သံသရာက ဆင်းရဲဒုက္ခဖြစ်စေပြီး တရားဓမ္မက ပျော်ရွှင်မှုဖြစ်စေသည်

သက်ရှိအားလုံး ပျော်ရွှင်လိုကြပါသည်။ မည်သူမျှ ဝမ်းမနည်းလိုကြပါ။ ဆင်းရဲဒုက္ခကို ဖယ်ရှားရန်နှင့် ပျော်ရွှင်မှု ရရှိရန် နည်းလမ်းများကို ဓမ္မတရားက သင်ကြားထားပါသည်။ ကျွန်ုပ်တို့ ကျင့်ကြံသော ဓမ္မသည် ကျွန်ုပ်တို့အား ကာကွယ်စောင့်ရှောက်ပေးပါသည်။ ဤအချက်ကို နည်းမျိုးစုံဖြင့် ရှင်းပြ၍ရပါသည်။ ဓမ္မသည် ဆင်းရဲဒုက္ခ မဖြစ်အောင် ကာကွယ်ပေးသည်။ ပျော်ရွှင်မှု၏ စစ်မှန်သော အကြောင်းတရားများကို ထိန်းသိမ်းထားပေးပါသည်။

ပျော်ရွှင်မှုသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖြစ်နိုင်ပါသည်။ ဆင်းရဲဒုက္ခတွင်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဟု နှစ်မျိုးရှိပါသည်။ ကျွန်ုပ်တို့ အများစုသည် ပျော်ရွှင်မှု ရရှိလိုသော်လည်း ထိုသို့ရရှိစေမည့် နည်းလမ်းများကို လျစ်လျူရှုထားပါသည်။ ကျွန်ုပ်တို့ အသုံးပြုသော နည်းများကြောင့် ဆင်းရဲဒုက္ခ ဖြစ်စေပါသည်။

အချို့က ဓါးပြတိုက်၊ လူသတ်ပြီး အသက်မွေးသည်။ ထိုနည်းဖြင့် သူတို့ပျော်ရွှင်မည်ဟု ထင်ကြသည်။ ထိုသို့မဟုတ်ပါ။ ကုန်သည်၊ လယ်လုပ် စသည်ဖြင့် ဥပဒေဘောင်အတွင်းမှ အခြားနည်းဖြင့် ပျော်ရွှင်မှုရနေသူများစွာ ရှိပါသည်။ အဆိုပါနည်းလမ်းများဖြင့် အလွန်ကြွယ်ဝအောင်မြင်လာသူများစွာ ရှိပါသည်။ ဤသို့သော ပျော်ရွှင်မှုမျိုးသည် ထာဝရ တည်တံ့နိုင်သောအရာ မဟုတ်ပါ။ အဆုံးစွန် ပျော်ရွှင်မှု မဟုတ်ပါ။ ပျော်ရွှင်မှု သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု မည်မျှရှိသည်ဖြစ်စေ လုံလောက်ပြီဟူ၍ စိတ်ကျေနပ်ခြင်း မရှိပါ။ တစ်နိုင်ငံလုံးကို ပိုင်ဆိုင်လျှင်လည်း ထပ်လိုချင်နေပါလိမ့်မည်။

ပျော်ရွှင်မှု ရရှိအောင် ကြိုးစားခြင်းသည် ဘယ်တော့မှ အဆုံးမသတ်တော့ပါ။ မော်တော်ကား စသည်ဖြင့် အမြန်ဆုံး သွားလာနိုင်မည့်နည်းလမ်းများ ကြိုးစားရှာဖွေပါသည်။ ဤရှာဖွေခြင်းမျိုးမှာ အဆုံးမသတ်တော့ပါ။ ထို့ကြောင့် သံသရာဘဝသည် အဆုံးမရှိဟု ပြောကြပါသည်။ လည်ပြီးရင်းလည်နေပါသည်။ လောကီရေးရာ လိုက်စားမှုများက ဘယ်တော့မှ အဆုံးမသတ်သည့်အချက်ကို ကျွန်ုပ်တို့အားလုံး နားလည်သဘောပေါက်နိုင်ပါသည်။

ပန်းတစ်ပွင့် ပွင့်ခါစတွင် လတ်ဆတ်နေသော်လည်း ကြာလာလျှင် နွမ်းသွားပါသည်။ ယခုဘဝတွင် မည်မျှ သင်ရရှိသည်ဖြစ်စေ တစ်နေ့အဆုံးသတ်သွားပါလိမ့်မည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသည်နှင့်အမျှ လုံးပါးပါးလာပါသည်။ ဘဝအဆုံးသတ်ချိန်တွင် ဆင်းရဲဒုက္ခအကြီးဆုံး ဖြစ်ပါသည်။ ဥပမာ၊ မော်တော်ကားကိုကြည့်ပါ။ ယာဉ်အိုယာဉ်ဟောင်းများ စွန့်ပစ်ထားသော အမှိုက်ပုံများကို ဖြတ်သွားဖူးပါလိမ့်မည်။ ဤသည်မှာ အရာအားလုံး အမှိုက်ဖြစ်သွားရသည့် နောက်ဆုံးနိဂုံး ဖြစ်သည်။ ကားတစ်စီး အခြေအနေ ကောင်းနေသေးလျှင်လည်း စိုးရိမ်နေရပါသည်။ အစိတ်အပိုင်းများ ပျက်စီးခြင်း၊ အခွန်နှင့် အာမခံ စသည်ဖြင့် ပူပန်ရပါသည်။ ဤဥပမာကို အခြားရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုများတွင်လည်း ကြည့်နိုင်ပါသည်။ ပိုပြီးပိုင်ဆိုင်လေ ယင်းတို့အတွက် ပိုပြီးပူပန်ရလေ ဖြစ်ပါသည်။

ဓမ္မသည် စိတ်ပျော်ရွှင်မှု ရရှိရေးနည်းလမ်းကို သင်ကြားပေးသည့်အရာ ဖြစ်ပါသည်။ စိတ်ပျော်ရွှင်မှုအချို့ ရရှိရန်အတွက် ကာယအလုပ်ကို လုပ်ရန်မလိုပါ။ စိတ်ဖြင့် အလုပ်လုပ်ရန် လိုပါသည်။ သို့ရာတွင် စိတ်အစဉ်သည် အတိတ်ဘဝမှသည် အနာဂတ်ဘဝအထိ အလွန် ရှည်လျားပါသည်။ ဘဝတိုင်းတွင် ခန္ဓာရရှိပြီး ထိုခန္ဓာအတွက် ပျော်ရွှင်မှုရအောင် ကြိုးစားပါသည်။ သို့သော် သေဆုံးချိန်တွင် စိတ်က ဆက်ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့တောင့်တရမည့် ပျော်ရွှင်မှုသည် ကြီးကျယ် တည်ငြိမ်သော ပျော်ရွှင်မှုသာမက နောင်ဘဝများအထိ တည်တံ့သော၊ အစဉ်အဆက် မပြတ်သွားသော ပျော်ရွှင်မှုမျိုး ဖြစ်ရန်လိုပါသည်။

အပြုသဘော ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဆောင်ရွက်ချက် ပြုသမျှတိုင်းသည် ဓမ္မ မဟုတ်ပါ။ သို့သော် မိမိအနာဂတ် ဘဝများအတွက် ပြုလုပ်သည့် အပြုသဘော ဆောင်ရွက်ချက်များသည်ကား ဓမ္မ ဖြစ်ပါသည်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့သည် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များမှ ပေါ်ထွက်လာပါသည်။ ထိုကံမြောက်သော ဆောင်ရွက်ချက်များနှင့် ပတ်သက်လျှင် အပျက်သဘော ဆောင်ရွက်ချက်က အပျက်သဘောရလဒ် ဖြစ်စေပြီး အပြုသဘော ဆောင်ရွက်ချက်က အပြုသဘောရလဒ် ဖြစ်စေပါသည်။ လယ်စိုက်ခြင်း စသည်ဖြင့် ကျွန်ုပ်တို့ ယခုဘဝတွင် ကောင်းစွာဆောင်ရွက်နိုင်သော အရာတိုင်းသည် အတိတ်ဘဝများက ပြုခဲ့သော အပြုသဘော ဆောင်ရွက်ချက်များ၏ ရလဒ် ဖြစ်ပါသည်။ အလွန်မကျန်းမာပါက သို့မဟုတ် မပျော်ရွှင်ပါက သို့မဟုတ် သက်တမ်းတိုတောင်းပါက ဤသည်မှာ အတိတ်က ပြုခဲ့သော အပျက်သဘော ဆောင်ရွက်ချက်များ၏ ရလဒ် ဖြစ်ပါသည်။

ဥပမာ၊ ကုန်သည်နှစ်ဦး ရှိပါသည်။ တစ်ဦးက အောင်မြင်ပြီး တစ်ဦးက မအောင်မြင်ပါ။ ဤသည်မှာ ယခင်ကပြုခဲ့သော ကံကြောင့် မဟုတ်ပါ။ စီးပွားရေးသမား နှစ်ယောက်ကို ကြည့်လျှင် တစ်ယောက်က အလွန်ကြိုးစားပြီး မအောင်မြင်ဘဲ ရှိနေချိန်တွင် ကျန်တစ်ယောက်က သိပ်မကြိုးစားရဘဲ အောင်မြင်ပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ သက်ရှိများကို သင်သတ်ဖြတ်သောအခါ အသက်တိုပြီး ဖျားနာပါမည်။ ဤအကြောင်းအရာအားလုံးကို သင်တို့၏ ဘုန်းတော်ကြီးအား မေးမြန်းနိုင်ပါသည်။

ထိုအပျက်သဘော ဆောင်ရွက်ချက်များ မပြုလုပ်ရန် ရှောင်ရှားပါက အဆင့်နိမ့်သောဘုံတွင် ပြန်လည်မွေးဖွားမည် မဟုတ်ပါ။ သို့သော် လူ၊ နတ်ဘုံများတွင် ပြန်လည်မွေးဖွားပါမည်။ သို့သော် လူ၊ နတ် ဖြစ်လာလျှင်ပင် အဆုံးစွန် ပျော်ရွှင်မှု မပေးနိုင်ပါ။ ဤအရာအားလုံးမှာ ဆင်းရဲဒုက္ခ သဘောသဘာဝ ရှိပါသည်။ ဘာကြောင့် ထိုသို့ဖြစ်နေပါသလဲ။ အဆင့်မြင့်နေရာကို သင်ရရှိထားပါက အဆင့်နိမ့်ရာသို့ သင်လျှောကျပါသည်။ အဆင့်နိမ့်ရာတွင် ရှိနေပါက ပိုမြင့်သောနေရာသို့ မြင့်တက်သွားပါသည်။ ထိုမှနေ၍ ဆင်းရဲဒုက္ခများစွာ ရှိပါသည်။ ဥပမာ၊ ဆာလောင်နေပါက အစာစားရသည်။ အရမ်းစားလျှင် ဖျားနာပါမည်။ အေးနေလျှင် အပူပေးစက်ကို ဖွင့်သည်။ အလွန်ပူလာက အေးအောင် ပြန်လုပ်ရပါသည်။ ထိုသို့သော ဆင်းရဲဒုက္ခများ ဖြစ်ပါသည်။

သံသရာ (ထိန်းချုပ်မရစွာ ပြန်လည်ဖြစ်ပေါ် တည်ရှိမှု) တွင် ဤသို့သော ဆင်းရဲဒုက္ခများ ပါဝင်ပါသည်။ ကံနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ သဘောထားများကြောင့် ထိုသို့ ဖြစ်လာရပါသည်။ ဘာမှမရှိခြင်း သို့မဟုတ် အနတ္တဆိုသည့် ဉာဏ်ပညာ (ခွဲခြားသိရှိသောပညာ) ကို ရရှိရန်လိုပါသည်။

သံသရာ အဆုံးသို့ ရောက်ရှိသွားသူများ၏ နမူနာအဖြစ် ဤအခြေအနေကို ရရှိထားသည့် ရဟန္တာ ဆယ့်ခြောက်ပါးနှင့် အခြားသော အရိယာများစွာကို ကြည့်နိုင်ပါသည်။ မိမိ၏သံသရာဘဝကို အဆုံးသတ်နိုင်သော်လည်း ဤမျှနှင့် မလုံလောက်ပါ။ အကြောင်းမှာ အကန့်အသတ်ရှိသော သက်ရှိအားလုံး (ခံစားချက်ရှိသော သက်ရှိများ) ထက်ပို၍ ကျွန်ုပ်တို့ကို ပိုပြီး ကြင်နာသူ မရှိပါ။ နို့ထွက်စားသောက်ကုန်များသည် တိရစ္ဆာန်များ၏ ကြင်နာမှုမှ ပေါ်ထွက်လာသည်။ အသားစားသုံးပါက ထိုအသားသည် ကျန်းမာနေသော တိရစ္ဆာန်များကို သတ်ဖြတ်ရာမှ ပေါ်ထွက်လာသည်။ ဆောင်းတွင်းမှာ သိုးမွေးထည်များ ဝတ်ရာတွင်လည်း တိရစ္ဆာန်များမှပင် ရရှိပါသည်။ ၎င်းတို့သည် ဤအရာများကို ကျွန်ုပ်တို့အား အလွန်ကြင်နာစွာ ပေးအပ်ကြပါသည်။ မိမိကိုယ်တိုင် ဘုရားအဖြစ်သို့ရောက်အောင် ကြိုးစားခြင်းဖြင့် သက်ရှိအားလုံး၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် လိုပါသည်။ သို့မှသာ အကန့်အသတ်ရှိသော သက်ရှိအားလုံး၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ပါမည်။

သာဝကများနှင့် ရဟန္တာများသည် အကန့်အသတ်ရှိသော သတ္တဝါများ၏ ရည်မှန်းချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ပါ။ ထိုသို့ဆောင်ရွက်ပေးနိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ဘုရားသာ ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားဖြစ်မှသာ ၎င်းတို့ကို အမှန်တကယ် ကူညီနိုင်ပါမည်။ ကိုယ်တိုင် ဘုရားဖြစ်ဖို့လိုပါသည်။
ထိုသို့ဖြစ်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ။ ဓမ္မကို လိုက်နာရပါမည်။ အိန္ဒိယနိုင်ငံတွင် အလွန်တတ်ကျွမ်း နားလည်သော မဟာသိဒ္ဓများ ရှိပါသည်။ သူတို့ထဲမှ အယောက် ရှစ်ဆယ်၏ ဘဝဖြစ်စဉ်များ ကျွန်ုပ်တို့မှာ ရှိပါသည်။ သို့သော် သူတို့ကဲ့သို့ မရေမတွက်နိုင်အောင် အမှန်ပင် ရှိပါသည်။ သူတို့သည် သူတို့သက်တမ်းအတွင်းမှာပင် ဉာဏ်အလင်း ရရှိကြသည်။ တိဘက်တွင် မီလာရေပ နှင့် ကာဂယု၊ ညဉ်ဂမနှင့် ဂယ်လဂ် ဂိုဏ်းများမှ ဆရာတော်ကြီးများစွာ၏ နမူနာများ ရှိပါသည်။

ဘုရားအဖြစ်သို့ ရရှိသည်နှင့် ကျွန်ုပ်တို့၏ ဓမ္မရေးရာ အားထုတ်မှုများ အဆုံးသတ်ပါသည်။ ဓမ္မဖြင့် ကျွန်ုပ်တို့ ကြိုးစားသောအလုပ်သည် အစ၌ အလွန်ခက်ခဲသော်လည်း တိုးတက်လာပါက ပိုမိုလွယ်ကူပြီး ပိုမိုပျော်ရွှင်လာပါသည်။ အလုံးစုံပျော်ရွှင်မှု အခြေအနေဖြင့် ဓမ္မအလုပ်ကို အဆုံးသတ်ပါသည်။ လောကီအလုပ်များက ဆင်းရဲဒုက္ခသာ ပိုဖြစ်စေပါသည်။

ဥပမာ၊ လူတို့ သေဆုံးချိန်တွင် သူတို့ဘဝ သေဆုံးမှုဖြင့် အဆုံးသတ်သည့်အခါ စိတ်ဆင်းရဲမှု၊ ဆင်းရဲဒုက္ခသာ ဖြစ်စေပြီး သူတို့ကိုသာမက အသုဘအခမ်းအနားမျိုးတွင် ကျန်ရစ်သူများကိုပါ ပူဆွေးစေပါသည်။ ဤအချက်ကို တွေးကြည့်ရန်လိုပြီး ဓမ္မအလုပ် တစ်ခုခုလုပ်ရန်လိုပါသည်။ ဉာဏ်အလင်းရရှိမှုဖြင့် ဓမ္မရေးရာ အဆုံးသတ်သို့ ရောက်ရှိခြင်းသည် မိမိသာမက အခြားသူများကိုပါ ပျော်ရွှင်ခြင်း ယူဆောင်လာပေးပါသည်။

မကောင်းသောအပြုအမူ ဆယ်မျိုးကို မကျူးလွန်မိအောင် ရှောင်ရှားရန်လိုပါသည်။ ကောင်းသော အပြုအမူများ ဆောင်ရွက်ပါက ပျော်ရွှင်မှုကြုံရပါမည်။ မကောင်းသော အပြုအမူများ ဆောင်ရွက်ပါက ဝမ်းနည်းမှု ကြုံရပါမည်။ မိမိအပြုအမူ၏ရလဒ်များကို လေ့လာရန်လိုပါသည်။ မိမိအပြုအမူ၏ အကြောင်းခံအနေနှင့် မိမိစိတ်ကို လေ့လာရန်လိုပါသည်။ ထိုသို့လေ့လာသောအခါ လောဘ၊ ဒေါသ၊ မောဟ (မသိမှု) ဆိုသည့် အဆိပ်အတောက် ဖြစ်စေသော စိတ်ခံစားချက်နှင့် သဘောထားများ ရှိနေသည်ကို မြင်လာပါသည်။

ထိုမှတစ်ဆင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထား ၈၄၀၀၀ ရရှိလာပါသည်။ ထိုလွဲမှား ထင်မြင်မှု ၈၄၀၀၀ သည် ကျွန်ုပ်တို့၏ ရန်သူဖြစ်သောကြောင့် ကိုယ်တွင်း၊ ကိုယ်ပတွင် ထိုရန်သူများကို ရှာကြည့်ရပါမည်။ ထို ၈၄၀၀၀ အနက်၊ အဓိကအချက်များမှာ ထိုအဆိပ်အတောက် သုံးမျိုး ဖြစ်ပါသည်။ အဆိုးဆုံးတစ်ချက်မှာ မိမိစိတ်အစဉ်ထဲမှ လျစ်လျူရှုသောစိတ် သို့မဟုတ် မသိမှု မောဟ ဖြစ်ပါသည်။

တိုတိုပြောရလျှင် မိမိကိုယ်ထဲသို့ ပြန်ကြည့်ကာ ထိုကိုယ်တွင်းရန်သူများကို အဆုံးသတ်ပစ်ရန် လိုပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဓမ္မ လိုက်နာကျင့်ကြံသူများက ‘‘အတွင်းလူများ’’ (နန်-) ဟုခေါ်ပါသည်။ အကြောင်းမှာ ကိုယ်ထဲသို့ အမြဲ လေ့လာနေသောကြောင့် ဖြစ်ပါသည်။ ထိုသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထားများကို မိမိစိတ်အစဉ်မှ ဖျောက်ဖျက်ပစ်နိုင်ပါက မိမိ၏ဆင်းရဲဒုက္ခ အားလုံးကို အဆုံးသတ်လိုက်ပါသည်။ ထိုသို့ဆောင်ရွက်ရန် ကြိုးစားသူကို ဓမ္မအားလိုက်နာသူဟု ခေါ်ပါသည်။

မိမိကိုယ်တွင်းမှ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထားများ ဖယ်ရှားရန်ကြိုးစားသူတစ်ယောက်၏ ဓမ္မဆောင်ရွက်ချက်သည် ဟိနာယန လမ်းကြောင်း၏ ဓမ္မဆောင်ရွက်ချက် ဖြစ်ပါသည်။ မိမိ၏ဆင်းရဲဒုက္ခကို ဖယ်ရှားရန် မိမိ၏ လွဲမှားထင်မြင်မှုများ ဖယ်ရှားရန် ကြိုးစားသည့်အပြင် အခြားသူများကိုလည်း ပိုအရေးကြီးသည်ဟု ရှုမြင်ပြီး သူတို့စိတ်ထဲရှိ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထားများကို ကူညီဖယ်ရှားနိုင်အောင် မိမိ၏ လွဲမှားထင်မြင်မှုများ ဖယ်ရှားရန် ကြိုးစားပါက ကျွန်ုပ်တို့သည် မဟာယာနဗုဒ္ဓဘာသာ ကျင့်ကြံသူများ ဖြစ်ပါသည်။ ဤခန္ဓာကိုအခြေပြုကာ မဟာယာန ကျင့်ကြံသူများ ဖြစ်အောင်ကြိုးစားရန် လိုပါသည်။ ရလဒ်မှာ ဘုရားရှင်၏ ဉာဏ်အလင်းရရှိမှုမျိုးကို ပိုင်ဆိုင်နိုင်ပါသည်။

အဓိကအချက်မှာ အားလုံးအကျိုးအတွက် အမြဲကြိုးစားရန်နှင့် မည်သူ့ကိုမျှ အန္တရာယ်လုံးဝ မပေးရန် ဖြစ်ပါသည်။ ‘‘ဥုံမဏိပဒ္ဓမေဟုမ်’’ ဟု ရွတ်ဆိုပါက ‘‘ဤကောင်းကျိုး ပြုရသည့် အပြုသဘောစွမ်းအားသည် အကန့်အသတ်ရှိသော သက်ရှိအားလုံးအကျိုးအတွက် ဖြစ်ပါစေသတည်း’’ ဟုတွေးရန်လိုပါသည်။

ကျွန်ုပ်တို့ကြိုးစားအားထုတ်ရန် အခြေခံဖြစ်သော ဤခန္ဓာကိုယ်များကို ရရှိရန် ခက်ခဲပါသည်။ လူသားအဖြစ် မွေးဖွားလာရန်မှာ မလွယ်ကူပါ။ ဥပမာ၊ ကမ္ဘာကြီးကိုကြည့်ပါ။ အများစုသည် ပင်လယ်သမုဒ္ဒရာ ဖြစ်သည်။ ထိုရေပြင်ထဲတွင် ငါးကောင်ရေ မည်မျှ ရှိမည်ထင်ပါသနည်း။ အရေအတွက် အများဆုံး သက်ရှိပုံစံမှာ တိရစ္ဆာန်နှင့် အင်းဆက်များ ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးကို စဉ်းစားကာ တိရစ္ဆာန်နှင့် အင်းဆက်မည်မျှ ရှိမည်ကို စဉ်းစားမိလျှင် လူသားအဖြစ် မွေးဖွားရန်ခက်ခဲမှုကို မြင်လာပါသည်။


အကျဉ်းချုပ်

ဓမ္မတွင် သိမြင်သဘောပေါက်မှုနှင့် အသိအမြင်ဆိုသည်မှာ အလွန်နှေးကွေးစွာ ဖြစ်ပေါ်ပါသည်။ ရက်အနည်းငယ်၊ သီတင်းပတ် သို့မဟုတ် လ အနည်းငယ်နှင့် မရနိုင်ပါ။ လူဦးရေးအနည်းငယ်မျှသာလျှင် ဓမ္မအကြောင်း သဘောပေါက်မှုကို မဆိုထားနှင့်။ အမှန်တကယ် တွေးတောရုံသာရှိပါသည်။ အချိန်ကာလကြာမြင့်စွာ ဓမ္မအားထုတ်ရန် လိုပါသည်။ ဤနေရာတွင် အလွန်တော်သော ဆရာတော် ရှိနေသည့်အတွက် သင်တို့၏မေးခွန်းအားလုံးကို ဖြေကြားပေးနိုင်ပါသည်။ ရေရှည်တွင် ဗုဒ္ဓဓမ္မသည် ဆက်လက်တိုးတက်ပြီး ကျယ်ပြန့်လာပါမည်။ ဆက်လက် တိုးတက်နေပြီး အလွန်ပင် ရှင်သန်နေပါသည်။ ဘုရားရှင်၏ တရားဦးဟောချိန်တွင် ရဟန်းငါးပါးသာ ရှိပါသည်။ သူတို့ထံမှနေ၍ ပြန့်ပွားပြီး ယခုအခါ ဤမျှအတိုင်းအတာသို့ ရောက်ရှိလာပါသည်။

စကြမုနိဘုရားရှင်ကဲ့သို့ ဖြစ်သော ဒလိုင်းလားမား ဆရာတော်ကြီးသည် ဤနေရာသို့ အောက်တိုဘာလတွင် ရောက်လာပါမည်။ ဆရာတော်ကြီးက မည်သည့်တရား ဟောကြားသည်ဖြစ်စေ စွဲမြဲအောင်မှတ်သားပြီး ရိုးသားစွာ ကျင့်ကြံပါ။ တရားအနှစ်သာရသည် မည်သည့်သတ္တဝါကိုမျှ အန္တရာယ် မပေးရန်၊ အန္တရာယ်ပြုမည့် အတွေးများ မတွေးရန်၊ သူတို့အကျိုးအတွက်သာ ကြိုးစားဆောင်ရွက်ရန် ဖြစ်ပါသည်။ ဤသည်မှာ အဓိကအချက် ဖြစ်ပါသည်။ ဤနည်းဖြင့် ဆောင်ရွက်ပါက အနာဂတ်တွင် အကျိုးကြီးစွာ ပေါ်ပေါက်လာပါလိမ့်မည်။

Top