လူတိုင်းတွင် အထုံဝါသနာနှင့် စိတ်ဝင်စားမှုချင်း မတူညီသောကြောင့် လူအမျိုးမျိုးအတွက် ကိုက်ညီသော နည်းလမ်းများစွာကို ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ ဤအချက်ကို အမှတ်ရကာ ကမ္ဘာပေါ်တွင် ဘာသာတရား များစွာ ရှိသည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု ဒလိုင်းလားမား ဆရာတော်ကြီးက ဆိုထားပါသည်။ အစားအသောက် တစ်မျိုးက လူတိုင်းကို မဆွဲဆောင်နိုင်သလိုပင် ဘာသာတရား သို့မဟုတ် ယုံကြည်ချက် တစ်ခုက လူတိုင်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါ။ ဘာသာတရား အမျိုးမျိုး ရှိခြင်းမှာ အကျိုးရှိစေသလို ဝမ်းမြောက်စွာ ကြိုဆို လက်ခံရမည့်အချက်လည်း ဖြစ်ပါသည်။
ယုံကြည်ချက် မတူသူများအကြား ဆွေးနွေးခြင်း
ဗုဒ္ဓဘာသာ ဆရာတော်များနှင့် အခြားဘာသာများ၏ ခေါင်းဆောင်များအကြား အပြန်အလှန် လေးစားမှုတွင် အခြေခံသော တွေ့ဆုံဆွေးနွေးမှုမှာ ယခုအခါ ပိုများလာပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်နှင့် မကြာခဏ တွေ့ဆုံကာ ၁၉၈၆ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးက အီတလီနိုင်ငံ အစီစီတွင် စုဝေးပွဲကြီးတစ်ခုသို့ ကမ္ဘာ့ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။ ကိုယ်စားလှယ်ပေါင်း ၁၅၀ တက်ရောက်သည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ပုပ်ရဟန်းမင်းကြီးဘေးတွင် ထိုင်သည်။ ပထမဆုံး မိန့်ခွန်းပြောခွင့်ရသည်။ ထိုအစည်းအဝေးတွင် ဘာသာရေး ခေါင်းဆောင်များက ကျင့်ဝတ်၊ မေတ္တာ၊ ကရုဏာစသည့် ဘာသာတရား အားလုံးနှင့်ဆိုင်သော ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။ မတူညီသော ဘာသာရေး ခေါင်းဆောင်များက အချင်းချင်း ထားရှိသည့် ပူးပေါင်းဆောင်ရွက်မှု၊ ညီညွတ်မှုနှင့် အပြန်အလှန် လေးစားမှုတို့ကြောင့် လူတို့ အလွန်ပင် အားတက်ခဲ့ကြပါသည်။
ဘာသာတရား တစ်ခုနှင့်တစ်ခု မတူညီတာ မှန်ပါသည်။ ရုပ်လွန်ပညာ တက္ကိဗေဒနှင့် ဘာသာတရားဆိုင်ရာပညာတို့ကို ကြည့်ပါက ထိုကွာခြားချက်များကို ကျော်လွှားရန် နည်းလမ်း လုံးဝမရှိပါ။ သို့သော် ကျွန်ုပ်တို့ ငြင်းခုန်နေရမည်ဟု မဆိုလိုပါ။ ‘‘ငါ၏ယုံကြည်ချက်က သင့်ယုံကြည်ချက်ထက် ပိုကောင်းသည်’’ ဆိုသော သဘောထားက အထောက်အကူ မဖြစ်ပါ။ ဘာသာတရား အားလုံးတွင် တူညီသောအရာ ရှိသည်ကို ကြည့်နိုင်လျှင် ပို၍အကျိုးရှိပါမည်။ ယင်းမှာ ကျင့်ဝတ်နှင့်ညီသော အပြုအမူနှင့် မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတို့ကို လက်ကိုင်ထားရန် လူတို့ကို သင်ကြားခြင်းအားဖြင့် လူသားထု၏ အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်အောင် အားလုံးက ကြိုးစားပြီး လူတိုင်း၏ဘဝ ပိုကောင်းအောင် ပြုလုပ်ပါသည်။ ယင်းတို့အားလုံးသည် လူတို့ကို ဘဝ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဘက်တွင် လုံးဝတွယ်ငြိမနေရန်၊ ရုပ်နှင့် စိတ် တိုးတက်မှု ညီမျှအောင် အနည်းဆုံးတော့ ကြိုးစားရှာဖွေရန် သင်ကြားထားပါသည်။
ကမ္ဘာ့အခြေအနေ တိုးတက်ကောင်းမွန်အောင် ဘာသာတရားအားလုံးက အတူဆောင်ရွက်နိုင်မည်ဆိုလျှင် အမှန်ပင် အထောက်အကူ ပြုပါမည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက အရေးကြီးသော်လည်း စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုလည်း လိုအပ်သည်မှာ ပို၍ရှင်းလင်းလာပါသည်။ ဘဝ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိုသာ အလေးထားသောအခါ လူတိုင်းသေစေနိုင်သော အားပြင်းသည့်ဗုံးတစ်လုံး တီထွင်သည်မှာ နှစ်လိုဖွယ် ရည်မှန်းချက်တစ်ရပ် ဖြစ်လာပါသည်။ တစ်ဖက်တွင်မူ လူသားဆန်သောစိတ်ထားဖြင့် စဉ်းစားသောအခါ လူအစုလိုက် အပြုံလိုက် သေစေသော လက်နက်များ ဆက်လက်ထုတ်လုပ်မှု၏ ပြဿနာအကျိုးဆက်များကို သတိပြုမိလာပါသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာသာ ဖွံ့ဖြိုးပြီး ရုပ်ဝတ္ထုဘက်ကို လုံးဝလျစ်လျူရှုပါကလည်း လူတိုင်း အစာရေစာ ငတ်ကုန်ပါမည်။ ထိုအချက်ကလည်း မကောင်းပါ။ ညီမျှမှုရှိရန်က အဓိကအချက် ဖြစ်ပါသည်။
တစ်ဦးထံမှ တစ်ဦးက သင်ယူခြင်း
ကမ္ဘာ့ဘာသာကြီးများအကြား အပြန်အလှန် ဆက်သွယ်မှု တစ်ခုမှာ အထူးပြုလုပ်ငန်း အချို့ တူညီနေကြခြင်း ဖြစ်သည်။ ဥပမာ၊ ခရစ်ယာန်ဘာသာ သက်ဝင်သူများစွာက ဗုဒ္ဓဘာသာမှ စူးစိုက်မှုနှင့် တရားရှုမှတ်မှု နည်းစနစ်များ သင်ယူရန် စိတ်ဝင်စားသည်ကို တွေ့ရပါသည်။ ထို့ပြင် ကက်သလစ်ဘာသာ ဘုန်းတော်ကြီးများ၊ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များက အိန္ဒိယနိုင်ငံ၊ ဓမ္မသာလာသို့ လာရောက် လည်ပတ်ပါသည်။ ထိုနည်းစနစ်များကို လေ့လာကာ ၎င်းတို့ကိုယ်ပိုင် အစဉ်အလာများဆီသို့ ပြန်ယူသွားပါသည်။ ဗုဒ္ဓဘာသာဝင် များစွာသည် ကက်သလစ်ဘာသာ အစည်းအဝေးများတွင် သင်ကြားနေကြပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း သူတို့ကို တရားရှုမှတ်နည်း၊ စူးစိုက်မှု လေ့ကျင့်နည်း၊ မေတ္တာထားရှိနည်းတို့ သင်ကြားရန် မကြာခဏ ဖိတ်ခေါ်ခံရပါသည်။ ခရစ်ယာန်ဘာသာက လူတိုင်းကို မေတ္တာထားရန် သင်ကြားထားပါသည်။ သို့သော် မည်သို့ အမှန်တကယ် ဆောင်ရွက်ရမည်ကို အသေးစိတ် ရှင်းပြထားခြင်း မရှိပါ။ ဗုဒ္ဓဘာသာတွင် မေတ္တာထားရှိရန် နည်းစနစ်များစွာ ရှိပါသည်။ ခရစ်ယာန်ဘာသာ၏ အမြင့်ဆုံးအဆင့်သည် ဗုဒ္ဓဘာသာမှ ထိုနည်းစနစ်များ သင်ယူရန် လမ်းဖွင့်ထားပါသည်။ ဤသည်မှာ အားလုံး ဗုဒ္ဓဘာသာ ဖြစ်လာရမည်ဟု မဆိုလိုပါ။ ဤနေရာမှ မည်သူ့ကိုမျှ ဘာသာပြောင်းရန် မည်သူကမျှ ကြိုးစားမည်မဟုတ်ပါ။ ပိုမိုကောင်းမွန်သော ခရစ်ယာန် ဘာသာဝင်များ ဖြစ်လာအောင် သူတို့ကိုယ်ပိုင် ဘာသာတရားတွင် ပြောင်းလဲ အသုံးချနိုင်သော နည်းစနစ်များအဖြစ် သင်ယူနိုင်သည်ကို ဆိုလိုခြင်းမျှသာ ဖြစ်ပါသည်။
ထို့အတူ ဗုဒ္ဓဘာသာဝင် အများအပြားသည် ခရစ်ယာန်ဘာသာမှ လူမှုရေးလုပ်ငန်းအကြောင်း လေ့လာရန် စိတ်ဝင်စားကြပါသည်။ ခရစ်ယာန် ထုံးတမ်းစဉ်လာ အများစုက သူတို့၏ ဘုန်းတော်ကြီးနှင့် သီလရှင်များကို စာပေသင်ကြားခြင်း၊ ဆေးရုံလုပ်ငန်း၊ သက်ကြီးရွယ်အိုနှင့် မိဘမဲ့များ ပြုစုစောင့်ရှောက်ခြင်း စသည်တို့တွင် ပါဝင်ပတ်သက်ရန် အလေးထားပါသည်။ ဗုဒ္ဓဘာသာ နိုင်ငံအချို့တွင် ဤလူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးနေသော်လည်း လူမှုရေးနှင့် ပထဝီဝင် အကြောင်းရင်း များစွာကြောင့် နိုင်ငံအားလုံးတွင်တော့ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်များက လူမှုရေး လုပ်ငန်းအကြောင်းကို ခရစ်ယာန်ဘာသာဝင်တို့ထံမှ များစွာသင်ယူလေ့လာနိုင်ပါသည်။ ဆရာတော်ကြီးကလည်း ဤအတွက် အလွန်လမ်းဖွင့်ထားပါသည်။ တစ်ဖက်နှင့် တစ်ဖက် ကိုယ်ပိုင် အထူးပြု လုပ်ငန်းများအကြောင်း လေ့လာသင်ယူပါက အလွန်ကောင်းပါသည်။ ဤနည်းဖြင့် ကမ္ဘာ့ ဘာသာကြီးများအကြား အပြန်အလှန် လေးစားမှုတွင် အခြေခံပြီး ပွင့်လင်းသော ဆွေးနွေးမှု ရှိလာနိုင်ပါသည်။
အကျဉ်းချုပ်
ယခုထိဆိုလျှင် ဘာသာတရားများအကြား အပြန်အလှန် ဆက်သွယ်မှုသည် အဆင့်အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်များ အကြားတွင်သာ ရှိပါသည်။ ဤအဆင့်ရှိလူများမှာ ပို၍ပွင့်လင်းပြီး အာဃာတလည်း နည်းလာသည်ဟု ထင်ပါသည်။ အောက်ခြေ အဆင့်ရှိ လူများမှာမူ ပို၍ မလုံခြုံမှု ခံစားရပြီး၊ ပြိုင်ဆိုင်မှု၊ တိုက်ခိုက်မှုကို စံထားသည့် ဘောလုံးအသင်းကဲ့သို့ စိတ်ဓာတ်မျိုး ဖြစ်လာပါသည်။ ဘာသာတရားများအကြားတွင်ဖြစ်စေ၊ ဗုဒ္ဓဘာသာ အစဉ်အလာ တစ်ခုနှင့်တစ်ခု အကြားတွင်ဖြစ်စေ ဤသို့သော သဘောထားမျိုး ရှိသည်မှာ အလွန်ဝမ်းနည်ဖွယ် ဖြစ်ပါသည်။ မတူညီသော နည်းစနစ်များစွာကို ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါသည်။ ယင်းတို့အားလုံးက လူသားထုအတွက် ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်အောင် ညီညွတ်စွာ ဆောင်ရွက်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအတွင်းတွင်ရော၊ ကမ္ဘာ့ဘာသာကြီးများ အကြားမှာပါ ထုံးတမ်းစဉ်လာ အားလုံးကို လေးစားရန် အရေးကြီးပါသည်။