ဘုရားရှင်အား မြင်ယောင်ကြည့်ခြင်း

တရားရှုမှတ်ကျင့်ကြံနည်း များစွာထဲတွင် ပုံရိပ်ဖော် မြင်ယောင်ကြည့်ခြင်း ပါဝင်ပါသည်။ ‘‘မြင်ယောင်ကြည့်ခြင်း’’ ဆိုရာတွင် ဘာသာပြန် အဓိပ္ပာယ် အနည်းငယ် လွဲချော်နိုင်ပါသည်။ အကြောင်းမှာ မျက်လုံးကို အသုံးပြုနေခြင်း မဟုတ်ပါ။ စိတ်ကူးဖြင့် အလုပ်လုပ်နေခြင်း ဖြစ်သည့်အတွက် အမြင်အာရုံဖြင့် မဟုတ်ပါ။ သို့သော် အဆင်း၊ အသံ၊ အနံ့၊ အရသာတို့ကိုလည်း စိတ်ကူး၍ ရပါသည်။ အရာဝတ္ထု အမျိုးမျိုးကို စိတ်သို့ပို့လွှတ်သောအခါ ယင်းတို့ကို ခံစားမှုမှ ရရှိသော အာရုံသာယာမှုကို စိတ်ကူးပါသည်။ ထို့ပြင် နှစ်ဖက်မြင်ပုံရိပ်များအဖြစ် မြင်ယောင်ခြင်း မဟုတ်ပါ။ အလင်းဖြင့် ပုံဖော်ထားသည့် တိုက်ရိုက်၊ သုံးဖက်မြင် ပုံရိပ်များ ပုံဖော်ကြည့်ရန် လိုပါသည်။ ဓာတ်ပုံ၊ ရုပ်တု သို့မဟုတ် ကာတွန်းရုပ်ပုံများ မဟုတ်ပါ။

ဘုရားရှင်ကို အာရုံစိုက်ခြင်း

မဟာယာန ဗုဒ္ဓဘာသာအစဉ်အလာ၌ စူးစိုက်မှုသမာဓိ ကျင့်ကြံရာတွင် ဆရာတော်များစွာက ဝင်လေထွက်လေကို အာရုံစိုက်ရန် အကြံပေးပါသည်။ အကြောင်းမှာ ဤနည်းက အလွယ်ကူဆုံး ဖြစ်နေ၍ ဖြစ်ပါသည်။ သို့သော် ဤအစဉ်အလာအရ အတွေ့အများဆုံး ကျင့်ကြံမှုမှာ ဗုဒ္ဓရုပ်ပွားတော်ငယ် တစ်ဆူကို မြင်ယောင်ကြည့်ပြီး စူးစိုက်မှုထူထောင်ခြင်း ဖြစ်သည်။ ပန်းသီးတစ်လုံးကို စိုက်ကြည့်ပြီးလည်း စူးစိုက်မှု ရရှိနိုင်ပါသည်။ သို့သော် ပန်းသီးကိုစိုက်ကြည့်သည့် တကယ့် အကျိုးကျေးဇူးက ဘာလဲ။ ဘုရားရှင်ကို အာရုံစိုက်ပါက စူးစိုက်မှု ရရှိသည့်အပြင် ဘုရားဂုဏ်တော်များကိုလည်း သတိပြုမိလာခြင်း၊ ဘုရားရှင် ညွှန်ပြထားသည့် (ကိုးကွယ်အားထားရာ) စိတ်ချရသော လမ်းကြောင်းအတိုင်း ဘဝတွင် ပေါင်းစပ်နိုင်ခြင်း၊ ဗောဓိစိတ္တဖြင့် မိမိကိုယ်တိုင် ဘုရားဖြစ်ရန် ရည်မှန်းနိုင်ခြင်း စသည်တို့ ရရှိလာပါသည်။

ဆက်လက်၍ ရှေးခေတ် အိန္ဒိယ ဆရာတော် အသင်္ဃ က ပြီးပြည့်စုံသော စူးစိုက်မှု ရရှိရေးသည် သိစိတ်ဖြင့် ပေါ်ထွက်လာပြီး အာရုံခံစိတ်ဖြင့် ပေါ်ထွက်လာခြင်း မဟုတ်ကြောင်း ထောက်ပြထားပါသည်။ ဤသည်မှာ မေတ္တာ၊ ကရုဏာ၊ အနတ္တကို နားလည်မှု စသည်တို့ကို ကျွန်ုပ်တို့၏ စိတ်ဖြင့် ဖော်ထုတ်ရန် စူးစိုက်မှုကို အသုံးပြုရသောကြောင့် ဖြစ်ပါသည်။ မိမိရရှိလိုသော စိတ်အခြေအနေကို စူးစိုက်နိုင်ရန်အတွက် ဗုဒ္ဓပုံတော်ကို မြင်ယောင်ကြည့်ခြင်းက သိစိတ်ကို လေ့ကျင့်ရန် နည်းစနစ်တစ်ခု ဖြစ်လာပါသည်။ ထို့ကြောင့် အထူးသဖြင့် တိဘက်ဘာသာ ဂယ်လဂ် အစဉ်အလာ၌ ကျွန်ုပ်တို့သည် ပြီးပြည့်စုံသော စူးစိုက်မှု ရရှိအောင် ဘုရားရှင်ကို မြင်ယောင်ကြည့်ရန် အမြဲအလေးအနက် ထားပါသည်။

ဝင်လေထွက်လေကို အာရုံစိုက်ရန် သို့မဟုတ် ပန်းချီကား သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်ကို မျက်လုံးဖြင့်ကြည့်ပြီး အာရုံစိုက်ရန် မကြာခဏ အကြံပေးကြသည့် တိဘက်ရှိ စကြာ၊ ညဉ်ဂမနှင့် ကာဂယုစသည့် အစဉ်အလာများတွင် မည်သို့ရှိပါသနည်း။ ဤအချက်သည် အသင်္ဃ၏ အကြံဉာဏ်နှင့် ကွဲလွဲပါသလား။ မကွဲလွဲပါ။ စိတ်က အရာဝတ္ထုများကို သိရှိပုံကို ရှင်းပြချက်အား ကြည့်သောအခါ မကွဲလွဲပါ။ ထိုဂိုဏ်းသုံးခုက မျက်လုံးဖြင့် သိစိတ်သည် အရောင်ပါသော ပုံသဏ္ဌာန်များကိုသာ သိရှိပြီး တစ်ချိန်လျှင် တစ်ခုသာ သိရှိသည်ဟု ဆိုပါသည်။ ထို့အတူ နားဖြင့် သိစိတ်သည် အသံများကို၊ တစ်ချိန်လျှင် တစ်ခုသာ သိရှိပါသည်။ အယူအဆဆိုင်ရာ သိမှုက အားလုံးကို ‘‘လူတိုင်းသိနိုင်သော အရာဝတ္ထု’’ ဟုခေါ်သည့် အရာအဖြစ် ပေါင်းစုလိုက်ပါသည်။ ဥပမာ၊ ပန်းသီးတစ်လုံးသည် အနီရောင် အဝန်းအဝိုင်းပုံစံသာ မဟုတ်ပါ။ အရသာ သို့မဟုတ် အနံ့မျှသာ မဟုတ်ပါ။ သင့်လက်ထဲရှိ အထိအတွေ့ သို့မဟုတ် ကိုက်လိုက်သောအခါ ကြားရသောအသံလည်း မဟုတ်ပါ။ အခိုက်အတန့် တစ်ခုမှ နောက်တစ်ခုသို့ တည်ရှိနေရုံမျှ မဟုတ်ပါ။ လုံးဝ ခြားနားသောအရာ ဖြစ်ပါသည်။ အချိန်နှင့်အမျှ ဆက်စပ်နေပါသည်။ ပန်းသီးသည် နောက်ဆုံးတွင် ပုပ်ပြီး တစ်စစီ ဖြစ်သွားပါမည်။ သို့သော် ရက်အနည်းငယ်ခံသော သာမန်ပန်းသီး ရှိပါသည်။ ပန်းသီးကို မြင်သောအခါ စိတ်ဖြင့် တည်ဆောက်ထားမှုကို အမှန်တကယ် မြင်နေရပါသည်။

ဤသို့ သိမှုအကြောင်း ရှင်းပြချက်အရ ပန်းသီးတစ်လုံးဖြစ်စေ၊ ဝင်လေထွက်လေကိုဖြစ်စေ အာရုံစိုက်သောအခါ အယူအဆဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ အယူအဆဆိုင်ရာ အရာဝတ္ထုများသည် စိတ်ဖြင့်သိမှုတွင် အာရုံစိုက်ရပါသည်။ အယူအဆအားဖြင့် ကျွန်ုပ်တို့သည် အရောင်ပါသော ပုံစံများ၊ အနံ့များ၊ ဆက်စပ်နေသော အခိုက်အတန့်များကို အရာဝတ္ထု တစ်ခုအဖြစ် ပေါင်းစည်းပါသည်။ အများသိသော အမြင်ဖြင့် ‘‘ပန်းသီး’’ သို့မဟုတ် တစ်ခုခုခေါ်ချင်ခေါ်ပါမည်။ ထို့ကြောင့် ဤဂိုဏ်းများမှာ စိတ်၏သိမှုဖြင့် စူးစိုက်မှုသမာဓိ ရရှိရန် လိုအပ်ကြောင်း အသင်္ဃ၏ ပြောကြားချက်ကို ဂုဏ်ပြုခြင်း ဖြစ်ပါသည်။

လက်တွေ့ ကျင့်ကြံခြင်း

စူးစိုက်မှု သမာဓိရရှိအောင် ဗုဒ္ဓရုပ်ပွားတော်ဖြင့် အားထုတ်ပါက ရုပ်ပွားတော်သည် ကျွန်ုပ်တို့၏ လက်မအရွယ်ခန့်ရှိပြီး မိမိရှေ့တွင် လက်တစ်ကမ်းအကွာ၌ ရှိရန်လိုပါသည်။ မျက်စိက အောက်ဘက်ကို ကြည့်နေပြီး စူးစိုက်မည့်အရာကို အမှန်တကယ် ကြည့်မနေပါ။ မျက်စိက ထုတ်လုပ်ခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့က မျက်လွှာချပြီး ရုပ်ပွားတော်က အနည်းငယ် မြင့်နေကာ ကျွန်ုပ်တို့၏ နဖူးအနေအထားတွင် ရှိနေရပါမည်။

ထိုအတွက် သိပ်မခက်ခဲပါ။ ကြမ်းပြင်ကို စိုက်ကြည့်ပြီး နဖူးအနေအထားသို့ သင့်ရှေ့တွင် သင့်လက်မကို ကိုင်ထားပြီးကြည့်ပါ။ သင့်လက်မ ရှိနေသည်ကို ခံစားရပါသည်။ လက်မကို ကြည့်မနေဘဲ ၎င်းကို စူးစိုက်နိုင်သည် မဟုတ်ပါလား။ ထို့နောက် သင့်လက်ကို အောက်ချပြီး သင့်လက်မ ရှိခဲ့သော နေရာကို ဆက်လက် အာရုံစိုက်နိုင်ပါသည်။ လွယ်ကူပါသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ ကျင့်ကြံမှုများတွင် မျက်စိမှိတ်ရန် ထောက်ခံထားပါသည်။ သို့သော် မဟာယာန ကျမ်းစာများတွင်မူ မျက်စိဖွင့်ထားရန် အကြံပြုကြပါသည်။ မျက်လုံးကို ကျယ်ကျယ်ဖွင့်ရန် သို့မဟုတ် ပိတ်ထားရန် လိုအပ်သော တရားရှုမှတ် ကျင့်ကြံမှုအချို့ ရှိသော်လည်း မဟာယာန ဗုဒ္ဓဘာသာတွင် ယေဘုယျအားဖြင့် မျက်စိကို မပိတ်ဘဲ ဖွင့်ထားရပါသည်။ မျက်လုံးကို လုံးဝဖွင့်နေရန်မလိုပါ။ အကြောင်းမှာ ထိုသို့ဆိုလျှင် အလွယ်တကူ စိတ်ပြောင်းသွားနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မျက်လွှာချကာ နှာသီးဖျားဆီသို့ ကြည့်ပါ။ မျက်စိစွေထားရမည်ဟု မဆိုလိုပါ။ နှာသီးဖျား အနေအထားသို့ ကြမ်းပြင်ဆီ ကြည့်နေရန် ဆိုလိုပါသည်။ မသိမသာ အာရုံစိုက်ပြီး အလွန်အမင်း ပြင်းထန်စရာ မလိုပါ။ ကြမ်းပြင်ပေါ် ပြုတ်ကျနေသော မျက်ကပ်မှန်ကို လိုက်ရှာခြင်းမျိုး မဟုတ်ပါ။

မျက်လုံးမှိတ်ပြီး တရားရှုမှတ်သည့် အားနည်းချက်များလည်း ရှိပါသည်။ တည်ငြိမ်ပြီး မေတ္တာ၊ ကရုဏာ ပို့လွှတ်နိုင်အောင် မျက်စိကို စုံမှိတ်ထားသည့်အကျင့် ရသွားနိုင်ပါသည်။ ထိုသို့ နေ့စဉ်ဘဝတွင် ဆောင်ရွက်ရန် ခက်ခဲနိုင်ပါသည်။ လူအများနှင့် အပြန်အလှန် ဆက်သွယ်နေသောအခါ ရုတ်တရက် မျက်လုံးမှိတ်ပြီး စိတ်အခြေအနေတစ်ရပ် ဖော်ထုတ်၍ မရနိုင်ပါ။ အနည်းငယ် အူကြောင်ကြောင်နိုင်ပါသည်။ မဟာယာန ဗုဒ္ဓဘာသာတွင် အခြားသက်ရှိအားလုံးကို ကူညီရန် ဦးတည် ဆောင်ရွက်နေခြင်းကြောင့် မျက်လုံးကို အနည်းငယ် ဖွင့်ထားပါသည်။ ပိတ်မထားရပါ။ မျက်စိမှိတ်ပြီး တရားရှုမှတ်ရာတွင် ပိုပြီးသိမ်မွေ့သော ပြဿနာတစ်ခုမှာ ဒလိုင်းလားမား ဆရာတော်ကြီး ထောက်ပြသလို မျက်ခွံသည် အနည်းငယ် လှုပ်နေပြီး ခုန်ပျံနေသော အနီစက်များကို တစ်ခါတစ်ရံ မြင်ရပါသည်။ ဤသည်မှာ စိတ်ပြောင်းသွားခြင်း ဖြစ်ပါသည်။

မြင်ယောင်ကြည့်ခြင်း၏ အစိတ်အပိုင်းနှစ်ရပ်

မြင်ယောင်ကြည့်သောအခါ ဂရုစိုက်ရမည့် အရေးကြီး အစိတ်အပိုင်းနှစ်ရပ် ရှိပါသည်။ တစ်ခုမှာ ပုံသဏ္ဌာန် ဖော်ထုတ်ခြင်း ဖြစ်ပြီး ‘‘ရှင်းလင်းမှု’’ ဟု ဘာသာပြန်လေ့ ရှိပါသည်။ သို့သော် ထိုစကားလုံးသည် အာရုံစိုက်နေသောအရာကို ဆိုလိုသည့်အတွက် သိပ်တော့မကောင်းပါ။ ယခုအချိန်အထိ ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့၏ စိတ်ကူးဖြင့် တစ်ခုခု ပေါ်လာအောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ ‘‘မာန’’ ဟုဆိုနိုင်ပြီး ကျွန်ုပ်တို့ မြင်ယောင်သမျှ အရာတိုင်း အမှန်တကယ် ရှိနေသည်ဟု ခံစားရသောမာန ဖြစ်ပါသည်။

ဆုန်ခပ က ဤမာန၊ ဤခံစားချက်သည် အစတွင် အလွန်အရေးကြီးသည်ဟု ရှင်းပြပါသည်။ အာရုံစိုက်နေသောအရာကို ပုံဖော်ရန် အလွန်မစိုးရိမ်သင့်ပါ။ သို့သော် မိမိရှေ့မှောက်၌ ဘုရားရှင်ရှိသည်ဟု အမှန်တကယ် ခံစားရပါက အလွန်ကောင်းပါသည်။ ကျွန်ုပ်တို့ လိုအပ်သည်မှာ ပုံသဏ္ဌာန်အချို့သာ ဖြစ်သည်။ အဝါရောင် အလင်းတန်းမျှသာ ပေါ်လျှင်လည်း ‘‘အဲဒီမှာ ဘုရားရှင် အမှန်တကယ် ရှိနေတယ်။’’ ဟု တွေးလျှင် ရပါသည်။ စူးစိုက်မှု တိုးတက်လာသည်နှင့် အသေးစိတ် အချက်အလက်များက အလိုအလျောက် ပေါ်လာပါလိမ့်မည်။

အလွန် အားမစိုက်ပါနှင့်

ကျင့်ကြံသူများအဖြစ် ကျွန်ုပ်တို့ ပြုလုပ်မိသည့် အကြီးဆုံးသော အမှားတစ်ခုမှာ မြင်ယောင်ကြည့်လိုသော အရာက မည်သို့ရှိမည်ဆိုသည့် အသေးစိတ်ကို အထူးစိုးရိမ်မိခြင်း ဖြစ်သည်။ ဘယ်လို ကျောက်မျက်ရတနာမျိုးလဲ။ ဘယ်လို အဝတ်အစားလဲ။ မျက်လုံးအရောင်က ဘယ်လိုလဲ စသည်တို့ ဖြစ်ပါသည်။ ထိုအခါ အလွန်တင်းကျပ်လာပြီး ကျင့်ကြံ၍ မရနိုင်တော့ပါ။ ပုံရိပ်များစွာကို မြင်ယောင်ရန် ကြိုးစားသောအခါ ပို၍ပင် ဆိုးလာပါသည်။ ကျမ်းစာများကလည်း တကယ့် အသေးစိတ်များ ဖော်ပြထားပြီး ယင်းတို့ကို အစကတည်းက မြင်ယောင်နိုင်စွမ်း ရှိရမည်ဟု ထင်လာစေသောကြောင့် အထောက်အကူ မဖြစ်တော့ပါ။ ပုံရိပ်များစွာ၏ ရှုပ်ထွေးသော အစီအစဉ်ကို အသေးစိတ် မြင်ယောင်နိုင်ရန်မှာ မယုံနိုင်လောက်အောင် အဆင့်မြင့်ပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့ အလွန်ကျွမ်းကျင်လာသောအခါ ယင်းတို့အားလုံးကို မြင်ယောင်နိုင်ပါမည်။ သို့သော် ယခုတော့ မေ့ထားလို့ ရပါသည်။ အသေးစိတ်အချက်အားလုံး ရရှိအောင် အလွန်ကြိုးစားပါက တိဘက်ဘာသာတွင် ‘‘လန်’’ ဟုခေါ်သည့်အရာကို ရရှိလာပါမည်။ ယင်းမှာ ကျွန်ုပ်တို့၏ စွမ်းအင်က အနှောင့်အယှက်ဖြစ်ပြီး စိတ်ရှုပ်ထွေးလာခြင်း ဖြစ်ပါသည်။

တစ်ဆင့်ပြီးတစ်ဆင့် မြင်ယောင်ကြည့်ခြင်း

ဆုန်ခပ သည် ရှုပ်ထွေးသော မြင်ယောင်မှုများအကြောင်း တကယ့်လက်တွေ့ အကြံဉာဏ် ပေးထားရာတွင် အစဉ်အလာနှစ်ခုကို ဖော်ပြထားပါသည်။ တစ်ခုမှာ အသေးစိတ် အချက်များကို တစ်ချိန်လျှင်တစ်ခု အားထုတ်ကာ ပုံရိပ်တစ်ခုလုံး ပေါ်လာသည်အထိ ပေါင်းစပ်ခြင်း ဖြစ်သည်။ ဤနည်းသည် အထူးပုဂ္ဂိုလ် အနည်းငယ်အတွက် သင့်တော်သည်ဟု သူကပြောသည်။ ကျွန်ုပ်တို့ အများစုမှာ အရာဝတ္ထု တစ်ခုလုံး၏ မထင်မရှား ပုံရိပ် သို့မဟုတ် ခံစားချက်ဖြင့် စတင်ရပါသည်။ ပြီးမှ ထိုမူဘောင်အတွင်း အသေးစိတ်အချက်များ တဖြည်းဖြည်း ပေါင်းစပ်ပါသည်။

ဤသို့ အသေးစိတ် ပေါင်းထည့်ခြင်းသည် ပေါင်းစုလာရန် အရေးကြီးပါသည်။ အသေးစိတ် အချက်တစ်ချက်ကို ပြတ်သားရှင်းလင်းစွာ ရရှိပြီးနောက် ပထမတစ်ခု ပျောက်မသွားဘဲ နောက်တစ်ခု ထပ်၍ပေါင်းထည့်ရပါသည်။ ထိုအခါ ပြတ်သားရှင်းလင်းမှု နှစ်ခုရှိလာပြီး ထိုနှစ်ခု မပျောက်သွားဘဲ တတိယတစ်ခု ပေါင်းထည့်နိုင်ပါသည်။ နောက်ထပ်တစ်ခုခု ပေါင်းထည့်သောအခါ ရရှိပြီးသားအရာကို အာရုံမလွတ်သွားရန် အထူးအရေးကြီးပါသည်။

ဘုရားရှင်ကို မြင်ယောင်ကြည့်နေသည်ဆိုလျှင် မျက်စိဖြင့် စတင်ရမည်ဟု ဆုန်ခပ က အကြံပြုထားသည်။ ထို့နောက် ထိုပုံစံ၏ ယေဘုယျသဘော ရှင်းလင်းလာပါက ဆုပ်ကိုင်ထားရမည်ဟု သူကပြောသည်။ ယေဘုယျသဘောသည် မရှင်းလင်းသော်လည်း အချို့အစိတ်အပိုင်းများ ရှင်းလင်းပါက ရှင်းလင်းသော မည်သည့်အပိုင်းကိုမဆို အာရုံစိုက် ဆုပ်ကိုင်ထားရပါသည်။ ထိုအစိတ်အပိုင်း အနည်းငယ်ကလည်း ဝါးနေပါက ယေဘုယျ ပုံရိပ်အကြမ်း တစ်ခုလုံးကို နောက်တစ်ကြိမ် ဖော်ထုတ်ရန် လိုပါသည်။

သတိရှိမှု ဖြန့်ကျက်ရန် မြင်ယောင်ကြည့်သည့် နည်းလမ်း

ဤသို့ ရှုပ်ထွေးသော မြင်ယောင်ကြည့်မှုအားလုံး၏ အဓိကအချက်က ဘာလဲ။ စိတ်ကို အားကစားလုပ်ပြီး မြင်ယောင်ကြည့်မှုတွင် အိုလံပစ်ရွှေတံဆိပ်ဆု ရလာမည့် စွမ်းရည်မျိုး ရရှိရန် မဟုတ်ပါ။ အသေးစိတ် အချက်အားလုံးက ကျွန်ုပ်တို့စိတ်၏ အကြောင်းရပ်များစွာကို တစ်ပြိုင်နက် သတိရှိမှုနှင့် နားလည်သဘောပေါက်မှုတို့ ချဲ့ထွင်ပေးပါသည်။ အဓိက အချက်မှာ အရာအားလုံး တစ်ပုံစံတည်း ဖြစ်နေခြင်း မဟုတ်ဘဲ အသေးစိတ် အချက်တိုင်းက ကိုယ်စားပြုသောအရာ ဖြစ်ပါသည်။

ဘုရားဖြစ်ရန် အခြေခံကျကျ ကျင့်ကြံနည်းအမျိုးမျိုးကို စဉ်းစားကြည့်ပါက အဓိကနည်းပေါင်း ၃၂ နည်းရှိပါသည်။ နည်းလမ်း ၃၂ ခုစလုံးကို စိတ်ထဲတွင် တစ်ပြိုင်နက် ထားရန် အလွန်ခက်ခဲပါသည်။ အထူးသဖြင့် ဒြပ်မဲ့နည်းလမ်းဖြင့် ဆောင်ရွက်နေသောအခါ ခက်ခဲပါသည်။ ဘုရားရှင် ခန္ဓာကိုယ်၏ လက္ခဏာတော် ၃၂ ရပ်တွင် ဥပမာ၊ ဆံထုံးကို လက်ယာရစ်ထားရှိခြင်းကဲ့သို့ ၃၂ မျိုးကို ရုပ်ပုံဖြင့် ကိုယ်စားပြုပါက အားလုံး စုစည်းရ ပိုမိုလွယ်ကူပါသည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်မှန်းရပါသည်။ သိမြင်မှု တစ်ခုချင်းကို တစ်ချိန်လျှင် တစ်ခုစီ မဖော်ထုတ်နိုင်သေးပါက အားလုံးကို မည်သို့လျှင် ဆက်သွယ် ပေါင်းစုနိုင်ပါမည်နည်း။ သက်ရှိအားလုံး အကျိုးအတွက် ကျွန်ုပ်တို့ ရည်မှန်းနေပါသည်။ ဆိုလိုသည်မှာ အားလုံးကို တစ်ပြိုင်နက် သတိပြုမိခြင်း ဖြစ်သည်။ ထိုအတွက် ကျွန်ုပ်တို့၏ စိတ်ကို တဖြည်းဖြည်း သတိရှိလာအောင် ဖြန့်ကျက်ရန် လိုပါသည်။ ဤသို့ ရှုပ်ထွေးသော မြင်ယောင်ကြည့်ခြင်းများက ထိုသို့ဆောင်ရွက်နိုင်အောင် ကူညီပါသည်။

အကျဉ်းချုပ်

တစ်ခုခုကို အမှန်တကယ် အားတက်သရော ရှိနေပါက မပျင်းရိပါ။ သို့သော် ခဏနားပြီးသည်အထိ ရွှေ့ဆိုင်းလိုက်ပါ။ မည်သည့်အချိန် အနားယူရမည်ကို သိရှိရန် အထူးအရေးကြီးပါသည်။ သို့မှသာ ငြီးငွေ့ခြင်း၊ လုံးဝလက်လျှော့ခြင်းတို့ကို ကာကွယ်နိုင်ပါမည်။ တရားတော်များ သင်ယူမှု၏ အကျိုးကျေးဇူးများကို အမှန်တကယ် မြင်လာသည်နှင့် ယင်းတို့ကို ဆန်းစစ်လေ့လာကာ တရားရှုမှတ်လျှင် ဇွဲလုံ့လ၊ ပီတိတို့ ပံ့ပိုးသော အားသန်မှုက တဖြည်းဖြည်း ပေါ်ထွက်လာပါမည်။ ထို့ပြင် ဗုဒ္ဓဘာသာ၏ မြင်ယောင်ကြည့်သောနည်းများမှာ ကျွန်ုပ်တို့၏ စူးစိုက်မှုနှင့် သတိရှိမှုကို မယုံနိုင်လောက်သော အဆင့်အထိ ကောင်းမွန်လာစေသော နည်းလမ်းကောင်းများ ဖြစ်ပါသည်။ ထိုအတွက် အဓိကအချက်မှာ အဆင့်ဆင့် ဆောင်ရွက်ရန် လိုပါသည်။ အချိန်နှင့်အမျှ ဆောင်ရွက်လာပါက မိမိ၏ အလွန်အကျိုးပြုသော စိတ်အခြေအနေများ သာမက အခြားသူများအား ကူညီမှုအတွက်ပါ ရရှိနိုင်စွမ်း ရှိလာပါမည်။

Top