သစ္စာလေးပါးနှင့်အညီ ဖွဲ့စည်းထားသော လမ်-ရင်း တရားတော်

စစ်မှန်သော သစ္စာလေးချက်

စကြမုနိဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဉာဏ်တော် ရရှိပြီးနောက် ကျွန်ုပ်တို့ကိုလည်း ထိုသို့သောအခြေအနေ ရရှိအောင် နည်းလမ်းများစွာ ဟောကြားတော်မူခဲ့ပါသည်။ အခြေခံနည်းလမ်းမှာ အကာအကွယ်နည်းများကို လိုက်နာရန်ဖြစ်သည်။ တစ်နည်းဆိုသော် ဓမ္မကျင့်ကြံရန် ဖြစ်ပါသည်။ ပထမဦးစွာ (၁) လူတိုင်းရင်ဆိုင်ရသည့် စစ်မှန်သော ပြဿနများ ရှိပါသည်။ ၎င်းတို့တွင် (၂) စစ်မှန်သော အကြောင်းရင်းများ ရှိကြသည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့သည် ၎င်းတို့၏အကြောင်းရင်းများကို ရပ်တန့်ခြင်းအားဖြင့် ဤပြဿနာများကို (၃) စစ်မှန်သော ရပ်တန့်မှု ရရှိနိုင်ပါသည်။ ဤသို့ စစ်မှန်သော ရပ်တန့်မှုများ ရရှိစေရန် ကျွန်ုပ်တို့သည် (၄) စိတ်၏စစ်မှန်သော လမ်းကြောင်းများ ရရှိရန် လိုပါသည်။

ကနဦးအဆင့်

ဤစစ်မှန်သော သစ္စာလေးချက် (သစ္စာလေးပါး) ကို မတူညီသော အဆင့်များစွာဖြင့် နားလည်နိုင်ပါသည်။ ကနဦး အဆင့်တွင် ပိုမိုဆိုးရွားသော ပြန်လည်မွေးဖွားမှု ရရှိသည့် စစ်မှန်သော ပြဿနာများ ရှိပါသည်။ ကျွန်ုပ်တို့သည် အဆုံးစွန် ဆင်းရဲဒုက္ခ အခြေအနေတွင် ရှိနေပြီး ဖျားနာမှု၊ ငတ်မွတ်မှု၊ ရေဆာမှု များစွာ ခံစားကြုံတွေ့ရပါက သို့မဟုတ် နာကျင်မှု အမြဲကြုံနေပါက ဘာသာရေး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မည့်အချိန် မရှိတော့ပါ။ ဤသည်မှာ ကျွန်ုပ်တို့စိတ်တွင် ဆိုးရွားသော ပြဿနာများနှင့် အခက်အခဲများ ကြီးစိုးနေသောကြောင့် ဖြစ်ပါသည်။

ဤအတွက် စစ်မှန်သော အကြောင်းရင်းသည် အပျက်သဘော ပြုမူမှု ဖြစ်ပါသည်။ ဘုရားရှင် ဟောကြားတော် မူသည့်အတိုင်း ကျွန်ုပ်တို့သည် နာကျင်မှု သို့မဟုတ် ဆင်းရဲဒုက္ခကို ဖန်တီးပါက ထိုဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ကိုယ်တိုင် ခံစားရပါမည်။ တစ်ဖက်တွင်မူ အပြုသဘောဖြင့် ပြုမူပါက၊ ပျော်ရွှင်မှုကို ဖန်တီးပါက နောက်ဆုံးတွင် ဤပျော်ရွှင်မှုကို ကိုယ်တိုင် ခံစားရပါမည်။ ထို့ကြောင့် ထိုဆိုးရွားသော ပြဿနာများကို စစ်မှန်သော ရပ်တန့်မှု ရရှိလိုပါက အပျက်သဘော ဆိုးရွားသည့် အပြုအမူများကို ရှောင်ကြဉ်သည့် စစ်မှန်သော လမ်းကြောင်းအတိုင်း လိုက်နာရပါမည်။

ကျွန်ုပ်တို့သည် ပထမဦးစွာ တန်ဖိုးရှိသော လူသားဘဝ ရရှိထားသည်ကို သဘောပေါက်ရပါမည်။ လက်ရှိတွင် ကျွန်ုပ်တို့ အားလုံးသည် မိမိကိုယ်ကို ဘာသာရေးအရ တိုးတက်ဖွံ့ဖြိုးနိုင်အောင် အခွင့်အလမ်းများ ရရှိထားပါသည်။ ကျွန်ုပ်တို့သည် ဥပမာအားဖြင့် အကျဉ်းစခန်းများတွင် ရှိမနေပါ။ သို့မဟုတ် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုများ မရှိပါ။ သို့သော် ဤအခွင့်အလမ်းများသည် ထာဝရ တည်ရှိမည် မဟုတ်ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် သေဆုံးရမည်ဖြစ်ကာ ဤတန်ဖိုးရှိသော လူ့ဘဝကို ဆုံးရှုံးသွားမှာ သေချာပါသည်။ ထိုသို့ဘယ်အချိန် ဖြစ်လာမည်ကို အတိအကျ မသိပါ။ မည်သည့် အခိုက်အတန့်မဆို ကျွန်ုပ်တို့ကို ကားတစ်စီး ဝင်တိုက်နိုင်ပါသည်။ ယခုသေရမည်ဆိုပါက အမြဲတမ်း အပျက်သဘောဖြင့် ပြုမူခဲ့သည်ဆိုလျှင် နောင်တွင် ပိုမိုဆိုးရွားသော အခြေအနေများဆီသို့ ဦးတည်သွားပါမည်။ ကျွန်ုပ်တို့သည် မိမိဖန်တီးခဲ့သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခ ကြုံတွေ့ရမည့် အခြေအနေများသို့ ပြန်လည်မွေးဖွား ပါလိမ့်မည်။ ထို့ကြောင့် ဤအနာဂတ်မျိုးကို ထိတ်လန့်ကာ ဤဦးတည်ချက်ကို ပြောင်းပေးမည့်အရာကို ရှာဖွေရပါသည်။ ထိုသို့ရှာဖွေရန်အတွက် ဘုရားရှင်တို့ကို လေ့လာကြည့်နိုင်ပါသည်။

ဘုရားရှင်တို့သည် ကိုယ်၊ နှုတ်၊ စိတ် အစွမ်းအစများက အကန့်အသတ်မရှိ ကြည်လင်စေရန် ကန့်သတ်ချက်အားလုံးမှ လွဝ်မြောက်ပြီးသူများ ဖြစ်ပါသည်။ ဘုရားရှင်တို့၏စိတ်သည် လောဘ၊ ဒေါသ၊ အစွန်းရောက်မှု စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ သို့မဟုတ် သဘောထားများ မရှိပါ။ စိတ်ညစ်ညူးခြင်း သို့မဟုတ် စိတ်ပျံ့လွင့်ခြင်းတို့ကြောင့် တားဆီးမခံရပါ။ ဘုရားရှင်တို့၏ စိတ်၏အစိတ်အပိုင်းဟု ယူဆသော နှလုံးသားများတွင် တစ်ကိုယ်ကောင်းဆန်မှု သို့မဟုတ် မျက်နှာသာပေးမှုတို့ မရှိပါ။ နှုတ်ထွက်စကားသည် ဆက်သွယ်ပြောဆိုနိုင်စွမ်းကို ကန့်သတ်မထားပါ။ ကိုယ်အမူအရာသည် ဥပမာအားဖြင့် စွမ်းအင် ကန့်သတ်ချက် မရှိပါ။ ဤနည်းဖြင့် ကိုယ်၊ နှုတ်၊ စိတ်၊ နှလုံးသား စသည်ဖြင့် အရာရာတွင် ကြည်လင်နေပါသည်။ ထို့ပြင် ဘုရားရှင်တို့၏ အစွမ်းအစအားလုံးကို သိမြင်ပြီး ဖြစ်သည့်အတွက် အမြင့်ဆုံး အခြေအနေသို့ တိုးတက်ရောက်ရှိထားပါသည်။

ဘုရားရှင်တို့သည် ဤသို့ဆောင်ရွက်ခြင်းမျှသာ မဟုတ်ဘဲ သူတို့ဆောင်ရွက်ခဲ့ပုံကိုလည်း ညွှန်ပြထားပါသည်။ ယင်းမှာ မိမိနှင့် အခြားသူများကို ပြဿနာများ ဖန်တီးပေးမည့် မိမိ၏ကန့်သတ်ချက်များ၏ လွှမ်းမိုးမှုမှ ရှောင်ရှားနိုင်အောင် အကာအကွယ် နည်းလမ်းများ သို့မဟုတ် ဓမ္မကို လိုက်နာခြင်း ဖြစ်ပါသည်။ ဤရည်မှန်းချက်များထားရှိသည့် အဆင့်မြင့် အနေအထားသို့ ရောက်ရှိပြီးသည့် သံဃာ အသိုင်းအဝိုင်းလည်း ရှိပါသည်။ ထိုအခါ ဘုရား၊ တရားနှင့် သံဃာ၏ အရည်အချင်းကောင်းများကို မြင်တွေ့ကာ မိမိအတွက် ပြဿနာများ ထပ်မဖန်တီးမည့် လမ်းကြောင်းကိုသွားမည့် ဘဝကို ကြုံတွေ့ရန် ဆက်လက်၍ မလိုချင်တော့ပါ။ ဘုရား၊ တရား၊ သံဃာ လမ်းကြောင်းအတိုင်းသွားပါက အဆိုပါ ပြဿနာများ ရှောင်ရှားနိုင်မည်ကိုလည်း မြင်လာပါသည်။ ထို့ကြောင့် ဘဝတွင် စိတ်ချရသော လမ်းကြောင်းကို ချမှတ်လိုက်ပါသည်။ ဤသို့ ဘဝတွင် စိတ်ချရသော လမ်းကြောင်း သတ်မှတ်လိုက်သည်မှာ ကိုးကွယ်အားထားမှုဟု ဆိုလိုပါသည်။

အမှန်တကယ် စိတ်ချရသော လမ်းကြောင်းကို အကြောင်းနှင့် အကျိုးနိယာမအတိုင်း လိုက်နာခြင်းဖြင့် ဖော်ပြနိုင်ပါသည်။ ထို့ကြောင့် နောင်တွင် ပြဿနာများ ရှောင်ရှားလိုပါက သူ့အသက်သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ပြောခြင်း စသည်တို့ မပြုခြင်းကဲ့သို့ အပျက်သဘော ဆောင်ရွက်ချက်များမှ ရှောင်ရှားသည့် စစ်မှန်သောလမ်းကို လိုက်နာရပါမည်။ ထို့ကြောင့် အပြုသဘော ဆောင်ရွက်ပါသည်။ ဤသည်မှာ သစ္စာလေးပါးကို ကနဦးအဆင့် နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။

အလယ်အလတ်အဆင့်

အလယ်အလတ် အဆင့်တွင် ကျွန်ုပ်တို့သည် မည်သည့်ပြန်လည်ဝင်စားမှု အခြေအနေမျိုးတွင်ဖြစ်စေ မွေး၊ အို၊ နာ၊ သေ ပြဿနာများ အမှန်အကန် ကြုံတွေ့ရပါသည်။ တစ်ခုခု ရရှိအောင် ကြိုးစားပါသော်လည်း မရရှိခြင်း၊ မရရှိလိုသော အရာများက ဖြစ်လာခြင်း စသည့် စစ်မှန်သော ပြဿနာများလည်း ရှိပါသည်။ အခြားသူများနှင့် ခက်ခဲသော ဆက်ဆံရေးများ အမြဲရှိနေခြင်းစသည့် စိတ်ရှုပ်မှုများကဲ့သို့ ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြဿနာများစွာလည်း ရှိပါသည်။ ယင်းတို့၏ စစ်မှန်သော ပထမဦးဆုံး အကြောင်းရင်းမှာ ကျွန်ုပ်တို့ မိမိကိုယ်ကိုနှင့် ကျွန်ုပ်တို့ တည်ရှိပုံအပေါ် အမှန်တရားကို အမှန်မသိမှု ဖြစ်ပါသည်။ ထို့ကြောင့်လည်း ခိုင်မာသော အတ္တသတ်မှတ်ချက်များကို တွယ်တာပါသည်။ သို့သော် ယင်းတို့ကိုလည်း လုံခြုံသည်ဟု မခံစားရပါ။ အကျိုးဆက်အားဖြင့် အဆိုပါ သတ်မှတ်ချက်များကို ကာကွယ်ရန် သို့မဟုတ် အလေးပေးပြောကြားရန် စိတ်တွင် လောဘ၊ ဒေါသ၊ မသိမှု၊ မာန၊ မနာလိုမှု၊ မတည်ငြိမ်ဘဲ ပျံ့လွင့်မှု စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် သဘောထားများ ပြည့်လာပါသည်။ ယင်းတို့ကို အခြေခံကာ နှိုးဆွမှု သို့မဟုတ် ကံအမျိုးမျိုး ကျွန်ုပ်တို့စိတ်ထဲသို့ ဝင်လာပြီး စိတ်လိုက်မာန်ပါ ပြုမူသည့် ပုံစံဖြင့် ဆောင်ရွက်ပါတော့သည်။ ဤသည်မှာ မိမိ၏ သတ်မှတ်ချက်များကို ပိုမိုလုံခြုံအောင် ကြိုးစားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ချမ်းသာမှု၊ ပစ္စည်းဥစ္စာ သို့မဟုတ် သူငယ်ချင်းမိတ်ဆွေတို့ များနိုင်သမျှများများ ရရှိအောင် ကြိုးစားခြင်း သို့မဟုတ် မိမိမနှစ်သက်သော အရာများနှင့် လူများကို ဖယ်ရှားဖျက်ဆီးရန် ကြိုးစားခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် အချင်းချင်း အော်ဟစ်ခြင်း သို့မဟုတ် ကြမ်းတမ်းစွာ ပြုမူခြင်း စသည့် စိတ်လိုက်မာန်ပါ ပြုမူသောအခါ စစ်မှန်သော ပြဿနာများ ဖြစ်ပေါ်စေပါသည်။

ဤပြဿနာများကို စစ်မှန်သော ရပ်တန့်မှု ရရှိလိုပါက စစ်မှန်သော လမ်းကြောင်းအတိုင်း လိုက်နာရန် လိုပါသည်။ ပထမဦးစွာ သင့်တော်သော စိတ်ဓာတ်စေ့ဆော်မှု ရှိရန် လိုပါသည်။ ယင်းမှာ စွန့်ပယ်ခြင်းဟု တစ်ခါတစ်ရံ ခေါ်ဆိုသည့် မိမိပြဿနာများမှ လွတ်ကင်းလိုသော ခိုင်မာသည့် ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ဤသို့ စိတ်ဓာတ်စေ့ဆော်မှု ရှိပါက အမှန်တရား သို့မဟုတ် ဘာမှမရှိခြင်းကို မြင်နိုင်သော ခွဲခြားသိရှိသောပညာကို ရရှိရန်လိုပါသည်။ ဤဉာဏ်ပညာမျိုး ရရှိရန်အတွက် စူးစိုက်မှုလိုပါသည်။ ဤသို့ စိတ်ကိုထိန်းချုပ်နိုင်ရန်အတွက် ကိုယ်နှင့် နှုတ် အမူအရာများကို ထိန်းချုပ်နိုင်ရန် လိုပါသည်။ ထို့ကြောင့် ကျင့်ဝတ်သီလ ရှိရန်လိုပါသည်။ သီလ၊ သမာဓိ၊ ပညာဆိုသည့် အဆင့်မြင့် လေ့ကျင့်မှု သုံးရပ်ဖြစ်သည့် ဤလမ်းကြောင်းကို လိုက်နာခြင်းဖြင့် မဖြစ်နိုင်သောနည်းဖြင့် တည်ရှိမှုများ လုံးဝမရှိခြင်း ဆိုသည့် ဘာမှမရှိခြင်းကို မြင်နိုင်သော ခွဲခြားသိရှိသောပညာကို ရရှိလာပါသည်။

ကျွန်ုပ်တို့သည် အမှန်တရားကို သတိမပြုမိဘဲ မိမိမည်သူမည်ဝါဖြစ်ကြောင်း၊ မိမိနှင့် လောကကြီး တည်ရှိပုံအကြောင်း ရှုပ်ထွေးနေသောကြောင့် ယင်းတို့သည် အရာအားလုံးသည် အခိုင်အမာ အမှီအခိုကင်းသည် စသည်ဖြင့် မဖြစ်နိုင်သော နည်းများဖြင့် တည်ရှိနေသည်ဟု တွယ်တာမိပါသည်။ သို့သော် မည်သည့်အရာမျှ ထိုသို့စိတ်ကူးယဉ် မဖြစ်နိုင်သော နည်းဖြင့် မတည်ရှိပါ။ အရာအားလုံးသည် မဖြစ်နိုင်သောနည်းဖြင့် မတည်ရှိကြပါ။ သို့သော် မည်သည့်အရာမျှ မတည်ရှိပါဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။ တည်ရှိသောအရာတိုင်းသည် မှီခိုမှုဖြင့် ပေါ်ထွက်လာသည့် မှီခိုမှုရှိသော ပေါ်ထွက်မှု ပုံစံဖြင့် တည်ရှိပါသည်။ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများပေါ်တွင် မူတည်ပြီး ပေါ်ထွက်လာပါသည်။ စိတ်နှင့် စိတ်မှ အမည်တပ်သည့် လုပ်ငန်းနှင့် ဆက်စပ်ပတ်သက်ကာ ပေါ်ထွက်လာပါသည်။ ဤသို့ စစ်မှန်သော နားလည်သဘောပေါက်မှု လမ်းကြောင်းဖြင့် ကျွန်ုပ်တို့သည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များဖြစ်သည့် စိတ်၏ ပိတ်ဆို့မှုများ သို့မဟုတ် စိတ်၏ အတားအဆီးများကို ကျော်လွှားကာ လွတ်မြောက်မှု ရရှိနိုင်ပါသည်။ ဤသည်မှာသစ္စာလေးပါးကို အလယ်အလတ်အဆင့် နားလည်မှု ဖြစ်ပါသည်။

အဆင့်မြင့် အဆင့်

အဆင့်မြင့် အဆင့်တွင် ကျွန်ုပ်တို့သည် ပြဿနာများကို ကိုယ်တိုင်ကြုံရသည်သာမက လူတိုင်းသည်လည်း ထိုပြဿနာများ ကြုံသည်ကို မြင်လာပါသည်။ ထို့ကြောင့် ဤအဆင့်တွင် စစ်မှန်သော ပြဿနာများမှာ လူတိုင်း ရင်ဆိုင်ရသော ပြဿနာများ ဖြစ်ပါသည်။ ထို့ပြင် နောက်ထပ် စစ်မှန်သော ပြဿနာမှာ ကျွန်ုပ်တို့သည် လူတိုင်းကို သူတို့၏ပြဿနာများ ကျော်လွှားရန် ကူညီနိုင်စွမ်း မရှိပါ။ ဤပြဿနာ၏ စစ်မှန်သော အကြောင်းရင်းများမှာ ပထမဦးစွာ ကျွန်ုပ်တို့သည် မိမိအတွက်သာ အလေးထားပြီး အခြားသူများကို လျစ်လျူရှုသည့် တစ်ကိုယ်ကောင်းဆန်မှု ဖြစ်ပါသည်။ ထို့နောက် စိတ်၏ အပိတ်အဆို့များ သို့မဟုတ် စိတ်၏ အတားအဆီးများလည်းရှိပြီး ကျွန်ုပ်တို့ကို အခြားသူများအား ကူညီနိုင်မည့် အရည်အချင်းရှိသော နည်းလမ်းအားလုံးမှ တားဆီးပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ အရာရာ စွမ်းဆောင်နိုင်မှုကို ပိတ်ဆို့လိုက်ပါသည်။ ဤအတွက် စစ်မှန်သော ရပ်တန့်မှုသည် မိမိပြဿနာများမှ လွတ်မြောက်ရန် သာမက ဘုရားအဖြစ်သို့ ရောက်ရှိကာ ကျွန်ုပ်တို့၏ ကန့်သတ်ချက်အားလုံးကို ကျော်လွှားပြီး ကျွန်ုပ်တို့၏ အစွမ်းအစ အားလုံးကို သိမြင်ခြင်းဖြင့် အားလုံးကို တတ်နိုင်သမျှ အကျိုးပြုနိုင်စွမ်း ဖြစ်ပါသည်။

ဤအတွက် စစ်မှန်သော လမ်းကြောင်းသည် ပထမဦးစွာ ဗောဓိစိတ္တ စေ့ဆော်မှု ထားရှိရန် ဖြစ်ပါသည်။ ယင်းမှာ ကျွန်ုပ်တို့၏ နှလုံးသားများကို အခြားသူအားလုံးအပေါ် ဖြန့်ကျက်ခြင်း သို့မဟုတ် ဖွင့်ထားခြင်း ဖြစ်ပါသည်။ သူတို့ အားလုံးကို အကျိုးပြုနိုင်အောင် ဘုရားအဖြစ်သို့ ရောက်ရှိခြင်း ဖြစ်ပါသည်။ ဤသို့စိတ်ဓာတ်စေ့ဆော်မှု ရှိသောအခါ ကျွန်ုပ်တို့သည် သာမန်ထက်ထူးသော သဘောထားများ သို့မဟုတ် ပါရမီများကို ကျင့်ကြံအားထုတ်ကာ ယင်းတို့ အားလုံးသည် အလေးထားသော မေတ္တာနှင့် ကရုဏာထားသော စာနာမှုတို့ပေါ်တွင် အခြေခံပါသည်။ ယင်းတို့သည် ရက်ရောမှု၊ ကျင့်ဝတ်သီလ၊ သည်းခံမှု၊ ဇွဲလုံ့လ၊ စိတ်တည်ငြိမ်မှု (စူးစိုက်မှု)၊ ခွဲခြားသိမြင်သောပညာ (ဉာဏ်ပညာ) သဘောထားတို့ ဖြစ်ပါသည်။ သာမန်ထက်ထူးသော ခွဲခြားသိရှိမှုဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များကို ကျော်လွှားကာ လွတ်မြောက်မှု ရရှိရန် မြင်ရမည့် အမှန်တရား သို့မဟုတ် ဘာမှ မရှိခြင်းကို မြင်လာပါသည်။ သို့သော် ဗောဓိစိတ္တ အင်အားကို စေ့ဆော်မှုအဖြစ် ထားရှိခြင်းသည် ထိုသို့လွတ်လပ်ရန် ဆုံးဖြတ်ချက်ထက် ပို၍အားကောင်းပါသည်။ ထိုနားလည်မှုအတွက် စွမ်းအင်ပိုများပါသည်။

ကျွန်ုပ်တို့၏ ပြဿနာများမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက်သာ ရှိပါက အမှန်တရားကို နားလည်မှုနောက်ကွယ်တွင် စွမ်းအားပမာဏ အကန့်အသတ် ဖြစ်နေပါသည်။ သို့သော် အမှန်တရားကို မြင်နိုင်ရန်နှင့် အားလုံးကို အကျိုးပြုနိုင်ရန် ကျွန်ုပ်တို့၏ စေ့ဆော်မှု ဖြစ်ပါက ပိုမိုကြီးမားသော စွမ်းအားကို ရရှိပါသည်။ ထို့ကြောင့်  ကျွန်ုပ်တို့၏ နားလည်မှုသည် ပိတ်ဆို့မှု အဆင့်နှစ်ခုစလုံးကို ကျော်လွှားနိုင်ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်သည့် ပိတ်ဆို့မှုများသာမက အရာရာစွမ်းဆောင်မှုကို တားဆီးသော ပိတ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ပါသည်။

နမူနာပြရလျှင် မြွေဆိပ်ဖြေရန် ဆေးပညာပို့ချမှု တစ်ခုအကြောင်း စဉ်းစားကြည့်ပါ။ ဤသို့လေ့လာသော ဆရာဝန်လောင်း ကျောင်းသားတစ်ဦးက ငွေရှာရန်နှင့် သူ့ငွေကြေးပြဿနာများ ကျော်လွှားရန်အတွက်သာ ဖြစ်ပါက ဤသင်ကြားမှုကို စွမ်းအား အချို့ဖြင့်သာ သူနားဆောင်ပါမည်။ သို့သော် မိမိသားငယ်ကို မြွေကိုက်ခံရသော မိခင်သည် စာသင်ခန်းထဲသို့ ဝင်လာပါက သူ့သားကို ကုသရန် ပြင်းစွာသော အလေးထားမှု ရှိသည့်အတွက် မြွေဆိပ်ပြေအောင် မည်သို့ကုသရမည်ကို ပိုမိုပြင်းထန်စွာ လေ့လာသင်ယူလိုပါမည်။ ထို့အတူ အမှန်တရားကို ကျွန်ုပ်တို့၏ နားလည်မှုနောက်ကွယ်မှ ဗောဓိစိတ္တ စေ့ဆော်မှု ရှိသောအခါ ထိုအတွက် ပိုမိုအားကောင်းသော အင်အားကို ပေါင်းထည့်လိုက်ပါသည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့၏ နားလည်မှုသည် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ အပိတ်အဆို့များ အားလုံးကို ဖြတ်တောက်လိုက်ပါသည်။

ဤနည်းလမ်းမျိုးသည် နည်းလမ်းနှင့် ဉာဏ်ပညာကို ပေါင်းစပ်သော လမ်းကြောင်း သို့မဟုတ် စိတ်၏လမ်းကြောင်း ပါဝင်ပါသည်။ သို့ရာတွင် ယင်းတို့ကို သုတ္တန်အဆင့်မှ ဤနေရာတွင် ပေါင်းစပ်ပုံသည် နှစ်ခု တစ်ပြိုင်နက် ပေါ်ပေါက်ခြင်း မဟုတ်ပါ။ တစ်ခုက အခြားတစ်ခု၏ အဆက်အစပ်ဖြင့် ပေါ်ပေါက်သည့်နည်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားကို အခြားသူအားလုံးဆီသို့ ဖြန့်ကျက်ကာ ဉာဏ်ပညာ ရရှိရေး သို့မဟုတ် အမှန်တရားကို နားလည်ရေး နှင့် အပြန်အလှန် အဆက်အစပ်ဖြင့် သူတို့ကို အကျိုးပြုနိုင်အောင် ဉာဏ်အလင်းရရှိရန် ဖြစ်ပါသည်။ တစ်နည်းဆိုသော ကျွန်ုပ်တို့ နှလုံးသားများကို အခြားသူများအပေါ် ဖြန့်ကျက်သောအခါ ကျွန်ုပ်တို့စိတ်သည် အမှန်တရားဆီ ချဲ့ထွင်လိုက်သည့် အဆက်အစပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ကို အမှန်တရားဆီ ဖြန့်ကျက်သောအခါ ကျွန်ုပ်တို့၏ နှလုံးသားကို အခြားသူများထံ ဖြန့်ကျက်ခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် တစ်ခုက အခြားတစ်ခု၏ အဆက်အစပ်ထဲတွင် ဖြစ်လာပါသည်။ ဘုရားဖြစ်သည်အထိ ထိုနှစ်ခုသည် စိတ်တစ်ခုတည်းတွင် တစ်ပြိုင်နက် မဖြစ်ပေါ်နိုင်ပါ။

နည်းလမ်းနှင့် ဉာဏ်ပညာ ပေါင်းစပ်သည့် ဤနည်းဖြင့် ကျွန်ုပ်တို့၏ စိတ်အပိတ်အဆို့များကို ဖြတ်တောက်နိုင်ရန် အလွန်အချိန်ကြာမြင့်ပါသည်။ တကယ်တော့ မရေမတွက်နိုင်သော ကပ်ကာလကြီး သုံးခု ကြာပါသည်။ ရေတွက်နိုင်သော နံပါတ်ထက် ကျော်လွန်ပါသည်။ ၁၀ နောက်တွင် သုည အလုံး ၆၀ ရှိပါသည်။ ဇီလီယွန်ဟု ခေါ်ပါစို့။ ဤသည်မှာ များပြားလှသော အချိန်ဖြစ်ပြီး အခြးသူများကို အကောင်းဆုံး အကျိုးပြုနိုင်အောင် ကျွန်ုပ်တို့၏ ကန့်သတ်ချက်များကို ကျော်လွှားပြီး ကျွန်ုပ်တို့၏ အစွမ်းအစများကို သိမြင်ရန် အခြားသူများက ကျွန်ုပ်တို့ကို မစောင့်ဆိုင်းနိုင်ပါ။ ဤနေရာတွင် တန္တရ နှင့် အတိအကျ သက်ဆိုင်လာပါသည်။ တန္တရ သည် မဟာယာန သို့မဟုတ် အခြားသူများကို အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး အကျိုးပြုနိုင်အောင် ဘုရားအဖြစ်သို့ အမြန်ဆုံးနှင့် အထိရောက်ဆုံး ရောက်ရှိနိုင်စေရန် ကျယ်ပြန့်သောစိတ် ကျင့်ကြံမှု ဖြစ်ပါသည်။ ယင်းသည် သစ္စာလေးပါး အနေနှင့် ယခုဆွေးနွေးခဲ့သော နည်းလမ်းအားလုံးအပေါ်၌ အခြေခံပါသည်။

Top