နိဒါန်း
ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း လိုက်နာနိုင်အောင် ဆိုင်းငံ့ခြင်းနှင့် ဖြည့်ဆည်းခြင်းများဖြင့် တန်ဖိုးရှိသော ဤလူ့ဘဝကို ရရှိထားပါသည်။ သို့သော် ဤလွတ်လပ်မှုနှင့် အခွင့်အလမ်းများမှာ ထာဝရတည်နေခြင်း မဟုတ်ပါ။ ထို့ကြောင့် ရရှိထားသည့် အခွင့်အလမ်းများကို အပြည့်အဝ အသုံးချရန်လိုပါသည်။
မိမိတို့၏ တန်ဖိုးရှိသော လူ့ဘဝကို အကောင်းဆုံး အသုံးချရန်နည်းလမ်းမှာ ဗောဓိစိတ္တ ရည်မှန်းချက် ရရှိရေးအတွက် အသုံးပြုရန်ဖြစ်ပါသည်။ ဗောဓိစိတ္တ ရည်မှန်းချက်သည် ကျွန်ုပ်တို့ တစ်ဦးချင်း ဉာဏ်အလင်းရရှိမှုအတွက် အာရုံစိုက်သော စိတ်နှလုံး ဖြစ်သည်။ ယင်းမှာ ယခုမဖြစ်သေးသော်လည်း ယင်းကိုရရှိစေမည့် ကျွန်ုပ်တို့၏ ဗုဒ္ဓသဘောသဘာဝ အစိတ်အပိုင်းများကို အခြေခံသည့် ကျွန်ုပ်တို့၏ စိတ်အစဉ်အဆက်၌ နောက်ပိုင်းတွင် ရရှိလာနိုင်ပါသည်။ ထိုအစိတ်အပိုင်းများထဲတွင် ကျွန်ုပ်တို့၏ အပြုသဘော အင်အားနှင့် နက်ရှိုင်းသော သတိရှိမှု ကွန်ရက်များ၊ ကျွန်ုပ်တို့၏ အရည်အသွေးကောင်း အမျိုးမျိုးနှင့် ကျွန်ုပ်တို့စိတ်၏ သဘာဝအရ ဖြူစင်မှုတို့ ပါဝင်ပါသည်။ ဤဗောဓိစိတ္တ ရည်မှန်းချက်ကို ရည်ရွယ်ချက် နှစ်ခုဖြင့် တွဲစပ်ထားပါသည်။ ယင်းတို့မှာ ထိုသို့ ဉာဏ်အလင်းရရှိမှုကို အမြန်ဆုံး ရရှိရေးနှင့် ထိုနည်းဖြင့် သက်ရှိအားလုံးကို အကျိုးပြုရေး ဖြစ်ပါသည်။
ဗောဓိစိတ္တ ထားရှိသောအခါ ဆန့်ကျင်ဘက်ဖြစ်သော ရည်မှန်းချက်နှစ်ခုကို ထားရှိရပါသည်။ ပထမဦးစွာ အကန့်အသတ်ရှိသော သတ္တဝါအားလုံးကို အကျိုးပြုရန် အပြည့်အဝ ရည်မှန်းပါသည်။ ကျွန်ုပ်တို့၏ မေတ္တာ၊ ကရုဏာ၊ အကြွင်းမဲ့ ဆုံးဖြတ်ချက်တို့ဖြင့် ထိုသို့ထားရှိပြီး ယခုသင်ခန်းစာ နောက်ပိုင်းတွင် ဆွေးနွေးသွားပါမည်။ ထို့နောက် ၎င်းတို့ကို အထိရောက်ဆုံး အကျိုးပြုရန်အတွက် ဉာဏ်အလင်းရရှိပြီး ဘုရားဖြစ်အောင် အပြည့်အဝ ရည်မှန်းပါသည်။ ကျွန်ုပ်တို့၏ အကန့်အသတ်များနှင့် အားနည်းချက်များအားလုံးကို ဖယ်ရှားနိုင်အောင် ဉာဏ်အလင်းရရှိမှု လိုအပ်ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ယင်းတို့သည် ကျွန်ုပ်တို့က အခြားသူများကို မကူညီနိုင်တော့အောင် တားဆီးသည်ဟု မြင်ထားသည့်အတွက် ဖြစ်ပါသည်။ ဥပမာ၊ အခြားသူများကို ဒေါသထွက်ပါက ထိုအချိန်တွင် သူတို့ကို မည်သို့မျှ မကူညီနိုင်တော့ပါ။ ထို့အတူ ကျွန်ုပ်တို့၏ အစွမ်းအစအားလုံး ပေါ်ထွက်လာအောင် ဉာဏ်အလင်းရရှိမှု လိုအပ်ပါသည်။ ၎င်းတို့ကို အသုံးပြုကာ အခြားသူများအား ကူညီနိုင်အောင် ၎င်းအစွမ်းအစများ အပြည့်အဝ ပေါ်ထွက်ဖို့လိုပါသည်။ ထို့ကြောင့် ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိသောအခါ အရင်ဆုံး ဘုရားဖြစ်လိုသည်မှာ အမြင့်မားဆုံး အခြေအနေ ဖြစ်သောကြောင့်သာမဟုတ်ဘဲ ပေးရမည့်အခွန် ပေးဆောင်ခြင်းကဲ့သို့ အခြားသူများကို ပေးဆပ်ကူညီရန် ဖြစ်ပါသည်။
ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိရန် အဓိက နည်းလမ်းနှစ်မျိုး ရှိပါသည်။ တစ်မျိုးမှာ အဆင့်ခုနစ်ဆင့် အကြောင်းနှင့်အကျိုး တရားတော်အတိုင်း ဖြစ်ပြီး နောက်တစ်မျိုးမှာ မိမိနှင့် အခြားသူများအပေါ် ကျွန်ုပ်တို့၏ သဘောထားများ ညီမျှစေပြီး ဖလှယ်ခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ထိုနည်းလမ်း နည်ခုအနက် ပထမတစ်ခုကို ဆွေးနွေးပါမည်။
ဥပေက္ခာ ထားရှိခြင်း
အဆင့်ခုနစ်ဆင့် အကြောင်းနှင့်အကျိုး တရားတော်တွင် ဗောဓိစိတ္တ ရည်မှန်းချက် အမှန်တကယ် ထားရှိရေးဆိုသည့် သတ္တမအဆင့်အတွက် အကြောင်းတရားများဖြစ်သော အဆင့်ခြောက်ဆင့် ရှိပါသည်။ ပထမဦးစွာ အကြိုအဆင့်ဖြစ် စတင်ပြီး ယင်းကို ထိုခုနစ်ဆင့်ထဲတွင် ထည့်မတွက်ပါ။ ၎င်းသည် ကျွန်ုပ်တို့က အချို့သူများအား တွယ်တာခြင်း၊ အချို့ကို ငြင်းပယ်ခြင်းနှင့် အချို့ကို လျစ်လျူရှုခြင်းတို့ ပြုလိုစိတ်ကို ကျော်လွှားနိုင်အောင် ဥပေက္ခာ ထားရှိခြင်း ဖြစ်ပါသည်။ ဤအကြိုအဆင့်၏ အဓိကအချက်မှာ အားလုံးကို အညီအမျှ လမ်းဖွင့်ပေးထားရန် ဖြစ်ပါသည်။
အားလုံးကို အညီအမျှ လမ်းဖွင့်ပေးရန် လိုအပ်သည့် သက်ရှိအားလုံး တူညီသည်ဟု နားလည်သဘောပေါက်ခြင်းသည် အစနှင့် အဆုံး မရှိသည့် စိတ်အစဉ် သို့မဟုတ် စိတ်အဆက်အစပ်ကို သဘောပေါက်မှုမှ ပေါ်ထွက်လာပါသည်။ ထို့ကြောင့် လူတိုင်းသည် တစ်ချိန်ချိန်တွင် ကျွန်ုပ်တို့၏ မိတ်ဆွေ၊ တစ်ချိန်ချိန်တွင် ရန်သူဖြစ်ဖူးသလို တစ်ချိန်ချိန်တွင် သူစိမ်းဖြစ်ဖူးပါသည်။ အခြေအနေက အမြဲပြောင်းနေပါသည်။ ဤနည်းဖြင့် အားလုံးအတူတူ ဖြစ်နေပါသည်။
ဤသို့တွေးတောမှု၏ နောက်ကွယ်တွင် ကျွန်ုပ်တို့ နားလည်ထားရမည့် အဓိကအချက်မှာ အစမရှိသောစိတ် ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ အခြေခံ ယူဆချက် ဖြစ်သည်။ ပြန်လည်မွေးဖွားမှုသည် ကြုံတွေ့မှု အစဉ်အဆက်နှင့် ဆိုင်ပါသည်။ စိတ်အစဉ်များမှာ ကြုံတွေ့မှု အစဉ်အဆက်များ ဖြစ်ပါသည်။ ယင်းတို့သည် တစ်ခုချင်းဖြစ်ပြီး လူ၊ တိရစ္ဆာန်၊ ကျား၊ မ စသည့် ပင်ကိုသတ်မှတ်ချက်များ မရှိပါ။ ပြန်လည်မွေးဖွားမှု တစ်ခုခုတွင် စိတ်အစဉ်က ဖော်ပြသည့် ဘဝပုံစံနှင့် လိင်သည် အတိတ်က ကံအပြုအမူနှင့် ယင်း၏ အကျိုးဆက်တို့အပေါ်၌ မူတည်ပါသည်။
အစမထင်သော စိတ်ဆိုသည့် ဤအချက်သည် ဗောဓိစိတ္တ ထားရှိနိုင်ရန်အတွက် အခြေခံကျပြီး လိုအပ်သော နားလည်မှု ဖြစ်ပါသည်။ အကြောင်းမှာ ဤသို့နားလည်မှုတွင် အခြေခံပြီး အားလုံးအတွက် ကြင်နာသောကရုဏာ ထားရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ဥပမာ၊ အခြားသက်ရှိများကို ခြင်တစ်ကောင်မျှသာ ဖြစ်သည်ဟု မမြင်တော့ပါ။ ဤသတ္တဝါသည် ပင်ကိုအရ ခြင်မဟုတ်ဘဲ ၎င်း၏ကံကြောင့် ယခုဘဝတွင် ခြင်ပုံသဏ္ဌာန် ဖြစ်စေသည့် အဆုံးအစမဲ့တစ်ဦးချင်း စိတ်အစဉ်ကဲ့သို့ မြင်လာပါသည်။ ထိုအခါ ကျွန်ုပ်တို့ နှလုံးသားများသည် လူသားတစ်ယောက်ကို လမ်းဖွင့်ထားသလို ခြင်တစ်ကောင်ကိုလည်း လမ်းဖွင့်ထားလိုက်ပါသည်။ ဗောဓိစိတ္တ အစွမ်းအစသည် ယင်းကိုရရှိပါက အားလုံးကို ကျွန်ုပ်တို့လုံးဝ ကူညီနိုင်ရန် ရည်မှန်းထားမှုမှ ပေါ်ထွက်လာပါသည်။ တကယ်တမ်းတော့ မလွယ်ကူသည်မှာ မှန်ပါသည်။
အားလုံးကို မိမိ၏မိခင်ဖြစ်ဖူးသည်ဟု အသိအမှတ်ပြုခြင်း
သက်ရှိအားလုံးကို သူတို့၏ယခုဘဝပုံစံကိုလည်း မငြင်းပယ်ဘဲ အဆုံးအစမဲ့ စိတ်၏အစဉ်တစ်ခုချင်း အနေနှင့် ဥပေက္ခာဖြင့် မြင်နိုင်လာသောအခါ ကျွန်ုပ်တို့သည် အဆင့်ခုနစ်ဆင့် အကြောင်းနှင့်အကျိုး တရားရှုမှတ်မှုတွင် ပထမအဆင့်သို့ရောက်ရန် အသင့်ဖြစ်နေပါပြီ။ ဤသည်မှာ သက်ရှိတိုင်းသည် တစ်ချိန်ချိန်တွင် မိမိ၏မိခင် ဖြစ်ခဲ့သည်ကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်မှုကို ပြောရလျှင် လက်ရှိဘဝတွင် မိခင်ရှိသလိုပင် ဘဝတိုင်းတွင်လည်း ဝမ်းနှင့်လွယ်၍ဖြစ်စေ၊ ဥမှပေါက်၍ဖြစ်စေ မိခင်ရှိခဲ့ဖူးပါသည်။ ထိုသို့ အစမထင်သော ပြန်လည်မွေးဖွားမှု၊ မရေမတွက်နိုင်သော်လည်း အကန့်အသတ်ရှိသော သက်ရှိများ ရှိနေမှု ဆိုသည့် ယုတ္တိအရ အစမထင်သော ကာလကပင် အားလုံးသည် ကျွန်ုပ်တို့၏မိခင်ဖြစ်ဖူးသလို ကျွန်ုပ်တို့သည်လည်း သူတို့မိခင် ဖြစ်ဖူးပါသည်။ သူတို့သည် ကျွန်ုပ်တို့၏ ဖခင်၊ အချစ်ဆုံးသူငယ်ချင်း စသည်တို့လည်း ဖြစ်ဖူးကြပါသည်။
အားလုံးကို မိမိ၏မိခင်ဖြစ်ဖူးသည်ဟု မြင်ရာတွင် မိခင်ဖြစ်ခြင်းမှာ တစ်ယောက်ယောက်၏ ပင်ကိုသတ်မှတ်ချက်အနေနှင့် မမြင်အောင် သတိထားဖို့ လိုပါသည်။ အကြောင်းမှာ ထိုသို့မြင်ပါက အနည်းငယ် ပြဿနာ ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ပင်ကိုအရ ပုံသေ သတ်မှတ်ချက်များ မရှိသည့် ဘာမှမရှိခြင်း (အနတ္တ) ကို လုံးဝမမေ့ရပါ။
အားလုံးကို မိမိ၏မိခင်ကဲ့သို့ အသိအမှတ်ပြုခြင်းမှာ အခြားသူများအား ကျွန်ုပ်တို့ဆက်စပ်ရှုမြင်ပုံကို အခြေခံကျကျ ပြောင်းလဲလိုက်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် အားလုံးကို ဥပေက္ခာထားရှိမှုထက် ကျော်လွန်သွားပါသည်။ အားလုံးနှင့် အလွန်နီးစပ်ပြီး နွေးထွေး၊ ချစ်ခင်သော ဆက်ဆံရေး ရှိထားသလို ရှိလည်းရှိနိုင်သည်ဟု ရှုမြင်ပါသည်။
မိခင်၏ချစ်ခြင်းမေတ္တာကို အမှတ်ရခြင်း
အဆင့်ခုနစ်ဆင့်တွင် ဒုတိယအဆင့်မှာ မိခင်၏ချစ်ခြင်းမေတ္တာကို အမှတ်ရရန်ဖြစ်ပါသည်။ အနောက်တိုင်းသား များအတွက် ဤသည်မှာ တရားရှုမှတ်ရာတွင် ပြဿနာ ဖြစ်စေနိုင်သောအဆင့် ဖြစ်သည်။ အကြောင်းမှာ အိန္ဒိယလူမျိုးများနှင့် တိဘက်လူမျိုးများက ယခုဘဝတွင် မိမိတို့ မိခင်၏နမူနာကို အမြဲကြည့်ကြပါသည်။ ထိုလူ့အသိုင်းအဝိုင်းများတွင် လူအများစုက သူတို့မိခင်နှင့် ဆက်ဆံရေးတွင် အနောက်တိုင်း လူ့အသိုင်းအဝိုင်းများထက် စိုးရိမ်မှု သိပ်မရှိသလို အခက်အခဲ သိပ်မရှိကြပါ။ ထိုအချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တစ်ဦးချင်းအနေနှင့် ကွဲပြားမှုများ ရှိပါသည်။ သို့သော် တိဘက်နှင့် အိန္ဒိယလူ့အသိုင်းအဝိုင်းများတွင် ၂၉ နှစ်ကြာ နေထိုင်ပြီး ကျွန်ုပ်၏လေ့လာတွေ့ရှိမှုအရ ပြောရလျှင် အရွယ်ရောက်ပြီးသော သားသမီးများနှင့် သူတို့မိခင်များအကြား ဆက်ဆံရေးသည် အနောက်တိုင်းမှာထက် အများကြီးစိုးရိမ်မှု လျော့နည်းသည်ဟု ထင်ရပါသည်။
တရားရှုမှတ်မှုတွင် ဤအဆင့်သည် ကျွန်ုပ်တို့မိခင်၏ ချင်ခင်ကြင်နာမှုရှိပုံ သို့မဟုတ် သူကွယ်လွန်သွားပြီ ဆိုပါက ကြင်နာမှုရှိခဲ့ပုံကို ကိုးလလွယ် ဆယ်လဖွားသည့် အချိန်ကတည်းကစကာ အမှတ်ရရေး ဖြစ်ပါသည်။ ထို့နောက် အခြားသူအားလုံးကလည်း အတိတ်ဘဝများတွင် ကျွန်ုပ်တို့အပေါ် အလားတူ ကြင်နာမှုမျိုး ရှိခဲ့ပုံကို ချဲ့ထွင်တွေးတောရပါသည်။
အနောက်တိုင်းသားများကို ဤသို့ ဟောကြားသူအများစုက သင့်မှာ သင့်မိခင်နှင့် ပြဿနာရှိသည်ဆိုပါက သင့်ဖခင်၊ ရင်းနှီးသော သူငယ်ချင်း သို့မဟုတ် သင့်အပေါ် အလွန်ချစ်ခင်ကြင်နာသူ တစ်ယောက်ယောက်ကို အစားထိုး တွေးကြည့်နိုင်သည်ဟု ဆိုပါသည်။ ဤနည်းဖြင့် ဤတရားရှုမှတ်မှုကို ကြိုးစားရာတွင် လမ်းပိတ်မနေတော့ပါ။ ဤသည်မှာ အထောက်အကူပြုသော ချဉ်းကပ်နည်းဖြစ်သည်ဟု ထင်ပါသည်။ သို့သော် မိမိ၏မိခင်နှင့် ဆက်ဆံရေးတွင် ပြဿနာ ရှိနေပါက ယင်းကို ဖြေရှင်းဖို့လိုပြီး ကျော်မသွားသင့်ဟု ထင်ပါသည်။ မိမိ၏မိခင်နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိနိုင်ပါက အခြားသူတစ်ဦးဦးနှင့်လည်း ကောင်းမွန်သော မေတ္တာထားသည့် ဆက်ဆံရေးရှိရန် အလွန်ခက်ခဲပါလိမ့်မည်။ ပြဿနာက အမြဲရှိနေပါသည်။ ထို့ကြောင့် မည်မျှပင် အဆင်မပြေသော ဆက်ဆံရေး ရှိခဲ့သည့်ဖြစ်စေ၊ ရှိနေသည်ဖြစ်စေ၊ မိမိ၏မိခင်နှင့် တကယ့်ဆက်ဆံရေးကို ကြည့်ပြီး သူ၏ကြင်နာမှုကို ကြိုးစားအသိအမှတ်ပြုရန် အလွန်အရေးကြီးသည်ဟု ထင်ပါသည်။
ပထမဦးစွာ စံပြမိခင်၏မေတ္တာကို ကြည့်ရန်လိုပါသည်။ ဂန္ထဝင်စာပေများတွင် ထိုအတွက် ဥပမာအားဖြင့် တိရစ္ဆာန်အများအပြား၌ တွေ့နိုင်သည်ဆိုသော ဖော်ပြချက်များ ပြည့်နေပါသည်။ ငှက်မိခင်သည် မည်မျှပင် အအေးမိပြီး စိုစွတ်နေသည်ဖြစ်စေ သူ့ဥများကို ဝပ်ပါသည်။ ဥပေါက်သော အခါတွင် အင်းဆက်များကိုက်ချီလာပြီး မြိုမချဘဲ ငှက်ကလေးများကို ခွံ့ကျွေးပါသည်။ ဤသည်မှာ အတော်လေး ထူးခြားလှပါသည်။
တိရစ္ဆာန်နှင့် အင်းဆက်လောကတွင် မိခင်က သားသမီးများကိုစားပစ်သော နမူနာများ ရှိသည်မှာ မှန်ပါသည်။ သို့သော် သူတို့သည်လည်း သားသမီးမွေးဖွားရန် အခက်အခဲများကို ကျော်ဖြတ်ရပါသေးသည်။ ထို့ပြင် မိမိ၏ မွေးမိခင်ဖြစ်စေ၊ အစားထိုးမိခင် ဖြစ်စေ၊ ဝမ်းနှင့်လွယ်မွေးသူ ဖြစ်ပါသည်။ ဖန်ပြွန်သန္ဓေသား ဖြစ်ခဲ့လျှင်ပင် တစ်စုံတစ်ယောက်က ဖန်ပြွန်ကို စောင့်ကြည့်ကာ သင့်တော်သော အပူချိန်မှာ ထားပေးရပါသည်။ မိမိ၏မိခင်က ဝမ်းနှင့်လွယ်ခြင်း၊ မလွယ်ခြင်းမှာ မသက်ဆိုင်ပါ။ ဝမ်းနှင့်လွယ်ပြီး မစွန့်ပစ်သည်မှာ မယုံနိုင်လောက်သော ကြင်နာမှု ဖြစ်ပါသည်။ ယင်းမှာ သူ့အတွက်လုံးဝ သက်သောင့်သက်သာ မရှိခဲ့ပါ။ မီးဖွားချိန်တွင် နာကျင်မှုများစွာ ခံစားရပါသည်။ ထို့ပြင် ကျွန်ုပ်တို့ လူမမယ် အရွယ်တွင် သူကညဘက်ကြီးထပြီး ကျွန်ုပ်တို့ကို အစားအသောက်ကျွေးမွေးကာ ဂရုစိုက်စောင့်ရှောက်ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့လည်း ရှင်သန်နိုင်မည် မဟုတ်ပါ။ ဤသို့သော ကိစ္စများကို ဂန္ထဝင်ကျမ်းစာများတွင် အလေးထား ဖော်ပြပါသည်။
မိမိ၏မိခင်နှင့် အခက်အခဲများ ရှိထားပါက မည်သို့ဆောင်ရွက်ရမည်ကို သဲလွန်စရရှိအောင် ပဉ္စမမြောက် ဒလိုင်းလားမား၏ လမ်-ရင်းကျမ်းစာမှ ဂုရုကြီးများ၏ တရားရှုမှတ်မှုမှနေ၍ တွေးကြည့်နိုင်ပါသည်။ ထိုထက်စောသော ကျမ်းစာများက အရည်အသွေးကောင်းများရှိသော ဘာသာရေးဆရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက် ဆိုထားပါသည်။ မည်သည့်ဘာသာရေးဆရာကမျှ စံပြမဟုတ်ပါ။ အားလုံးတွင် အားနည်းချက်၊ အားသာချက်များ ရောစပ်နေပါမည်။ ဘာသာရေး ဆရာတော်ဖြင့် တရားရှုမှတ်ရာတွင် ပြုလုပ်ရမည်မှာ ကြီးမားသော လေးစားမှု၊ စိတ်ဓာတ်ခွန်အားနှင့် တန်ဖိုးထားမှုတို့ ရရှိအောင် ဆရာ၏ အရည်အသွေးကောင်းများနှင့် ကြင်နာမှုတို့ကို အာရုံစိုက်ရန် ဖြစ်ပါသည်။ ထိုအခါ မိမိတွင်လည်း ဤသို့သော အရည်အသွေးကောင်းများနှင့် ကြင်နာမှုများ ထားရှိရန် စိတ်အားတက်ကြွလာပါမည်။
ပဉ္စမမြောက် ဒလိုင်းလားမားက ကျွန်ုပ်တို့သည် ဤသို့ဆောင်ရွက်သည့် လုပ်ငန်းစဉ်၌ ဆရာ၏ အားနည်းချက်များနှင့် အပြစ်များကို မငြင်းပယ်ရန် ရှင်းပြထားပါသည်။ ထိုသို့ပြုပါက မသိနားမလည်ရာ ရောက်ပါမည်။ အားနည်းချက်များကို အသိအမှတ် ပြုသော်လည်း ဆရာ၏အပြစ်များကို တွေးနေခြင်းဖြင့် မကျေမနပ်ဖြစ်ခြင်းနှင့် အပျက်သဘောထားတို့ ဖြစ်လာနိုင်သည့်အတွက် ယင်းတို့ကို ဘေးဖယ်ထားရပါသည်။ ထိုအချက်က စိတ်အားထက်သန်မှု ရှိစေမည်တော့ မဟုတ်ပါ။ အရည်အသွေးကောင်းများနှင့် ကြင်နာမှုတို့ကို အာရုံစိုက်ခြင်းဖြင့်သာ စိတ်အားထက်သန်မှု ရရှိစေပါသည်။
ထို့ကြောင့် ပထမဦးစွာ ကျွန်ုပ်တို့သည် အားနည်းချက်များကို အသိအမှတ်ပြုလိုက်ပါသည်။ သို့သော် ယင်းတို့မှာ တကယ့် အားနည်းချက်လား၊ မိမိဘက်က မှန်းဆချက်များလား ဆိုသည်ကို ရိုးသားစွာ စစ်ဆေးရန်လိုပါသည်။ အားနည်းချက်များမှာ မှန်းဆချက်သာဖြစ်ပြီး အမှန်တကယ် မဟုတ်ပါက ယင်းတို့ကိုအပြီးတိုင် မေ့ပစ်လိုက်ရပါသည်။ ထို့နောက် စိတ်ကူးယဉ်ခြင်း မဟုတ်သော အားနည်းချက်များက ဆရာတွင်ယခု ရှိနေသော အချက်များလား၊ သူတို့က လက်မလွှတ်နိုင်သည့် အတိတ်က အချက်များလား ဆိုသည်ကို စစ်ဆေးရန်လိုပါသည်။ ထိုအမှားများ ယခုမရှိတော့ပါက ယင်းတို့ကို စွဲမှတ်မထားပါနှင့်တော့။ သက်ဆိုင်မှုလည်း မရှိတော့ပါ။ လက်ရှိအမှားများက ဘာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလာသည်နှင့် ဤသည်တို့မှာ သူ၏လက်ရှိအမှားများ ဖြစ်သည်ဟု ပြောနိုင်ပါပြီ။ ထို့နောက် ယခုကာလအတွက် ယင်းတို့ကို ဘေးဖယ်ထားကာ အရည်အသွေးကောင်းများကိုသာ အာရုံစိုက်ရပါသည်။
ကျွန်ုပ်တို့မိခင်၏ ကြင်နာမှုကို ကြည့်သောအခါတွင်လည်း အလားတူလုပ်ဆောင်ချက်မျိုးက သင့်တော်ပြီး အလုပ်ဖြစ်နိုင်သည်ဟု ထင်ပါသည်။ မည်သူ၏မိခင်မျှ စံပြမဟုတ်ပါ။ မိမိကိုယ်တိုင် မိဘဖြစ်ပါက စံပြမိဘဖြစ်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲလှသည်ကို သိလာပါမည်။ ထို့ကြောင့် မိမိ၏ မိဘများလည်း စံပြဖြစ်ရမည်ဟု မမျှော်လင့်သင့်ပါ။ ထို့နောက် မိမိ၏မိခင်က ရှိထားသော အမှားများနှင့် အားနည်းချက်များကို ကြည့်ကာ ဤအားနည်းချက်များ ဖြစ်ပေါ်စေသော အကြောင်းတရားနှင့် အခြေအနေများကို ကြိုးစားနားလည်လာပါသည်။ သူသည် ပင်ကိုအရဆိုးရွားသူ မဟုတ်ပါ။ မည်သည့် စိတ်အစဉ်ကမျှ ပင်ကိုအရ ခြင်တစ်ကောင် မဟုတ်သလိုပင် ဖြစ်ပါသည် (ပင်ကိုအရ အနှောင့်အယှက်ပေးခြင်းလည်း မဟုတ်ပါ)။ ကျွန်ုပ်တို့သည် မိမိ၏ မိခင်အပေါ် အားနည်းချက်များ မှန်းဆခြင်း မပြုရန် သို့မဟုတ် ယခင်အတိတ်ကို စိတ်စွဲမနေရန် လိုပါသည်။ ထိုအခါ စိတ်ကူးထဲမှ အမှားများအားလုံးကိုသာမက အတိတ်၊ ပစ္စုပ္ပန် အမှားများကိုပါ ဘေးဖယ်ထားလိုက်ပါသည်။ သူ့မှာ အမှားများ ရှိသော်လည်း အားလုံးမှာ အမှားများရှိသည့်အတွက် သူလည်း လူထဲကလူသာ ဖြစ်သည်ဟု နားလည်လာပါသည်။ ထိုအခါ သူက ကျွန်ုပ်တို့အပေါ် ထားရှိသည့် အရည်အသွေးကောင်းများနှင့် ကြင်နာမှုတို့ကို မြင်လာပါသည်။
သေချာမမှတ်မိတော့သော အနောက်တိုင်း တရားပြဆရာတစ်ဦးက ကျွန်ုပ်အနေနှင့် အလွန်အသုံးဝင်သည်ဟု ထင်မိသော တရားရှုမှတ်နည်းတစ်ခု ပြောပြဖူးပါသည်။ ကျွန်ုပ်တို့မိခင်၏ မကောင်းသော အရည်အသွေးများကို ဘေးဖယ်ထားရမည့် နေရာတွင် ကျွန်ုပ်တို့သည် မိမိဘဝကို အပိုင်းငါးခု သို့မဟုတ် ဆယ်ခုစီ ဖြတ်သန်းသွားရပါသည်။ ငါးမိနစ်၊ နာရီဝက်၊ တစ်နာရီ သို့မဟုတ် နှစ်သက်ရာ အချိန်အပိုင်းအခြားဖြင့် မိမိ၏မိခင်က မိမိအတွက် ကြင်နာစွာ ဆောင်ရွက်ပေးမှု အားလုံးကို ဤအပိုင်းငါးခု သို့မဟုတ် ဆယ်ခုအတွင်း စဉ်းစားကြည့်ရပါသည်။ ပထမဦးစွာ ဝမ်းထဲလွယ်ထားချိန်မှ ကျွန်ုပ်တို့အသက် ငါးနှစ်အထိ သူက ကျွန်ုပ်တို့ကို အနှီးလဲပေးခြင်း၊ အစာကျွေးခြင်း၊ ရေချိုးပေးခြင်း စသည့်ကိစ္စ အားလုံးကို အမှတ်ရပါသည်။ ထို့နောက် အသက် ငါးနှစ်မှ ဆယ်နှစ်အထိ စသည်ဖြင့် ပြန်လည်အမှတ်ရနိုင်ပါသည်။ သူက ကျွန်ုပ်တို့ကို ကျောင်းပို့ပေးသည်။ အိမ်စာ ကူလုပ်ပေးချင်မှ လုပ်ပေးသော်လည်း အစားအသောက် ချက်ပြုတ်ပေးသည်။ အဝတ်အစား လျှော်ဖွပ်ပေးသည်။ ကျွန်ုပ်တို့ ဆယ်ကျော်သက် ဖြစ်လာသောအခါ သူကမုန့်ဖိုးပေးသည်။ ကျွန်ုပ်တို့မိခင်က မည်မျှဆိုးရွားခဲ့နိုင်သည်ဖြစ်စေ ကျွန်ုပ်တို့ ဘဝအပိုင်းအခြားတိုင်းတွင် သူကက ကြင်နာမှုများစွာ ပြသခဲ့သည်မှာ ယုံမှားဖွယ် မရှိပါ။
ထို့နောက် မိမိ၏ဖခင်၊ အခြားဆွေမျိုးများ စသူတို့နှင့်လည်း အလားတူ ဆောင်ရွက်နိုင်ပါသည်။ ယင်းမှာ တရားရှုမှတ်ခြင်းအတွက် အလွန်အထောက်အကူ ပြုပါသည်။ အထူးသဖြင့် “ဘယ်သူမှ ငါ့အပေါ် မေတ္တာမထားကြပါ” ဟု တစ်ခါတစ်ရံ တွေးမိပြီး စိတ်ဓာတ်ကျသောအခါတွင် ထိရောက်သော ဖြေဆေးတစ်ခု ဖြစ်ပါသည်။ ဤနည်းဖြင့် ယခုဘဝတွင် ကျွန်ုပ်တို့မိခင်၏ ကြင်နာမှုကို မြင်လာပါက အားလုံးသည်လည်း ကျွန်ုပ်တို့အပေါ် အလားတူ ကြင်နာသည်ကို အသိအမှတ်ပြုစေရန် အထောက်အကူ ပြုပါသည်။ မည်သူမျှ စံပြမိခင် မဟုတ်ကြပါ။ အခြားဘဝ တစ်ခုခုတွင် သူက ကျွန်ုပ်တို့ကို စားချင်စားခဲ့နိုင်သော်လည်း ကြင်နာမှုကိုလည်း ပြသခဲ့ပါသည်။
မိခင်မေတ္တာ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်း
အဆင့်ခုနစ်ဆင့် တည်ငြိမ်မှု တရားတော်တွင် တတိယအဆင့်မှာ မိမိရရှိထားသော မိခင်မေတ္တာ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုစိတ် ထားရှိခြင်း ဖြစ်ပါသည်။ ဤအတွက် မိမိ၏မိခင်သည် မျက်မမြင်ဖြစ်ပြီး ဆင်းရဲဒုက္ခ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျတော့မည့် တောင်ကမ်းပါး အစွန်းနားတွင် လုံးဝစိတ်ရှုပ်ထွေးပြီး အလွန်ဝမ်းနည်းစွာ ရပ်နေသည်ဟု စိတ်ကူးကြည့်ရပါသည်။ သူ၏သားသမီးများဖြစ်သော ကျွန်ုပ်တို့သည် သူ့ဘေးတွင် ရပ်နေပြီး သူ့ကို ပြုတ်မကျအောင် မည်သို့ကူညီရမည်ကို သိထားသည်ဟုလည်း စိတ်ကူးကြည့်ပါသည်။ သူ၏သားသမီးများဖြစ်သော ကျွန်ုပ်တို့သာ မကူညီပါက မည်သူကူညီပါမည်နည်း။ မည်သူ့ကို သူကအားကိုးရပါမည်နည်း။ အဆိုပါ အတွေးများဖြင့် သူတို့ကို ဆင်းရဲဒုက္ခပုံစံမျိုးစုံမှ လွတ်ကင်းအောင် ကူညီခြင်းဖြင့် သူတို့၏ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် လှိုက်လှဲစွာဆန္ဒရှိအောင် ကူညီပါသည်။
ကျွန်ုပ်တို့၏ဆန္ဒကို ခိုင်မာစေရန်အတွက် ကျွန်ုပ်တို့ ပြသထားသည့် မိခင်မေတ္တာကို အမှတ်ရခြင်းနှင့် ပတ်သက်ပြီး ဖော်ပြထားသော တရားရှုမှတ်မှုကို ဆက်လက်ပြုပြင်ယူနိုင်ပါသည်။ ဤနေရာတွင်လည်း မိမိဘဝ၏ ငါးနှစ် သို့မဟုတ် ဆယ်နှစ်တာကာလကို ကြည့်ပြီး မိမိ၏ မိခင်အား မည်သည့်နည်းဖြင့် ကြင်နာမှု ပြန်လည်ပြသခဲ့သည်ကို အမှတ်ရရပါမည်။ မိမိ၏ဖခင်၊ ဆွေမျိုးမိတ်သင်္ဂဟ စူတို့ကိုလည်း ထိုနည်းအတိုင်း ဆောင်ရွက်နိုင်ပါသည်။
မေတ္တာနှင့် အကူအညီ မည်မျှရရှိပြီး မည်မျှ ပြန်ပေးခဲ့သည်ကို နှိုင်းယှဉ်ကြည့်ပါက ကျွန်ုပ်တို့အများစုသည် ပေးတာထက် ယူထားတာက ပိုများနေသည်ကို မြင်ရပါမည်။ ဤသို့ဖြစ်ရသည်မှာ အပြစ်ရှိသူလို ခံစားရန် မဟုတ်ပါ။ ယင်းမှာ အနောက်တိုင်းပုံစံ တုံ့ပြန်မှုအရ စိုးရိမ်မှု ဖြစ်လေ့ ရှိနိုင်ပါသည်။ အဓိကအချက်မှာ ဗောဓိစိတ္တ တရားရှုမှတ်သည့် နောက်တစ်ဆင့်တွင် အထောက်အကူပြုရန် ဖြစ်ပါသည်။ ရရှိခဲ့သည့် ကြင်နာမှုကို အသိအမှတ်ပြုခြင်း၊ နက်နက်နဲနဲ ကျေးဇူးတင်ခြင်းနှင့် ထိုကြင်နာမှုကို ပြန်လည်ပေးဆပ်လိုခြင်း ဖြစ်ပါသည်။
ယခုဖော်ပြခဲ့သလို တရားရှုမှတ်မှုကို ဤသို့ပြုပြင်ယူခြင်းသည် တစ်ခုခုကို အမှန်တကယ် ခံစားရအောင် ကျွန်ုပ်တို့နှလုံးသားများအား အမှန်ပင် တွန်းအားပေးရန်အတွက် အလွန်အထောက်အကူပြုသည်ကို တွေ့ရှိရပါသည်။ ဒါက အလွန်အရေးကြီးသည်ဟု ထင်ပါသည်။ မေတ္တာနှင့် ကရုဏာဖြင့် ဤသို့တရားရှုမှတ်မှုအားလုံး ဆောင်ရွက်ကာ အခြားသူများကို ကူညီကြသော်လည်း သူတို့မိဘများနှင့် ဆိုးရွားသောဆက်ဆံရေး ရှိနေပြီး ပိတ်မိနေသည့် အနောက်တိုင်းမှ ဗုဒ္ဓဘာသာဝင်များစွာကို ကျွန်ုပ်တွေ့ဖူးပါသည်။ ထိုဆက်ဆံရေးကို ကြိုးစားပြုပြင်ကာ ခက်ခဲသည်ဆိုပြီး မရှောင်ရှားလျှင် အမှန်ပင် အထောက်အကူပြုသည်ဟု ထင်ပါသည်။
လက်တွေ့ကျင့်ကြံအားထုတ်ရန် အကြံပြုသောနည်းလမ်း
ဤအဆင့်တိုင်းတွင် အရေးကြီးသော အချက်မှာ သက်ရှိအားလုံးကို လမ်းဖွင့်ထားကာ မိမိကျင့်ကြံမှု အတိုင်းအတာကို ချဲ့ထွင်ရန် ဖြစ်ပါသည်။ အဆင့်တိုင်းတွင် နည်းနည်းနှင့် စတင်နိုင်သော်လည်း တဖြည်းဖြည်း နယ်ပယ်ချဲ့ထွင်သွားဖို့ လိုပါသည်။ လူတိုင်းကို စိတ်အစဉ်တစ်ခုချင်းစီကဲ့သို့ မြင်သော ဥပေက္ခာကို အခြေခံပြီး ထိုသို့ပြုလုပ်နိုင်ပါသည်။ ဤအတွက် ထိရောက်သောနည်းတစ်ခုမှာ မျက်စိမှိတ်ပြီး ထိုင်ကာတရားရှုမှတ်ရင်း “ခံစားချက်ရှိသော သတ္တဝါအားလုံး” ဟုယူဆတွေးတောခြင်း ဖြစ်သည်ဟု တွေ့ရပါသည်။ ပိုပြီးထိရောက်သောနည်းမှာ ညီမျှသော စိတ်ခံစားချက်များ ရရှိအောင် စာနာနားလည်မှု လေ့ကျင့်ရန်အတွက် အကြံပြုခဲ့သော နည်းလမ်းအတိုင်း ကျင့်ကြံရန် ဖြစ်ပါသည်။
တစ်နည်းဆိုရလျှင် မိတ်ဆွေများ၊ မိမိမနှစ်သက်သူများ၊ သူစိမ်းများ စသည့် လူအမျိုးမျိုးကို သူတို့၏ဓာတ်ပုံကို အရင်ဆုံး အာရုံစိုက်ရင်း ဤအပြုသဘောထားများ ရရှိအောင် ကြိုးစားခြင်း ဖြစ်ပါသည်။ ထို့နောက် တရားရှုမှတ်သော အုပ်စုထဲတွင် ကျွန်ုပ်တို့အနီးတွင် ထိုင်နေသော တကယ့်လူများကိုကြည့်ရင်း သူတို့အပေါ် ကြိုးစားထားရှိရန် ဖြစ်ပါသည်။ ထို့နောက် မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားပေါ်တွင် ထိုအထဲမှလူများအပေါ်တွင် ကြိုးစားထားရှိရန် ဖြစ်ပါသည်။ ဤနည်းဖြင့် မိမိကြိုးစားထားရှိနေသော အပြုသဘောထားများကို အခြားသူများအပေါ်တွင် အမှန်တကယ် ကျင့်သုံးလာနိုင်ပါသည်။
ထို့အတူ တိရစ္ဆာန်များ၊ အင်းဆက်များ စသည်တို့အပေါ်တွင်လည်း ကြိုးစားကျင့်သုံးရပါသည်။ မိမိစိတ်ထဲတွင် သီအိုရီအရသာ မဟုတ်ဘဲ ၎င်းတို့ကို အမှန်တကယ် မြင်တွေ့ချိန်တွင်ပါ ကျင့်သုံးရပါမည်။ ထိုသို့ပြုလုပ်ရင်း အင်းဆက်တစ်ကောင်ကို ကြင်နာရသည်က လူတစ်ယောက်ကို ကြင်နာရသည်ထက် ပိုမိုလွယ်ကူသည် စသည့် ဥပမာအတွက် တိဘက်လူမျိုးများအကြား တစ်ခါတစ်ရံ တွေ့ရသည့် အစွန်းတရားကို ကြိုးစားရှောင်ရှားရန် လိုပါသည်။ ကျောင်းတိုက်အလယ်တွင် ပုရွက်ဆိတ်တစ်ကောင် ရှိနေပါက ၎င်းကိုမထိခိုက်မိအောင် လူတိုင်းက အစွန်းရောက်သွားပါသည်။ သို့သော် တစ်ခါတစ်ရံ ထိုသို့သော အလေးထား ကြင်နာမှုမျိုးကို လူသားတို့အား မပြမိကြပါ။ ဥပမာ၊ သူတို့ကျောင်းတိုက်ကို လာလည်သော အိန္ဒိယလူမျိုးများ၊ နိုင်ငံခြားသားများက သူတို့ဘာလုပ်နေကြသည်ကို သိချင်သောအခါမျိုးတွင် ဖြစ်ပါသည်။ ဤနေရာတွင်လည်း သင့်တော်သော ရှုထောင့်မျိုး ထားရှိရပါမည်။
ပုရွက်ဆိတ်တစ်ကောင်ကို ကူညီရသည်က လူတစ်ယောက်ကို ကူညီရသည်ထက် ပိုမိုလွယ်ကူသည်ဟု အချို့က ဆိုချင်ဆိုနိုင်ပါသည်။ ဤသည်မှာ ပုရွက်ဆိတ်က သင့်ကိုစကားပြန်မပြောသလို စိတ်ညစ်အောင်လည်း မလုပ်ဘဲ လူတို့က တစ်ခါတစ်ရံ ထိုသို့လုပ်တတ်သောကြောင့် ဖြစ်ပါသည်။ ပုရွက်ဆိတ် တစ်ကောင်ကို ကောက်ယူပြီး အပြင်ထုတ်ပစ် နိုင်သော်လည်း လူတို့ အနှောင့်အယှက်ပေးလာပါက ထိုသို့ပြုလုပ်၍ မရနိုင်ပါ။ မည်သို့ဖြစ်စေကာမူ လူအတော်များများက ဤတရားရှုမှတ်မှုများကို “ခံစားချက်ရှိသော သတ္တဝါများ” ဆိုပြီး အလွန်ပင် အယူအဆသဘော နည်းလမ်းဖြင့် ကျင့်ကြံကာ “လက်တွေ့လောက” ဆိုပြီး တကယ့်လူသားများအပေါ် အသုံးမချခြင်းကို ထောက်ပြလိုခြင်း ဖြစ်ပါသည်။ ထိုအခါ တိုးတက်မှုလမ်းကြောင်းတွင် ပြဿနာကြီးတစ်ခု ဖြစ်လာပါသည်။
ကြီးမားသောမေတ္တာ
အားလုံးကို မိမိ၏မိခင်ဖြစ်ဖူးသည်ဟု အသိအမှတ် ပြုပြီး မိခင်မေတ္တာကို အမှတ်ရကာ ထိုကြင်နာမှုကို ကျေးဇူးတင်စွာဖြင့် ပြန်လည်ပေးဆပ်သောအခါ နွေးထွေးသောမေတ္တာဆိုသည့် ခံစားချက်ကို အလိုလိုရရှိလာပါသည်။ ဤသည်မှာ တွေ့ဆုံမိသူတိုင်းအပေါ် အလိုလိုပေါ်ထွက်လာသော နီးစပ်မှုနှင့် နွေးထွေးမှု ခံစားချက် ဖြစ်ပါသည်။ ဤခံစားချက် ရရှိဖို့သီးခြား တရားရှုမှတ်ရန်အဆင့် မလိုအပ်ပါ။ ဤသည်မှာ တန်ဖိုးထားပြီး အရေးတယူရှိသော မေတ္တာဟုလည်းခေါ်ပြီး တစ်စုံတစ်ယောက်ကို တန်ဖိုးထားသော ကြင်နာမှု၊ သူ၏သာယာဝပြောရေးကို အလေးထားမှု၊ သူ့မှာမကောင်းတာ တစ်ခုခုဖြစ်ပါက အလွန်ဝမ်းနည်းမှု ဖြစ်ပါသည်။
နွေးထွေးသော မေတ္တာတွင် အခြေခံလျှက် ကျွန်ုပ်တို့သည် စတုတ္ထအဆင့်ဖြစ်သည့် ကြီးမားသောမေတ္တာအပေါ် တရားရှုမှတ်မှုကို ဆက်သွားပါမည်။ မေတ္တာသည် တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေလိုသောဆန္ဒ ဖြစ်ပြီး အထူးသဖြင့် မိမိနှစ်သက်သော တစ်စုံတစ်ယောက် ဖြစ်ပါသည်။ သို့သော် ကြီးမားသောမေတ္တာ ဆိုသည်မှာ အားလုံးကို ပျော်ရွှင်စေလိုခြင်း၊ ပျော်ရွှင်မှု၏ အကြောင်းတရားများ ရရှိစေလိုခြင်း ဖြစ်ပါသည်။ ယင်းမှာ ပျော်ရွှင်မှုရော၊ ၎င်း၏အကြောင်းတရားများရော ဖြစ်ရန် အမှန်ပင် အရေးကြီးပါသည်။ ဆိုလိုသည်မှာ ပျော်ရွှင်မှုသည် အကြောင်းတရားများကြောင့် ပေါ်ထွက်လာသည်ကို အပြည့်အဝ နားလည်မှုကြောင့် ဖြစ်ပြီး နတ်ဘုရားများ သို့မဟုတ် ကံကောင်းခြင်းအတွက်ကြောင့်သာ မဟုတ်ပါ။ ထိုအကြောင်းတရားမှာ ငါ ဆိုသည့်အတ္တလည်း မဟုတ်ပါ။
ပျော်ရွှင်ခြင်း အကြောင်းတရားများကို ကံအကြောင်း တရားတော်တွင် ဖော်ပြထားပါသည်။ လူတို့သည် လောဘ၊ ဒေါသ စသည်တို့မပါဝင်ဘဲ အပြုသဘော ပြုမူပါက ပျော်ရွှင်မှု ကြုံရပါမည်။ ထို့ကြောင့် “အသင်သည် ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှု၏ အကြောင်းရင်းများ ရရှိပါစေ။ အသင်သည် ပျော်ရွှင်မှု ကြုံရစေရန်အတွက် အပြုသဘော ကောင်းမွန်သောနည်းဖြင့် အမှန်တကယ် ပြုမူဆောင်ရွက်နိုင်ပါစေ။” ဟု ဤနေရာတွင် တွေးရန်လိုပါသည်။
အားလုံးကို ကူညီနိုင်အောင် ဘုရားဖြစ်ရန် ကြိုးစားသော ဤဗောဓိစိတ္တ တရားရှုမှတ်ခြင်းတွင် ဤအဆင့်၌ ရှင်းလင်းသော်လည်း သူတို့ကို ကူညီရန် ကျွန်ုပ်တို့ ဆောင်ရွက်သည့် အခန်းကဏ္ဍကို မချဲ့ကားပါ။ အခြားသူများကို နည်းလမ်းပြသနိုင်သော်လည်း သူတို့က ပျော်ရွှင်ခြင်း၏ အကြောင်းတရားများကို ကိုယ်တိုင်ဖြည့်ဆည်းရန် လိုပါသည်။
မဟာကရုဏာ
ထို့နောက် ပဉ္စမအဆင့်မှာ မဟာကရုဏာဆိုသည့် အားလုံးကို ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်မြောက်စေလိုသော ဆန္ဒဖြစ်ပါသည်။ ဤသည်မှာလည်း သူတို့၏ ဆင်းရဲဒုက္ခသည် အကြောင်းတရားများကြောင့် ဖြစ်ပေါ်ပြီး သူတို့ဆင်းရဲဒုက္ခကို ဖယ်ရှားရန်အတွက် သူတို့အနေနှင့် ထိုအကြောင်းတရားများကို ဖယ်ရှားရန် လိုအပ်ကြောင်း အပြည့်အဝ နားလည်သဘောပေါက်ရန် လိုပါသည်။ ဤသည်မှာလည်း အလွန်လက်တွေ့ကျသော ရှုထောင့် ဖြစ်ပါသည်။ မဟာမေတ္တာနှင့် မဟာကရုဏာတို့သည် “လူတိုင်းဆင်းရဲဒုက္ခ ကြုံနေတာကို စိတ်မကောင်းလိုက်တာ” ဆိုပြီး စိတ်ခံစားချက် သက်သက်မျှသာ မဟုတ်ပါ။ အပြုအမူဆိုင်ရာ အကြောင်းနှင့် အကျိုးကို နားလည်မှုနှင့် ပူးတွဲနေပါသည်။
မဟာကရုဏာသည် သာမန်ကရုဏာထက် သာလွန်စေမည့် အခြားနည်းလမ်းများစွာ ရှိပါသည်။
- ၎င်းသည် အချို့ကိုသာမဟုတ်ဘဲ အကန့်အသတ်ရှိသော သက်ရှိအားလုံးကို အညီအမျှ ရည်ရွယ်ပါသည်။
- မဟာမေတ္တာလိုပင် ၎င်းသည် မိခင်က တစ်ဦးတည်းသော ရင်သွေးကိုထားရှိသော တန်ဖိုးထားမှုနှင့် အလေးထားမှု၊ သူတို့ကို ကာကွယ် စောင့်ရှောက်ပေးလိုမှုတို့ ပါဝင်ပါသည်။
- ၎င်းတို့အားလုံး ရှုပ်ထွေးမှု၊ ရောစပ်ရှုပ်ထွေးမှု၊ ပိုပြီးရှုပ်ထွေးမှုတို့ကြောင့် ဆင်းရဲဒုက္ခ အဆက်မပြတ်ဖြစ်စေရန် ထိန်းချုပ်မရစွာ ရုပ်နာမ်တို့ဖြင့် ပြန်လည်မွေးဖွားမှု ဆင်းရဲဒုက္ခကြီးမှ လွတ်ကင်းစေလိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြားသူများကို နာကျင်မှု ဆင်းရဲဒုက္ခ သို့မဟုတ် အပြောင်းအလဲ၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုရုံမျှသာ မဟုတ်ပါ။ အပြောင်းအလဲ၏ ဆင်းရဲဒုက္ခသည် ဘယ်တော့မှ တာရှည်မခံသလို စိတ်ကျေနပ်မှုလည်း မပေးသည့် သာမန်လောကီ ပျော်ရွှင်မှုသာ ဖြစ်ပါသည်။ မဟာကရုဏာဆိုသည်မှာ ထိုပြဿနာမှ လွတ်မြောက်အောင် သတ္တဝါများကို ကောင်းကင်ဘုံသို့ သွားစေလိုခြင်း မဟုတ်ပါ။
- ၎င်းသည် အကန့်အသတ်ရှိသော သက်ရှိအားလုံးက ၎င်းတို့၏ ပျံ့နှံ့နေသော ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ခြေရှိသည်ဆိုသည့် ခိုင်မြဲသော ယုံကြည်မှုပေါ်တွင် အခြေခံပါသည်။ ကောင်းမွန်သော ဆန္ဒသက်သက် မျှသာ မဟုတ်ပါ။
ကရုဏာကို လွတ်မြောက်ရန် ဆုံးဖြတ်ချက်ဖြစ်သည့် စွန့်ပယ်ခြင်းနှင့်အလားတူသည့် သဘောထားအဖြစ် အမြဲဖော်ပြကြပါသည်။ စွန့်ပယ်ခြင်းသည် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခ၊ ယင်း၏အကြောင်းတရားများ၊ ယင်းတို့မှနေ၍ မိမိကိုယ်ကို လွတ်မြောက်လိုစိတ် စသည်တို့ကို ရည်ရွယ်သော သဘောထားဖြစ်ပါသည်။ မိမိ၏ဆင်းရဲဒုက္ခနှင့် ယင်း၏ အကြောင်းတရားများမှ လွတ်မြောက်ရန် ဆုံးဖြတ်ချက်တွင် မူတည်ကာ အခြားသူများအတွက် စာနာမှု မွေးမြူနိုင်ပါသည်။ ကျွန်ုပ်တို့လုပ်ရမည်မှာ ထိုသဘောထားကိုပင် အခြားသူများ၊ သူတို့၏ ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများ၊ ယင်းတို့မှနေ၍ သူတို့ကို လွတ်မြောက်စေလိုသောစိတ် စသည်တို့ဆီသို့ မိမိကိုယ်ကို ဖြစ်စေလိုသော အင်အားအတိုင်း ဦးတည်လိုက်ခြင်း ဖြစ်ပါသည်။
မိမိကိုယ်တိုင် ကြုံရသည့် ဆင်းရဲဒုက္ခနှင့် ယင်းမှ လွတ်မြောက်လိုစိတ်အကြောင်း မတွေးဘဲ အခြားသူများအတွက် အမှန်တကယ် စာနာပြီး ကရုဏာထားရှိရန် ခက်ခဲမည်ဟု ပြောလေ့ရှိပါသည်။ အခြားသူများသည် သူတို့၏ဆင်းရဲဒုက္ခမှ နာကျင်မှုကို အမှန်ပင် ကြုံရကြောင်း၊ သူတို့၏ ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခက ကျွန်ုပ်တို့ကို နာကျင်စေသလိုပင် သူတို့ကို နာကျင်စေကြောင်း နားလည်ဖို့ လိုပါသည်။ ဤသို့နားလည်မှုသည် မိမိ၏ ဆင်းရဲဒုက္ခက နာကျင်သည်ဟု အသိအမှတ် ပြုခြင်းပေါ်တွင် မူတည်ပါသည်။ ထိုသို့မဟုတ်ပါက အခြားသူများ၏ ဆင်းရဲဒုက္ခကို အလေးအနက် မထားတော့ပါ။ ကျွန်ုပ်တို့အား အလွန်ချစ်မြတ်နိုးကာ၊ ပျော်ရွှင်စေလိုပြီး ဆင်းရဲဒုက္ခ ကင်းဝေးစေလိုသော မိခင်အတွက် ထားရှိသော ဆန္ဒဖြစ်သည်ကို မမေ့ပါနှင့်။ မိမိ၏မိခင် စသူတို့နှင့်ပတ်သက်သော တရားရှုမှတ်မှုနှင့် စတင်ခြင်းဖြင့် တရားရှုမှတ်မှုတွင် ထိုအတွက် ခံစားချက်အချို့ အမှန်တကယ် ရရှိပါမည်။
မိမိကိုယ်ကို တန်ဖိုးမထားမှုကို ဖယ်ရှားပေးနိုင်အောင် ဤနည်းလမ်းကို ချဲ့ထွင်ခြင်း
မိမိကိုယ်ကို ဆင်းရဲဒုက္ခနှင့် ယင်း၏ အကြောင်းတရားများမှ အရင်ဆုံး လွတ်ကင်းစေလိုစိတ် ရှိမှသာ ကရုဏာသည် ရိုးသားစွာ ဖြစ်ပေါ်လာသည်ဟု ကျမ်းစာများတွင် ပြောထားသည့်အတိုင်း မေတ္တာနှင့် ပတ်သက်၍လည်း အလားတူဖော်ထုတ်နိုင်မည်ဟု ထင်ပါသည်။ ဤသည်မှာ မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းမှုကြောင့် ခံစားနေရသူတို့အတွက် အထူးသဖြင့် ဆီလျော်သည်ဟု ထင်ပါသည်။ မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းခြင်းမှာ အထူးသဖြင့် အနောက်တိုင်းမှ ဖြစ်ရပ်မျိုးဖြစ်ပြီး တိဘက်လူမျိုးများအကြား သို့မဟုတ် အိန္ဒိယလူမျိုးများအကြား ထိုကိစ္စတွေ့ရလေ့ မရှိပါ။ အခြားသူများကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိစေရန် ရိုးသားစွာ ဆန္ဒမပြုမီ မိမိကိုယ်ကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိစေရန် ရိုးသားစွာ ဆန္ဒဖြစ်ပေါ်ရန် လိုပါသည်။ ကျွန်ုပ်တို့သည် မပျော်ရွှင်ထိုက်ကြောင်း ခံစားရပါက အခြားသူများကလည်း မည်သို့လျှင် ပျော်ရွှင်ထိုက်ပါမည်နည်း။
ထိုအခါ မိမိကိုယ်ကို ပျော်ရွှင်စေလိုစိတ်သည် ကျွန်ုပ်တို့ မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းနေသည်ဟု ခံစားရပါက တရားရှုမှတ်မှု အဆင့်တစ်ဆင့်အနေနှင့် စိတ်ချလက်ချ ပေါင်းထည့်နိုင်သည်ဟု ထင်ပါသည်။ ဤသည်မှာ အတော် အရေးကြီးသည်ဟု ခံစာမိပါသည်။ ဤသို့ လူတိုင်းပျော်ရွှင်ထိုက်သည်ဟု တွေးတောတတ်ရန်အတွက် ဗုဒ္ဓသဘောသဘာဝအကြောင်း မိမိကိုယ်ကို ပြန်အသိပေးဖို့ လိုပါသည်။ ကျွန်ုပ်တို့အားလုံးသည် မဆိုးရွားကြပါ။ မည်သူမျှ မဆိုးရွားကြပါ။ အားလုံးတွင် အခြားသူများကို အကျိုးပြုရန်၊ ပျော်ရွှင်စေရန် စသည့် ဘုရားဖြစ်နိုင်သော အစွမ်းအစများ ရှိပါသည်။
နောက်တစ်ချက်မှာ ထေရဝါဒနှင့် အခြားဟိနာယာန ဂိုဏ်းများတွင်လည်း မေတ္တာနှင့် ကရုဏာထားရှိကြပါသည်။ သို့သော် ထိုတရားရှုမှတ်နည်းများမှာ မိခင်မေတ္တာကို အမှတ်ရခြင်းကဲ့သို့ အကြောင်းတရားကို အခြေခံပြီး မေတ္တာနှင့် ကရုဏာ စုစည်းပေးသည့် ယခုအဆင့်ခုနစ်ဆင့်ကဲ့သို့ အဆင့်လိုက်ပြုလုပ်ခြင်းမျိုး မဟုတ်ပါ။ သို့သော် ထေရဝါဒ ဗုဒ္ဓဘာသာတွင် မေတ္တာနှင့် ကရုဏာ တရားရှုမှတ်မှု မပါဝင်ဘူးဟု မထင်မှတ်သင့်ပါ။ သို့သော်လည်း ဗောဓိစိတ္တ တရားရှုမှတ်မှုတွင် နောက်ထပ်အဆင့်များ မပါဝင်ခြင်း ဖြစ်ပါသည်။
အကြွင်းမဲ့ ဆုံးဖြတ်ချက်
ဘာသာပြန်သူ အမျိုးမျိုးက နောက်ထပ် ဆဋ္ဌမအဆင့်ကို အမျိုးမျိုး ဘာသာပြန်ကြပါသည်။ အချို့က “သန့်ရှင်းသော ကိုယ်ကျိုးစွန့်လိုစိတ်" ဟု ခေါ်သည်။ ဒလိုင်းလားမား ဆရာတော်ကြီးက “အားလုံးနှင့်ဆိုင်သော တာဝန်ယူမှု” ဆိုသည့်ဝေါဟာရကို အသုံးပြုပါသည်။ ကျွန်ုပ်ကိုယ်တိုင် ယင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ဘာသာပြန်ထားသော်လည်း လက်ရှိတွင် “အကြွင်းမဲ့ ဆုံးဖြတ်ချက်” ကို ပိုမိုနှစ်သက်ပါသည်။ ကျွန်ုပ်တို့သည် မဟာကရုဏာဖြင့် သက်ရှိအားလုံးကို ကူညီရန် ဆန္ဒနှင့် ရည်ရွယ်ချက် အပြည့်အဝ ထားရှိပါသည်။ ဤနေရာတွင် ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်ကာ ယင်းသို့ကျိန်းသေ ဆောင်ရွက်မည် ဖြစ်ပါသည်။ အခြားသူများ၏ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ တစ်ခုခု အမှန်တကယ် ဆောင်ရွက်ရန် ကိုယ်တိုင်တာဝန်ယူပါသည်။ တစ်ယောက်ယောက်သည် ရေကန်ထဲတွင် ရေနစ်နေပါက ကမ်းစပ်မှာထိုင်ပြီး “ကျွတ်၊ ကျွတ်၊ ဒါမျိုးမဖြစ်ပါစေနဲ့” ဟု ပြောနေခြင်း မဟုတ်ပါ။ အမှန်တကယ် ရေထဲခုန်ဆင်းရဲဒုက္ခပြီး ထိုသူကို ကြိုးစားကယ်ဆယ်ရန် လိုပါသည်။ ထို့အတူ ဗောဓိစိတ္တ တရားရှုမှတ်မှုတွင်လည်း သက်ရှိအားလုံးကို တတ်နိုင်သလောက် ကူညီရန် အားလုံးနှင့်ဆိုင်သော တာဝန်ယူမှုရှိဖို့ ကျွန်ုပ်တို့ အပြည့်အဝဆုံးဖြတ်လိုက်ပါသည်။
ဗောဓိစိတ္တ ရည်မှန်းချက်
ဤသို့ဖွံ့ဖြိုးမှုလမ်းကြောင်း၏ ဆဋ္ဌမအဆင့်ကို အကြောင်းတရားအဖြစ် အခြေခံလျှက် သတ္တမအဆင့်သည် အကျိုးအဖြစ် ဗောဓိစိတ္တ ရည်မှန်းချက်ကို ထားရှိပါသည်။ အခြားသူများကို ကျွန်ုပ်တို့၏ လက်ရှိအကန့်အသတ်များ၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထားများဖြင့် မည်ကဲ့သို့ အကောင်းဆုံး ကူညီနိုင်မလဲဟု လေ့လာသောအခါ အများကြီး အမှန်တကယ် ကူညီနိုင်စွမ်း မရှိသည်ကို သဘောပေါက်လာပါသည်။ ကျွန်ုပ်သည် တစ်ကိုယ်ကောင်းဆန်ကာ စိတ်မရှည်ပါက၊ အချို့သူများကို နှစ်သက်ပြီး အချို့ကို ဒေါသဖြစ်ပါက၊ ပျင်းရိနေပါက၊ အမြဲတမ်း မောပန်းနေပါက၊ အခြားသူများကို အမှန်တကယ် နားလည်မပေးနိုင်ပါက၊ ကောင်းစွာ ဆက်သွယ်နိုင်စွမ်း မရှိပါက၊ အခြားသူများကို ကြောက်နေပါက၊ မနှစ်သက်မည် သို့မဟုတ် ငြင်းပယ်မည်ကို ကြောက်နေပါက ဤအရာအားလုံးသည် တတ်နိုင်သလောက် ကူညီနိုင်ခြင်း မရှိအောင် ကျွန်ုပ်အား အမှန်ပင် တားဆီးပါတော့မည်။ ထို့ကြောင့် ကျွန်ုပ်သည် အမှန်ပင် အကူအညီပေးလိုသည့်အတွက် မိမိတွင် ဤအရာများ မရှိအောင် အမှန်ပင် ဖယ်ရှားဖို့လိုပါသည်။ ကိုယ်တိုင် ကြိုးစားပြီး ယင်းတို့ကို ဖယ်ရှားမှသာ အခြားသူများကို အကျိုးပြုရန် မိမိ၏ အရည်အချင်း၊ အစွမ်းအစနှင့် ဗုဒ္ဓသဘောသဘာဝ အရည်အသွေးများကို လက်တွေ့ အသုံးပြုနိုင်ပါမည်။ “အတတ်နိုင်ဆုံး” ဆိုသည်ကို အမြဲအမှတ်ရဖို့လိုပါသည်။ အရာအားလုံး စွမ်းဆောင်နိုင်သော နတ်ဘုရားများ ဖြစ်လိုခြင်း မဟုတ်ပါ။ ဤသို့တွေးတောမှုဖြင့် ကျွန်ုပ်တို့သည် အားလုံးကို တတ်နိုင်သလောက် ကူညီမည့် ဘုရားဖြစ်ရန်အတွက် မိမိ၏စိတ်နှလုံးကို ချမှတ်ထားပါသည်။ ဤသည်မှာ ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိမှု ဖြစ်ပါသည်။ ဤရည်မှန်းချက်ဖြင့် ကျွန်ုပ်တို့သည် မဖြစ်သေးသော တစ်ဦးချင်း ဉာဏ်အလင်းရရှိမှုကို အမြန်ဆုံးရရှိကာ ဤရရှိမှုဖြင့် အခြားသူများကို ကူညီနိုင်အောင် အပြည့်အဝ ရည်မှန်းပြီး အာရုံစိုက်ထားပါသည်။
ဗောဓိစိတ္တအပြုအမူ
ဗောဓိစိတ္တ ထားရှိနိုင်သည်နှင့် ကျွန်ုပ်တို့သည် ကန့်သတ်ချက်များ ရှိနေသည့်တိုင် ယခုအခါ အခြားသူများကို တတ်နိုင်သလောက် ကြိုးစားကူညီနိုင်ပါသည်။ ဤသည်မှာ အဆင့်ခုနစ်ဆင့် အကြောင်းနှင့်အကျိုး ဗောဓိစိတ္တ တရားရှုမှတ်မှုတွင် ယခင်အဆင့်များမှ တည်ထောက်ခဲ့သည့် ကူညီရန် တာဝန်ယူဖို့ အကြွင်းမဲ့ ဆုံးဖြတ်ချက် ထားရှိသောကြောင့် ဖြစ်ပါသည်။
ဆိုလိုသည်မှာ အခြားသူများတွင် ဥပမာ၊ အိမ်ရာမဲ့ခြင်းစသည်ဖြင့် ပြဿနာတစ်ခု ရှိနေသည်ကို မြင်မိတိုင်း သူတို့ကို အိမ်ရာမဲ့သူများဟု မမြင်တော့ပါ။ သူတို့ကို တွေ့သောအခါ ပင်ကိုအရ ဆင်းရဲသူ၊ ပျင်းရိသူ၊ သို့မဟုတ် ကျွန်ုပ်တို့ မှန်းဆမိနိုင်သော တန်ဖိုးဖြင့် အကဲဖြတ်မှုတစ်ခုခု အနေနှင့် မတွေးတော့ပါ။ ယခုဘဝတွင် ယခုအခိုက်အတန့်တွင်သာ သူတို့ ထိုသို့ဖြစ်နေသည်ကို သဘောပေါက်လာပါသည်။ သို့ရာတွင် သူတို့၏ စိတ်အစဉ်မှာ အစမထင်ပါ။ တစ်ချိန်ချိန်တွင် သူတို့သည် မိမိ၏မိခင် ဖြစ်ခဲ့ဖူးသလို ကျွန်ုပ်တို့အား ကြင်နာမှုဖြင့် စောင့်ရှောက်ပေးခဲ့ဖူးပါသည်။ သူတို့သည် ကျွန်ုပ်တို့ကို ဝမ်းဖြင့်လွယ်ခြင်း၊ အနှီးလဲပေးခြင်း စသည်တို့ ပြုပေးဖူးပါသည်။ ဤကြင်နာမှုကို ကျွန်ုပ်တို့သည် အလွန်ကျေးဇူးတင်ကာ အမှန်ပင် ပြန်လည်ပေးဆပ်လိုပါသည်။ သူတို့ကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရရှိစေလိုပါသည်။ သူတို့၏ ပြဿနာများ၊ ပြဿနာ၏ အကြောင်းတရားများမှ လွတ်ကင်းစေလိုပါသည်။ ထိုအတွက် တစ်ခုခု ကြိုးစားဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ တာဝန်ယူပါသည်။
ထိုအတွက် ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း။ အိမ်ပြန်ပြီး မိမိအားနည်းချက်များ ပပျောက်အောင် တရားထိုင်ရန် မဟုတ်သလို ထိုသူတို့ကို ကူညီဖို့ အမှန်တကယ် တစ်ခုခုဆောင်ရွက်ဖို့လည်း မဟုတ်ပါ။ ပိုပြီးတရားရှုမှတ်ရန် လိုသည်မှာ မှန်သော်လည်း ဤအချက်က ကျွန်ုပ်တို့၏ ရှက်ရွံ့မှု၊ တုံ့ဆိုင်းမှု၊ စေးနှဲမှုတို့ကို ကျော်လွှားကာ သူတို့ကို တစ်ခုခု အမှန်တကယ် ပေးအပ်ရန်၊ အနည်းဆုံး သူတို့ကို ပြုံးပြရန်၊ အနည်းဆုံး တစ်ခုခု ဆောင်ရွက်ရန် စိတ်ဓာတ်စေ့ဆော်ပေးပါသည်။
တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ ကန့်သတ်ချက်များကို တတ်နိုင်သလောက် ကျော်လွှားကာ ကျွန်ုပ်တို့၏ အစွမ်းအစများကို တတ်နိုင်သလောက် အသုံးပြုရန် ကျွန်ုပ်တို့အား ယခုအခါ တိုက်တွန်းမည့် အကြွင်းမဲ့ ဆုံးဖြတ်ချက်ကို အသုံးပြုပါသည်။ အိမ်ပြန်ရောက်သောအခါ ကိုယ်တိုင်ပို၍ ကြိုးစားအားထုတ်ရန် လိုသော်လည်း အိမ်ရာမဲ့သူများကို မမေ့ပစ်ဘဲ အိမ်ပြန်ပြီး တရားရှုမှတ်ရပါမည်။ မိမိ၏ ဆုံးဖြတ်ချက်က ရိုးသားပါလျှင် ယင်းသည် ကျွန်ုပ်တို့အား သတိရှိနေစေပါမည်။
အချိန်တိုင်းတွင် မိမိကိုယ်ကို ကြိုးစားရန် အားအကောင်းဆုံး စိတ်ဓာတ်စေ့ဆော်မှုမှာ အကူအညီလိုအပ်သော အခြားသက်ရှိများကို ဆုံတွေ့သောအချိန် ဖြစ်ပါသည်။ ဆောင်းရာသီကာလ မြေအောက်ရထားဘူတာရုံအနီးတွင် အေးစိမ့်သော မြေပြင်ပေါ်ထိုင်ပြီး တောင်းရမ်းနေသော အဘွားအိုတစ်ယောက်ကို မြင်သောအခါ သူသာ မိမိ၏မိခင်ဖြစ်လျှင် ဘယ်လိုနေမလဲဟု တွေးကြည့်နိုင်ပါသည်။ ယခုဘဝ မိမိ၏မိခင်သာ ထိုသို့ အေးစိမ့်သော မြေပြင်ပေါ်ထိုင်ပြီး တောင်းရမ်းနေပါက ကျွန်ုပ်တို့ ဖြတ်လျှောက်ရုံလျှောက်ပါမည်လား။ သို့တည်းမဟုတ် မြေအောက်ရထားပေါ်တွင် အိမ်ရာမဲ့များ၏ မသားနားသော သတင်းစာများ ရောင်းနေသည့် လူငယ်တစ်ယောက်ကို တွေ့သောအခါ မိမိ၏ သားတစ်ယောက်သာဖြစ်လျှင် ဘယ်လိုခံစားရပါမည်နည်း။ ဤကောင်လေးတွင် မိဘရှိသည်။ ဤအချက်က အလွန်အရေးကြီးပါသည်။ အိန္ဒိယနိုင်ငံ၌ ကျွန်ုပ်တို့သည် အနာကြီးရောဂါသည်များနှင့် အခြားကိုယ်အင်္ဂါ ချို့ယွင်းသူများကို တွေ့ရသော်လည်း ထိုအနာကြီးရောဂါသည်များတွင် မိသားစုရှိသည်ကို တစ်ခါမှ မတွေးမိကြပါ။ သူတို့မှာလည်း မိသားစု ရှိပါသည်။ သူတို့ကို လူသားဆန်စေရပါမည်။
ဤအိမ်ရာမဲ့သူများ၏ အစဉ်အလာအရ အခြေအနေကို ခွဲခြားသိရန် ခွဲခြားသိရှိသောပညာ လိုအပ်သည်မှာ မှန်ပါသည်။ အချို့မှာ ဆေးဝါး သို့မဟုတ် အရက်ဝယ်ဖို့ငွေအတွက် လူသွားလူလာများသော လမ်းပေါ်တွင် ထွက်တောင်းပါသည်။ ထိုကိစ္စမျိုးတွင် “ကျွမ်းကျင်သော နည်းလမ်း” ဆိုသည့် ဗုဒ္ဓဘာသာက ခေါ်ဆိုသည့်နည်းကို အသုံးချရန်လိုပါသည်။ ကျွန်ုပ်တို့မှာ ကူညီလိုသောစိတ် ရှိပါသည်။ သူတို့ ဆင်းရဲဒုက္ခ၏ အကြောင်းတရားနှင့် သူတို့ပျော်ရွှင်မှု၏ အကြောင်းတရားကို အနည်းငယ် သိရှိပါသည်။ ထိုအခါ သူတို့အတွက် အမှန်တကယ် အထောက်အကူပြုမည့်အရာကို ကျွန်ုပ်တို့ ကြိုးစားဆောင်ရွက်ရပါသည်။ သူတို့ကို ငွေကြေးပေးကမ်းလိုက်ခြင်းက တကယ်တော့ အထောက်အကူ မပြုပါ။ ဆေးဝါး သို့မဟုတ် အရက်ဝယ်ရန်သာ သူတို့အသုံးပြုနိုင်ပါမည်။ ထို့ကြောင့် သူတို့ကို ငွေမပေးပါ။ ကျွန်ုပ်တို့မှာ အစားအသောက်အချို့ ရှိပါက ပေးကမ်းနိုင်ပါသည်။ သို့သော် မည်သို့ဖြစ်စေကာမူ သူတို့ကို ဆိုးရွားသော စိတ်ပျက်စရာ မူးယစ်သော အရက်သမားများအဖြစ် မတွေးတောဘဲ ကျွန်ုပ်တို့၏ ဂရုစိုက်သော သဘောထားနှင့် လေးစားမှုကို ပေးနိုင်ပါသည်။ သူတို့သည် ဆင်းရဲဒုက္ခကြုံနေသော လူသားများ ဖြစ်ပါသည်။
တစ်စုံတစ်ယောက်ကို အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းကို ဆုံးဖြတ်ရသည်မှာ မလွယ်ကူပါ။ ကျွန်ုပ်တို့သည် ယခုအချိန်တွင် အကန့်အသတ် ရှိသည်ကို သိပါသည်။ အကောင်းဆုံးအရာကို အမှန်ပင် မသိထားပါ။ အမှန်အတိုင်းသိရန် ဘုရားဖြစ်ဖို့ လိုသော်လည်း ယခုအချိန်တွင် အကောင်းဆုံး ကြိုးစားပါသည်။ တစ်ခါတစ်ရံ အမှားပြုလုပ်မိမည်ကိုလည်း သဘောပေါက်ပါသည်။ အနည်းဆုံးတော့ ကြိုးစားကြည့်ပါသည်။
အကျဉ်းချုပ်
အဆင့် ၇ ဆင့် အကြောင်းနှင့်အကျိုး နည်းလမ်းဖြင့် မိမိကိုယ်ကို ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိရန် လေ့ကျင့်သောအခါ အခြားသူအားလုံးကို အကောင်းဆုံး ကူညီမည့် ဘုရားဖြစ်လိုသော ရည်မှန်းချက်သည် တစ်ခုချင်းခံစားချက်များစွာနှင့် ရောစပ်ထားသည့် အားကောင်းသော စိတ်ခံစားချက်အခြေအနေက ပံ့ပိုးထားပါသည်။ ထိုအထဲတွင် အားလုံးနှင့် အညီအမျှ နီးစပ်မှုနှင့် ချိတ်ဆက်မှု၊ အခြားသူများ၏ ကြင်နာမှုကို တန်ဖိုးထားမှု၊ ကျေးဇူးသိမှု၊ အလေးထားမှု၊ မေတ္တာနှင့် ကရုဏာစသည့် နက်ရှိုင်းသော ခံစားချက်များသာမက အားလုံးကို တတ်နိုင်သလောက် ကူညီနိုင်အောင် တာဝန်ယူရန် ခိုင်မာသော ဆုံးဖြတ်ချက်လည်း ပါဝင်ပါသည်။ ဤသို့သော စိတ်ခံစားချက်များဖြင့် ကျွန်ုပ်တို့၏ ဗောဓိစိတ္တ ရည်မှန်းချက်သည် အားကောင်းလာကာ လှိုက်လှိုက်လှဲလှဲဖြစ်ပြီး တည်ငြိမ်လာပါတော့သည်။