ဇီဝေဗဒနှင့် ကျိုးကြောင်းဆီလျော်မှုကို အခြေခံသော ကရုဏာတရား

တိရစ္ဆာန်များပင်လျှင် အောက်ဆီတိုစင် ဆိုသည့်ဟော်မုန်းကြောင့် ၎င်းတို့၏ မွေးကင်းစသားသမီးများအပေါ် မိခင်စိတ် သံယောဇဉ် ရှိကြပါသည်။ ထို့ပြင် လူရော၊ တိရစ္ဆာန်ပါ မွေးကင်းစအရွယ်အားလုံးတွင် ချစ်ခင်နှစ်လိုစွာ ပြုစုစောင့်ရှောက်မှုကို ရရှိလိုကြပုံချင်း တူညီပါသည်။ ထို့ကြောင့် အခြားသူများကို ဆင်းရဲဒုက္ခမှ လွတ်ကင်းစေလိုသော ဆန္ဒဆိုသည့် ကရုဏာအတွက် မျိုးစေ့များမှာ ကျွန်ုပ်တို့၏ ဇီဝဗေဒ ပင်ကိုသိစိတ်တွင် မူတည်နေပါသည်။ ယုတ္တိကျစွာ ပြောရမည်ဆိုလျှင်လည်း ကျွန်ုပ်တို့၏ ရှင်သန်မှုသည် ကရုဏာအပေါ်တွင် မူတည်နေပြီး အားလုံးသည် ဤနေရာတွင် တူညီကြပါသည်။

ဆောင်ရွက်မှုတစ်ခုခု၏ ရလဒ်သည် စိတ်ဓာတ်စေ့ဆော်မှုပေါ်တွင် မူတည်ပါသည်။ ဆောင်ရွက်ချက်တစ်ခု၏ နောက်ကွယ်၌ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် သို့မဟုတ် အပြုသဘော စိတ်ခံစားချက် ရှိခြင်းအပေါ် မူတည်ပြီး ရလဒ်ကွဲပြားနိုင်ပါသည်။ ကရုဏာကဲ့သို့ ယေဘုယျ စိတ်ခံစားချက်ချင်း တူညီစွာ ဆောင်ရွက်ချက်တစ်ခုကို စေ့ဆော်လျှင်ပင် ထိုစိတ်ခံစားချက်၏ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ပံ့ပိုးမှုတို့ကလည်း ရလဒ်ကို သက်ရောက်မှု ရှိပါသည်။ 


ကရုဏာ သုံးမျိုး

ဥပမာ၊ ကရုဏာကို လေ့လာကြည့်ပါက သုံးမျိုးသုံးစား ရှိပါသည်-

  • ပထမတစ်ခုမှာ ဆွေမျိုးသားချင်းများနှင့် ချစ်သူခင်သူများအပေါ် ထားရှိမှု ဖြစ်သည်။ သို့သော် တွယ်တာမှု အပေါ်တွင် မူတည်ပြီး အတိုင်းအတာ အကန့်အသတ် ရှိပါသည်။ အသေးအဖွဲ အခြေအနေလေး တစ်ခုကြောင့် ဒေါသနှင့် မုန်းတီးမှုအထိ အလျင်အမြန် ပြောင်းသွားနိုင်ပါသည်။
  • ဒုတိယမြောက် ကရုဏာ အမျိုးအစားမှာ ဆင်းရဲဒုက္ခ ခံစားနေရသူများအတွက် သနားမှုတွင် အခြေခံပြီး ထားရှိမှု ဖြစ်သည်။ ဤသို့သော ကရုဏာ အမျိုးအစားတွင် ကျွန်ုပ်တို့သည် သူတို့ကို အထင်သေးပြီး သူတို့ထက် ပိုမိုသာလွန်သည်ဟု ခံစားရပါသည်။ ဤကရုဏာ နှစ်မျိုးမှာ အနှောင့်အယှက်ပေးသော ခံစားချက်များကြောင့် ပေါ်ထွက်လာကာ ထို့ကြောင့်လည်း ဒုက္ခကို ဦးတည်ပါသည်။
  • တတိယမြောက် ကရုဏာ အမျိုးအစားမှာ ဘက်လိုက်ခြင်း မရှိပါ။ နားလည်မှုနှင့် လေးစားမှုတို့ပေါ်တွင် မူတည်ပါသည်။ အခြားသူများလည်း မိမိလိုပင် ဖြစ်ပြီး သူတို့သည်လည်း ကျွန်ုပ်တို့လိုပင် ပျော်ရွှင်မှု၊ ဆင်းရဲဒုက္ခ ကင်းဝေးမှုတို့ ရပိုင်ခွင့် ရှိသည်ကို ဤကရုဏာဖြင့် နားလည်ပါသည်။ ထိုနားလည်မှုကြောင့် သူတို့အပေါ် မေတ္တာ၊ ကရုဏာနှင့် ချစ်ခင်မှု ခံစားရပါသည်။ ဤတတိယအမျိုးအစား ကရုဏာသည် တည်ငြိမ်မှုရှိပါသည်။ လေ့ကျင့်မှု၊ သင်ကြားမှုနှင့် ကျိုးကြောင်းဆီလျော်မှုတို့ဖြင့် ယင်းကိုရရှိနိုင်ပါသည်။ ဤကရုဏာသည် ပိုပြီးတည်ငြိမ်လေ၊ ပိုပြီး အကျိုးပြုလေ ဖြစ်ပါသည်။

ဤကရုဏာ အမျိုးအစား သုံးမျိုးမှာ ယေဘုယျ အုပ်စုကြီး နှစ်ခုထဲတွင် ပါဝင်ပါသည်။ ပထမ ကရုဏာအမျိုးအစားနှစ်ခုမှာ စိုးရိမ်မှုတစ်ခုခုတွင် တစ်ပြိုင်နက် အခြေခံပြီး ပေါ်ထွက်သော ခံစားချက်များ ဖြစ်ပါသည်။ တတိယ ကရုဏာ အမျိုးအစားမှာ ကျိုးကြောင်း ဆီလျော်မှုတွင် အခြခံပြီး ပေါ်ထွက်လာပါသည်။

မိခင်သည် မွေးကင်းစရင်သွေးအပေါ် ထားရှိသည့် ပင်ကိုသိစိတ်ဖြင့် နီးစပ်နှင့် ချစ်ခင်မှု

ကျိုးကြောင်းဆီလျော်မှုနှင့် ဘက်မလိုက်မှုတို့တွင် အခြေခံသော ကရုဏာကို သဘာဝတရားက အားဖြည့်ပေးပါသည်။ လူဖြစ်စေ၊ နို့တိုက်သတ္တဝါ ဖြစ်စေ၊ ငှက်ဖြစ်စေ မွေးခါစတွင် အားလုံးသည် မိမိ၏ မိခင်အပေါ် ဘက်မလိုက်သောချစ်ခြင်း အလိုအလျောက် ခံစားရပါသည်။ ပင်လယ်လိပ်များ၊ လိပ်ပြာများတွင်တော့ မသိပါ။ ကျွန်ုပ်တို့ အားလုံးသည် မိခင်အပေါ်သို့ သဘာဝအရ တွယ်တာမှု၊ နီးစပ်မှုနှင့် ချစ်ခင်မှု ရှိပါသည်။ မိခင်သည်လည်း မိမိရင်သွေးအတွက် နီးစပ်မှုနှင့် ချစ်ခင်မှုတို့ အလိုအလျောက် ခံစားရပါသည်။ ထိုအချက်ကြောင့်ပင် မိခင်သည် ရင်သွေးအပေါ် ဂရုတစိုက် ပြုစုစောင့်ရှောက်ပါသည်။ ဤသို့ချစ်ခင်စောင့်ရှောက်မှုမှာ ကလေးငယ်၏ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ်ပါသည်။

ဤအချက်မှနေ၍ ကရုဏာ၏ မျိုးစေ့များမှာ နီးစပ်မှုနှင့် ချစ်ခင်မှုအပေါ်တွင် ဇီဝေဗဒအရ အခြေခံသည်ကို မြင်နိုင်ပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ ရရှိသမျှ အကြီးမြတ်ဆုံး လက်ဆောင်များ ဖြစ်ပြီး ကျွန်ုပ်တို့၏မိခင်များထံမှသာ ရရှိပါသည်။ ဤမျိုးစေ့များကို ကျိုးကြောင်းဆီလျော်မှု၊ ပညာပေးမှုတို့ဖြင့် ပြုစုပျိုးထောင်သောအခါ စစ်မှန်သော ကရုဏာအဖြစ် ကြီးထွားလာပါသည်။ ကျွန်ုပ်တို့အားလုံး တူညီမှု ရှိသည်ဟူသော နားလည်မှုတွင် အခြေခံပြီး အားလုံးအတွက် ဘက်မလိုက်ဘဲ အညီအမျှ ထားရှိနိုင်လာပါသည်။


ကရုဏာတွင် အခြေခံသော လောကီကျင့်ဝတ်များ

ကလေးငယ်အတွက် ချစ်ခင်မှုသည် ဘာသာတရား၊ တရားဥပဒေ သို့မဟုတ် ရဲတပ်ဖွဲ့ထိန်းကွပ်မှုများပေါ်တွင် အခြေမခံပါ။ သဘာဝအတိုင်း ဖြစ်လာပါသည်။ ဘာသာတရားက သင်ကြားပေးသော ကရုဏာမှာ ကောင်းမွန်သော်လည်း ကရုဏာအတွက် တကယ့် မျိုးစေ့၊ တကယ့် အခြေခံမှာ ဇီဝဗေဒနှင့် ဆိုင်ပါသည်။ “လောကီကျင့်ဝတ်” ဆိုသည့်အရာအတွက် အခြေခံ ဖြစ်ပါသည်။ ဤမျိုးစေ့ကို ဘာသာတရားဖြင့် အားဖြည့်ပေးသင့်ပါသည်။

ကိုယ်ကျင့်တရား ကျင့်ဝတ်သည် ဘာသာရေး ယုံကြည်မှုအပေါ်တွင်သာ အခြေခံရမည်ဟု အချို့ကထင်ပါသည်။ အချို့ကလည်း ကျင့်ဝတ်ရှိရန် အသိစိတ်သည် လေ့ကျင့်မှုမှ ရရှိနိုင်သည်ဟု ထင်ပါသည်။ “လောကီ” ဆိုသည်မှာ ဘာသာတရားကို ငြင်းပယ်မှုဟုလည်း အချို့ကထင်ပြန်သည်။ အချို့ကမူ “လောကီ” ဆိုသည်မှာ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ ဘာသာတရား မယုံကြည်သူများအတွက် လေးစားမှုအပါအဝင် ဘာသာတရား အားလုံးအပေါ် ဘက်မလိုက်ဘဲ လေးစားမှုရှိရာရောက်သည်ဟု ထင်ပါသည်။ ကျင့်ဝတ်စည်းကမ်း၏ ဤနောက်ပိုင်း အမျိုးအစားနှင့် ၎င်း၏ အခြေခံဖြစ်သော ကရုဏာမှာ ပင်ကိုသိစိတ်တွင် အခြေတည်ပါသည်။ မိခင်နှင့် မွေးကင်းစရင်သွေးငယ် ကဲ့သို့ပင် ရှင်သန်ရန် လိုအပ်ချက်ကြောင့် အလိုအလျောက် ဖြစ်ပေါ်လာပါသည်။ ထိုဇီဝဗေဒ အခြေခံကြောင့် ယင်းတို့မှာ ပိုပြီး တည်ငြိမ်မှုရှိပါသည်။

ကျွန်ုပ်တို့သည် ပိုပြီး ကရုဏာရှိသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ပိုပြီး ပွင့်လင်းလာကာ ကျွန်ုပ်တို့သည် ပိုမိုလွယ်ကူစွာ ဆက်သွယ်မှုရှိလာပါသည်။

ကလေးများ ဆော့ကစားသောအခါ ဘာသာတရား၊ လူမျိုး၊ နိုင်ငံရေး၊ မိသားစုနောက်ခံရာဇဝင် တို့ကို မစဉ်းစားကြပါ။ ကစားဖော်များက ဘယ်သူပဲဖြစ်ဖြစ် သူတို့ထံမှ အပြုံးကို တန်ဖိုးထားပါသည်။ ကိုယ်ကလည်း ပြန်ပြီး ဖော်ရွေမှု ရှိပါသည်။ သူတို့စိတ်နှလုံးများမှာ ပွင့်လင်းပါသည်။ သို့သော် လူကြီးဖြစ်လာသောအခါ ထိုသို့သော အခြားအချက်များဖြစ်သည့် လူမျိုးရေး၊ နိုင်ငံရေး စသည့် ကွဲပြားချက်များကို အလေးထားတတ် ကြပါသည်။ ထို့ကြောင့်လည်း သူတို့စိတ်နှလုံးများမှာ ပို၍ကျဉ်းမြောင်းလာပါသည်။

ထိုနှစ်ချက်၏ ကွာခြားချက်ကိုကြည့်ပါ။ ကျွန်ုပ်တို့ ပိုပြီးကရုဏာ ရှိသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ပိုပြီးပွင့်လင်းကာ ကျွန်ုပ်တို့သည် ပိုမိုလွယ်ကူစွာ ဆက်သွယ်မှုရှိလာပါသည်။ ကျွန်ုပ်တို့သည် အတ္တဗဟိုပြုနေသောအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် တံခါးပိတ်ထားပြီး အခြားသူများနှင့် ဆက်သွယ်ရန် ခက်ခဲလာပါသည်။ ဒေါသက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ကရုဏာနှင့် ကြင်နာသော နှလုံးသားက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန် စေပါသည်။ ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရှိနေပါက အိပ်၍မပျော်တော့ဘဲ အိပ်ပျော်လျှင်လည်း အိပ်မက်ဆိုးများ မက်နေပါသည်။ စိတ်တည်ငြိမ်နေပါက ကောင်းစွာအိပ်စက်၍ရပါသည်။ စိတ်ငြိမ်ဆေးများလည်း မလိုပါ။ ကျွန်ုပ်တို့၏ စွမ်းအင်က မျှတနေပါသည်။ တင်းကျပ်နေလျှင် ကျွန်ုပ်တို့၏ စွမ်းအင်သည် ဂဏှာမငြိမ်ဘဲ စိုးရိမ်မှုခံစားလာရပါသည်။

ကရုဏာသည် တည်ငြိမ်ပွင့်လင်းသော စိတ်ကို ဖြစ်ပေါ်စေသည်

ရှင်းလင်းစွာ သိမြင်နားလည်ရန်အတွက် တည်ငြိမ်သောစိတ် ရှိဖို့လိုပါသည်။ ဒေါသထွက်နေပါက အမှန်တရားကို မမြင်နိုင်ပါ။ ထို့ကြောင့် ဒုက္ခရောက်မှု အများစုမှာ ကမ္ဘာ့အဆင့်မှာပင်လျှင် လူကြောင့်ဖြစ်ရသည်က များပါသည်။ ကျွန်ုပ်တို့သည် အခြေအနေများကို ညံ့ဖျင်းစွာ ကိုင်တွယ်မှု၊ အမှန်တရားကို မမြင်မှုတို့ကြောင့် ပေါ်ပေါက်လာရပါသည်။ ကျွန်ုပ်တို့၏ အပြုအမူများမှာ ကြောက်ရွံ့မှု၊ ဒေါသနှင့် တင်းကျပ်မှုတို့အပေါ်တွင် အခြေခံပါသည်။ စိတ်ဖိစီးမှု အရမ်းများပါသည်။ ကျွန်ုပ်တို့၏စိတ်များ ဝေဝါးနေသောကြောင့် ဓမ္မဓိဋ္ဌာန် မကျတော့ပါ။ ဤအပျက်သဘော စိတ်ခံစားချက်များက အမြင်ကျဉ်းစေပြီး ပြဿနာကို ဖန်တီးကာ စိတ်ကျေနပ်ဖွယ် ရလဒ်များလည်း လုံးဝမရတော့ပါ။

အခြားတစ်ဖက်တွင်မူ ကရုဏာသည် ပွင့်လင်းသောစိတ်၊ တည်ငြိမ်သောစိတ်ကို ဖြစ်စေပါသည်။ ထိုစိတ်ဖြင့် ကျွန်ုပ်တို့သည် အမှန်တရားကို မြင်လာပါသည်။ မည်သူမျှ မလိုချင်သောအရာကို အဆုံးသတ်ကာ လူတိုင်း လိုချင်သော အရာကို ယူဆောင်ပေးရန် နည်းလမ်းများကိုလည်း မြင်လာပါသည်။ ဤသည်မှာ အရေးကြီးသောအချက် ဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုတွင် အခြေခံသည့် ကရုဏာ၏ ကြီးမားသောအကျိုးကျေးဇူး ဖြစ်ပါသည်။ ထို့ကြောင့် ဇီဝေဗဒတွင် အခြေခံပြီး ကျိုးကြောင်းဆီလျော်မှုလည်းရှိသည့် လူသားတန်ဖိုးများ ပြန့်ပွားရေးအတွက် မိခင်များရော၊ မိခင်နှင့် ကလေးကြားမှ ပင်ကိုသိစိတ်ဖြင့် ချစ်ခင်နှစ်သက်မှုတို့ကပါ မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျှက် ရှိနေပါသည်။

Top