ဒုတိယသစ္စာ- ဆင်းရဲဒုက္ခ၏ မှန်ကန်သော အကြောင်းရင်းများ

ပထမသစ္စာတွင် ကျွန်ုပ်တို့အားလုံးကြုံတွေ့ရသည့် မှန်ကန်သော ဆင်းရဲဒုက္ခများအကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဆင်းရဲဒုက္ခအားလုံး အဆုံးသတ်စေလိုပါက ကျွန်ုပ်တို့သည် ယင်းတို့၏တကယ့်အကြောင်းရင်းများကို မှန်ကန်စွာ သိရှိဖို့လိုပါသည်။ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် တကယ့်ပြဿနာမှာ ကျွန်ုပ်တို့သည် မပျော်ရွှင်မှုနှင့် စိတ်မကျေနပ်ဖွယ် ယာယီပျော်ရွှင်မှုတို့ကို အမြဲတမ်း ခန့်မှန်းမရစွာ တစ်လှည့်စီကြုံတွေ့နေရခြင်းနှင့် ယင်းတို့ကို ဆက်လက်ပေါ်ထွက်စေခြင်းမျှသာ မဟုတ်ပါ။ ပိုဆိုးသည်မှာ ထိုသို့ထိန်းချုပ်မရစွာ သံသရာလည်နေသည့် အတက်အကျများ ကြုံတွေ့ရသည့် အကန့်အသတ်ရှိသော ကိုယ်နှင့်စိတ် အမျိုးအစားကိုလည်း ကျွန်ုပ်တို့က ဆက်လက်ဖြစ်ပေါ်စေပါသည်။ “ခေါင်းမရှိလျှင် ခေါင်းကိုက်မည်မဟုတ်ပါ” ဆိုသည့် စကားလိုပင်ဖြစ်သည်။ ဤစကားမှာ အနည်းငယ် နောက်ပြောင်သလိုရှိသော်လည်း အမှန်တရားအချို့ ပါဝင်နေပါသည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာသည် ခေါင်းကိုက်ခြင်းအတွက်သာမက ခေါင်းကိုက်စေသည့် ခေါင်းအမျိုးအစားများ ဆက်လက်ရရှိမှုအတွက်ပါ မှန်ကန်သော အကြောင်းရင်းကို မယုံနိုင်လောက်အောင် တွေ့ရှိခဲ့ပါသည်။ တကယ့်အကြောင်းရင်းသည် အမှန်တရားနှင့် ပတ်သက်၍ အပြုအမူဆိုင်ရာ အကြောင်းနှင့်အကျိုးအပေါ် ကျွန်ုပ်တို့၏ သတိမရှိမှု သို့မဟုတ် လျစ်လျူရှုမှုဖြစ်ကြောင်း ဟောဖော်ညွှန်ပြခဲ့ပါသည်။

ကျွန်ုပ်တို့တည်ရှိပုံနှင့်ပတ်သက်၍ သတိမရှိခြင်း

ယခု ၂၁ ရာစု၌ ကျွန်ုပ်တို့သည် လှည့်ဖြားမှုများပေါများသည့်ခေတ်တွင် နေထိုင်နေပြီး “အစားထိုးသစ္စာ” ဆိုသည့်အချက်ကို အတော်များများက ယုံကြည်နေပါသည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဗုဒ္ဓမြတ်စွာ သိမြင်ခဲ့သည့် ဆင်းရဲဒုက္ခ အားလုံး၏ မှန်ကန်သောအကြောင်းရင်း ဖြစ်သည့် “မသိမှု” ဟုတစ်ခါတစ်ရံခေါ်သည့် သတိမရှိမှုသည် ကြီးထွားလာနေပါသည်။ ဤသို့ သတိမရှိမှု ဆိုသည်မှာ အင်တာနက်၏ လုပ်ဆောင်ပုံကို မသိခြင်းမျိုး မဟုတ်ပါ။ ကျွန်ုပ်တို့အပြုအမူ၏ ရေရှည်အကျိုးဆက်နှင့် ပတ်သက်၍ သတိမရှိမှုနှင့် ရှုပ်ထွေးမှုဖြစ်ပါသည်။ ထိုနောက်ကွယ်တွင် အထူးသဖြင့် ကျွန်ုပ်တို့တည်ရှိပုံ အမှန်တရားနှင့် ပတ်သက်၍ သတိမရှိမှုနှင့် ရှုပ်ထွေးမှုရှိနေပါသည်။ ပိုဆိုးသည်ကား ကျွန်ုပ်တို့၏ မှားယွင်းသောအမြင်များကို လုံးဝမှန်ကန်သည်ဟု ထင်နေခြင်းဖြစ်ပါ၏။

ထပ်မံ၍ အသေးစိတ်ကြည့်ကြပါစို့။ ကျွန်ုပ်တို့အားလုံးသည် “ငါ၊ ငါ၊ ငါ” ဟုခေါင်းထဲတွင် ပြောနေသည့်အသံကို ကြားကြရသည်။ ယင်းကိုအခြေခံပြီး ကိုယ်နှင့်စိတ်မှ သီးခြားဖြစ်ကာ အမြဲထိုသို့ပြောနေသည့် “ငါ” ဆိုသော တွေ့ထိနိုင်သည့်အရာ ရှိသည်ဟု အလိုလိုယုံကြည်လာပါသည်။ “ငါ” ကြုံတွေ့ရသောအရာကို ခေါင်းထဲတွင် ညည်းတွားခြင်း သို့မဟုတ် နောက်ထပ် “ငါ” ဘာလုပ်မည်ကို တွေးတောခြင်း ပြုသည့်အခါတိုင်း ကျွန်ုပ်တို့ စိုးရိမ်မိနေသည့် “ငါ” ဆိုသော အခိုင်အမာကိုယ်ထည်တစ်ခု ရှိနေသလို ထင်ရသည့်အတွက် ဤသို့ရှုပ်ထွေးသည့် ယုံကြည်မှု ပို၍ခိုင်မာလာပါသည်။ ကျွန်ုပ်တို့ တည်ရှိနေသည်မှာ မှန်ပါသည်။ ဘုရားရှင်က ထိုအချက်ကိုမငြင်းပါ။ ပြဿနာမှာ ကျွန်ုပ်တို့သည် မိမိတွေးထင်သလို တည်ရှိနေခြင်း မဟုတ်ပါ။ ထိုအချက်ကို ကျွန်ုပ်တို့ သတိမပြုမိပါ။ အစားထိုး အမှန်တရားကို အခိုင်အမာ ယုံကြည်နေသည့်အတွက် လုံးဝရှုပ်ထွေးမှုဖြစ်နေပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါ အပြုအမူများဖြင့် မိမိကိုယ်ကို စိတ်ချရအောင်ပြုလုပ်ရာတွင် မလုံခြုံမှုနှင့် အချည်းနှီး ကြိုးပမ်းမှု

မိမိကိုယ်ကို ဤသို့လွဲမှားယူဆချက်သည် မှားယွင်းနေကြောင်း ရှင်းလင်းစွာ ဖော်ပြသည့်အချက်မှာ ၎င်းသည် အမှန်တရားနှင့် ပတ်သက်ကြောင်း ကျွန်ုပ်တို့ယုံကြည်လိုက်သည်နှင့် မလုံခြုံမှု ဆင်းရဲဒုက္ခကို ကြုံတွေ့ရပါသည်။ စိတ်ချရအောင် အချည်းနှီး ကြိုးပမ်းရာတွင် မိမိကိုယ်ကို သက်သေပြရန်၊ မိမိကိုယ်ကို ကာကွယ်ရန် သို့မဟုတ် မိမိကိုယ်ကို အလေးပေးပြောကြားရန် လိုအပ်သည်ဟု ခံစားရပါသည်။ ထိုသို့ ခံစားရခြင်းဖြင့် အောက်ပါ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်ပေါ်စေပါသည်-

  • လုံခြုံသည်ဟု ခံစားရစေမည့် တစ်စုံတစ်ခုကို တမ်းတမက်မောမှု
  • လုံခြုံမည်ဟုခံစားရစေရန် တစ်စုံတစ်ခုကို မိမိနှင့်ဝေးရာသို့တွန်းထုတ်လိုသည့် မောက်မာမှုနှင့်ဒေါသ
  • မိမိ၏ဘေးပတ်လည်တွင် နံရံများခြားကာ ထိုအထဲတွင်လုံခြုံစိတ်ချရမည်ဟုထင်ပြီး မသိနားမလည်မှု။

ဤအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် ကျွန်ုပ်တို့သည် စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ ဆုံးရှုံးကာ ယခင်အလေ့အထ၊ အမူအကျင့်များအတိုင်း တစ်ခုခု ပြောဆို၊ ဆောင်ရွက်လိုစိတ် ဖြစ်လာပါသည်။ ထိုအခါ တွန်းအားပေးသည့် ကံစွမ်းအားက ကျွန်ုပ်တို့ကို အမှန်တကယ် ထိုသို့ပြုမူ၊ ပြောဆိုလာစေပါသည်။

စိတ်ခံစားချက် အတက်အကျများ ဖြစ်စေသည့် တကယ့်အကြောင်းရင်းများဖြစ်သော သတိမရှိမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါ အပြုအမူ

ကံအကြောင်းနှင့်အကျိုးသည် ကျွန်ုပ်တို့အပြုအမူ၏ ရေတိုရလဒ်ကို အာရုံစိုက်ခြင်းမဟုတ်ဘဲ ရေရှည်ရလဒ်ကို အာရုံစိုက်ပါသည်။ ဥပမာ မိမိကိုယ်ကို မလုံခြုံဘူးဟု ခံစားရသောအခါ လူမှုကွန်ရက်မီဒီယာမှ မိမိ၏ပို့စ်များကို “like” ရရှိလိုစိတ် ဖြစ်လာပြီး ထိုသို့ရရှိပါက ကျွန်ုပ်တို့၏ တည်ရှိမှုကိုအတည်ပြုကာ မိမိ၏တန်ဖိုးတက်စေမည်ဟု တပ်မက်သည့်ဆန္ဒ ဖြစ်လာပါသည်။ လူမှုကွန်ရက်မီဒီယာတွင် ကိုယ်တိုင်ရိုက်ဓာတ်ပုံများ တင်ကြည့်ပြီး သင့်အတွေ့အကြုံကို ဆန်းစစ်ကြည့်ပါ။ “like” မည်မျှ ရရှိသလဲ သိရအောင် ဖုန်းကို ဝင်ကြည့်လိုစိတ် တစ်နေ့လုံး ဘယ်နှကြိမ်ဖြစ်ပါသနည်း။ တစ်ယောက်ယောက်က သင်တင်ထားသည်ကို “like” ပေးသောအခါ ရရှိသည့် ပျော်ရွှင်မှုသည် မည်မျှကြာမြင့်ပါသနည်း။ ထို့နောက် သင့်ဖုန်းကို မည်မျှကြာလျှင် ထပ်ဝင်ကြည့်မိပါသနည်း။ “like” လုံလောက်ပြီဟု ထင်ပါသလား။ တစ်နေ့လုံးဖုန်းကို စိတ်လိုက်မာန်ပါ ကြည့်နေရသည်မှာ ပျော်ရွှင်သော စိတ်အခြေအနေ ဟုတ်ပါသလား။ ယင်းသည် “like” လုံလောက်ပါက စိတ်ချရပြီဆိုသည့် ခိုင်မာသော၊ အမှီအခိုကင်းစွာ တည်ရှိသော “ငါ” ဖြစ်သည်ဟု မှားယွင်းတွေးထင်မှုတွင် အခြေခံပါသည်။

ကျွန်ုပ်တို့၏ အရွယ်ရောက်ပြီးသော သားသမီးများကို စိတ်လိုက်မာန်ပါ ကူညီလိုသည့် မေတ္တာကဲ့သို့ စိတ်ထားကောင်း ရှိလျှင်ပင် မိမိအတွက်ပျော်ရွှင်စေရန် လိုအပ်သည့် အသုံးဝင်လိုခြင်း၊ မိမိကိုလိုအပ်စေလိုခြင်းတို့ဖြင့် မှားယွင်းယူဆမှုတွင် အခြေခံပါက ထိုစိတ်ဖြင့်ကြုံရသည့် ပျော်ရွှင်မှုသည် စိတ်ကျေနပ်မှု လုံးဝမဖြစ်စေပါ။ လိုရင်းပြောရလျှင် ကျွန်ုပ်တို့၏ စိတ်ခံစားချက်အတက်အကျများ ဆက်လက်ပေါ်ထွက်ရသည့် တကယ့်အကြောင်းရင်းများမှာ မိမိနှင့်အခြားသူများ သာမက အရာရာတည်ရှိပုံနှင့် ပတ်သက်၍ သတိမရှိခြင်းနှင့် မှားယွင်းယူဆခြင်းတို့သာမက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ယင်းတို့ကြောင့် ဖြစ်လာသည့် တွန်းအားပေးသော ကံစွမ်းအားများနှင့် စိတ်လိုက်မာန်ပါ အပြုအမူများ ဖြစ်ပါသည်။

ထိန်းချုပ်မရသည့် သံသရာတွင် ပြန်လည်မွေးဖွားမှုကို ဖြစ်ပေါ်စေသည့် မှန်ကန်သည့် အကြောင်းရင်းများ ဖြစ်သော သတိမရှိမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါ အပြုအမူများ

သတိမရှိမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ကံစေ့စော်မှုများသည်လည်း ကျွန်ုပ်တို့၏ တည်ရှိမှုကို စိတ်လိုက်မာန်ပါဖြစ်ပေါ်စေသည့် မှန်ကန်သော အကြောင်းရင်းများဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူပါသည်။ လက်ရှိနှင့်နောင်ဘဝများတွင် အကန့်အသတ်ရှိသည့် ကိုယ်နှင့်စိတ် အခြေခံဖြင့် မပျော်ရွှင်မှုနှင့် စိတ်မကျေနပ်ဖွယ်ပျော်ရွှင်မှုတို့ကို တွေ့ကြုံခံစားရပါသည်။ ဤခံစားချက်များအပေါ် ကျွန်ုပ်တို့၏ ရှုပ်ထွေးနေသည့်သဘောထားများသည်ပင် ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ “သံသရာ” လည်နေမှု၏ တကယ့်အကြောင်းရင်းဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာက ရှင်းပြထားပါသည်။

ခဏတာပျော်ရွှင်မှု ဖြစ်ပေါ်လာသောအခါ ၎င်းကိုအဆုံးမသတ်စေချင်ပါ။ ထိုပျော်ရွှင်မှုသည် ရေရှည်မခံသည့်အတွက် ကြိုးစားလည်းအရာမထင်ပါ။ ကျွန်ုပ်တို့ မပျော်ရွှင်သောအခါ ယင်းကို ထာဝရ ပျောက်ပျက်သွားစေလိုပါသည်။ သို့သော် ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူကြောင့် ပို၍သာမပျော်ရွှင်မှု ဖြစ်လာပါမည်။ တစ်ခုခုမခံစားရအောင် အားပြင်းသည့် အနာသက်သာဆေးများသောက်လျှင် သို့မဟုတ် ထိုကဲ့သို့ ဘာကိုမှ မခံစားရသည့် နက်နဲသောစူးစိုက်မှု အခြေအနေတွင် နှစ်မြှုပ်ထားလျှင်ပင် ထိုခံစားချက်အခြေအနေ လျော့မသွားစေချင်သော်လည်း မလွှဲမရှောင်သာ လျော့ပါးသွားပါသည်။

ထို့ပြင် ကျွန်ုပ်တို့သည် “ဒီပျော်ရွှင်မှုနဲ့ ငါ မခွဲခွါချင်ဘူး။ ဒီမပျော်ရွှင်မှုနဲ့ ငါ ခွဲခွါချင်တယ်။ ဒီခံစားချက်မျိုး ငါ မပျောက်ပျက် စေချင်ဘူး”၊ “သနားစရာငါပါလား” ဆိုသည့်အတွေးများဖြင့် အခိုင်အမာရှိသည့် “ငါ” အပေါ်စွဲလမ်းပါသည်။ ဤသို့ “ငါ” အပေါ်ရှုပ်ထွေးစွာယူဆ စွဲလမ်းမိပြီး ကွယ်လွန်ခါနီးအချိန်တွင် မိမိခံစားချက်များအပေါ် ဤအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်လာပါက ကံစေ့စော်မှု နှိုးဆွလာပါသည်။ ယင်းသို့တွန်းပို့သည့် စိတ်အာသီသသည်  ကျွန်ုပ်တို့၏ စိတ်နှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ကျွန်ုပ်တို့ဆက်လက် ရှင်သန်နိုင်စေမည့် ပြန်လည်မွေးဖွားမှု ဖြစ်လိုစိတ်ဆီသို့ သံလိုက်ပမာ ဆွဲဆောင်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာရှုထောင့်မှ ရှင်သန်ရေးပင်ကိုသိစိတ်နှင့် အတော်အတန် ဆင်တူလေသည်။

ဆင်းရဲဒုက္ခဖြစ်စေသည့် မှန်ကန်သော အကြောင်းရင်းများ၏ အစိတ်အပိုင်းလေးရပ်

ကျွန်ုပ်တို့၏ ရှုပ်ထွေးသည့် သဘောထားများသည် မှန်ကန်သော ဆင်းရဲဒုက္ခများ၏ တကယ့်အကြောင်းရင်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများ ထိန်းချုပ်မရစွာ သံသရာလည်အောင် ကျွန်ုပ်တို့က ဆက်လက်ဖြစ်ပေါ် စေပါသည်။ ထိုအတွက် အထူးသဖြင့် ပြန်လည်မွေးဖွားမှု အကြိမ်ကြိမ် ဆက်လက်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ အစိတ်အပိုင်းလေးရပ် ရှိပါသည်။ ထိုအချက်များမှနေ၍ ယင်းတို့သည် ယေဘုယျအားဖြင့် ဆင်းရဲဒုက္ခ၏ တကယ့်အကြောင်းရင်းများ ဘာကြောင့်ဖြစ်ရသည်ကိုလည်း ဤသို့နားလည်လာနိုင်ပါသည်-

  • ပထမဦးစွာ ကျွန်ုပ်တို့ တည်ရှိပုံနှင့်ပတ်သက်၍ သတိမရှိမှုနှင့်တကွ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ တွန်းပို့သည် ကံစေ့စော်မှုများသည် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခဖြစ်စေသော တကယ့် အကြောင်းရင်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခသည် အကြောင်းမဲ့ သို့မဟုတ် ဗေဒင်ကိန်းခန်း သို့မဟုတ် ကံဆိုးခြင်း စသည့် မသက်ဆိုင်သော အကြောင်းကြောင့် ဖြစ်လာခြင်းမဟုတ်ပါ။
  • ဒုတိယအချက်မှာ ယင်းတို့သည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများ အထပ်ထပ်ပြန်ဖြစ်ရသည့် ဇစ်မြစ်ဖြစ်ပါသည်။ အခြေအနေတိုင်းတွင် ဆင်းရဲဒုက္ခသည် အကြောင်းတစ်ခုတည်းကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ အကြောင်းတရားနှင့် အခြေအနေများစွာ ပေါင်းစပ်၍ ဖြစ်ပေါ်လာပါသည်။
  • တတိယအချက်မှာ ယင်းတို့သည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခ ဖြစ်စေသည့် အားကောင်းသော ကိုယ်တွင်းအကြောင်းရင်းများ ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခသည် ပြင်ပရင်းမြစ်များကြောင့် ဖြစ်လာခြင်းမဟုတ်သလို အစွမ်းရှိသည့်နတ်ဘုရားအချို့ကြောင့် ဖြစ်လာခြင်းလည်း မဟုတ်ပါ။
  • စတုတ္ထအချက်မှာ ယင်းတို့သည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေသည့် အခြေအနေများ ဖြစ်ပါသည်။ ဆင်းရဲဒုက္ခများသည် လောကီဆောင်ရွက်ချက်များကြောင့် ပေါ်ထွက်လာခြင်းမဟုတ်ဘဲ ယင်းတို့အပေါ် ကျွန်ုပ်တို့၏ ရှုပ်ထွေးသည့် သဘောထားများကြောင့် ပေါ်ထွက်လာပါသည်။

အကျဉ်းချုပ်

မည်သူမျှ အမြဲတမ်း မကျော်ဖြတ်လိုသည့် ကျွန်ုပ်တို့၏ သံသရာလည်နေသည့် ပြဿနာများနှင့် ဆင်းရဲဒုက္ခများကို ဖြစ်စေသည့် မှန်ကန်သော အကြောင်းရင်းများသည် မိမိကိုယ်ကို မှားယွင်းသိမြင်သည့် မိမိ၏မှန်းဆချက်များကြောင့် ဖြစ်ကြောင်း၊ ယင်းတို့သည် စိတ်ကူးယဉ်မျှသာ ဖြစ်သည်ကို ကျွန်ုပ်တို့၏ သတိမရှိမှု၊ ယင်းတို့ကြောင့် ပေါ်ထွက်သည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါအပြုအမူများ ဖြစ်ကြောင်း သိရှိလာသည်နှင့် ဤသို့ဒုက္ခပေးသည့်အရာများကို ထာဝရ ဖယ်ရှားပစ်နိုင်အောင် ကြိုးစားလျှင် မည်မျှအဓိပ္ပာယ်ရှိပါမည်နည်း။

Top