လင်းယင်းပိုချီထံမှ သတင်းစကား

သတင်းအချက်အလက်များကို အင်တာနက်မှတစ်ဆင့် ပိုမိုလွယ်ကူစွာ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာချိန်တွင် ဗုဒ္ဓဘာသာနှင့် အခြားသော တိဘက်ယဉ်ကျေးမှုအကြောင်းရပ်များကို စိတ်ဝင်တစား သင်ယူလိုသော ကမ္ဘာတစ်ဝန်းရှိ လူအများက သတင်းအချက်အလက် ရရှိရန် ပထမဆုံး ခြေလှမ်းအဖြစ် အင်တာနက်ပေါ်သို့ ပိုမိုရောက်ရှိလာကြပါသည်။ ပိုမိုနက်နဲစွာ လေ့လာလိုသူများက ကျွမ်းကျင်သော ဆရာသမားများ ရှာဖွေကြပြီး အခွင့်အရေးရပါက အတူတကွ သင်ကြားလေ့လာကြပါသည်။ ထိုသူတို့အတွက် အင်တာနက်သည် လေ့လာမှု ဖြည့်ဆည်းပေးသည့် အရေးကြီးသော ရင်းမြစ်တစ်ခု ဖြစ်ပါသည်။ အချို့သူများမှာမူ အကြောင်းအမျိုးမျိုးကြောင့် ကျွမ်းကျင်ဆရာသမားများ ရှာမတွေ့နိုင်ကြပါ။ တစ်ယောက်တလေ တွေ့လျှင်လည်း ငွေကြေးအရဖြစ်စေ၊ အဖွဲ့အစည်း ဆိုင်ရာအရဖြစ်စေ လုံလုံလောက်လောက် ဆက်သွယ်ချဉ်းကပ်၍ မရနိုင်ပါ။ ထိုသူတို့အတွက် အင်တာနက်သည် သင်ကြားလေ့လာစရာ မရှိမဖြစ် အရေးကြီးသည့် ရင်းမြစ်တစ်ခု ဖြစ်လာပါသည်။

အင်တာနက်တွင် ဗုဒ္ဓဘာသာ၊ တိဘက်ယဉ်ကျေးမှုတို့နှင့် ပတ်သက်ပြီး ဝက်ဘ်ဆိုက်များစွာ ပြည့်နေပါသည်။ အချို့က တိကျသော အချက်အလက် ပေးသော်လည်း အချို့မှာ သိပ်အားမထားရပါ။ ဤအခြေအနေတွင် အဲလက်စ် ဘာဇင်းက ဘာဇင်းမော်ကွန်းတိုက် (Berzin Archives) ဝက်ဘ်ဆိုက်ကို တည်ထောင်ကာ မူရင်းအကြောင်းအရာများကို ဘာသာစကား မျိုးစုံဖြင့် အခမဲ့ တင်ထားသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ ဝမ်းနည်းဖွယ်ရာ လျစ်လျူရှု ခံရလေ့ရှိသော မသန်မစွမ်း ပရိသတ်များပါ ဝင်ရောက်ကြည့်ရှုနိုင်အောင် ကြိုးစားထားသည့်အတွက်လည်း ဝမ်းသာပါသည်။

အဲလက်စ်သည် ကျွန်ုပ်၏ဆရာတော်ဖြစ်သော ယုံဇင်လင်းယင်းပိုချီထံတွင် တပည့်အဖြစ်နှင့် ဘာသာပြန်သူအဖြစ် မကြာခဏ ဆောင်ရွက်ခဲ့ပါသည်။ ဘဝတစ်သက်တာတွင်လည်း ကျွန်ုပ်တို့ အဆက်အသွယ် မပြတ်ကြပါ။ သတင်း အချက်အလက်နှင့် ဘာသာတရား သင်ကြားမှုတို့ ပေါင်းစပ်ရန် ရိုးရာအစဉ်အလာနှင့် ခေတ်မီ နည်းလမ်းများကို အသိဉာဏ်ရှိစွာ၊ ကရုဏာရှိစွာ ရောစပ်ထားမှုမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ဤကမ္ဘာပေါ်တွင် ပြန့်ပွားပါစေသတည်း။

မေ ၁၉၊ ၂၀၀၉
လင်းယင်းပိုချီ

Top