုက်လျှင် ပြီးပါသလား။ တကယ်တော့ ဤနေရာတွင် အလွန်သတိထားရပါမည်။ ဘဝတွင် ပျော်ရွှင်ခြင်းသည် ဘဝ၏ ဆင်းရဲဒုက္ခ သဘောသဘာဝကို မသိမှုဖြစ်နေပါသလား။ ၎င်းသည် စွန့်ပယ်ခြင်းနှင့် ဆန့်ကျင်နေပါသလား။ ဒါကို ကရုဏာအဖြစ် ပြောင်းလဲကာ “လူတိုင်းဆင်းရဲဒုက္ခ ဖြစ်နေတာ ဝမ်းနည်းလိုက်တာ။ ဒါက တကယ်ဆိုးရွားတာပဲ” ဟု တွေးမိပါသလား။ ဤဝမ်းနည်းမှုကို ပျော်ရွှင်မှုနှင့် ပေါင်းစပ်ကာ တစ်ယောက်ယောက်ကို အားရဝမ်းသာဖြင့် “သင်၏ဆင်းရဲဒုက္ခကို တွေ့ရသည်မှာ ပျော်ရွှင်မိသည်" ဟု ဆိုလိုပါသလား။ မဟုတ်ပါ။ ထိုသို့လုံးဝ မဟုတ်ပါ။ သို့ဆိုလျှင် ပျော်ရွှင်ကျေနပ်မှုကို စွန့်ပယ်ခြင်း သို့မဟုတ် ကရုဏာနှင့် မည်ကဲ့သို့ ပေါင်းစပ်မည်နည်း။

မိမိဘဝတွင် ပျော်ရွှင်မှု ရှာဖွေခြင်း၊ အခြားသူများနှင့် ဆုံတွေ့မှုကို ပျော်ရွှင်ခြင်းနှင့် သူတို့ဘဝတွင် ပျော်ရွှင်မှု ရှာဖွေရန် ကြိုးစားခြင်း ပြုလုပ်သောအခါ စွန့်ပယ်ခြင်းနှင့် ကရုဏာ ထားရှိချိန်တွင် အာရုံစိုက်သည့်အရာနှင့် ခြားနားသည့် အချက်တစ်ခုခုကို အာရုံစိုက်ပါသည်။ မိမိနှင့် အခြားသူများ၏ ဗုဒ္ဓသဘောသဘာဝ အစွမ်းအစများကိုလည်းကောင်း၊ မိမိဘဝက ပေးလာနိုင်သည့် ဘာသာရေး တိုးတက်မှု ကောင်းမွန်သော အခွင့်အလမ်းများကိုလည်းကောင်း အာရုံစိုက်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ဘုရားဖြစ်စေနိုင်သော အစွမ်းအစများ ရှိပြီး ဤသည်မှာ ပီတိဖြစ်စရာ ဖြစ်ပါသည်။ ဤသည်မှာ ပျော်ရွှင်မှု၏ ရင်းမြစ် ဖြစ်ပါသည်။ မိမိနှင့် အခြားသူတို့၏ဘဝမှ ဆင်းရဲဒုက္ခ သဘောသဘာဝကို ပီတိဖြစ်မှုအပေါ် အာရုံစိုက်ခြင်း မဟုတ်ပါ။

ဥပမာ၊ စွန့်ပယ်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိဘဝကိုရော၊ အခြားသူတို့၏ဘဝကိုပါ ကြည့်ပြီး ဆင်းရဲဒုက္ခရှိနေသည်ကို သဘောပေါက်လက်ခံပါသည်။ ဤသည်မှာ ဝမ်းနည်းသော်လည်း စိတ်ဓာတ်ကျခြင်း မဟုတ်ပါ။ ထို့အတူ “ဘာပဲဖြစ်ဖြစ်” သဘောထားကိုလည်း လက်ခံခြင်း မဟုတ်ပါ။ ယင်းမှာ တကယ်တော့ အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း ဖြစ်ပါသည်။ စွန့်ပယ်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိ၏ဆင်းရဲဒုက္ခကို ဖယ်ရှားနိုင်ကြောင်း ယုံကြည်မှု ရှိပါသည်။ ဤသို့ သည်းမခံနိုင်ဖွယ် အခြေအနေအတွက် တစ်ခုခု ဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ချက် ပြတ်သားပါသည်။ ထိုသို့ပြုလုပ်ရန်လိုသည်ကို သိရှိကာ လုပ်နိုင်မည်၊ ဖယ်ရှားနိုင်မည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့တွေးခြင်းဖြင့် ကျွန်ုပ်တို့ကို ပျော်ရွှင်စေသည် မဟုတ်ပါလား။

စွန့်ပယ်ခြင်း သို့မဟုတ် ကရုဏာကို ပျော်ရွှင်မှုနှင့် ပေါင်းစပ်သည့် ဤစိတ်အခြေအနေ နှစ်မျိုးကို ကြည့်ရသည်မှာ အလွန်သိမ်မွေ့နေပါသည်။ ယင်းတို့သည် တပြိုင်နက် ဖြစ်လာပါသလား။ တစ်ခုက နောက်တစ်ခုကို ဖြစ်ပေါ်စေသလား။ ဆင်းရဲဒုက္ခတစ်လှည့်၊ ပျော်ရွှင်မှုတစ်လှည့် ထားရှိသည့် တုန်လန် ကျင့်ကြံမှုလို တစ်လှည့်စီ ဖြစ်ပေါ်ပါသလား။ အရာအားလုံး မိုက်မဲပြီး တန်ဖိုးမရှိကြောင်း ခံစားသည့် အပျက်သဘော စိတ်အခြေအနေနှင့် စိတ်ဓာတ်ကျခြင်းမပါဘဲ ယင်းတို့ကို ရိုးသားသော စွန့်ပယ်ခြင်းဖြင့် နေ့စဉ်ဘဝတွင် အမှန်တကယ် မည်မျှ အတူတကွ ထားရှိပါသနည်း။ စွန့်ပယ်ခြင်း သို့မဟုတ် ကရုဏာနှင့် ပျော်ရွှင်မှုတို့ဖြင့် ကျွန်ုပ်တို့သည် မိမိနှင့် အခြားသူတို့၏ဘဝကို မတူညီသော ရှုထောင့်နှစ်မျိုးမှ  ကြည့်နေခြင်းမျှသာ ဖြစ်သည်ဟု ထင်ရပါသည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ဤအချက်ကို ကိုယ်တိုင်လေ့လာဆန်းစစ်ရန် လိုသည်ဟု ထင်မိပါသည်။

စွန့်ပယ်ခြင်းဆိုသည်မှာ အခြားသူများနှင့် မဆက်ဆံရဟု မဆိုလိုပါ

ငြီးငွေ့ဖွယ် သာမန်ရှင်သန်မှု၏ ကိစ္စများကို မစွဲလမ်းတော့အောင် စွန့်ပယ်ခြင်း အမှန်တကယ် အောင်မြင်စွာ ထားရှိနိုင်ပြီ ဆိုပါစို့။ ထိုအခါ ကျွန်ုပ်တို့ပါဝင်ပတ်သက်သော လောကီဆက်ဆံရေးတိုင်းသည် ဆင်းရဲဒုက္ခ ဖြစ်စေသည်ဟု ကောက်ချက်ချပြီး ကျွန်ုပ်တို့သည် တောထွက်ကာ ဘုန်းကြီး၊ သီလရှင် ဝတ်တော့မည်ဟု ဆုံးဖြတ်လိုက်သည် ဆိုပါစို့။ ဤသို့ ဆုံးဖြတ်လျှင်ပင် လူတိုင်းကို ယေဘုယျ မနှစ်မြို့မှု ဖြစ်မလာအောင် အထူးသတိထားရန် လိုပါသည်။ အကြောင်းမှာ ထိုအခါ သူတို့အတွက် ကရုဏာထားရှိရာတွင် အဓိက အဟန့်အတား ဖြစ်လာပါမည်။ “သင်သည် ဒုက္ခဆင်းရဲသာ ဖြစ်သည်” ဟုတွေးမိနိုင်ပါသည်။ ဤသည်မှာ မည်သူနှင့်မျှ မပတ်သက်လိုသော စရိုက်ဖြစ်လာပါသည်။ ကရုဏာထားတတ်သူ တစ်ယောက် ဖြစ်လိုပါက အခြားသူများနှင့် ပတ်သက်ကာ သူတို့လိုအပ်ပါက ကူညီပေးရန် လိုပါသည်။

အခြားသူများကို ရှောင်ရှားခြင်း သို့မဟုတ် အလေးမထားခြင်းသည် စွန့်ပယ်ခြင်း ထားရှိသောအခါ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်ပါသည်။ တစ်ယောက်ယောက်ကို တွေ့သောအခါ “ဤလူသည် ဒုက္ခရောက်တော့မည်။ သူနှင့်ဆက်ဆံပါက ငါလည်း ဆင်းရဲဒုက္ခနှင့် ပြဿနာများ ရလာတော့မည်။ သူတို့ကို အကြံပေးလျှင် လက်ခံမည်မဟုတ်။ ငါ့အား စိတ်ညစ်အောင် လုပ်လိမ့်မည်။” စသည်ဖြင့် ခံစားရနိုင်ပါသည်။ ဤသည်မှာ ရှောင်ရှားရမည့်အရာ ဖြစ်ပါသည်။

စွန့်ပယ်ခြင်း ထားရှိသောအခါ မိမိ၏ဆင်းရဲဒုက္ခကို ရှုထောင့်နှစ်မျိုးဖြင့်ကြည့်ရန် လိုပါသည်။ ပထမဦးစွာ မိမိ၏ဆင်းရဲဒုက္ခကို သည်းမခံနိုင်ကြောင်း ရှုမြင်ပြီး ယင်းကို လွတ်ကင်းအောင် ဆုံးဖြတ်ချက်ချပါသည်။ ထို့ပြင် ကျွန်ုပ်တို့ထံတွင် ဆင်းရဲဒုက္ခအားလုံး လွတ်ကင်းကာ လွတ်မြောက်မှုနှင့် ဘုရားအဖြစ်သို့ပင် ရောက်ရှိစေနိုင်သည့် အခြေခံ အစွမ်းအစများဖြစ်သော ဗုဒ္ဒသဘောသဘာဝ ရှိသည်ကို အသိအမှတ် ပြုပါသည်။ ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်နိုင်သော မိမိ၏အစွမ်းအစကို အသိအမှတ်ပြုသောအခါ ဘဝ၏ပျော်ရွှင်မှုများကို မငြင်းပယ်သည့်အပြင် ပျော်ရွှင်မှုပင် ရရှိစေပါသည်။ ဤပျော်ရွှင်မှုသည် မိမိ၏ စွန့်ပယ်ခြင်း၊ လွတ်မြောက်ရန် ဆုံးဖြတ်ချက်တို့နှင့် မဆန့်ကျင်ပါ။ တကယ်တော့ ဤပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ စွန့်ပယ်ခြင်းကို အားဖြည့်ပေးပါသည်။ ထို့ကြောင့် မိမိကိုယ်ကို လျစ်လျူခြင်းနှင့် “ဘာပဲဖြစ်ဖြစ်” ဆိုသော အလေးမထားသည့် သဘောထားဖြင့် လွတ်မြောက်အောင် ကြိုးစားလိုမှုကို လျစ်လျူရှုခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အထူးဂရုစိုက်ကာ တစ်နည်းဆိုသော် ကရုဏာ ထားရှိလိုက်ပါသည်။

အခြားသူအားလုံးအတွက် ကရုဏာ ထားရှိရာတွင်လည်း ထိုအတိုင်း ဆန်းစစ်ရန်လိုပါသည်။ သူတို့၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုပြီး ဗုဒ္ဓသဘောသဘာဝများကို အခြေခံလျှက် သူတို့လည်း လွတ်မြောက်နိုင်သည့်အချက်ကို ပီတိဖြစ်ပါသည်။ ထို့နောက် သူတို့ကိုကူညီရန် လက်တွေ့ကျသော အဆင့်အလိုက် ဆောင်ရွက်ပါသည်။ တစ်နည်း ဆိုရလျှင် သူတို့၏ဆင်းရဲဒုက္ခများ ပျောက်ကင်းစေလိုသော်လည်း ဆင်းရဲဒုက္ခ ကြုံနေသူများကို အလေးထားကာ သူတို့ကို မရှိစေလိုခြင်း မဟုတ်ပါ။

ဤချဉ်းကပ်မှုကို မိမိကိုယ်ကို စတင်အသုံးချရပါသည်။ “မိမိ၏ ဆင်းရဲဒုက္ခများ ပပျောက်ချင်ပါသည်။ သို့သော် မိမိကိုယ်ကို ဖျက်ဆီးလိုခြင်း မဟုတ်ပါ။ ငြင်းပယ်သည့် အပျက်သဘောထားက မိမိကိုပုဂ္ဂိုလ်တစ်ဦး အနေနှင့် အာရုံစိုက်ခြင်း မဟုတ်ဘဲ ဆင်းရဲဒုက္ခကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။” ထိုနှစ်ချက်ကို အလွယ်တကူ ရောထွေးကာ “မိမိ၏ ဆင်းရဲဒုက္ခ ပျောက်သွားအောင် မိမိကိုယ်ကို သတ်သေရမည်” ဟု တွေးမိနိုင်ပါသည်။ မိမိနှင့်ပတ်သက်၍ ဤသို့ ရှင်းရှင်းလင်းလင်း ကွဲပြားလာသောအခါ “သင်၏ဆင်းရဲဒုက္ခကို ပပျောက်စေလိုပါသည်။ သို့သော် သင့်ကိုကွယ်ပျောက်စေလိုခြင်း မဟုတ်ပါ” ဟူ၍ ကရုဏာဖြင့် အလားတူ တွေးလာနိုင်ပါသည်။

ဤသို့ခွဲခြားနိုင်ရန် အတော်မလွယ်ကူပါ။ ထို့အတူ မှားယွင်းသော စွန့်ပယ်ခြင်း ဖြစ်ပေါ်မှုကို ဖယ်ရှားရန်လည်း အလွန်မလွယ်ကူပါ။ “တစ်ယောက်တည်း နေပါရစေ။ တောထဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းဖြစ်ဖြစ် သွားပြီး တရားကျင့်ချင်ပါတယ်” ဟုတွေးကာ လူတို့ကို မုန်းတီးလာစေပြီး မည်သူနှင့်မျှ မပတ်သက်အောင် ရှောင်ရှားစေပါသည်။ ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက အလွန်ခိုင်မာပြီး အခြားသူများကို မကူညီနိုင်အောင် အကြီးအကျယ် နှောင့်ယှက်ကာ ထိုစိတ်ခံစားချက်များကို တိုက်ထုတ်ဖို့ တစ်ကိုယ်တည်း တရားရှုမှတ်ရန် လိုအပ်လျှင်ပင် အခြားသူများကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ အပျက်သဘောထား မရှိအောင်နှင့် ကရုဏာ ကင်းမဲ့မှု မရှိအောင် ရှောင်ရှားရန် လိုပါသည်။

လူပုဂ္ဂိုလ်များနှင့် ၎င်းတို့ကြုံတွေ့ရသော ဆင်းရဲဒုက္ခအကြား ဆက်စပ်မှု

အပျက်သဘောထား ရှိလာသည့်ပြဿနာကို မည်ကဲ့သို့ ရှောင်ရှားမည်နည်း။ ဤအတွက် “အကျဉ်းချုပ်ဓမ္မ” ဆိုသည့် နယ်ပယ်ကို ကျော်လွန်ကာ “လက်တွေ့ဓမ္မ” အဖြစ် လေ့လာဆန်းစစ်ဖို့ လိုပါသည်။ အကျဉ်းချုပ်ဓမ္မသည် ယခုဘဝအတွက် အလေးထားမှုများတွင်သာ အခြေခံသော နည်းလမ်းများ ဖြစ်ပြီး လက်တွေ့ဓမ္မသည် အတိတ်နှင့်အနာဂတ် ဘဝတို့အား လက်ခံမှုတွင် အခြေခံပါသည်။

ဘဝတစ်ခုသည် မိမိဘဝ၏ အခိုက်အတန့်အားလုံး စဉ်ဆက်မပြတ် ဖြစ်ပေါ်မှုကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဘဝသည် တစ်ချိန်နှင့်တစ်ချိန် တစ်ပုံစံတည်း မတူသလို ထိုအခိုက်အတန့် တစ်ခုခုနှင့် မမှီခိုဘဲ ဖြစ်ပေါ်ခြင်းလည်း မဟုတ်ပါ။ ထို့ပြင် ဘဝ အခိုက်အတန့်အားလုံးမှာ တပြိုင်နက် ဖြစ်နေခြင်း မဟုတ်သောကြောင့် ထိုအခိုက်အတန့်အားလုံး စုပေါင်းထားသည်နှင့် တစ်ပုံစံတည်း ဖြစ်သည်ဟုလည်း မပြောနိုင်ပါ။ လူကြီးဖြစ်လာသောအခါ ကလေးဘဝသည် မရှိတော့ပါ။ ကျွန်ုပ်တို့ဘဝတာသည် အစဉ်အဆက်ဖြင့်သာ ဖြစ်နေပါသည်။

လက်တွေ့ဓမ္မအရ လူတို့သည် တစ်ဦးချင်း စိတ်အစဉ်ကြောင့် ဖြစ်နေပါသည်။ သို့သော် ထိုသို့ဖြစ်တည်နေသည့် စိတ်အစဉ်များမှာ ဤဘဝတွင်သာ ရှိနေခြင်း မဟုတ်ပါ။ အစမထင်၊ အဆုံးမထင်ဘဲ ထာဝရ တည်ရှိနေပါသည်။ လူတို့မှာ သူတို့ဖြစ်တည်နေသည့် စိတ်အစဉ်၏ အခိုက်အတန့်တိုင်းတွင်လည်း တစ်ပုံစံတည်း မတူညီကြပါ။ အစဉ်အဆက်နှင့် မှီခိုမှုမရှိဘဲ တည်ရှိခြင်း မဟုတ်သလို အစဉ်အဆက် တစ်ခုလုံးက တပြိုင်နက် ဖြစ်နေသည့်အလား အစဉ်အဆက် တစ်ခုလုံးနှင့် တစ်ပုံစံတည်းကဲ့သို့ တည်ရှိခြင်းလည်း မဟုတ်ပါ။

တစ်စုံတစ်ယောက်က ဖြစ်တည်နေသော စိတ်အစဉ်၏ လက္ခဏာရပ် တစ်ခုခုနှင့် ပတ်သက်လျှင်လည်း အလားတူ ဆန်းစစ်ချက်က မှန်ကန်ပါသည်။ စွန့်ပယ်ခြင်းနှင့် ကရုဏာတို့နှင့် ပတ်သက်လျှင် စိတ်အစဉ်၏ လက္ခဏာရပ်က အားလုံးပျံ့နှံ့နေသော ဆင်းရဲဒုက္ခ ဖြစ်ပါသည်။ လူတို့မှာ တည်ရှိလာပြီးနောက် ဆင်းရဲဒုက္ခ ခံစားရသော်လည်း သူတို့ဖြစ်တည်နေသည့် စိတ်အစဉ်နှင့်အတူ ဖြစ်ပေါ်သော သီးသန့်ဆင်းရဲဒုက္ခ အခြေအနေတစ်ခုခုနှင့် တစ်ပုံစံတည်း မတူညီပါ။ ထို့ပြင် သူတို့၏ စိတ်အစဉ်တွင် အစမထင်ဘဲ ဖြစ်ပေါ်နေသော အားလုံးပျံ့နှံ့နေသည့် ဆင်းရဲဒုက္ခနှင့်လည်း တစ်ပုံစံတည်း မတူညီပါ။ ဤအချက်များကို နားလည်လာသောအခါ ကျွန်ုပ်တို့ကြုံရသည့် ဆင်းရဲဒုက္ခဖြင့် “ငါ” ဟုလည်းကောင်း၊ အခြား တစ်ယောက်ယောက်ဟု လည်းကောင်း မသတ်မှတ်တော့ပါ။ ဆင်းရဲဒုက္ခနှင့်အတူ “ငါ” သို့မဟုတ် “သင်” ဟုမရှုပ်ထွေးသလို သူတို့သည် တူညီသည်ဟုလည်း မတွေးတော့သည့်အတွက် ထိုဆင်းရဲဒုက္ခကို ကွယ်ပျောက်စေလိုသောအခါ “ငါ” သို့မဟုတ် “သင်” ကို ကွယ်ပျောက်စေလိုခြင်းလည်း မဟုတ်တော့ပါ။

ဤနည်းဖြင့် မိမိနှင့် အခြားသူများ၏ “ငါ” ကို ပိုမိုရှင်းလင်းစွာ ရှုမြင်လာနိုင်ပါသည်။ ဆင်းရဲဒုက္ခနှင့် ၎င်း၏ အကြောင်းတရားများကို မိမိတို့၏ စိတ်အစဉ်တွင် လုံးဝပြန်မဖြစ်အောင် ဖယ်ရှား၍ ရနိုင်ပါသည်။ သို့သော် ထိုဆင်းရဲဒုက္ခ ခံစားနေရသူများကို လုံးဝဖယ်ရှားနိုင်မည် မဟုတ်ပါ။ စိတ်အစဉ်များက အဆုံးမရှိသလိုပင် ယင်းတို့အပေါ်တွင် ဖြစ်တည်သူများကလည်း အားလုံးက “ငါ” အနေနှင့် အဆုံးမရှိပါ။

စိတ်အစဉ်၏ ပင်ကိုဖြူစင်မှုကို နားလည်ကာ ဆင်းရဲဒုက္ခနှင့် ၎င်း၏ အကြောင်းတရားများကို ထာဝရဖယ်ရှားနိုင်ကြောင်း နားလည်ပါက စိတ်အစဉ်သက်သက်မျှဖြင့်သာ  “ငါ” ဟု မသတ်မှတ်ရန်လည်း သတိထားဖို့ လိုပါသည်။ ထိုသို့မဟုတ်ပါက ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ မသိမှု ဖြစ်လာပြီး ယင်းကို အလေးအနက် ဖယ်ရှားတော့မည် မဟုတ်ပါ။ အကြောင်းမှာ ဆင်းရဲဒုက္ခသည် အမှန်တကယ် မတည်ရှိကြောင်း ယုံကြည်မိသောကြောင့် ဖြစ်ပါသည်။

တုန်လန် ကျင့်ကြံမှုတွင် ဆင်းရဲဒုက္ခ ရရှိခြင်းမှ ပျော်ရွှင်မှု ပေးအပ်ခြင်းသို့ ကူးပြောင်းခြင်း

ကျွန်ုပ်တို့သည် အခြားသူများ၏ ဆင်းရဲဒုက္ခ ဖြစ်စေ၊ မိမိ၏ ဆင်းရဲဒုက္ခ ဖြစ်စေ တွေးမိသောအခါ ဝမ်းနည်းပါသည်။ မိမိ သို့မဟုတ် အခြားတစ်ယောက် ဒုက္ခဆင်းရဲ ဖြစ်သည်ကို အမှန်ပင် မပျော်ရွှင်ပါ။ ဤသို့ဖြစ်နေသည်ကို စိတ်မကောင်း ဖြစ်ပါသည်။ ပေးခြင်းနှင့်ယူခြင်း တုန်လန် တရားတော်တွင် ကျွန်ုပ်တို့သည် အခြားသူများ၏ ဆင်းရဲဒုက္ခ သို့မဟုတ် မိမိ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်ပြီး ထိုအတွက် အလိုလို ဝမ်းနည်းပါသည်။ ဤသည်မှာ ဆင်းရဲဒုက္ခသည် တကယ်မဟုတ်ဘဲ နာကျင်မှု မရှိသည့်အလား ဘာမှမခံစားရခြင်း မဟုတ်ပါ။ ထို့နောက် ဆင်းရဲဒုက္ခကို ရင်ဆိုင်သည်ဟု စိတ်ကူးပါသည်။ ကိုယ်တိုင် ကြုံတွေ့သည်ကို စိတ်လိုလက်ရ လက်ခံပါသည်။ ထို့နောက် သူတို့ကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ ပျော်ရွှင်စေလိုသော ဆန္ဒဖြင့် မေတ္တာထားရှိပါသည်။ ထို့ကြောင့် မိမိကိုယ်တိုင် လက်ခံသော ဆင်းရဲဒုက္ခကို ဝမ်းနည်းသည့် ခံစားချက်မှ မိမိကပေးလိုက်သည့် ပျော်ရွှင်မှု ခံစားချက်သို့ ကူးပြောင်းပါသည်။

ဝမ်းနည်းသော ခံစားချက်မှ ပျော်ရွှင်သော ခံစားချက်သို့ ကူးပြောင်းမှုသည် တုန်လန် တရားကျင့်ကြံသောအခါ လူအများစုအတွက် အတားအဆီးတစ်ခု ဖြစ်ပါသည်။ ဝမ်းနည်းမှုမှ ပျော်ရွှင်မှုသို့ ရုတ်တရက်ကြီး မည်ကဲ့သို့ ကူးပြောင်းပါသလဲ။ တကယ်တော့ ထိုနှစ်ခုမှာ အတိုက်အခံဖြစ်သော ခံစားချက်များ ဖြစ်ပါသည်။ ထို့အတူ ဆင်းရဲဒုက္ခကို စိတ်ဓာတ်မကျဘဲ စွန့်ပယ်ခြင်းဖြင့် အာရုံစိုက်မှုနှင့် ဘဝ၏ ပျော်ရွှင်မှုနှင့် လွတ်မြောက်မှု ဖြစ်နိုင်ခြေများ ကြုံတွေ့နိုင်မှုတို့ကို မည်ကဲ့သို့ ညီမျှစေရမည်ကို ဆွေးနွေးတုန်းကလည်း မြင်တွေ့ခဲ့ပါသည်။ ဤနေရာတွင် ထိုကိစ္စမျိုးနှင့် အတူတူဖြစ်ပါသည်။

ဝမ်းနည်းမှုကို ပျော်ရွှင်မှုနှင့် မျှတအောင်ပြုလုပ်နိုင်မှု၏ အရေးကြီးပုံကို ဖျားနာနေသော ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ယောက်ထံ သွားကြည့်သည့် နမူနာဖြင့် စဉ်းစားသောအခါ နားလည်နိုင်ပါသည်။ သူတို့သည် ဖျားနာပြီးဝေဒနာဖြစ်နေသည်ကို ကျွန်ုပ်တို့ ဝမ်းနည်းပါသည်။ သို့သော် မိမိချစ်ခင်သူတစ်ဦးထံ သွားလည်နေစဉ် ဝမ်းနည်းပြီး မပျော်ရွှင်ပါ။ ဒါက ထိုသူအတွက် လုံးဝအထောက်အကူ မပြုပါ။ ဖျားနာနေသော ဆွေမျိုး သို့မဟုတ် မိတ်ဆွေကို အားပေးရပါမည်။ သို့သော် ထိုအခြေအနေတွင် ဝမ်းမြောက်သော ခံစာချက်ကို မည်ကဲ့သို့ ထုတ်ဖော်ပါမည်နည်း။ တုပခြင်းသာ ဖြစ်နေမလား။ စိတ်ထဲတွင် စိတ်ပျက်နေသော်လည်း မျက်နှာတွင် အပြုံးပန်း ဆင်ထားရုံမျှသာလား။

ဝမ်းနည်းမှုမှ ပျော်ရွှင်မှုသို့ ရိုးသားစွာ ကူးပြောင်းရာတွင် အတော်အဆင့်မြင့်သည့် “စိတ်၏ ကော်စေးကဲသို့ သဘောသဘာဝ” ဆိုသော မဟာမုဒြာ တရားတော်ကို ဤနေရာတွင် အသုံးချနိုင်ပါသည်။ အရင်ဆုံး အခြားသူများ သို့မဟုတ် မိမိ၏ ဆင်းရဲဒုက္ခကို ရင်ဆိုင်သောအခါတွင် ဆင်းရဲဒုက္ခကို ဆန္ဒအလျောက် လက်ခံပါသည်။ ဤသို့ ရိုးသားစွာ ပြုလုပ်သောအခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် ခွန်အားတို့ ခံစားရပါသည်။ ငါသည် ဆင်းရဲဒုက္ခကြုံနေသည့်၊ သနားစရာ ငါပါလားဆိုသည့် “အပြုခံစိတ်ထား” မျိုး ထားရှိခြင်း မဟုတ်ပါ။

မဟာမုဒြာနည်းစနစ်ဖြင့် ကျွန်ုပ်တို့သည် ဤဆင်းရဲဒုက္ခနှင့်အတူ ခံစားရသည့် ဝမ်းနည်းမှုကို စိတ်ပင်လယ်ကြီး၏ အပေါ်ဘက်မှ လှိုင်းလုံးတစ်ခုကဲ့သို့ သဘောထားပါသည်။ အတွင်းခွန်အားများဖြင့် ဆင်းရဲဒုက္ခကို ဆန္ဒအလျောက် လက်ခံနိုင်သောအခါ လှိုင်းလုံးကြောင့် စိတ်ခံစားချက် မဆူလောင်တော့ပါ။ ကြုံရသည့် ဝမ်းနည်းမှု လှိုင်းလုံးကို တည်ငြိမ်စွာ ငြိမ်သက်စေပါသည်။ ၎င်းသည် သဘာဝအတိုင်း ငြိမ်သက်သွားသည်နှင့် စိတ်၏ပင်ကိုတည်ငြိမ်မှုပီတိကို ရရှိလာနိုင်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏နှလုံးသားမှ သဘာဝအလျှောက် တောက်ပလာပြီး ဤသည်မှာ တုန်လန် တရားဖြင့် အခြားသူများအား ပေးခြင်း သို့မဟုတ် မိမိကိုယ်တိုင် တွေ့ကြုံခြင်း ဖြစ်ပါသည်။

စိတ်၏သဘာဝပျော်ရွှင်မှုနှင့် ပတ်သက်၍ အနှောင့်အယှက် တစ်ခုမှ မဖြစ်ပါ။ “ခင်ဗျားဖျားနာနေတာ ရှက်စရာပဲ။ စိတ်မကောင်းလိုက်တာ။ ဒါပေမယ့် ကျွန်တော့်ဘဝကို ကျွန်တော်ပျော်ပါတယ်။ အားလုံး အဆင်ပြေသွားမှာပါ” ဆိုပြီး မိမိပျော်ရွှင်မှုကို ကြေညာခြင်း သို့မဟုတ် ထုတ်ကြွားခြင်း မဟုတ်ပါ။ အေးဆေးသက်သာစွာဖြင့် ပင်ကိုပျော်ရွှင်မှုက အခြားသူများနှင့် မိမိကို ဖြေသိမ့်ပေးပြီး ကျေနပ်စေပါသည်။


စွန့်ပယ်ခြင်းနှင့် ကရုဏာတို့ကို ဖြစ်ပေါ်စေသော အခြေခံအုတ်မြစ်

ကျွန်ုပ်တို့သင်ကြားမှု စတင်ချိန်က ဆုန်ခပသည် ကရုဏာ စသည့် စိတ်အခြေအနေ ဖော်ထုတ်ရာတွင် ယင်းကအခြေခံထားသည့် အရာကို အရင်ဆုံးသိရမည်ဟု ရှင်းပြခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။ ကရုဏာသည် သင့်တော်သော စွန့်ပယ်ခြင်းကို ဦးစွာထားရှိမှုဆိုသည့် အခြေခံပေါ်တွင် ပေါ်ထွက်လာပါသည်။ စွန့်ပယ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုဖြစ်စေသည့် မိမိ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များမှ လွတ်ကင်းရန် ဆုံးဖြတ်ချက်ချကာ ယင်းတို့ကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ပါသည်။

ကရုဏာအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် နောက်တစ်ဆင့်မှာ မိမိ၏စွန့်ပယ်ခြင်းတွင် အခြေခံပြီး ဥပေက္ခာ ထားရှိရန် ဖြစ်ပါသည်။ တစ်နည်းဆိုသော် မိမိ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖယ်ရှားရန် ကြိုးစားမှုတွင် အခြေခံပါသည်။ ဥပေက္ခာ ရှိသောအခါ သက်ရှိအားလုံးကို သူတို့အပေါ် တွယ်တာမှုဆိုသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ ငြင်းပယ်မှု သို့မဟုတ် လျစ်လျူရှုမှု မပါဝင်ဘဲ ပွင့်လင်းသောပုံစံဖြင့် အာရုံစိုက်ပါသည်။ သက်ရှိတိုင်းသည် အစမထင်၊ အဆုံးမရှိသော စိတ်အစဉ်၌ ဖြစ်တည်နေခြင်းသာ ဖြစ်သည်ဟု အညီအမျှ သဘောထားသည့်အတွက် အားလုံးကို အညီအမျှ လမ်းဖွင့်ထားပါသည်။ အစမထင်သော အချိန်က ကျွန်ုပ်တို့သည် သက်ရှိအမျိုးအစားတိုင်းနှင့် တစ်နည်းနည်းဖြင့် ဆက်ဆံရေး ရှိခဲ့သောကြောင့် မည်သူ့ကိုမျှ ရန်သူ၊ မိတ်ဆွေ၊ သူစိမ်းဟူ၍ တစ်ချိန်ချိန်တွင် သူတို့နှင့်ရှိခဲ့နိုင်သော ဆက်ဆံရေး တစ်မျိုးမျိုးဖြင့် မသတ်မှတ်ထားပါ။ သို့ဖြစ်ရာ ဆွဲဆောင်မှု၊ ငြင်းပယ်မှု သို့မဟုတ် လျစ်လျူရှုမှုတို့အတွက် အခြေခံမရှိတော့ပါ။

သက်ရှိတိုင်းသည် တစ်ချိန်ချိန်က မိမိ၏ရန်သူနှင့် မိမိကိုသတ်ဖြတ်သူ ဖြစ်ခဲ့သည်ကို အာရုံစိုက်ခြင်းမှာ အကျိုးမရှိပါ။ အားလုံးက မိမိ၏မိခင်ဖြစ်ဖူးခြင်း၊ အားလုံးက မိမိ၏ မိခင်ကဲ့သို့ဖြစ်စေ၊ အဓိက ပြုစုစောင့်ရှောက်သူကဲ့သို့ဖြစ်စေ ချင်ခင်မှုရှိခဲ့သည်ကို တွေးခြင်းသည်သာ အများကြီးပို၍ အကျိုးရှိပါသည်။ ယခုဘဝမိခင်သည် ကျွန်ုပ်တို့ကို ညှဉ်းပမ်းနှိပ်စက်ကာ ဆိုးရွားသည့်တိုင် သူ့ထံမှ ရရှိသည့် အနည်းဆုံး ချစ်ခင်မှုမှာ ကျွန်ုပ်တို့ကို စွန့်ခွါမသွားခြင်း ဖြစ်ပါသည်။ ဤသို့သော မိခင်ဖြစ်စေ ယခုခေတ်အရ အစားထိုး မိခင်ဖြစ်စေ ကျွန်ုပ်တို့ကို ဝမ်းနှင့်လွယ်ပြီး မွေးထားသည့်အတွက် အထူးသဖြင့် ကျွန်ုပ်တို့ကို ကြင်နာမှု ရှိထားပါသည်။

နောက်တစ်ဆင့်ကို “ထိုကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်း” ဟု ဘာသာပြန်လေ့ရှိပါသည်။ သို့သော် “ပြန်လည်ပေးဆပ်ခြင်း” က အယူအဆ မှားစေနိုင်သည်ဟု ထင်မိပါသည်။ အကြောင်းမှာ “ပြန်လည်ပေးဆပ်ခြင်း” သည် လုပ်ငန်းဆောင်တာကိစ္စအတွက် အကြွေးဟု သဘောသက်ရောက်ပါသည်။ အကြွေးပြန်မဆပ်ပါက အပြစ်ရှိသူလို ခံစားရပါသည်။ တာဝန်ရှိမှု သို့မဟုတ် အပြစ်ရှိမှုမဟုတ်ဘဲ ဤအဆင့်၏ အခြေခံဖြစ်သည့် စိတ်ခံစားချက် အနေအထားမှာ ရရှိသည့် ကြင်နာမှုအတွက် တန်ဖိုးထားခြင်းနှင့် ကျေးဇူးတင်ခြင်း ဖြစ်ပါသည်။ ထို့နောက် ထိုစိတ်ခံစားချက် အခြေခံဖြင့် မိမိ၏မိခင်သည် မျက်မမြင်ဖြစ်ပြီး ရှုပ်ထွေးမှုဖြင့် ကယောင်ချောက်ခြား ဖြစ်နေကာ အန္တရာယ် ရှိသော အပြုအမူ ချောက်ကြီးထဲသို့ ကျတော့မည့်အချိန်တွင် ကျွန်ုပ်တို့ကလည်း ဘေးနားမှာ ရှိပြီး ဘယ်လိုကူညီရမည်ကို သိနေသည်ဟု စိတ်ကူးသောအခါ သူကံဆိုးမိုးမှောင် မကျအောင် တတ်နိုင်သမျှ ဆောင်ရွက်ဖို့ အလိုလိုတာဝန်ယူမိပါမည်။ သူ့သားသမီးများက မကူညီလျှင် ဘယ်သူလာကူညီပါမည်နည်း။

တစ်ချိန်မဟုတ် တစ်ချိန်တွင် အားလုံးက ထားရှိသည့် ကြင်နာမှုအတွက် အလေးအနက် ကျေးဇူးတင်ကာ သူတို့ကို အမှန်တကယ်ကူညီပြီး ကျေးဇူးတင်ကြောင်း ပြသလိုစိတ်ရှိသည့် အခြေခံဖြင့် ကျွန်ုပ်တို့သည် “နွေးထွေးသောမေတ္တာ” ဆိုသည့်အရာကို အလိုအလျောက် ထားရှိနိုင်လာပါသည်။ အားလုံးနှင့် နွေးထွေးသော ဆက်သွယ်မှုကို ခံစားရပါသည်။ မည်သူနှင့်တွေ့သည်ဖြစ်စေ မိခင်က တစ်ဦးတည်းသောအဖိုးတန် ရင်သွေးအလား သူတို့နှင့် အလိုအလျောက် နီးစပ်သွားပါသည်။ သူတို့၏သာယာဝပြောရေးကို ရိုးသားစွာ အလေးထားပြီး သူတို့မကောင်းတာတစ်ခုခု ဖြစ်လာပါ ဝမ်းနည်းမိပါသည်။

အဆိုပါ နွေးထွေးသော မေတ္တာ အခြေခံဖြင့် ဗုဒ္ဓဘာသာတွင် မွေးမြူရသည့် မေတ္တာမျိုးကို ရရှိလာပါသည်။ ယင်းမှာ သက်ရှိအားလုံး အညီအမျှ ပျော်ရွှင်ပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိစေလိုသော ဆန္ဒဖြစ်ပါသည်။ အားလုံးအတွက် ဤမေတ္တာ အခြေခံဖြင့် ကရုဏာ ထားရှိလာပါသည်။ ယင်းမှာ သူတို့သည် ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားများမှ လွတ်ကင်းစေလိုသော ဆန္ဒ ဖြစ်ပါသည်။ ထို့ကြောင့် ထိုနောက်ခံပံ့ပိုးသော ကရုဏာသည် အပြုသဘော စိတ်ခံစားချက်များစွာ ပါဝင်နေသည်ကို မြင်နိုင်ပါသည်။ အားလုံးနှင့် ပွင့်လင်းပြီး နီးစပ်သော ခံစားချက်၊ သူတို့၏ ကြင်နာမှုအတွက် ကျေးဇူးတင်ခြင်း၊ နွေးထွေးသော မေတ္တာ၊ ချစ်ခင်မှု စသည်တို့ ဖြစ်ပါသည်။ ယင်းတို့အားလုံးသည် ကရုဏာတွင် ပါဝင်ပါသည်။

ထိုထက်ပို၍ ကရုဏာသည် အခြားသူများ၏ ဆင်းရဲဒုက္ခအတွက် ရည်ရွယ်သော စွန့်ပယ်ခြင်း စိတ်အခြေအနေဆိုပါက ကရုဏာ၏အခြေခံသည်လည်း စွန့်ပယ်ခြင်းပုံစံတစ်မျိုးမျိုးနှင့် တည်ရှိနေသင့်ပါသည်။ ဆိုလိုသည်မှာ ပထမဦးစွာ မိမိကိုယ်ကို ဆွဲဆောင်မှု၊ ငြင်းပယ်မှု၊ လျစ်လျူရှုမှုတို့ မရှိရန် လိုပါသည်။ ထို့နောက် ယခုဘဝနှင့် ယခင်ဘဝများတွင် အပျက်သဘောအရာများ ဆောင်ရွက်ခဲ့သည်ကို အာရုံစိုက်သည်မှာ အကျိုးမရှိကြောင်း သဘောပေါက်ရန် လိုပါသည်။ အခြားသူများက မိမိ၏မိခင် ဖြစ်ဖူးကာ ကြင်နာမှုရှိသည်ကို မြင်ခြင်းနှင့်အတူ မိမိကိုယ်တိုင်အတွက် ဆောင်ရွက်ခဲ့သည့် အပြုသဘော ကြင်နာမှုများကိုလည်း အာရုံစိုက်ဖို့ လိုပါသည်။ လက်ရှိတွင် တန်ဖိုးရှိသော လူသားဘဝ၏ အကျိုးရှိသော အခြေအနေအားလုံး ရရှိခံစားနေသည့်အချက်မှာ ယခင်က ပြုခဲ့သော အပြုသဘောကံ၏ ရလဒ်များ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခဲ့သည့်အတွက် မိမိကိုယ်ကို ကြင်နာမှုကို တန်ဖိုးထားပြီး ကျေးဇူးတင်ရပါသည်။ ထိုအခါ မိမိအတွက် နွေးထွေးသော မေတ္တာ ရရှိပြီး မိမိကိုယ်ကို မုန်းတီးခြင်း မဟုတ်တော့ပါ။ မိမိ၏သာယာဝပြောမှုကို ရိုးသားစွာ အလေးထားပြီး မိမိအား တစ်ခုခု မကောင်းတာ ဖြစ်လာလျှင်လည်း ဆိုးရွားသောခံစားချက် ဖြစ်မိပါသည်။

ကရုဏာရရှိအောင် ကြိုးစားသောအခါ အားလုံးအညီအမျှရှိရမည့် အဓိက စည်းမျဉ်းတစ်ခုမှာ လူတိုင်းသည် ပျော်ရွှင်လိုသည်၊ မည်သူမျှ မပျော်ရွှင်မှု မဖြစ်လိုကြပါ၊ လူတိုင်းသည် အညီအမျှ ပျော်ရွှင်ပြီး မပျော်ရွှင်မှု ကင်းဝေးပိုင်ခွင့်ရှိသည် ဆိုသောအချက် ဖြစ်ပါသည်။ “အားလုံး” ဆိုရာတွင် မိမိလည်း ပါဝင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ပျော်ရွှင်ခွင့် ရှိပါသည်။ မပျော်မရွှင် ဖြစ်ပိုင်ခွင့် မရှိပါ။ ထို့ကြောင့် ဤသို့ လွတ်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သည့် စွန့်ပယ်ခြင်း ထားရှိသည်မှာ အခြေခံအားဖြင့် မိမိအတွက် ကရုဏာထားခြင်း ဖြစ်ပါသည်။

နားလည်မှုတော့ မလွဲမှားစေလိုပါ။ မိမိကိုယ်ကို ကရုဏာထားသော “ငါ” သည် ကရုဏာထားနေသည့် “ငါ” နှင့်ကွဲပြားကြောင်း မိမိကိုယ်ကို နှစ်ခွ သဘောထားရှိအောင် အားပေးတိုက်တွန်းခြင်း မဟုတ်ပါ။ “မိမိကိုယ်ကို ကြင်နာခြင်း” သည် စကားအသုံးအနှုန်းသာ ဖြစ်ပါသည်။ သို့သော် မိမိကိုယ်ကို ကြင်နာပြီး ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုများမှ ကင်းဝေးလိုပါက “ဒီလူနဲ့ မကောင်းတဲ့ ဆက်ဆံရေးမှာ မပတ်သက်ချင်ဘူး။ ဒေါသ မထွက်ချင်ဘူး။ ဝမ်းမနည်းချင်ဘူး။ မတွယ်တာချင်ဘူး” စသည့် သဘောထားမျိုး ရှိရန် လိုပါသည်။ ဤနည်းဖြင့် မိမိပြဿနာများမှ ကင်းဝေးရန် ဆုံးဖြတ်ကြိုးစားပါသည်။ ဤသည်မှာ “အရာရာတိုင်း ဆင်းရဲဒုက္ခဖြစ်သည်” ဆိုသော ခံစားချက်ကို နွေးထွေးသော ပျော်ရွှင်မှု၊ တည်ငြိမ်မှု အခြေခံသည့် ခံစားချက်များနှင့် ညီမျှအောင်ပြုလုပ်သည့် နောက်ထပ် ရှုထောင့်တစ်မျိုး ဖြစ်ပါသည်။

အကျဉ်းချုပ်

အကြောင်းအရာများစွာ ပြောခဲ့သော်လည်း ဗုဒ္ဓဘာသာ၏ ယခုလိုအရေးကြီးလှသော ခေါင်းစဉ်အတွက် ပိုပြီးပြည့်စုံအောင် ထပ်ပြောလိုပါသည်။ ဤသည်မှာ လေ့လာသောခေါင်းစဉ်မျှသာ မဟုတ်ဘဲ မိမိကိုယ်တိုင် တိုးတက်ရေး အနေနှင့် ဖြစ်ပါက စွန့်ပယ်ခြင်းနှင့် ကရုဏာတို့ ရရှိအောင် ဆောင်ရွက်ပုံကို ဖော်ပြရာတွင် အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် စွန့်ပယ်ခြင်းမှ ကရုဏာသို့ ကောင်းမွန်တည်ငြိမ်စွာဖြင့် ကူးပြောင်းပုံကိုလည်းကောင်း၊ ထိုစိတ်အခြေအနေ နှစ်ခု၏ ဆက်စပ်ပုံကို လည်းကောင်း လေ့လာခဲ့ပါသည်။

Top