ဗုဒ္ဓဘာသာကို သင်ယူလေ့လာရသည့် အဓိကအချက်ကဘာလဲ။

တရားရှုမှတ်ခြင်းကို ဗုဒ္ဓဘာသာ အဆက်အစပ်ဖြင့် ပြောသောအခါ အတော်လေး သီးခြား ပြောဆိုရမည် ဖြစ်ပါသည်။ ယခုအခါ ‘‘တရားရှုမှတ်ခြင်း’’ ဆိုသောစကားလုံးကို နေရာတိုင်းတွင် မကြာခဏ ကြားနေရပါသည်။ အကြောင်းမှာ ၎င်းသည် နာမည်ကောင်း အတော်ရထားပြီး လူအများအပြားက အနားယူမှု စသည်တို့အတွက် အထောက်အကူအနေနှင့် အသုံးပြုလာသောကြောင့် ဖြစ်ပါသည်။ သို့သော် အမှန်တကယ် တရားရှုမှတ်ကျင့်ကြံမှုနှင့် ပတ်သက်လျှင် လူအများစုက ဘာလုပ်ရမှန်း မသိကြပါ။ ငြိမ်သက်စွာ ထိုင်နေရန်လိုသည်ဟု သိရှိကြသော်လည်း ထို့နောက် ဘာဆက်လုပ်မည်နည်း။ ဝင်လေထွက်လေကို အာရုံစိုက်ကာ၊ မေတ္တာအတွေးများ ထားရှိခြင်းထက် ပိုပါသလား။

သက္ကတဘာသာတွင် တရားရှုမှတ်ခြင်းဆိုသည့် စကားရပ်မှာ တစ်ခုခုကို အမှန်တရား ဖြစ်လာအောင် ပြုလုပ်ခြင်းဆိုသည့် အဓိပ္ပာယ် ရှိပါသည်။ အလေ့အထအချို့ ရရှိလာရန် ဆိုသည့် အဓိပ္ပာယ်ပါသော စကားလုံးဖြင့် တိဘက်ဘာသာဝင်တို့က ဘာသာပြန်ထားပါသည်။ အလေ့အထတစ်ခု ဖြစ်လာသောအခါ မိမိနှင့် တစ်သားတည်း ဖြစ်လာပြီး တရားရှုမှတ်မှု ဆိုသည်မှာလည်း ထိုသို့ဖြစ်အောင် ကြိုးစားရခြင်းပင် ဖြစ်ပါသည်။ အကျိုးပြုသည့် အပြောင်းအလဲတစ်ခု ကိုယ်တွင်း၌ ဖြစ်လာစေလိုပါသည်။ အရင်ဆုံး မေးရမည့်အချက်မှာ ဘာကြောင့်ထိုသို့ ပြောင်းလဲရမည်နည်း။ ပုံမှန်အားဖြင့် ဘဝတွင် နေထိုင်ပုံ၊ ခံစားရပုံ၊ အခြားသူများ သို့မဟုတ် မိမိအလုပ်နှင့် ဆက်ဆံပုံတို့ကို အတော်လေး မပျော်မရွှင် ဖြစ်မိသည့်အတွက် ဖြစ်ပါသည်။ အကြောင်းရင်း များစွာ ရှိသော်လည်း အများစု၏ ရည်မှန်းချက်မှာ ဘဝကို ပိုကောင်းအောင်နေထိုင်ရေး ဖြစ်ပါသည်။

ပြဿနာများကို ရှောင်မပြေးဘဲ ဖြေရှင်းခြင်း

ကျွန်ုပ်တို့ ပြောင်းလဲလိုပြီး တိုးတက်လိုသည့် အချက်မှာ အရေးကြီးပါသည်။ တရားရှုမှတ်မှုမှတစ်ဆင့် စိတ်ကူးယဉ် ကမ္ဘာထဲသို့ ရောက်သွားလိုခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်လိုပါက မူးယစ်ဆေး၊ အရက်စသည့် အခြားနည်းလမ်းများစွာ ရှိပါသည်။ တစ်ခုခု မစဉ်းစားမိအောင် တစ်နေ့လုံး သီချင်းနားထောင်နေလို့ ရပါသည်။ တစ်ခါတစ်ရံ ထိုအရာများ၏ လွှမ်းမိုးမှုအောက်၌ ကျွန်ုပ်တို့ ပြဿနာများ အားပျော့သွားခြင်း၊ တကယ်မဟုတ်တော့သလို ထင်ရခြင်းတို့ ရှိလာပါသည်။ သို့သော် ပြဿနာများကို ဖြေရှင်းရန် တကယ်တမ်း မလေ့လာသည့်အတွက် အမြဲတမ်း ပြဿနာ ပြန်ဖြစ်ပါသည်။ လူအများအပြားက တရားရှုမှတ်ခြင်းကို ဆေးဝါးကဲ့သို့ အသုံးပြုကြသည်။ သို့သော် ထိုသို့ပြုခြင်းမှာ ရေရှည်တွင် ကောင်းမွန်သည့် အထောက်အကူ ဖြစ်မည်မဟုတ်ပါ။ ခေါင်းလောင်းထိုးခြင်း၊ ဗုံတီးခြင်း ပြုလုပ်ကာ ဗုဒ္ဓဘာသာ ပျော်ပွဲရွှင်ပွဲမျိုး ကျင်းပနိုင်သော်လည်း ကိုယ်တွင်းမှ အပြောင်းအလဲတစ်ခုခု မဖြစ်လာပါ။ ထွက်ပေါက်ရှာမှုသာ ဖြစ်ပါလိမ့်မည်။

သို့သော် ဗုဒ္ဓဘာသာ အစဉ်အလာအတိုင်း ရည်ရွယ်ထားသည့် တရားရှုမှတ်မှု ကျင့်ကြံပါက ကျွန်ုပ်တို့၏ ပြဿနာများမှ ထွက်ပြေးမည်မဟုတ်ဘဲ ဖြေရှင်း ကျော်လွှားရန်သာ ကြိုးစားပါတော့မည်။ ဤသည်မှာ တကယ်တော့ မလွယ်သည့်အတွက် အလွန်သတ္တိရှိခြင်းဖြစ်ပြီး အားထုတ်မှုများစွာ လိုပါသည်။ ပျော်စရာ ကောင်းမည်မဟုတ်သည့် အတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ ယင်းကို ကာယလေ့ကျင့်မှုနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ကြမ်းတမ်းသည့်အတွက် ကြွက်သားများ ဒဏ်ဖြစ်သော်လည်း ပိုပြီး သန်မာရန်၊ ပိုပြီးကျန်းမာရန်အတွက် ဤအခက်အခဲကို တောင့်ခံလိုစိတ် ရှိပါသည်။

တရားရှုမှတ်သောအခါတွင်လည်း ခန္ဓာကိုယ်မဟုတ်ဘဲ စိတ်ကိုအလုပ်ပေးသည့်အတွက် ထိုအတိုင်း ဖြစ်ပါသည်။ အချို့ဗုဒ္ဓဘာသာ ပုံစံများတွင် သိုင်းလေ့ကျင့်ခန်းကဲ့သို့ ခန္ဓာကိုယ်တွင် အားထုတ်ပြီး တရားရှုမှတ်မှုနှင့် ရောစပ်မှု ရှိကြသော်လည်း တိဘက်ဗုဒ္ဓဘာသာတွင် ထိုသို့မရှိပါ။ ခန္ဓာကိုယ်တွင် လေ့ကျင့်သည်မှာ အမှားတစ်ခု မဟုတ်သလို အလွန်ပင် အသုံးတည့်ပါသည်။ သို့သော် ဤနေရာတွင် စိတ်ကို အဓိကအာရုံစိုက်ပါသည်။ အသိဉာဏ်မျှသာမက ကျွန်ုပ်တို့၏ စိတ်ခံစားချက်နှင့် နှလုံးသားကိုပါ ဆိုလိုပါသည်။ ဗုဒ္ဓဘာသာ ကျင့်ကြံမှု စတင်သောအခါ အခြေခံအကျဆုံးအချက်မှာ စိတ်ကို ငြိမ်သက်စွာထားရန် ဖြစ်သည်ဟု ဗုဒ္ဓဘာသာ ဆရာတော်ကြီးများက အလေးထား ဟောကြားပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ ပြုမူဆောင်ရွက်ပြီး အခြားသူများနှင့် ဆက်သွယ်ပုံမှာ စိတ်ကချည်း အုပ်စိုးနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။

မိမိကိုယ်ကို ရိုးသားစွာ လေ့လာခြင်း

ဘဝတွင် အခက်အခဲများ ရှိကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ထိုအတွက် အကြောင်းရင်းသည် ကျွန်ုပ်တို့စိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ တစ်ခုခုဖြစ်သည်ကို တွေ့ရပါသည်။ မိမိကိုယ်ကို အမှန်တကယ် ရိုးသားစွာ လေ့လာပါက လောဘ၊ ဒေါသ၊ တစ်ကိုယ်ကောင်းဆန်မှု၊ မနာလိုမှု၊ တဏှာ၊ မောက်မာမှု၊ မသိမှု အစရှိသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များစွာကို တွေ့ရပါသည်။ ပို၍နက်ရှိုင်းစွာ လေ့လာပါက ဘဝနှင့် ပတ်သက်ပြီး မလုံခြုံမှုနှင့် ရှုပ်ထွေးမှုတို့ ရှိသည်ကို တွေ့ရပါသည်။ ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက ကျွန်ုပ်တို့၏ စိတ်အခြေအနေကို လွှမ်းမိုးကာ မိမိရော အခြားသူများအတွက်ပါ ပြဿနာ ဖန်တီးမည့်ပုံစံဖြင့် အခြားသူများကို ပြုမူ၊ ပြောဆို၊ ဆက်ဆံစေပါသည်။ တစ်ကိုယ်တည်း ရှိနေစဉ်မှာပင် ကျွန်ုပ်တို့၏စိတ်သည် တစ်ခါတစ်ရံ မသက်မသာ ဖြစ်ပြီး အနှောင့်အယှက်ပေးသော အတွေးများစွာ ပေါ်လာနေပါသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်မှု အမှန်တကယ် မရှိကြပါဟု ရိုးရှင်းစွာ ပြောရပါလိမ့်မည်။

တရားရှုမှတ်ခြင်းသည် ဤအခြေအနေကို ပြောင်းလဲနိုင်အောင် ရည်ရွယ်ပါသည်။ တစ်ခုခုအကြောင်း လုံးဝ မတွေးမိအောင် ဆေးအချို့သောက်ခြင်းမျိုး မဟုတ်ပါ။ အချို့သူများက တရားရှုမှတ်မှုကို ထိုသို့ရှုမြင်သည့်တိုင် ဤသည်မှာ အဖြေမဟုတ်ပါ။ ထိုင်ပြီး မျက်စိမှိတ်ကာ အရာရာပိတ်ဆို့ထားလိုက်ပါက ပြဿနာအားလုံး ပျောက်ကွယ်သွားမည်ဟု သူတို့က ထင်ကြပါသည်။ ဤနည်းက မမှန်ပါ။ ကျွန်ုပ်တို့ ပြဿနာများကို တက်ကြွစွာ တိုက်ထုတ်ရန် လိုပါသည်။

တကယ့်ရန်သူကို ရှာဖွေခြင်း

ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက တကယ့် ရန်သူဖြစ်သည်ဟု အလွန်ခက်ထန်သောစကားဖြင့် ဗုဒ္ဓဘာသာစာပေတွင် တစ်ခါတစ်ရံ တွေ့ရပါသည်။ ဤသည်မှာ ကြောက်ရွံ့ခြင်း၊ အကြောက်လွန်ခြင်း ဖြစ်လာအောင် မကောင်းဆိုးရွား တစ်မျိုးကဲ့သို့ ပြုလုပ်ခြင်း မဟုတ်ပါ။ ဤအရာကို ကြိုးစားရမည်ဟူ၍ အသိအမှတ်ပြုရန် ဖြစ်ပါသည်။ ‘‘မင်းကို စိတ်ကုန်ပြီ။ ဒီပြဿနာတွေ၊ ဒုက္ခတွေ ဖြစ်အောင်လုပ်တယ်။ ခုလမ်းခွဲရတော့မယ်။’’ ဟုပြောပြီး ဤအခက်အခဲများကို ပြောထားသည့် လှပသော ဗုဒ္ဓဘာသာစာပေများ ရှိပါသည်။ ထို့ကြောင့် အားတင်းပြင်ဆင်ကာ ထိုင်ပြီးနောက် စိတ်ကိုပြောင်းလဲရန် ကြိုးစားရပါမည်။ သို့မှသာ တရားရှုမှတ်ခြင်း မည်ပါသည်။

တရားရှုမှတ်ခြင်းကို လွယ်ကူစွာ ပြောရလျှင် အကျိုးပြုသော အလေ့အထများ မွေးမြူပြီး မကောင်းသော အလေ့အထများကို ပြောင်းလဲရန် မိမိကိုယ်ကို လေ့ကျင့်သည့် နည်းစနစ် ဖြစ်ပါသည်။ ထိုအလေ့အထများမှာ ကျွန်ုပ်တို့ တွေးတောပုံ၊ ခံစားပုံ၊ အရာရာကို စိတ်ခံစားချက်အလိုက် တုံ့ပြန်ပုံ ဖြစ်ပါသည်။ ထိုအတွက် လေ့ကျင့်မှု၊ အထပ်ထပ် ဆောင်ရွက်မှုလိုပါသည်။ သိပ္ပံနည်းကျ နည်းစနစ် ဖြစ်ပါသည်။ အားကစားသမားများ သို့မဟုတ် ဂီတတူရိယာ တီးခတ်သူများ သို့မဟုတ် အကကျင့်သူများ လေ့ကျင့်သလိုပင် အစတွင် အတော်လေးလုပ်ယူရပါသည်။ သို့သော် တစ်ခုခုနှင့် ရင်းနှီးလာသောအခါ သဘာဝကျကျ အလိုလိုဖြစ်လာပါသည်။ စိတ်၊ စိတ်ခံစားချက်၊ ခံစားချက်တို့နှင့် ပတ်သက်လျှင်လည်း ထိုသဘောအတိုင်းဖြစ်ပါသည်။

ပြောင်းလဲ၍ ရနိုင်သလား။

ယခုအခါ မေးစရာ မေးခွန်းကြီးတစ်ခု ပေါ်လာပါသည်။ ကျွန်ုပ်တို့ အမှန်တကယ် ပြောင်းလဲနိုင်ပါသလား။ မိမိကိုယ်ကို ပြောင်းလဲရန် တကယ်ကြိုးစားရာတွင် တကယ်ဖြစ်နိုင်သည်ဟု အရင်ဆုံး ယုံကြည်လာရန် လိုပါသည်။ အချို့လူများက ‘‘ငါက ဒီပုံစံပဲ။ ပြောင်းလဲဖို့ ဘာမှ မလုပ်တတ်ဘူး။ ဒီတော့ ဒီအတိုင်း နေရုံပဲ။’’ သို့မဟုတ် ‘‘ငါက ဒေါသကြီးတယ်။ စိတ်ဆိုးတတ်တာက ငါ့ပုံစံပဲ။’’ ဟု ပြောသည်ကို တစ်ခါတစ်ရံ တွေ့ပါသည်။ တစ်ခုခုကို အလွန်အခိုင်အမာ သတ်မှတ်ထားပါက ယင်းကို ပြောင်းလဲဖို့ခက်မည်မှာ သဘာဝကျပါသည်။

မိမိကိုယ်ကို ရိုးသားစွာကြည့်ရန် လိုပါသည်။ အချို့အရာများကို ဘာကြောင့် သတ်မှတ်ထားကြပါသလဲ။ ကျွန်ုပ်တို့သည် ဒေါသကြီးသူဆိုလျှင် အမြဲတမ်း ဒေါသထွက်နေခြင်း မဟုတ်ပါ။ မိခင်၊ ဖခင်တို့က ဤသို့လုပ်သည့်အတွက် ဒေါသကြီးသည် စသည်ဖြင့် အခြားသူများကိုလည်း အပြစ်တင်နိုင်ပါသည်။ ဤသည်မှာ တကယ်တော့ အထောက်အကူ မဖြစ်ပါ။ ပို၍နက်ရှိုင်းစွာ ကြည့်ပါက ထိုစိတ်ခံစားချက်များ ထွက်ပေါ်သည့်နေရာကို ရှာကြည့်နိုင်ပါသည်။ ‘‘ဒေါသမထွက်နဲ့။ လောဘမကြီးနဲ့။ တစ်ကိုယ်ကောင်း မဆန်နဲ့။’’ ဟု မိမိကိုယ်ကို နေ့စဉ် ပြောနေလည်း ဒါကိုတကယ် ရပ်တန့်ရန် အလွန်ခက်ခဲသည် မဟုတ်ပါလား။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေရပုံကို ပြောင်းလဲနိုင်မည့် နည်းစနစ်တစ်ခု ရှာဖွေရပါတော့မည်။

ကျွန်ုပ်တို့၏ သဘောထားက အရာရာအပေါ် သက်ရောက်သည်

ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေ ဖြစ်ပေါ်လာရသည်မှာ ကျွန်ုပ်တို့၏ ‘‘သဘောထား’’ ဟုခေါ်နိုင်သည့် အချက်ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆိုထားပါသည်။ ဆိုလိုသည်မှာ အရာရာကို ရှုမြင်ပုံဖြစ်ပါသည်။ ကျွန်ုပ်တို့ အလုပ်ပြုတ်သွားသည် ဆိုပါစို့။ ဒါကို ဘေးဆိုးကြီးတစ်ခုလို ကြည့်လိုက်ပြီး ဒေါသထွက်ကာ စိတ်ဓာတ်ကျနိုင်ပါသည်။ ဘာကြောင့်လဲ။ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ကိစ္စတစ်ခုဟု ထိုအချိန်က တွေးမိလိုက်သောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့ အလုပ်ပြုတ်သွားသည်မှာ မှန်ပါသည်။ ယင်းကို ပြောင်းလဲ၍ မရပါ။ ပြောင်းလဲ၍ ရနိုင်သည်မှာ ထိုအလုပ် ဆုံးရှုံးမှုကို ရှုမြင်ပုံ ဖြစ်သည်။ ဒါကိုပင် သဘောထားဟု ဆိုလိုပါသည်။ ထို့ကြောင့် ယင်းကို ခြားနားစွာကြည့်လိုက်ပြီး ယခုအခါ ကလေးများနှင့် အချိန်ပိုပေးနိုင်သည်။ သို့မဟုတ် အလုပ်ပြောင်းရန် တွေးနိုင်သည်။ ကောင်းပြီ။ ဒါက စီးပွားရေးအရ အကူအညီ မပေးသော်လည်း အနည်းဆုံးတော့ စိတ်ခံစားချက် မထိခိုက်တော့ပါ။ ထို့ကြောင့် အရာရာကို ရှုမြင်ပုံဆိုသည့် ဤအချက်ကို တရားရှုမှတ်ရာ၌ အဓိကအာရုံစိုက်နိုင်ပါသည်။ အကြောင်းမှာ ယင်းသည် ကျွန်ုပ်တို့၏ ခံစားချက်ကို လွှမ်းမိုးသောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်၏ အရင်းနှီးဆုံး သူငယ်ချင်းမှာ ယခင်တစ်ပတ်က ဆုံးသွားပါသည်။ ထိုအတွက် ဝမ်းနည်းမိပါသည်။ ထိုအချက်က ပုံမှန်ဖြစ်ပါသည်။ ဘာမှမှားနေခြင်း မရှိပါ။ သူဆုံးသွားသည်ကို ပျော်ရွှင်မနေပါ။ သို့သော် ဤနေရာတွင် ကျွန်ုပ်၏ စိတ်အခြေအနေကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သူမဆုံးခင် တစ်ပတ်က သူ့ကို ဖုန်းဆက်မည်ဟု ခံစားမိသော်လည်း ထိုသို့နည်းနည်းမှ မလုပ်မိခဲ့ပါ။ သူကလုံးဝ နေကောင်းပါသည်။ ရေသွားချိုးရာမှ နှလုံးရောဂါဖောက်ပြီး ရေချိုးခန်းထဲတွင် လဲကျသွားပါသည်။ လုံးဝမမျှော်လင့်ထားသလို အလွန်လျင်မြန်သည့် အခိုက်အတန့် ဖြစ်ပါသည်။ တစ်ပတ်ကြိုတင်ပြီး စဉ်းစားမိကတည်းက ထိုသို့ သူ့ကိုစကားမပြောလိုက်ရသည်ကို နောင်တ ကြီးစွာ ရမိနိုင်ပါသည်။ သို့မဟုတ် သူဆုံးတော့မည်ဟု သိပါက ပြောလိုသည့် စကားအားလုံး စဉ်းစားကာ မိမိကိုယ်ကို အတော်ဒေါသ ဖြစ်နိုင်ပါသည်။ ထိုသို့တွေးခြင်းမှာ ကျွန်ုပ်၏ စိတ်ခံစားချက်ကို အများကြီးပိုဆိုးစေပါလိမ့်မည်။

ကျွန်ုပ်တို့ အတူရှိခဲ့သော ပျော်စရာ အချိန်များ၊ ၃၅ နှစ်ကြာ သူငယ်ချင်း ဖြစ်ခဲ့သည့်အတွက် တကယ့်ပျော်စရာ ကိစ္စများစွာ အတူဆောင်ရွက်ခဲ့သည်များ၊ ဤမျှခင်စရာကောင်းသူ တစ်ယောက်ကို ခင်ခွင့်ရသည်မှာ မည်မျှကံကောင်းသည် ဆိုသည့်အချက်များကို ပြန်အမှတ်ရလိုက်ပါသည်။ သူသည် ကျွန်ုပ်သိသမျှ အနောက်တိုင်းသားထဲမှ ရိုးသားစစ်မှန်မှု အရှိဆုံး ဓမ္မကျင့်ကြံသူ ဖြစ်နိုင်ပါသည်။ သူ့ဇနီးသည်ကို စောင့်ရှောက်သလိုပင် ကျွန်ုပ်လည်း ထိုသို့ပြုလုပ်မည်ဟု သိပါက အလွန်စိတ်ကျေနပ်မည်ကို ကျွန်ုပ်သိပါသည်။ ထို့ကြောင့် ထိုအတိုင်း ဆောင်ရွက်နေပါသည်။

ဤသည်မှာ တရားရှုမှတ်ခြင်း၏ ရလဒ်ဖြစ်သည်။ သဘာဝလွန် စွမ်းအား သို့မဟုတ် ထူးခြားသောအရာ တစ်ခုခု ရရှိခြင်း မဟုတ်ပါ။ သင်ရရှိသည်မှာ ခက်ခဲသော အခြေအနေတစ်ခု ရင်ဆိုင်ရပါက မပျော်ရွှင်သော အပျက်သဘော အခြေအနေထဲ စိတ်က ရောက်မိသွားလျှင် ထိုသို့ဆက်လက်ပြုလုပ်ပါက ပိုဆိုးသွားမည်ကို အရင်ဆုံး ကောင်းစွာ သိရှိနားလည်ထား ပါသည်။ ထိုခက်ခဲသော အခြေအနေများကို ပိုမိုကောင်းမွန်စွာ နားလည်လာပါသည်။ ကောင်းစွာ လေ့ကျင့်ထားပါက အရာရာ ရှုမြင်ပုံကိုပါ လုံးဝပြောင်းလဲလာနိုင်ပါသည်။ ကျွန်ုပ်၏သူငယ်ချင်းကို ဆုံးရှုံးစဉ်ကလို ဝမ်းနည်းမှု ခံစားရနိုင် ပါသေးသည်။ သို့သော် ထိုဝမ်းနည်းမှု လျော့ပါးအောင် ပျော်ရွှင်မှု စိတ်ကူးအချို့လည်း ပေါင်းထည့် ပေးနိုင်ပါသည်။


ကျွန်ုပ်တို့၏ အစွမ်းအစကို ယုံကြည်လာခြင်း

အရာရာအပေါ် ကျွန်ုပ်တို့ ရှုမြင်ပုံကို ပြောင်းလဲနိုင်စွမ်း ရှိပါသလား။ ပြောင်းလဲနိုင်သည်ဟု ဖြေရပါလိမ့်မည်။ ကလေးဘဝက အလွန် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ထင်သောအရာများကို ကြည့်ပါက ယခုအခါ အတော်လေး အဓိပ္ပာယ် မရှိသော၊ မိုက်မဲသော၊ ပျင်းစရာကောင်းသော အရာများဟု ထင်လာရပါသည်။ အသက်ကြီးလာသောအခါ သဘောထားများစွာ ပြောင်းလဲလာပါသည်။ နောက်ထပ် ပြောင်းလဲနိုင်သည်ဟုလည်း ယုံကြည်လာသည်နှင့် ထိုသို့ပြောင်းလဲရန် နည်းစနစ်များကို အမှန်တကယ် လေ့လာရပါမည်။ ထိုအတွက် အဆင့်သုံးဆင့် ရှိပါသည်-

  • မှန်ကန်သော အချက်အလက် ရရှိခြင်း - ပိုပြီးအကျိုးရှိသော အလေ့အထ ဖြစ်မည့်အရာကို လေ့လာရန် လိုပါသည်။ နာကြား၊ ဖတ်ရှု၊ သင်ယူခြင်းဖြင့် ထိုသို့ဖြစ်နိုင်ပါသည်။ ဤအဆင့်တွင် နားလည်ရမည်ဟု မဆိုလိုသော်လည်း ဗုဒ္ဓဘာသာ နည်းစနစ်ဖြစ်သည်ဟု ခွဲခြားသိမြင်လာနိုင်ပါသည်။
  • ၎င်း၏အဓိပ္ပာယ်ကို စဉ်းစားခြင်း - ရရှိထားသော အချက်အလက်များကို စဉ်းစားကာ နားလည်လာအောင် ရှုထောင့်အမျိုးမျိုးမှနေ၍ တွေးတောဆန်းစစ်ရန် လိုပါသည်။ ကျွန်ုပ်တို့ လေ့လာနေသောအရာသည် မှန်ကန်ပြီး အဓိပ္ပာယ်မဲ့ မဟုတ်ကြောင်း သဘောပေါက်လာရပါမည်။ ၎င်းသည် ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ဘဝတွင် တစ်သားတည်း ပေါင်းစည်းနိုင်မည်ကို ယုံကြည်ရန်လည်း လိုပါသည်။
  • တရားရှုမှတ်ခြင်း - ယခုဆိုလျှင် ပိုပြီး အကျိုးရှိသော အလေ့အထဖြစ်အောင် လေ့လာသဘောပေါက်ထားသော အရာကို တိုးပွားလာအောင် တရားရှုမှတ်ဖို့ အသင့်ဖြစ်နေပါပြီ။

မှန်ကန်သော အချက်အလက်နှင့် စဉ်းစားခြင်း

မှန်ကန်သော အချက်အလက် ရရှိရေးသည် ထင်သလောက် မလွယ်ပါ။ စစ်မှန်သော ဗုဒ္ဓဘာသာ နည်းစနစ်များ သင်ကြားပေးသူ များစွာ ရှိပါသည်။ သို့သော် တစ်စုံတစ်ယောက်က စာတစ်အုပ်ရေးပြီး ထုတ်ဝေလိုက်ရုံနှင့် ထိုစာအုပ်ပါ အကြောင်းအရာကို မှန်သည်ဟု မဆိုလိုပါ။ ဆရာတစ်ယောက်သည် အလွန်နာမည်ကြီးပြီး ဆွဲဆောင်မှုရှိသည်ဆိုတိုင်း သူတို့သင်သမျှ မှန်ကန်သည်ဟု မဆိုလိုပါ။ ဟစ်တလာသည် အလွန် ဆွဲဆောင်မှုရှိပြီး အလွန်နာမည်ကျော်ပါသည်။ သို့သော် သူသင်ကြားသမျှ မမှန်သည်မှာ ရှင်းနေပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာတွင် အသိဉာဏ် အသုံးချရေးကို အလေးအနက် ပြောထားပါသည်။ တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ကွဲပြားမှုကဘာလဲ။ တိရစ္ဆာန်တစ်ကောင်ကို အလုပ်များစွာ သင်ကြားပေးနိုင်သော်လည်း ကျွန်ုပ်တို့က ပိုပြီးသာလွန်သည်မှာ အသိဉာဏ် ဖြစ်ပါသည်။ အကျိုးပြုသောအရာနှင့် အကျိုးမဲ့သောအရာကို ကျွန်ုပ်တို့က ခွဲခြားသိရှိပါသည်။ တစ်ခုခုကို အစတွင် နားမလည်လျှင်လည်း လေ့လာသိရှိနိုင်အောင် အသိဉာဏ်ကို အသုံးပြုနိုင်ပါသည်။ တရားတော်များ နာကြား၊ ဖတ်ရှုသောအခါ ထိုသို့အသုံးချရန် လိုအပ်သည့်အတိုင်းပင် ဖြစ်ပါသည်။

ဘုရားရှင် ဟောကြားခဲ့သော အရာအားလုံးသည် အခြားသူများအကျိုးအတွက် ရည်ရွယ်ပါသည်။ သို့သော် တရားတော်များက အကျိုးရှိ၊ မရှိကို မိမိကိုယ်တိုင် စစ်ဆေးကြည့်နိုင်ပါသည်။ ထိုအတွက် ရေရှည်သက်ရောက်မှုများကို ကြည့်ရန် လိုပါသည်။ အကြောင်းမှာ ရေတိုအကျိုးကျေးဇူးများက ဝမ်းမြောက်ဖွယ် သိပ်မကောင်းနိုင်ပါ။ ကုသရာတွင် မနှစ်မြို့ဖွယ် ဖြစ်နိုင်သည့် ဆေးဝါးကုသမှုအချို့နှင့် တူပါသည်။ သို့သော် ရေရှည်အကျိုးကျေးဇူး ရှိသည့် ကင်ဆာအတွက် ဓာတ်ကင်ခြင်းမျိုး ဖြစ်ပါသည်။

ထိုကဲ့သို့ မဆောင်ရွက်ဖူးပါက သို့မဟုတ် တရားတော်များကို လေ့လာပြီး ဘဝနှင့်လည်းကောင်း၊ မိမိအတွေ့အကြုံနှင့်လည်းကောင်း မဆက်စပ်ဖူးပါက ယင်းကို မည်ကဲ့သို့ အမှန်တကယ် တရားရှုမှတ်နိုင်ပါမည်နည်း။ တစ်ခုခု လိုအပ်သလား၊ တကယ်ကောင်းမွန်သလား မစဉ်းစားဘဲ ဝယ်လိုက်ခြင်းနှင့် တူပါသည်။

စနစ်တကျ တရားရှုမှတ်ခြင်း

တရားတော်များကို စဉ်းစားတွေးတောခြင်းမှာ အလွန်အကျိုးကျေးဇူးများသည့်အတွက် အချို့လူများက ဤအရာကိုပင် တရားရှုမှတ်ခြင်းဟု ခေါ်ချင်ခေါ်ကြပါသည်။ သို့သော် ‘‘တရားရှုမှတ်ခြင်း’’ ဟု ပိုပြီး စနစ်တကျ ခေါ်နိုင်သည်မှာ ဤသို့ ပိုပြီးအကျိုးရှိသော စိတ်အခြေအနေကို ပုံမှန်ဘဝ၊ နေထိုင်မှုဘဝထဲသို့ ပေါင်းစည်းသည့် လုပ်ငန်း ဖြစ်ပါသည်။ ဤအတွက် အဆင့်နှစ်ဆင့် ရှိပါသည်-

  • လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း - ဤပထမအဆင့်ကို ‘‘ဆန်းစစ်လေ့လာသော တရားရှုမှတ်ခြင်း’’ ဟု ခေါ်လေ့ရှိပါသည်။ အသေးစိတ် အချက်များနှင့် အထောက်အကူပြုသော အချက် အားလုံးကို လေ့လာရင်း ပိုကောင်းသည့် သဘောထားဖြင့် တစ်စုံတစ်ခုကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။
  • တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း - ဒုတိယအဆင့်တွင် အသေးစိတ် အားလုံးကို တက်ကြွစွာ မလေ့လာတော့ဘဲ ကျွန်ုပ်တို့၏ အရာဝတ္ထုပေါ်တွင် ပိုပြီး အားစိုက်ကာ အာရုံစိုက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆန်းစစ်မှုကို ၎င်းအပေါ် ကျွန်ုပ်တို့၏ သဘောထားအဖြစ် အဓိက ကောက်ချက်ချလိုက်ပါသည်။

လူအများစုက တရားစတင်ရှုမှတ်သောအခါ ဝင်လေထွက်လေကို အာရုံစိုက်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ကို ငြိမ်အောင်ထားပြီး ဝင်လေနှင့် ထွက်လေကို အာရုံစိုက်ပါသည်။ ရိုးရှင်းသည်ဟု ထင်ရသော်လည်း တကယ်တော့ ပြုလုပ်ရသည်မှာ အလွန်ပင် ခက်ခဲသည်။ အသက်ရှူမှုကို အာရုံစိုက်သောအခါ ဘာကိုကြိုးစားပြုလုပ်ရသနည်း။ ပထမဆုံး အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ ခံစားမှုများ ဖြစ်စေသော ခေါင်းထဲမှ အသံများ ငြိမ်သွားအောင် ကြိုးစားပါသည်။ ဤသည်မှာ နောက်ခံ ရည်တည်နေမှုကို ဖယ်ရှားခြင်းနှင့် တူပါသည်။ သို့သော် တစ်ချိန်တည်းမှာပင် အသက်ရှူမှုကို ကြားသိဖူးသော၊ တွေးတောဖူးသော၊ နားလည်ဖူးသော သိမြင်သဘောပေါက်မှု အချို့ဖြင့် အာရုံစိုက်နိုင်ပါသည်။ ဤနေရာတွင် လေ့လာဆန်းစစ်ပြီး တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း ဝင်လာပါသည်။ ဥပမာ၊ အသက်ရှူမှုသည် မမြဲခြင်း၏ သရုပ်သကန်ဖြစ်ကြောင်း သဘောထားနိုင်ပါသည်။ အမြဲတမ်း ပြောင်းလဲနေပါသည်။ သို့မဟုတ် အသက်ရှူမှုမှ ‘‘ငါ’’ နှင့် ခွဲခြားထားမှု မရှိသောအချက်ကို ကြည့်နိုင်ပါသည်။ မည်သူက အသက်ရှူနေပါသလဲ။ သို့သော် ဤသို့ ဆန်းစစ်ခြင်းမှာ စတင်ကျင့်ကြံသူများအတွက် အလွန်ရှုပ်ထွေးစေနိုင်ပါသည်။

ထိုထက်ပိုကောင်းသော စတင်ရန်နေရာမှာ မိမိကိုယ်ကို ပြန်ဆန်းစစ်ခြင်း ဖြစ်သည်ဟု ထပ်ပြောရပါမည်။ ကျွန်ုပ်တို့သည် အလုပ်၊ မိသားစု၊ အထွေထွေ လူမှုအသိုင်းအဝိုင်း စသည်တို့ထံမှ ဖိအားများစွာအောက်တွင် အမြဲရောက်နေပါသည်။ ထို့ကြောင့် စိတ်ကလည်း စိုးရိမ်မှုများ၊ အနှောင့်အယှက် အတွေးများဖြင့် ရောထွေးနေသည်။ အနားယူရန် ခက်ခဲလှသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ပိုပြီးဖြေလျော့ကာ ပိုပြီးအခြေခိုင်အောင် နေလိုက်ရုံနှင့် များစွာအကျိုးရှိပါမည်။ ထိုအခါ ပြဿနာ အားလုံးကို အဆုံးစွန် မဖြေရှင်းပေးသည့်တိုင် အပြုသဘော ပထမအဆင့် ဖြစ်ပါသည်။ ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် ‘‘ငါအသက်ရှင်နေတယ်။’’ ဟုတွေးကာ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ အမှန်တရားဖြစ်နှင့် နီးစပ်လာနိုင်ပါသည်။ အသက်ရှူမှုသည် ထိုအတွက် အမှတ်လက္ခဏာကောင်းတစ်ခု ဖြစ်နေသည်မှာ သေသည်အထိ ဝင်သက်ထွက်သက် ရှိနေသောကြောင့် ဖြစ်ပါသည်။ ဘဝမည်မျှခက်ခဲပါစေ အသက်ရှူမှုက အမြဲရှိနေပါသည်။ ယင်းကို ပိုပြီးသတိပြုမိလာပါက ဘဝသည်ရှေ့ဆက်သွားနေသည်ကို နားလည်စေနိုင်ပါသည်။ မည်သို့ရှိစေကာမူ ဘဝက ရှေ့ဆက်သွားနေပါသည်။ ကျွန်ုပ်၏သူငယ်ချင်း ဆုံးပါးစဉ် အချိန်မျိုးမှာပင် ဤသို့ ဘဝသည် ရှေ့ဆက်သွားနေသည်ဟု နားလည်လာသောကြောင့် ထိုအတွေးက အထောက်အကူပြုပါသည်။

ဤသို့သိရှိထားပါကာ စဉ်းစားကြည့်ပြီးနောက် နားလည်လာပါသည်။ အဓိပ္ပာယ်ရှိသည်ကိုလည်း ယုံကြည်လာပါသည်။ ဘဝသည် ရှေ့ဆက်သွားနေကြောင်း မြင်လာကာ ကျွန်ုပ်၏ခန္ဓာကိုယ်နှင့် ပိုမိုချိတ်ဆက်မိလာပါက အကျိုးရှိပါသလား။ ကြောက်ရွံ့၊ စိတ်ဓာတ်ကျမှု အတွေးများတွင် လုံးဝမနစ်မွန်းတော့အောင် အကျိုးရှိပါသလား။ မှန်ပါသည်။ ထိုသို့ အကျိုးရှိပါသည်။ မိမိ၏ဝင်လေထွက်လေကို အာရုံစိုက်ပြီး သတိပြုနိုင်စွမ်း ရှိပါသလား။ မှန်ပါသည်။ အခြားလှုပ်ရှားမှုကို တစ်စက္ကန့်၊ နှစ်စက္ကန့် နားလိုက်ရုံနှင့် အမြဲတမ်းရှိနေသည့် ဝင်လေထွက်လေကို သတိပြုမိနိုင်ပါသည်။ ထို့ကြောင့် အလွန် နက်ရှိုင်းပြီး အဆင့်မြင့်သော နားလည်မှုမျိုးပင် မလိုပါ။ ပိုမိုနက်ရှိုင်းလေ၊ ပိုကောင်းလေ မှန်သော်လည်း စတင်ခါစတွင် ဤမျှဆိုလျှင် လုံလောက်ပါသည်။

တရားရှုမှတ်ခြင်းအလုပ်

စိတ်၏လက္ခဏာရပ်နှစ်ချက် ရှိသည်ကို သိရှိသောအခါ ဝင်လေထွက်လေကို အာရုံစိုက်မှုအကြောင်း နားလည်လာပါသည်။ ယင်းတို့မှာ ကျွန်ုပ်တို့၏ အာရုံစိုက်မှုနှင့် တွဲဖက်နေသော စိတ်အခြေအနေများ ဖြစ်ပါသည်-

  • ခြုံငုံသိရှိမှု - တစ်ခုခုကို အကြမ်းဖျင်းအားဖြင့် သတိပြုခြင်း
  • သိမ်မွေ့သော လေ့လာဆန်းစစ်မှု - တစ်ခုခုကို အလွန်အသေးစိတ်ကျစွာ နားလည်ခြင်း

ထိုစိတ်အခြေအနေနှစ်ရပ်အကြား ခွဲခြားဖော်ပြသည့် အစဉ်အလာအရ နမူနာမှာ ပန်းချီကားတစ်ချပ်ကို ကြည့်ခြင်း ဖြစ်ပါသည်။ ခြုံငုံသိရှိမှု ဖြင့် ကျွန်ုပ်တို့က ဤအရာသည် တစ်စုံတစ်ယောက်၏ ပန်းချီကားဟု သတိပြုမိပါမည်။ ထိုသို့သိလာသောအခါ စိတ်က ပြောနေရုံသက်သက် မဟုတ်ဘဲ ကြည့်ရှုခြင်းအားဖြင့် သိရှိပါသည်။ အလွန် အခြေခံကျကျ ပြောရလျှင် ‘‘နားလည်သဘောပေါက်မှု’’ ဟု ခေါ်ပါသည်။ သိမ်မွေ့သော လေ့လာဆန်းစစ်မှု ဖြင့် ကျွန်ုပ်တို့သည် ပန်းချီကားကို ပိုပြီး အသေးစိတ်ကြည့်ကာ ထူးခြားချက်အချို့ပါသည့် ဤပုဂ္ဂိုလ်၏ ပန်းချီကားဖြစ်ကြောင်း နားလည် သဘောပေါက်လာပါသည်။

ဤသည်မှာ ဝင်လေထွက်လေကို အာရုံစိုက်ရင်း ဆောင်ရွက်သောအရာ ဖြစ်ပါသည်။ ထိုလေသည် အမြဲတမ်း ရှိနေသောအရာ ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိနားလည်ကာ နှာသီးဖျားမှ ဝင်၊ ထွက်နေပုံ အသေးစိတ်ကို သိမြင်ပါသည်။ မည်သည့်ကိစ္စ ဖြစ်နေစေကာမူ ထိုလေသည် ကျွန်ုပ်အသက်ရှင်နေသ၍ ဆက်ရှိနေပါသည်။ ထို့ကြောင့် တည်ငြိမ်၊ လုံခြုံပြီး အားထားရသည်ဟု ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ တက်ကြွစွာ သိပြုမိသည့်အရာ ဖြစ်သောကြောင့် ‘‘သိမြင်မှု တရားရှုမှတ်ခြင်း’’ ဟုခေါ်ခြင်း ဖြစ်ပါသည်။ ယင်းကို ဝေဖန်ဆန်းစစ်မှု မပြုသော်လည်း တစ်နည်းနည်းဖြင့် ရှုထောင့်တစ်ခုမှနေ၍ လေ့လာသဘောပေါက်ခြင်း ဖြစ်ပါသည်။

ဒုတိယအဆင့်ဖြစ်သည့် တည်ငြိမ်စေသော တရားရှုမှတ်ခြင်းမှာ ဤနည်းအတိုင်း တက်ကြွစွာ သိမြင်ရန် မလိုအပ်ဘဲ သိရုံသိထားပါသည်။ ဤသို့ တစ်ခုခုကို တက်ကြွစွာ နားလည်သဘောပေါက်မှုနှင့် သိရုံသိမှုတို့အကြား စိတ်အခြေအနေ အတော်လေး ကွဲပြားပါသည်။ တရားရှုမှတ်ပြီး ရလဒ်မှာ ကျွန်ုပ်တို့သည် ပိုပြီးအခြေခိုင်လာခြင်း၊ ပိုပြီး တည်ငြိမ်လုံခြုံလာခြင်း ဖြစ်ပါသည်။ အထပ်ထပ် လေ့ကျင့်ပါက၊ ဖြစ်နိုင်လျှင် နေ့တိုင်းလေ့ကျင့်ပါက ထိုသို့ဖြစ်လာပါသည်။

ကျွန်ုပ်တို့၏ကျင့်ကြံမှုကို နေ့စဉ်ဘဝ၌ အသုံးချခြင်း

အထူးသဖြင့် ဝမ်းနည်းမှု ခံစားနေရချိန်တွင် ဤကျင့်ကြံမှုကို သတိရအောင် ကြိုးစားရပါမည်။ ခက်ခဲသည်မှာ မှန်သော်လည်း ကာယ လေ့ကျင့်မှုနှင့် အလားသဏ္ဌာန်တူကြောင်း ရှေ့တွင်ပြောခဲ့ပါသည်။ သို့သော် နောက်ဆုံးတွင် နားလည်မှု အလွန်နက်ရှိုင်းစွဲမြဲလာသည့်အတွက် ယင်းကို တစ်ချိန်လုံး သိနေပါသည်။ ဘဝသည် ရှေ့ဆက်သွားနေကြောင်း အမြဲ သိလာပါသည်။ ပိုမိုနက်ရှိုင်းသောအဆင့်တွင် ဘာပဲဖြစ်နေပါစေ၊ ပြဿနာ မဟုတ်ကြောင်း သိလာပါသည်။ ဤသို့ အလွန်နက်ရှိုင်းစွာ သိနေသည့်အတွက် ဘဝကို ရှုမြင်ပုံအပေါ် ပြောင်းလဲပေးသည့် အလေ့အထ ဖြစ်လာပါသည်။ ဤသည်မှာ တရားရှုမှတ်ခြင်း၏ အကျိုးကျေးဇူး ဖြစ်ပါသည်။ ဒါကိုမေ့သွားပါက ဝင်လေထွက်လေကို ပြန်အာရုံစိုက်ပြီး စိတ်ကို နှိုးဆွနိုင်ပါသည်။ နေ့စဉ်ဘဝ၌ ဖြေရှင်းဆောင်ရွက်ရာတွင် ကျွန်ုပ်တို့၏ စိတ်အခြေအနေများမှာ တကယ့်ပြောင်းလဲမှု ဖြစ်အောင် လုပ်ရပါသည်။ စိတ်ကူးယဉ်လောကတစ်ခုထဲသွားပြီး ကျွန်ုပ်တို့၏ ပြဿနာများကို ရှောင်ထွက်ခြင်း မဟုတ်ဘဲ စိတ်နှင့် စိတ်ခံစားချက် အခြေအနေများ၊ ထိုထက်ပို၍ မိမိကိုယ်တိုင် ပါဝင်နေသော အခြေအနေများ တိုးတက်ကောင်းမွန်အောင် တက်ကြွစွာ လိုက်နာလုပ်ဆောင်ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ရှုမြင်လိုက်သောအရာကို စိတ်ပညာအရ အလွန်အဆင့်မြင့်သော နည်းစနစ်ဖြင့်လည်း ရှုမြင်နိုင်ပါသည်။ ထိုသို့ ရှုမြင်ရသည်မှာ အဆင်ပြေသော်လည်း နောက်ထပ် စိတ်ပညာ ပုံစံတစ်ခုဆိုပြီး ဗုဒ္ဓဘာသာကို သဘောမထားမိရန် အရေးကြီးပါသည်။ ဗုဒ္ဓဘာသာက ထိုထက် များစွာ ပိုပါသည်။ ဗုဒ္ဓဘာသာတွင် ထိုထက်ပို၍ ဉာဏ်အလင်း ရရှိမှု၊ လူတိုင်းကို ကူညီမှု စသည်ဖြင့် များစွာရည်မှန်းထားပါသည်။ သို့သော် ဤသို့ အလွန်အရေးကြီးသည့် ပထမအဆင့်ကို ဖြတ်သန်းသွားရန်တော့ လိုအပ်ပါသည်။

အကျဉ်းချုပ်

တစ်နေကုန် သီချင်းနားထောင်ခြင်း၊ အမြဲတမ်း အလုပ်များနေခြင်း၊ အရာရာ မေ့ပစ်ရန် မူးယစ် သောက်စားခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ ပြဿနာများမှ ရှောင်ထွက်ကြည့်ရန် အလွန်လွယ်ကူပါသည်။ ထိုသို့ ယာယီနည်းလမ်းများမှာ များစွာ အထောက်အကူ မပြုပါ။ ပြဿနာက အမြဲတမ်း ပြန်ပြန်ပေါ်လာပါသည်။ ဓမ္မကို အမှန်တကယ် တွေးတော ရှုမှတ်ခြင်းဖြင့်သာ မိမိကိုယ်ကိုရော၊ အခြားသူများကိုသာမက ကြုံတွေ့ရသည့် အတွေ့အကြုံများကိုပါ ရှုမြင်ပုံ လုံးဝ ပြောင်းလဲပစ်နိုင်ပါမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ ပြဿနာအားလုံး ချက်ချင်းပျောက်ကွယ်သွားမည် မဟုတ်သော်လည်း ယင်းတို့ကို ဖြေရှင်းနိုင်လောက်အောင် ခိုင်မာသည့် အသိပညာဖြင့် တိုက်ရိုက်ရင်ဆိုင်နိုင်စွမ်း ရှိလာပါသတည်း။

Top