အခြားသူများအပေါ် အပြုသဘောဖြင့် လွှမ်းမိုးနည်း

အခြားသူများက ကျွန်ုပ်တို့ကို ပွင့်လင်းပြီး လက်ခံနိုင်မှသာ သူတို့ကိုပိုပြီးအပြုသဘောဆောင်သော ဘဝဖြင့် နေထိုင်အောင် ကျွန်ုပ်တို့က ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့ဆုံတွေ့ရသူအချို့မှာ သဘာဝအလျှောက် ပွင့်လင်းပြီး အချို့မှာ သဘာဝအရ ဆွဲဆောင်မှု ရှိနိုင်ပါသည်။ သို့သော် ထိုသို့မဟုတ်လျှင် ကျွန်ုပ်တို့သည် ရက်ရောပြီး နှစ်လိုဖွယ် အမူအရာဖြင့် အကြံဉာဏ်ပေးခြင်း၊ ယင်းကိုမည်ကဲ့သို့ လက်တွေ့အသုံးချရမည်ဟု ရှင်းလင်းစွာ ပြသခြင်း၊ အကြံပေးထားသည်ကို စံနမူနာပြ ကျင့်ကြံခြင်းတို့ ရှိပါက လူတို့သည် ကျွန်ုပ်တို့ထံစုရုံးလာပြီး ကျွန်ုပ်တို့၏ အပြုသဘော လွှမ်းမိုးမှုကို လက်ခံလာပါလိမ့်မည်။

ဉာဏ်အလင်းရရှိရေးကို ကြိုးစားနေသောအခါ အခြားသူများကို ကူညီနိုင်အောင် ဘုရားအဖြစ်သို့ရောက်ရှိရန် လိုအပ်သည့် အရည်အသွေးကောင်းအားလုံး ရင့်ကျက်လာစေမည့် သာမန်ထက်ထူးခြားသော သဘောထားခြောက်ရပ်ကို မွေးမြူရပါမည်။ သို့သော် အခြားသက်ရှိအားလုံးကိုလည်း သူတို့ကိုယ်ပိုင် အရည်အသွေးကောင်းများ ရရှိစေရန် ပထမဦးစွာ ကျွန်ုပ်တို့၏ အပြုသဘော လွှမ်းမိုးမှုကို စုစည်းရန်လိုပါသည်။ အဆင့်လေးဆင့်ဖြင့် ထိုသို့ထိရောက်စွာ ဆောင်ရွက်နိုင်ကြောင်း ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ ယင်းတို့မှာ-

၁။ ရက်ရောခြင်း

တတ်နိုင်လျှင် အခြားသူများအား ရက်ရောဖို့လိုပါသည်။ တစ်စုံတစ်ယောက် လာလည်သောအခါ သူတို့ကို အဆာပြေ စားစရာများ တည်ခင်းဧည့်ခံပါသည်။ အပြင်ထွက်ပြီး ထမင်းသွားစားသောအခါတွင် သူတို့ကို ကျွေးမွေးလိုစိတ်ရှိပြီး ကုန်ကျစရိတ် ရှင်းပေးချင်ရှင်းပေးနိုင်ပါသည်။ ရက်ရောခြင်း ဆိုသည်မှာ တစ်ယောက်ယောက်ကို တစ်ခုခုပေးခြင်းမျှသာ ဆိုလိုသည်မဟုတ်ပါ။ အမှန်တကယ် အရေးကြီးသည်မှာ မိမိအချိန်ကို ရက်ရောခြင်း ဖြစ်ပါသည်။ တစ်ယောက်ယောက် အကြောင်း သိရှိအောင် လေ့လာလိုခြင်း၊ သူတို့ပြဿနာများကို စစ်မှန်သော စိတ်ဝင်တစား အလေးထားမှုဖြင့် နားထောင်လိုခြင်း၊ သူတို့ဘဝကို အလေးအနက်ထားခြင်းတို့မှာ လျှော့မတွက်သင့်သော လက်ဆောင်ကောင်းတစ်ခု ဖြစ်ပါသည်။ ယင်းမှာ လူတို့ကို လူရာဝင်သည်ဟု ခံစားရစေပြီ သက်သာရာ ရစေနိုင်ပါသည်။ အကျိုးဆက်အားဖြင့် ကျွန်ုပ်တို့နှင့် ရှိရသည်ကို သူတို့က ပျော်ရွှင်ပြီး သက်သောင့်သက်သာ ရှိလာပါမည်။ ဤသည်မှာ မိမိ၏ အပြုသဘော လွှမ်းမိုးမှုကို လမ်းဖွင့်ပေးရန် ပထမအဆင့် ဖြစ်ပါသည်။

၂။ နှစ်လိုဖွယ် ဟန်အမူအရာဖြင့် ပြောဆိုခြင်း

လူတို့ကို ပိုမိုပွင့်လင်းလာစေရန်အတွက် သူတို့ကို ကြင်နာဖော်ရွေသော အမူအရာဖြင့် စကားပြောရန် လိုပါသည်။ ဆိုလိုသည်မှာ သူတို့နားလည်မည့် ပုံစံဖြင့် ပြောခြင်း၊ သူတို့ ဆက်စပ်၍ရနိုင်မည့် ဘာသာစကားမျိုး အသုံးပြုခြင်းနှင့် သူတို့စိတ်ဝင်စားသောပုံစံဖြင့် ပြောခြင်း ဖြစ်ပါသည်။ အခြေခံအားဖြင့် အခြားသူများက ကျွန်ုပ်တို့နှင့် သက်သောင့်သက်သာ ရှိလာအောင် ပြုလုပ်ရန် လိုပါသည်။ သူတို့ကို နေကောင်းလားဟုမေးပြီး သူတို့ဘဝတွင် ဖြစ်ပျက်နေသောအရာများကို စိတ်ဝင်စားမှုပြသနိုင်ပါသည်။ တစ်ယောက်ယောက်သည် ဘောလုံးပွဲ ဝါသနာပါလျှင် “ဒါဟာ မိုက်မဲတာပဲ။ အချိန်ကုန်တာပေါ့” ဟု မပြောရပါ။ ဤသည်မှာ အရေးကြီးသည့်အချက် ဖြစ်ပါသည်။ အကြောင်းမှာ ထိုသို့ပြောလိုက်လျှင် သူတို့က ကျွန်ုပ်တို့အား လက်ခံတော့မည် မဟုတ်ပါ။ သူတို့ကို အထင်သေးသည်ဟု ခံစားမိရုံသာ ရှိပါမည်။ ယနေ့ပွဲ ဘယ်အသင်းနိုင်သည်ကို အသေးစိတ် ပြောနေစရာမလိုဘဲ သူတို့လက်ခံနိုင်အောင် ထိုအကြောင်း အနည်းငယ် ပြောဆိုနိုင်ပါသည်။ အခြားသူများကို ကူညီလိုစိတ် ရှိပါက လူတိုင်းကို လည်းကောင်း၊ သူတို့၏ ဝါသနာကို လည်းကောင်း စိတ်ဝင်စားမှုရှိရန် အရေးကြီးပါသည်။ ဤသို့မပြုလုပ်နိုင်ပါက အခြားသူများကို လုံးဝ ဆက်စပ်နိုင်တော့မည် မဟုတ်ပါ။

တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို ပွင့်လင်းပြီး လက်ခံလာသည်နှင့် ကျွန်ုပ်တို့၏ နှစ်လိုဖွယ် စကားပြောပုံက ပိုပြီးအဓိပ္ပယ်ရှိသော ကိစ္စများဆီသို့ ဦးတည်နိုင်ပါသည်။ သင့်တော်သော အချိန်၊ သင့်တော်သော အခြေအနေများတွင် ဆီလျော်မှုရှိသော ဗုဒ္ဓဘာသာ တရားတော်များအကြောင်း ပြောနိုင်လျှင် ထိုသူအတွက် အထောက်အကူ ပြုပါမည်။ ထိုသို့ပြုလုပ်ရာမှ သူတို့အတွက် အကျိုးကျေးဇူးအချို့ ရရှိနိုင်ပုံကို သေချာထောက်ပြ ပြောဆိုရန် လိုပါသည်။

အကြံဉာဏ်ပေးသောအခါတွင် ကျွန်ုပ်တို့၏ အသံနေအသံထားက အလွန်အရေးပါပါသည်။ တိုက်တွန်းသော၊ နှိမ့်ချသော သို့မဟုတ် ဆရာလုပ်သောပုံစံ မဖြစ်အောင် ရှောင်ရှားရန်လိုပါသည်။ နှစ်လိုဖွယ် ပြောဆိုမှုဆိုသည်မှာ ထိုသို့ဆိုလိုပါသည်။ တစ်ဖက်လူက မလိုအပ်သော အကြံဉာဏ်ကို ထိတ်လန့်တုန်လှုပ်မှု မရှိဘဲ အလွယ်တကူ လက်ခံနိုင်စေမည့် ပုံစံဖြင့် ပြောဆိုရန် လိုပါသည်။ ထိုအတွက် အကြံဉာဏ်ပေးရန် သင့်တော်သောအချိန်နှင့် သင့်တော်သောနည်းကို သိရန်မှာ အလွန်အရိပ်အကဲသိပြီး ကျွမ်းကျင်ရန် လိုပါသည်။ အလွန်အားစိုက်ကာ အမြဲတမ်း လေးနက်ပြီး အဓိပ္ပာယ်ရှိသော စကားဝိုင်း ဖြစ်အောင် တိုက်တွန်းနေပါက လူတို့သည် ပျင်းရိလာပြီး ကျွန်ုပ်တို့ပြောသမျှကို လက်ခံတော့မည် မဟုတ်ပါ။ ထို့ကြောင့်လည်း စကားဝိုင်း အသံနေအသံထားကို ပေါ့ပါးအောင် တစ်ခါတစ်ရံ ဟာသနှောရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ထိုသူက ကျွန်ုပ်တို့အကြံပေးသည်ကို စတင်ခုခံလာသောအခါမျိုးတွင် ဖြစ်ပါသည်။

တစ်ယောက်ယောက်ကို တရားတစ်ခုခု ရှင်းပြသောအခါ နှစ်လိုဖွယ်ကောင်းပြီး အဓိပ္ပယ်ရှိသော ပုံစံဖြင့် ကြင်နာစွာ စကားပြောဆိုသည့် ရလဒ်ကြောင့် သူတို့သည် ကျွန်ုပ်တို့ အကြံပေးသည့် ရည်ရွယ်ချက်အတိုင်း ရရှိရေးကို စိတ်ဝင်စားလာပါသည်။ အကြောင်းမှာ ထိုအကြံဉာဏ်နှင့် ပတ်သက်၍ ၎င်း၏အကျိုးကျေးဇူးများကို သိရှိနားလည်ကာ ရှင်းလင်းပြီး ယုံကြည်မှု ရှိသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ထိုအကြံဉာဏ်ကို သူတို့တန်ဖိုးထားပါလိမ့်မည်။

၃။ အခြားသူများအား သူတို့၏ရည်မှန်းချက်သို့ရောက်အောင် တွန်းပို့ခြင်း

ဗုဒ္ဓဘာသာကို သီအိုရီအဆင့် ပြောပြရာတွင် အကြံဉာဏ်တစ်ခုမှ မချန်ထားခဲ့ရပါ။ တစ်ဖက်လူ၏ တစ်ဦးချင်း အခြေအနေအတိုင်း တရားတော်အား မည်ကဲ့သို့ အသုံးချရမည်ကို ရှင်းလင်းစွာ ရှင်းပြရန်လိုပါသည်။ ဤနည်းဖြင့် အခြားသူများက တရားတော်၏ ရည်ရွယ်ချက်များ ရရှိနိုင်အောင် ကျွန်ုပ်တို့အကြံဉာဏ်ကို ကျင့်ကြံဖို့ နှိုးဆွနိုင်ပါသည်။ ဘာကို အဆင့်ဆင့် အတိအကျ ဆောင်ရွက်ရမည် ဆိုသည့် တရားတော် အသုံးချပုံကို သူတို့က သိရှိလာမှသာ ကြိုးစားကြည့်ရန် စိတ်အားထက်သန်လာပါလိမ့်မည်။

တရားတော်များကို သူတို့ဘဝတွင် အသုံးချအောင် တိုက်တွန်းရာတွင် သူတို့အတွက် ပိုမိုလွယ်ကူစေမည့် အခြေအနေများ ကြိုးစားဖန်တီးပေးရပါသည်။ ဆိုလိုသည်မှာ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိသူတို့အတွက် အစတွင် အရာရာအဆင်ပြေအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပိုပြီးရှုပ်ထွေးကာ အဆင့်မြင့် နည်းစနစ်များသို့ သူတို့ကို တဖြည်းဖြည်းချင်းသာ တွဲခေါ်သွားနိုင်ပါသည်။ ထိုအခါ ထိုနည်းစနစ်များကို စွဲမြဲစွာဖြင့် ဆက်လက်ကျင့်ကြံရန် သူတို့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါသည်။ သူတို့၏လက်ရှိအဆင့်ထက် ကျော်သော တရားအချို့ကို အသုံးမချရန်လည်း သူတို့အား မတိုက်တွန်းရပါ။

၄။ ဤရည်ရွယ်ချက်များအတိုင်း တစ်ပုံစံတည်းရှိခြင်း

စိတ်ပျက်စရာကောင်းသည့် အချက်တစ်ချက်မှာ မိမိအကြံပေးနေသူ တစ်ယောက်က မိမိအား လိမ်လည်သူလို မြင်သွားခြင်း ဖြစ်သည်။ တရားတော်များကို သူတို့ကျောခိုင်းမသွားအောင် ကျွန်ုပ်တို့က ကိုယ်တိုင်အကြံပေးသည့်အတိုင်း စံနမူနာပြ နေထိုင်ရန် လိုပါသည်။ ဥပမာ၊ တစ်ယောက်ယောက်အား ဒေါသကိုကျော်လွှားရန် ဗုဒ္ဓဘာသာ နည်းလမ်းများ သင်ကြားလိုသော်လည်း စားသောက်ဆိုင်တွင် မှာထားပြီး နာရီဝက်ကြာသည်အထိ ရောက်မလာသဖြင့် ဒေါသ ပေါက်ကွဲနေပါက သူတို့က ဗုဒ္ဓဘာသာ၏ ဒေါသတရား ထိန်းချုပ်မှုကို မည်သို့ထင်သွားမည်နည်း။ ထိုနည်းစနစ်များမှာ မထိရောက်ကြောင်း ထင်သွားပြီး စွန့်လွှတ်သွားပါမည်။ ထို့ပြင် ကျွန်ုပ်တို့ပေးလာမည့် နောက်ထပ် အကြံဉာဏ်များ ကိုလည်း ကျိန်းသေလက်မခံတော့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ပြုမူပုံသည် ကျွန်ုပ်တို့ သင်ကြားပုံနှင့် တစ်ပုံစံတည်း ဖြစ်ရပါမည်။ ထိုအခြေခံဖြင့်သာ အခြားသူများက ကျွန်ုပ်တို့ပြောသမျှကို ယုံကြည်ပါလိမ့်မည်။

ယခုအခါ ကျွန်ုပ်တို့သည် ဘုရားမဖြစ်သေးသောကြောင့် တစ်စုံတစ်ယောက်အတွက် အသင့်တော်ဆုံး စံပြုပုံစံကို မသိရှိနိုင်ပါ။ သို့သော် အတတ်နိုင်ဆုံး ကြိုးစားရပါသည်။ သူတော်ကောင်းယောင်ဆောင်သလို မဖြစ်စေရန်အတွက် မိမိကူညီလိုသူ တစ်ယောက်နှင့် ရှိနေသောအခါ တရားတော်အတိုင်း လိုက်နာသည်ဟု ပြသနေရုံကိုသာ မကဘဲ တစ်ကိုယ်တည်းဖြစ်စေ၊ မိသားစုနှင့် ဖြစ်စေ ရှိနေသောအခါတွင်လည်း ထိုအတိုင်းတင့်တယ်စွာ ပြုမူနေထိုင်ရပါသည်။ ဓမ္မ၏ ရည်ရွယ်ချက်များအတိုင်း တစ်ပုံစံတည်း ပြုမူခြင်းမှာ ရိုးသားသော အချိန်ပြည့်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

အကျဉ်းချုပ်

ဗုဒ္ဓဘာသာ တရားတော်များမှတစ်ဆင့် အခြားသူများကို ရင့်ကျက်မှုရှိအောင် ကူညီသည့် အဆင့်လေးဆင့်သည် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများတွင်သာ ဆီလျော်သည်မဟုတ်ဘဲ ကမ္ဘာပေါ်တွင် ဓမ္မတရားများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန်အတွက်လည်း ဆီလျော်မှုရှိပါသည်။

  • ရက်ရောခြင်း - တရားတော်များကို အခမဲ့ သင်ကြားပေးခြင်း
  • နှစ်လိုဖွယ် ဟန်အမူအရာဖြင့် ပြောဆိုခြင်း - တရားတော်များကို နားလည်လွယ်သော ဘာသာစကားဖြင့် စာအုပ်၊ ဝက်ဘ်ဆိုက်၊ အသံဖိုင်၊ ဗီဒီယို၊ လူမှုကွန်ရက် မီဒီယာ အစရှိသည်တို့မှတစ်ဆင့် ရရှိစေခြင်း
  • အခြားသူများအား သူတို့၏ရည်မှန်းချက်သို့ရောက်အောင် တွန်းပို့ခြင်း - အကြောင်းအရာကို အဆင့်ဆင့် မည်သို့ လေ့လာနှလုံးသွင်းကာ နေ့စဉ်ဘဝ၌ တရားတော်ကို မည်သို့အသုံးချရမည်ကို ရှင်းလင်းစွာ ဖော်ပြခြင်း
  • ဤရည်ရွယ်ချက်များအတိုင်း တစ်ပုံစံတည်းရှိခြင်း - ဓမ္မအဖွဲ့အစည်း ဆိုပါက ထိုအဖွဲ့အစည်း၏ ဆောင်ရွက်ပုံအတိုင်း သင်၏ဘဝတွင် နေထိုင်ပုံတွင် ဗုဒ္ဓဘာသာ စည်းကမ်းများကို စံနမူနာပြခြင်း။

ရိုးသားသော ပရဟိတစိတ်ဓာတ်ဖြင့် ပံ့ပိုးပါက ဤအဆင့်လေးဆင့်သည် ဉာဏ်အလင်းရရှိအောင် ဗောဓိစိတ္တ ရည်မှန်းချက် အပြည့်အဝ မဟုတ်သည့်တိုင် အခြားသူများအား ကျွန်ုပ်တို့၏ အပြုသဘော လွှမ်းမိုးမှုရှိစေရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်ပါသတည်း။

Top