တရားရှုမှတ်ခြင်း၏ အဓိက လက္ခဏာရပ်များ

တရားရှုမှတ်ခြင်းကို ဗုဒ္ဓဘာသာတွင်သာမက ရိုးရာအစဉ်အလာများစွာတွင် တွေ့ရပါသည်။ အိန္ဒိယနိုင်ငံ၏ အစဉ်အလာ အားလုံးတွင် တရားရှုမှတ်ခြင်း၏ အစိတ်အပိုင်းများစွာကို တွေ့ရသော်လည်း ဤနေရာတွင် ဗုဒ္ဓဘာသာက တင်ပြထားသည့် တရားရှုမှတ်နည်းကိုသာ ကန့်သတ်ဆွေးနွေးသွားပါမည်။


တရားရှုမှတ်ခြင်းဆိုတာ ဘာလဲ။

 ‘‘တရားရှုမှတ်ခြင်း’’ ဆိုသည်မှာ မိမိကိုယ်ကို ကျင့်သားရအောင်ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ တိဘက်ဘာသာ စကားလုံးဖြစ်သော ‘‘ဂွန် (sgom)’’ သည် အကျိုးပြုသော အလေ့အထ ရရှိသည်အထိ တည်ဆောက်ခြင်းဟု အဓိပ္ပာယ် ရပါသည်။ သက္ကတဘာသာ စကားလုံးဖြစ်သည့် ‘‘ဘာဝနာ’’ တွင် တစ်ခုခု အမှန်တကယ် ဖြစ်လာအောင် ပြုလုပ်ခြင်း ဆိုသည့် အဓိပ္ပာယ် ပို၍သက်ရောက်ပါသည်။ ကျွန်ုပ်တို့တွင် အကျိုးပြုသော စိတ်အခြေအနေ သို့မဟုတ် သဘောထားအချို့ ရှိပါသည်။ ထိုသို့ ဖြစ်အောင် ကြိုးစားပါသည်။ တစ်နည်းဆိုသော် ထိုစိတ်အခြေအနေကို ကျွန်ုပ်တို့၏ တွေးတောမှု၊ နေထိုင်မှုပုံစံများထဲတွင် အမှန်တကယ် ပါဝင်စေခြင်းဖြစ်ပါသည်။ တရားရှုမှတ်ခြင်းကို အသုံးပြုသည့် အစဉ်အလာပေါ် မူတည်ပြီး ညွှန်ကြားချက်များက အကျိုးပြုသော အလေ့အထများ၊ ယင်းတို့ အမှန်တကယ် ဖြစ်လာရန် အကြောင်းရင်းနှင့် ရည်မှန်းချက်များကို သတ်မှတ်ပါလိမ့်မည်။ အိန္ဒိယနိုင်ငံ၏ အစဉ်အလာ အားလုံးတွင်မူ ထိုအလုပ်တွင် အဆင့်သုံးဆင့် ပါဝင်ပါသည်။ ပထမအဆင့်မှာ နာယူခြင်း၊ ထို့နောက် တွေးတောခြင်းနှင့် အမှန်တကယ် တရားရှုမှတ်ခြင်းတို့ ဖြစ်ပါသည်။

တရားတော်များကို နာယူခြင်း

ကျွန်ုပ်တို့သည် ကရုဏာထားတတ်သည့် အကျိုးပြု အလေ့အထ တည်ဆောက်လိုသည် ဆိုပါစို့။ ကရုဏာ ထားရှိရန် သို့မဟုတ် ရှိပြီးသား ကရုဏာစိတ်ထား ပိုမိုတိုးပွားရန် ပထမဦးစွာ ထိုအကြောင်း တရားတော်အချို့ကို နာယူဖို့ လိုပါသည်။ ရှေးခေတ်အိန္ဒိယနိုင်ငံတွင် တရားတော်များကို စာဖြင့်မရေးထားပါ။ အားလုံး နှုတ်ဖြင့်သာ လက်ဆင့်ကမ်းခဲ့ကြပါသည်။ ထိုအတွက်ကြောင့် တရားရှုမှတ်မှုအကြောင်း လေ့လာလိုသူသည် ပထမဦးစွာ တရားတော်များကို နာယူ ရပါသည်။ ထို့ကြောင့်လည်း ဤပထမအဆင့်ကို ‘‘နာယူခြင်း’’ ဟုခေါ်ပါသည်။

ယခုအခါ တရားတော်အမျိုးမျိုးအကြောင်း ဖတ်ရှုနိုင်သည်မှာ မှန်ပါသည်။ တစ်စုံတစ်ယောက်က ကိုယ်တိုင် လာပြောပြစရာပင် မလိုပါ။ သို့သော် ဤအချက်၏နောက်ကွယ်မှ စည်းမျဉ်းက အတော်လေး ဆီလျော်မှုရှိပါသည်။ ရှေးခေတ်အခါက အရာရာကို ကျက်မှတ်ရပြီး နားထောင်သူက တစ်ယောက်ယောက် ရွတ်ဖတ်နေသောအရာ တိကျမှုရှိအောင် ပြုလုပ်ရပါသည်။ မှတ်သားထားသော တရားကို ပြန်ရွတ်ဖတ်ပြသူက မှန်ကန်စွာ မမှတ်မိခြင်း ဖြစ်နိုင်ပါသည်။ အချို့အမှားများ တွေ့ရနိုင်ပြီး ဤအချက်က တကယ့်ပြဿနာ ဖြစ်လာပါမည်။

ခွဲခြားသိရှိသောပညာ

တရားတော်များ နာကြားသောအခါ ‘‘နာယူရာမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသော ပညာ’’ ဆိုသည့်အရာ ဖြစ်ပေါ်လာရန် လိုပါသည်။ တိဘက်ဘာသာ ဝေါဟာရဖြစ်သည့် ‘‘ရှီရဗ်’’ (shes-rab, Skt. prajna) ကို တစ်ခါတစ်ရံ ‘‘ဉာဏ်ပညာ’’ ဟု ဘာသာပြန်ပါသည်။ သို့သော် ‘‘ဉာဏ်ပညာ’’ ဆိုသည့်စကားလုံး အသုံးပြုခြင်းမှာ အလွန်မတိကျပါ။ တိကျသည့် အဓိပ္ပာယ် မရှိပါ။ လူတစ်စုက ‘‘ဉာဏ်ပညာ’’ ဆိုသည့်စကားလုံးကို ကြားပါက ဘာဆိုလိုသည်ကို တစ်ယောက်နှင့်တစ်ယောက် သိရှိပုံ တူညီမည် မဟုတ်ပါ။ ထို့ကြောင့် ‘‘ဉာဏ်ပညာ’’ ဆိုသည့်စကားလုံးက “ရှီရဗ်” ကို တကယ်အတိအကျ နားလည်အောင် မကူညီနိုင်ပါ။ ထို့ကြောင့်လည်း “ရှီရဗ်” ကို ‘‘ခွဲခြားသိရှိသောပညာ’’ ဟူ၍ ဘာသာပြန်လိုပါသည်။

ခွဲခြားသိရှိသောပညာသည် ကြိုတင်ရှိထားသော စိတ်၏အချက်ပေါ်တွင် အခြေခံပါသည်။ ယင်းကို ‘‘ခွဲခြားသော’’ ဟုဘာသာပြန်ပါသည်။ လူအများစုက ဤဝေါဟာရကို ‘‘သတိပြုမိမှု’’ ဟု ဘာသာပြန်သော်လည်း ‘‘သတိပြုမိမှု’’ သည်လည်း မတိကျပါ။ ‘‘သတိပြုမိသည်’’ ဆိုရာတွင် အရာဝတ္ထုကို ယခင်က သိပြီးသားဖြစ်ကာ ထပ်မံ၍ သတိပြုမိသည်ဟု ဆိုလိုပါသည်။ ဤအချက်က အတော်လေး မမှန်ပါ။ ‘‘ခွဲခြားသည်’’ ဆိုရာတွင် ‘‘ဤအရာ’’ ကဲ့သို့တစ်ခုခုကို ‘‘ဤအရာမဟုတ်’’ သော အရာများနှင့် ခွဲခြားသတ်မှတ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ‘‘ဤအရာ’’ နှင့် ‘‘ဤအရာမဟုတ်’’ သောအရာကို ဖြစ်စေ၊ ‘‘ဤအရာ’’ နှင့် ‘‘ထိုအရာ’’ ကိုဖြစ်စေ ခွဲခြားနိုင်စွမ်း ရှိပါသည်။ အကြောင်းမှာ အရာအားလုံးသည် ကျွန်ုပ်တို့က သတိရှိပါက သိရှိနိုင်သည့် သီးခြားတစ်ခုချင်း လက္ခဏာရပ်များ သို့မဟုတ် ထင်ရှားသော အမှတ်အသားများ ရှိထားပါသည်။ ရိုးရှင်းသောနမူနာမှာ မွေးကင်းစအရွယ်ကလေးများသည် ‘‘ဗိုက်ဆာခြင်း’’ နှင့် ‘‘ဗိုက်မဆာခြင်း’’ ကို ခွဲခြားနိုင်ပါသည်။ မွေးကင်းစအရွယ်ကလေးများသည် ထိုသို့ကွဲပြားသော ရုပ်ခံစားချက် နှစ်ခုအတွက် စကားလုံးများ မလိုအပ်ပါ။ ‘‘ဗိုက်ဆာခြင်း’’ နှင့် ‘‘ဗိုက်မဆာခြင်း’’ ၏ အယူအဆများကို အမှန်တကယ် လေးလေးနက်နက် နားလည်ရန် မလိုပါ။ မည်သို့ဆိုစေ သူတို့သည် ထိုနှစ်ခုကို ခွဲခြားနိုင်ပါသည်။ အကြောင်းမှာ ထိုနှစ်ခုတွင် ထူးခြားထင်ရှားသည် လက္ခဏာရပ် ဖြစ်သည့် သီးခြားရုပ်ခံစားချက် ဆိုသည့်အရာ ရှိသောကြောင့် ဖြစ်ပါသည်။

ခွဲခြားသိရှိသောပညာသည် ထိုခွဲခြားမှုကို- ‘‘ဒါက ကျိန်းသေတယ်။ ဒါက မဟုတ်ဘူး။’’ ဟူ၍ သေချာစေသောအချက်ကို ပေါင်းထည့်ပေးပါသည်။ တရားနာယူသောအခါ သို့မဟုတ် ဖတ်ရှုသောအခါ ကျွန်ုပ်တို့လိုအပ်သည်မှာ ဤသို့ သေချာစေမှု ဖြစ်ပါသည်။ ‘‘ဒါက တကယ်မှန်ကန်တဲ့ တရားတော်ပဲ။ ဒါက မှားတဲ့ တရားတော်ပဲ။’’ ဟု ယုံကြည်စွာ သိရှိရန် လိုပါသည်။ ‘‘ဒါက တကယ်မှန်ကန်တဲ့ တရားတော်ပဲ။’’ ဟု သိရန် တကယ်တော့ အလွန်ခက်ပါသည်။ အကြောင်းမှာ ကျမ်းစာများကို ထိုအတိုင်းနားလည်ရန် မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ရှင်းပြသည့် စာအုပ် သို့မဟုတ် ဆရာကို ပုံမှန်အားဖြင့် အားကိုးရန် လိုပါသည်။ သို့သော် ဆရာတစ်ဦးသည် စိတ်ချရပြီး စစ်မှန်သော ဆရာမှန်း မည်ကဲ့သို့ သိပါမည်နည်း။ တစ်ယောက်ယောက်က ဗုဒ္ဓဘာသာအကြောင်း သို့မဟုတ် မေတ္တာ၊ ကရုဏာအကြောင်း သင်ကြားနေနိုင်သော်လည်း ဗုဒ္ဓဘာသာက အမှန်တကယ် ဆိုထားသည့်အချက်များနှင့် ကွဲလွဲသော အချက်အလက်များ ပေးနေနိုင်ပါသည်။ ကြားလိုက်သော သို့မဟုတ် ဖတ်လိုက်သော တရားတော်သည် ရှိသင့်သည့်အတိုင်း အတိအကျ ဖြစ်ကြောင်း ခွဲခြားသိရှိသော ပညာကိုသုံးကာ သေချာအောင်ပြုလုပ်ရန် အလွန်ပင် လိုအပ်ပါသည်။ ထိုတရားတော်သည် အစစ်အမှန် ဖြစ်ကြောင်း သေချာရန် လိုပါသည်။

တရားတော်တစ်ပုဒ်သည် ဗုဒ္ဓဘာသာ တရားတော် မှန်ကန်ကြောင်း ဖော်ပြရန်လိုသည့် အချက်အချို့ ရှိပါသည်။ စာရေးသူ သို့မဟုတ် တရားကိုပြောပြသူသည် သေချာစွာ အရည်အချင်းရှိသော ဆရာဟုတ်၊ မဟုတ် ကျွန်ုပ်တို့က စုံစမ်းလေ့လာပြီး ဆုံးဖြတ်နိုင်သူ ဖြစ်ရပါမည်။ ထိုသို့ဆုံးဖြတ်ရန်အတွက် အခြားသူများကို မေးရန်လိုပါသည်။ ဥပမာ၊ ‘‘ဒီပုဂ္ဂိုလ်ဟာ သူ့ကိုယ်ပိုင် မှန်ကန်တဲ့ဆရာ ရှိသလား။ သူတို့နှစ်ဦးကြားမှာ ဘယ်လို ဆက်ဆံရေးရှိသလဲ။ ဒီပုဂ္ဂိုလ်ရဲ့ ဆရာက ယခင်အချိန်ကာလကတည်းက မှန်ကန်တဲ့ ဆရာအစဉ်အဆက်ကနေ လာသလား။‘‘ ဤမေးခွန်းများဖြင့် စုံစမ်းလေ့လာရန် အရေးကြီးပါသည်။ ကြုံရာစာအုပ်တစ်အုပ် ဆွဲယူပြီး နာမည်ကြီးသူတစ်ယောက် ရေးထားသည်ဆိုပြီး အားထားရသော အရင်းအမြစ်တစ်ခုဟု ယူဆ၍မရပါ။ တစ်စုံတစ်ယောက်၏ သင်ကြားမှုကို နားထောင်ရာတွင်လည်း ထိုနည်းအတိုင်း ဖြစ်ပါသည်။

တရားတော်များ၏ အဆက်အစပ်ကို သိရှိအောင် ခွဲခြားသိရှိမှုကို အသုံးပြုခြင်း

ထို့ပြင် ဗုဒ္ဓဘာသာ တရားတော်တိုင်းအတွက် အဆက်အစပ်ဖြစ်သည့် တရားတော် ပေါ်ထွက်လာသည့် ဒဿနဆိုင်ရာဂိုဏ်းတစ်ခု ရှိပါသည်။ တရားတော်တစ်ပုဒ်သည် မည်သည့်အဆက်အစပ် ရှိသည်ကို သိရန်လိုပါသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာ စနစ်အမျိုးမျိုးတွင် ဥပမာ၊ ‘‘ကံ’’ ကဲ့သို့သော ပညာရပ် စကားလုံးတစ်လုံးကိုပင် ရှင်းပြချက် အမျိုးမျိုး ရှိကြပါသည်။ ထို့ပြင် ထိုသို့ စနစ်တစ်ခုခုမှ ကံအကြောင်း တရားတော်များက ဓမ္မနှင့် ပတ်သက်ပြီး ထိုစနစ်က ဖော်ပြသည့် ဥပမာ၊ သိမှုဆိုင်ရာ သီအိုရီကဲ့သို့ ဆက်စပ်အကြောင်းအရာများတွင် ရှင်းပြချက်များနှင့် ကိုက်ညီပါသည်။ တရားတော်က မည်သည့်စနစ်မှ လာသည်ကို သေချာရန် လိုပါသည်။ သို့မှသာ ကျွန်ုပ်တို့ ကြားသိရသော အခြား တရားတော်များနှင့် အံဝင်ခွင်ကျ ဖြစ်နိုင်ပါသည်။

အသုံးပြုသည့် စကားလုံးများ၏ အဆက်အစပ်ကို သိရှိခြင်းမှာ သာမန် စကားဝိုင်းမှာပင် အရေးကြီးပါသည်။ ဥပမာ၊ ‘‘ဘုံ’’ ဆိုသောစကားလုံးကို ကြားရပါသည်။ ဤစကားမှာ တိဘက်တွင် ဗုဒ္ဓဘာသာ အစဉ်အလာ မပေါ်ပေါက်မီက အမည် ဖြစ်ပါသည်။ သို့သော် ပြင်သစ်ဘာသာ၌ ‘‘ဘုံ’’ ဆိုသည်မှာ ‘‘ကောင်းသည်’’ ဟု ဆိုလိုပါသည်။ ထို့ကြောင့် ဘာသာစကား အဆက်အစပ်ကို မသေချာပါက ‘‘ဘုံ’’ ဆိုသောစကားကို ကြားသည်နှင့် ရှုပ်ထွေးသွားနိုင်ပါသည်။ ပြောနေသူက ပြင်သစ်ဘာသာဖြင့် ဘုံ ကို ပြောသလား။ တိဘက်ဘာသာဖြင့် ပြောသလား။ မည်သည့်ဘာသာစကားတွင် ပြောမှန်း မသိဘဲ စကားလုံး၏ အသံကိုသာ အားထားပါက သင့်ကို လမ်းလွဲစေနိုင်ပါသည်။

ဗုဒ္ဓဘာသာ ပညာရပ်စကားလုံးများကို လေ့လာသောအခါတွင် အဆက်အစပ်ကို သိရှိခြင်းမှာ ပို၍ပင် အထူး အရေးကြီးပါသည်။ ဥပမာ၊ ဘာမှမရှိခြင်း (အနတ္တ) အကြောင်း လေ့လာပါက အိန္ဒိယဗုဒ္ဓဘာသာဂိုဏ်းတစ်ခုတွင် တစ်နည်းရှင်းပြထားပြီး နောက်ထပ်ဂိုဏ်းတစ်ခုတွင် အခြားနည်းဖြင့် ရှင်းပြထားပါသည်။ အိန္ဒိယဗုဒ္ဓဘာသာ ဒဿနဂိုဏ်းတစ်ခု အတွင်းမှာပင် ဘာမှမရှိခြင်းကို တိဘက်ဗုဒ္ဓဘာသာဂိုဏ် တစ်ခုချင်းစီက အလွန်ခြားနားသော နည်းများဖြင့် ဘာသာပြန်ထားပါသည်။

အကြောင်းရပ် တစ်ခုတည်းကိုပင် ရှင်းပြချက်အမျိုးမျိုး ရှိနေခြင်းမှာ အနောက်တိုင်းသားများ ဗုဒ္ဓဘာသာ လေ့လာရာတွင် ရှုပ်ထွေးမှုအဖြစ်ဆုံး အပိုင်းတစ်ပိုင်း ဖြစ်ပါသည်။ ခေတ်သစ်ကာလ အထူးသဖြင့် အင်တာနက်ခေတ်တွင် အာရှတိုက်မှ ဗုဒ္ဓဘာသာအစဉ်အလာ အားလုံးကို ရရှိနိုင်သည့်အတွက် ရှုပ်ထွေးစေနိုင်ပါသည်။ သို့သော် နိုင်ငံတစ်ခု၏ ဗုဒ္ဓဘာသာ အစဉ်အလာအတွင်းမှာပင် ဥပမာ၊ တိဘက်မှာပင်လျှင် ဘာသာပြန်ဆိုချက် ကွဲလွဲမှု၊ ခြားနားမှုများ ရှိပါသည်။

ထိုအချက်ကို ရှင်းပြလိုပါသည်။ ကျွန်ုပ်တို့သည် ဆရာတစ်ယောက်နှင့်အတူ ကံအကြောင်း အသေးစိတ် ရှင်းပြချက်ကို လေ့လာနေသည် ဆိုပါစို့။ သင်ယူနေသောအရာကို မရှုပ်ထွေးစေရန်အတွက် ထိုဆရာရှင်းပြနေသော စနစ်မှအပ အခြားစနစ်အားလုံးတွင် တွေ့ရသော ရှင်းပြချက်များကို ဖယ်ထားရန် လိုပါသည်။ ဥပမာ၊ ဗုဒ္ဓဘာသာမှ ဆိုလိုသောအဓိပ္ပာယ်ကို လေ့လာပြီး ဟိန္ဒူဘာသာမှ အဓိပ္ပာယ်ကို လေ့လာခြင်း မဟုတ်ကြောင်း သိရန်လိုပါသည်။ ဗုဒ္ဓဘာသာ ရှင်းပြချက်များတွင် အိန္ဒိယ သက္ကတ အစဉ်အလာမှ အဓိပ္ပာယ်တစ်ခုကို လေ့လာနေပါသည်။ ထေရဝါဒ ပါဠိအစဉ်အလာမှ အဓိပ္ပာယ် မဟုတ်ပါ။ အိန္ဒိယ သက္ကတ အစဉ်အလာများတွင် ဝိဘသိကာ ရှုထောင့်ကို လေ့လာခြင်းဖြစ်ပြီး စိတ္တမတ္တရ ရှုထောင့်မဟုတ်ပါ။ ထို့ပြင် ကံအကြောင်း ဝိဘသိကာ ရှင်းပြချက်မှ ဂယ်လဂ် ရှင်းပြချက်အကြောင်း လေ့လာနေပါသည်။ ကာယု ရှင်းပြချက် မဟုတ်ပါ။ တိကျသော အဆက်အစပ်ကို သိရှိရန် လိုပါသည်။ အကြောင်းမှာ ကံအကြောင်း ရှင်းပြချက် အမျိုးမျိုးသည် ဒဿန အဆက်အစပ်ပေါ် မူတည်ပြီး များစွာကွဲပြားပါသည်။ ဓမ္မအကြောင်းရပ်တစ်ခု၏ ဂယ်လဂ် ရှင်းပြချက်ကို ကာယု စနစ်တွင် ထည့်ကြည့်ပါက အလွန်ရှုပ်ထွေးသွားပါမည်။ ရှင်းပြချက်အားလုံးကို ရောစပ်လိုက်ပါကလည်း ပို၍ပင် ရှုပ်ထွေးသွားပါလိမ့်မည်။

ကျွန်ုပ်၏ဆရာတစ်ဆူဖြစ်သော ဂဲရှိ ငါဝမ် ဒါဂယေ က အနောက်တိုင်းသားများနှင့် ပတ်သက်ပြီး အလွန်တွေးစရာ ကောင်းသော အချက်ကို ပြောပြဖူးသည်။ သူက- ‘‘ခင်ဗျားတို့ အနောက်တိုင်းက လူတွေဟာ ကိစ္စနှစ်ခုကို အမြဲနှိုင်းယှဉ်ကြည့်ဖို့ ကြိုးစားတယ်။ နှစ်ခုစလုံးကိုလည်း သေချာ နားမလည်ကြဘူး။ နောက်ဆုံးမှာတော့ ပိုပြီး ရှုပ်ထွေးလာတော့တာပဲ။’’ ဟူ၏။ ဤနေရာတွင် သင်ယူရမည့် သင်ခန်းစာမှာ မတူညီသော စနစ်များကို နှိုင်းယှဉ်လျှင် ပြဿနာ မရှိပါ။ သို့သော် စနစ်တစ်ခုကို ကောင်းစွာ သိမှသာ နှိုင်းယှဉ်ရန် ဖြစ်ပါသည်။ စနစ်တစ်ခုအကောင်း သေချာသိထားသည်နှင့် အခြားစနစ်များကို လေ့လာပြီး ခြားနားချက်များကို တန်ဖိုးထားနိုင်ပါသည်။ တစ်ခုကိုမသိဘဲ ထိုသို့လေ့လာ၍မရပါ။

ထို့ကြောင့် ကံ သို့မဟုတ် အနတ္တ သို့မဟုတ် ဗုဒ္ဓဘာသာမှ အခြားအကြောင်းရပ် တစ်ခုခုအကြောင်း တရားရှုမှတ်လိုပါက နာယူမှုမှ ရရှိသည့် ခွဲခြားသိရှိသော ပညာ ရရှိရန် လိုပါသည်။ ဆိုလိုသည်မှာ အောက်ပါတို့ကို တိကျသေချာစွာ သိရှိရန် ဖြစ်ပါသည်-

  • ဤစကားလုံးများမှာ ပြောလိုက်သည့် စကားလုံးများအတိုင်းဖြစ်ပြီး အခြားစကားလုံးများ မဟုတ်ပါ။
  • ထိုစကား ပြောသူသည် ဤအကြောင်းရပ်နှင့် ပတ်သက်ပြီး တိကျသော အချက်အလက်များကို သိရှိထားသူ ဖြစ်ပါသည်။ စိတ်မချရသော အခြားတစ်ယောက် မဟုတ်ပါ။
  • ဤသည်မှာ ရှင်းပြချက် ပေါ်ထွက်လာသည့် ဒဿန စနစ် ဖြစ်ပါသည်။ အခြားစနစ် မဟုတ်ပါ။

နာယူမှုမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသောပညာကို ရရှိလိုက်သည်နှင့် နောက်တစ်ဆင့်တက်ရန် အသင့်ဖြစ်လာပါပြီ။

နာယူထားသောတရားကို တွေးတောခြင်း

နောက်တစ်ဆင့်မှာ တွေးတောမှုမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသောပညာကို ရယူခြင်း ဖြစ်သည်။ ‘‘တွေးတောခြင်း’’ ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။ ဤနေရာတွင် တွေးတောခြင်းဆိုသည်မှာ တစ်ခုခု အဓိပ္ပာယ်ကို နားလည်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ထိုအခါ တစ်ခုခု ‘‘နားလည်ခြင်း’’ မှာ ဘာကိုဆိုလိုပါသလဲ။ ‘‘နားလည်ခြင်း’’ သို့မဟုတ် ‘‘သိရှိနားလည်ခြင်း’’ ကို ဘာသာပြန်ထားသော တိဘက်ဘာသာ ဝေါဟာရ၏ အဓိပ္ပာယ်မှာ- ‘‘တစ်ခုခုကို တိကျပြတ်သားစွာ သိရှိခြင်း’’ ဖြစ်ပါသည်။

သက္ကတနှင့် တိဘက် စကားလုံးများစွာသည် စိတ်၏ဆောင်ရွက်ချက်နှင့် စိတ်ကို ဖော်ပြရန် အသုံးပြုသော စကားလုံးများသည် မူလဘာသာစကား၌ အတော်ခြားနားသည့် အဓိပ္ပာယ်များ ရှိနေပါသည်။ အနောက်တိုင်း ဘာသာစကားများတွင် ကျွန်ုပ်တို့ အသုံးပြုသော စကားလုံးများနှင့် မတူပါ။ ထို့ကြောင့်လည်း မူရင်း အာရှ ဘာသာစကားများကို လေ့လာခြင်းနှင့် စကားလုံးများ၏ အဓိပ္ပာယ်ကို အာရှ ဘာသာစကား အဆက်အစပ်ဖြင့် လေ့လာခြင်းမှာ အလွန်အထောက်အကူ ပြုပါသည်။ အဘိဓာန် ဘာသာပြန်ချက်ကိုသာ ဖတ်ရမည်ဟု မဆိုလိုပါ။ ထိုဘာသာစကားဖြင့် အမှန်တကယ် အားထုတ်ရန်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ လေ့လာရန် စသည်တို့လည်း ပါဝင်ပါသည်။ ထိုသို့ ဆောင်ရွက်ပါက ဗုဒ္ဓဘာသာ တရားတော်များ နားလည်ရန်အတွက် အလွန်အားကောင်းသော ဝေဖန်ဆန်းစစ်နည်းကို ရရှိလာပါတော့သည်။

ပြောလိုက်သော စကားလုံးများကို နားလည်သဘောပေါက်ခြင်း

 ‘‘နားလည်ခြင်း’’ စကားလုံးကို တရားတော်များ နာယူမှုနှင့် ဆက်စပ်၍လည်း အသုံးပြုနိုင်ပါသည်။ ထိုအခါ ‘‘ခင်ဗျား ဒီစကားလုံးတွေ ပြောတာကို နားလည်ပါတယ်။’’ ဆိုသည့် ဝါကျမျိုး ဖြစ်ပါသည်။ ထိုဝါကျတွင် အလေးအနက် ထားသည့် စကားလုံးမှာ ‘‘ခင်ဗျား’’ ဖြစ်ပါက ထိုစကားလုံးများကို ခင်ဗျား အမှန်တကယ် ပြောခဲ့ကြောင်း သံသယမရှိကြောင်း ဆိုလိုပါသည်။ သင်မပြောဘူးဟု လည်းကောင်း၊ အခြားတစ်ယောက်က ပြောသည်ဟုလည်းကောင်း ကျွန်ုပ်တို့ မယူဆပါ။ သင်ပြောသည်ကို ကြားလိုက်သည့်အတွက် ကျွန်ုပ်တို့၏ ကြားသိမှုသည် မမှားယွင်းကြောင်း အပြည့်အဝ ယုံကြည်မိပါသည်။

အကယ်၍ ‘‘ဒီစကားလုံးတွေ’’ အပေါ် အလေးအနက်ထားပါက ‘‘ခင်ဗျား ဒီစကားလုံးတွေ ပြောတာကို နားလည်ပါတယ်’’ ဆိုသည်မှာ အခြားအဓိပ္ပာယ် ဖြစ်နိုင်ပါသည်။ ‘‘ခင်ဗျား ပြောတဲ့ စကားလုံး တစ်ခုချင်းကို နားလည်ပါတယ်။ စကားလုံး၊ စကားစုတွေရဲ့ နောက်ခံအဓိပ္ပာယ်ကို အပြည့်အဝ နားလည်ချင်မှာ နားလည်ပါမယ်။ ဒါက နောက်ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီစကားလုံးတွေ နဲ့ ဒီစကားစု နဲ့ ဒီဝါကျ ကို ခင်ဗျားပြောတာ မှန်မှန်ကန်ကန် နားလည်ပါတယ်။’’ ပြောလိုက်သည့် စကားလုံးများကို အတိအကျ ကြားသိကြောင်း သေချာရန် လိုပါသည်။ ကျွန်ုပ်တို့ ကြားသလို အခြားသူများကလည်း ထိုစကားလုံးများကို ကြားသိကြောင်း သေချာအောင် အခြားသူများကို မေးကြည့်နိုင်ပါသည်။ အသံဖမ်းထားပါက နားထောင်နိုင်ပါသည်။ ပြောသူ၏အသံနှင့် ဖမ်းထားသောအသံက ရှင်းလင်းပါက စကားလုံးများကို မှန်မှန်ကန်ကန် ကြားသိကြောင်း ယုံကြည်နိုင်ပါသည်။ မရှင်းလင်းပါက အခြားသူများ ဘာကြားသလဲ အကူအညီတောင်း မေးမြန်းနိုင်ပြီး ကျွန်ုပ်တို့ ကြားသောအရာနှင့် နှိုင်းယှဉ်နိုင်ပါသည်။ တရားတော်များ၏ အသံဖမ်းထားမှုများကို အားကိုးသောအခါ ဤသို့ပြုလုပ်ရန် အလွန် အရေးကြီးပါသည်။ ထို့ကြောင့် နာယူမှုမှ ရရှိသည့် ခွဲခြားသိရှိသော ပညာကိုသုံးကာ ထိုစကားလုံးများကို မှန်ကန်စွာနှင့် ပြတ်သားစွာ နားလည်ကြောင်း ဆုံးဖြတ်ရပါမည်။

စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်း

ယခုအခါ နားလည်မှုအတွက် ထိုလုပ်ငန်းသုံးခုမှ ဒုတိယအဆင့် ဖြစ်သည့် တွေးတောမှု ဆိုသည်မှာ စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်မှု ဖြစ်ပြီး မဖြစ်မနေ လိုအပ်ပါသည်။ အကျိုးပြု အလေ့အထ တစ်ခုခု ရရှိလိုပါက စကားလုံးများကိုသာမက စကားလုံးများ၏ အဓိပ္ပာယ်ကိုလည်း သိရှိရန် လိုပါသည်။ ဥပမာ၊ အချို့လူများက တိဘက်ဘာသာဖြင့် ဂါထာများ ရွတ်ကြသော်လည်း ဘာဆိုလိုသည်ကို မသိကြပါ။ စကားလုံးများ၏ အဓိပ္ပာယ်ကိုမျှ မသိလျှင် အကျိုးပြု အလေ့အထအဖြစ် တစ်ခုခုကို မည်သို့လျှင် ရရှိနိုင်ပါမည်နည်း။

တိဘက် ဗုဒ္ဓဘာသာ ဆရာတော်များစွာက တိဘက်ဘာသာစကားဖြင့် ဘုရားစာရွတ်ခြင်းနှင့် ကျင့်ကြံမှုအမျိုးမျိုးကို ထောက်ခံထားကြောင်း တွေ့ရပါမည်။ ယင်းတို့မှာ ရာစုနှစ်နှင့်ချီသော ဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်သည့် အကျိုးကျေးဇူးများ ရှိပါသည်။ အစဉ်အလာတစ်ခု၌ သင်ပါဝင်ကြောင်း ခံစားရပါသည်။ နိုင်ငံစုံ၊ ဘာသာစကားစုံ လူအများက တစ်ခုတည်းကို ရွတ်ဆိုနေကြသည်ဟုသိလျှင် စိတ်သက်သာရာ ရပါသည်။ သို့သော် တိဘက်ဘာသာစကားဖြင့် ရွတ်ဆိုခြင်းမှာ တိဘက်ဘာသာ နားမလည်ပါက ထိုစကားလုံးများ၏ အဓိပ္ပာယ်အတိုင်း အကျိုးပြု အလေ့အထ ရရှိအောင် ကျွန်ုပ်တို့ကို အထောက်အကူ ပြုမည်မဟုတ်ပါ။ ထို့ကြောင့် အဓိပ္ပာယ် နားလည်ရန် လိုပါသည်။ ထိုအဓိပ္ပာယ်မှာလည်း တိကျပြတ်သားရပါမည်။ တစ်ခုခု၏ ဆိုလိုရင်းနှင့် ယင်း၏ ဆိုလိုရင်း မဟုတ်သောအရာကို ခွဲခြားသိရှိသော ပညာကို အသုံးပြုရမည်ဟု ဆိုလိုပါသည်။ စကားလုံးများက အမှန်တကယ် ဘာကိုဆိုလိုကြောင်း ပြတ်သားစွာ နားလည်သဘောပေါက်လာအောင် ဝေဖန်ဆန်းစစ်မှုနှင့် ယုတ္တိကျစွာ ကျိုးကြောင်းဆက်စပ်မှုဖြင့် ထိုသို့ ဆောင်ရွက်ရပါမည်။

တရားတော် စကားလုံးများ၏ ဆိုလိုရင်းကို ယုံကြည်လာခြင်း

ပြတ်သားသော နားလည်မှု ရရှိခြင်းအကြောင်း ပြောသောအခါ တစ်ခုခုကို အမှန်တကယ် ယုံကြည်လာပုံဆိုသည့် အလွန်ခြားနားသော နောက်ထပ် အကြောင်းရပ်တစ်ခု ပေါ်လာပါသည်။ မထင်ရှားသလို အာရုံသိရှိမှုဖြင့် မသိနိုင်သော တစ်ခုခုကို အမှန်တကယ် ယုံကြည်လာရန် ယုတ္တိဗေဒကို အားကိုးရန် လိုပါသည်။ သို့သော် ယုတ္တိကျကျ ပြောလိုက်သောအခါတွင်လည်း ကျိုးကြောင်းဆီလျော်စွာ သက်သေပြသည်ကို မယုံသူအချို့ ရှိပါသည်။ အချို့ကိစ္စတွင် သူတို့သည် ယုတ္တိကျသော ကောက်ချက်ချမှုကိုပင် မယုံကြည်လိုကြပါ။ ကျွန်ုပ်တို့သည် ထိုသို့ဖြစ်နေပါက ဓမ္မကို လေ့လာရာတွင် ကြီးစွာသော အဟန့်အတား ဖြစ်လာနိုင်ပါသည်။

သို့သော် ယုတ္တိ ကောက်ချက်ဆွဲမှုကို လက်ခံသည်ဟု ဆိုပါစို့။ ထိုအခါ ဝေဖန်ဆန်းစစ်ပြီး ကျိုးကြောင်းဆက်စပ်သည့် နမူနာအဖြစ် မမြဲခြင်း အကြောင်း လေ့လာပါမည်။ ကျွန်ုပ်တို့ သက်သေပြပြီး နားလည်လိုသည့်အရာမှာ အကြောင်းတရားနှင့် အခြေအနေများပေါ်မူတည်ပြီး ဖန်တီးဖြစ်ပေါ်လာသော အရာတိုင်း အဆုံးသတ်သွားရမည် ဆိုသည့်အချက် ဖြစ်ပါသည်။ ကွန်ပျူတာ၊ ကား၊ ခန္ဓာကိုယ် သို့မဟုတ် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး စသည့် မည်သည့်အကြောင်း ပြောသည်ဖြစ်စေ အကြောင်းတရားနှင့် အခြေအနေများပေါ် မူတည်ပြီး ဖြစ်ပေါ်လာပါသည်။ ထို့ပြင် ဤအကြောင်းတရားနှင့် အခြေအနေများကို အချိန်တိုင်း အသစ်ပြန်ဖြစ်နေခြင်း မဟုတ်ပါ။ ယင်းတို့ကြောင့် ဖြစ်ပြီး ယင်းတို့အပေါ် တည်မှီသည့် ဖြစ်ပေါ်လာသောအရာသည် နောက်ဆုံးတွင် ပျက်စီးသွားပါမည်။

သင်ဝယ်ယူထားပြီး နောက်ဆုံးတွင် ပျက်စီးချို့ယွင်းသွားသော ပစ္စည်းတစ်ခုခုကို စဉ်းစားကြည့်ပါ။ ဥပမာ၊ ကားအသစ်တစ်စီး ဝယ်ပြီး နောက်ဆုံးတွင် ပျက်သွားခြင်း၊ စိုက်ထားသော ပန်းပွင့် သို့မဟုတ် သစ်သီးက နောက်ဆုံးတွင် ပုပ်သွားခြင်း ဖြစ်သည်။ ခြွင်းချက်ဟူ၍ မရှိပါ။ လုံးဝမပျက်စီးဘဲ ထာဝရတည်ရှိအောင် ထုတ်လုပ်ထားသောအရာဟူ၍ မရှိပါ။ ဖန်တီးထုတ်လုပ်လိုက်ပါက၊ ဆိုလိုသည်မှာ ယခင်က မရှိပါက ပျက်စီးရပါမည်။ ဘာကြောင့်နည်း။ အသစ်ဖြစ်လာသော တစ်စုံတစ်ခုသည် အကြောင်းတရားနှင့် အခြေအနေများပေါ်တွင် တည်မှီ၍သာ ပေါ်ထွက်လာရပါသည်။ သို့သော် ထိုသို့ပေါ်ထွက်ပြီးပြီးချင်းမှာပင် ကနဦးပေါ်ထွက်အောင် ပံ့ပိုးခဲ့သည့် အကြောင်းတရားနှင့် အခြေအနေများက ပြောင်းလဲသွားပါပြီ။ ၎င်းတို့သည်လည်း အခြားသော အကြောင်းတရားနှင့် အခြေအနေများပေါ် မူတည်ပြီး  ပေါ်ထွက်လာသောကြောင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် နောက်ဆက်တွဲ အခိုက်အတန့်များတွင် ထိုအရာ ဆက်လက် ပေါ်ထွက်အောင် တည်ရှိနေခြင်း မရှိတော့ပါ။ တစ်နည်းဆိုရသော် တစ်စုံတစ်ခု ပေါ်ထွက်ရန်အတွက် အကြောင်းတရားနှင့် အခြေအနေများ မရှိတော့သောအခါ ယင်းသို့ပံ့ပိုးသောအချက်များကို တည်မှီပြီး ပေါ်ထွက်သောအရာတိုင်း ပျက်ယွင်းသွားပါမည်။ မူလက ယင်းကို ပေါ်ထွက်စေသော အခြေအနေများ ဆက်လက်ဖြစ်ပေါ်အောင် ပံ့ပိုးသည့်အချက်များ မရှိတော့သည့်အတွက် ထိုသို့ ပျက်ယွင်းသွားခြင်း ဖြစ်ပါသည်။ အခြားသော အကြောင်းတရားနှင့် အခြေအနေများ၏ သက်ရောက်မှုကြောင့် ယင်း၏ အခြေအနေသည် ပြောင်းလဲလာပါမည်။

နောက်ထပ် ဥပမာတစ်ခုမှာ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး ဖြစ်သည်။ တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေးသည် အကြောင်းတရားနှင့် အခြေအနေများစွာပေါ်၌ မူတည်ပြီး ဖြစ်ပေါ်လာပါသည်။ ဥပမာ၊ ကျွန်ုပ်သည် အသက်အရွယ်တစ်ခုသို့ ရောက်နေချိန်တွင် တစ်ဖက်လူကလည်း အသက်အရွယ်တစ်ခုသို့ ရောက်နေသည်။ ကျွန်ုပ်၏ ဘဝတွင် ဤသို့ ဖြစ်နေချိန် တစ်ဖက်လူ၏ ဘဝတွင် ထိုသို့ ဖြစ်နေသည်။ လူ့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့ပင် ဖြစ်နေပါသည်။ ကျွန်ုပ်တို့နှစ်ဦး တွေ့ဆုံပြီး ဆက်ဆံရေး ပေါ်ပေါက်အောင် ဤအချက်အားလုံးက ပံ့ပိုးပါသည်။ သို့သော် ထိုအခြေအနေများက တာရှည်မခံပါ။ အမြဲတမ်း ပြောင်းနေပါသည်။ ကျွန်ုပ်တို့သည် အသက်ကြီးလာပြီး ဘဝတွင် မတူညီသောအရာများ ဖြစ်ပျက်နေပါသည်။ အလွန်အချိန်ကြာမြင့်စွာ အတူနေခဲ့လျှင်ပင် တစ်ယောက်ယောက်က စောပြီး သေဆုံးရပါမည်။ အကြောင်းတရားနှင့် အခြေအနေများပေါ် မူတည်သည့်အတွက် ကျွန်ုပ်တို့အကြား ဆက်ဆံရေးသည် အမြဲတမ်း ပြောင်းလဲနေပြီး ထာဝရ မတည်မြဲနိုင်ပါ။ ယုတ္တိဖြင့် ဤသို့ကောက်ချက်ဆွဲလိုက်သော်လည်း ကျွန်ုပ်တို့သည် ဤအချက်ကို လက်မခံလိုကြပါ။

နောက်ထပ်ဥပမာတစ်ခုမှာ ကျွန်ုပ်တို့ ကွန်ပျူတာတစ်လုံး ဝယ်လိုက်သည်။ ထိုစက်သည် အမြဲတမ်း ရှိနေပြီး လုံးဝ မပျက်ဘူးဟု မျှော်လင့်မိသည်။ သို့သော် ပျက်ကိုပျက်ပါသည်။ ဘာကြောင့် စက်ပျက်ရသလဲ။ တည်ဆောက်ထားသည့် အတွက် ပျက်ရပါသည်။ စက်ပျက်ချိန် သို့မဟုတ် ချို့ယွင်းချိန်တွင် အမှန်တကယ် ဖြစ်ပေါ်သောအရာတိုင်းသည် ထိုစက်အဆုံးသတ်ရန် အခြေအနေတစ်ခုသာ ဖြစ်ပါသည်။ စက်ပျက်သည့် တကယ့် အကြောင်းရင်းမှာ တည်ဆောက်ထားမှု ဖြစ်ပါသည်။ ‘‘ဒီလူသေရတဲ့ အကြောင်းရင်းကဘာလဲ။ သူတို့ သေဆုံးရတဲ့ အကြောင်းရင်းက မွေးလာလို့ပါပဲ။’’ ဟု ပြောသလိုဖြစ်သည်။ ‘‘ဘဝရဲ့ အဓိပ္ပာယ်ကို သိပါသလား။ ၁၀၀% သေဆုံးနှုန်းရှိတဲ့ လိင်မှတစ်ဆင့် ကူးစက်သောရောဂါ ဖြစ်ပါတယ်။’’ ဆိုသည့် ဟာသတစ်ခုပင် ရှိပါသည်။ ကံမကောင်းချင်တော့ ထိုအချက်က မှန်နေပါသည်။ မမြဲခြင်းကို နားလည်အောင် ကြိုးစားခြင်းကဲ့သို့ အကြောင်းရပ်တစ်ခုကို စဉ်းစားသောအခါ ယုတ္တကို အသုံးပြုသည့်တိုင် ခုခံမှုများစွာ ရှိနေတတ်ပါသည်။ တင်ပြလာသော အချက်အလက်ကို ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ မယုံကြည်ချင်ကြပါ။ ထိုမမြဲခြင်းသည် ဘတ၏အမှန်တရားတစ်ခုဟု လက်မခံချင်ကြပါ။ ထို့ကြောင့်လည်း ထိုအကြောင်းရပ်ကို နက်နဲစွာ အမှန်တကယ် လေ့လာရန် ယုတ္တကို ထပ်ပြန်တလဲလဲ အသုံးပြရခြင်း ဖြစ်ပါသည်။

တွေးတောသည့် အလုပ်မှတစ်ဆင့် ‘‘နားလည်သဘောပေါက်မှု’’ ရရှိလာပြီး ‘‘တွေးတောမှုမှ ပေါ်လာသည့် ခွဲခြားသိရှိသော ပညာ’’ ဟု ခေါ်ပါသည်။ စကားလုံးများ၏ အဓိပ္ပာယ်ကို မှန်ကန်စွာ နားလည်ပါသည်။ ၎င်းကို ပြတ်သားမှုရှိပါသည်။ တစ်နည်းဆိုသော် ယုတ္တိကို လေ့လာထားကာ ယင်း၏ မဆိုလိုသော အရာကို ပယ်ရှားထားပါသည်။ ‘‘မမြဲခြင်းဆိုသည်မှာ ကွန်ပျူတာ ပျက်သွားနိုင်သည်ဟု မဆိုလိုပါ။ တစ်ချိန်ချိန်တွင် ကျိန်းသေ ပျက်သွားမည်ဟု ဆိုလိုပါသည်။’’ ထို့ကြောင့် ‘‘ဖန်တီးထားသော အရာတိုင်း ပျက်စီးမည်’’ ဆိုသည့် အမှန်တရားကို အခိုင်အမာ ယုံကြည်မှု ရှိရှိ၊ မရှိရှိ၊ မမြဲခြင်း၏ ဆိုလိုရင်းကို အနည်းဆုံးတော့ မှန်ကန်စွာ နားလည်လာပါသည်။

နာယူလိုက်သော တရားတော်သည် မှန်ကန်ပြီး အကျိုးရှိကြောင်း ယုံကြည်လာခြင်း

ဆက်လက်၍ ကျွန်ုပ်တို့သည် ကြားလိုက်သော စကားလုံးများ၏ ဆိုလိုရင်းကိုသာမက ၎င်းဆိုလိုရင်းမှာ မှန်ကန်ကြောင်း ယုံကြည်ရန် လိုပါသည်။ မမြဲခြင်းအကြောင်း ကျွန်ုပ်တို့၏ နမူနာတွင် ဝေါဟာရ၏ အဓိပ္ပာယ်ကို နားလည်ချင် နားလည်သော်လည်း အမှန်တကယ် မှန်ကန်မှု ရှိ၊ မရှိ ယုံကြည်ပါသလား။ အမှန်ပင် ယုံကြည်ပါသလား။ မမြဲခြင်းအကြောင်း ဆက်ပြီးတွေးနေသောအခါ ဥပဒေသ၏ ခြွင်းချက်တစ်ခုခုကို လုံးဝ မသိရှိနိုင်သောအခါ ထိုမမြဲခြင်းသည် အခြေခံ ဥပဒေသ ဖြစ်သည်ဟု အမှန်ပင် ယုံကြည်လာပါသည်။ တွေးတောသည့်အလုပ်က ဤသို့ ဖြစ်နိုင်ပါသည်- ‘‘ငါကျိန်းသေ ကွယ်လွန်မည်။ မွေးလာသော လူတိုင်း ကွယ်လွန်ခဲ့ကြသည်။ မွေးပြီး မသေသူဟူ၍ နမူနာပြစရာ တစ်ယောက်မှ မရှိပါ။ ဒါကြောင့် ငါလည်း မကွယ်လွန်ဘူးဟု ယုံကြည်စရာအကြောင်း တစ်ခုခု ရှိပါသလား။ မရှိပါ။’’

တစ်ချိန်ချိန်တွင် ကွယ်လွန်မည်ဟု ယုံကြည်ပါက ဤဘဝကို တတ်နိုင်သလောက် အဓိပ္ပာယ်ရှိအောင် ကြိုးစားပါမည်။ သေလုနီးပါး တွေ့ကြုံရသောအခါ တစ်ခါတစ်ရံ ဖြစ်တတ်သည်မှာ- ‘‘ငါအသက်ရှင်နေသေးတယ်။ လက်ကျန်ဘဝကို တတ်နိုင်သလောက် အဓိပ္ပာယ်ရှိအောင် ကြိုးစားချင်တယ်’’ ဟူ၍ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ သေဆုံးမှုကို ယုံကြည်လာရန်နှင့် လက်ကျန်အချိန်ကို အသုံးပြုဖို့ ယုံကြည်ချက် တည်ဆောက်ရန် သေလုနီးပါး အတွေ့အကြုံကို စောင့်နေစရာမလိုပါ။

ထို့ကြောင့် တွေးတောမှုမှတစ်ဆင့် အဓိပ္ပာယ်ကို မှန်ကန်တိကျစွာ အရင်ဆုံး နားလည်ရပါမည်။ ပြီးလျှင် မှန်ကန်ကြောင်း ယုံကြည်ပါသည်။ တတိယအဆင့်မှာ ဤသို့အမှန်ပင် ယုံကြည်ပါက မိမိအတွက် အကျိုးရှိပြီး ဘဝတွင် လုပ်ဆောင်ပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဟု ယုံကြည်ရန် လိုပါသည်။

အဓိပ္ပာယ်ကို နားလည်ခြင်း၊ မှန်ကန်ကြောင်း ယုံကြည်ခြင်းနှင့် အထောက်အကူပြုကြောင်း သေချာခြင်း စသည့် ထိုအရာအားလုံးသည် တွေးတောမှုမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသော ပညာ ရရှိရေး အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အလွန် အရေးကြီးသော အလုပ်ဖြစ်ပြီး အချိန်အများကြီး ယူပါသည်။ မိမိနာယူ၊ ဖတ်ရှုလိုက်သော တရားတော်တိုင်းကို ငြိမ်ငြိမ်ထိုင်ပြီး အလွန်နက်နဲစွာ တွေးရန် လိုပါသည်။ ထိုသို့မပြုပါက ဥပမာ၊ မမြဲခြင်းအကြောင်း တရားရှုမှတ်ရန် ကြိုးစားသောအခါ ထိုင်သာထိုင်ပြီး ဘာလုပ်ရမည်ကို သိတော့မည် မဟုတ်ပါ။ ထိုအခါ ‘‘လစ်ဟာသွားခြင်း’’ ဟုခေါ်သည့် မိန်းမောမှု ဖြစ်လာကာ ယင်းကိုပင် တရားရှုမှတ်ခြင်းဟု ယူဆလာပါသည်။ ဤသည်မှာ တရားရှုမှတ်ခြင်း လုံးဝမဟုတ်ပါ။ ထို့ကြောင့် တရားရှုမှတ်ခြင်းဆိုတာဘာလဲ။


တရားရှုမှတ်နည်း သုံးမျိုး

တရားတော်များ နာယူခြင်းနှင့် တွေးတောခြင်းပြုလုပ်ကာ ထိုနှစ်ချက်နှင့် ဆက်စပ်နေသည့် ခွဲခြားသိရှိသောပညာ သုံးမျိုးသုံးစား ပေါ်ထွက်လာပါသည်။  ထို့အတူ တရားရှုမှတ်ခြင်းသည် ‘‘တရားရှုမှတ်ခြင်းမှ ပေါ်ထွက်သည့် ခွဲခြားသိရှိသောပညာ’’ ကို ဖြစ်ပေါ်စေပါသည်။ ဤသိရှိမှုဖြင့် ကျွန်ုပ်တို့သည် အပြည့်အဝ စူးစိုက်ကာ အကျိုးပြု စိတ်အခြေအနေကို ရရှိလာနိုင်ပါသည်။ ထိုစိတ်အခြေအနေကို ရရှိရန် ကျွန်ုပ်တို့ရည်မှန်းထားသလို အခြားစိတ်အခြေအနေများ အားလုံးနှင့် တိကျပြတ်သားစွာ ခွဲခြားသိရှိနိုင်ပါသည်။ ဤသို့ ခွဲခြားသိရှိသောပညာ ပေါ်ထွက်ရန် ကျွန်ုပ်တို့သည် ရရှိလိုသော ဤစိတ်အခြေအနေကို အဖန်ဖန် ပေါ်ထွက်အောင် လေ့ကျင့်ပါသည်။ ဤသို့ ဆောင်ရွက်ရန် တရားရှုမှတ်နည်း အမျိုးအစားများစွာ ရှိသော်လည်း အတွေ့အများဆုံး သုံးမျိုးကိုသာ လေ့လာကြပါစို့။

အရာဝတ္ထုတစ်ခုကို အာရုံစိုက်ခြင်း

တရားရှုမှတ်မှု ပထမအမျိုးအစားတွင် အရာဝတ္ထုတစ်ခုကို အာရုံစိုက်မှု ပါဝင်ပါသည်။ မည်သည့်အရာဝတ္ထုကိုမဆို အာရုံစိုက်နိုင်ပြီး ထိုအရာဝတ္ထုပေါ်တွင် စူးစိုက်မှု ရရှိအောင် ကြိုးစားရပါမည်။ ဝင်လေထွက်လေ သိရှိမှုကို အာရုံစိုက်ခြင်း သို့မဟုတ် ဘုရားရှင်အား မြင်ယောင်ကြည့်ပြီး အာရုံစိုက်ခြင်း သို့မဟုတ် စိတ်၏သဘောသဘာဝကို အာရုံစိုက်ခြင်း စသည်ဖြင့်  မည်သို့ဖြစ်စေကာမူ အရာဝတ္ထုအပေါ် အာရုံစိုက်နေခြင်း ဖြစ်ပါသည်။ ထိုသုံးမျိုးမှာ တိဘက်ဗုဒ္ဓဘာသာတွင် စူးစိုက်မှုသမာဓိ ရရှိအောင် အသုံးအများဆုံး အရာဝတ္ထုသုံးမျိုး ဖြစ်ပါသည်။

ဤသို့ တရားရှုမှတ်နည်း၏ အဓိက အချက်မှာ ထိုအရာဝတ္ထုကို သမာဓိဖြင့် အာရုံစိုက်ကာ ထိုသို့စူးစိုက်နေစဉ်တွင် ဥပမာ၊ မမြဲခြင်းကဲ့သို့ တစ်နည်းနည်းဖြင့် သတိပြု ဆင်ခြင်ကြည့်ရန် ဖြစ်သည်။ ဤအရာဝတ္ထုအပေါ် ဤသို့ဆင်ခြင်ကာ စူးစိုက်ခြင်းဖြင့် ၎င်းသည် မမြဲကြောင်း အမှန်တကယ် သိရှိလာပါသည်။ တစ်ခုခုကို ထာဝရတည်နေမည်ဟု တွယ်တာမိတိုင်း ကျော်လွှားနိုင်အောင် ဤနည်းလမ်းက အလွန်အထောက်အကူ ပြုပါသည်။

နောက်ထပ် အသုံးတည့်သော ဥပမာတစ်ခုမှာ- တစ်စုံတစ်ယောက်နှင့် သင်က မိတ်ဆွေဖြစ်မိရာ သူက သင့်ကို ဖုန်းမဆက်သလို လာလည်းမလည်ပါ။ ထိုအခါ သင်ကအလွန် ဝမ်းနည်းမိသည်။ ဤဥပမာတွင် သင်နားလည်ရန်လိုပြီး လုံးဝ ယုံကြည်ထားရမည်မှာ- ‘‘ငါ့သူငယ်ချင်းရဲ့ ဘဝမှာ ငါတစ်ယောက်တည်း ရှိတာမဟုတ်ဘူး။ ငါ့အပြင် သူ့ဘဝထဲက တခြားလူတွေ ရှိတာပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အချိန်မပေးဘဲ ငါ့အတွက်ပဲ အချိန်ပေးရမယ်လို့ မျှော်လင့်တာက လုံးဝ အကျိုးအကြောင်း မသင့်တော်ပါဘူး။’’ ဟု စဉ်းစားရမည်။ ဤနေရာတွင် မဖြစ်နိုင်သော အရာတစ်ခုကို သင်က စိတ်ကူးယဉ် မှန်းဆနေပါသည်။ ထိုအချက်မှာ- ‘‘ငါက ငါ့သူငယ်ချင်းရဲ့ ဘဝမှာ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ်။’’ ဆိုသောအချက် ဖြစ်သည်။ ထိုအခါ သင့်သူငယ်ချင်းက သင့်အတွက် အချိန်မပေးသဖြင့် ဝမ်းနည်းလာသောအခါ ‘‘သူ့မှာ ငါ့အပြင် တခြားလူတွေ၊ တခြားကိစ္စတွေ ရှိတယ်။’’ ဟု သူ့ကို လေ့လာဆန်းစစ်မှုဖြင့် အာရုံစိုက်ရန် ကြိုးစားရပါမည်။

ထို့ကြောင့် တရားရှုမှတ်ခြင်းအကြောင်း ပြောနေသောအခါ ထူးဆန်းပြီး မှော်ဆန်သောအလုပ် တစ်ခုခုအကြောင်း ပြောနေခြင်း မဟုတ်ပါ။ စိတ်ကူးယဉ်ကမ္ဘာထဲ သွားနေခြင်း မဟုတ်ပါ။ တရားရှုမှတ်ခြင်းသည် ဘဝထဲမှ ဆင်းရဲဒုက္ခ၊ အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းရန် အလွန်လက်တွေ့ကျသော နည်းစနစ်များ ပါဝင်ပါသည်။

တရားရှုမှတ်နည်း ပထမအမျိုးအစားမှာ အရာဝတ္ထုတစ်ခုကို တစ်ခုသောနည်းဖြင့် အာရုံစိုက်ခြင်း ဖြစ်ပါသည်။ စူးစိုက်မှု သမာဓိဖြင့်ဖြစ်စေ၊ စောစောကပြောသည့် သူငယ်ချင်းကို အာရုံစိုက်သည့် နမူနာကဲ့သို့ နားလည်ပေးမှု၊ လေ့လာဆန်းစစ်မှု တစ်ခုခုဖြင့် ဖြစ်စေ အာရုံစိုက်ရပါသည်။

စိတ်အခြေအနေ ဖော်ထုတ်ခြင်း

ဒုတိယ တရားရှုမှတ်နည်းမှာ စိတ်အခြေအနေအချို့ ဖော်ထုတ်ရန် ဖြစ်သည်။ ဥပမာ၊ မေတ္တာ၊ ကရုဏာ ထားရှိကာ ယင်းအပေါ် ခံစားချက်ကို ဆက်လက်အာရုံစိုက်နေရပါသည်။ မေတ္တာ၊ ကရုဏာ ထားနေသောအရာအပေါ်တွင် အလေးထား ပြောနေခြင်း မဟုတ်ပါ။ စိတ်ခံစားချက် သို့မဟုတ် ခံစားချက် ဖြစ်ပေါ်လာရေးကို အလေးထားခြင်း ဖြစ်ပါသည်။

စိတ်ဆန္ဒ ဖော်ထုတ်ခြင်း

တရားရှုမှတ်နည်း တတိယအမျိုးအစားမှာ အရာဝတ္ထုအပေါ်တွင် ယင်းနှင့် ဆက်စပ်သော ရည်မှန်းချက်ရောက်လိုစိတ်ဖြင့် အာရုံစိုက်ခြင်း ဖြစ်သည်။ ဥပမာ၊ မဖြစ်သေးသော ကျွန်ုပ်တို့ကိုယ်တိုင် ဉာဏ်အလင်း ရရှိမှုအပေါ် ‘‘ငါသည် ထိုသို့ရရှိအောင် ကြိုးစားမည်။’’ ဆိုသော စိတ်ဆန္ဒဖြင့် အာရုံစိုက်ပါသည်။ ဤသည်မှာ ‘‘ဗောဓိစိတ္တ တရားရှုမှတ်ခြင်း’’ ဟုခေါ်သည်။ ‘‘နိုးကြားသောစိတ်’’ ဟု တစ်ခါတစ်ရံ ဘာသာပြန်သည့် ဗောဓိစိတ္တ အပေါ် တရားရှုမှတ်သောအခါ ကျွန်ုပ်တို့ အာရုံစိုက်နေသောအရာသည် ယေဘုယျအားဖြင့် ဉာဏ်အလင်း ရရှိမှု မဟုတ်သလို ဘုရားရှင်၏ ဉာဏ်အလင်းရရှိမှု အပေါ်တွင်လည်း မဟုတ်ပါ။ မိမိကိုယ်တိုင် ဉာဏ်အလင်းရရှိမှုအပေါ် အာရုံစိုက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဉာဏ်အလင်း ရရှိမှုသည် မဖြစ်ပေါ်သေးသော်လည်း ဖြစ်လာနိုင်သည်။ ဗုဒ္ဓ သဘောသဘာဝ အစွမ်းအစများနှင့် များစွာ ကြိုးစားအားထုတ်မှုပေါ် အခြေခံကာ ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်။ ထို့ကြောင့် ဤတတိယ တရားရှုမှတ်နည်းတွင် ခိုင်မာသော ရည်မှန်းချက်ဖြင့် ရရှိလိုသည့် အနာဂတ် ပန်းတိုင်ကို အာရုံစိုက်ပါသည်။

နေ့စဉ်ဘဝတွင် တရားရှုမှတ်နည်း သုံးမျိုး

ဤသို့ တရားရှုမှတ်နည်း သုံးမျိုးသည် ကျွန်ုပ်တို့နေ့စဉ်ဘဝ၌ ရရှိလိုသော အကျိုးပြု အလေ့အထများ ဖော်ထုတ်ပေးပါသည်။ တရားရှုမှတ်မှုသည် မိမိဘဝနှင့် ဆက်စပ်မှုမရှိသည့် အပိုဆောင်ရွက်ချက်တစ်ခု မဖြစ်ရန် အလွန် အရေးကြီးပါသည်။ တရားရှုမှတ်သည် အပျင်းပြေ ကိစ္စ မဟုတ်ပါ။ ဂိမ်းတစ်ခု မဟုတ်ပါ။ ဝါသနာ မဟုတ်ပါ။ မိမိဘဝတွင် ရရှိလိုပြီး နေ့စဉ်အသုံးပြုရမည့် အရည်အသွေးများ ရရှိအောင် ကူညီသည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ယခုဖော်ပြလိုက်သည့် နမူနာများသုံးပြီး ဤနည်းစနစ်များကို မည်ကဲ့သို့ အသုံးချရမည်ကို ပုံဖော်ကြည့်ကြပါစို့။ ပထမတရားရှုမှတ်နည်းကို ကျင့်ကြံသောအခါ အရာဝတ္ထုအပေါ်၌ အာရုံစိုက်ရာတွင် စိတ်ကို ငြိမ်အောင်ထားပြီး စူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပါသည်။ မိမိအလုပ်ကို စူးစိုက်ရန်သာမက တစ်ယောက်ယောက်နှင့် စကားပြောနေချိန် တွင်လည်း စူးစိုက်ပါသည်။ ထိုသူ့အပေါ် စူးစိုက်နေသလို သူပြောတာကိုလည်း စူးစိုက်ပါသည်။ အခြားကိစ္စ အလုံးစုံကို စိတ်က တွေးတောနေခြင်း မဟုတ်ပါ။ ‘‘အို။ ဒါက တကယ်တုံးတာပဲ’’ သို့မဟုတ် ‘‘သူဆက်မပြောရင် ကောင်းမယ်’’ စသည်ဖြင့် စိတ်ကမှတ်ချက်ပေးမနေဘဲ၊ သူပြောသမျှကို အကဲမဖြတ်ဘဲ နားထောင်လိုပါသည်။ ထိုသို့ စိတ်ဖြင့် စကားပြောနေမှုကို ငြိမ်သွားစေရပါမည်။ ‘‘သူလည်း လူသားပဲ။ ငါ့လိုပဲ ခံစားချက် ရှိမှာပေါ့။ ငါပြောနေရင် ငါ့ကို အာရုံစိုက်စေချင်သလို သူပြောနေရင် အာရုံစိုက် ခံချင်မှာပေါ့။’’ ဟူ၍ လေ့လာဆန်းစစ်မှုဖြင့် ထိုသူနှင့် သူ့စကားလုံးများအပေါ် စူးစိုက်မှု အားဖြည့်ပေးနိုင်ပါသည်။ ဤသည်မှာ စူးစိုက်မှု တရားရှုမှတ်ခြင်းမှတစ်ဆင့် လေ့ကျင့်ရမည့်အရာ ဖြစ်ပါသည်။

စိတ်အခြေအနေ ဖော်ထုတ်သည့် ဒုတိယ တရားရှုမှတ်နည်းကို အသုံးပြုကာ နေ့စဉ်ဘဝ၌ ရှိထားသည့် မေတ္တာ၊ ကရုဏာတို့ကို တိုးပွားအောင် ပြုလုပ်နိုင်ပါသည်။ မည်သည့်နေရာတွင်၊ မည်သူနှင့် ရှိနေသည်ဖြစ်စေ၊ လူတိုင်း ပျော်ရွှင်စေလိုသော ဆန္ဒ ဆိုသည့် မေတ္တာကို ဖော်ထုတ်ရန် ကြိုးစားပါသည်။ ဤနေရာတွင် မေတ္တာ ဆိုသည်မှာ လူတိုင်း အတွက်ထားရှိသော မေတ္တာကို အမှန်ပင် ဆိုလိုပါသည်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ကားလမ်းပိတ်နေသော နေရာ၊ စတိုးဆိုင်များမှ လူတိုင်းသာမက တိရစ္ဆန်နှင့် အင်းဆက်များ အားလုံးကို ဆိုလိုပါသည်။ ထို့ကြောင့် အားလုံးအတွက် လေးစားမှုရှိလာရန် ဆိုလိုပါသည်။ လူတိုင်းသည် ပျော်ရွှင်လိုပြီး၊ ဝမ်းနည်းမှုကို အလိုမရှိရာတွင် တူညီကြပါသည်။ ထို့ပြင် ယင်ကောင်အပါအဝင် အားလုံးသည် ပျော်ရွှင်ရန် တူညီသော အခွင့်အရေး ရှိကြပါသည်။

နောက်ဆုံးတွင် ဘဝတစ်လျှောက် ထားရှိသည့် စိတ်ဆန္ဒ ရရှိရန် တရားရှုမှတ်ခြင်းကို အသုံးပြုပါသည်။ ‘‘ရည်မှန်းချက်ရောက်အောင် ကြိုးစားနေတယ်။ အားနည်းချက်တွေ နည်းသွားအောင် ကြိုးစားနေတယ်။ အရည်အသွေးကောင်းတွေ ရရှိရေးအတွက် အားထုတ်နေတယ်။ လွတ်မြောက်မှု၊ ဉာဏ်အလင်းရရှိမှုတို့အတွက် ကြိုးစားနေတယ်။’’ ဆိုသည့် စိတ်ဆန္ဒ ဖြစ်သည်။ ထိုစိတ်ဆန္ဒသည် ထိုင်ခုံပေါ် ထိုင်နေသည့် တိုတောင်းသော ကာလတွင်သာ မဟုတ်ဘဲ ကျွန်ုပ်တို့ ဘဝတစ်ခုလုံးတွင် စိမ့်ဝင်နေပါသည်။

အကျိုးပြု စိတ်အခြေအနေ ရရှိရေးအတွက် ဆုန်ခပ၏ အကြံဉာဏ်

တိဘက်ဆရာတော်ကြီး တစ်ပါးဖြစ်သော ဆုန်ခပ က ထိုတရားရှုမှတ်နည်းအားလုံးကို ကျွန်ုပ်တို့ အမှန်တကယ် သိရှိရန် လိုအပ်သောအရာကို သေချာ ရှင်းပြထားပါသည်။ တစ်နည်းဆိုသော် တရားရှုမှတ်ရန် အခြေခံ အုတ်မြစ်အဖြစ် အကျိုးပြု စိတ်အခြေအနေ ဖော်ထုတ်နည်း ဖြစ်ပါသည်။

သင်အာရုံစိုက်နေသောအရာကို သိရှိခြင်း

ပထမဦးစွာ ကျွန်ုပ်တို့ အာရုံစိုက်နေသောအရာကို ဘာမှန်းသိရှိရန် လိုပါသည်။ ကရုဏာကို နမူနာအနေနှင့် ကြည့်ကြပါစို့။ ကရုဏာကို အာရုံစိုက်ရာတွင် အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်နေပါသည်။ ဤသည်မှာ မဖြစ်သေးသည့် ကိုယ်ပိုင် ဉာဏ်အလင်းရရှိမှုအပေါ် အာရုံစိုက်ရသည့် ဗောဓိစိတ္တနှင့် အတော်လေး ကွာခြားပါသည်။ အချို့လူများက ကရုဏာဖြင့် တရားရှုမှတ်နေသည်ကို ဗောဓိစိတ္တဖြင့် တရားရှုမှတ်နေသည်ဟု ထင်မှတ်နေကြပါသည်။ ကရုဏာသည် ဗောဓိစိတ္တအတွက် အခြေခံ ဖြစ်သော်လည်း ကရုဏာနှင့် ဗောဓိစိတ္တသည် မတူကြပါ။

၎င်း၏အစိတ်အပိုင်းအားလုံးကို သိရှိခြင်း

အာရုံစိုက်သော အရာဝတ္ထု အတိအကျကို ဆုံးဖြတ်ပြီးသောအခါ၊ ဤနေရာတွင် အခြားသူများ၏ ဆင်းရဲဒုက္ခကို ကရုဏာဖြင့် အာရုံစိုက်သည့်အရာ အဖြစ် ဆုံးဖြတ်ပြီးသောအခါ ထိုအရာဝတ္ထု၏ အစိတ်အပိုင်းအားလုံးကို သိရှိရန် လိုပါသည်။ ထို့ကြောင့် လူတိုင်းကြုံတွေ့ရသော ဆင်းရဲဒုက္ခ၏ အစိတ်အပိုင်း အမျိုးမျိုး သို့မဟုတ် အမျိုးအစားများကို လေ့လာပါသည်။ ယင်းတို့မှာ ဝမ်းနည်းခြင်း၊ ကျွန်ုပ်တို့၏ ပုံမှန် ပျော်ရွှင်မှု အမျိုးအစား၊ ကံ၏ စိတ်လိုက်မာန်ပါ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း၊ ပြန်လည်မွေးဖွားမှု ထိန်းချုပ်မရအောင် အဖန်ဖန် ဖြစ်ပေါ်နေသည့် ဆင်းရဲဒုက္ခ စသည်တို့ ဖြစ်သည်။ ဝမ်းနည်းခြင်း၊ မိမိအလုပ်ပြုတ်သည့် အခက်အခဲများကဲ့သို့ ကိစ္စ အနည်းငယ်ကြောင့် ဆင်းရဲဒုက္ခ ဖြစ်သည့် အမျိုးအစား တစ်ခုတည်းကိုသာ အာရုံစိုက်ခြင်း မဟုတ်ပါ။ မဟာ ကရုဏာနှင့် ပတ်သက်လျှင် တိရစ္ဆာန်များ အပါအဝင် စကြဝဠာတစ်ခွင့် အားလုံးကြုံတွေ့ရသော ဆင်းရဲဒုက္ခ အစိတ်အပိုင်း အားလုံးပေါ်၌ အာရုံစိုက်ပါသည်။

၎င်းကို ကျွန်ုပ်တို့စိတ်က ဆက်စပ်ပုံကို သိရှိခြင်း

ထို့နောက် ထိုအရာဝတ္ထုကို ကျွန်ုပ်တို့၏စိတ်က ဆက်စပ်ပုံကို သိရှိရန်လိုပါသည်။ ကျွန်ုပ်တို့၏စိတ်သည် အခြားသူများ၏ ဆင်းရဲဒုက္ခအားလုံး ကွယ်ပျောက်ပြီး လုံးဝပြန်ပေါ်မလာစေရန် ကရုဏာဖြင့် အာရုံစိုက်ပါသည်။ ‘‘အို။ ဆိုးလိုက်တာ’’ ဆိုသည့် သဘောထားမျှသာ မဟုတ်ပါ။ ဤနေရာတွင်လည်း ဤအတွေးသည် ဗောဓိစိတ္တနှင့် အလွန်ခြားနားပါသည်။ ကျွန်ုပ်တို့သည် မဖြစ်သေးသော ဉာဏ်အလင်းရရှိမှုကို ဗောဓိစိတ္တဖြင့် အာရုံစိုက်ပြီး ‘‘ငါရအောင် ကြိုးစားမယ်။ အဲဒီလိုရတဲ့အခါ အခြားသူများအကျိုးရှိလိမ့်မယ်’’ ဆိုသည့် ရည်မှန်းချက်ဖြင့် ဆက်စပ်ပါသည်။ ဤသည်မှာ အခြားသူများ၏ ဆင်းရဲဒုက္ခကို ကရုဏာဖြင့် ဆက်စပ်ပုံနှင့် အလွန်ခြားနားပါသည်။

၎င်းကို ရရှိအောင် ကူညီမည့်အရာကို သိရှိခြင်း

ထို့နောက် ဤစိတ်အခြေအနေ ရရှိအောင် ကူညီမည့်အရာကို သိရှိရန်လိုပါသည်။ ကျွန်ုပ်တို့၏ ဥပမာ၌ မိမိကိုယ်တိုင် ခံစားရသော ဆင်းရဲဒုက္ခနှင့် အလားတူ ရည်ရွယ်ချက် သို့မဟုတ် ခံစားချက်ထားရှိခြင်းဖြင့် ကရုဏာကို ပံ့ပိုးပါသည်။ ‘‘လွတ်လပ်ရန် ဆုံးဖြတ်ချက်’’ ဟုခေါ်ပြီး ‘‘စွန့်ပယ်ခြင်း’’ ဟု ဘာသာပြန်လေ့ ရှိပါသည်။ ၎င်းသည် ကိုယ်တိုင် ဆင်းရဲဒုက္ခအပေါ် အာရုံစိုက်ပြီး ထိုဆင်းရဲဒုက္ခနှင့် ယင်း၏ အကြောင်းတရားများမှ လွတ်ကင်းရန် ပိုင်းဖြတ်ထားပါသည်။ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်ကင်းစေလိုမှုသည် ဒေါသထွက်ခြင်းကဲ့သို့ သနားစရာ ဖြစ်စေသည့် အပြုအမူကို စွန့်လွှတ်လိုစိတ်လည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခမှ လွတ်ကင်းရန် အမှန်တကယ် ပိုင်းဖြတ်နိုင်သောအခါ ထိုသဘောထား၊ ထိုဆန္ဒကို မိမိကိုယ်ကို အာရုံစိုက်သည့် စွမ်းအားအတိုင်း အခြားသူများဆီသို့ ဦးတည်နိုင်အောင် ပံ့ပိုးပါလိမ့်မည်။

၎င်းကို ရရှိလာရေးတွင် ဖျက်ဆီးမည့်အရာကို သိရှိခြင်း

ဤစိတ်အခြေအနေ မဖြစ်ပေါ်အောင် တားဆီးမည့်အရာကိုလည်း သိရှိရန် လိုပါသည်။ ကရုဏာ မဖြစ်ပေါ်အောင် တားဆီးမည့်အရာသည် အခြားသူများကို အလေးအနက် မထားခြင်း၊ သူတို့၏ ဆင်းရဲဒုက္ခကို အလေးအနက် မထားခြင်း ဖြစ်သည်။ ယင်းကိုတန်ပြန်ခုခံရန်အတွက် ‘‘လူတိုင်း ပျော်ရွှင်လိုကြတယ်။ ဘယ်သူမှ ဝမ်းနည်းခြင်းကို အလိုမရှိကြဘူး။ ဆင်းရဲဒုက္ခက လွတ်ကင်းလိုတဲ့စိတ်ဟာ လူတိုင်းမှာ အတူတူပဲ။ အားလုံး အတူတူပါပဲ။ ငါ့မှာ ခံစားချက် ရှိသလို လူတိုင်းမှာ ခံစားချက်ရှိတယ်။ ဆင်းရဲဒုက္ခ ရောက်နေသူတိုင်း ငါ့ရဲ့ ဆင်းရဲဒုက္ခက နာကျင်သလို နာကျင်ကြတယ်။ ငါ့ရဲ့ ဆင်းရဲဒုက္ခကနေ လွတ်ချင်သလို သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ လွတ်ချင်ကြတယ်။’’ ဟု တွေးရန်လိုပါသည်။ ဤနည်းဖြင့် အခြားသူများအတွက် ထောက်ထားပြီး သူတို့ကို လေးစားလာပါသည်။ ထိုသို့ထောက်ထားလေးစားမှု မရှိပါက ရိုးသားစွာ ကရုဏာထားရန်အတွက် အနှောင့်အယှက် ဖြစ်နေပါလိမ့်မည်။

၎င်း၏အသုံးချမှုကို သိရှိခြင်း

ဆုန်ခပ က ဤသို့သော စိတ်အခြေအနေ ရရှိလာသည်နှင့် ဘာဆက်လုပ်ရမည်ကို သိရန်လိုသည်ဟု ဆက်ပြောပါသည်။ တစ်နည်းဆိုသော် ယင်းကိုအသုံးချနည်း ဖြစ်ပါသည်။ ‘‘ကရုဏာ ရှိပြီး ဘာဆက်လုပ်ရမလဲ။ ကောင်းပြီ။ အဲဒါကနေ အခြားသူတွေနဲ့ ဆက်ဆံရာမှာ ကူညီမယ်။ သူတို့ အကျိုးအတွက် ကြိုးစားနိုင်အောင် ကူညီလိမ့်မယ်။ ဉာဏ်အလင်းရရှိဖို့ အဆုံးစွန် ရည်မှန်းချက် ရရှိအောင် အမှန်တကယ် စိတ်အားမြှင့်တင်ပြီး တွန်းအားပေးလိမ့်မယ်။ အဲဒီအခါ တခြားသူတွေကို အကြီးအကျယ် ကူညီနိုင်တော့မယ်။ သူတို့ကို မကူညီနိုင်အောင် အခုတားဆီးနေတာက ငါ့ရဲ့ ကန့်သတ်ချက်တွေလို့ နားလည်ထားတယ်။ ဒါကြောင့် ငါ့ရဲ့ ကန့်သတ်ချက်တွေကို အမှန်ပဲ ကျော်လွှားချင်ပါတယ်။’’

၎င်းက ရှင်းလင်းဖယ်ရှားမည့်အရာကို သိရှိခြင်း

ဤစိတ်အခြေအနေက ဘာကို ဖယ်ရှားသလဲ။ ရှင်းလင်းသလဲဆိုသည်ကို နောက်တစ်ဆင့် သိရှိရပါမည်။ ကရုဏာသည် အခြားသူများကို လျစ်လျူရှုသော အေးစက်စက် ခံစားချက်ကို ဖယ်ရှားပါလိမ့်မည်။ အခြားသူများကို မကူညီချင်အောင် ပျင်းရိမှုကို ရှင်းလင်းပေးပါလိမ့်မည်။ မိမိကိုယ်တိုင် မကြိုးစားချင်အောင် ပျင်းရိမှုကို ကျော်လွှားရန် ကူညီပါလိမ့်မည်။ ဤသို့ အေးစက်စက် ခံစားချက်ကို ဖယ်ရှားခြင်းဖြင့် အခြားသူများကို ပို၍ကူညီနိုင်ပါသည်။ ကရုဏာ ထားရှိကာ တရားရှုမှတ်ရန်အတွက် ဤအချက်အားလုံးကို သိရှိပါက ဤသို့တရားရှုမှတ်ခြင်းကို ကောင်းစွာ ဆောင်ရွက်နေသည်ဟု အလွန်ပင် စိတ်ချလက်ချ ရှိနိုင်ပါပြီ။ ဘာလုပ်နေသလဲ၊ ဘာကြောင့် လုပ်နေသလဲကို အတိအကျ သိလာပါသည်။ ဤသို့ တရားရှုမှတ်ရန်အတွက် ကောင်းစွာ ပြင််ဆင်ထားပါသည်။ ထိုသို့မဟုတ်ပါက ရေမကူးတတ်ဘဲ ရေကူးကန်ထဲရှိ ရေနက်ပိုင်းသို့ ခုန်ဆင်းခြင်းနှင့် တူပါသည်။ ‘‘ကောင်းပြီ။ ထိုင်ပြီး တရားရှုမှတ်မယ်’’ ဟုပြောပြီး ဘာလုပ်ရမည်ကို မသိပါက အကျိုးရှိသောရလဒ်ကို မရရှိဖို့ များနေပါတော့သည်။

Top