ပျော်ရွှင်မှုဆိုတာဘာလဲ။

What is happiness catalin pop noyd

ပျော်ရွှင်မှုဆိုသည်မှာ ရေရှည် ကောင်းမွန်သော နေထိုင်ခြင်း၊ စိတ်ငြိမ်းချမ်းခြင်း၊ ကျွန်ုပ်တို့ဘဝကို ကျေနပ်ခြင်း ဆိုသည့် အသိဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံးသည် ပျော်ရွှင်မှုကို အချိန်တိုင်း ရှာဖွေနေကြပါသည်။ အနည်းငယ်မျှ ပျော်ရွှင်သောအခါ ထာဝရဆက်လက် ပျော်ရွှင်လိုကြပါသည်။

သာယာမှုကို ပျော်ရွှင်မှုနှင့် တစ်ခါတစ်ရံ မှားယွင်းကြပါသည်။ အစားကောင်းစားရခြင်း၊ အဝတ်ကောင်း ဝတ်ရခြင်း၊ အမြဲတမ်း ပျော်ပါးနေရခြင်းသည် ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ထင်လေ့ရှိပါသည်။ သို့သော် ထိုအတိုင်း တစ်နည်းမဟုတ်တစ်နည်း လွဲချော်နေပါသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင် လိုအပ်ချက်နှင့် ဆန္ဒများ ကျေနပ်မှုရပါက ပျော်ရွှင်မည်ဟုလည်း ထင်တတ်ကြသည်။ သို့သော် လက်တွေ့တွင်မူ မိမိကိုယ်ကို အလေးထားခြင်းဖြင့် အထီးကျန်မှုနှင့် စိတ်ဓာတ်ကျမှုတို့သာ ရရှိလာပါသည်။

ကျွန်ုပ်တို့၏ အတွေးများ၊ စိတ်ခံစားချက်များဖြင့် တစ်ဉီးတည်းဖြစ်နေသည်မှာ တစ်ခါတစ်ရံ အဆင်မပြေပါ။ ထို့ကြောင့် ဂီတ၊ ကွန်ပျူတာဂိမ်း၊ အစားအသောက်၊ ကာမဂုဏ်၊ အလုပ်အကိုင်တို့ဖြင့် စိတ်ပြေလက်ပျောက်ဖြစ်ရန် ရှာဖွေကြပါသည်။ သို့သော် ဤသည်မှာ ကျွန်ုပ်တို့ကို အခြားသူများနှင့် အမှန်တကယ် ချိတ်ဆက်ပေးခြင်း မရှိသလို စစ်မှန်သော ပျော်ရွှင်မှုလည်း မပေးပါ။

ပျော်ရွှင်ပြီး အခြားသူများနှင့် ဆက်သွယ်လိုသောစိတ်ဖြင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ လူမှုကွန်ရက်မီဒီယာဘက် လှည့်ပြန်ပါသည်။ ကျွန်ုပ်တို့၏ ဆယ်လ်ဖီဓာတ်ပုံများကို Like ပြုလုပ်ထားခြင်းများ၊ သူငယ်ချင်းများ၏ သတင်းစကား မက်ဆေ့ခ်ျများမှနေ၍ ခဏတာ သာယာမှု ရချင်ရပါမည်။ သို့သော် နောက်ထပ်လိုချင်တောင့်တမှုများသာ ဖြစ်လာပါသည်။ ကျွန်ုပ်တို့ဖုန်းများကို အမြဲတမ်း ကြည့်နေပြီး နောက်ထပ် ‘အချက်’ တစ်ခုကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။ သို့သော် Like နှင့် မက်ဆေ့ခ်ျ မည်မျှရသည်ဖြစ်စေ အခြားသူများနှင့် ချိတ်ဆက်မှု တစ်နည်းနည်းဖြင့် လျော့နည်းသွားသည်ဟု ခံစားရပါသည်။

အကြီးကျယ်ဆုံး ပျော်ရွှင်မှု အကြောင်းရင်းမှာ အခြားသူများကို ချီးမြှောက်ရန် ဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့ပါသည်။ အခြားသူများ၏ ကျန်းမာပျော်ရွှင်ရေးကို ရိုးသားစွာ အလေးထားသောအခါ ကျွန်ုပ်တို့၏ နှလုံးသားများ နွေးထွေး ပွင့်လင်းကာ သူတို့နှင့် ချိတ်ဆက်မှု ရှိလာပါသည်။ စစ်မှန်သော ကျန်းမာရေး အသိကို ကိုယ်တိုင် ခံစားရပါသည်။ ရုပ်ပိုင်းဆိုင်ရာ အရလည်း နေထိုင်ကောင်းလာပါသည်။ အခြားသူများ၏ ပျော်ရွှင်ခြင်းကို အလေးထားသည့်အခါ သူတို့ကို တတ်နိုင်သလောက် ကူညီရန် ကြိုးစားပြီး သူတို့ကို အန္တရာယ်တစ်ခုခု မပေးမိအောင် ရှောင်ရှားလာပါသည်။ ထိုအခါ ယုံကြည်ရသော ဆက်ဆံရေးများ ဖြစ်လာပြီး ကျွန်ုပ်တို့၏ ဘဝက ပို၍အဓိပ္ပာယ် ရှိလာပါသည်။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ၏ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဖြင့် ကျွန်ုပ်တို့သည် ဘဝတွင် ဖြစ်လာသမျှတိုင်းအတွက် ဖြေရှင်းရန်ခွန်အားကို ဖွေရှာကြပါသည်။

အခြားသူများ၏ ပျော်ရွှင်မှုကို အမှန်တကယ် အလေးထားနိုင်စွမ်း မရှိမီ မိမိကိုယ်တိုင် အလေးထားမှုကို စတင်ရန်လိုပါသည်။ မိမိကိုယ်တိုင် ပျော်ရွှင်မှုကို ရရှိနိုင်စွမ်း မရှိပါက အခြားသူများ ပျော်ရွှင်မှုကို မည်သို့လျှင် ပေးစွမ်းနိုင်ပါမည်နည်း။ ဗုဒ္ဓဘာသာတွင် ပျော်ရွှင်မှုအတွက် ဆန္ဒသည် လူသားအားလုံး ပါဝင်ပတ်သက်မှု ရှိပါသည်။

ပျော်ရွှင်မှုသည် အတွင်းစိတ်ငြိမ်းချမ်းမှုပေါ်တွင် မူတည်ပြီး စိတ်ငြိမ်းချမ်းမှုသည် စေတနာထားရှိမှုပေါ်တွင် မူတည်ပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

ကျွန်ုပ်တို့သည် ယနေ့လောကကြီးအပေါ်တွင် တစ်ခုခု လုံးဝ ပြုလုပ်ပေးနိုင်မည် မဟုတ်ကြောင်း အလွယ်တကူ ခံစားမိနိုင်ပါသည်။ ထို့ကြောင့် ‘‘ဘာပဲဖြစ်ဖြစ်။ ဂရုမစိုက်တော့ပါဘူး။’’ ဟု စဉ်းစားမိနိုင်ပါသည်။ သို့သော် တကယ့် အမှန်တရားမှာ ကျွန်ုပ်တို့သည် သူစိမ်းများကိုပင် သူတို့၏သာယာဝပြောရေးကို စဉ်းစားကာ ကူညီပေးခြင်းအားဖြင့် သက်ရောက်မှု ရှိနိုင်ပါသည်။ အနည်းငယ် ပြုံးပြခြင်း သို့မဟုတ် တန်းစီရာတွင် တစ်ယောက်ယောက်ကို ရှေ့မှ ဉီးစားပေးခြင်းဖြင့် ကျွန်ုပ်တို့သည် ထူးခြားမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်ဟု ခံစားရစေပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် တစ်ခုခုလုပ်ပေးလိုက်နိုင်သည် ဆိုသော မိမိ၏တန်ဖိုးရှိမှုကို ခံစားရပါသည်။ ထိုခံစားချက်က ကောင်းပါသည်။ မိမိကိုယ်တိုင်ရော၊ ဘဝတွင်ပါ ပိုပြီး ပျော်ရွှင်လာပါသည်။

ကျွန်ုပ်တို့ကို အခြားသူများနှင့် အမှန်တကယ် ချိတ်ဆက်ပေးသည်မှာ သူတို့၏ ပျော်ရွှင်မှုနှင့် သူတို့အား မည်ကဲ့သို့ ကူညီရမည်ကို စဉ်းစားပေးခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တန်ဖိုးရှိမှုကို သူတို့အား အတည်ပြုပေးရန် တောင်းဆိုပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်အောင် လုပ်ခိုင်းရန် မဟုတ်ပါ။ မိမိကိုယ်ကို ဉီးစားပေးခြင်းနှင့် အခြားသူများကောင်းကျိုးအတွက် ရိုးသားစွာ အလေးထားခြင်း ဆိုသည်မှာ မတူပါ။

ကျွန်ုပ်တို့ လူသားများမှာ လူမှုရေးသတ္တဝါများ ဖြစ်ပါသည်။ အခြားသူများနှင့် ချိတ်ဆက်မှု ရှိမှသာလျှင် ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးပါသည်။ အခြားသူများကို ကြင်နာမှု၊ အလေးထားမှုနှင့် ကရုဏာတို့သည် ပျော်ရွှင်သောဘဝဖြင့် နေထိုင်နိုင်အောင် ပြုစုပျိုးထောင်ရန် လိုအပ်သော အဓိကအချက်များ ဖြစ်နေပါသတည်း။

Top