ဆင်းရဲဒုက္ခကို သိရှိခြင်း
ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခများမှာ လူသားအဖြစ် ချက်ချင်း မြင်တွေ့နိုင်သော အရာများနှင့် အာရုံခံသိရှိသည့် စွမ်းအင်မပါဘဲ မသိမြင်နိုင်သောအရာများဟူ၍ နှစ်မျိုးရှိပါသည်။ ပထမတစ်ခုတွင် မီးဖွားစဉ် နာကျင်မှု၊ မကြာခဏ ဖျားနာသည့် မသာမယာဖြစ်မှု၊ အိုမင်းမစွမ်း ဖြစ်လာသည့် စိတ်ပျက်ဖွယ် အတွေ့အကြုံနှင့် သေခြင်းတရားကို ကြောက်ရွံ့မှုတို့ ပါဝင်ပါသည်။
ကွယ်လွန်ပြီးနောက် ကြုံရသော ဆင်းရဲဒုက္ခများကို သာမန်လူအနေနှင့် မမြင်နိုင်ပါ။ ကျွန်ုပ်တို့ သေဆုံးပြီးသောအခါ လူသားအဖြစ် ပြန်လည်မွေးဖွားလာနိုင်သည်ဟု ထင်ချင်ထင်မိကြပါသည်။ သို့သော် ဤအတိုင်း ဖြစ်လာသည်မဟုတ်ပါ။ ထိုသို့သော ဆင့်ကဲဖြစ်စဉ်မျိုး ဖြစ်မည်ဟု ယုတ္တိကျစွာ ယူဆ၍ မရပါ။ ထို့ပြင် သေဆုံးပြီးနောက် ပြန်လည်မွေးဖွားခြင်း လုံးဝမရှိတော့ ဟူ၍လည်း မဆိုနိုင်ပါ။
ဖြစ်လာမည့် ပြန်လည်မွေးဖွားမှု တစ်ခုခုနှင့် ပတ်သက်လျှင် သိရှိရန် အလွန်ပင် ခက်ပါသည်။ ကျွန်ုပ်တို့၏ အသိပညာဖြင့် လက်ရှိတွင် မသိနိုင်ပါ။ ယခု ဘဝတွင် ကောင်းသောကံ ပြုထားပါက နောင်တွင် စိတ်ချမ်းသာဖွယ် ပြန်လည်မွေးဖွားမှု ပုံစံများ ရရှိမည်ဟု သဘာဝအလျောက် ယူဆရပါမည်။ အပြန်အလှန်အားဖြင့် မကောင်းကံ အများစု ပြုထားမိပါက နောင်ဘဝ ပျော်ရွှင်စရာ မရရှိနိုင်တော့ဘဲ အဆင့်နိမ့်သက်ရှိများအဖြစ် ကြီးစွာသော အခက်အခဲများ ကြုံရပါလိမ့်မည်။ ဤအချက်က သေချာပါသည်။ ပြန်လည်မွေးဖွားမှုက ထိုနည်းအတိုင်း ဖြစ်ပါသည်။ ဂျုံပင်စိုက်လျှင် ဂျုံသီး သီးပါသည်။ စပါးစိုက်လျှင် စပါးပင် ထွက်ပါမည်။ ထို့အတူ အဆိုးကံများ ပြုထားပါက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ စသည့် အောက်ဘုံ တစ်ခုခုတွင် ပြန်လည်မွေးဖွားမည့် မျိုးစေ့ စိုက်လိုက်ခြင်း ဖြစ်ပါသည်။
ငရဲ (စိတ်ဆင်းရဲစရာ လောက) လေးမျိုး ရှိပြီး အပူငရဲ၊ အအေးငရဲ၊ အနီးဝန်းကျင်ငရဲနှင့် မကြာခဏ ကြုံရသော ငရဲ စသည်တို့ ဖြစ်ပါသည်။ နောက်ထပ် အမျိုးအစားခွဲပါက အပူငရဲ ရှစ်မျိုးရှိသည်။ ထိုအထဲမှ ပထမတစ်ခုကို ပြန်လည်နိုးထသော ငရဲဟု ခေါ်သည်။ ဤသည်မှာ ဆင်းရဲဒုက္ခ အနည်းဆုံးငရဲတစ်ခု ဖြစ်သည်ဟု ပြောနိုင်သည်။ ထိုငရဲတွင် ကြုံရသော ဒုက္ခ အတိုင်းအတာကို နားလည်အောင် ပြောရမည်ဆိုပါက မီးတောက်ကြီးတစ်ခု လောင်ကျွမ်းခံရသူတစ်ယောက်၏ နာကျင်မှုသည် ပထမမြောက် အပူငရဲသားများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပါ။ ပြန်လည်နိုးထသော ငရဲအောက်ရှိ ငရဲတိုင်းတွင် ကြုံရသော ဒုက္ခအတိုင်းအတာ ပိုမိုပြင်းထန်လာပါသည်။
ငရဲသားများနှင့် ငတ်မွတ်နေသော ပြိတ္တာများ၏ ဒုက္ခကို ကျွန်ုပ်တို့ မမြင်နိုင်သော်လည်း တိရစ္ဆာန်များက ကျွန်ုပ်တို့၏ မျက်လုံးဖြင့် မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားမည်ဆိုပါက ဘာဖြစ်လာမလဲဟု တွေးကြည့်ပါက ယခုအိန္ဒိယနိုင်ငံတွင် အနီးအနားမှ လမ်းဘေး တိရစ္ဆာန်များ၊ တောသတ္တဝါများကို ကြည့်နိုင်ပါသည်။ သူတို့အခြေအနေတွင် ရှိပါက မည်သို့ရှိမည်ကို တွေးကြည့်နိုင်ပါသည်။ ဓမ္မသည် ထိုအဆင့်နိမ့်သော ပြန်လည်မွေးဖွားမှု များတွင် ဆင်းရဲဒုက္ခ မကြုံတွေ့အောင် ကျွန်ုပ်တို့ကို ကာကွယ်ပေးပါသည်။
ပြန်လည်မွေးဖွားမှု စက်ဝန်း၊ ထိန်းချုပ်မရစွာ ပြန်ဖြစ်နေမှု (သံသရာ) သည် ဆင်းရဲဒုက္ခ သဘောသဘာဝ ရှိပါသည်။ ဓမ္မသည် သံသရာဆင်းရဲဒုက္ခအားလုံးမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါသည်။ ထို့ပြင် ကြီးကျယ်သောယာဉ်ဆိုသည် မဟာယာန ဗုဒ္ဓဘာသာ၏ တရားများသည် ကျွန်ုပ်တို့ကို အကာအကွယ် ပေးရုံသာမက အကန့်အသတ်ရှိသော သက်ရှိအားလုံး (ခံစားချက်ရှိသော သက်ရှိများ) ကိုလည်း အကာအကွယ် ပေးပါသည်။
စိတ်ချရသော ကိုးကွယ်အားထားမှု လမ်းကြောင်းအတိုင်းသွားခြင်း
ဗုဒ္ဓဘာသာ၌ ကိုးကွယ်အားထားရာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအကြောင်းကို အတော်လေးကြားသိရပါသည်။ ပထမရတနာမှာ သဗ္ဗညုတ ဉာဏ်အလင်း ရရှိပြီးတော်မူသော ဓမ္မကို ဟောကြားခဲ့သည့် ဘုရားရတနာဖြစ်သည်။ စကြမုနိ ဗုဒ္ဓမြတ်စွာသည် ဗာရာဏသီတွင် သစ္စာလေးပါးကို ဟောကြားကာ ဓမ္မစက်ဝန်းကို ပထမဆုံး လှည့်ခဲ့ပါသည်။ သစ္စာလေးပါးသည် ကျွန်ုပ်တို့အတွက် အထင်ရှားဆုံးအချက် ဖြစ်သည်။ ထိုအထဲမှ စတုတ္ထမြောက် သစ္စာဖြစ်သည့် မှန်ကန်သောလမ်းကြောင်း ဆိုသည်မှာ လွတ်မြောက်မှု ရရှိအောင် ကျင့်ကြံရသော ဓမ္မ ဖြစ်ပါသည်။ ဤသည်မှာ ဓမ္မရတနာဆိုသည့် စိတ်ချရသော လမ်းကြောင်းတွင် ကိုးကွယ်အားထားမှု ဖြစ်ပါသည်။
ဓမ္မကျင့်ကြံမှုတွင် သံသရာဆင်းရဲဒုက္ခ၏ ဇစ်မြစ်ကို သိရှိခြင်းနှင့် ဤဇစ်မြစ်ကို ဖယ်ရှားခြင်းဟူ၍ အချက်နှစ်ချက် ပါဝင်ပါသည်။ အဖန်ဖန်ပြန်ဖြစ်ရခြင်း၏ ဇစ်မြစ်သည် အဘယ်နည်း။ အမှန်တကယ် တည်ရှိသော အတ္တနှင့် အမှန်တကယ် တည်ရှိသော ဖြစ်ရပ်တို့ကို တွယ်တာမှု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခအားလုံး ဖြစ်စေသည့် ဤတွယ်တာမှုကို မနှစ်သက်ရန် လိုပါသည်။ အမှန်တကယ် တည်ရှိမှု၌ တွယ်တာမှုအတွက် ဖြေဆေးကို နားလည်သဘောပေါက်ရပါမည်။ ဤဖြေဆေးမှာ တစ်ကိုယ်ကောင်း မဆန်မှု သို့မဟုတ် အမှတ်အသား မရှိမှုကို သိရှိသည့် ဉာဏ်ပညာ (ခွဲခြားသိရှိသော ပညာ) ဖြစ်ပါသည်။၎င်းသည် ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေမည့် တစ်ကိုယ်ကောင်းမဆန်မှုအကြောင်း နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။
သံသရာတွင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများသည် အကြောင်းရင်းမရှိဘဲ မပေါ်ပေါက်ပါ။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများ (ထင်ယောင်ထင်မှားဖြစ်မှုများ) နှင့် ယင်းတို့က ဖန်တီးသည့်ကံကြောင့် ဖြစ်ပေါ်လာပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများနှင့် ကံများ၏ ဇစ်မြစ်သည် အတ္တကို တွယ်တာမှု ဖြစ်ပါသည်။ ဤအချက်ကို နားလည်လာပါက ဤသို့အတ္တကို တွယ်တာမှုအတွက် ဖြေဆေးကို ရရှိလိုစိတ် ရှိလာပါသည်။ စိတ်အစဉ်တွင် ဖြေဆေးကို ဘာကြောင့် မရရှိသေးသလဲ။ တစ်ကိုယ်ကောင်း မဆန်ခြင်းကို ဘာကြောင့် နားမလည်သေးသလဲ။ ဤအတွက် အကြောင်းရင်း တစ်ခုမှာ သေခြင်းတရားနှင့် မမြဲခြင်းအကြောင်း လုံလောက်စွာ မသိရှိသေး၍ ဖြစ်ပါသည်။
သေခြင်းတရားနှင့် မမြဲခြင်း
မွေးဖွားခြင်း၏ တစ်ခုတည်းသော ဖြစ်လာနိုင်သည့်လဒ်မှာ သေဆုံးခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မဖြစ်မနေ ကွယ်လွန်ရပါသည်။ သေခြင်းတရားနှင့် အဆုံးမသတ်သော သက်ရှိဟူ၍ မရှိပါ။ သေဆုံးမှုကို တားဆီးနိုင်မည့် နည်းလမ်းများစွာကို လူတို့ကြိုးစားကြသော်လည်း မဖြစ်နိုင်ပါ။ သေဆုံးခြင်း မဖြစ်အောင် မည်သည့်ဆေးဝါးကမျှ ကျွန်ုပ်တို့ကို မကုသပေးနိုင်ပါ။
‘‘ငါသေရလိမ့်မည်’’ ဟု တွေးခြင်းသည် သေခြင်းတရားအကြောင်း မှန်ကန်စွာ စဉ်းစားသည့်နည်းလမ်း မဟုတ်ပါ။ လူတိုင်း သေရမည် မှန်သော်လည်း ဤအချက်ကို တွေးနေရုံမျှနှင့် သိပ်မထိရောက်ပါ။ မှန်ကန်သင့်တော်သော နည်းလမ်း မဟုတ်ပါ။ ထိုအတူ ကျွန်ုပ်တို့သည် ပျက်စီးယိုယွင်းကြရမည် ဆိုသောအချက်၊ ခန္ဓာကိုယ်သည် ပျက်စီးရလိမ့်မည် ဆိုသောအချက်တို့ကို တွေးတောရုံမျှနှင့် မလုံလောက်ပါ။ ကွယ်လွန်ခြင်း မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်ရမည်ကို တွေးတောရမည် ဖြစ်ပါသည်။
သေခါနီးအချိန်တွင် ဖြစ်လာသည့် ကြောက်ရွံ့မှုနှင့် ထိုကြောက်ရွံ့မှုကို မည်သို့ဖယ်ရှားမလဲဟု တွေးကြည့်သောအခါ သေခြင်းတရားကို တရားရှုမှတ်မှုက ထိရောက်မှု ရှိလာပါမည်။ ဘဝတွင် အဆိုးကံများစွာ ပြုခဲ့သူများသည် သေခါနီးအချိန်တွင် အလွန်ထိတ်လန့်လာပါသည်။ သူတို့သည် ငိုကြွေးသည်။ ပါးပြင်မှ မျက်ရည်များ စီးကျလာသည်။ ပါးစပ်မှ အမြှုပ်ထွက်လာသည်။ အဝတ်အစားထဲတွင် မစင်စွန့်သည်။ လုံးဝ စိတ်ညစ်ညူးလာကြပါသည်။ ဤသည်တို့မှာ ဘတတွင် အဆိုးကံများ ပြုမူခဲ့သည့် ကြောက်ရွံခြင်းကြောင့် သေခါနီးအချိန်တွင် ဖြစ်လာသော ဆင်းရဲဒုက္ခ လက္ခဏာရပ်များ ဖြစ်ပါသည်။
အခြားတစ်နည်းမှာ ဘဝရှင်သန်ချိန်တွင် အဆိုးကံများ မပြုမိအောင် ရှောင်ရှားပါက သေခါနီးအချိန်ကို အလွန်လွယ်ကူစွာ ရင်ဆိုင်သွားနိုင်ပါသည်။ ကလေးတစ်ယောက် မိဘအိမ် ပြန်လာသလိုပင် ထိုအတွေ့အကြုံက ပျော်စရာတစ်ခု ဖြစ်နေပါမည်။ မိမိကိုယ်ကို စင်ကြယ်အောင် နေထိုင်ထားပါက သေပျော်နိုင်ပါသည်။ အပျက်သဘော နည်းလမ်း ဆယ်ခုကို ရှောင်ရှားခြင်း၊ ယင်းတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အပြုသဘော ဆောင်ရွက်ချက် ဆယ်ချက်ကို ပြုမူခြင်းဖြင့် ကျွန်ုပ်တို့၏ သေဆုံးမှုသည် လွယ်ကူသက်သာကာ ဆင်းရဲဒုက္ခ ဖြစ်မည့် ပြန်လည်မွေးဖွားမှုကို ကြုံတွေ့ရတော့မည် မဟုတ်ပါ။ ပိုမိုကံကောင်းသော အခြေအနေများတွင် ပြန်လည်မွေးဖွားမည်ဟု စိတ်ချနိုင်ပါသည်။ ဆေးဖက်ဝင်အပင်၏ မျိုးစေ့များ စိုက်ပျိုးပါက ဆေးဖက်ဝင် အာနိသင်ရှိသည့် အပင်များ ရရှိပါမည်။ အဆိပ်ပင် မျိုးစေ့များ စိုက်ပါက အန္တရာယ် သစ်သီးများ ထွက်လာပါမည်။ ကျွန်ုပ်တို့၏ သိစိတ်တွင် အပြုသဘော ဆောင်ရွက်ချက် မျိုးစေ့များ စိုက်ပျိုးပါက နောင်ဘဝများတွင် ပျော်ရွှင်မှုကို ကြုံရပါမည်။ စိတ်ရောကိုယ်ပါ ကံကောင်းသည့် အခြေအနေများ ရရှိပါမည်။ အပျက်သဘော ပြုမူမှုများကို ရှောင်ရှားပြီး အပြုသဘောကို ပွားများစေရေး ဆိုသည့် ဤအခြေခံ တရားဓမ္မကို ဗုဒ္ဓဘာသာတွင်သာမက ခရစ်ယာန်ဘာသာအပါအဝင် အခြားဘာသာတရား များတွင်လည်း ဖော်ပြထားပါသည်။
သေခြင်းတရားနှင့် မမြဲခြင်းအကြောင်းကို မည်ကဲ့သို့ စဉ်းစားတွေးတော ရမည်နည်း။ စောစောက ပြောခဲ့သလိုပင် ‘‘ငါသေရလိမ့်မည်’’ ဟု တွေးရုံမျှနှင့် သိပ်အကျိုးမရှိလှပါ။ ‘‘အပျက်သဘော ဆောင်ရွက်ချက် ဆယ်ခုအနက်မှ တစ်ခုခု ကျူးလွန်ထားပါက သေခါနီးအချိန်တွင် ကြောက်ရွံ့မှု၊ ဆင်းရဲဒုက္ခများစွာနှင့် ရင်ဆိုင်ရလိမ့်မည်။ ထိုအခါ ဆိုးရွားလှသော အခြေအနေတွင် ပြန်လည်မွေးဖွားရလိမ့်မည်။ တစ်ဖက်တွင်မူ အသက်ရှင်စဉ် အပြုသဘောအားများ (ကုသိုလ်) ပြုထားပါက သေခါနီးအချိန်တွင် ကြောက်ရွံ့မှု၊ ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်ရမည် မဟုတ်ပါ။ ပိုပြီး ကံကောင်းသော အခြေအနေတွင် ပြန်လည်မွေးဖွားရလိမ့်မည်။’’ ဟူ၍ တွေးရန်လိုပါသည်။ သို့မှသာ သေခြင်းတရားကို မှန်ကန်စွာ တွေးတောစဉ်းစားခြင်း ဖြစ်ပါသည်။
ဤသို့ တရားရှုမှတ်မှုသည် ‘‘ငါသေရမည် ဖြစ်သည့်အတွက် ဒါကို ဘာမှလုပ်၍ မရပါ’’ ဆိုပြီး စိတ်ပျက်ဖွယ် အဆိုးမြင်သော အတွေး ဖြစ်ရန် မလိုပါ။ သေခါနီးအချိန်တွင် ဘာဖြစ်လာမည်ကို တွေးရန်သာ လိုပါသည်။ ‘‘သေပြီးတဲ့နောက် ငါဘယ်ကို သွားရမလဲ။ ဘယ်လို အကြောင်းတရားတွေ ငါဖန်တီးထားသလဲ။ ငါ့ရဲ့သေခြင်းက ပျော်ရွှင်ဖွယ် ဖြစ်လာနိုင်မလား။ ဘယ်လိုပုံစံနဲ့လဲ။ နောင်ဘဝမှာ ပျော်ရွှင်နိုင်မလား။ ဘယ်လိုပုံစံနဲ့လဲ။’’ ဟူ၍ တွေးရပါမည်။
နောင်ဘဝ ပြန်လည်မွေးဖွားမှုကို စဉ်းစားသောအခါ သံသရာဟူသည် စိတ်ချရသော နေရာမဟုတ်ကြောင်း သတိပြုရန် လိုပါသည်။ မည်သည့်ခန္ဓာကို ရရှိသည်ဖြစ်စေ နောက်ဆုံးတွင် ကွယ်လွန်ရပါမည်။ ရာဇဝင်တွင် နှစ်ပေါင်းရာထောင်ချီပြီး ရှင်သန်ခဲ့သူများအကြောင်း ဖတ်ရပါသည်။ သို့သော် ထိုအကြောင်းရပ်များက တကယ်ပင် စိတ်ဝင်စားဖွယ် ကောင်းသော်လည်း နောက်ဆုံးတွင် မသေဘဲကျန်ခဲ့သူ မရှိပါ။ သံသရာတွင် ရရှိသည့် ခန္ဓာတိုင်း သေခြင်းတရားနှင့် သက်ဆိုင်ပါသည်။
သေခြင်းတရားမှ လွတ်မြောက်ရန်အတွက် သွားနိုင်မည့်နေရာဟူ၍လည်း မရှိပါ။ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အချိန်ကျပါက သေဆုံးရပါမည်။ ဆေးဝါး၊ ဂါထာမန္တရား၊ ကျင့်ကြံမှု မည်မျှရှိသည်ဖြစ်စေ မကူညီနိုင်ပါ။ ခွဲစိတ်ကုသမှုများက ခန္ဓာကိုယ်ထဲမှ ရောဂါအချို့ကို ကုသနိုင်သော်လည်း သေဆုံးခြင်းကို ကာကွယ်နိုင်သောနည်း မရှိပါ။
မည်သည့် ပြန်လည်မွေးဖွားမှုမျိုးမဆို သေဆုံးခြင်းနှင့် သက်ဆိုင်ပါသည်။ ဤဖြစ်စဉ်က ရပ်တန့်မသွားပါ။ မိမိအပြုအမူများ၏ ရေရှည် သက်ရောက်မှု၊ မွေးဖွားမှု၊ ရှင်သန်မှု၊ သေဆုံးမှုနှင့် ပြန်လည်မွေးဖွားမှုတို့သည် အဆက်မပြတ်မှုတို့ကို စဉ်းစားတွေးတောခြင်းဖြင့် ကောင်းသောကံများ ရရှိစေပါလိမ့်မည်။
ဓမ္မကို ကျင့်ကြံရန် တစ်ခါတစ်ရံ စီစဉ်ထားသော်လည်း မနက်ဖြန် သို့မဟုတ် သန်ဘက်ခါအတွက် စီစဉ်လေ့ရှိပါသည်။ သို့သော် ဘယ်အချိန်သေမည်ကို မည်သူမျှ မသိပါ။ အသက်ရှင်ရန် နှစ်ပေါင်းတစ်ရာ ကျိန်းသေနေရမည်ဟု အာမခံချက် ရှိပါက မိမိ၏ ကျင့်ကြံမှုအတွက် စီစဉ်ရန် အချိန်များစွာ ရှိပါမည်။ သို့သော် ဘယ်အချိန်သေမည်ကို စိုးစဉ်းမျှ အသေအချာ မသိပါ။ ကျင့်ကြံမှုကို ရွှေ့ဆိုင်းခြင်းမှာ မိုက်မဲရာရောက်ပါသည်။ အချို့မှာ မမွေးမီ အမိဝမ်းထဲကပင် သေဆုံးနေပါသည်။ အချို့ကလည်း လမ်းပင် မလျှောက်တတ်သေးခင် ငယ်ငယ်လေးနှင့် သေကြသည်။ မိမိတို့လည်း အသက်ရှည်ကြာ နေရမည်ဟု မဆိုနိုင်ပါ။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှာ အလွန်နုနယ်ပါသည်။ အကယ်၍သာ ကျောက်၊ သံတို့ဖြင့် ပြုလုပ်ထားပါက ခန္ဓာကိုယ်သည် ခိုင်မြဲမှုအချို့ ခံစားရစေနိုင်ပါသည်။ သို့သော် လူသားခန္ဓာကိုယ်အား လေ့လာကြည့်ပါက အလွန်အားနည်းသည်ကို တွေ့ရပါမည်။ တစ်ခုခု အမှားအယွင်းဖြစ်သွားရန် အလွန်လွယ်ကူပါသည်။ ထိခိုက်လွယ်သော အစိတ်အပိုင်းများစွာဖြင့် ပြုလုပ်ထားသည့် နုနယ်သော လက်ပတ်နာရီတစ်လုံးနှင့် တူပါသည်။ စိတ်ချလက်ချထား၍ မရပါ။ အစာအဆိပ်သင့်ခြင်း၊ အင်းငယ်ဆက်များ ကိုက်ခြင်း သို့မဟုတ် အဆိပ်ရှိသော ဆူးတစ်ချောင်း စူးမိခြင်းစသည်ဖြင့် သေဆုံးစေနိုင်သော အခြေအနေများစွာ ရှိပါသည်။ အဆိုပါ အခြေအနေလေးများက ကျွန်ုပ်တို့ကို သေစေနိုင်ပါသည်။ အသက်ရှည်စေသည့် အစားအသောက်နှင့် အရည်တို့က အသက်သေစေသည့် အခြေအနေများ ဖြစ်လာနိုင်ပါသည်။ ဘယ်အချိန် သေရမည်၊ ဘယ်အခြေအနေမှာ သေရမည်ကို သေချာရေရာစွာ မသိရှိနိုင်ပါ။
နှစ်ပေါင်းတစ်ရာ နေရမည်ဟု သေချာလျှင်ပင် ထိုသက်တမ်း၏ နှစ်များစွာကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ကာ ဘာမှမဆောင်ရွက်ခဲ့ရသေးပါ။ မီးရထားတွဲထဲတွင် အိပ်ပျော်နေသူကဲ့သို့ သေခြင်းတရားကို ချဉ်းကပ်ခဲ့ပြီး သွားရမည့်နေရာနျင့် မပြတ် ပိုမို နီးကပ်လာသည့်တိုင် ဖြစ်စဉ်ကို သဘောမပေါက်သေးပါ။ ဤဖြစ်စဉ်ကို ရပ်တန့်ရန် ဘာမှမလုပ်နိုင်ပါ။ သေခြင်းတရားနှင့် ပို၍သာ နီးကပ်လာပါသည်။
အသက်ရှင်စဉ် ငွေကြေး၊ ကျောက်မျက်ရတနာ၊ နေအိမ်၊ အဝတ်အထည် မည်မျှရှိသည်ဖြစ်စေ သေဆုံးချိန်၌ ဘာမဆို မကယ်နိုင်တော့ပါ။ သေဆုံးသောအခါ လက်ချည်းဗလာ သွားကြရပါမည်။ အသေးငယ်ဆုံး အရာဝတ္ထုကိုပင် ယူသွား၍မရပါ။ ခန္ဓာကိုယ်ကြီးကိုပင် ထားခဲ့ရပါမည်။ စိတ်နှင့် ခန္ဓာ ကွဲပြားပြီး စိတ်အစဉ်ကသာ ဆက်သွားပါသည်။ ပိုင်ဆိုင်မှုကို ယူသွား၍ မရရုံသာမက ခန္ဓာကိုယ်ကိုလည်း ယူသွား၍ မရနိုင်ပါ။
ကံအကြောင်း
သေဆုံးပြီးနောက် သိစိတ်နှင့်အတူ ဘာပါသွားပါသနည်း။ ခန္ဓာကိုယ်၊ သူငယချင်းများ၊ ပိုင်ဆိုင်မှုများ အားလုံးကို ထားခဲ့ရပါက နောင်ဘဝအထိ ကျွန်ုပ်တို့၏ သိစိတ်နှင့်အတူ အကူအညီ တစ်ခုခု လိုက်ပါသွားပါသလား။
သေဆုံးပြီးနောက် သိစိတ်နှင့်အတူ လိုက်ပါသွားသောအရာအချို့ ရှိပါသည်။ ဤဘဝ၌ တည်ဆောက်ခဲ့သော ကံအကျိုးဆက် (မျိုးစေ့များ) ဖြစ်ပါသည်။ အပျက်သဘော အဆိုးကံ ၁၀ မျိုး ကျူးလွန်ထားပါက နောင်ဘဝ ပြန်လည်မွေးဖွားရာတွင် ကျွန်ုပ်တို့၏ စိတ်အစဉ်နှင့်အတူ အဆိုးကံများ သို့မဟုတ် ကံကြွေးများ လိုက်ပါသွားလိမ့်မည်။ သူတစ်ပါးအသက် သတ်ဖြတ်ခြင်း၊ သူတစ်ပါးဥစ္စာ ခိုးယူခြင်း၊ မှားယွင်းသော လိင်မှုကိစ္စ လွန်ကျူးခြင်းတို့ ပြုလုပ်ပါက ထိုအပျက်သဘော အဆိုး ကာယကံများကို စိတ်အစဉ်တွင် ထားရှိလိုက်ပါသည်။ လိမ်ညာခြင်း၊ အခြားသူများကို အမနာပ ပြောခြင်း၊ အချင်းချင်း သွေးခွဲခြင်း၊ အခြားသူများကို နှုတ်ဖြင့် အန္တရာယ်ပြုခြင်း၊ အဓိပ္ပာယ်မဲ့ ပြောဆိုခြင်းတို့ ပြုလုပ်ပါက ထိုအပျက်သဘော အဆိုး ဝစီကံများက သေပြီးနောက် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာပါမည်။ လိုချင်သောစိတ်များ ရှိပါက၊ တစ်ခါတစ်ရံ အခြားသူများ၏ပိုင်ဆိုင်မှုကို ရယူလိုလျှင်ဖြစ်စေ၊ အခြားသူများကို သူတို့အန္တရာယ် ဖြစ်ပါစေ၊ သူတို့ မကောင်းတာ တစ်ခုခုဖြစ်ပါစေဟု မကောင်းသောစိတ် ထားလျှင်ဖြစ်စေ၊ ‘‘အတိတ်ဘဝ၊ အနာဂတ်ဘဝ ဆိုတာ မရှိပါဘူး’’၊ ‘‘အကြောင်းအကျိုးဆိုတာမျိုးက မရှိပါဘူး’’ စသည်ဖြင့် ရန်ငြိုးဖြင့် တစ်ဖက်စောင်းနင်း တွေးပါက ထိုအဆိုး မနောကံများသည် အဆိုးကံအနေနှင့် လိုက်ပါကာ အနာဂတ်ဘဝအထိ ကျွန်ုပ်တို့စိတ်ထဲ ဦးတည်သွားပါသည်။
အပြန်အလှန်အားဖြင့်လည်း မှန်ကန်ပါသည်။ ကောင်းသောကံများ ဆောင်ရွက်ထားပြီး အပျက်သဘော မဖန်တီးမိအောင် ရှောင်ရှားပါက ထိုအကောင်းကံ အမွေအနှစ်များက ကျွန်ုပ်တို့၏ စိတ်အစဉ်နှင့် လိုက်ပါက နောင်ဘဝ အခြေအနေကောင်းများ ဖန်တီးပေးပါလိမ့်မည်။
မိမိရောက်ရှိနေသည့် အခြေအနေကို သေချာတွေးကြည့်ပါက အကောင်းကံများ ဖော်ထုတ်ပြီး ဆန့်ကျင်ဘက်ကံများ ဖယ်ရှားရန် နည်းလမ်းများစွာဖြင့် စိတ်ပိုင်းဖြတ်ပြီး ကြိုးစားကြရပါမည်။ အပျက်သဘောများ တတ်နိုင်သလောက် မရှိအောင် ဖယ်ရှားရန်၊ နောင်ဘဝတွင် ပြန်လည်ပေးဆပ်ရန် ကံကြွေး အသေးအဖွဲမျှပင် မကျန်ရှိစေရန် ကြိုးစားရပါမည်။
အကြောင်းအကျိုး နိယာမအရ မည်သည့် တန်ပြန်သက်ရောက်မှုမျိုး ဖြစ်နိုင်သည်ကို လေ့လာရန် လိုပါသည်။ အရည်အသွေးကောင်းများစွာ ရှိထားသော်လည်း စကားပြော ကြမ်းတမ်းသူ တစ်ယောက်အကြောင်း မှတ်သားဖူးပါသည်။ ‘‘အသင်က ခွေးလိုပြောတာပဲ’’ ဟု အခြားလူကို စော်ကားသည်။ အကျိုးဆက်မှာ သူကိုယ်တိုင် ခွေးအဖြစ် အကြိမ်ငါးရာတိုင် ပြန်လည်မွေးဖွားလေ၏။ မပြောပလောက်သော ဆောင်ရွက်ချက် တစ်ခုက ကြီးမားလှသော ရလဒ်ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့အတူ မပြောပလောက်သော အကောင်းကံတစ်ခုသည် ရလဒ်ကြီးတစ်ခု ဖြစ်ပေါ်စေနိုင်ပါသည်။ ဘုရားရှင်အား မကြီးကျယ်လှသော ဆွမ်းကလေး လှူခဲ့ဖူးသူ ကလေးငယ် တစ်ယောက်အကြောင်း မှတ်သားဖူးပါသည်။ အကျိုးဆက်အဖြစ် သူသည် အသောက ဘုရင်ကြီးအဖြစ် ပြန်လည်မွေးဖွားသည်။ ဗုဒ္ဓဘာသာ အထိမ်းအမှတ် ကျောက်တိုင်များ ထောင်နှင့်ချီပြီး တည်ဆောက်ကာ အားတက်ဖွယ်ရာ အမှုကိစ္စများစွာ ဆောင်ရွက်ခဲ့ပါသည်။
စွန့်ပယ်ခြင်းနှင့် ကရုဏာ
မိမိကျူးလွန်ခဲ့သည့် အပျက်သဘော ဆောင်ရွက်ချက် အမျိုးမျိုးနှင့် ယင်းတို့၏ အကျိုးဆက်များကို တွေးတောခြင်းမှာ ကျွန်ုပ်တို့၏ စိတ်ချမ်းသာပျော်ရွှင်မှု ရရှိစေမည့် အလွန်ထိရောက်သောနည်းလမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခကို တွေးကြည့်ပါက မိမိ၏ အပျက်သဘောကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ကို ကြုံတွေ့ရပြီး ဤသို့သော ဆင်းရဲမှုမျိုး မကြုံတွေ့စေရန် ခိုင်မာသောစိတ်ဆန္ဒ ဖြစ်ပေါ်လာမည်ဆိုလျှင် ‘‘စွန့်ပယ်ခြင်း’’ ဆိုသည့်အရာကို ရရှိရန်လိုပါသည်။
ဤသို့သောအတွေးမျိုးနှင့် ရင်းနှီးလာပါက တရားရှုမှတ်မှုတစ်မျိုးပင် ဖြစ်ပါသည်။ ပထမဦးစွာ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခကြုံရမှုကို သတိရှိလာရပါမည်။ ထို့နောက် ဤသတိရှိမှုကို သက်ရှိအားလုံးအပေါ်သို့ ဖြန့်လိုက်ရန် လိုပါသည်။ သက်ရှိအားလုံး မည်သည့် ဆင်းရဲဒုက္ခမျှ မကြုံတွေ့လိုကြောင်း၊ သို့သော် ဆင်းရဲဒုက္ခနွံထဲတွင် နစ်နေကြောင်း တွေးကြည့်ပါ။ ဤသို့တွေးပါက ကရုဏာ ဖြစ်ပေါ်စေပါသည်။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခမှ လွန်မြောက်လိုစိတ် မရှိပါက အခြားသူများကိုလည်း သူတို့၏ဆင်းရဲဒုက္ခမှ လွန်မြောက်အောင် မည်သို့လျှင် ဆန္ဒရှိပေးနိုင်ပါမည်နည်း။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခအားလုံး အဆုံးသတ်နိုင်သော်လည်း ဤသည်မှာ အဆုံးစွန် အကျိုးမပြုသေးပါ။ ဤစိတ်ဆန္ဒကို ပျော်ရွှင်မှု အလိုရှိကြသော သက်ရှိအားလုံးအပေါ်သို့လည်း ပို့လွှတ်ရန် လိုပါသည်။ စိတ်ကို လေ့ကျင့်ပေးကာ အားလုံးကို ဆင်းရဲဒုက္ခမှ လုံးဝလွတ်မြောက်စေလိုသော စိတ် ထားရှိနိုင်ပါသည်။ ဤသည်မှာ ပိုမိုကျယ်ပြန့်ပြီး ပိုမိုအကျိုးပြုသော တွေးတောနည်း ဖြစ်ပါသည်။
အခြားသော သက်ရှိများအတွက် ဘာကြောင့်အလေးထားရန် လိုပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် အခြားသူများထံမှ များစွာလက်ခံရရှိထားသောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ ကျွန်ုပ်တို့ သောက်နေသောနွားနို့သည် ကျွဲ၊ နွားများ၏ ချစ်ခင်ကြင်နာမှုမှလည်းကောင်း၊ လေဒဏ်၊ အအေးဒဏ်မှ ကာကွယ်ပေးသော အနွေးထည်များသည် သိုး၊ ဆိတ်တို့၏ အမွေးမှလည်းကောင်း စသည်ဖြင့် ပေါ်ထွက်လာပါသည်။ ဤသည်မှာ ၎င်းတို့၏ဆင်းရဲဒုက္ခကို ဖယ်ရှားပေးနိုင်သောနည်းလမ်း ကြိုးစားရှာဖွေရန် ဘာကြောင့်လိုအပ်သည်ဆိုသည့် နမူနာအချို့သာ ဖြစ်ပါသည်။
မန္တရား ရွတ်ဖတ်မှု သို့မဟုတ် တရားရှုမှတ်မှုတစ်ခုခု စသည်ဖြင့် မည်သည့်ကျင့်ကြံမှုမျိုးကို ပြုလုပ်သည်ဖြစ်စေ ‘‘ဤသို့ပြုရသောကြောင့် အကန့်အသတ်ခံနေရသော သတ္တဝါအားလုံးကို အကျိုးပြုနိုင်ရပါလို၏’’ ဆိုသောအတွေးကို အမြဲထားရှိရပါမည်။ ထိုအခါ မိမိကိုလည်း အလိုလို အကျိုးရှိစေမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သာမန်ဘဝ အခြေအနေများက ဤအချက်ကို တန်ဖိုးထားမှု ပေးအပ်ပါသည်။ ဥပမာ၊ တစ်စုံတစ်ယောက်သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အကျိုးအတွက်သာ အမြဲ ဆောင်ရွက်ပါက အခြားသူများက သူ့ကိုလုံးဝနှစ်သက်မည် မဟုတ်ပါ။ တစ်ဖက်တွင်မူ တစ်စုံတစ်ယောက်သည် ကြင်နာမှုရှိပြိး အခြားသူများကို ကူညိရန် အမြဲထည့်စဉ်းစားပါက လူတိုင်း၏ နှစ်သက်မှု ရရှိပါမည်။
ကျွန်ုပ်တို့၏ စိတ်အစဉ်တွင် ထားရှိရမည့် အတွေးမှာ ‘‘လူတိုင်းပျော်ရွှင်ပြီး မည်သူမျှ ဆင်းရဲဒုက္ခ မရောက်ပါစေနှင့်’’ ဟူ၍ဖြစ်ပါသည်။ ယင်းကို အထပ်ထပ် ပြန်သတိပေးကာ မိမိ၏အတွေးထဲတွင် ပေါင်းစည်းထားရပါမည်။ ထိုအခါ အလွန်ပင် အကျိုးရှိနိုင်ပါ၏။ အတိတ်က ဤသို့သော အတွေးမျိုး ထားရှိခဲ့သူများသည် ယခုအခါ ဘုရား၊ ဘုရားလောင်း၊ သူတော်စင် ဖြစ်နေကြပါပြီ။ လောကတွင် အမှန်ပင် ကြီးကျယ် မြင့်မြတ်သော ယောက်ျား၊ မိန်းမအားလုံးသည် ထိုအချက်ပေါ်တွင် အခြေခံကြပါသည်။ ကျွန်ုပ်တို့လည်း ထိုအတွေးမျိုး ထားရှိနိုင်လျှင် ကောင်းလေစွ။
မိမိချစ်ခင်သူများကို ကာကွယ်ရန် အခြားသူများကို အန္တရာယ်ပေးမိသည့် ကံ
တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို အန္တရာယ်ပြုရန် ကြိုးစားသောအခါ မိမိကိုယ်ကို မကာကွယ်ရန် အကြံပြုထားပါသလား။
ဤမေးခွန်းသည် အလွန်ကျယ်ပြန့်သော ကိစ္စ ဖြစ်ပါသည်။ တစ်ယောက်ယောက်က သင့်ခေါင်းကို တင်းပုတ် သို့မဟုတ် တုတ်ဖြင့်ရိုက်ပါက အကောင်းဆုံး တုံ့ပြန်မှုမှာ သင့်အတိတ်က အဆိုးကံပြုခဲ့မှုများကြောင့် ဤသို့ကြုံတွေ့ရသည်ဟု ရှုမှတ်ရန် ဖြစ်ပါသည်။ ဤကံအကျိုးဆက်တစ်ခုကို အနာဂတ် တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယခုအချိန်တွင် ဤပုဂ္ဂိုလ်က ရင့်ကျက်စေပုံကို တွေးကြည့်ပါ။ သင့်စိတ်အစဉ်မှ ဤအဆိုးကံကြွေးကို သူကဖယ်ရှားပေးသည့်အတွက် ကျေးဇူးတင်မိရန် လိုပါသည်။
တစ်စုံတစ်ယောက်က ကျွန်ုပ်ကာကွယ် စောင့်ရှောက်ထားသည့် ကျွန်ုပ်၏ဇနီး သို့မဟုတ် သားသမီးကို တိုက်ခိုက်လာလျှင် ဘာလုပ်ရမလဲ။ သူတို့ကို ခုခံရမလား။ ထိုသို့ပြုပါက အဆိုးကံ ဖြစ်မည်လား။
သင့်ဇနီးနှင့် သားသမီးကို ကာကွယ်ရန်မှာ သင့်တာဝန်ဝတ္တရား ဖြစ်သည့်အတွက် ထိုသို့ တတ်နိုင်သလောက် ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်ရပါမည်။ ထက်မြက်ရန် လိုပါသည်။ တိုက်ခိုက်သူကို အန္တရာယ်မပေးဘဲ ကာကွယ်ရန်မှာ အကောင်းဆုံး ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မည်သည့်အန္တရာယ်မျှ မကျရောက်စေဘဲ သူတို့ကို ကာကွယ်ရန်နည်းလမ်းကို ရှာဖွေရန် လိုပါသည်။
သူက ကျွန်ုပ်၏ သားသမီးများကို အန္တရာယ် ပေးနိုင်သော်လည်း ကျွန်ုပ်က အန္တရာယ် မပေးနိုင်ပါ။ ကျွန်ုပ်တို့သားသမီးများကို ကြမ်းတမ်းဆိုးရွားသော ပြုမူမှုများ မဖြစ်အောင် ခုခံရန်မှာ ကျွန်ုပ်တို့၏တာဝန် မဟုတ်ဘူးလား။ သူတို့အသက်ကို စတေးခံလိုက်ရမည်လား။
ဤအခြေအနေကို ကျွမ်းကျင်စွာ ကိုင်တွယ်ရန်အတွက် သင့်မှာရဲစွမ်းသတ္တိရှိရန် လိုပါသည်။ ဘုရားရှင်၏ ဘဝဟောင်း တစ်ခုတွင် လူငါးရာကို ဦးဆောင်ပြီး ပျောက်ဆုံးနေသော ရတနာများ ရှာဖွေသည့် ပင်လယ်ရေကြောင်း သွားလာသူ ဖြစ်ခဲ့ပါသည်။ ထိုအဖွဲ့ထဲမှ တစ်ယောက်သည် အလွန်လောဘကြီးပြီး ကျောက်သံပတ္တမြားတို့ကို တစ်ယောက်တည်း ခိုးယူရန်အတွက် အဖွဲ့သား ငါးရာကို သတ်ဖြတ်ရန် ကြံစည်ခဲ့ပါသည်။ ဘုရားလောင်း (ဘဝဟောင်းက စကြမုနိဗုဒ္ဓမြတ်စွာ) က ထိုအချက်ကို သတိပြုမိပြီး ထိုအခြေအနေကို လွှတ်ထားပေးလျှင် လူတစ်ဦးက လူငါးရာကို သတ်မည်ဖြစ်သည့်အတွက် မမှန်ကန်ကြောင်း သိရှိပါသည်။ ထို့ကြောင့် ဤလူတစ်ယောက်ကို သတ်ပြီး လူငါးရာကို ကယ်တင်ရန် အလွန် ရဲရင့်သောအတွေးမျိုး ရှိခဲ့သည်။ ထိုသို့သတ်ဖြတ်သည့်အတွက် ကိုယ်တိုင် အပြည့်အဝ တာဝန်ယူလိုစိတ်လည်း ရှိပါသည်။ အခြားသူများကို ကယ်တင်သည့်အတွက် ငရဲတွင် ပြန်လည်မွေးဖွားရမည်ကို လက်ခံလိုစိတ် ရှိပါက သင့်မှာ အလွန်သတ္တိရှိသော အတွေး ရှိနေပါပြိ။ ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ထိုသို့ပြုခဲ့သလို သင်က ဆောင်ရွက်နိုင်ပါသည်။
ဤအခြေအနေမျိုးတွင် သတ်ဖြတ်ခြင်းသည် အဆိုးကံဟု ယူဆဦးမလား။
နာဂဇုန က သူ၏ သူငယ်ချင်းသို့ပေးစာ တွင် ရေးသားထားသည်မှာ တစ်စုံတစ်ယောက်သည် မိမိ၏ မိဘ၊ သားသမီး၊ ဗုဒ္ဓဘာသာ၊ ရတနာသုံးပါးတို့ကို ကာကွယ်ရန် အလို့ငှာ အပျက်သဘော ကျူးလွန်ပါက ထိုသူသည် အကျိုးဆက်များ ကြုံတွေ့ရပါမည်။ ခြားနားချက်မှာ ထိုအကျိုးဆက်များကို သင်က သတိပြုမိခြင်း ရှိ၊ မရှိနှင့် သင့်ဇနီး၊ သားသမီးကို ကိုယ်ကျိုးမငဲ့ဘဲ ကာကွယ်ရန် သင့်ကိုယ်သင် တာဝန်ယူလိုစိတ် ရှိ၊ မရှိ ပေါ်တွင် မူတည်ပါသည်။ ရန်သူကို သင်အန္တရာယ် ပြုပါက ဆင်းရဲဒုက္ခဖြင့် ပြန်လည်မွေးဖွားမှုကို သင့်ကြုံတွေ့ရပါမည်။ သို့သော် ‘‘ထိုဆင်းရဲဒုက္ခကို ငါကိုယ်တိုင် ခံယူပြီး ငါ့ဇနီး၊ သားသမီးတို့ မခံစားစေရ’’ ဆိုသည့် အတွေးမျိုးဖြင့် ရင်ဆိုင်လိုစိတ် ရှိရန်လိုပါသည်။
ထိုအခါ ဗုဒ္ဓဘာသာတွင် အဆိုးကံ ဖြစ်နေဦးမည်လား။
သင့်ဇနီး၊ သားသမီးကို ကာကွယ်ခြင်းသည် အပြုသဘော ဆောင်ရွက်ချက် ဖြစ်သော်လည်း ရန်သူကို အန္တရာယ်ပြုခြင်းမှာ အပျက်သဘော ဖြစ်ပါသည်။ နှစ်ခုစလုံး၏ အကျိုးဆက်ကို လက်ခံလိုစိတ် ရှိရပါမည်။
တစ်စုံတစ်ယောက်သည် အဆိုးကံ ပြုမိပါက အနာဂတ်တွင် ဆင်းရဲဒုက္ခ ကြုံလိမ့်မည်။ အကောင်းကံ ပြုပါက ပျော်ရွှင်ရလိမ့်မည်ဟု ဆိုခဲ့ပါသည်။ ထိုအကောင်းကံများက ပြန်လည်မွေးဖွားမှု မဖြစ်အောင် အလုံးစုံ ကယ်တင်ခြင်း ဖြစ်စေမည်လား။
ကယ်တင်ခြင်း ရရှိလိုပါက တရားတော်များကို အပြည့်အဝ တိကျစွာ လိုက်နာရပါမည်။ ဥပမာ၊ ခရစ်ယာန် လမ်းကြောင်းအတိုင်း သွားပါက ခရစ်တော်၏ တရားများကို ပြီးပြည့်စုံစွာ လိုက်နာရမည်။ ထိုအခါ ခရစ်ယာန်ဘာသာ၏ ကယ်တင်ခြင်း ဖြစ်နိုင်ပါသည်။ သခင်ယေရှုတစ်ဦးတည်းက ကျွန်ုပ်တို့၏ အပြစ်များမှ ကင်းလွတ်အောင် ကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ ကိုယ်တိုင် ကယ်တင်ရပါသည်။ ထိုသို့မဟုတ်ပါက အပြစ်မလုပ်ရန် ယေရှုသည် ဘာကြောင့် ပြောထားပါသနည်း။ ယေရှုသင်ကြားသည့်အတိုင်း မှန်ကန်စွာ လိုက်နာပါက ခရစ်ယာန်ဘာသာ၏ ကယ်တင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆပါသည်။ ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို မှန်ကန်စွာ လိုက်နာပါက ဗုဒ္ဓဘာသာ၏ ‘‘လွတ်မြောက်ခြင်း’’ သည် ဖြစ်နိုင်ပါသည်။