ကရုဏာထားတတ်အောင် နေထိုင်နည်း

How zo develop compassion clay banks unsplash

ကျွန်ုပ်တို့အားလုံးသည် ကရုဏာထားတတ်သော အလားအလာများဖြင့် မွေးဖွားလာကြပြီး အခြားသူများကို ဒုက္ခဆင်းရဲနှင့် ဆင်းရဲခြင်းအကြောင်းတရားများမှ လွတ်ကင်းစေလိုကြပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ရော အခြားသူများကိုပါ မယုံနိုင်လောက်အောင် အကျိုးရှိအောင် ထိုအစွမ်းအစကို ဖော်ထုတ်နိုင်ပါသည်။

ကရုဏာ စတင်ထားရှိရန် အကောင်းဆုံး နည်းလမ်းမှာ လက်တွေ့ဘဝတွင်ရော အွန်လိုင်းမှာပါ ကျွန်ုပ်တို့ ဆုံတွေ့သူ အရေအတွက်ကို ကန့်သတ်ရန် ဖြစ်ပါသည်။ တိရစ္ဆာန် အချို့လည်း ပါချင်ပါနိုင်ပါသည်။ တဖြည်းဖြည်းနှင့် လူတိုင်း ပါဝင်လာအောင် ကျွန်ုပ်တို့၏ ကရုဏာထားရှိသော အတိုင်းအတာကို ဖြန့်ကျက်တတ်အောင် လေ့ကျင့်ရပါသည်။ နှစ်သက်သူများ၊ သူစိမ်းများ၊ လုံးဝမနှစ်သက်သူများပင် ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကရုဏာထားရှိသူများတွင် တစ်လောကလုံး ပါသည်အထိ၊ ယုတ်စွအဆုံး ပိုးဟပ်သတ္တဝါများအထိ ပါဝင်လာရန်လိုပါသည်။

ကရုဏာသည် စိတ်ခံစားချက်ရော ကျိုးကြောင်းဆီလျော်မှုရော ပါဝင်ပါသည်။ စိတ်ခံစားချက်အရ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ အပြန်အလှန် မှီခိုမှုကို တန်ဖိုးထားရန် လိုပါသည်။ ကမ္ဘာ့စီးပွားရေးနှင့် အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင်၊ နေအိမ်၊ မော်တော်ယာဉ် အစရှိသည့် နှစ်သက်သော အရာအားလုံးသည် အခြားသူများ၏ ကြိုးစားထားသော လုပ်အားကြောင့် ပေါ်ထွက်လာပါသည်။ အခြားသူများ မရှိပါက ကျွန်ုပ်တို့မှာ လမ်း၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီ၊ ရေနှင့် အစားအသောက်များ ရှိမည်မဟုတ်ပါ။ ဤအချက်တစ်ခုတည်းနှင့်ပင် ကျွန်ုပ်တို့ ကျေးဇူးတင်နိုင်ပါသည်။ ‘‘စေတနာပါသော မေတ္တာ’’ ဟုခေါ်သည့်အရာ ဖြစ်လာအောင် စိတ်ကို ပျော်ရွှင်စေပါသည်။ ဤသို့ ကျေးဇူးတရားကို ပို၍ပြန်လည်သုံးသပ်လေ အခြားသူများကို ပို၍ တန်ဖိုးထားလေ ဖြစ်ပါသည်။ မိခင်သည် သူ၏ တစ်ဦးတည်းသော သားငယ်က ဆိုးရွားလှသောအဖြစ်တစ်ခု ကြုံနေလျှင် တုန်လှုပ်ခြောက်ခြားမိသည့်အလား ဆင်တူပါသည်။ အခြားသူများ၏ ကံဆိုးခြင်းကို ကျွန်ုပ်တို့ ဝမ်းနည်းပါသည်။ သို့သော် သူတို့အတွက် သနားခြင်း၊ စိတ်မကောင်းခြင်း မဟုတ်ပါ။ သူတို့ပြဿနာသည် မိမိပြဿနာအလား ကိုယ်ချင်းစာခြင်း ဖြစ်ပါသည်။

လူတိုင်းထံသို့ ကျွန်ုပ်တို့၏ ကရုဏာကို အညီအမျှ ဖြန့်ကျက်ရန် ကျိုးကြောင်းဆီလျော်သည်မှာ ရှင်းနေပါသည်။ သို့သော် ထိုအချက်ကိုပင် လူတို့က မစဉ်းစားမိကြပါ။ လူတိုင်းသည် ပျော်ရွှင်ချင်ကြပြီး ဝမ်းနည်းမှု၊ ဆင်းရဲဒုက္ခတို့မှ ကင်းဝေး လိုကြသည်မှာ အားလုံးအတူတူ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့နှင့် ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ သူတို့ဘာကို ဆောင်ရွက်သည်ဖြစ်စေ၊ ဤအချက်နှစ်ချက်က မှန်မြဲမှန်နေပါသည်။ တစ်စုံတစ်ယောက်သည် အန္တရာယ် များစွာ ပေးနေပါက၊ မသိနားမလည်မှု၊ စိတ်ရှုပ်ထွေးမှု၊ ထင်ယောင်ထင်မှား ဖြစ်မှုတို့ကြောင့် သူတို့ကိုဖြစ်စေ၊ လူ့အသိုင်းအဝိုင်းကိုဖြစ်စေ အကျိုးပြုမည်ဟု လွဲမှားစွာအထင်ရောက်ပြီး ထိုသို့ပြုလုပ်ခြင်း ဖြစ်ပါသည်။ မွေးကတည်းက လူဆိုးဖြစ်လာသောကြောင့် မဟုတ်ပါ။ မည်သူမျှ မွေးကတည်းက ‘‘ဆိုးရွားခြင်း’’ မရှိပါ။ ထို့ကြောင့် သူတို့အတွက် ကရုဏာထားရန် ဆီလျော်ပြီး သင့်တော်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ဆင်းရဲဒုက္ခမရောက်ချင်သလို သူတို့လည်း မရောက်ချင်ကြပါ။

ကရုဏာဖြင့် တရားရှုမှတ်ခြင်း

ကရုဏာ ထားရှိအောင် လေ့ကျင့်ခြင်းသည် ပြင်းထန်မှု အဆင့်ဆင့် ဖော်ထုတ်ပေးပါသည်။ ပထမတွင် နှစ်သက်သူများ၏ ဆင်းရဲဒုက္ခများအပေါ်တွင် အာရုံစိုက်သည်။ ထို့နောက် မည်သည့်ဘက်မျှ မလိုက်သူများ၊ ထို့နောက် မနှစ်သက်သူများကို အာရုံစိုက်ပါသည်။ နောက်ဆုံးတွင် နေရာတိုင်းမှ လူတိုင်း၏ ဆင်းရဲဒုက္ခအပေါ်တွင် အညီအမျှ အာရုံစိုက်ပါသည်။

အဆင့်တိုင်းတွင် အောက်ပါအတိုင်း ခံစားချက်သုံးမျိုး ဖြစ်ပေါ်ပါသည်-

  • သူတို့၏ ဆင်းရဲဒုက္ခနှင့် ဆင်းရဲခြင်း အကြောင်းတရားများမှ ကင်းဝေးပါက သူတို့ အလွန်ဝမ်းမြောက်ပေလိမ့်မည်။
  • သူတို့သည် လွတ်လပ်ပါစေ။ သူတို့သည် လွတ်လပ်ပါစေဟု ဆန္ဒပြုပါသည်။
  • သူတို့ကို လွတ်လပ်ခွင့် ပေးနိုင်သူ ဖြစ်ရပါလို၏။

ထို့ကြောင့် ကရုဏာတွင် အခြားသူများကို သူတို့၏ ပြဿနာများမှ ကင်းဝေးရန်နှင့် သူတို့၏ မပျော်ရွှင်မှုများကို ကျော်လွှားရန် ကူညီလိုစိတ် ပါဝင်ပါသည်။ လက်တွေ့ကျသော နည်းလမ်းများဖြင့် ပြဿနာများ ဖြေရှင်းနိုင်သည်ဟု ယုံကြည်ပါသည်။ မျှော်လင့်ချက်မဲ့သော အခြေအနေ ဆိုသည်မှာ မရှိပါ။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ကရုဏာတရား ဆိုသည်မှာ အခြားသူများအကျိုးအတွက် ဆောင်ရွက်ရန် မည်သည့်အချိန်တွင်မဆို အသင့်ဖြစ်နေသော စိတ်အခြေအနေတစ်ရပ် ဖြစ်ပါသည်။

Top