အခြားသူများကို ခွင့်လွှတ်ခြင်း

တစ်စုံတစ်ယောက်၏ ကျူးလွန်မှု သို့မဟုတ် အမှားကို အာရုံစိုက်ရာမှ ထိုပုဂ္ဂိုလ်အပေါ်သို့ ပြောင်းလဲအာရုံစိုက်ပြီး ထိုသူသည် ဝမ်းနည်း၊ ရှုပ်ထွေးနေကြောင်း သဘောပေါက်သောအခါ ဒေါသမထွက်တော့ဘဲ သူတို့အား ကရုဏာထား ခွင့်လွှတ်နိုင်ပါသည်။
Meditation forgiving others 1

ရှင်းလင်းချက်

အောက်စဖို့ဒ်အဘိဓာန်၌ ခွင့်လွှတ်ခြင်း ဆိုသည်မှာ တစ်စုံတစ်ယောက်ကို အပြစ်ကျူးလွန်မှု၊ ချို့ယွင်းမှု သို့မဟုတ် မှားယွင်းမှုအတွက် ဒေါသ သို့မဟုတ် အာဃာတ မထားရှိခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ အချို့က ယင်းမှာ ကျူးလွန်ခံရသူ သို့မဟုတ် အဆင့်မြင့်အခွင့်အာဏာရှိသူတစ်ဦးက လွတ်ငြိမ်းခွင့် ပြုသည့်အတွက် ကျူးလွန်သူကို အပြစ်တစ်ခုခုမှ လွတ်ကင်းစေခြင်း ဆိုသည့် နောက်ထပ်အဓိပ္ပါယ်ရှိပါသည်။

စိတ်၏အစိတ်အပိုင်းများကို ဗုဒ္ဓဘာသာနည်းဖြင့် လေ့လာဆန်းစစ်မှုတွင် ခွင့်လွှတ်ခြင်းဆိုသော ဝေါဟာရ အထင်အရှား မပါဝင်သော်လည်း ဒေါသ၊ အာဃာတ (အငြိုးထားမှု) နှင့် ယင်းတို့၏ ဆန့်ကျင်ဘက်များဖြစ်သည့် ဒေါသမဖြစ်ခြင်း၊ မရက်စက်ခြင်းစသည်တို့ အမှန်ပင်ပါဝင်ပါသည်။

  • ဒေါသမထွက်ခြင်း ဆိုသည်မှာ မိမိဆောင်ရွက်ချက်ကြောင့် အခြားသူများနှင့် မိမိကိုယ်ကို ဆင်းရဲဒုက္ခကြုံအောင် လက်စားချေကာ အန္တရာယ်မပြုလိုစိတ် ဖြစ်သည်။ 
  • မရက်စက်ခြင်း ဆိုသည်မှာ ကရုဏာထဲတွင် ပါဝင်ပြီး သူတို့ကို ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများမှ လွတ်ကင်းစေလိုစိတ် ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာရှုထောင့်အရ ကျွန်ုပ်တို့သည် မိမိ၏ အန္တရာယ်ရှိသော ဆောင်ရွက်ချက်များကြောင့် အခြားသူများနှင့် မိမိကိုယ်ကို ဆင်းရဲဒုက္ခတစ်ခုခုမှ လွတ်ကင်းစေလိုစိတ် ဖြစ်ပါသည်။ သို့သော် တစ်စုံတစ်ဦး၏ မကောင်းမှု ကံအကျိုးဆက်မှ ခွင့်လွှတ်ပေးနိုင်စွမ်းမှာ မည်သူ့မှာမှ မရှိပါ။ ထို့ကြောင့် ရာဇဝတ်သားများကို လွတ်ငြိမ်းခွင့်ပေးသည့် ဘုန်းတော်ကြီး သို့မဟုတ် တရားသူကြီးကဲ့သို့ မြင့်မြတ်သော အတ္တကိုယ်ထည်ဆိုသည့် ချဲ့ကားထားသောသဘော မပါဝင်တော့ပါ။ 

ခွင့်လွှတ်ခြင်းအတွက် ဗုဒ္ဓဘာသာနည်းလမ်းတွင် အဓိကအချက်မှာ အခြားသူဖြစ်စေ၊ မိမိဖြစ်စေ လူပုဂ္ဂိုလ်နှင့် ထိုသူ၏ အန္တရာယ်ရှိသော၊ အပျက်သဘော ဆောင်ရွက်ချက်များ၊ ထိုသူ၏ အမှားများမှ ခွဲခြားထားလိုက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အပျက်သဘောဆောင်ရွက်ပြီး အမှားပြုမိသည်မှာ ကျွန်ုပ်တို့ဆိုးသွမ်း၍မဟုတ်ဘဲ အပြုအမူဆိုင်ရာ အကောင်း၊ အကျိုးနှင့် အမှန်တရားအကြောင်းကို ရှုပ်ထွေးနေသည့်အတွက် ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ နားလည်မှုမှာ အကန့်အသတ်ရှိသောကြောင့်လည်း အမှားကျူးလွန်မိပါသည်။ ကျွန်ုပ်တို့သည် အကန့်အသတ်ရှိသော သံသရာလည်နေသူများဖြစ်ပြီး ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ရှုပ်ထွေးမှုနှင့် ပြဿနာများ ရှိပါသည်။ ထို့ကြောင့် ကရုဏာထားရှိရန် သင့်တော်သူများဖြစ်သည်။ မိမိကိုယ်တိုင် အန္တရာယ်ဖြစ်စေမှုနှင့် ဆင်းရဲဒုက္ခများစွာ ဖြစ်စေခဲ့ပြီးသည့်အတွက် နောက်ထပ်မပြုလုပ်သင့်တော့ပါ။

ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ခွင့်လွှတ်ခြင်းဆိုသည်မှာ ဤသို့ဆိုလိုပါသည်- 

  • အခြားသူဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ ထိုပုဂ္ဂိုလ်နှင့် အပြုအမူကို ခွဲခြားခြင်း 
  • ထိုသူတို့အပေါ်တွင်ဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ ဒေါသမထွက်ခြင်း သို့မဟုတ် မရက်စက်ခြင်း  
  • ကျွန်ုပ်တို့ဖြစ်စေ၊ ထိုသူတို့ဖြစ်စေ အပျက်သဘောပြုမူစေသော သို့မဟုတ် အမှားကျူးလွန်စေသော အကြောင်းရင်းများမှ ကင်းလွတ်စေလိုစိတ်ဖြင့် ကရုဏာထားရှိခြင်း။ 

သို့သော် အန္တရာယ်ရှိသော အပြုအမူ သို့မဟုတ် အမှားအယွင်းနှင့် ပတ်သက်လျှင် သည်အတိုင်းထိုင်နေပြီး ဘာမှမဆောင်ရွက်ခြင်း မဟုတ်ပါ။ နောက်ထပ် အပျက်သဘော အပြုအမူများ ရပ်တန့်ရန်နှင့် အမှားပြင်ဆင်ရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပါမည်။ ဒေါသ သို့မဟုတ် အာဃာတတို့ မပါဝင်သလို ထိုသူတို့ကို လွတ်ငြိမ်းခွင့်ပေးသည့် မောက်မာသော ခံစားချက်လည်း မပါဝင်ရပါ။

တရားရှုမှတ်ခြင်း

အခြားသူများကိုရော မိမိကိုယ်ကိုပါ ခွင့်လွှတ်ရန် လိုသော်လည်း ယနေ့တွင် အခြားသူများကို အဓိကထား ဆွေးနွေးသွားပါမည်။

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင့်ကိုနာကျင်အောင် သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုပြုလုပ်ခဲ့သူ၊ သင်ကဒေါသထွက်ပြီး တေးမှတ်ထားကာ လက်စားချေနိုင်လောက်သူ၊ နောက်ပိုင်းတွင် သူတို့အပြုအမူကို ပြန်စဉ်းစားတိုင်း ဒေါသထွက်ဝမ်းနည်းမိသူ တစ်ယောက်ကို အမှတ်ရလိုက်ပါ။
  • သင်ခံစားရပုံကို ပြန်စဉ်းစားပြီး ဤခံစားချက်မျိုးမှာ ပျော်ရွှင်အဆင်ပြေသော စိတ်အခြေအနေ မဟုတ်ကြောင်း သတိပြုလိုက်ပါ။
  • ယခုအခါ သင့်စိတ်တွင် ထိုသူကို သူ၏အပြုအမူနှင့် ခွဲခြားကြည့်ပါ။ ယင်းမှာ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့လျှင်ပင် သူတို့ဘဝ တစ်ခုလုံးအဆက်အစပ်အရ ဖြစ်ရပ်တစ်ခုသာဖြစ်ပါသည်။
  • ထိုသူသည် ကျွန်ုပ်အပါအဝင် အခြားသူအားလုံးကဲ့သို့ပင် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို အလိုမရှိပါ။ သို့သော် သူတို့ပျော်ရွှင်စေမည့်အရာနှင့် ပတ်သက်၍ ရှုပ်ထွေးနေပါသည်။ ထို့ကြောင့် မပျော်ရွှင်သည့်အတွက် မသိနားမလည်မှုမှသည် သင့်အားနာကျင်စေခြင်း၊ စိတ်အနှောင့်အယှက် တစ်ခုခုပေးခြင်းတို့ကို အပျက်သဘော ပြုမူဆောင်ရွက်ခဲ့ပါသည်။
  • ဤသို့နားလည်မှုကို သင်ပိုပြီးအာရုံစိုက်လေ၊ သင့်ဒေါသနှင့် အာဃာတတို့ လျော့ပါးသွားလေ ဖြစ်သည်ကို သတိပြုပါ။
  • သူတို့ကို ကရုဏာထားပါ။ သင့်ကိုနာကျင်စေခြင်း၊ စိတ်အနှောင့်အယှက် တစ်ခုခုပေးခြင်း ဖြစ်စေသည့် ရှုပ်ထွေးမှုနှင့် မပျော်ရွှင်မှုတို့ သူတို့ထံ၌ ကင်းလွတ်စေရန် ဆန္ဒပြုပါ။
  • သင့်တော်သောတစ်ချိန်တွင် သင်ကလည်း တည်ငြိမ်ပြီး သူတို့ကလည်း လက်ခံမှုရှိသောအခါ၌ သူတို့ဆောင်ရွက်ခဲ့မှုကြောင့် သင်နာကျင်ခဲ့သည်ကို သင်ကထောက်ပြပြီး ပြဿနာကိုဖြေရှင်းရန် ကြိုးစားပါ။

အမှားကျူးလွန်ခဲ့သူ တစ်ဦးနှင့်လည်း ထိုအတိုင်း ထပ်မံဆောင်ရွက်ပါ-

  • သူတို့ပြုခဲ့သောအမှားနှင့် သူတို့အား သင်ဒေါသထွက်ခဲ့ပုံကို ပြန်အမှတ်ရပါ။
  • သင်ခံစားရပုံကို ပြန်စဉ်းစားပြီး ဤခံစားချက်မျိုးမှာ ပျော်ရွှင်အဆင်ပြေသော စိတ်အခြေအနေ မဟုတ်ကြောင်း သတိပြုလိုက်ပါ။ 
  • ယခုအခါ သင့်စိတ်တွင် ထိုသူကို သူ၏အမှားကျူးလွန်ခဲ့သော အပြုအမူနှင့် ခွဲခြားကြည့်ပါ။
  • ထိုသူသည် ကျွန်ုပ်အပါအဝင် အခြားသူအားလုံးကဲ့သို့ပင် အကူအညီပေးလိုပြီး အမှားကျူးလွန်လိုခြင်း မရှိပါ။ သို့သော် တစ်ခုခု ဆောင်ရွက်ပြုမူရန် အကောင်းဆုံးနည်းလမ်းနှင့် ပတ်သက်၍ ရှုပ်ထွေးနေပါသည်။ သို့မဟုတ် အာရုံမစိုက်ခြင်း၊ ပျင်းရိခြင်း စသည်တို့ ရှိနေနိုင်ပါသည်။ ထို့ကြောင့် မသိနားမလည်မှုနှင့် အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များဖြင့် အမှားကျူးလွန်ခဲ့ပါသည်။ သူတို့သည် အကန့်အသတ်ရှိသော သံသရာထဲမှသတ္တဝါတစ်ဦးသာ ဖြစ်သည့်အတွက် သူတို့အမြဲတမ်း ပြီးပြည့်စုံကာ အမှားမပြုလုပ်ရဘူးဟု မျှော်လင့်ပါက လက်တွေ့ကျမည်မဟုတ်ပါ။ 
  • ဤသို့နားလည်မှုကို သင်ပိုပြီးအာရုံစိုက်လေ၊ သင့်ဒေါသ ပိုပြီးလျော့ပါးသွားလေ ဖြစ်သည်ကို သတိပြုပါ။
  • သူတို့ကို ကရုဏာထားပါ။ သူတို့ကို အမှားကျူးလွန်စေသည့် ရှုပ်ထွေးမှု၊ မသိနားမလည်မှုနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ သူတို့ထံ၌ ကင်းလွတ်စေရန် ဆန္ဒပြုပါ။
  • သင့်တော်သောတစ်ချိန်တွင် သင်ကလည်း တည်ငြိမ်ပြီး သူတို့ကလည်း လက်ခံမှုရှိသောအခါ၌ သူတို့အမှားကို သင်ကထောက်ပြပြီး ယင်းကိုပြုပြင်နိုင်အောင် သူတို့အားကူညီမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါ။

အကျဉ်းချုပ်

ခွင့်လွှတ်ခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်ကို သူတို့၏အပျက်သဘော အပြုအမူ သို့မဟုတ် အမှားများအတွက် ကျွန်ုပ်တို့က သူတို့ထက် ပိုမြင့်မြတ်ပြီး ပိုမိုပြီးပြည့်စုံနေသည့်အလား၊ သူတို့က မိမိထက်ပိုဆိုးသွမ်းသောကြောင့် မောက်မာသောလုပ်ပိုင်ခွင့်အရ သူတို့က လက်စားမချေလျှင်တောင်မှ လွတ်ငြိမ်းခွင့်ပေးသည်ဟု မဆိုလိုပါ။ ခွင့်လွှတ်ခြင်းဆိုသည်မှာ ဒေါသမထွက်ခြင်း၊ ရန်ငြိုးမထားခြင်း၊ အာဃာတဖြင့် လက်စားမချေခြင်းဟု ဆိုလိုပါသည်။ ထိုသူကို သူ၏အပြုအမူ သို့မဟုတ် အမှားနှင့် ခွဲခြားပါသည်။ ထိုသူအား ကရုဏာထားပါသည်။ သူတို့အပြုအမူကို ပြုပြင်ရန် သို့မဟုတ် သူတို့အမှားကို ထပ်မကျူးလွန်အောင် ကူညီရန် ဆောင်ရွက်ပါသည်။ ဤနည်းဖြင့် ဒေါသကြောင့် ကျွန်ုပ်တို့ခံစားရမည့် ထောင်ချောက်များနှင့် မပျော်ရွှင်မှုများကို ရှောင်ရှားလိုက်ပါသည်။ အထူးသဖြင့် ဒေါသကြောင့် ဖြစ်လာသည့် အတွေးများ၊ ကြမ်းတမ်းမောက်မာသော စကားများ၊ ဒေါသတကြီး အဆင်ခြင်မဲ့ ပြုမူမှုများကို ရှောင်ရှားလိုက်ပါသည်။

Top