ယုံဇင်လင်းယင်းပိုချီနှင့် အမှတ်တရများ

ယုံဇင်လင်းယင်းပိုချီကို ဗုဒ္ဓဂါယာတွင် ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီလ၌ ပထမဆုံး တွေ့ဆုံခဲ့ပါသည်။ သူက ထိုနေရာသို့ ဆောင်းရာသီတွင် ပုံမှန် လာရောက်ပြီး တိဘက်ဘုန်းကြီးကျောင်းတွင် နှစ်စဉ်တရားဟောပါသည်။ ဗုဒ္ဓဂါယာသည် ထိုစဉ်က သိပ်မဖွံ့ဖြိုးသေးပါ။ အလွန် ဆင်းရဲလှပါသည်။ နူနာရောဂါ ရှိသူများသည် ဘုရားစေတီရှေ့မှ ဖုန်ထူသော လမ်းပေါ်တွင် စည်းကမ်းမဲ့စွာ တန်းစီပြီး သူတို့၏ ပုပ်နေသော လက်ချောင်းများကို ရှေ့သို့ထုတ်ပြကာ စူးရှသော ညည်းညူသံများဖြင့် ဘုရားဖူးများထံမှ တောင်းရမ်းနေပါသည်။ ထိုနေရာတွင် နိုင်ငံခြားသား အနည်းငယ်မျှသာ ရှိသည့်အတွက် စုတ်ပေသော အဝတ်အစားများ ဝတ်ထားသည့် ကလေးငယ်အဖွဲ့များက ကျွန်ုပ်ဘယ်သွားသွား ခြင်တစ်အုပ်ကဲ့သို့ အနောက်က လိုက်နေပါသည်။ သူတို့သည် ကျွန်ုပ်၏ အဝတ်အစားများကို လှမ်းဆွဲခြင်း၊ ညည်းညူသံများဖြင့် ငွေအကြွေများ တောင်းရမ်းခြင်း၊ “ဘာခ်ရှီး၊ မန်ဆာဟဗ်” ဟု စူးရှစွာ အော်ဟစ်ခြင်းတို့ ပြုလုပ်ပါသည်။ စိတ်အားထက်သန်သော ဘုရားဖူးများက စေတီများအနီးတွင် ဝမ်းလျှားထိုးပြီး ရှိခိုးနေကြသည်။ ခွေးများနှင့် သမိုင်းမတင်မီခေတ်က ပုံစံရှိသော ဝက်များက ဘုရားအနောက်ဘက်မှ လေဟာပြင် အိမ်သာကွက်လပ်ကဲ့သို့ ဖြစ်နေသည့် ကွင်းပြင်ထဲတွင် လွတ်လပ်စွာ သွားလာနေကြသည်။ ထိုမြင်ကွင်းကို ကျွန်ုပ်ဘယ်တော့မှ မမေ့နိုင်ပါ။

ထိုအချိန်တွင် ကျွန်ုပ်သည် ယုံဇင်လင်းယင်းပိုချီထံမှ ကျွန်ုပ်၏ ပထမဆုံး ချန်ရယ်ဇစ် စတင်ဝင်ရောက်မှု ဆောင်ရွက်ကာ ပထမဆုံး ဗောဓိသတ္တ ကတိကဝတ်များ ပြုခဲ့ပါသည်။ ယုံဇင်လင်းယင်းပိုချီ၏ ထူးခြားသော ကြွရောက်မှုက ကိုယ်ကျင့်သိက္ခာနှင့် ခွန်အားတို့ ရရှိစေကာ ကျောင်းတိုက်ဝင်ပေါက် အပြင်ဘက် ပတ်ဝန်းကျင်မှ ညစ်ပတ်ပေရေမှုနှင့် ပဋိပက္ခများနှင့် လုံးဝကွဲပြားဆန့်ကျင်ပါသည်။ ယုံဇင်လင်းယင်းပိုချီ၏ တရားဟောသော အသံမှာ အထူးပင် နှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။ သူ၏အသံသည် အသက်ရှုရန်အတွက်ပင် မရပ်နားဘဲ တည်ငြိမ်သော စမ်းချောင်းကဲ့သို့ နူးညံ့ပြီး စည်းချက်ညီစွာ စီးဆင်းနေပါသည်။

၁၉၇၁ ခုနှစ် စက်တင်ဘာလတွင် ဓမ္မသာလာ၌ ယုံဇင်လင်းယင်းပိုချီနှင့် နောက်တစ်ကြိမ် ဆုံတွေ့ပါသည်။ ကျွန်ုပ်၏ ဆရာတော် ဂဲရှိငါဝမ်ဒါဂယေသည် ဒါလဟိုစီမှနေ၍ ထိုနေရာသို့ အခမ်းအနားကြီးတစ်ခု တက်ရောက်ရန် ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့နှင့်အတူ ကျွန်ုပ်ကို ခေါ်သွားပါသည်။ ဆရာတော်ကြီး၏ သင်ကြားရေးဆရာ နှစ်ဦးသည် သူနှင့် စုဝေးရောက်ရှိလာသည့် တန္တရ ကောလိပ်များအား ဂယ်လဂ် အစဉ်အလာမှ အဓိကကျသည့် အဆင့်အမြင့်ဆုံး တန္တရ ဖြည့်ဆည်းမှု သုံးရပ် ပေးအပ်ပါသည်။ ယုံဇင်လင်းယင်းပိုချီသည် နတ်မင်း ၁၃ ပါး ဝဇီရဘာရဝနှင့် ဂူယသမဇ စတင်ဝင်ရောက်မှုများနှင့် ကျာဂျယ် ထရီကျန် ယင်းပိုချီသည် ချက္ကရာသံဝရ လွေပ စတင်ဝင်ရောက်မှုတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်သိသလောက် ပြောရလျှင် ဤသည်မှာ ဆရာတော်ကြီးက သူ၏ သင်ကြားရေးဆရာ နှစ်ဦးထံမှ စတင်ဝင်ရောက်မှုများကို လူသိရှင်ကြား လက်ခံသည့် နောက်ဆုံးအကြိမ် ဖြစ်နိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးသည် အဓိက သာဝကအနေနှင့် သူ၏သင်ကြားရေးဆရာများရှေ့တွင် ထိုင်နေပြီး သူတို့က အနည်းငယ်နိမ့်သော ပလ္လင်ပေါ်တွင် မျက်နှာချင်းဆိုင် ရှိနေပါသည်။ ကျွန်ုပ်သည် တစ်ဦးတည်းသော အနောက်တိုင်းသားအဖြစ် တက်ရောက်ကာ ပလ္လင်များ၏ ဘေးဘက် ထောင့်တွင် ထိုင်နေပါသည်။ ထိုနေရာမှာ ဂုရု ယင်းပိုချီနှင့် လက်နက် ၁၀၀၀ ချန်ရယ်ဇစ် ရုပ်တုများ ယခုအခါ ရှိနေပါသည်။ ကျွန်ုပ်သည် သူတို့ကို ကောင်းစွာမြင်ရပါသည်။ သင်ကြားရေးဆရာများရှေ့မှ တည်ကြည်နှိမ့်ချပြီး လေးစားဖွယ် ဆရာတော်ကြီးသည် တစ်စုံတစ်ယောက်၏ ဘာသာရေး ဆရာတော်နှင့် တန္တရဆရာတော်အနေနှင့် ဆက်စပ်ကြည့်စရာ အမြဲတည်တံ့သော စံပြပုဂ္ဂိုလ်အဖြစ် တည်ရှိနေပါသည်။

ထို့နောက်ပိုင်း နှစ်အနည်းငယ်အတွင်း ကျွန်ုပ်သည် ယုံဇင် ယင်းပိုချီထံမှ နောက်ထပ် တရားတော်များနှင့် စတင်ဝင်ရောက်မှုများ ရရှိခဲ့ပါသည်။ အမှတ်အရဆုံး တစ်ခုမှာ ဝဇီရဘာရဝ အတွက် ဗုဒ္ဓဂါယာ ကျောင်းတိုက်မှာပင် နောက်တစ်ကြိမ် စတင်ဝင်ရောက်မှု ဖြစ်ပါသည်။ ထိုအချိန်အတွင်း ယုံဇင် ယင်းပိုချီသည် သူ့အနီးမှ နေရာရှိ လက္ခဏာရပ် အမျိုးမျိုးကို ညွှန်ပြကာ စကြာ နန်းတော်ကို ဖော်ပြခဲ့ပါသည်။ ပုံဖော်ကြည့်ခြင်းမှာ သူ့အတွက် အလွန် ထင်ရှားသောကြောင့် ကျွန်ုပ်တို့ ပရိသတ်များအတွက်လည်း အသက်ဝင်လှပါသည်။

ဤသို့ သူ့အနီးမှလူများ၏ အစွမ်းအများကို တိုးမြှင့်ပေးနိုင်စွမ်းသည် ယုံဇင်လင်းယင်းပိုချီ၏ ထူးချွန်သော အချက်များအနက်မှ တစ်ခုဖြစ်ပါသည်။ သူသည် “တိုးပွားမှု အသိဉာဏ် ပွင့်လင်းစေသော ဆောင်ရွက်မှု” ဆိုသည့်အချက်၏ နမူနာဖြစ်သည်ဟု ကျွန်ုပ်မကြာခဏ ရည်ညွှန်းလေ့ ရှိပါသည်။ ကျွန်ုပ်၏ ဆရာတော်များအတွက် နှုတ်ဖြင့် ဘာသာပြန်နိုင်လောက်အောင် ကျွန်ုပ်၏ တိဘက်ဘာသာစကား အဆင့်မမီသေးခင်က ကျွန်ုပ်သည် ယုံဇင်လင်းယင်းပိုချီထံသို့ သွားတွေ့သောအခါ သူ့ထံမှ တွေ့ရှိသည့် ရှင်းလင်းမှုနှင့် စိတ်အားတက်ကြွမှုတို့မှ တစ်ဆင့် အမြဲတမ်း အံ့အားသင့်ခဲ့ရပါသည်။ ကျွန်ုပ်သည် သူ၏ တိဘက်ဘာသာဖြင့် ပြောကြားသော စကားလုံးများကို ထိုအချိန်က အခြားတစ်ယောက် ပြောသည်ထက် များစွာ ပိုမိုနားလည်နိုင်ပါသည်။ သူက စိတ်ကြည်လင်မှုကို ကျွန်ုပ်၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ပို့လွှတ်လိုက်သလိုပင် ဖြစ်ပါသည်။

ကျွန်ုပ်၏ တိဘက်ဘာသာစကားစွမ်းရည် လုံလောက်စွာ တိုးတက်လာသည်နှင့် ကျွန်ုပ်သည် ယုံဇင် ယင်းပိုချီအတွက် သူက နိုင်ငံခြားသားများအား ကိုယ်ရေးကိုယ်တာ တရားဟောသောအခါများတွင် ဘာသာပြန်သူအဖြစ် မကြာခဏ စတင်ဆောင်ရွက်ပါသည်။ ကျင့်ကြံမှု အမျိုးမျိုးကို ရှင်းပြရန် တောင်းဆိုမှုများကို သူက အလွန်ပင် ရက်ရောစွာ ခွင့်ပြုပေးပါသည်။ ကျွန်ုပ်၏ ဓမ္မ မေးခွန်းများကိုလည်း လိုအပ်သော အချိန်တိုင်းတွင် ဖြေပေးရန် ကြင်နာစွာ ခွင့်ပြုတော်မူပါသည်။ ဤသို့ ထူးခြားတန်ဖိုးရှိသော အခွင့်အရေးကို တလွဲမသုံးမိရန် ကျွန်ုပ်ဂရုစိုက်ရပါသည်။

ရှုပ်ထွေးသော အဝလောကီတိဿဝ ကျင့်ကြံမှုအကြောင်း သူရှင်းပြသည်ကို ကျွန်ုပ်သည် တစ်ခါက ဘာသာပြန်နေရင်း သူ့တပည့် အခန်းထဲသို့ ဝင်မလာမီ ယုံဇင် ယင်းပိုချီက ကျွန်ုပ်အား ထိုသူသည် ဤတရားတော်များကို လက်တွေ့ ကျင့်ကြံပါ့မလားဟု စဉ်းစားမိကြောင်း မှတ်ချက်ပြုပါသည်။ သို့သော် ထိုသူကို တစ်ခုခုရှင်းပြရန် ထိုက်တန်သူဟု သူခံစားရပါသည်။ ထို့နောက် ယုံဇင် ယင်းပိုချီသည် အလွန်ကျွမ်းကျင်သော ရှင်းပြချက်ကို အသေးစိတ် နက်နဲစွာ မဟုတ်ဘဲ ဆက်ဟောပါသည်။ သို့သော် ထိုသူက ကျင့်ကြံမှုအကြောင်း လေ့လာလိုစိတ်ရှိအောင် နှိုးဆွပေးနိုင်ရုံမျှသာ ဖြစ်ပါသည်။ ဤအချက်က ကျွန်ုပ်အတွက် တရားဟောသောအခါ စံပြပုံစံကဲ့သို့ ဖြစ်ပါသည်။ သူတို့ကို ရိုးသားပြီး ကိုယ်ကျိုးမငဲ့သော စိတ်ဓာတ်စေ့ဆော်မှုပေးခြင်းသည် ဆရာတစ်ယောက်အတွက် အရေးအကြီးဆုံး အချက် ဖြစ်ပါသည်။ ထိုစိတ်ဖြင့် တပည့်၏ အဆင့်နှင့် လိုအပ်ချက်များအလိုက် ရှင်းပြချက်ကို အတိုးအလျှော့ ပြုလုပ်သွားနိုင်အောင် သဘာဝအလျှောက် ဖြစ်လာပါသည်။ တပည့်က တရားတော်ကို လက်တွေ့ ကျင့်ကြံမှု ရှိ၊ မရှိသည် သူ၏တာဝန်သာ ဖြစ်ပါသည်။ ပြီးပြည့်စုံသော ဆရာတစ်ယောက် ဖြစ်ရေးအတွက် ဤသို့စံချိန်မြင့်မားမှုကို ရရှိရန် မလွယ်လှပါ။

မန်ဇူသီရိ၏ အားကောင်းသည့် အသွင်သဏ္ဌာန်ဖြစ်သော ဝဇီရဘာရဝ၏ လူသိရှင်ကြား အသိအမှတ် ပြုထားသည့် လူသားအဖြစ် ပြန်ဝင်စားမှုအနေနှင့် ဗုဒ္ဓရုပ်ပုံတော်သည် ရှင်းလင်းမှု၊ ဉာဏ်ရည်၊ ဉာဏ်ပညာတို့နှင့် တွဲဖက်နေပါသည်။ ယုံဇင်လင်းယင်းပိုချီသည် ဤအားကောင်းသော ရှင်းလင်းမှု စွမ်းအင်ကို ကျောက်သားပမာ တည်ငြိမ်သော ပံ့ပိုးမှုကဲ့သို့ ရှိနေရင်း သူ့အနီးဝန်းကျင်တွင် ထုတ်လွှတ်ထားပါသည်။ ဤစွမ်းအင်မျိုး ရှိနေပါက သင်သည် ရှုပ်ထွေးပြီး ဝမ်းနည်းသော ကလေးတစ်ယောက်ကဲ့သို့ တွေးတော၊ ပြုမူခြင်း မရှိတော့ပါ။ ရှင်းလင်းပြတ်သားလာပါသည်။ စိတ်ခံစားချက်နှင့် စိတ်သည် ကြည်လင်ပြီး တည်ငြိမ်လာပါသည်။

ဤအရည်အသွေးမျိုး နမူနာအနေနှင့် ယုံဇင် ယင်းပိုချီ၏ ဓမ္မသာလာရှိ နေအိမ်သို့ တစ်ခါက သွားရောက်ခဲ့သည်ကို အမှတ်ရမိပါသည်။ ယုံဇင် ယင်းပိုချီသည် အခန်းထောင့်မှ  နံရံတစ်ဖက်ရှိ ခပ်နိမ့်နိမ့် ခုတင်ပေါ်တွင် ထိုင်နေပါသည်။ ကျွန်ုပ်သည် ထိုအခန်းထောင့်ရှိ အခြားနံရံတစ်ဖက်မှ နောက်ထပ် ခပ်နိမ့်နိမ့် ခုတင်ပေါ်တွင် ထိုင်ရပါသည်။ သူက ကျွန်ုပ်၏ တရားရှုမှတ် ကျင့်ကြံမှုအကြောင်း မေးခွန်းအချို့ကို ပြန်ဖြေနေရင်း ကျွန်ုပ်တို့နှစ်ဦးကြားတွင် ကင်းမြှီးကောက်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာပါသည်။ အလွန်ကျက်သရေ တင့်တယ်သောယုံဇင် ယင်းပိုချီသည် လေထဲသို့ လက်ကိုမြှောက်ပြီး “အို၊ အသင် ကင်းမြှီးကောက်” ဟု စိတ်လှုပ်ရှားဖွယ် အသံပြုလိုက်ပါသည်။ ထို့နောက် သူ၏ပြူးကျယ်နေသော မျက်လုံးဖြင့် ကျွန်ုပ်ကိုကြည့်ပြီး “မင်းမကြောက်ဘူးလား” ဟုပြောသည်။ ကျွန်ုပ်သည် သူ့ကိုပြန်ကြည့်ပြီး “ဝဇီရဘာရဝ ကိုယ်တော်တိုင်ရှေ့မှာ အကျွန်ုပ် မကြောက်ပါ” ဟု ပြောလိုက်ပါသည်။ ကျွန်ုပ် မကြောက်သည်မှာ မှန်ကန်ပါသည်။ ကျွန်ုပ်ထိုသို့ ပြန်ဖြေတော့ ယုံဇင် ယင်းပိုချီသည် ရယ်လိုက်ပါသည်။ ထို့နောက် သူ့တပည့်က ခွက်တစ်ခွက်နှင့် စာရွက်တစ်ရွက်ယူလာပြီး ကင်းမြှီးကောက်၏ အောက်သို့ စာရွက်ကို ထိုးထည့်ကာ ခွက်ဖြင့်အပေါ်မှ ဖုံးအုပ်ပြီး ခြံထဲသို့ တင့်တယ်စွာ ယူသွားပြီးလွှတ်ပေးလိုက်ပါသည်။ ဤသည်မှာ ယုံဇင် ယင်းပိုချီသည် ထိုအဖြစ်အပျက် တစ်ခုလုံးကို ကျွန်ုပ်၏ သင်ခန်းစာအဖြစ် ပြသသွားသည့်အလား ဖြစ်ပါ၏။

လူအများစုက ယုံဇင်လင်းယင်းပိုချီကို ကြောက်ရွံ့ အံအားသင့်သော်လည်း သူ၏ မယုံနိုင်လောက်အောင် ခိုင်မာပြီး လွှမ်းမိုးမှုရှိသည့် ဝဇီရဘာရဝ စွမ်းအားကြောင့် သူကိုယ်တိုင်က ဤတုံ့ပြန်မှုကို သင့်တော်သည်ဟု လုံးဝ မခံစားရပါ။  ဗုဒ္ဓဂါယာ ကျောင်းတိုက်ရှိ သူ့အခန်းထဲတွင် ကျွန်ုပ်သည် သူနှင့်အတူ တစ်ခါက ရှိခဲ့ပါသည်။ ထိုစဉ် ရဟန်းငယ် တစ်ပါးသည် အောက်ထပ်မှ သံဃာတော်များ ဆောင်ရွက်နေသည့် “ဆော့ဂ်” ပူဇော်ပွဲမှ ကိုးကွယ်ဝတ်ပြုသော ဆက်ကပ်စရာများပါသည့် ပန်းကန်တစ်ချပ်နှင့်အတူ ဝင်လာပါသည်။ ဤဆရာတော်ကြီးရှေ့သို့ လာရသည်ကို ထိုလူငယ်သည် စိုးရွံ့ထိတ်လန့်နေသည်မှာ သိသာလှပါသည်။ သူထွက်သွားသောအခါ ယုံဇင် ယင်းပိုချီသည် ကျွန်ုပ်ကို ပြုံးပြီး ပြောပါသည်။ “သူတို့အားလုံး ငါ့ကို ကြောက်ကြတယ်ကွယ့်။ ကြောက်စရာ မလိုပါဘူးနော်။ ဟုတ်ရဲ့လား။”

ကြောက်မက်ဖွယ် ဝဇီရဘာရဝ အဖြစ် နှလုံးသားထဲတွင် ငြိမ်းချမ်းသော မန်ဇူသီရိ ရှိနေသည့် ယုံဇင်လင်းယင်းပိုချီသည် ခက်ထန်ပြီး အလေးအနက် ရှိသည့် အခြေခံဖြင့် ပြင်ပတွင် မြင်တွေ့ရသော်လည်း စိတ်ထဲတွင်မူ နွေးထွေးကြင်နာပြီး အဆုံးအစမဲ့ ပညာဉာဏ် ရှိပါသည်။ ကျွန်ုပ်သည် သူ၏တပည့်အနေနှင့်သာမက မကြာခဏ ဘာသာပြန်သူ အနေနှင့်ပါ ရှိခဲ့သည်မှာ မယုံနိုင်လောက်အောင် ကံကောင်းသည်ဟု မိမိကိုယ်ကို ယူဆမိပါသတည်း။ 

Top