ဂဲရှိငါဝမ်ဒါဂယေနှင့် အမှတ်တရများ

ကျွန်ုပ်သည် ၁၉၇၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ ဒါလဟိုစီမြို့တွင် ဂဲရှိငါဝမ်ဒါဂယေနှင့် စတင်တွေ့ဆုံပြီး သင်ယူလေ့လာခဲ့ပါသည်။ ကျွန်ုပ်၏ ပါရဂူဘွဲ့ စာတမ်းအတွက် သုတေသန ပြုလုပ်ရန် ထိုမတိုင်မီတစ်နှစ်က ဖူးလ်ဘရိုက် ပညာသင်ဆုဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ဖူးပါသည်။ ဟားဗတ်တက္ကသိုလ်တွင် တိဘက်ဘာသာစကား သင်ယူနေစဉ် နယူးဂျာဆီ ပြည်နယ်တွင် ဂဲရှိဝမ်ယယ်နှင့် အချိတ်အဆက် ရှိပြီးသား ဖြစ်ပါသည်။ အိန္ဒိယသို့ ရောက်သည်နှင့် ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့ထံမှ အကူအညီ လှမ်းတောင်းပါသည်။ သူတို့သည် ပြန်လည်ဝင်စားသော ငယ်ရွယ်သည့် လားမားနှစ်ပါး (ပြန်ဝင်စားသူများ) ဖြစ်ပြီး အမေရိကန်တွင် ဂဲရှိဝမ်ယယ်၏ လမ်းညွှန်မှုဖြင့် စာပေသင်ကြားဖူးသူများ ဖြစ်ပါသည်။

ကျွန်ုပ်၏စာတမ်းအတွက် ဂူယသမဇ တန္တရ အကြောင်း ရေးသားခြင်းသည် ကျွန်ုပ်၏အသိပညာထက် ကျော်လွန်နေသည်ကို သဘောပေါက်ပြီးနောက် ဒလိုင်းလားမား ဆရာတော်ကြီး၏ အငယ်တန်းဆရာ ကျာဂျယ်တရီကျန် ယင်းပိုချီသည် ကျွန်ုပ်အား ဉာဏ်အလင်းရရှိမှုသို့ အဆင့်လိုက် တရားတော်ဖြစ်သည့် လမ်-ရင်း အကြောင်း လေ့လာရန် အကြံပေးပါသည်။ ဂဲရှိငါဝမ်ဒါဂယေသည် ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့၏ ဆရာဖြစ်ပြီး ကျွန်ုပ်အား လမ်-ရင်း တရားတော် သင်ကြားပေး၍ ရ၊ မရ သူတို့က ကျွန်ုပ်၏ကိုယ်စား သူ့အား တောင်းဆိုရာ သူက ကြင်နာစွာ သဘောတူခဲ့ပါသည်။ ကျွန်ုပ်သည် သူ၏ပထမဆုံး အနောက်တိုင်းသား တပည့်ဖြစ်ပါသည်။

ဂဲရှိ ဒါဂယေသည် ရွှံ့နှင့် နွားချေးရောနေသည့် စွန့်ပစ်ထားသော တဲတစ်ခုတွင် နေထိုင်ပါသည်။ သူ့အိပ်ရာအတွက် ဆန့်ရုံသာရှိသော အခန်းထဲတွင် သူ့တပည့်များအတွက် ကြမ်းပြင်ပေါ်က နေရာလေးတစ်ခု အိပ်ရာဘေးမှာရှိပါသည်။ သူ၏ သွားကျိုးနေသော အမြဲသဘောကောင်းသည့် ထမင်းချက်ဖြစ်သူ ခယ်ဒပ်တာချင်းသည် ပို၍ကျဉ်းကျပ်သည့် မီးဖိုချောင်တွင် နေထိုင်ပါသည်။ ကျွန်ုပ်တို့က ဂဲရှိ ဒါဂယေဟုခေါ်သည့် “သက်တော်ရှည်” ဂန်ယင်းပိုချီသည် ပြန်ဝင်စားသူ လူငယ်များ၏ ဆရာအဖြစ် ကျော်ကြားပါသည်။ သူ့လက်အောက်တွင် ပြန်ဝင်စားသူ လူငယ်ကိုးယောက် ရှိပါသည်။ ထို့ပြင် ပညာရှိ ဆွေးနွေးငြင်းခုန်သူ၊ ကျင့်ကြံအားထုတ်သူ အနေနှင့်လည်း လူသိများပါသည်။ ဤသို့ဖြင့် သူသည် အရည်အချင်း ပြည့်စုံခြင်းထက်ပင် သာလွန်သည်ဟူ၍ ကျွန်ုပ်ယုံကြည်မှု ရှိသွားပါသည်။

ကျွန်ုပ်၏ သင်ခန်းစာများကို တစ်ပတ်လျှင် ခြောက်ရက် သင်ကြားရပါသည်။ ရှာပနှင့် ခမ်လုန်တို့က ကျွန်ုပ်အတွက် ဘာသာပြန်ပေးပါသည်။ အကြောင်းမှာ ဂန်ယင်းပိုချီသည် ထိုစဉ်က ကျွန်ုပ်လုံးဝနားမလည်သည့် ခမ်ပ စကားနှင့် ပြောသည့်အတွက်ကြောင့် ဖြစ်ပါသည်။ နောက်ထပ် ပြန်ဝင်စားသူ ဖြစ်သည့် ကျာဒိုယင်းပိုချီသည်လည်း ကျွန်ုပ်၏ သင်ခန်းစာများကို အတူထိုင်ပြီး သင်ကြားပါသည်။ နောက်ပိုင်းတွင်သူသည် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ နမ်ယယ် ကျောင်းတိုက်တွင် ကျောင်းထိုင်ဘုန်းကြီး ဖြစ်သွားပြီး လက်ရှိတွင် ဂျူတိုတန္တရကျောင်းတိုက်၏ ကျောင်းထိုင်ဘုန်းကြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဂန်ယင်းပိုချီ၏ အိပ်ရာဘေးမှ နေရာလွတ်ကလေးတွင် လှောင်ပိတ်နေပါသည်။

ထိုတဲထဲတွင် ယင်ကောင်များနှင့် အမြဲပြည့်နေသလို ရှိပါသည်။ ထိုအချက်သည် ကျွန်ုပ်မှလွဲ၍ မည်သူ့ကိုမျှ အနှောင့်အယှက် ပေးပုံမရပါ။ တကယ်တော့ ခမ်လုန် ယင်းပိုချီသည် ယင်ကောင် ကစားနည်းများ ကစားပါသည်။ ယင်ကောင်များကို သူ့လက်ဖြင့် မယုံနိုင်လောက်အောင် ကျွမ်းကျင်စွာ ဖမ်းပြီး လှုပ်ခါကာ ပြန်လွှတ်ပေးပါသည်။ ယင်ကောင်များက မူးပြီး ပျံသန်းသွားလျှင် အားလုံးဝိုင်းရယ်ကြပါသည်။ ကျွန်ုပ်ကတော့ သိပ်မရယ်နိုင်ပါ။ ကျွန်ုပ်၏ မသက်မသာဖြစ်မှုကို တွေ့သည့်အတွက် တစ်နေ့တွင် ဂန်ယင်းပိုချီသည် အိပ်ရာမှထပြီး သူ့သင်္ကန်းကို လေထဲသို့ ဝဲပြီး ယင်ကောင်များကို မောင်းထုတ်လိုက်ပါသည်။ ထို့နောက် ကျွန်ုပ်ကိုကြည့်ပြီး ရယ်မောပါသည်။ ထို့နောက် ကျွန်ုပ်သည် သင်ခန်းစာများကို ပိုအာရုံစိုက်ပြီး ယင်ကောင်များကို လျစ်လျူရှုတတ်လာပါသည်။

အချိန်အတန်ကြာပြီးနောက် ကျွန်ုပ်သည် ဂန်ယင်းပိုချီကို ပိုမိုကောင်းမွန်သော နေရာတွင် ရွှေ့ပြောင်းနေထိုင်ရန် ငွေကြေးလှူဒါန်းပါသည်။ သူက ကြင်နာစွာ လက်ခံသော်လည်း ပဟေဠိဆန်စွာ ဟာသပြောတတ်သည့်အတိုင်း သူဘယ်ကို ပြောင်းရွှေ့မည်ကို မည်သူ့ကိုမျှ မပြောပါ။ ပျောက်ကွယ်သွားပြီးနောက် ကျွန်ုပ်တို့က သူ့ကိုလိုက်ရှာသည်ကို စောင့်နေပါသည်။ ကျွန်ုပ်တို့က သူ့ကိုတွေ့သောအခါ သူက ဟားတိုက်ရယ်ပါသည်။ သူသည် ဂျူမယ် တန္တရ ကျောင်းတိုက်ဘေးမှ သွပ်မိုးတဲထဲသို့ ပြောင်းနေပါသည်။ ယင်းမှာ အတော်တိုးတက်လာခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုနေရာတွင် ဆက်လက်သင်ယူကာ မကြာခဏဆိုသလို ပြန်ဝင်စားသူ လူငယ်များနှင့်အတူ လှပသော တောင်တန်းပေါ်မှ မြက်ခင်းများပေါ်တွင် လမ်းအကြာကြီးလျှောက်ပါသည်။ ပျော်ပွဲစားထွက်ကြပါသည်။ ဂန်ယင်းပိုချီသည် ပျော်ပွဲစား ထွက်ရသည်ကို အမြဲနှစ်သက်သဘောကျပါသည်။

ဒလိုင်းလားမား ဆရာတော်ကြီးသည် ကျွန်ုပ်တို့၏ သင်ခန်းစာများအကြောင်း သိရှိကာ သေးငယ်သော တိဘက်ကျမ်းစာ အချို့ကို အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ထုတ်ဝေရန် ကျွန်ုပ်တို့အား စတင်ပေးအပ်ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ်တွင် ဆရာတော်ကြီးသည် ဓမ္မသာလာတွင် တိဘက်ဘာသာ စာပေနှင့် မော်ကွန်းတိုက်များ စာကြည့်တိုက်ကို တည်ဆောက်ခိုင်းပါသည်။ ကျွန်ုပ်တို့ အားလုံးသည် ထိုနှစ်ဆောင်းရာသီတွင် ဓမ္မသာလာ၌ ရှိနေပြီး ဆရာတော်ကြီး ဟောကြားနေသည့် ဂူယသမဇာ တရားတော်အချို့ကို နာယူပါသည်။ ထိုအချိန်တွင် ဆရာတော်ကြီးက ဂန်ယင်းပိုချီကို စာကြည့်တိုက်မှ အနောက်တိုင်းသားများအတွက် သင်ကြားခိုင်းပြီး ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့ကို ဘာသာပြန်ခိုင်းပါသည်။ ကျွန်ုပ်ကလည်း ကူညီပေးလိုကြောင်း တောင်းဆိုရာ ဆရာတော်ကြီးက သဘောတူပါသည်။ သို့သော် ဟားဗတ်သို့ ပြန်သွားပြီး စာတမ်းကို တင်သွင်းကာ ပါရဂူဘွဲ့ယူပြီးမှ ပြန်လာရန် အကြံပေးပါသည်။ ထိုအတိုင်း ကျွန်ုပ်လိုက်နာကာ နောက်နှစ်တွင် ပြန်လာပါသည်။ ဂန်ယင်းပိုချီနှင့် ပြန်ဝင်စားသူ နှစ်ဦးနှင့်အတူ ဓမ္မသာလာသို့ သွားပါသည်။ ကျွန်ုပ်တို့သည် စာကြည့်တိုက်တွင် ဘာသာပြန် ဗျူရိုကို တည်ထောင်ခဲ့ပါသည်။

နောက်ထပ် ဆယ့်နှစ်နှစ်တိုင် နိုင်ငံတကာအနှံ့ ဟောပြောပွဲ ခရီးစဉ်မှအပ ဂန်ယင်းပိုချီသည် စာကြည့်တိုက်၌ တစ်ပတ်လျှင် ခြောက်ရက် သင်ကြားပါသည်။ ကျွန်ုပ်သည် သူ့သင်တန်းအားလုံးနီးပါးကို တက်ရောက်ပြီး သူဟောကြားသမျှကို အသေးစိတ် မှတ်ချက် ရေးသားခဲ့ပါသည်။ ထိုအချိန်တွင် ဓနသဟာနိုင်ငံများမှ နိုင်ငံသားများက အိန္ဒိယနိုင်ငံတွင် ဗီဇာမလိုဘဲ နေထိုင်၍ ရပါသည်။ ထို့ကြောင့် စာသင်သားများစွာသည် ဓမ္မသာလာတွင် နှစ်ပေါင်းများစွာ နေထိုင်နိုင်ပါသည်။ ထိုအခါ ဂန်ယင်းပိုချီသည် အဓိက ဗုဒ္ဓဘာသာ ကျမ်းစာများစွာကို နှစ်ပေါင်းများစွာ သင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့ကိုလည်း တရားရှုမှတ်ရန် ညွှန်ကြားချက်များ ဆက်လက်လမ်းညွှန်ခဲ့ပါသည်။ သူသည် တန္တရဘာသာသို့ ဝင်ရောက်ခြင်း အခမ်းအနားများ ဆောင်ရွက်ကာ ကျင့်ကြံမှုများကို ကျယ်ကျယ်ပြန့်ပြန့် တရားဟောပါသည်။ သီတင်းပတ် အနည်းငယ်ကြာတိုင်း ကျွန်ုပ်တို့သည် စုရုံးပြီး သူ့အား ဂုရုပူဇာ ကျင်းပရာ သူကမည်သို့ဆောင်ရွက်ရမည်ကို သင်ပေးပါသည်။ ယင်းမှာ မယုံနိုင်လောက်သော အချိန်တစ်ခု ဖြစ်ပြီး ကျွန်ုပ်သည် ထိုအထူးအခွင့်အရေးကို ရရှိခဲ့သည်မှာ အလွန်ကံကောင်းပါသည်။

အထူးအမှတ်ရစရာ ကောင်းသည့်အချက်မှာ ဂန်ယင်းပိုချီသည် သူသင်ကြားသောအချိန်တိုင်းတွင် စိတ်အားထက်သန်ပြီး နက်နဲသောရှင်းပြချက်များကို ရိုးရှင်းသော ဟာသဖြင့် အမြဲရောစပ်တတ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သူသင်သမျှ မမှတ်မိသောအခါ သူသည် အကြောင်းအရာ တစ်ခုတည်းကိုပင် အထပ်ထပ် မမောမပန်း ရှင်းပြပါသည်။ ကရုဏာနှင့် သည်းခံခြင်းတို့ ထားရှိသည့် အားကျဖွယ်နမူနာကောင်း ဖြစ်ပါသည်။ စည်းကမ်းနှင့် သူ၏ရဟန်းကတိကဝတ်များနှင့် ပတ်သက်လျှင်လည်း သူသည် အလွန်ပင် တိကျမှုရှိပါသည်။ ညဘက်တွင် အပေါ့သွားရန် နိုးထလာလျှင်ပင် သူ့ကျောင်းတိုက်သင်္ကန်းကို ဝတ်ဆင်ပါသည်။

ဂန်ယင်းပိုချီသည် ခက်ခဲသောကာလ အများအပြားတွင် ကျွန်ုပ်ကို ကူညီခဲ့ပါသည်။ ဇန်ဟဗ်ဆခုန်ယင်းပိုချီသည် စပီတီ ဒေသတွင် ရုတ်တရက် ပျံလွန်တော်မူသောအခါ ကျွန်ုပ်သည် သိသိချင်း ဂန်ယင်းပိုချီ၏ အခန်းများကို သွားပါသည်။ ဆခုန်ယင်းပိုချီသည် ဂန်ယင်းပိုချီ၏ ဆရာတစ်ဆူလည်းဖြစ်ပါသည်။ ကျွန်ုပ်ဝင်သွားသောအခါ ဂန်ယင်းပိုချီသည် တိဘက်မိတ်ဆွေအချို့နှင့် လက်ဖက်ရည် သောက်ရင်း ပျော်ရွှင်စွာ စကားပြောကာ ထိုင်နေသည်ကို တွေ့ရပါသည်။ သူက ကျွန်ုပ်ကို ခဏထိုင်ခိုင်းပြီး သူတို့ထွက်သွားသည်အထိ စောင့်ခိုင်းပါသည်။ ဧည့်သည်များ ထွက်သွားသောအခါ ဆခုန်ယင်းပိုချီ ပျံလွန်တော်မူကြောင်း ကျွန်ုပ်သိသမျှ ပြောပြရာ သူလည်းကြားသည်ဟု ပြောပါသည်။ ထို့နောက် ပျံလွန်တော်မူသွားပြီဖြစ်သော သူ့ဆရာတော် တစ်ဦးချင်းစီကို ရည်မှန်းကာ သူသည် ပုတီးဆက်စိပ်နေပါသည်။ လူတိုင်း သေရမည်ဖြစ်သည့်အတွက် မထူးဆန်းကြောင်း အမိန့်ရှိပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဆရာများနှင့် သူတို့၏ တရားများကို မိမိနှလုံးသားထဲတွင် ရှိနေပါက သူတို့ကိုယ်ခန္ဓာ စွန့်သွားကြသော်လည်း ကျွန်ုပ်တို့နှင့် အမြဲအတူရှိနေပါသည်။ ဘဝသည် ရှေ့ဆက်သွားနေပါသည်။ ထိုအချက်က ကျွန်ုပ်ကိုများစွာ အထောက်အကူ ပြုခဲ့ပါသည်။

ဂန်ယင်းပိုချီသည် ၁၉၈၄ ခုနှစ်တွင် စာကြည့်တိုက်မှ ထွက်ခွာသွားပြီး နယူးဇီလန်နိုင်ငံ၊ ဒူနီဒင်မြို့တွင် အခြေချ ဟောပြောရန် ဖိတ်ခေါ်သည်ကို လက်ခံခဲ့ပါသည်။ ဥရောပနှင့် မြောက်အမေရိကတို့မှ အလွန်အလှမ်းဝေးသည့် ဤမျှဝေးကွာသောနေရာသို့ သူပြောင်းရွှေ့သည်မှာ အဆင်ပြေသွားပုံရပါသည်။ သူသည် အမြဲတမ်း ပဟေဠိဆန်ရသည်ကို နှစ်သက်ပြီး တပည့်များက သူ့ကိုလိုက်ရှာပြီး တရားနာယူရန် အားထုတ်စေပါသည်။

ဂန်ယင်းပိုချီသည် နယူးဇီလန်နိုင်ငံတွင် နေထိုင်ပြီး ၁၉၉၅ ခုနှစ်တွင် ပျံလွန်တော်မူပါသည်။ ဆီးချိုရောဂါကြောင့် မျက်စိကွယ်သွားသော်လည်း ဆက်လက်တရားဟောကာ နေ့စဉ်ကျင့်ကြံမှုများကို မပြတ်တမ်း အဆုံးတိုင် ဆောင်ရွက်ခဲ့ပါသည်။

ကျွန်ုပ်သည် ဂန်ယင်းပိုချီ နယူးဇီလန်နိုင်ငံသို့ ပြောင်းသွားပြီးနောက် နှစ်ကြိမ်သာ ထပ်တွေ့ခဲ့ပါသည်။ သို့သော် အခြေခံ ဗုဒ္ဓဘာသာ တရားတော်များနှင့် ကျင့်ကြံမှုများကို ကျွန်ုပ်ထံတွင် အခြေတည်ပေးခဲ့ပြီး အိန္ဒိယနှင့် တိဘက် ကျမ်းစာများကို သင်ကြားပေးခဲ့သည့်အတွက် အတိုင်းမသိ ကျေးဇူးတင်ပါသည်။ သူ၏ပြန်လည်ဝင်စားသူဖြစ်သော ယန်ဆီယင်းပိုချီကို ၁၉၉၆ ခုနှစ်တွင် ဖွားမြင်ကာ ယခုအခါ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဆီရာဂျေ ကျောင်းတိုက်တွင် ပညာသင်ယူနေပါသည်။

Top