အားလုံးနှင့်ဆိုင်သော တန်ဖိုးများအကြောင်း လေ့ကျင့်သင်ကြားသော အစီအစဉ်ဖြစ်သည့် SEE ဘသာရပ်ကို သင်ယူခြင်း

လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာလေ့လာမှု၊ အမ်မရီတက္ကသိုလ်၊ အကျဉ်းချုပ်မူဘောင်

လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ လေ့လာမှုဆိုတာဘာလဲ။

လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ (SEE: Social, Emotional and Ethical) လေ့လာမှု ဘာသာရပ်ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုရှိသူများ၊ လူမှုရေးအဖွဲ့များနှင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းများ ပြုစုပျိုးထောင်ရေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ကျောင်းများနှင့် အဆင့်မြင့်ပညာရေး သိပ္ပံများတွင် အသုံးပြုရန် မူလက ရေးဆွဲခဲ့သော်လည်း ဤအစီအစဉ်သည် အခြားနေရာများတွင်လည်း အသုံးပြုရန် သင့်တော်ပါသည်။

ဤလေ့လာမှု အစီအစဉ်ကို အမ်မရီ တက္ကသိုလ်ရှိ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာနက ရေးဆွဲထားပြီး ကျင့်ဝတ်နှင့် ပတ်သက်၍ ကျယ်ပြန့်သော အလေးထားမှု ရှိပါသည်။ ဤနေရာတွင် ကျင့်ဝတ်ဆိုသည်မှာ ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေး တစ်ခုခုတွင်သာ မူတည်ခြင်း မဟုတ်ပါ။ ကရုဏာ၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းကဲ့သို့ အားလုံးနှင့်ဆိုင်သော အခြေခံ လူသားတန်ဖိုးတွင် အခြေခံပါသည်။ SEE သင်ယူလေ့ကျင့်မှုများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးအတွက် မရှိမဖြစ် အရေးပါသည့် မိမိနှင့် အခြားသူများကို ကျွမ်းကျင်စွာ ဂရုစိုက်ရန် ပိုမိုကြီးကျယ်သော စွမ်းဆောင်မှု ပြုလုပ်နေသည့် လူပုဂ္ဂိုလ်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။ အပြန်အလှန် မှီခိုမှုကို ပိုမိုသတိပြုမိရေးနှင့် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်း ရရှိရေးကိုလည်း အာရုံစိုက်ပါသည်။ ပိုမိုရှုပ်ထွေးလာသော လောကတွင် ကမ္ဘာ့နိုင်ငံသားများဖြစ်ရန် လူတို့ကို ဤနည်းဖြင့် ကူညီပြင်ဆင်ပေးခြင်း ဖြစ်ပါသည်။

ဤအစီအစဉ်သည် “အားလုံးနှင့်ဆိုင်သော တန်ဖိုးများ” တွင် အခြေခံသောကြောင့် နိုင်ငံတကာမှ နိုင်ငံများနှင့် ယဉ်ကျေးမှုများတွင် အသုံးပြုနိုင်ပါသည်။ ဘုံအမြင်၊ ဘုံကြုံတွေ့ရမှုနှင့် သိပ္ပံနည်းကျ အခြေခံထားသည့်အတွက် တင်ပြထားသည့် အမျိုးအစားများနှင့် ကျင့်ကြံမှုများအတိုင်း အသုံးပြုနိုင်သလို ပြုပြင်ပြောင်းလဲ၍လည်း ရပါသည်။ လူအမျိုးမျိုး၏ ဘာသာရေးနှင့် ယဉ်ကျေးမှု တန်ဖိုးများထံမှ တွန်းအားရယူထားပါသည်။ ဤသို့ ထည့်သွင်းသော၊ လွှမ်းခြုံပါဝင်သော အစီအစဉ်၏ ရည်ရွယ်ချက်သည် အသက်အရွယ်မရွေး လူမှုရေး၊ စိတ်ခံစားချက်နှင့် ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးရန် ဖြစ်ပါသည်။ ထိုအတွက် လူတို့ကို သင်္ချာ၊ သိပ္ပံ၊ နိုင်ငံခြား ဘာသာစကား သို့မဟုတ် အခြားပညာရေး ဘာသာရပ်များ သင်ကြားရာတွင် ခြားနားမှု မရှိပါ။ ပညာရေးသည် တစ်ဦးချင်းအတွက်ရော လူ့အသိုင်းအဝိုင်းအတွက်ပါ ပိုမိုပျော်ရွှင်မှုနှင့် ညီညွတ်မှု ဖြစ်စေသည့် တန်ဖိုးများနှင့် ကျွမ်းကျင်မှုများကို ဖော်ထုတ်ပေးရန် တကယ်တော့ ချဲ့ထွင်နိုင်ပါသည်။

အပိုင်းသုံးပိုင်း၊ နယ်ပယ်သုံးရပ်

SEE သင်ယူမှုတွင် အပိုင်းသုံးပိုင်း ပါဝင်ပြီး ၎င်းကဖော်ထုတ်ပေးလိုသည့် ကျွမ်းကျင်မှုအမျိုးအစားများ ပါဝင်ပါသည်-

  • သတိရှိမှု
  • ကရုဏာ
  • ထိတွေ့ဆက်သွယ်မှု

ထို့ပြင် ဤအပိုင်းသုံးပိုင်းကို အောက်ပါနယ်ပယ်သုံးခုတွင် ချဲ့ထွင်ထားပါသည်-

  • တစ်ဦးချင်း
  • လူမှုရေး
  • ကမ္ဘာလုံးဆိုင်ရာ

အပိုင်းသုံးပိုင်း

သတိရှိမှု – ကျွန်ုပ်တို့၏ အတွေးများ၊ ခံစားချက်များနှင့် စိတ်ခံစားချက်များကို နားလည်အောင် ပြုလုပ်ခြင်း။ သတိရှိခြင်းဖြင့် ကျွန်ုပ်တို့၏ အတွင်းစိတ် ဘဝ၊ အခြားသူများ၏ တည်ရှိမှုနှင့် လိုအပ်ချက်များ၊ အပြန်အလှန် မှီခိုမှုတို့သည် ကျွန်ုပ်တို့ ဘဝနှင့် ကျွန်ုပ်တို့တည်ရှိရာ ကမ္ဘာလောက၏ လက္ခဏာရပ်တစ်ခုအဖြစ် သိရှိလာစေပါသည်။ ဤသို့ဖြစ်လာအောင် ပြုစုပျိုးထောင်ရန်အတွက် သည်းခံခြင်းနှင့် စူးစိုက်မှု ကောင်းမွန်ခြင်းတို့ လိုအပ်ပါသည်။

ကရုဏာ – မိမိ၊ အခြားသူများနှင့် လူသားထုအပေါ် အားလုံးပါဝင်သော၊ ကြင်နာသော၊ စာနာသော၊ သူတို့၏ ပျော်ရွှင်မှုနှင့် ဆင်းရဲဒုက္ခအပေါ် အလေးထားသော အနေနှင့် ဆက်စပ်တတ်အောင် သင်ကြားခြင်း။ ဤသို့ ကျွမ်းကျင်စေရန်အတွက် ဝေဖန်ပိုင်းခြား စဉ်းစားမှု၊ မိမိ၏ လိုအပ်ချက်များနှင့် လိုချင်သောအရာများကို နားလည်မှု၊ မိမိ၏ရေရှည် ကောင်းကျိုး ဖြစ်စေမည့်အရာကို သတိပြုမိနိုင်စွမ်းတို့ လိုအပ်ပါသည်။ ထို့နောက် အခြားသူများ၏ လိုအပ်ချက်များလည်း ပါဝင်လာအောင် ချဲ့ထွင်ကာ နောက်ဆုံးတွင် လူသားထုတစ်ရပ်လုံး၏ ဘုံလိုအပ်ချက်များကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။

ထိတွေ့ဆက်သွယ်မှု – သတိရှိမှုနှင့် ကရုဏာတို့ လေ့ကျင့်ရာမှ ရရှိလာသော နည်းလမ်းများကို လက်တွေ့ကျင့်သုံးခြင်း။ ဤနေရာတွင် ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် ရပ်ရွာ ကောင်းကျိုး ဖြစ်စေသော အပြုအမူနှင့် သဘောထား အမျိုးအစားများအကြောင်း လေ့လာခြင်း ပါဝင်ပါသည်။ ဤအတွက် မိမိကိုယ်တိုင် စည်းကမ်းရှိမှု၊ လူမှုရေး စွမ်းရည်နှင့် ကမ္ဘာ့နိုင်ငံသား တစ်ဦးအနေနှင့် ထိတွေ့ဆောင်ရွက်မှုတို့ လိုအပ်ပါသည်။

ဤအစိတ်အပိုင်း သုံးပိုင်းကို အခြေခံ တန်ဖိုးများအဖြစ် ရရှိရေးတွင် အသိပညာ ရယူခြင်းမျှသာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအဆင့်တွင် ယင်းတို့၏ အရေးပါမှုကို သဘောပေါက်ကာ မိမိစိတ်တွင် နက်ရှိုင်းစွာ ထားရှိနိုင်ရန် လိုအပ်ပါသည်။ ဤနေရာတွင် အဆင့်များစွာ ရှိပါသည်-

ပထမဦးစွာ နားထောင်ခြင်း၊ ဖတ်ရှုခြင်းနှင့် တွေ့ကြုံခြင်းတို့ဖြင့် အခြေခံ အချက်အလက်များနှင့် ထိတွေ့ကာ တန်ဖိုးတစ်ခုစီကို နားလည်မှုရရှိအောင် သင်ယူပါသည်။

ထို့နောက် ကျွန်ုပ်တို့သည် ဝေဖန်ပိုင်းခြား တွေးတောမှုဖြင့် ချဉ်းကပ်မှု နည်းအမျိုးမျိုးကို အသုံးပြုကာ တန်ဖိုးများကို လေ့လာပြီး မိမိ၏ အခြေအနေများတွင် အသုံးချပါသည်။ ထိုအခါ “ဝေဖန်ပိုင်းခြားသော အသိအမြင်” ရရှိလာပါသည်။ ဤသည်မှာ ပထမအဆင့် အသိပညာကို မိမိဘဝနှင့် ဆက်စပ်ရင်း ပုဂ္ဂိုလ်ရေး အသိအမြင် ရရှိလာသော “ထူးခြားသည့်” အခိုက်အတန့်များကို ဆိုလိုပါသည်။

အထပ်ထပ် ရင်းနှီးအောင်ပြုလုပ်ခြင်းသည် တန်ဖိုးများကို ကိုယ်ကျင့်တရား အင်အားနှင့် ပုဂ္ဂိုလ်ရေးအမူအကျင့်များ အဖြစ်သို့ ပြောင်းလဲပေးပါသည်။ ဤသို့ဖြစ်စေရန်အတွက် တစိုက်မတ်မတ် လေ့ကျင့်ခြင်း၊ ဆွေးနွေးခြင်းနှင့် ငြင်းခုန်ခြင်းတို့ဖြင့် တန်ဖိုးများ အလိုအလျှောက် ဖြစ်လာသည်အထိ ဆောင်ရွက်နိုင်ပါသည်။

နယ်ပယ်သုံးရပ်

တစ်ဦးချင်း – အခြားသူများနှင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မိမိကိုယ်ပိုင် လိုအပ်ချက်များနှင့် အတွင်းစိတ်ဘဝကို ဦးစွာ ဖြည့်ဆည်းတတ်ရပါမည်။ ဤသို့ဖြစ်စေရန် စိတ်ခံစားချက်အကြောင်း နားလည်ဖို့ လိုအပ်ပါသည်။ စိတ်ခံစားချက်များကို သိရှိကာ ယင်းတို့၏ သက်ရောက်မှုများကို နားလည်နိုင်စွမ်း ရှိခြင်းကို ဆိုလိုပါသည်။ ထိုအခါ မိမိနှင့် အခြားသူများကို အန္တရာယ် ပေးနိုင်သော စိတ်လိုက်မာန်ပါ အပြုအမူများ မပြုမိအောင် ရှောင်ရှားလာနိုင်ပါသည်။

လူမှုရေး – ကျွန်ုပ်တို့သည် လူသားများအနေနှင့် သဘာဝအရ လူမှုရေးဆန်ပြီး အခြားသူများနှင့် ကောင်းစွာဆက်စပ်မှုရှိရန် အထူးအရေးကြီးပါသည်။ သင်ယူမှု၊ စဉ်းစားမှုနှင့် ထိတွေ့လေ့ကျင့်မှုတို့မှတစ်ဆင့် လူမှုရေး အလေ့အထများ ဖန်တီးရယူနိုင်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ – ပိုမိုရှုပ်ထွေးလာသော ကမ္ဘာကြီးတွင် ကရုဏာတစ်ခုတည်းနှင့် မလုံလောက်ပါ။ မိမိနေထိုင်နေသည့် အပြန်အလှန်မှီခိုသော ကမ္ဘာလုံးဆိုင်ရာ စနစ်များအကြောင်း ပိုမိုနက်ရှိုင်းသော နားလည်မှုလည်း လိုအပ်ပါသည်။ အခြေအနေများကို ရှုထောင့်များစွာမှ ရှုမြင်တတ်ခြင်းဖြင့် ပြဿနာ ဖြေရှင်းရာတွင် ပိုပြီးဘက်စုံဖြစ်လာကာ ပြဿနာများကို အချိတ်အဆက် မရှိသော အပိုင်းအစငယ်များကဲ့သို့ မခွဲခြမ်းမိအောင် ရှောင်ရှားလာနိုင်ပါသည်။

သင်ယူမှု လမ်းကြောင်းများ

သင်ယူမှု လမ်းကြောင်းများသည် အထက်ပါ တန်ဖိုးသုံးခုကို လေ့လာခြင်း၊ အကဲဖြတ်ခြင်းနှင့် စိတ်တွင်ထားရှိခြင်း နည်းလမ်းများ ဖြစ်ပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့၏ ယင်းတို့အပေါ် အသိပညာနှင့် နားလည်မှုတို့ကို ခိုင်မာသော အခြေခံတွင် အချိန်ကြာလာသည်နှင့်အမျှ တည်ဆောက်ကာ နက်ရှိုင်းစေပါသည်။ လေးနည်း ရှိပါသည်-

ဝေဖန်စဉ်းစားခြင်း – ယုတ္တိကျသော ကျိုးကြောင်း ဆီလျော်မှု၊ ရှုထောင့်မျိုးစုံ၊ တွေ့ဆုံဆွေးနွေးမှုနှင့် ငြင်းခုန်ဆွေးနွေးမှု တို့ဖြင့် အကြောင်းအရာများနှင့် အတွေ့အကြုံများကို ပိုမိုနက်ရှိုင်းစွာ နားလည်အောင် လေ့လာခြင်း။

ပြန်လည်တွေးတော လေ့ကျင့်ခြင်း – ကျွမ်းကျင်မှုများကို စိတ်တွင် စွဲမြဲလာအောင် စနစ်ကျသော နည်းလမ်းဖြင့် ပုဂ္ဂိုလ်ရေး အတွေ့အကြုံများအပေါ် အာရုံစူးစိုက်ခြင်း။

သိပ္ပံနည်းကျ ရှုထောင့်များ – ယဉ်ကျေးမှုနှင့် ဘာသာရေးအပေါ် ဘက်မလိုက်သော ချဉ်းကပ်မှု ဖြစ်စေရန် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များနှင့် လောကအကြောင်း သိပ္ပံနည်းကျ ရှုထောင့်ကို နားလည်ခြင်း။

ထိတွေ့သင်ယူခြင်း – တီထွင်ဖန်တီး ဖော်ပြမှု (အနုပညာ၊ တေးဂီတ၊ စာရေးခြင်း) သို့မဟုတ် ဂေဟစနစ်ဆိုင်ရာ သင်ယူမှု (သဘာဝလောကနှင့် တိုက်ရိုက်ထိတွေ့မှု) စသည့် ဆက်လက်၍ ပြန်လည်တွေးတောမှု လိုအပ်သော ပူးပေါင်းပါဝင်သည့် သင်ယူမှု မဟာဗျူဟာများတွင် ပါဝင်ဆောင်ရွက်ခြင်း။

သင်ယူမှု နည်းလမ်း လေးခုစလုံးကို ကရုဏာ အခြေခံ စည်းမျဉ်းတွင် အခြေတည်ထားပြီး ယင်းသည် အပိုင်းသုံးပိုင်း၏ ဗဟိုချက် ဖြစ်နေပါသည်။ ကရုဏာသည် တစ်ခါတစ်ရံ အားနည်းမှုနှင့် မှားတတ်ပါသည်။ အခြားသူများ လိုချင်သော အရာကို မိမိက စတေးလိုက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်းနှင့် အခြား အပျက်သဘော အပြုအမူများကို ခွင့်ပြုခြင်းကဲ့သို့ ဖြစ်ပါသည်။ SEE သင်ယူမှုတွင် ကရုဏာ ဆိုသည်မှာ ရဲရင့်သော ကရုဏာ၊ အခြားသူများအပေါ် လေးထားပြီး ထည့်သွင်းစဉ်းစားသော ရပ်တည်ချက်ဖြစ်သည်ဟု နားလည်ထားကာ ယင်းသည်လည်း မြင့်မြတ်သော အတွင်းစိတ်ခွန်အားမှ ပေါ်ထွက်ကာ ပိုမိုခိုင်မာစေပါသည်။

အကျဉ်းချုပ်

SEE သင်ယူမှု ဘာသာရပ်တွင် ပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိ၏အတွေးများနှင့် စိတ်ခံစားချက်များကို ကိုယ်တိုင် ပိုမိုသိရှိလာသလို အခြားသူများနှင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာဘဝကိုလည်း သတိပြုမိလာပါသည်။ စိတ်ခံစားချက် ကျန်းမာရေးနှင့် မိမိကိုယ်ကို စောင့်ရှောက်ရေး အရည်အချင်းများ ပြုစုပျိုးထောင်ကာ အခြားသူများအတွက် ရဲရင့်သော ကရုဏာနှင့် နေရာတိုင်းရှိ လူတိုင်းကို တန်ဖိုးထားသော ဘုံ လူသားဆန်မှုကို အသိအမှတ်ပြုမှုတို့ ပါဝင်ပါသည်။ နောက်ဆုံးတွင် အကျိုးပြုသော အပြုအမူနှင့် အပျက်သဘော အပြုအမူကို ခွဲခြားသိရှိနိုင်လာပြီး အခြားသူများကို အကျိုးပြုစွာနှင့် အလေးထားစွာ ဆက်စပ်မိနိုင်ကာ ကျယ်ပြန့်သော လူမှုရေး အကျိုးစီးပွားအတွက် ကမ္ဘာ့အဆင့်တွင် ပါဝင်နိုင်အောင် ကူညီပါသည်။ ထို့ကြောင့် SEE သင်ယူမှုသည် မိမိကိုယ်ကို တန်ဖိုးထားမှုရှရိရန်၊ မိမိအနီးဝန်းကျင်မှ လူများနှင့် ဆက်ဆံရန်၊ တာဝန်သိသော ကမ္ဘာ့ နိုင်ငံသားများ ဖြစ်လာရန် လိုအပ်သော တန်ဖိုးများနှင့် ကျွမ်းကျင်မှုများ ဦးတည်ပေးသည့် လွှမ်းခြုံပါဝင်သော အစီအစဉ်တစ်ရပ် ဖြစ်ပါသတည်း။

ဆက်လက်လေ့လာလိုပါက SEE သင်ယူမှု မူဘောင် အပြည့်အစုံ ကို ဖတ်ရှုကာ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာန၏ အခြားအစီအစဉ်များ အကြောင်း လေ့လာနိုင်ပါသည်။

Top