ရက်ရောမှု ဒါနပါရမီ

ကလေးဘဝတွင် ကျွန်ုပ်တို့ကို ကစားစရာနှင့် သကြားလုံးများ အတူမျှဝေခိုင်းပါသည်။ လူကြီးဖြစ်လာသောအခါတွင်မူ ရက်ရောမှုက အလိုလို အလွယ်တကူ အမြဲဖြစ်မလာတော့ပါ။ မိမိ၏တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ပေးပစ်ပါက မိမိအတွက် ဘာမှကျန်တော့မည် မဟုတ်ကြောင်း တစ်ခါတစ်ရံ ခံစားရပါသည်။ သို့သော် ရက်ရောခြင်းသည် အခြားသူများကို တိုက်ရိုက် အကျိုးပြုသည်သာမက ကျွန်ုပ်တို့ကိုလည်း ကြီးမားသော ပျော်ရွှင်ကျေနပ်မှု ရရှိစေသည့် အလွန်ကောင်းမွန်သော အလေ့အထ ဖြစ်သည်ဟု ဘုရားရှင်က ဟောကြားထားပါသည်။ ယခုဆောင်းပါးတွင် သာမန်ထက်ထူးသော သဘောထား သို့မဟုတ် ပါရမီ ခြောက်ပါး၏ ပထမအချက်အနေနှင့် ရက်ရောခြင်းအကြောင်းကို လေ့လာပါမည်။

နိဒါန်း

သာမန်ထက်ထူးသော သဘောထား ခြောက်ရပ်ကို တစ်ခါတစ်ရံ “ပါရမီခြောက်ပါး” ဟုခေါ်လေ့ရှိပြီး အခြားသူများကို အတတ်နိုင်ဆုံး ကူညီရန် မိမိကိုယ်တိုင် ကြိုးစားအားထုတ်စေသည့် စိတ်အခြေအနေများ ဖြစ်ပါသည်။ ဤသဘောထားများက ပျင်းရိမှုနှင့် ဒေါသကဲ့သို့ အောင်မြင်မှုကိုတားဆီးသည့် အဓိကအတားအဆီးများကို တိုက်ရိုက်တွန်းလှန်သောကြောင့် လူတိုင်းအတွက် အထောက်အကူပြုပါသည်။ ယင်းတို့ကို “သာမန်ထက် ဝေးကွာသော သဘောထားများ” ဟု ခေါ်ရသည်မှာ ယင်းတို့ကို အပြည့်အဝ ထားရှိနိုင်ပါက ကျွန်ုပ်တို့၏ ကန့်သတ်ချက်များနှင့် ပြဿနာများဆိုသည့် ပင်လယ်ကြီး၏ ဝေးကွာသော ကမ်းခြေကို ရောက်ရှိစေနိုင်သောကြောင့် ဖြစ်ပါသည်။ ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သည့် ဗောဓိစိတ္တဖြင့် စေ့ဆော်သောအခါ ယင်းတို့သည် ကျွန်ုပ်တို့အား အလုံးစုံ ဉာဏ်အလင်းရရှိစေနိုင်ပါသည်။

သာမန်ထက် ထူးခြားသော သဘောထားခြောက်ရပ်မှာ-

  • ရက်ရောမှုဒါန
  • သီလကျင့်ဝတ်
  • သည်းခံခြင်း
  • ဇွဲလုံ့လရှိခြင်း
  • စိတ်တည်ငြိမ်ခြင်း (စူးစိုက်ခြင်း)
  • ခွဲခြာသိရှိသောပညာ (ဉာဏ်ပညာ) တို့ဖြစ်ပါသည်။

တရားရှုမှတ်ရာတွင်ရော၊ နေ့စဉ်လှုပ်ရှားမှုများတွင်ပါ ခြောက်ရပ်စလုံးကို လေ့ကျင့်ရပါသည်။ ကျွန်ုပ်တို့၏ ကြွက်သားများ တည်ဆောက်ရန် လေ့ကျင့်ရသလိုပင် မိမိဆောင်ရွက်သမျှတွင် ဤစိတ်အခြေအနေများ ပိုမိုထည့်သွင်းနိုင်လေ၊ ယင်းတို့သည် ပိုမိုအားကောင်းလေ ဖြစ်ပါသည်။ နောက်ဆုံးတွင် ယင်းတို့သည် ကျွန်ုပ်တို့ဘဝ၌ အမှန်ပင် ပေါင်းစည်းမိလာကာ မိမိနှင့် အခြားသူများကို အမြဲတမ်း ဆက်စပ်နေမှု၏ သဘာဝအလျှောက် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။

ရက်ရောမှု

ရက်ရောမှုဆိုသည်မှာ အခြားသူများ လိုအပ်သောအရာတိုင်းကို ပေးအပ်လိုသော သဘောထား ဖြစ်ပါသည်။ ရှိသမျှ အရာအားလုံးကို ပေးပစ်ကာ အချို့ဘာသာတရားများတွင် တွေ့ရသည့်အတိုင်း ဆင်းရဲခြင်းသည် ကောင်းမွန်သည့်အလား ကိုယ်တိုင်က ဆင်းရဲနုံချာနေရမည်ဟု အမှန်တကယ် မဆိုလိုပါ။ ဤနေရာတွင် ရက်ရောမှုဆိုသည်မှာ ပေးကမ်းရန် သင့်တော်သောအချိန်၌ တုံ့ဆိုင်းမှုနှင့် အပိတ်အဆို့ မရှိဘဲ ပေးကမ်းလိုစိတ် ရှိသည်ကို ဆိုလိုပါသည်။ ထိုအတွက် ခွဲခြားသိရှိမှုကို အသုံးပြုရန်လိုပါသည်။ အပြင်ထွက်ပြီး သူ့အသက် သတ်မည့်သူတစ်ယောက်အား “အို၊ ငါကသိပ် ရက်ရောတာပဲ။ ဒီမှာမင်းအတွက် သေနတ်ဝယ်ဖို့ ပိုက်ဆံ” ဟုဆိုကာ သေနတ်တစ်လက် ပေးမည် မဟုတ်ပါ။ နောက်ထပ် ဥပမာတစ်ခုမှာ မူးယစ်ဆေး ဝယ်နိုင်အောင် ငွေကြေးပေးကမ်းခြင်းမှာလည်း မသင့်တော်သော ပေးကမ်းမှု ဖြစ်နိုင်ပါသည်။

ရက်ရောမှုကို လေ့ကျင့်ခြင်းမှာ ကျွန်ုပ်တို့သည် ချမ်းသာကြွယ်ဝရမည်ဟု မဆိုလိုပါ။ အလွန်ပင် ဆင်းရဲမွဲတေကာ ဘာမှပေးကမ်းစရာ မရှိလည်း ပေးကမ်းလိုစိတ်တော့ ရှိနိုင်ပါသေးသည်။ ထိုသို့မဟုတ်ပါက သူဆင်းရဲများက မည်သို့လျှင် ရက်ရောမှုကို ထားရှိနိုင်ပါမည်နည်း။ ထို့ကြောင့် လှပသောနေဝင်ချိန်ကို မြင်မိတိုင်း အခြားသူအားလုံးသည်လည်း မြင်တွေ့ခံစားရပါစေဟု ရက်ရောနိုင်ပါသည်။ လှပသော ရှုမျှော်ခင်း၊ သာယာသော ရာသီဥတု၊ အရသာရှိသော အစားအသောက် စသည်တို့နှင့် ပတ်သက်လျှင်လည်း ထိုအတိုင်း ပြုလုပ်နိုင်ပါသည်။ ဤအရာအားလုံးက ရက်ရောမှုတွင် အကျုံးဝင်ပါသည်။ မိမိပိုင်ဆိုင်သောအရာများဖြင့်သာ ရက်ရောနိုင်ခြင်းမဟုတ်ဘဲ မည်သူမျှ မပိုင်ဆိုင်သော အရာများနှင့်လည်း ရက်ရောနိုင်ပါသည်။ တရားရှုမှတ်ရာတွင် ကျွန်ုပ်တို့သည် နှစ်သက်ဖွယ် အရာအားလုံးကို အခြားသူများအား ပေးကမ်းသည်ဟု စိတ်ကူးကြည့်နိုင်ပါသည်။ သို့သော် အခြားတစ်ယောက်ယောက်ကို ကူညီနိုင်သော အရာတစ်ခုခု ကျွန်ုပ်တို့မှာ အမှန်တကယ်ရှိပြီး သူတို့ကလည်း လိုအပ်ပါက ထိုသို့ပေးရန် စိတ်ကူးမနေရတော့ပါ။ လက်တွေ့ ပေးကမ်းစွန့်ကြဲလိုက်ရပါမည်။

ရက်ရောမှုဆိုသည်မှာ တွန့်တိုခြင်း၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။ တွန့်တိုခြင်းသည် အခြားသူများအား ဘာကိုမျှ မပေးကမ်း မမျှဝေလိုခြင်း ဖြစ်ပါသည်။ ဤသို့ တွန့်တိုမှုသည် အခြားသူများကို ပေးကမ်းလိုက်ပါက မိမိအတွက် ဘာမှမကျန်တော့ဘူးဆိုသည့် ခံစားချက်နှင့် ဒွန်တွဲနေလေ့ ရှိပါသည်။ သို့သော် အမှန်မှာ-

အရာအားလုံးကို တစ်ယောက်တည်း ယူထားပါက သူတစ်ပါးကို ပေးကမ်းစရာ ဘာများကျန်ပါမည်နည်း - တိဘက်ဆိုရိုးစကား

အစွန်းရောက်သူ မဖြစ်ရန်တော့ သတိထားသင့်ပါသည်။ အခြားသူများကို ကြိုးစားကူညီနေစဉ်တွင် ကိုယ်တိုင်ကလည်း အိပ်ရန်၊ စားရန် လိုပါသည်။ မိမိကိုယ်ကိုလည်း ဂရုစိုက်ရန် လိုအပ် ပါသည်။ ထို့ကြောင့် ရက်ရောမှု ဆိုသည်မှာ ကျွန်ုပ်တို့တွင် ရှိသောအရာကို မျှဝေခြင်းအကြောင်း ပြောနေခြင်းဖြစ်ပါသည်။ အလွန်အဆင့်မြင့်သော ဗောဓိသတ္တများအနေနှင့် မိမိဘဝကို တစ်ပါးသူအတွက် စွန့်လွှတ်နိုင်ပါသည်။ ကျွန်ုပ်တို့ အဆင့်တွင်မူ ဤသို့လက်တွေ့ကျစွာ မဆောင်ရွက်နိုင်ပါ။ ထို့ကြောင့် ကိုယ်တိုင်က ငတ်မွတ်သေဆုံးမည့် အဆင့်အထိရောက်အောင် အားလုံးပေးကမ်းခြင်း မပြုနိုင်သေးပါ။ မပြုသင့်သေးပါ။ သို့သော် အခြားသူများကို ကိုယ်စွမ်းကိုယ်စဖြင့် ကူညီလိုစိတ် ရှိသင့်ပါသည်။ ခက်ခဲသောအလုပ်၊ ငြီးငွေ့ဖွယ်အလုပ် သို့မဟုတ် အားစိုက်ရသောအလုပ်တို့ကို ကူညီဆောင်ရွက်ပေးခြင်းမျိုး ဖြစ်နိုင်ပါသည်။ လက်ပေမှာကို ကြောက်မနေရပါ။

ရက်ရောမှုဆိုသည်မှာ “ကောင်းမှုများ၏ဇစ်မြစ်” ဆိုသည့်အရာကို မျှဝေခြင်းလည်း ပါဝင်ပြီး ယင်းမှာ ကျွန်ုပ်တို့ စုစည်းထားသော အပြုသဘော အင်အားတိုင်း၏ အပြုသဘော အစွမ်းအစများ ဖြစ်ပါသည်။ ကျွန်ုပ်၏ဘဝကို နမူနာပြနိုင်ပါသည်။ အတိတ်ဘဝများက ပြုခဲ့သော ကောင်းမှုများ၏ အပြုသဘော အစွမ်းအစရလဒ်ကြောင့် ကျွန်ုပ်သည် အိန္ဒိယနိုင်ငံမှ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ ဆရာတော်ကြီးအချို့နှင့် တွေ့ဆုံသင်ယူခွင့် ရခဲ့ပါသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းလုံးသို့ ဖိတ်ခေါ်ခံရပြီး အလွန်တော်သူများနှင့် အပြုသဘော ချိတ်ဆက်ခွင့် ရခဲ့ပါသည်။ ထိုအခါ ပိုပြီးများပြားသော အပြုသဘော အစွမ်းအစများ စုစည်းမိလာပါသည်။ ကျွန်ုပ်၏ ကျင့်ကြံမှုအဖြစ် ဤ “ကောင်းမှုများ၏ ဇစ်မြစ်” ကို အခြားသူများအား ကြိုးစားမျှဝေပါသည်။ ယင်းတို့မှ ရင့်ကျက်လာသောအရာကို ကျွန်ုပ်တစ်ဦးတည်း ယူမထားပါ။ သင့်တော်သော အချိန်တွင် ကျွန်ုပ်၏ အဆက်အသွယ်များကို အခြားသူများရရှိစေရန် သူတို့ကို ဤဆရာတော်ကြီးများနှင့် ကမ္ဘာတစ်ဝန်းမှ တတ်ကျွမ်းအကူအညီပေးသူများနှင့် မိတ်ဆက်ပေးပါမည်။ တက္ကသိုလ် ပညာရေးမှ အသိပညာနှင့် အိန္ဒိယနိုင်ငံတွင် ဆယ်စုနှစ်များစွာ လေ့လာကျင့်ကြံခဲ့မှုများကို ကြိုးစားမျှဝေပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ကောင်းမှုဇစ်မြစ်ကို မျှဝေခြင်းအကြောင်း ဖြစ်ပါသည်။ အခြားသူများအတွက် တံခါးဖွင့်ပေးခြင်း ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ရက်ရောမှုလေးမျိုး ရှိပါသည်-

  1. ရုပ်ဝတ္ထုပစ္စည်းများ ပေးကမ်းစွန့်ကြဲမှု
  2. တရားတော်နှင့် အကြံဉာဏ်များ ဟောကြားပေးမှု
  3. ကြောက်ရွံ့ခြင်းမှ အကာအကွယ်ပေးမှု
  4. မေတ္တာတရားထားရှိပေးမှု

ရုပ်ဝတ္ထုပစ္စည်းများ ပေးကမ်းစွန့်ကြဲမှု

ရုပ်ဝတ္ထုပစ္စည်း ပေးကမ်းမှုသည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှု၊ အစားအသောက်၊ အဝတ်အထည်၊ ငွေကြေး၊ မိမိမှာရှိသောအရာ တစ်ခုခုကို ဆိုလိုပါသည်။ ထိုအထဲတွင် ပေးကမ်းရန် သင့်တော်သောအချိန်တွင် လေးစားသောအမူအရာဖြင့် ပေးရန်လိုအပ်ပြီး ခွေးတစ်ကောင်ကို အရိုးပစ်ပေးသလို မဟုတ်ပါ။ ရုပ်ဝတ္ထုပစ္စည်း ပေးကမ်းရန် ကျွန်ုပ်တို့သည် များစွာကြွယ်ဝချမ်းသာစရာ မလိုပါ။ အကြောင်းမှာ မိမိမပိုင်သော အရာများကိုလည်း ပေးကမ်းနိုင်ပါသည်။ ဤသည်မှာ ခေတ်သစ် ငတက်ပြားကဲ့သို့ သူတစ်ပါးပစ္စည်းခိုးယူရမည်ဟု မဆိုလိုပါ။ အများပြည်သူနှင့်ဆိုင်သော ကိစ္စများကို ပြောခြင်းသာ ဖြစ်ပါသည်။ ဥပမာ၊ အခြားသူများ ခံစားနိုင်အောင် ပတ်ဝန်းကျင်ကို သန့်ရှင်းပေးခြင်း ဖြစ်ပါသည်။ ဤသည်မှာ အခြားသူများအတွက် မင်္ဂလာရှိသောလက်ဆောင် ဖြစ်ပါသည်။ “လူတိုင်း လှပသောရာသီဥတုကို ခံစားနိုင်ပါစေ” စသည်ဖြင့် ပျော်ရွှင်ဖွယ် အတွေ့အကြုံ တစ်ခုခုကိုလည်း မျှဝေနိုင်ပါသည်။

ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများအနေနှင့်သာ မစဉ်းစားသင့်ပါ။ မိမိခန္ဓာကိုယ်နှင့် ဆက်စပ်ပြီး မိမိ၏အချိန်၊ အလုပ်၊ စိတ်ပါဝင်စားမှု၊ ခွန်အား၊ တိုက်တွန်းအားပေးမှု စသည်တို့ကိုလည်း ပေးကမ်းနိုင်ပါသည်။ ယင်းတို့အားလုံးမှာ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ကျွမ်းကျင်စွာ ရက်ရောမှုများ ဖြစ်ပါသည်။

အဆိပ်၊ လက်နက် သို့မဟုတ် သူတို့ကိုဖြစ်စေ၊ အခြားသူများကိုဖြစ်စေ ထိခိုက်နာကျင်မည့်အရာ တစ်ခုခုကို ပေးကမ်းရန် မသင့်တော်ကြောင်းတော့ ပြောဖို့လိုမည်မထင်ပါ။

တရားတော်နှင့် အကြံဉာဏ်များ ဟောကြားပေးမှု

ဗုဒ္ဓဘာသာအရ ပြောရလျှင် ဤသည်မှာ ဗုဒ္ဓဘာသာ တရားတော်များဖြစ်သည့် ဓမ္မကိုပေးကမ်းခြင်း ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ မဟုတ်သည့်နယ်ပယ်များ အထိလည်း ချဲ့ထွင်နိုင်ပါသည်။ သင်ကြားခြင်း၊ ဘာသာပြန်ခြင်း၊ အသံကိုစာဖြင့် ပြန်ရေးခြင်း၊ ထုတ်ဝေခြင်း၊ ဖန်တီးခြင်း၊ ပညာရေး စင်တာများတွင် အလုပ်လုပ်ခြင်းတို့သာမက အခြားသူများ၏ မေးခွန်းများကို ဖြေကြားခြင်း၊ တတ်နိုင်သလောက် အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ပေးခြင်း စသည်တို့လည်း ပါဝင်ပါသည်။

စကြာအစဉ်အလာတွင် သမာဓိ (စူးစိုက်မှု) ကို ပေးကမ်းခြင်း လည်း ပါဝင်ပြီး ကျွန်ုပ်တို့၏ ဓမ္မကျင့်ကြံမှု အစိတ်အပိုင်း အမျိုးမျိုးကို အခြားသူများအား ပေးကမ်းခြင်း ဖြစ်ပါသည်။ လေ့လာဖတ်ရှုထားသော အရာတိုင်းကို အခြားသူများအား ကူညီနိုင်အောင် ပေးကမ်းအသုံးပြုနိုင်ပါသည်။ မိမိ၏ အသိပညာ၊ ခိုင်မြဲသောယုံကြည်ချက်၊ စည်းကမ်း၊ အသိအမြင်နှင့် ရရှိထားသော စူးစိုက်မှု၊ တရားတော်များ၏ ရှင်းပြချက်များ စသည်တို့ကိုလည်း ထိုသို့အသုံးချနိုင်ပါသည်။ ယင်းတို့အားလုံးမှာ ဓမ္မကိုပေးလှူသည့် အမျိုးအစားထဲတွင် ပါဝင်သော်လည်း မိမိသိထားသည့် အကျိုးပြုအရာတစ်ခုခုကို အခြားသူများနှင့် မျှဝေမှုအထိ ချဲ့ထွင်သွားနိုင်ပါသည်။

ကြောက်ရွံ့ခြင်းမှ အကာအကွယ်ပေးမှု

ဤရက်ရောမှု အမျိုးအစားမှာ အခြားသတ္တဝါများ အခြေအနေဆိုးနှင့် ကြုံနေစဉ်တွင် ကူညီပေးခြင်းကို ဆိုလိုပါသည်။ သတ်ဖြတ်ခံရတော့မည့် တိရစ္ဆာန်များကို ကယ်တင်ခြင်း၊ လှောင့်ချိုင့်များနှင့် လှောင်အိမ်များထဲတွင် ပိတ်မိနေသော သတ္တဝါများအား လွှတ်ပေးခြင်းတို့ ပါဝင်ပါသည်။ ရေကူးကန်ထဲ၌ ရေနစ်နေသော ယင်ကောင်များကို ကယ်တင်ခြင်း၊ လူနှင့်တိရစ္ဆာန်များအား ပြင်းထန်သော အပူဒဏ်၊ အအေးဒဏ်တို့မှ ကာကွယ်ခြင်း၊ ဤသို့သော အကာအကွယ် ပေးမှုအားလုံး ပါဝင်ပါသည်။ အိမ်ထဲတွင် ချေးပိုးထိုးတစ်ကောင် ရှိနေပါက ပြတင်းပေါက်မှ လွှင့်ပစ်ပြီး ငါးထပ်အမြင့်မှ ပြုတ်ကျလည်း ဘာမှမဖြစ်ဘူးဟု မထင်သင့်ပါ။ ကြောက်ရွံ့မှုမှ အကာအကွယ်ပေးသည့် ရက်ရောမှုသည် ယင်းကိုညင်သာစွာ အပြင်သို့ဖယ်ထုတ်ခြင်း ဖြစ်ပါသည်။ အဆင်ပြေသွားလိမ့်မည်ဟု ယူဆကာ အိမ်သာထဲ ရေဆွဲချခြင်းမျိုး မပြုလုပ်ရပါ။
မိမိသားသမီးများဖြစ်စေ၊ အမဲလိုက်ခံနေရသော တိရစ္ဆာန်ကိုဖြစ်စေ သူတို့ကြောက်လန့်နေသောအခါတွင် နှစ်သိမ့်ပေးနိုင်ပါသည်။ ဥပမာ၊ ကြောင်ကလေးက ကြွက်တစ်ကောင်ကို နှိပ်စက်နေသောအခါ ကြွက်ကို ဖယ်ရှားပေးခြင်းဖြင့် ကြိုးစားကာကွယ်ပေးရပါမည်။

မန္တရားကျင့်ကြံမှုတွင် ကြောက်ရွံ့မှုမှ အကာအကွယ်ပေးသည့် ရက်ရောမှုသည် နောက်ထပ်အဓိပ္ပာယ်များ ရှိပါသည်။ ယင်းမှာ အခြားသူများအား ဥပေက္ခာပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အခြားသူများသည် မိမိအား ကြောက်ရွံ့စရာ လုံးဝမလိုတော့ခြင်းကို ဆိုလိုပါသည်။ အကြောင်းမှာ သူတို့အား တဏှာဖြင့် တွယ်တာခြင်း၊ ဒေါသ၊ မောက်မာမှုတို့ဖြင့် ငြင်းပယ်ခြင်း သို့မဟုတ် မသိမှုဖြင့် လျစ်လျူရှုခြင်း မရှိတော့သည်အတွက် ဖြစ်ပါသည်။ ဤနေရာတွင် အားလုံးကို အညီအမျှ ပွင့်လင်းပြီး အားလုံးအတွက် အမှန်တကယ်ကောင်းမွန်သော လက်ဆောင်တစ်ခု ဖြစ်ပါသည်။

မေတ္တာတရားထားရှိပေးမှု

မန္တရားကျင့်ကြံမှုတွင် မေတ္တာတရား ပေးအပ်မှုဆိုသည့် စတုတ္ထမြောက် ရက်ရောမှုအကြောင်းကိုလည်း ဆိုထားပါသည်။ ဤသည်မှာ အားလုံးကို ပွေ့ဖက်ရမည်ဟု မဆိုလိုပါ။ အားလုံးပျော်ရွှင်ပါစေဆိုသည့် မေတ္တာထားမှုကို ဆိုလိုပါသည်။ တစ်ဖက်သားကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း၏ အကြောင်းတရားများ ရရှိစေလိုသည်မှာ မေတ္တာ၏ အဓိပ္ပာယ်ပင်ဖြစ်ပါသည်။

မည်ကဲ့သို့ သင့်တော်စွာ ပေးကမ်းမလဲ

သာမန်ထက်ထူးသော သဘောထားတိုင်းကို ကျင့်ကြံရာတွင် အခြားသော ငါးချက်ကိုလည်း ပေါင်းစည်းထည့်သွင်းရန် ကြိုးစားရပါသည်။ ရက်ရောမှုကို ကျင့်သုံးရာတွင်-

  • သီလကျင့်ဝတ် နှင့် ယှဉ်တွဲကာ မှားယွင်းသော သို့မဟုတ် မသင့်တော်သော စိတ်ထဲမှအကြံအစည်များ ဖယ်ရှားရပါသည်။
  • သည်းခံခြင်း နှင့် ယှဉ်တွဲကာ အခက်အခဲမှန်သမျှ ကြုံတွေ့ရပါက သည်းခံရသည်ကို စိတ်မပျက်ရပါ။
  • ဇွဲလုံလ နှင့် ယှဉ်တွဲကာ တာဝန်ဝတ္တရားတစ်ခုဆိုသည့် စိတ်မျိုးဖြင့် မဟုတ်ဘဲ ပျော်ရွှင်စွာ ပေးကမ်းရပါသည်။
  • စိတ်တည်ငြိမ်မှု နှင့် ယှဉ်တွဲကာ ပေးကမ်းမှုမှရရှိလာသည့် အပြုသဘော အင်အားကို စူးစိုက်ရပါသည်။
  • ခွဲခြားသိရှိသောပညာ နှင့် ယှဉ်တွဲကာ ပေးကမ်းသူ (မိမိကိုယ်တိုင်)၊ လက်ခံသူနှင့် ပေးကမ်းသောအရာ အားလုံးသည် ကိုယ်တိုင်သတ်မှတ် တည်ရှိမှု မရှိကြောင်း သဘောပေါက်ရပါသည်။ အားလုံးသည် တစ်ခုအပေါ်တစ်ခု တည်မှီနေပါသည်။ လက်ခံသူမရှိဘဲ ပေးကမ်းသူ မရှိနိုင်ပါ။

ရက်ရောမှုနှင့် မမှန်ကန်သော စိတ်ဓာတ်စေ့ဆော်မှု

အခြေအနေများစွာတွင် ကျွန်ုပ်တို့သည် တစ်ခုခုကို မှားယွင်းစွာ ပေးကမ်းမိတတ်သောကြောင့် ထိုသို့မဖြစ်အောင် ရှောင်ရှားဖို့လိုပါသည်။ အခြားသူများ အထင်ကြီးမည်ဟု မျှော်လင့်၍လည်းကောင်း၊ ကျွန်ုပ်တို့သည် အမှန်ပင် ဘာသာရေးကိုင်းရှိုင်းပြီး စိတ်ထားကောင်းသည်ဟု ထင်၍လည်းကောင်း၊ သို့တည်းမဟုတ် ပေးကမ်းလိုက်ပါက ကျေးဇူးစကားလေးတစ်ခွန်းပင်ဖြစ်စေ တစ်ခုခုပြန်ရမည်ဟု မျှော်လင့်၍လည်းကောင်း ပေးကမ်းမိနိုင်ပါသည်။ သို့သော် ပေးကမ်းလိုက်သောအခါ သူတို့၏အခြေအနေ အမှန်တကယ် တိုးတက်ရန် အကြီးအကျယ် အောင်မြင်မှုကို အသာထား။ ကျေးဇူးစကား အပါအဝင် တစ်ခုခုကိုပြန်ရမည်ဟု မျှော်လင့်ထားလျှင် မသင့်တော်ပါ။ ယင်းမှာ သူတို့၏ကံနှင့် အဓိကသက်ဆိုင်ပါသည်။ အကူအညီအချို့ ပေးနိုင်သော်လည်း အောင်မြင်မှု သို့မဟုတ် ကျေးဇူးတင်ခြင်းကို ပြန်မမျှော်လင့်သင့်ပါ။

ကျွန်ုပ်သည် တစ်ခါက အိန္ဒိယနိုင်ငံ၊ ဓမ္မသာလာတွင် မိုးရာသီအချိန်၌ ရေစီးကြောင်းထဲတွင် မျောနေသော ကြွက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ဆယ်ယူလိုက်ပြီး ခြောက်သွားအောင် မြေကြီးပေါ် တင်ပေးလိုက်သည်။ ထိုသို့ထားပေးလိုက်စဉ်မှာပင် သိမ်းငှက်ကြီးတစ်ကောင် အောက်ဆင်းလာပြီး ချီသွားလေ၏။ အရာအားလုံးသည် ကျွန်ုပ်တို့က ကူညီပေးသည့်တိုင် တစ်ဦးချင်း ကံအပေါ်၌ မူတည်ပါသည်။ တစ်ယောက်ယောက်ကို အောင်မြင်ဖို့ အခွင့်အလမ်းနှင့် အထောက်အပံ့အားလုံး ပေးလိုက်သည့်တိုင် သူတို့သည် လုံးဝကျရှုံးသူများလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါသည်။

ထို့ပြင် ရလဒ်ကောင်း ထွက်ပေါ်လာပါက အခြားသူတစ်ယောက်ကို လုံးဝမဝါကြွားသင့်ပါ။ သို့မဟုတ် သူတို့ကို ဘာဆောင်ရွက်ပေးလိုက်သည်ကို မပြောသင့်ပါ။ အခြားသူများကို ကူညီသောအခါ ကျွန်ုပ်တို့သည် များစွာကူညီပေးခဲ့ပြီ ဟူ၍ သူတို့ကို သေးသိမ်အောင် မလုပ်ရပါ။ တကယ်တော့ ကျွန်ုပ်တို့မှာ ဉာဏ်အလင်းရရှိကာ အခြားသူများကို တတ်နိုင်သလောက် ကူညီနိုင်စေမည့် အပြုသဘော အင်အားများ စုစည်းမိအောင် ကျွန်ုပ်တို့ကို လက်ခံပြီး ခွင့်ပြုလိုက်သည့်အတွက် သူတို့က ကျွန်ုပ်တို့အား ကူညီခြင်းသာ ဖြစ်ပါသည်။

တစ်ယောက်ယောက်က အလှူအတန်းပြုလိုက်လျှင် ထိုသို့ပြန်လုပ်ပေးရမည် သို့မဟုတ် သူတို့ထက်ပိုများအောင် ပေးရမည်ဟု ခံစားမိကာ အပြစ်ရှိမှု သို့မဟုတ် တာဝန်ရှိမှုကြောင့် ပေးကမ်းလျှင်လည်း မသင့်တော်သော စိတ်ဓာတ်စေ့ဆော်မှု ဖြစ်ပါသည်။

ရက်ရောမှုနှင့် မှန်ကန်သော စိတ်ဓာတ်စေ့ဆော်မှု

ရက်ရောမှုကို လေ့ကျင့်သောအခါ ကျွန်ုပ်တို့၏ တစ်ခုတည်းသော အတွေးမှာ လက်ခံသူကို ရေတိုရော ရေရှည်ပါ အကျိုးပြုရန် လိုပါသည်။ ကျွန်ုပ်တို့ အကောင်းဆုံး ကြိုးစားပြီးနောက် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနည်းဆုံးတော့ ကြိုးစားခဲ့ပါသည်။ ဤသည်မှာ “ကောင်းပြီ။ ခံစားတတ်သော သတ္တဝါအားလုံးကို ကူညီချင်တယ်” ဟု စိတ်ထဲမှသာတွေးပြီး ပန်းကန်ဆေးချင်စိတ်ပင် မရှိသောအရာမျိုး မဟုတ်ပါ။
ရက်ရောမှုသည် နည်းလမ်းနှစ်သွယ် ဖြစ်နိုင်ပါသည်။ အခြားသူများက ကျွန်ုပ်တို့ကို ကူညီလိုပြီး ရက်ရောသောအခါ မာနကြီးပြီး ဖိတ်ခေါ်ခံရမှု သို့မဟုတ် လက်ဆောင်များကို လက်မခံဘဲ ငြင်းဆန်ခြင်း မပြုသင့်ပါ။ တစ်ယောက်ယောက်က တစ်ခုခုဝယ်ပေးသောအခါ လူအတော်များများက ညစာဧည့်ခံခြင်းလို အသေးအဖွဲကိစ္စများကိုပင် ထိုသို့ငြင်းဆန်ပါသည်။ ထိုအခါ ထိုသူတို့တွင် အပြုသဘောအင်အားများ စုစည်းနိုင်ခွင့်ကို ဆုံးရှုံးသွားစေပါသည်။ လူတို့၏ ဖိတ်ခေါ်မှုများနှင့် ကူညီလိုသော ကမ်းလှမ်းမှုများသည် သူတို့ကို ထိခိုက်စေခြင်း မရှိပါက လက်ခံရန်လိုသည်ဟု ဗောဓိသတ္တတို့၏ ကတိပြုမှုများထဲတွင် ပါဝင်ပါသည်။

ကျွန်ုပ်သည် တစ်ခါက ဆခုန်ယင်းပိုချီနှင့်အတူ အီတလီနိုင်ငံ၌ ခရီးသွားလာစဉ် တစ်စုံတစ်ယောက်က သူ့အားမေးခွန်းအချို့ လာမေးပါသည်။ သူတို့ထွက်သွားသောအခါ တံခါးဘေးက စားပွဲပေါ်တွင် ကပ်လှူထားသော စာအိတ်တစ်လုံး ထားခဲ့ပါသည်။ ဆခုန်ယင်းပိုချီက ကျွန်ုပ်အား အရေးကြီးသောအချက်ကို ပြောသည်မှာ “ဒါက သင့်တော်တဲ့လှူဒါန်းနည်းပဲကွယ့်။ ဒီလူတွေ ဝင်လာပြီး လားမားတစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ လှူသွားတယ်လို့ အကြီးအကျယ် ကြွားဝါလို့ရတာပေါ့။ အဲဒါမှ လားမားဘုန်းတော်ကြီးက ဘယ်သူပေးတယ်ဆိုတာ သိသွားပြီး သူတို့ကို တကယ်ပဲ တန်ဖိုးထားပြီး ကောင်းချီးပေးမှာပေါ့။ သူတို့ကဒါမျိုး မလုပ်ပါဘူး။” ကြွားဝါမနေဘဲ အမည်မသိ တိတ်ဆိတ်စွာ လှူဒါန်းသွားသည်က ပိုကောင်းပါသည်။ ဤသို့နှစ်လိုဖွယ် တလေးတစား ပြုမူမှုက အကောင်းဆုံး ဖြစ်ပါသည်။

ကျွန်ုပ်တို့က ပေးကမ်းလိုသောအရာ သို့မဟုတ် ကူညီလိုသောအရာကို အခြားသူများကို မနက်ဖြန်အထိ စောင့်ခိုင်းခြင်း မပြုရပါ။ ကပ်လှူမှုများတွင်လည်း ထိုနည်းအတိုင်း ဖြစ်ပါသည်။ ဆခုန်ယင်းပိုချီသည် ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာတစ်ပါးဖြစ်သလို လူပေါင်းများစွာက သူ့ကိုလာတွေ့ကြပါသည်။ လူအများက သူ့ရှေ့ရောက်သည်အထိ စောင့်ဆိုင်းကာ ရှိခိုးကန်တော့သည်မှာ မစဉ်းမစား ပြုလုပ်ခြင်းဖြစ်ပြီး အနည်းငယ် ရယ်စရာ ကောင်းသည်ဟု သူကမှတ်ချက် ပြုပါသည်။ “ဒါတွေအားလုံးက ကျွန်ုပ်ကို အချိန်ဖြုန်းတာပဲ။ သူတို့ရှိခိုးတာကို ကြည့်နေစရာမလိုပါဘူး။ သူတို့ရှိခိုးကန်တော့တာ ကျွန်ုပ် အကျိုးအတွက် မဟုတ်ပါဘူး။ အထဲဝင်မလာခင်ကတည်းက အဲဒီလိုလုပ်သင့်တာပေါ့။ ဒါဆို သူတို့ ကျွန်ုပ်ကို ပြောစရာရှိတာ တန်းပြောနိုင်တာပေါ့” ဟုဆိုပါသည်။ တိဘက်လူမျိုးများက လားမားများအား ပွဲတက်ပုဝါဖြစ်သည့် ကာတများ ပေးလေ့ရှိသော်လည်း အထင်ကြီးအောင် ပေးခြင်းမဟုတ်သင့်ပါ။ ရှိခိုးကန်တော့ခြင်းမှာ ဆရာသမား၏ အကျိုးအတွက်မဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက် ဖြစ်သည်ကို သတိရပါ။

ကိုယ်ရေးကိုယ်တာအရ ပေးကမ်းခြင်း

ပေးကမ်းရန် ဆုံးဖြတ်သောအခါတိုင်း မိမိကိုယ်ကို ပေးကမ်းရန် အရေးကြီးပါသည်။ အတိဿတွင် ဆရာအတွက် လှူဒါန်းမှုအားလုံး ပြုလုပ်ခြင်း၊ ရေအိုးများဖြည့်ခြင်း စသည်တို့ ပြုလုပ်ပေးလိုသော တပည့်တစ်ယောက် ရှိပါသည်။ အတိဿက “ဒါကို ငါ့ဘာသာငါလုပ်ဖို့ အရမ်းအရေးကြီးတယ်။ သင်က ငါ့ကိုယ်စား အစားအသောက်ရော စားပေးဦးမှာလား” ဟု ပြောပါသည်။ ဖြစ်နိုင်လျှင် ဤကိစ္စများကို ကျွန်ုပ်တို့ကိုယ်တိုင် ဆောင်ရွက်သင့်ပါသည်။

တစ်ခုခုပေးကမ်းရန် ဆုံးဖြတ်ပါက စိတ်ပြောင်းသွားပြီး နောက်ပိုင်းမှ နောင်တရကာ ပြန်မယူသင့်ပါ။ ထို့ပြင် တစ်ခုခုပေးကမ်းလိုက်သည်နှင့် ၎င်းကို မိမိအသုံးပြုစေလိုသည့်အတိုင်း အသုံးပြုရမည်ဟု မတိုက်တွန်းသင့်ပါ။ အထူးသဖြင့် ငွေကြေးလှူဒါန်းသောအခါ မည်ကဲ့သို့ အသုံးပြုရမည်ဟု အတင်းအကြပ် ပြောခြင်းမျိုး ဖြစ်ပါသည်။ ဤသည်မှာ တစ်ယောက်ယောက်ကို ဓာတ်ပုံတစ်ပုံ ပေးပြီး သူတို့အိမ် လိုက်သွားကာ နံရံတွင် မချိတ်ထားသည့်အတွက် စိတ်ထိခိုက်ခံစားရခြင်းနှင့် တူပါသည်။ တကယ်တော့ တစ်ခုခုပေးကမ်းလိုက်သည်နှင့် ကျွန်ုပ်တို့ပိုင်သောအရာ မဟုတ်တော့ပါ။

ဓမ္မသာလာတွင် တစ်ခါက အစားအသောက် အတော်မကောင်းသည့် ကျောင်းတိုက်တစ်ခု ရှိပြီး သံဃာတော်များက သိပ်အဆင်မပြေသည်ကို အမှတ်ရမိပါသည်။ အနောက်တိုင်းသားများအကြားတွင် ကျွန်ုပ်တို့သည် ငွေကြေးအချို့ စုဆောင်းကာ သူတို့ကို အစားအသောက်ကောင်းကောင်း ဝယ်စားရန် လှူဒါန်းပါသည်။ နောက်ဆုံးတွင် သူတို့က ပိုကြီးသော ကျောင်းတိုက် ဆက်လက်ဆောင်လုပ်ရန် အုတ်ခဲများ ထပ်ဝယ်ဖို့ သုံးပစ်ကြပါသည်။ ဤသည်မှာ အနောက်တိုင်းသား များစွာကို အမှန်ပင် စိတ်အနှောင့်အယှက် ပေးပါသည်။ အစားအသောက် ဝယ်စားရန် မသုံးသည့်အတွက် ဒေါသထွက်ကြပါသည်။ ထိုအတွက် အဖြေမှာ ကျွန်ုပ်တို့သည် သူတို့အား ပိုကောင်းကောင်း စားစေချင်ပါက အစားအသောက် ဝယ်ပေးရမည် ဖြစ်ပါသည်။ ထိုအခါ သူတို့စားသောက်ရပါတော့မည်။ ထို့ကြောင့် ကျွန်ုပ်တို့က အနည်းငယ် ပါးနပ်ရပါသည်။ ထိုအခါတွင်လည်း သူတို့နှစ်သက်သောအရာကို ဝယ်ပေးရပါမည်။ တိဘက်လူမျိုးများအတွက် နှစ်သက်သောအရာက အသားဟု ဆိုလိုသော်လည်း အနောက်တိုင်းသားအချို့က သဘောမတူပါ။ သူတို့လုံးဝမစားသော တို့ဟူးကဲ့သို့ အစားအသောက်မျိုးကို ဝယ်ပေးပါက အမှန်ပင် မသင့်တော်ပါ။

ကျွန်ုပ်သည် ဆခုန်ယင်းပိုချီနှင့် နေ့တိုင်းတွေ့သော်လည်း သူ့အတွက် တစ်ခုခုအနည်းငယ် အမြဲယူလာပေးလေ့ ရှိပါသည်။ ရက်အနည်းငယ်ကြာတော့ သူကအပြစ်တင်ပြီး “ဒီကာတတွေ၊ အမွှေးတိုင်တွေ ဘာလို့ယူလာနေတာလဲ။ ဒီအမှိုက်တွေ မလိုဘူးကွယ့်” ဟုပြောလေသည်။ အမှိုက်တွေဟု သူကခေါ်သည်။ “ကာတ ၁၀၀၀ နဲ့ဘာလုပ်ရမလဲ။ တစ်ခုခု ယူလာမယ်ဆို ငါကြိုက်တဲ့ဟာ၊ သုံးလို့ရတဲ့ဟာ ယူလာမှပေါ့” ဟု သူကပြောသည်။ သူက ငှက်ပျောသီးကြိုက်သည်ကို ကျွန်ုပ်သိသည့်အတွက် ငှက်ပျောသီး ယူသွားပါသည်။ အခြားသူများကို ပေးကမ်းလိုပါက ကျွန်ုပ်တို့သည် ကျွမ်းကျင်ပြီး သူတို့နှစ်သက်တာ ပေးသင့်ပါသည်။ ထိုလားမားများတွင် အမွှေးတိုင် အလုံအလောက် ရှိသည်မှာ ကျိန်းသေပါသည်။

ထို့အတူ အရည်အသွေးကောင်းသော အရာများ ပေးကမ်းရန် အရေးကြီးပါသည်။ မိမိမနှစ်သက်သောအရာ သို့မဟုတ် အသုံးမတည့်သောအရာ မဖြစ်ရပါ။ ဘာကိုမှ လက်မခံချင်သူများနှင့် ဆုံသောအခါ ကျွန်ုပ်တို့က “ဒါကို တစ်ယောက်က လာပေးသွားတာ သုံးဖြစ်မှာလည်း မဟုတ်လို့ပါ။ လက်ခံပါ။ လွှင့်ပစ်မိမှာစိုးလို့ပါ” ဟု ပြောချင်ပြောမိနိုင်ပါသည်။ ပေးကမ်းရန် မသင့်တော်သော အရာများလည်း ရှိပါသည်။ သက်သတ်လွတ်စားသူကို ဟမ်ဘာဂါ ပေးသလိုမျိုး ဖြစ်ပါသည်။ တစ်ယောက်ယောက်က အစားအသောက် ဆင်ခြင်နေပါက ကျွန်ုပ်တို့လည်း ထိုအတိုင်း လိုက်နာရပါမည်။ စည်းကမ်းတကျ စားသောက်နေသူကို ကိတ်မုန့်တစ်လုံး ယူမသွားပေးသင့်ပါ။

တရားဓမ္မ ပေးကမ်းခြင်း

ဓမ္မကို ပေးကမ်းရာတွင် တစ်ယောက်ယောက်က လောဘ၊ ဒေါသ၊ မာန သို့မဟုတ် သိလိုစိတ်သက်သက်ဖြင့် ကျွန်ုပ်တို့နှင့် ငြင်းခုန်ဆွေးနွေးလိုသောအခါ သူတို့နှင့်ငြင်းခုန်ခြင်း၊ ဗုဒ္ဓဘာသာ ကျမ်းဂန်များ ပေးကမ်းခြင်းတို့ မပြုလုပ်သင့်ပါ။ လက်ခံလိုစိတ် ရှိသူများနှင့်သာ ဓမ္မကို ဟောကြားဆွေးနွေးရပါသည်။ တစ်ယောက်ယောက်က လက်ခံလိုစိတ်မရှိလျှင် သူတို့နှင့် ဟောကြားဆွေးနွေးပါက မသင့်တော်ပါ။ ယင်းမှာ တကယ်တော့ အချိန်ဖြုန်းခြင်း ဖြစ်ပြီး သူတို့၏ အပျက်သဘော စိတ်အခြေအနေ၊ မောက်မာမှုတို့သာ ဖြစ်စေပါမည်။ ပွင့်လင်းသောစိတ်ရှိပြီး သင်ယူလိုသူများကိုသာ ကျွန်ုပ်တို့ ဟောကြားရပါသည်။

ကျွန်ုပ်တို့ ဟောကြားပါက တစ်ဖက်လူ၏ အဆင့်အလိုက် ဟောကြားပါသည်။ မိမိမည်မျှတော်ကြောင်း သက်သေပြဖို့ အတွက် သင်ယူထားသမျှ အသိပညာ ပင်လယ်ကြီးတစ်ခုလုံး လောင်းမချရပါ။ အနည်းငယ် မြည်းစမ်းခွင့်ပေးလျှင်ပင် အထောက်အကူမပြုနိုင်ပါက အလွန်အဆင့်မြင့်သော တရားကို မပေးရပါ။ တစ်ခါတစ်ရံ ပိုပြီးအဆင့်မြင့်သော တရားက လူတို့ကို နားလည်အောင် ကြိုးစားလိုစိတ် ဖြစ်စေပြီး တစ်ယောက်ယောက်က အနည်းငယ် မောက်မာနေချိန်တွင်လည်း အထောက်အကူ ပြုပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးသည် တက္ကသိုလ် ပါမောက္ခကြီးများ စသူတို့ကို တစ်ခါတစ်ရံ အလွန်ရှုပ်ထွေးသောနည်းဖြင့် သင်ကြားကာ ဗုဒ္ဓဘာသာ တရားတော်များ၏ အဆင့်မြင့်မားပုံကို ဖော်ပြပါသည်။ ထိုအခါ ဗုဒ္ဓဘာသာသည် ရှေးရိုးစွဲ ခေတ်နောက်ကျသည်ဆိုသော အယူအဆကို ဖယ်ရှားလိုက်ပါသည်။

တစ်ခါက ဆခုန်ယင်းပိုချီသည် အနောက်တိုင်း ဓမ္မစင်တာတစ်ခုကို လာရောက်စဉ် သူတို့က သူ့ကို ရှန်တီဒေဝ၏ ကျမ်းစာမှ ဘာမှမရှိခြင်း (မမြဲခြင်း) အကြောင်းကို နှစ်ရက်တည်းနှင့် ဟောကြားစေလိုသည်ကို အမှတ်ရမိပါသည်။ ဤသည်မှာ အမှန်ပင် မဖြစ်နိုင်ပါ။ ကျမ်းစာ၏ ဤအပိုင်းတစ်ခုတည်းကို သေချာ လေ့လာရန် တစ်နှစ်ခန့် ကြာနိုင်ပါသည်။ ယင်းပိုချီက ယင်းကိုအလွန်အဆင့်မြင့်ပြီး ရှုပ်ထွေးသော နေရာမှ စတင်ရှင်းပြပါသည်။ ထိုအခန်း၏ ပထမဆုံး စကားလုံးအနည်းငယ်ကို ရှင်းပြကာ စကားလုံးတစ်လုံးချင်းစီသည် မည်မျှရှုပ်ထွေးသည်ကို ပြသခဲ့ပါသည်။ သူပြောနေတာကို ဘယ်သူမှ နားမလည်ကြပါ။ နှစ်ရက်တည်းနှင့် စုစည်းသင်ကြားနိုင်သောအရာဟု ထင်သည်မှာ မည်မျှမောက်မာရာ ရောက်သည်ကိုလည်း ထောက်ပြလိုက်ခြင်း ဖြစ်ပါသည်။ ထို့နောက် သူက သူတို့အဆင့်အထိ လျှော့ချကာ ကျမ်းစာ၏ အစိတ်အပိုင်းလေး တစ်ခုကို ယေဘုယျဆိုလိုရင်းသာ ရှင်းပြလိုက်ပါသည်။

ဒလိုင်းလားမား ဆရာတော်ကြီးက လူထုပရိသတ်ကို ဟောကြားသောအခါ ထိုလူများ၏ အဆင့်တစ်ဆင့်ချင်းအတွက် အနည်းငယ်စီ ဟောကြားပါသည်။ များသောအားဖြင့် အလွန်အဆင့်မြင့်သော အဆင့်ကို ဟောကြားကာ ကြွရောက်လာသည့် လားမား ဘုန်းတော်ကြီးများ၊ ဂဲရှိများနှင့် ခန်ပိုများကို ရည်ရွယ်ပါသည်။ သူကအားလုံးထက် ပိုအဆင့်မြင့်သောကြောင့် သူတို့ကို ဤအဆင့်တွင် ဟောကြားနိုင်ပါသည်။ ထို့နောက် သူတို့က သူတို့ကျောင်းသားများကို သိပ်မရှုပ်ထွေးသောနည်းဖြင့် သွားရောက်ရှင်းပြနိုင်ပါသည်။ ဤအခြေအနေမျိုးတွင် အဆင့်အနိမ့်ဆုံးကို သင်ကြားစရာ မလိုပါ။ အကြောင်းမှာ အခြားသူများက ထိုအဆင့်ကို တာဝန်ယူပေးနိုင်ပါသည်။ သင်က အမြင့်ဆုံးအဆင့်ကို ဟောကြားခြင်းဖြင့် အဆင့်ဆင့် ဟောကြားဆင်းသက်သွားနိုင်ပါသည်။

နောက်ဆုံးအချက်မှာ လိုအပ်သူများကိုသာ ပေးကမ်းရန် အရေးကြီးပါသည်။ တစ်ယောက်ယောက်က ယင်းကို မလိုအပ်ဘဲ တစ်နေ့လုံး ချောကလက် စားချင်နေသော ကလေးများကဲ့သို့ လောဘနှင့် တဏှာကြောင့်သာ လိုအပ်နေပါက ပေးကမ်းရန် မသင့်တော်ပါ။ ဘယ်အချိန်၊ ဘာကို၊ ဘယ်သူ့ထံသို့ ပေးကမ်းရန် သင့်တော်သည်၊ မသင့်တော်သည်ကို ဆုံးဖြတ်ရန် ခွဲခြားသိရှိသောပညာကို အသုံးပြုဖို့ လိုပါသည်။ ထရွန်ပ ယင်းပိုချီက “လူပြိန်း ကရုဏာ” ဆိုသည့်စကားကို တီထွင်ခဲ့ပါသည်။ လူတိုင်းကို သူတို့လိုချင်တာပေးလျှင် အတော်လေး မိုက်မဲရာ ရောက်သည့်အတွက် ထိုသို့မပေးပါ။ ကျွန်ုပ်တို့၏ ရက်ရောမှုသည် ကျွန်ုပ်တို့၏ ဉာဏ်ပညာနှင့် လိုက်လျောညီထွေ ဖြစ်ရပါမည်။

အကျဉ်းချုပ်

ရက်ရောမှုကို လေ့ကျင့်ခြင်းသည် ချမ်းသာပြီး ပစ္စည်းဥစ္စာပေါကြွယ်ဖို့ မလိုပါ။ ဘယ်နေရာမှာ ဘာလုပ်နေသည်ဖြစ်စေ မိမိနှစ်သက်သော အရာတိုင်းကို စိတ်အားဖြင့် မျှဝေရန် ရက်ရောသောစိတ်ကို စတင်ထားရှိနိုင်ပါသည်။ ရှူရှိုက်မိသည့် သန့်ရှင်းသောလေ၊ နှစ်သက်စဖွယ် လှပသောနေဝင်ချိန်၊ အရသာရှိသော စားကောင်းသောက်ဖွယ် စသည်တို့ ဖြစ်ပါသည်။ မိမိလိုပင် အခြားသူများလည်း အားလုံးခံစားနိုင်ပါစေဟု ဆန္ဒရှိခြင်းမှာ အခြားသူများကို သူတို့လိုအပ်တာ အမှန်တကယ်ပေးကမ်းမည့် နောက်တစ်ဆင့်အတွက် အခြေခံပင် ဖြစ်ပါသည်။

တတ်နိုင်လျှင် ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ပါက ကောင်းမွန်သော်လည်း မိမိအချိန်နှင့် စွမ်းအားကိုလည်း ရက်ရောနိုင်ပါသည်။ ပျော်ပျော်ရွှင်ရွှင်နှင့် သန့်ရှင်းသော စိတ်ဓာတ်စေ့ဆော်မှုဖြင့် ပေးကမ်းသောအခါ ရက်ရောမှုသည် မိမိနှင့် အခြားသူများ၏ ကြွယ်ဝမှုနှင့် ပျော်ရွှင်မှုတို့ ရရှိစေသည့် အားကောင်းသောစွမ်းအင် ဖြစ်လာပါတော့သည်။

Top