ဉာဏ်အလင်းရရှိခြင်း ဆိုတာဘာလဲ။

What is enligtment abhijeet gourav

ဉာဏ်အလင်း ရရှိခြင်းဆိုသည်မှာ လူသား ဖွံ့ဖြိုးတိုးတက်မှုနှင့် အစွမ်းအစ၏ အထွတ်အထိပ် ဖြစ်သည့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ၏ အဆုံးစွန်သော ရည်မှန်းချက် ဖြစ်ပါသည်။ ဤရည်မှန်းချက်ကို ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းက ရယူနိုင်သည့် အစွမ်းအစ ရှိကြပါသည်။

ကျွန်ုပ်တို့သည် ယခုအခါ ဗုဒ္ဓမဟုတ်ပါ။ ပြဿနာ အပြည့်ဖြင့် အတက်အကျ အမြဲရှိနေသော ဘဝကို ကြုံတွေ့နေရပါသည်။ ကျွန်ုပ်တို့ ထိုကဲ့သို့ ပိတ်မိနေသည်မှာ ကျွန်ုပ်တို့၏ စိတ်က အရာရာကို အဓိပ္ပာယ် မရှိသည့်အရာများဖြင့် အလိုအလျောက် မှန်းဆပြီး ယင်းကို အမှန်တရားဟု တကယ်ယုံကြည်နေသောကြောင့် ဖြစ်ပါသည်။ စစ်မှန်သော ပျော်ရွှင်မှု ပေးမည်ဟုထင်သော နည်းလမ်းများဖြင့် ပြုမူကြသော်လည်း စိတ်ပျက်စရာများဖြင့်သာ အဆုံးသတ်ပါသည်။

ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် အခြားသူများအား မည်သို့သက်ရောက်မည်ကို အနည်းငယ်မျှ မစဉ်းစားဘဲ လိုချင်တာကို ဆောင်ရွက်ကြပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် စကြဝဠာ၏ ဗဟိုဖြစ်သည်ဟု ခံစားမိခြင်းကြောင့် ဖြစ်ပါသည်။ ဤသို့ စဉ်းစားမှုမျိုးသည် အမှန်တရားနှင့် မဆက်စပ်ပါ။ တစ်ကိုယ်ကောင်းဆန်ကာ ကျွန်ုပ်တို့ရော အခြားသူများကိုပါ မပျော်ရွှင်မှု ဖြစ်စေပါသည်။ ဉာဏ်အလင်း ရရှိရန်အတွက် အောက်ပါအတိုင်း စတင်ရန်လိုပါသည်-

  • ကျွန်ုပ်တို့ရော အခြားသူများကိုပါ ကျွန်ုပ်တို့ အပြုအမူ၏ သက်ရောက်မှုများကို နားလည်သဘောပေါက်ပြီး အပျက်သဘော ပြုမူခြင်းမှ ရှောင်ရှားရန်
  • အရာရာ တည်ရှိနေပုံကို အမှန်အတိုင်း သိမြင်နားလည်ကာ ကျွန်ုပ်တို့၏ မှန်းဆချက်များကြောင့် လှည့်ဖြား မခံရစေရန်

ကျွန်ုပ်တို့စိတ်၏ မှန်းဆချက်များအတိုင်း ယုံကြည်မိသည်ကို ရပ်တန့်သောအခါ ထိုရှုပ်ထွေးမှုမှနေ၍ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာမစ္ဆရိယ စသည့် အပျက်ခံစားချက်များ ပေါ်ထွက်မလာအောင်လည်း ရပ်တန့်လိုက်ပါသည်။ ကျွန်ုပ်တို့၏ အပျက်ခံစားချက်များပေါ်တွင် စိတ်လိုက်မာန်ပါ နောက်ထပ် မပြုမူတော့ပါ။ ထိုအတွက် အောက်ပါတို့ လိုအပ်ပါသည်-

  •  ကျင့်ဝတ်နှင့်ညီသော ကိုယ်ပိုင်စည်းကမ်းနှင့် အသိဉာဏ်မဲ့သော အပြုအမူမှ ရှောင်ရှားရန် ခွန်အား
  • စိတ်ပျက်ခြင်း သို့မဟုတ် ပျင်းရိခြင်း မဖြစ်အောင် အာရုံစူးစိုက်ခြင်း
  • အထောက်အကူ ပြုသောအရာနှင့် အန္တရာယ် ပေးသောအရာ၊ အမှန်နှင့် အမှားအကြား ခွဲခြားရန် ဉာဏ်အမြော်အမြင်
  • မေတ္တာနှင့် ကရုဏာကဲ့သို့ အပြုသဘော အရည်အသွေးများ ပြုစုပျိုးထောင်သည့် စိတ်ပိုင်းဆိုင်ရာ ဘက်ညီမျှတမှု

ထိုအရာမှနေ၍ စိတ်ငြိမ်းချမ်းမှု ရရှိပါကလည်း မလုံလောက်သေးပါ။ အရာဝတ္ထုတိုင်းနှင့် လူတိုင်း၏ အပြန်အလှန် မှီခိုမှုနှင့် အပြန်အလှန် ဆက်စပ်မှုကို မြင်နိုင်စွမ်း မရှိသေးပါ။ ထို့ကြောင့် အခြားသူများကို ကူညီရန် အကောင်းဆုံး နည်းလမ်းကို ဘယ်တော့မှ သေချာသိရှိမည် မဟုတ်ပါ။

ထိုအတွက် အလုံးစုံ ဉာဏ်အလင်း ရရှိသော ဗုဒ္ဓ ဖြစ်လာရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်က ဘာကိုမျှ မမှန်းဆ တော့ပါ။ သက်ရှိအားလုံး၏ အပြန်အလှန် မှီခိုမှုကို ရှင်းလင်းစွာ မြင်တွေ့လာပြီး အခြားသူများအား မည်ကဲ့သို့ ကူညီရမည်ကို သိလာပါသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များတွင် အကန့်အသတ်မဲ့ စွမ်းအင် ရှိပါသည်။ လူတိုင်းနှင့် ပြီးပြည့်စုံ ဆက်သွယ်ပြောဆိုနိုင်ပါသည်။ ကျွန်ုပ်တို့စိတ်က အရာအားလုံးကို နားလည် သဘောပေါက်ပါသည်။ ကျွန်ုပ်တို့၏ မေတ္တာ၊ ကရုဏာနှင့် သက်ရှိတိုင်းအတွက် တူညီသော အလေးထားမှုတို့သည် အလွန်ခိုင်မာပါသည်။ အယောက်စီတိုင်းသည် ကျွန်ုပ်တို့၏ ချစ်လှစွာသော တစ်ဉီးတည်းသော ရင်သွေးပမာ ဖြစ်ပါသည်။ အခြားသူများ အကျိုးကို တစ်ခုခု ပြန်ရရန် မမျှော်လင့်ဘဲ ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့ ဉာဏ်အလင်း ရရှိသောအခါ ကျွန်ုပ်တို့ အလွန် အလုပ်များခြင်း သို့မဟုတ် ပင်ပန်းခြင်း ရှိလာသည့်အတွက် ကျွန်ုပ်တို့သည် သည်းမခံရန် သို့မဟုတ် ဒေါသထွက်ရန်၊ အခြားသူများကို တွယ်ငြိရန် သို့မဟုတ် လျစ်လျူရှုရန် မဖြစ်နိုင်တော့ပါ။

ဗုဒ္ဓအဖြစ်သို့ရောက်ရှိသည့်အခါ အရာရာကို သိရှိသော်လည်း အရာရာ စွမ်းဆောင်ပေးခြင်း မဟုတ်ပါ။ အခြားသူတို့၏ ခံစားချက်များကို မဖယ်ရှားနိုင်သော်လည်း သူတို့ကို သင်ကြားပေးပြီး နမူနာ နေထိုင်ပြရာမှတစ်ဆင့် နည်းလမ်း ပြသနိုင်ပါသည်။ ဉာဏ်အလင်း ရရှိရေး လမ်းကြောင်းကို လျှောက်ရန် အောက်ပါတို့ လိုအပ်ပါသည်-

  • အပြုသဘော အင်အားကို အလွန်ထူးခြားစွာ တည်ဆောက်ရန်။ အခြားသူများကို အတတ်နိုင်ဆုံး ကိုယ်ကျိုးမငဲ့ဘဲ အကျိုးပြုရန်
  • အမှန်တရားကို သဘောပေါက် နားလည်အောင် ကြိုးစားရန်။ လောကကြီးတွင် အဓိပ္ပာယ် မရှိသောအရာကို မှန်းဆခြင်းမပြုရန်

ဉာဏ်အလင်း ရရှိကြောင်း အချက်များ တည်ဆောက်ရန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ အခြေခံ လူ့အသိဉာဏ် စသည့် အသုံးဝင်သော အရာဝတ္ထုများ ကျွန်ုပ်တို့ အားလုံးတွင် ရှိပါသည်။ ကောင်းကင်လိုပင် ကျွန်ုပ်တို့၏ စိတ်နှလုံးကို စိတ်ခံစားချက် အညစ်အကြေးများ၊ အနှောင့်အယှက် ပေးသော အတွေးများဖြင့် သဘာဝအတိုင်း ပယ်ဖျောက်နိုင်ပါသည်။ ယင်းတို့၏ အစွမ်းအစ အပြည့်အဝ ပေါ်ထွက်လာအောင် ကျွန်ုပ်တို့က ဖော်ထုတ်ပေးရန်သာ လိုပါသည်။

ဉာဏ်အလင်းရရှိခြင်းသည် မဖြစ်နိုင်သော ရည်မှန်းချက်ကဲ့သို့ ထင်ရပါသည်။ ရရှိရန် အလွန်ခက်ခဲပါသည်။ လွယ်ကူသည်ဟု မည်သူမျှ အခိုင်အမာ မပြောကြားဖူးပါ။ သို့သော် ထိုဉီးတည်ရာအတိုင်း ရည်မှန်းခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝကို မယုံနိုင်လောက်အောင် အဓိပ္ပာယ် ရှိစေပါသည်။ လူတိုင်းနှင့် ကျွန်ုပ်တို့ အပြန်အလှန် ဆက်စပ်မှုကို နားလည်သောအခါ စိတ်ကျရောဂါနှင့် စိုးရိမ်သောကတို့မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါသည်။ အားလုံးအကျိုးအတွက် ဉာဏ်အလင်းရရှိပိုင်ဆိုင်ခြင်းဆိုသည့် အကြီးကျယ်ဆုံးသော ရည်မှန်းချက်ခရီးတွင် ပါဝင်လိုက်သည်နှင့် ကျွန်ုပ်တို့၏ ဘဝများသည် ပြည့်စုံလာပါတော့သည်။

Top