စိတ်ကို ငြိမ်သက်စေခြင်း
စူးစိုက်မှုရရန်အတွက် စိတ်ကို ငြိမ်အောင်ထားရန် လိုပါသည်။ သို့မှသာ အချို့တရားရှုမှတ်နည်း ညွှန်ကြားချက်များက ဖော်ပြသည့်အတိုင်း ပိုပြီးသဘာဝကျသော စိတ်အခြေအနေကို ရောက်ရှိပါမည်။ ဆိုလိုသည်မှာ စိတ်တွင် လုံးဝလစ်ဟာပြီး အသံပိတ်ထားသည့် ရေဒီယိုကဲ့သို့ ထိတ်လန့်ဖွယ် တိတ်ဆိတ်နေရန် မရည်ရွယ်ပါ။ ထိုသို့ဆိုလျှင် အိပ်နေသည်က ပိုကောင်းပါသည်။ ရည်မှန်းထားရမည့် အချက်မှာ အနှောင့်အယှက် ပေးသော စိတ်အခြေအနေအားလုံး တည်ငြိမ်စေရေး ဖြစ်ပါသည်။ ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့ကဲ့သို့ အချို့သော စိတ်ခံစားချက်များက အလွန်အနှောင့်အယှက် ဖြစ်စေပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ယင်းတို့ကို ငြိမ်သက်သွားအောင် ပြုလုပ်ရေး ဖြစ်ပါသည်။
စိတ်ကိုငြိမ်အောင် ထားသောအခါ ရရှိလာသည့် စိတ်အခြေအနေက ရှင်းလင်းပြီး နိုးကြားနေပါသည်။ ထိုအခါ မေတ္တာနှင့် နားလည်မှုအချို့ ထားရှိလာနိုင်သလို သဘာဝအတိုင်း လူသားဆန်သော နွေးထွေးမှု ရှိသည်ကိုလည်း ဖော်ပြနိုင်ပါသည်။ ထိုအတွက် သဘာဝအတိုင်း နွေးထွေးမှု၊ စိတ်ကြည်လင်မှု သို့မဟုတ် မည်သည့်အရာမဆို ခံစားနေရမှုမှ ကာကွယ်တားဆီးသည့် ခန္ဓာကိုယ် ကြွက်သားများသာမက စိတ်နှင့် စိတ်ခံစားချက် တင်းကျပ်မှုများပါ နက်ရှိုင်းစွာ အနားရရှိမှု ရရှိရန် လိုအပ်ပါသည်။
တရားရှုမှတ်မှု ဆိုသည်မှာ အတွေးများရပ်ပစ်ရမည်ဟု အချို့က နားလည်မှု လွဲမှားနေပါသည်။ တရားရှုမှတ်ခြင်းမှာ အတွေးများရပ်ခြင်း မဟုတ်ဘဲ အရေးမပါသည့် မလိုအပ်သော အတွေးအားလုံး ရပ်ပစ်ခြင်း ဖြစ်ပါသည်။ ဥပမာ အနာဂတ်အတွက် ပျံ့လွင့်သော အတွေးများ (“ညစာဘာစားရမလဲ။”) နှင့် အပျက်သဘော အတွေးများ (“ခင်ဗျား မနေ့က ကျွန်တော့်အပေါ် တော်တော်လေး တွန့်တိုတယ်နော်။ တော်တော်ဆိုးတဲ့လူပဲ။”) ဖြစ်ပါသည်။ ဤအတွေးအားလုံးသည် စိတ်လေလွင့်ခြင်းနှင့် အနှောင့်အယှက်ပေးသော အတွေးများစာရင်းတွင် ပါဝင်ပါသည်။
သို့ရာတွင် ငြိမ်သက်သောစိတ် ရရှိရန်မှာ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး နောက်ဆုံး ပန်းတိုင် မဟုတ်ပါ။ ပိုတည်ငြိမ်၊ ပိုကြည်လင်ပြီး ပိုပွင့်လင်းသော စိတ်ရှိပါက ထိုစိတ်ကို အပြုသဘော အသုံးချနိုင်ပါသည်။ နေ့စဉ်ဘဝ၌ အသုံးပြု နိုင်ပါသည်။ မိမိဘဝအခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်အောင် ကြိုးစားရန် ထိုင်ပြီးတရားရှုမှတ်နေစဉ်တွင် ထိုစိတ်ကို အသုံးပြုနိုင်ပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် အရေးမပါသော အတွေးများ စိတ်တွင်မရှိပါက အရေးကြီးသော အကြောင်းအရာများကို ပိုပြီးရှင်းလင်းစွာ တွေးလာနိုင်ပါသည်။ ဥပမာ၊ “မိမိဘဝတွင် ဘာလုပ်နေသလဲ။ ဒီလိုအရေးကြီးတဲ့ ဆက်ဆံရေးမှာ ဘာဖြစ်နေသလဲ။ ဒါက ကောင်းသလား၊ မကောင်းဘူးလား” စသည်တို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝေဖန်ဆန်းစစ်မှု ပြုလုပ်နိုင်သလို ယင်းကို ကိုယ်တိုင်စစ်ဆေးခြင်းဟုလည်း ခေါ်ပါသည်။ ဤပြဿနာမျိုးကို နားလည်ရန်နှင့် အပြုသဘောဖြင့် ကိုယ်တိုင်စစ်ဆေးနိုင်ရန် ရှင်းလင်းကြည်လင်မှု လိုအပ်ပါသည်။ အေးဆေးတည်ငြိမ်သောစိတ် လိုအပ်ပါသည်။ တရားရှုမှတ်ခြင်းမှာ ထိုအခြေအနေ ရရှိစေသည့် နည်းစနစ်တစ်ခု ဖြစ်ပါ၏။
အယူအဆပါသော စိတ်အခြေအနေနှင့် အယူအဆမပါသော စိတ်အခြေအနေများ
တရားရှုမှတ်ခြင်း အကြောင်း ကျမ်းစာများက အယူအဆပါသော အတွေးများ မိမိထံတွင် မရှိအောင် ဖယ်ရှားကာ အယူအဆ မပါသော အခြေအနေသို့ ဝင်ရောက်ရမည်ဟု လမ်းညွှန်ပါသည်။ ပထမဦးစွာ ဤလမ်းညွှန်ချက်သည် တရားရှုမှတ်မှု အားလုံးနှင့် မသက်ဆိုင်ပါ။ ယင်းသည် အမှန်တရားကို အာရုံစိုက်သော အဆင့်မြင့် တရားရှုမှတ်ခြင်းအတွက်သာ သီးခြားညွှန်းဆိုပါသည်။ မည်သို့ဆိုစေ တရားရှုမှတ်မှု အမျိုးအစားအားလုံးတွင် ဖယ်ရှားရန်လိုသည့် အယူအဆပုံစံတစ်ခု ရှိပါသည်။ သို့သော် တရားရှုမှတ်မှုအကြောင်း ကျမ်းစာများတွင် ဆွေးနွေးထားသည့် အယူအဆ ပုံစံအမျိုးမျိုးကို နားလည်ရန်အတွက် ဗုဒ္ဓဘာသာမှ ဆိုလိုသည့် “အယူအဆဆိုင်ရာ” ဆိုသည်ကို နားလည်ရန် လိုပါသည်။
အယူအဆပါသော အတွေးဆိုသည်မှာ မိမိခေါင်းထဲမှ စကားပြောနေခြင်းကိုသာ မရည်ညွှန်းပါ
အယူအဆ သဘောတရားဆိုသည်မှာ မိမိစိတ်တွင် ဖြစ်နေသော နေ့စဉ်စကားပြောနေသည့် အတွေးများ၊ “ခေါင်းထဲမှ စကားပြောနေခြင်းများ” ဖြစ်သည်ဟုလည်းကောင်း၊ အယူအဆ မပါဝင်ခြင်း ဆိုသည်မှာ ထိုအသံကို တိတ်စေခြင်းဟု လည်းကောင်း အချို့က ထင်နေပါသည်။ ကျွန်ုပ်တို့ ခေါင်းထဲမှ ထိုအသံကို ငြိမ်သက်စေခြင်းက အလွန်အရေးကြီးသည့် ကနဦးအဆင့်ပဲ ရှိပါသေးသည်။ ပိုကြည်လင်တည်ငြိမ်သော စိတ်ကို ရရှိအောင် အရေးမပါသည့် အနှောင့်အယှက် အတွေးများကို စိတ်တွင် ငြိမ်သက်စေမှု တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။ အချို့ကလည်း တစ်ခုခုကို အမှန်တကယ် နားလည်ရန်အတွက် ယင်းကို အယူအဆ မပါဘဲနားလည်ရန် လိုပြီး၊ အယူအဆပါသော အတွေးနှင့် မှန်ကန်သော နားလည်မှုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်သည်ဟု ထင်ကြပါသည်။ ဤသည်မှာလည်း မဟုတ်ပါ။
အယူအဆရှိမှုနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများကို ရှင်းလင်းစေရန်အတွက် မိမိအတွေးထဲမှ တစ်ခုခုစကားပြောခြင်းကို တစ်ခုခုနားလည်မှုနှင့် အရင်ဆုံး ကွဲပြားရန် လိုပါသည်။ နားလည်မှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မိမိအတွေးတွင် တစ်ခုခုကို စကားပြောနိုင်ပါသည်။ ဥပမာ၊ နိုင်ငံခြား ဘာသာစကားဖြင့် ဆုတောင်းစာကို အဓိပ္ပာယ် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ စိတ်ဖြင့်ရွတ်နိုင်ပါသည်။ ထို့အတူ စိတ်တွင် စကားလုံးများဖြင့် ရှင်းပြသည်ဖြစ်စေ၊ မရှင်းပြသည်ဖြစ်စေ တစ်ခုခုကို နားလည်နိုင်ပါသည်။ ဥပမာ ချစ်မြတ်နိုးသောစိတ် ခံစားရပုံ ဖြစ်ပါသည်။
သို့ရာတွင် တရားရှုမှတ်ရာ၌ အယူအဆ ပါဝင်မှုနှင့် အယူအဆ မပါဝင်မှု ကိစ္စက တစ်ခုခုကို နားလည်ခြင်း၊ နားမလည်ခြင်းကိစ္စ မဟုတ်ပါ။ တရားရှုမှတ်မှုသာမက နေ့စဉ်ဘဝတွင်လည်း အယူအဆပါသည်ဖြစ်စေ၊ အယူအဆ မပါသည်ဖြစ်စေ၊ စိတ်ဖြင့် စကားပြောဆိုမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နားလည်သဘောပေါက်မှု အမြဲရှိရန် လိုပါသည်။ တစ်ခါတစ်ရံ စကားပြာသည်က အထောက်အကူ ပြုသော်လည်း တစ်ခါတစ်ရံ အသုံးမဝင်သလို မလိုအပ်ပါ။ ဥပမာ၊ ဖိနပ်ကြိုး ချည်ရာတွင် သင့်ဖိနပ်ကို ကြိုးချည်ပုံအကြောင်း သင်နားလည်ပါသည်။ ဤဖိနပ်ကြိုး၊ ထိုဖိနပ်ကြိုးကို သင်ဘာလုပ်သည်ဆိုပြီး ချည်နေရင်း စကားလုံးဖြင့် အမှန်တကယ် ပြောစရာလိုပါသလား။ မလိုပါ။ တကယ်တော့ ကျွန်ုပ်တို့ အများစုသည် မိမိဖိနပ်ကြိုး ချည်ပုံကို စကားလုံးများဖြင့် ဖော်ပြဖို့ပင် အတော်လေး ခက်ခဲမည် ထင်ပါသည်။ မည်သို့ဖြစ်စေကာမူ နားလည်သဘောပေါက်မှုတော့ ရှိပါသည်။ နားလည်သဘောပေါက်မှု မရှိပါက ဘဝတွင် ဘာကိုမျှ ဆောင်ရွက်နိုင်မည် မဟုတ်တော့ပါ။ တံခါးပင် ဖွင့်တတ်တော့မည် မဟုတ်ပါ။
ထိုသို့စကားပြောဆိုမှုသည် တကယ်တော့ အထောက်အကူ ပြုသည်ဟု ရှုထောင့်အမျိုးမျိုးအရ ဆိုနိုင်ပါသည်။ အခြားသူများနှင့် ဆက်သွယ်နိုင်အောင် စကားပြောဖို့ လိုပါသည်။ သို့သော် အတွေးထဲတွင် စကားပြောဆိုမှုက လုံးဝမလိုအပ်ပါ။ စကားပြောဆိုမှုကိုယ်၌က ဘက်မလိုက်သည့်အတွက် အပြုသဘောဖြစ်စေ၊ အပျက်သဘောဖြစ်စေ အသုံးချနိုင်သည်ဟု ဆိုလိုပါသည်။ တကယ်တော့ စကားပြောဆိုမှု ပါဝင်သော အကျိုးပြု တရားရှုမှတ်နည်းအချို့ပင် ရှိပါသည်။ ဥပမာ၊ မန္တရားများကို စိတ်ထဲမှရွတ်ဖတ်ခြင်းသည် စိတ်တွင် စည်းချက် သို့မဟုတ် တုန်ခါမှုအချို့ ဖော်ထုတ်ထိန်းသိမ်းပေးသည့် စကားပြောဆိုမှုပုံစံတစ်ခု ဖြစ်ပါသည်။ ထိုမန္တရား၏ ပုံမှန်စည်းချက်က အလွန်အထောက်အကူ ပြုပါသည်။ စိတ်အခြေအနေ အချို့တွင် အာရုံစိုက်မှု ရှိစေပါသည်။ ဥပမာ၊ မေတ္တာနှင့် ကရုဏာထားရှိနေချိန်တွင် ဥုံ မဏိပဒ္ဓမေဟုမ် ကဲ့သို့သော မန္တရားကို ရွတ်ဆိုပါက ထိုမေတ္တာစိတ် အခြေအနေတွင် အာရုံစိုက်နေရန် အနည်းငယ်ပိုမိုလွယ်ကူပါသည်။ ထို့ကြောင့် စကားပြောဆိုမှုကိုယ်၌က ပြဿနာ မဟုတ်ပါ။ တစ်ဖက်တွင်မူ အဓိပ္ပာယ်မဲ့ စကားလုံးများဖြင့် စိတ်တွင်ပြောဆိုနေပါက ငြိမ်သက်အောင် ပြုလုပ်ဖို့ မလွဲမသွေ လိုအပ်ပါသည်။
အယူအဆပါသော အတွေးဆိုသည်မှာ စိတ်၏အကန့်များထဲ၌ အကြောင်းအရာများများကို အမျိုးအစားခွဲခြားမှု ဖြစ်သည်
အယူအဆဆိုင်ရာ ကိစ္စသည် စကားပြောဆိုမှု သို့မဟုတ် နားလည်မှုနှင့် မသက်ဆိုင်သော ကိစ္စဆိုလျှင် ဘာက ပြဿနာ ဖြစ်နေပါသလဲ။ အယူအဆပါသော စိတ်ဆိုတာ ဘာလဲ။ တရားရှုမှတ်ရန် လမ်းညွှန်ချက်က မိမိမှာ ထိုစိတ်မရှိအောင် ဖယ်ရှားရမည်ဟု ဆိုသောအခါ ဘာကိုဆိုလိုပါသလဲ။ ဤလမ်းညွှန်ချက်သည် တရားရှုမှတ်မှု အဆင့်အားလုံးနှင့် ဆိုင်ပါသလား။ နေ့စဉ်ဘဝနှင့်လည်း ဆိုင်ပါသလား။ ဤအချက်များကို ရှင်းပြရန် လိုပါသည်။
အယူအဆပါသောစိတ်သည် အမျိုးအစား ခွဲခြားပြီး တွေးပါသည်။ “အကောင်း” နှင့် “အဆိုး”၊ “အဖြူ” နှင့် “အမဲ”၊ “ခွေး” နှင့် “ကြောင်” စသည့် အကန့်များထဲထည့်ပြီး တွေးပါသည်။
ကျွန်ုပ်တို့ ဈေးဝယ်ထွက်သောအခါ ပန်းသီးနှင့် လိမ္မော်သီး သို့မဟုတ် သစ်သီးအမှည့်နှင့် အစိမ်းကို ခွဲခြားနိုင်ရန် မလွဲမသွေ လိုအပ်ပါသည်။ ဤသို့သော နေ့စဉ်ကိစ္စများတွင် အမျိုးအစားခွဲခြား တွေးတောခြင်းက ပြဿနာ မဟုတ်ပါ။ သို့သော် ပြဿနာ ဖြစ်သော အခြားအမျိုးအစား ခွဲခြားမှုများ ရှိပါသည်။ တစ်ခုမှာ “ကြိုတင်မှန်းဆခြင်း” ဟုခေါ်သည့်အရာ ဖြစ်ပါသည်။
ကြိုတင်မှန်းဆချက် နမူနာတစ်ခုမှာ- “ခင်ဗျားက ကျွန်တော့်ကို အမြဲတမ်း တွန့်တိုမယ်လို့ မျှော်လင့်တယ်။ အရင်ကလဲ ဒါတွေ၊ ဒါတွေ လုပ်ခဲ့တဲ့အတွက် ခင်ဗျားက တော်တော်ဆိုးတယ်။ အခုလဲ ဘာပဲဖြစ်ဖြစ် အဲဒီလို ဆိုးရွားတဲ့လူပဲ ဆက်ဖြစ်နေမယ်လို့ မှန်းဆပါတယ်” ဟူ၍ဖြစ်သည်။ ဤလူသည် ဆိုးရွားပြီး မိမိအပေါ် ဆက်လက်ဆိုးရွားမည်ဟု ကြိုတင် အကဲဖြတ်ပါသည်။ ဤသည်မှာ ကြိုတင်မှန်းဆခြင်း ဖြစ်သည်။ မိမိအတွေးထဲတွင် ထိုသူကို “ဆိုးရွားသောလူ” ဆိုသည့် အကန့်ထဲ ထည့်ပါသည်။ ထို့ပြင် ထိုအတိုင်း တွေးမိပြီး “သူက တွန့်တိုတယ်။ အမြဲတမ်း ငါ့အပေါ် မကောင်းဘူး” ဟု တစ်စုံတစ်ယောက်ကို ထိုအတွေးဖြင့် ကြိုတင်မှန်းဆပါသည်။ မိမိနှင့် ထိုသူအကြားတွင် အပိတ်အဆို့ကြီးတစ်ခု ဖြစ်လာပါသည်။ မိမိ၏ မှန်းဆချက်က သူ့ကို ဆက်စပ်ပုံအပေါ် သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် ကြိုတင်မှန်းဆခြင်းသည် ကျွန်ုပ်တို့က အမျိုးအစားခွဲခြားသော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ စိတ်တွင် အမျိုးအစားခွဲခြားပြီး အကန့်များထဲသို့ ထည့်လိုက်ခြင်း ဖြစ်သည်။
အယူအဆမပါခြင်း
အယူအဆမပါဝင်မှုတွင် အဆင့်များစွာ ရှိပါသည်။ သို့သော် အဆင့်တစ်ဆင့်မှာ ပေါ်ထွက်လာသည့် အခြေအနေကို လမ်းဖွင့်ပေးထားခြင်း ဖြစ်ပါသည်။ ယခုဆိုလျှင် အယူအဆဆိုင်ရာ နားလည်သဘောပေါက်မှုအားလုံးကို စွန့်လွှတ်ရမည်ဟု မဆိုလိုပါ။ ဥပမာ၊ လူများစွာကို ကိုက်ထားသည့် ခွေးတစ်ကောင်ရှိပါက “ကိုက်တတ်သောခွေး” ဆိုသည့် အမျိုးအစားဖြင့် စဉ်းစားပါက ထိုခွေးအနီးတွင် ကျွန်ုပ်တို့ သတိထားပါမည်။ ထိုခွေးအနီးတွင် သင့်တော်သလို သတိထားသော်လည်း “အဲဒီခွေးက ငါ့ကိုကျိန်းသေ ကိုက်လိမ့်မယ်။ ဒါကြောင့် သူ့အနားကိုတောင် မသွားတော့ဘူး” ဆိုသည့် ကြိုတင်မှန်းဆချက် မရှိပါ။ ပေါ်ထွက်လာသည့် အခြေအနေကို လက်ခံမှုနှင့် တစ်ချိန်တည်းမှာပင် ထိုအခြေအနေကို အပြည့်အဝ မကြုံတွေ့အောင် ကာကွယ်ပေးသော ကြိုတင်မှန်းဆချက် မရှိမှု အကြားတွင် သိမ်မွေ့သော ညီမျှမှု ရှိနေပါသည်။
တရားရှုမှတ်မှု အားလုံးတွင် လိုအပ်သည့် အယူအဆ မပါဝင်မှု အဆင့်သည် ကြိုတင်မှန်းဆချက်များ မရှိသည့်စိတ် ဖြစ်ပါသည်။
တရားရှုမှတ်ရန် ယေဘုယျအကျဆုံး ညွှန်ကြားချက် တစ်ခုမှာ မျှော်လင့်ချက် သို့မဟုတ် စိုးရိမ်မှုတစ်ခုခု မရှိရန် ဖြစ်ပါသည်။ တရားရှုမှတ်နေစဉ် ကြိုတင်မှန်းဆချက်များမှာ သင့်ရှုမှတ်မှု အလွန်အဆင်ပြေမည်ဟု မျှော်လင့်ခြင်း သို့မဟုတ် ခြေထောက်နာကျင်မည်ကို စိုးရိမ်ခြင်း သို့မဟုတ် “အောင်မြင်မှာ မဟုတ်ဘူး” ဟုတွေးခြင်း ဖြစ်သည်။ ထိုသို့ မျှော်လင့်ချက်နှင့် စိုးရိမ်မှု အတွေးများမှာ သင်ကစိတ်ဖြင့် စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကြိုတင်မှန်းဆချက်များ ဖြစ်ပါသည်။ အဆိုပါ အတွေးများက သင့်တရားရှုမှတ်ချိန်ကို “အလွန်ကောင်းသော အတွေ့အကြုံ” သို့မဟုတ် “နာကျင်သော အတွေ့အကြုံ” စသည်ဖြင့် စိတ်၏အကန့်သို့မဟုတ် အမျိုးအစား ခွဲခြားမှုများထဲသို့ ထည့်လိုက်ပါသည်။ တရားရှုမှတ်ရာတွင် အယူအဆ မပါသော ချဉ်းကပ်မှုမှာ ဘာပဲဖြစ်ဖြစ် လက်ခံလိုက်ပြီး အခြေအနေကို အကဲဖြတ်မှု မပြုလုပ်ဘဲ တရားရှုမှတ်ရန် လမ်းညွှန်ချက်များအတိုင်း ဖြေရှင်းခြင်း ဖြစ်ပါသည်။
အကျဉ်းချုပ်
အယူအဆပါသော အတွေးအမျိုးမျိုးကို နားမလည်ပါက ယင်းတို့အားလုံးသည် တရားရှုမှတ်မှုကိုရော၊ နေ့စဉ်ဘဝကိုပါ နှောင့်ယှက်သည်ဟု မှားယွင်းစွာ ယူဆမိနိုင်ပါသည်။ တရားရှုမှတ်မှု အများစုတွင် မိမိခေါင်းထဲမှ စကားပြောဆိုမှုကို ငြိမ်သက်အောင်လုပ်ပြီး ကြိုတင်မှန်းဆချက်အားလုံးကို စွန့်ပယ်ရန် လိုပါသည်။ သို့သော် စကားလုံးအဖြစ် ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ တရားရှုမှတ်နေစဉ်ရော၊ ကျန်အချိန်များတွင်ပါ တစ်ခုခုကို နားလည်ရန် စိတ်တွင် အမျိုးအစားသတ်မှတ်မှုသည် အဆင့်အမြင့်ဆုံး ကျင့်ကြံသူများမှအပ လိုအပ်ပါသည်။