စိတ်လိုက်မာန်ပါ မဖြစ်အောင် တားဆီးခြင်း

တစ်ခုခုပြုမူ၊ ပြောဆိုချင်သောစိတ် ဖြစ်လာချိန်နှင့် စိတ်လိုက်မာန်ပါ ထိုသို့ပြုမိချိန်အကြား နေရာလွတ်တွင် အကျိုးဆက်များကို အကဲဖြတ်ရန် အချိန်ရပြီး အလေ့အထဆိုးများ၏ ကျေးကျွန်မဖြစ်အောင် ရပ်တန့်နိုင်ပါသည်။
Meditations conquering compulsiveness

ရှင်းလင်းချက်

ကံဆိုသည်မှာ ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါဆောင်ရွက်မှုနှင့် သက်ဆိုင်ပါသည်။ စေ့ဆော်မှုစေတနာ သို့မဟုတ် စိတ်၏နှိုးဆွမှုများကို ဆိုလိုပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် အနှောင့်အယှက်ပေးသော သဘောထားအချို့၏ တွန်းအားကြောင့် ကျွန်ုပ်တို့သည် တစ်ခုခုပြောဆို၊ ဆောင်ရွက်၊ တွေးတောရန် သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်ခံရပါသည်။

ထိုစိတ်လိုက်မာန်ပါ နှိုးဆွမှုများအတိုင်း လိုက်ပါဆောင်ရွက်ပါက ကိုယ်၊ နှုတ်၊ စိတ်အပြုအမူများကို စိတ်လိုက်မာန်ပါ အထပ်ထပ်ဆောင်ရွက်စေပါသည်။ စိတ်ထဲ၌ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် ပြင်ပတွင် မိမိရောက်ရှိနေသော အခြေအနေ သို့မဟုတ် ထိတွေ့ရသူများ စသည့် အခြေအနေအမျိုးမျိုး ကြုံရသောအခါ ထိုဖြစ်လိုစိတ်များကြောင့် ထိုဆောင်ရွက်ချက်ကို အထပ်ထပ်ပြုမူလိုစိတ် ဖြစ်လာပါသည်။ ထို့နောက် အပြုအမူ၏ အကျိုးဆက်များကို မဆင်ခြင်မိတော့ဘဲ ယင်းကိုထပ်မံကျူးလွန်လိုက်ပါသည်။ ဤသို့ စိတ်လိုက်မာန်ပါ အပြုအမူကြောင့် မပျော်ရွှင်မှု သို့မဟုတ် စိတ်ကျေနပ်မှုလုံးဝမရှိသည့် ပျော်ရွှင်မှုလည်း ဖြစ်လာပါသည်။ ကံဆိုသည်မှာ အဆိုပါအပြုအမူ၏ နောက်ကွယ်မှ စေ့ဆော်မှုများနှင့် စိတ်လိုက်မာန်ပါဖြစ်မှုများ ဖြစ်ပါသည်။

ဤနည်းဖြင့် ပြဿနာများ ပေါ်ပေါက်လာပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် အောက်ပါပုံစံများကို တွန်းအားပေးပါသည်-

  • စိတ်လိုက်မာန်ပါ အပြုအမူပုံစံများ – ဥပမာအားဖြင့် ဘာကိုမှလွတ်မသွားအောင် တွယ်တာပြီး ဖုန်းထဲရှိ မက်ဆေ့ချ်နှင့် Facebook စာမျက်နှာကို စိတ်လိုက်မာန်ပါ ကြည့်ရှုနေခြင်း သို့မဟုတ် အခြားသူတို့၏ ခံစားချက်များကို မသိနားမလည်စွာ ထည့်မစဉ်းစားတော့ဘဲ မိဘများနှင့်ညစာစားချိန်တွင် မက်ဆေ့ချ်များပို့ခြင်း သို့မဟုတ် ယာဉ်ကြောပိတ်ချိန်တွင် ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ဟွန်းတီးကာ အခြားသူများကို ဖြတ်ကျော်ရန် ကြိုးစားခြင်း။
  • စိတ်လိုက်မာန်ပါ ပြောဆိုမှုပုံစံများ – ဥပမာအားဖြင့် စိတ်မကျေနပ်မှုကြောင့် စိတ်လိုက်မာန်ပါ တိုင်ကြားခြင်း၊ မိမိအတွက်သာ အရေးထားပြီး မောက်မာမှုကြောင့် စိတ်လိုက်မာန်ပါ ဝေဖန်ပြစ်တင်ပြီး အနိုင်ကျင့်သကဲ့သို့ ဒေါသတကြီး ပြောဆိုခြင်း၊ ရှက်ကြောက်မှုနှင့် မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းခြင်းကြောင့် တိုးတိတ်စွာ စကားပြောဆိုခြင်း။
  • စိတ်လိုက်မာန်ပါ တွေးတောမှုပုံစံများ – ဥပမာအားဖြင့် မလုံခြုံမှုကြောင့် စိတ်လိုက်မာန်ပါ စိုးရိမ်ခြင်း၊ အမှန်တရားကို မသိနားမလည်ခြင်း သို့မဟုတ် အမှန်တရားကို ရှောင်ရှားလိုခြင်းကြောင့် စိတ်လိုက်မာန်ပါ စိတ်ကူးယဉ်ခြင်း။

အထက်ပါ နမူနာများမှာ မိမိကိုယ်ကိုပျက်စီးစေသည့် စိတ်လိုက်မာန်ပါ အပြုအမူပုံစံများဖြစ်ပြီး မပျော်ရွှင်မှု ဖြစ်စေပါသည်။ သို့သော် အပြုသဘောပုံစံများလည်း ရှိပြီး ယင်းတို့သည်လည်း စိုးရိမ်သောကများ ဖြစ်ပါသည်။ ဥပမာ၊ ပြီးပြည့်စုံရေးဝါဒီ၊ အခြားသူများ၏ အယူအဆကို စိတ်လိုက်မာန်ပါ ပြုပြင်ခြင်း၊ “ဟင့်အင်း” ဟုဘယ်တော့မှ မငြင်းသည့် စိတ်လိုက်မာန်ပါ ကောင်းကျိုးဆောင်သူများ၊ အလုပ်ကြိုးစားလွန်းသူများ စသည်တို့ ဖြစ်ပါသည်။ ယင်းတို့တွင် အခြားသူများကို ကူညီလိုခြင်း သို့မဟုတ် ကောင်းတာကို ပြုလုပ်လိုခြင်းကဲ့သို့ နောက်ကွယ်မှ အပြုသဘော စိတ်ခံစားချက်အပိုင်း ရှိနေနိုင်ပါသည်။ သို့သော် ယင်းတို့နောက်ကွယ်တွင် “ငါ” ကောင်းမွန်ရမည်။ “ငါ့” ကို လိုအပ်မှုရှိစေရမည်။ “ငါ” ပြီးပြည့်စုံရမည် စသည်ဖြင့် “ငါ” ဆိုသည့် အစွဲနှင့် ချဲ့ကားမှု ရှိနေပါသည်။ ယင်းတို့ကြောင့် ကျွန်ုပ်တို့ ယာယီပျော်ရွှင်နိုင်ပါသည်။ ဥပမာ၊ ကောင်းမွန်သည့်အရာ တစ်ခုခု ဆောင်ရွက်ချိန်ကဲ့သို့ ဖြစ်ပါသည်။ သို့သော် ထိုပျော်ရွှင်မှုသည် တာရှည်မခံဘဲ ယင်းသည်ပင် ပြဿနာဖြစ်လာပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် လုံလောက်အောင် မကောင်းမွန်ကြောင်း ခံစားရခြင်း သို့မဟုတ် မိမိ၏တန်ဖိုးရှိမှုကို သက်သေပြရန် ကောင်းကျိုးဆောင်မှု တစ်ခုခု သွားရောက်ဆောင်ရွက်နေရခြင်းတို့ ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပထမဦးစွာ တည်ငြိမ်ပြီး အရှိန်လျှော့ချရန်လိုပါသည်။ သို့မှသာ တစ်ခုခု ပြောဆို၊ ဆောင်ရွက်လိုစိတ် ဖြစ်လာခြင်းနှင့် ယင်းကို စိတ်လိုက်မာန်ပါ ဆောင်ရွက်ခြင်းတို့အကြား ကွာခြားမှုကို သိရှိနိုင်ပါမည်။ ထိုနှစ်ခုကြားတွင် နေရာလွတ်ရှိရှိပြီး ထိုကာလတွင် ကျွန်ုပ်တို့သည် ၎င်း၏နောက်ကွယ်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ရှိနေသလား၊ မိမိသည် (ပြီးပြည့်စုံခြင်းကဲ့သို့) မဖြစ်နိုင်သည့်အရာအတွက် စိတ်လိုက်မာန်ပါ တွန်းအားပေးမိနေသလား၊ (ယားယံမှုကို ကုတ်ခြစ်ခြင်းကဲ့သို့) ရုပ်ပိုင်းဆိုင်ရာ တစ်ခုခုဆောင်ရွက်ဖို့ လိုသလား၊ ၎င်းသည် အကျိုး၊ အပြစ်ရှိသလားဟု အကဲဖြတ်နိုင်ပါသည်။ ထို့ကြောင့် ခွဲခြားသိရှိသောပညာဖြင့် အကဲဖြတ်ကာ မိမိပြုမူ၊ ပြောဆိုချင်သောအရာအတိုင်း ဆောင်ရွက်ရန် အကြောင်းရင်းကောင်းများ မရှိဘဲ စိုးရိမ်မှု အကြောင်းပြချက်တစ်ခုခုကြောင့်သာ ဖြစ်ကြောင်း သိမြင်ပါက ဤခံစားချက်အတိုင်း မဆောင်ရွက်ရန် မိမိကိုယ်ကို ထိန်းချုပ်လိုက်ရပါမည်။ ထိုအတွက် မိမိပြုမူ၊ ပြောဆို၊ တွေးတောပုံကို သတိရှိရန်လိုပါသည်။ သို့မဟုတ် တစ်နေ့တာလုံး မိမိကိုယ်ကို ပြန်သုံးသပ်ကာ မိမိကိုယ်ကို ထိန်းချုပ်မှု လိုအပ်ပါသည်။

ရည်မှန်းချက်မှာ ခွဲခြားသိရှိသောပညာကို အသုံးချပြီး တတ်နိုင်သလောက် စိတ်လိုက်မာန်ပါ မပြုမူရန် ဖြစ်သည်။ မိမိအပြုအမူ နောက်ကွယ်တွင် အပြုသဘော စိတ်ခံစားချက်များရှိကာ မိမိနှင့်ပတ်သက်၍ တတ်နိုင်သလောက် ရှုပ်ထွေးမှု မရှိဘဲ လက်တွေ့ကျရန် ဖြစ်ပါသည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင့်ကာယကံ၊ ဝစီကံ၊ မနောကံတို့တွင် စိတ်လိုက်မာန်ပါြဖစ်သည့်ပုံစံများကို သိရှိအောင်ကြိုးစားပါ။
  • ယင်းတို့ထဲမှတစ်ခုကို ရွေးချယ်ပြီး ထိုနောက်ကွယ်တွင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ရှိသလား သို့မဟုတ် အမှားမကျူးလွန်မိခြင်းကဲ့သို့ မဖြစ်နိုင်တာ တစ်ခုခုကို တွယ်တာမှု ရှိသလား ဆန်းစစ်ပါ။
  • သင်စိတ်လိုက်မာန်ပါ ပြုမူသောအခါ သင်ကိုယ်တိုင် ပြဿနာအချို့ ဖြစ်စေနိုင်သလို အခြားသူများကိုလည်း ပြဿနာနှင့် အခက်အခဲများ ဖြစ်စေနိုင်သည်ကို ကြိုးစားအသိအမှတ်ပြုပါ။ ထိုအခါ မပျော်ရွှင်မှု သို့မဟုတ် စိတ်မကျေပ်ဖွယ် ရေတိုပျော်ရွှင်မှု ဖြစ်စေသည်ကို သတိပြုပါ။
  • သင်ပြုမူပြောဆိုလိုသောအရာကို အကဲဖြတ်ရန် ခွဲခြားသိရှိအောင်ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်ထားပါ။ ရှန်တီဒေဝ၏ အကြံပြုချက်မှာ မိမိကိုယ်ကို ပျက်စီးစေပါက သို့မဟုတ် သင့်အတ္တကိုကြီးထွားစေပါက မိမိကိုယ်ကိုထိန်းချုပ်ပြီး သစ်တုံးကဲ့သို့ နေလိုက်ရပါမည်။
  • တရားရှုမှတ်ရန်ထိုင်နေစဉ်တွင် ယားယံပြီး ကုတ်ခြစ်လိုခြင်း သို့မဟုတ် ခြေထောက်ရွှေ့လိုခြင်းတို့ ခံစားရပါက ထိုသို့ခံစားရချိန်နှင့် အမှန်တကယ် ကုတ်ခြစ်မိလိုက်ချိန်အကြား ကွာဟချက်ကို သတိပြုပါ။ သင်ဆောင်ရွက်လိုသောအရာကို ပြုလုပ်ရန်၊ မပြုလုပ်ရန် ဆုံးဖြတ်နိုင်သည်ကို သတိပြုပါ။ ထိုအတိုင်း မပြုမူသည့် အကျိုးဆက်သည် ပြုမူလိုက်ခြင်း၏ အကျိုးဆက်ထက် များစွာသာလွန်သည်ဟု ဆုံးဖြတ်လိုက်ပါက မိမိကိုယ်ကိုထိန်းချုပ်ပြီး သစ်တုံးကဲ့သို့ နေလိုက်နိုင်သည်ကို ရှုမြင်ပါ။
  • သင့်နေ့စဉ်ဘဝတွင် စိတ်လိုက်မာန်ပါ အပြုအမူနှင့် ပတ်သက်လျှင် တစ်ခုခု ဆောင်ရွက်လိုချိန်နှင့် အမှန်တကယ် ဆောင်ရွက်ချိန်အကြား နေရာလွတ်ကို ပိုပြီးသတိရှိနိုင်အောင် ကြိုးစားရပါမည်။ ထိုအတိုင်း မပြုမူသည့် အကျိုးဆက်သည် ပြုမူလိုက်ခြင်း၏ အကျိုးဆက်ထက် များစွာသာလွန်သည်ဟု ဆုံးဖြတ်လိုက်ပါက သစ်တုံးကဲ့သို့နေလိုက်ပါ။

အကျဉ်းချုပ်

ကျွန်ုပ်တို့၏ မိမိကိုယ်ကို ပျက်စီးစေသော စိတ်လိုက်မာန်ပါ အပြုအမူသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် ဖြစ်လာပြီး မပျော်ရွှင်မှုနှင့် ပြဿနာများဆီ ဦးတည်သွားကြောင်း တွေ့နေရပါသည်။ ထို့ပြင် အပြုသဘော ကောင်းမွန်သောနည်းဖြင့် စိတ်လိုက်မာန်ပါ ပြုမူချိန်မှာပင်လျှင် ၎င်းကို မိမိကိုယ်တိုင် မလုံခြုံမှုနှင့် လက်တွေ့မကျသော စိတ်ကူးများကြောင့် တွန်းအားပေးမိပါက ရေတိုပျော်ရွှင်မှုကို ရရှိနိုင်ပါသည်။ ဥပမာ အလုပ်တစ်ခု ကောင်းစွာပြီးမြောက်ခြင်း သို့မဟုတ် အကူအညီပေးလိုက်ခြင်းတို့ဖြစ်သည်။ သို့သော် ထို့နောက်တွင် မိမိကိုယ်ကို ထပ်မံသက်သေပြရန် စိတ်လိုက်မာန်ပါ ခံစားမိပြန်ပါသည်။

ကျွန်ုပ်တို့သည် တည်ငြိမ်ရန်လိုအပ်ပြီး တစ်ခုခုပြုမူ၊ ပြောဆို၊ တွေးတောလိုသည့် ခံစားချက်နှင့် စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုတို့အကြား နေရာလွတ်ကို ဖမ်းမိရန်လိုပါသည်။ မိမိကိုယ်ကိုပြန်လည်သုံးသပ်ကာ သတိရှိပြီး ခွဲခြားသိရှိရန်လိုပါသည်။ ဗောဓိသတ္တရတနာ့ပန်းကုံး (၂၈) တွင် အတိဿ ရေးသားထားသလိုပင်-

အများသူငါကြားတွင် ရှိနေချိန်၌ ကျွန်ုပ်၏စကားကို စစ်ဆေးပါမည်။ တစ်ဦးတည်း ရှိနေချိန်၌ ကျွန်ုပ်၏စိတ်ကို စစ်ဆေးပါမည်။

သို့သော် ကျွန်ုပ်တို့သည် အမြဲတမ်း စစ်ဆေးနေသည့်အတွက် တင်းကြပ်ပြီး ထိန်းချုပ်ထားသလို မဖြစ်အောင် ကြိုးစားပါ။ ဤသို့ဆောင်ရွက်ပါက သင်သည် ရုတ်တရက်မဆောင်ရွက်နိုင်ကြောင်း ကန့်ကွက်လိုပါမည်။ သို့သော် ရုတ်တရက်ဖြစ်မှု ဆိုသည်မှာ ခေါင်းထဲဝင်လာသမျှ အရာတိုင်းကို အကျိုးကျေးဇူးနှင့် ဆီလျော်မှုရှိ၊ မရှိ အကဲမဖြတ်ဘဲ ဆောင်ရွက်ရန် ဆိုပါက ညဘက်တွင် ကလေးငယ်တစ်ဦး ငိုနေပါက ကျွန်ုပ်တို့ အိပ်ရာမထလိုပါက မထဘဲ နေပါမည်။ သို့မဟုတ် ကလေးငယ် အသံတိတ်အောင် ရိုက်ပုတ်လိုက်စိတ်ဖြစ်ပါက ရိုက်ပုတ်မိပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူ ပြဿနာများ၊ ကံနှင့်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရာတွင် တရားရှုမှတ်ရန် လိုပါသည်။ အထပ်ထပ် ရှုမှတ်မှသာ မိမိကိုယ်ကို အစောင့်ချပြီး စောင့်ကြည့်ခြင်းကဲ့သို့ တင်းကြပ်ခက်ထန်မှု မရှိတော့ဘဲ မိမိဆောင်ရွက်လိုသောအရာကို အလိုအလျောက် သဘာဝကျစွာ သတိရှိလာပါမည်။

Top