ကိုရိုနာဗိုင်းရပ်စ်အပေါ် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ သတင်းစကား။ ဆုတောင်းရုံနှင့် မလုံလောက်ပါ

ကရုဏာတရားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ရန် ဘာကြောင့်လိုအပ်သလဲ

Studybuddhism dalai lama oaa

ကျွန်ုပ်အား ကမ္ဘာပေါ်ရှိ အချို့ပြဿနာများကို ကူညီရန် တစ်ခါတစ်ရံ အချို့မိတ်ဆွေများက တိုက်တွန်းပြီး ‘‘မှော်အစွမ်း’’ မျိုးသုံးခိုင်းပါသည်။ ဒလိုင်းလားမားတွင် မှော်အစွမ်း မရှိပါကြောင်း သူတို့ကို ကျွန်ုပ်က အမြဲပြန်ပြောပါသည်။ ထိုသို့အစွမ်းရှိနေပါက ကျွန်ုပ်သည် ခြေထောက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားရမည် မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးသည် လူသားများ ဖြစ်သည့်အတွက် ကြောက်ရွံ့မှု၊ မျှော်လင့်ချက်၊ မသေချာမရေရာမှုတို့ကို အတူ ကြုံတွေ့ကြရပါသည်။

ဗုဒ္ဓဘာသာ ရှုထောင့်အရ ခံစားတတ်သည့် သက်ရှိတိုင်းသည် ဝေဒနာနှင့်တကွ အို၊ နာ၊ သေ အမှန်တရားများနှင့် ရင်းနှီးပါသည်။ သို့သော် လူသားဖြစ်သည့်အတွက် လောဘ၊ ဒေါသ၊ ကြောက်စိတ်တို့ကို ကျော်လွှားရန် မိမိစိတ်ကို အသုံးပြုနိုင်စွမ်း ရှိပါသည်။ မကြာသေးမီ နှစ်များက ကျွန်ုပ်သည် ‘‘စိတ်ခံစားချက် လက်နက်ချခြင်း’’ အကြောင်း အလေးထား ပြောခဲ့သည်။ အရာရာကို ကြောက်စိတ်၊ ဒေါသတို့ မရောယှက်ဘဲ အရှိအတိုင်း ရှင်းရှင်းလင်းလင်း ကြည့်ရန် ဖြစ်ပါသည်။ ပြဿနာတစ်ခုတွင် အဖြေရှိပါက ထိုအဖြေကို ကြိုးစားရှာရပါမည်။ အဖြေမရှိပါက အချိန်ကုန်ခံပြီး စဉ်းစားရန် မလိုပါ။

တစ်လောကလုံးသည် အပြန်အလှန် မှီခိုနေသည်ဟု ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ယုံကြည်ပါသည်။ ထို့ကြောင့်လည်း အားလုံးနှင့်ဆိုင်သော တာဝန်ဝတ္တရား အကြောင်းကို မကြာခဏ ပြောနေရပါသည်။ ဆိုးရွားသော ဤကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် လူတစ်ဦးတွင် ဖြစ်ပျက်သောအရာက နောက်တစ်ဦးကို များမကြာမီ သက်ရောက်မှုရှိကြောင်း ပြသနေပါသည်။ သို့သော် ဆေးရုံတွင် အလုပ်လုပ်၍ဖြစ်စေ၊ လူမှုရေးခပ်ခွာခွာ နေပေး၍ဖြစ်စေ၊ ကရုဏာထားသော သို့မဟုတ် အပြုသဘောဖြစ်သော ဆောင်ရွက်ချက်က လူအများကို ကူညီနိုင်စွမ်း ရှိသည်ကိုလည်း သတိပေးနေပါသည်။

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း သတင်းများ ပေါ်ထွက်လာကတည်းကပင် ကျွန်ုပ်သည် တရုတ်နိုင်ငံနှင့် နေရာတိုင်းရှိ  ညီအစ်ကို မောင်နှမများအတွက် ဆုတောင်းနေပါသည်။ ယခုအခါ ဤဗိုင်းရပ်စ်ကို မည်သူမျှ ခံနိုင်ရည်မရှိကြောင်း မြင်လာရပါသည်။ ကမ္ဘာ့စီးပွားရေး၊ တစ်ဦးချင်း နေအိမ်များ အပါအဝင် ချစ်ခင်ရသူများနှင့် အနာဂတ်အတွက် စိုးရိမ်နေရပါသည်။ သို့သော် ဆုတောင်းနေရုံနှင့် မလုံလောက်ပါ။

ဤအကျပ်အတည်းသည် ကျွန်ုပ်တို့ တတ်နိုင်သောကဏ္ဍမှ တာဝန်ယူရန် သက်သေပြနေပါသည်။ ဆရာဝန်နှင့် သူနာပြုများ၏ ရဲစွမ်းသတ္တိကို လက်တွေ့ သိပ္ပံပညာဖြင့် ပေါင်းစပ်ပြီး ဤအခြေအနေကို စတင်၍ ပြောင်းပြန်လှန်ကာ ကျွန်ုပ်တို့အနာဂတ်တွင် အလားတူ ခြိမ်းခြောက်မှုများမှ ကာကွယ်ရပါမည်။

ယခုလို ကြောက်ရွံ့မှု ကြီးစိုးနေချိန်တွင် တစ်ကမ္ဘာလုံးအတွက် ရေရှည် စိန်ခေါ်မှုများနှင့် ဖြစ်နိုင်ခြေများကို စဉ်းစားရန် အရေးကြီးပါသည်။ အာကာသထဲမှနေ၍ ကျွန်ုပ်တို့ ကမ္ဘာကြီး၏ ဓာတ်ပုံများကို ကြည့်လျှင် အပြာရောင်ကမ္ဘာဂြိုဟ်တွင် တကယ် နယ်နိမိတ်များ မရှိသည်ကို ရှင်းလင်းစွာ တွေ့ရပါသည်။ ထို့ကြောင့် ကမ္ဘာကြီးကို အားလုံး ဂရုစိုက်ကာ ရာသီဥတု ပြောင်းလဲမှုနှင့် အခြား အဖျက်အင်အားများကို ကြိုးစားကာကွယ်ရပါမည်။ ဤကပ်ရောဂါသည် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အစဉ်အလာမရှိဖူးသည့် စိန်ခေါ်မှုကြီးကို တစ်ကမ္ဘာလုံး စုပေါင်း တုံ့ပြန်မှုဖြင့်သာ ဖြေရှင်းနိုင်သည်ဟု သတိပေးနေပါသည်။

မည်သူမျှ ဒုက္ခဆင်းရဲ မလွတ်ကင်းသည်ကို ကျွန်ုပ်တို့ သတိပြုကာ အိမ်ရာ၊ အရင်းအမြစ်၊ မိသားစု မရှိသူများကို အကာအကွယ်ပေးရန် လက်ကမ်းကူညီရပါမည်။ ဤအကျပ်အတည်းသည် ကျွန်ုပ်တို့ ရေမြေ ခြားနေသည့်တိုင် တစ်ဦးနှင့်တစ်ဦး ခြားနားနေခြင်း မဟုတ်ကြောင်း ဖော်ပြပါသည်။ ထို့ကြောင့် ကရုဏာနှင့် အကူအညီတို့ကို ကျင့်သုံးရန် အားလုံးမှာ တာဝန်ရှိပါသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် မမြဲခြင်း သဘောတရားကို ကျွန်ုပ်ယုံကြည်ပါသည်။ စစ်ဘေးနှင့် အခြားကြောက်မက်ဖွယ် ခြိမ်းခြောက်မှုများကို ဘဝတွင် မြင်တွေ့ခဲ့ရသလိုပင် အဆုံးတွင် ဤဗိုင်းရပ်စ်ပိုးကို ကျော်လွှားသွားနိုင်ပါလိမ့်မည်။ ယခင်က အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သလိုပင် ကျွန်ုပ်တို့သည် ကမ္ဘာ့အသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်ခွင့် ရရှိလာပါမည်။ လူတိုင်း အန္တရာယ် ကင်းရှင်းပြီး တည်ငြိမ်မှု ရှိကြမည်ဟု ကျွန်ုပ်ရိုးသားစွာ မျှော်လင့်ပါသည်။ ဤသို့သော မရေရာသည့်ကာလတွင် အပြုသဘော အားထုတ်မှုများစွာ ရှိနေသည်ကို ကျွန်ုပ်တို့ မျှော်လင့်ချက်နှင့် ယုံကြည်ချက် မပျောက်ဆုံးသွားရန် အရေးကြီးလှပါသည်။

Top