ဓမ္မတရားတော်များ နာယူခြင်း

တရားရှုမှတ်သည့် အလုပ်

တရားရှုမှတ်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝကို ပြောင်းလဲတိုးတက်စေမည့် နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ မည်သို့နည်း။ တကယ်တော့ ကျွန်ုပ်တို့၏ဘဝအပေါ် ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်အခြေအနေများက သက်ရောက်မှု ရှိပြီး ယင်းတို့ကို ကျွန်ုပ်တို့၏ စားဝတ်နေရေးနှင့် စီးပွားရေး အခြေအနေ၊ အတူရှိနေသူများ အစရှိသည့် အချက်များက ထပ်မံ သက်ရောက်ပါသည်။ ဘဝအတွေ့အကြုံ အရ ကျွန်ုပ်တို့သည် အလုပ်၊ ကျန်းမာရေး၊ အပေါင်းအသင်းစသည့် ပြင်ပအရာများတွင် ပြောင်းလဲသော်လည်း စိတ်အခြေအနေနှင့် သဘောထားများ မပြောင်းလဲပါက ပြဿနာများ ထပ်ရှိနေမည်သာ ဖြစ်ပါသည်။ အပေါင်းအသင်း မည်မျှပင် ရှိစေကာမူ မလုံခြုံမှုကို ခံစားရနိုင်ပါသည်။ မည်မျှပင် ချမ်းသာကြွယ်ဝပါစေ၊ ဒေါသထွက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေရပါသည်။ ကျွန်ုပ်တို့၏ ပြင်ပ အခြေအနေများကို ပြောင်းလဲရုံဖြင့် ထိုအရာများက ပြောင်းလဲမသွားပါ။

ဘဝအရည်အသွေးကို အမှန်တကယ် ပြောင်းလဲပေးနိုင်ရန်အောင် စိတ်ကို အလုပ်ပေးရန် လိုသည့်အတွက် ဤနေရာတွင် တရားရှုမှတ်ခြင်း လိုအပ်လာပါသည်။ အသိဉာဏ်ဆိုင်ရာ အရည်အသွေးများ သို့မဟုတ် အာရုံစူးစိုက်မှု ရရှိပြီး ပျင်းရိမှုကို ကျော်လွှားခြင်းတို့ကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ ယင်းတို့ကို ရရှိအောင် အားထုတ်ရန် အရေးကြီးသော်လည်း စိတ်ခံစားချက် အခြေအနေတွင် အခြေခံ မလုံခြုံမှု၊ ဘဝနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှု စသည်ဖြင့် ပိုပြီးနက်ရှိုင်းရန် လိုပါသည်။

ဗုဒ္ဓဘာသာအရ တရားရှုမှတ်ခြင်း

ယခုအခါ တရားရှုမှတ်ခြင်းကို ဗုဒ္ဓဘာသာတွင်သာမက စနစ်အမျိုးမျိုးတွင်လည်း တွေ့နေရပါသည်။ ဗုဒ္ဓဘာသာအရ တရားရှုမှတ်ခြင်း ဆိုရာတွင် အထပ်ထပ် ဆောင်ရွက်နည်းဖြင့် စိတ်၏ အပြုသဘော အခြေအနေ ဖြစ်လာစေရေးကို ရည်ရွယ်ပါသည်။ အားကစား သမားတစ်ယောက် လေ့ကျင့်ခြင်း၊ ဂီတတူရိယာတစ်ခု သင်ယူခြင်းတို့နှင့် ဆင်တူပြီး အထပ်ထပ် ဆောင်ရွက်ရပါသည်။ သို့သော် တရားရှုမှတ်ရာတွင် အပြုသဘော စိတ်အခြေအနေကို ဖော်ထုတ်ခြင်းဖြင့် ယင်းကိုရင်းနှီးအောင် ဆောင်ရွက်ပါသည်။ အစပိုင်းတွင် ဖိအားများပြီး တမင်လုပ်ယူရနိုင်သော်လည်း အချိန်ကြာလာသောအခါ ထိုစိတ်အခြေအနေနှင့် သေချာရင်းနှီးလာကာ သဘာဝအလျှောက် အမှန်တကယ် ဖြစ်ပေါ်လာပါသည်။

ဤနည်းဖြင့် တစ်ခုခု ဖော်ထုတ်ရသည်ဆိုသော်လည်း မသင့်တော်သောအရာ တစ်ခုခု မဟုတ်ပါ။ စိတ်အခြေအနေ အသစ်တစ်ရပ် ဖော်ထုတ်ကြည့်သောအခါ သဘာဝမကျဘူးဟု မယူဆသင့်ပါ။ လူအတော်များများက ဘာမှ ပြောင်းလဲဖို့မလိုဘဲ ကိုယ့်သဘာဝအတိုင်း နေလျှင် အကောင်းဆုံးဟု ထင်ပါသည်။ သို့သော် သဘာဝ အခြေအနေအတိုင်း ရှိနေပါက ဘောင်းဘီထဲ ဆီးသွားမိနေပါလိမ့်မည်။ သို့သော် ဘဝတွင် တိုးတက်ကောင်းမွန်စေရန် နည်းအမျိုးမျိုးဖြင့် လေ့ကျင့်ရပါသည်။ စိတ်ကိုလည်း ထိုနည်းလည်းကောင်း ဆောင်ရွက်နိုင်ပါသည်။ ဆောင်ရွက်သင့်ပါသည်။

သဘာဝ အတိုင်းနေပါက အရာရာ အဆင်ပြေမည်ဟု ငြင်းခုန်နေ၍ မရပါ။ သဘာဝအတိုင်း ဆိုသည်မှာ အကောင်းဆုံးရလဒ် အမြဲတမ်း မဖြစ်စေသောကြောင့် ဖြစ်ပါသည်။ ကလေးငယ်တစ်ယောက် ငိုနေပြီး မိမိက ဒေါသထွက်လာပါက ကလေးအငိုတိတ်အောင် ရိုက်လိုက်သည်မှာ သဘာဝအလျှောက် ခံစားချက် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်သည်မှာ မကောင်းဘူး မဟုတ်ပါလား။ ညကြီးသန်းခေါင် ကလေးငယ် ထအော်သည့်အခါ ရိုက်ပစ်လိုက်မည်ဟု ပထမဆုံး သဘာဝအတိုင်း အတွေးဝင်လာသော်လည်း ထိုနည်းမှာ သင့်တော်သော နည်းမဟုတ်မှန်း ကျွန်ုပ်တို့သိကြပါသည်။

ကျွန်ုပ်တို့မှာ ဗုဒ္ဓဘာသာကို လေ့လာကျင့်ကြံရာတွင် မယုံနိုင်လောက်အောင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သော တရားရှုမှတ်ခြင်း ရှိပါသည်။ လေ့လာမှုနှင့် တရားရှုမှတ်မှုသည် ကွဲပြားသောအရာ နှစ်ခုဖြစ်ကြောင်း လူတို့က တစ်ခါတစ်ရံ မှားယွင်းစွာ အထင်ရောက်တတ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ တရားတော်များတွင် ထိုသို့လုံးဝမဟုတ်ပါ။


အကျိုးရှိသော အလေ့အထများ ဖော်ထုတ်ခြင်း

အကျိုးပြုသော အလေ့အထများ ဖြစ်ပေါ်လာရန်အတွက် ယင်းတို့ကို လေ့လာရန် လိုပါသည်။ သို့သော် ဤသို့လေ့လာမှုဖြင့် အဆုံးသတ်သွား၍ မရပါ။ ၎င်းကို မိမိ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပေါင်းစည်းရပါမည်။ တရားရှုမှတ်ခြင်းဖြင့် ပေါင်းစည်းရပါမည်။ စားစရာတစ်ခုခုကို ပါးစပ်ထဲ ထည့်ပြီး အရင်ဆုံး ဝါးမစားပါက ယင်းကို ချေဖျက်နိုင်မည် မဟုတ်သလိုပင် တရားတော်များကို စိတ်ထဲမထည့်ထားဘဲ၊ မတွေးတောဘဲ ထားပါက တရားရှုမှတ်မှုဖြင့် ယင်းတို့ကို ကြေညက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ အစားအသောက်လိုပင် ဝါးပြီး ပြန်ထွေးထုတ်လိုက်ပါက အဓိပ္ပာယ် မရှိပါ။ အစားအသောက်မှ အကျိုးကျေးဇူး ရရှိအောင် မျိုချပြီး ချေဖျက်ရပါသည်။

မည်ကဲ့သို့ စတင်တရားရှုမှတ်ရမည်နည်း။ ဆိုခဲ့သည့်အတိုင်း တရားရှုမှတ်ခြင်းသည် အစိတ်အပိုင်း သုံးပိုင်းပါရှိသော အလုပ်၏ တတိယအဆင့် ဖြစ်ပါသည်။ ဤသို့သော ဖွဲ့စည်းမှုကို အိန္ဒိယနိုင်ငံ စနစ်အားလုံးတွင် တွေ့ရပါသည်။ ဥပမာ၊ ဟိန္ဒူဘာသာ အစဉ်အလာ၏ ဥပနိသျှဒ်တွင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် အသုံးချသော နည်းစနစ်အများစုတွင် အိန္ဒိယနိုင်ငံမှ အခြား အစဉ်အလာ စနစ်များစွာနှင့် တူညီမှုများ ရှိသည်ကို လူအများစုက တန်ဖိုးထားကြပုံမရပါ။ သို့သော် နည်းစနစ်များ တူညီနိုင်သော်လည်း ဗုဒ္ဓဘာသာ၏ ထူးခြားချက်မှာ အဆက်အစပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ အမှန်တရားအပေါ် ကျွန်ုပ်တို့၏ နားလည်မှု၊ ကျွန်ုပ်တို့၏ စိတ်ဓာတ်တွန်းအား စသည်တို့ ဖြစ်ပါသည်။

အစိတ်အပိုင်း သုံးရပ်မှာ နာယူခြင်း၊ တွေးတောခြင်း သို့မဟုတ် စဉ်းစားသုံးသပ်ခြင်းနှင့် တရားရှုမှတ်ခြင်းတို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအရ တရားရှုမှတ် ကျင့်ကြံနေပါက ဗုဒ္ဓဘာသာ တရားတော်များကို ကြေညက်အောင် အသုံးချခြင်း ဖြစ်ပါသည်။

တရားတော်များကို နာယူခြင်း

ပထမအပိုင်းကို ဘာကြောင့် ‘‘နာယူခြင်း’’ ဟု ခေါ်ပါသလဲ။ ပထမအချက်မှာ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက တရားတော်များကို စာဖြင့်ရေးသားခြင်း မရှိပါ။ ထို့ကြောင့် တစ်ခုတည်းသော လေ့လာနည်းမှာ တစ်စုံတစ်ယောက်က မှတ်သားထားသည်ကို ပြန်ရွတ်ပြီး ရှင်းပြခြင်းအား နားထောင်ရန် ဖြစ်သည်။ ယခုအခါ တရားတော်အားလုံးကို ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် နာယူခြင်းမှာ အကျိုးထူး ရှိပါသလား။ တကယ်တော့ အကျိုးကျေးဇူးမှာ သက်ရှိထင်ရှား ဆရာတစ်ပါးနှင့် တိုက်ရိုက်ထိတွေ့ခြင်း ဖြစ်ပြီး ဆရာက ကျောင်းသားများ နားလည်စေလိုသော ဆန္ဒ ရှိပါသည်။ သူတို့ကို နည်းမျိုးစုံဖြင့် ရှင်းပြနိုင်ပါသည်။ မေးစရာများရှိပါက စာအုပ်ဖတ်ခြင်းလို မဟုတ်ဘဲ မေးမြန်းနိုင်ပါသည်။

နာယူရာတွင် အားနည်းချက်မှာ အာရုံမစိုက်မိပါက စာရွက်ပြန်ဖတ်ခြင်း၊ ပြန်ရစ်ပြီး နားထောင်ခြင်း ပြုလုပ်၍မရပါ။ လူအုပ်စုကြီးထဲတွင် ရောက်နေပါက မေးရမှာလည်း အားနာဖွယ် ဖြစ်သည်။ သင်နားမထောင်မိသည့်အတွက် ဆရာက နောက်ပြန်သွားပြီး ထပ်ပြောနေရပါမည်။ နောက်ဘက်တွင် ထိုင်နေပြီး ကောင်းကောင်း မကြားခြင်းလည်း ဖြစ်နိုင်ပါသည်။ အခန်းက ပူလောင်ပြီး သင်ကလည်း အိပ်ငိုက်နေနိုင်ပါသည်။ ဤသို့သော အားနည်းချက်များ ရှိပါသည်။ သို့သော် သင်ကပိုမိုအားစိုက်ရန် လိုသည်ဟုလည်း ဆိုလိုပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ တရားတော်များအတွက် ပြုစုပျိုးထောင်ရမည့် အရည်အသွေးတစ်ရပ်လည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ လေ့လာကျင့်ကြံမှုသည် ဘာမှမလုပ်ဘဲ ဖြစ်လာသောနည်းစနစ် မဟုတ်ပါ။

ဆရာတစ်ယောက်အတွက် ညွှန်ကြားချက်များမှာ တကယ်တော့ ကျောင်းသားအတွက် အလွန် လွယ်ကူအောင် မလုပ်သင့်ကြောင်း၊ ပထမအကြိမ်တွင် အလွန်ရှင်းရှင်းစွာ မရှင်းပြသင့်ကြောင်း ဆိုပါသည်။ ကျွန်ုပ်ကဲ့သို့ အချို့လူများအတွက်တော့ အလွန်ရှင်းလင်းစေလိုသည့်အတွက် ထိုအချက်က ခက်ခဲပါသည်။ ကျွန်ုပ်၏ဆရာတော် ဆခုန် ယင်းပိုချီ၏ ဘာသာပြန်သူဖြစ်ခဲ့စဉ်က သူက မည်ကဲ့သို့သင်ရမည်ကို သေချာစွာ သင်ကြားပေးခဲ့ပါသည်။ သူ့ညွှန်ကြားချက်များအတိုင်း ပြောရလျှင် ‘‘အစမှာ ရှင်းလင်းအောင် မရှင်းပြနဲ့ဦး။ ဘာကြောင့်လဲဆိုတော့ တကယ် စိတ်ဝင်စားတဲ့သူနဲ့ တခြားအကြောင်းပြချက်နဲ့ ရောက်လာတဲ့သူတွေကို ခွဲခြားလိုက်ဖို့ လိုသေးတယ်။ စိတ်ဝင်စားသူတွေက ထပ်မေးလိမ့်မယ်။ ကျောင်းသားတွေက ပိုပြီး လေ့လာဖို့ ကိုယ်တိုင် ဆန္ဒပြင်းပြလာဖို့က အရေးကြီးတယ်။’’ ဟူ၍ဖြစ်ပါသည်။

ကျောင်းသားတစ်ယောက် အနေနှင့် ဆရာက မရှင်းလင်းပါက နောက်ထပ် လာသင်ချင်တော့မည် မဟုတ်ကြောင်း သင်ကထောက်ပြနိုင်ပါသည်။ ထိုသို့ဆိုလျှင် ဆရာ၏ အရည်အသွေးများကို ဆန်းစစ်ဖို့ လိုပါသည်။ ဆရာက တကယ်ပင် အရည်အချင်း မပြည့်သည့်အတွက် မည်သို့ရှင်းလင်းရမည်ကို မသိခြင်းလား။ ထိုသို့ဖြစ်နေသူများစွာ ရှိပါသည်။ သို့တည်းမဟုတ် ဆရာက သင့်ကို ဇွဲလုံလနှင့် သည်းခံမှု ရှိလာအောင် အားပေးရန် အသေးစိတ် တမင်တကာ မပြောသေးတာလား။ နာယူမှု၏ အလုံးစုံ ရည်ရွယ်ချက်မှာ တရားတော်များကို တွေးတောရန်ဆိုသည့် ဒုတိယအဆင့် အတွက် ဖြစ်ပါသည်။ ဆရာက အဖြေကို သင့်အား အရင်စဉ်းစားအောင် ချက်ချင်းမပေးသေးပါက ပို၍ပင် အထောက်အကူ ပြုပါသည်။ ထိုအခါ တရားတော်များကို သင်ကိုယ်တိုင် လေ့လာဆန်းစစ်တတ်သည့် အရည်အသွေးလည်း ရရှိလာပါမည်။

တရားတော်များကို လေ့လာဆန်းစစ်ခြင်း

တရားတော်များကို လေ့လာဆန်းစစ်ကာ သင့်အတွက် အဓိပ္ပာယ်ရှိ၊ မရှိ သိရှိရန် အထူးအရေးအကြီးပါသည်။ သင်ဘယ်လို ထင်သလဲ လေ့လာကြည့်ပြီး သင့်အတွေးများကို ဝေဖန်ချက် ရယူပါ။ ဤသည်မှာ လူများသောအုပ်စုတွင် ခက်ခဲပါသည်။ အထူးသဖြင့် သင့်ဆရာကို တစ်နှစ်မှတစ်ခါ တွေ့ရပါက ပိုခက်ပါမည်။ ဤသင့်တော်ဆုံး ဖြစ်မည့်အရာကို ယခုပြောနေခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာစင်တာများစွာတွင် ဆရာကလည်း အမြဲမရှိသောအခါ စာဖတ်ခြင်း၊ အသံနားထောင်ခြင်းတို့ကို အားကိုးရပါသည်။ ထိုနည်းဖြင့် များစွာသင်ယူနိုင်ပါသည်။ ယင်းတို့ကို ဝတ္ထုဖတ်ခြင်း၊ အိမ်သာတက်ရင်း အပျင်းပြေဖတ်ခြင်းကဲ့သို့ သဘောထား၍ မရပါ။ ရိုသေလေးစားသောစိတ်ဖြင့် ဖတ်ရပါသည်။ ဖြည်းဖြည်းချင်း ဖတ်ပြီး အဓိက အချက်များကို စဉ်းစားရသည်။ ဆရာမရှိသည့် စင်တာမှာ သင်ရောက်နေပါက စာတော့ဖတ်လို့ရပါသည်။ အဓိက အချက်များ အတူဆွေးနွေးနိုင်ပါသည်။ အချို့လူများက ပိုပြီးနားလည် သဘောပေါက်ကာ အခြားသူများကို အသိအမြင် ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ‘‘အိမ်ရာမဲ့ ကျင့်ကြံသူများ’’ ဟုခေါ်နိုင်သူများလို ဖြစ်နေပါက ဗုဒ္ဓဘာသာ စင်တာတစ်ခုခုကို မသွားသလို အနီးအနားက စင်တာများမှာလည်း အဆင်မပြေပါက အွန်လိုင်းမှ ဗုဒ္ဓဘာသာ ဆွေးနွေးပွဲအုပ်စုကို အဆင်ပြေမည်ထင်လျှင် အကူအညီရအောင် ဝင်ရောက်နိုင်ပါသည်။

အခြားသူများနှင့် ဤကဲ့သို့ ဆက်သွယ်ခြင်းမှာ အလွန် အထောက်အကူ ပြုပါသည်။ ထိုသို့မဟုတ်ပါက တရားတော်များ သင်ယူခြင်းမှာ လက်တွေ့ဘဝကို မရည်ညွှန်းဘဲ အလွန်ပင် အသိဉာဏ်နှင့် ဆိုင်နေပါလိမ့်မည်။ ဤအတွက် အထူးအလေးအနက်ထားဖို့ လိုပါသည်။ တောင့်တင်းစွာ မပြုံးမရယ်ဘဲ ထိုင်နေရမည်ဟု မဆိုလိုပါ။ ဓမ္မအကြောင်း အမှန်ပင် နက်နက်နဲနဲ ဆွေးနွေးနေရမည်ဟု ဆိုလိုပါသည်။ ထို့ပြင် တစ်ယောက်ယောက်က ရယ်စာပြောခြင်း၊ အမှားလုပ်မိခြင်းတို့ ရှိလျှင်လည်း ရယ်မောလိုက်နိုင်ပါသည်။

အနောက်တိုင်းသားအချို့အတွက် ဤသို့ ဖြေလျှော့ပြီး တကယ် အလေးအနက်ထားခြင်းကို တစ်ပြိုင်နက် ပြုလုပ်ရန် အတော်လေး ခက်ခဲနိုင်ပါသည်။ ဤသည်မှာ တရားတော်များကို သင့်ဘဝတွင် ပေါင်းစည်းနိုင်ပုံကို ဖော်ပြပါသည်။ တကယ်တော့ ထိုအတွက် အခြေခံ ရည်မှန်းချက်တစ်ခုမှာ သင့်ကိုပိုမိုပျော်ရွှင်စေရန် ဖြစ်ပါသည်။ စစ်တပ်ထဲမှာလို စနစ်တကျ ရှိနေသေးလျှင် စိတ်ပျော်ရွှင်မှု အခြေအနေ မဟုတ်ပါ။ ပြီးပြည့်စုံမှု မရှိမည် သို့မဟုတ် အမှားပြုလုပ်မိကာ အပြစ်ပေးခံရမည် သို့မဟုတ် တစ်ခုခုဖြစ်မည်ကို ကြောက်ရွံ့နေပါသည်။ ဗုဒ္ဓဘာသာက ထိုကဲ့သို့ မဟုတ်ပါ။

မှောက်ထားသော ပန်းအိုး၊ ညစ်ပေနေသော ပန်းအိုး၊ ကွဲနေသော ပန်းအိုး

နာယူမှုအကြောင်း ဆက်ကြပါစို့။ ပန်းအိုးတစ်လုံးလို မဖြစ်အောင် တရားတော်များ မည်ကဲ့သို့ နာယူရမည်ကို အကြံပြုလိုပါသည်။ ပထမဦးစွာ မှောက်ထားသော ပန်းအိုးလို မဖြစ်ရပါ။ အကြောင်းမှာ အထဲကို ဘာမျှ မဝင်နိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖွင့်ထားသောစိတ် ရှိရပါမည်။ ကွဲနေသော ပန်းအိုးလိုလည်း မဖြစ်သင့်ပါ။ အရာရာ ဝင်လာပြီး ချက်ချင်း ပြန်စိမ့်ထွက်သွားပါသည်။ နောက်ဆုံးတွင် ညစ်ပေနေသော ပန်းအိုးကဲ့သို့လည်း မဖြစ်ရပါ။ ကြိုတင်မှန်းဆချက်များစွာ ရှိနေပြီး တရားတော်များကို လုံးဝရောထွေးကုန်ပါမည်။

ဗုဒ္ဓဘာသာ တရားတော်များ နာယူသောအခါ အခြားစနစ်များနှင့် မနှိုင်းယှဉ်မိအောင် သေချာရှောင်ရှား ရပါမည်။ ‘‘ဟိန္ဒူဘာသာမှာတော့ ဒီလိုပြောထားတယ်။ တာအိုဘာသာမှာ ဟိုလိုပြောထားတယ်။’’ ဆိုပြီး တွေးမိနိုင်ပါသည်။ ကျွန်ုပ်၏ဆရာတော်တစ်ပါးက ‘‘ကိုယ်တကယ် နားမလည်တာနှစ်ခုကို သွားနှိုင်းယှဉ်မိရင် အဓိပ္ပာယ် မရှိပါဘူး။ ရှုပ်ထွေးမှုပဲ ရလာလိမ့်မယ်။’’ ဟု ပြောလေ့ရှိပါသည်။ စနစ်နှစ်ခုစလုံးကို သေချာနားလည်ပါက နှိုင်းယှဉ်မိသည်မှာ အကျိုးရှိနိုင်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ တရားတော်များကို နားမလည်ပါက ‘‘ဒါက ဟိုလို၊ ဒီလို ဖြစ်နေမလား’’ ဆိုသည့် အတွေးများ ဘေးဖယ်ထားသင့်ပါသည်။ တရားတော်အတိုင်းသာ နာယူသင့်ပါသည်။ ထိုသို့မဟုတ်ပါက သင့်မှန်းဆချက်များနှင့် ရောထွေးကာ မှားယွင်းယုံသာမက ဆီလျော်မှုလည်း မရှိတော့ပါ။

ကွဲနေသောပန်းအိုးလို မဖြစ်ရန် အကြံပေးထားရာတွင် မိမိသင်ထားသမျှကို သတိမရခြင်းကို ဆိုလိုပါသည်။ မှတ်စုရေးရသည်ကို အချို့က နှစ်သက်ကြသော်လည်း နောက်ပိုင်းပြန်ကြည့်မိလျှင် ကောင်းပါသည်။ မည်သို့ဖြစ်စေကာမူ မှတ်ဉာဏ် အလွန်ကောင်းသူ မဟုတ်ပါက အဓိက အချက်များကို မှတ်သားထားသင့်ပါသည်။

အနောက်တိုင်းတွင် စိတ်ပညာကို လေ့လာရသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ စာမေးပွဲ ဖြေရခြင်း မရှိပါက တစ်ခုခုကို လေ့လာရန် များသောအားဖြင့် အားမထုတ်တော့ပါ။ စာမေးပွဲအောင်ရန် လေ့လာရပါသည်။ ခိုးချနိုင်ပါက ဘာလို့လေ့လာဦးမည်နည်း။ ဤနေရာတွင်မူ ထိုသို့လုပ်၍ မရပါ။ ဆရာက စာမေးခြင်း၊ အဆင့်ကောင်းကောင်း ပေးခြင်း၊ အတည်ပြုခြင်း မရှိပါ။ ကိုယ်တိုင် ကောင်းမွန်အောင် ကြိုးစားခြင်းက အဓိကအချက် ဖြစ်ပါသည်။ ဘုရားရှင် ဟောကြားသမျှကို ကျွန်ုပ်တို့က ယုံကြည်မှုလည်း ရှိပါက အခြားသူများ အကျိုးအတွက် ဖြစ်ပါသည်။ အခြားသူများနှင့် ယှဉ်ပြိုင်မှု မရှိပါ။ တရားတော်များကို မိမိအနေနှင့်သာ စဉ်းစားရန် လိုပါသည်။ ‘‘ဒီလူက ဒေါသထွက်နေတယ်။ ငါကမထွက်ဘူး။’’ ဟု မစဉ်းစားရပါ။ ဓမ္မကြေးမုံသည် ပြင်ပကို မဟုတ်ဘဲ မိမိကိုယ်ကို ပြန်ကြည့်ရန်ဖြစ်ပါသည်။

ဆေးပညာနှင့် နှိုင်းယှဉ်ပြသောနမူနာ

တရားတော်များ နာယူရန် နောက်ထပ်ညွှန်ကြားချက် တစ်ရပ်မှာ မိမိကိုယ်ကို ဖျားနာနေသူဟု လည်းကောင်း၊ ဘုရားရှင်နှင့် ဆရာတော်များကို ဆရာဝန်ဟုလည်းကောင်း၊ ဗုဒ္ဓတရားတော်များကို ဆေးဝါးဟုလည်းကောင်း ယူဆရန် ဖြစ်သည်။ အဆင့်မြင့် အသိဉာဏ် ရရှိပြီးသူများအားလည်း ကျွန်ုပ်တို့ကို ထောက်ပံ့ကူညီသည့် သူနာပြုများကဲ့သို့ ရှုမြင်နိုင်ပါသည်။ ပို၍ရိုးရှင်းစွာ ပြောရပါက ‘‘မိမိမှာ ပြဿနာများရှိတယ်’’ ဆိုသည်ကို အသိအမှတ်ပြုကာ ဗုဒ္ဓဘာသာ ကျင့်ကြံမှုထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်လာပါသည်။ ကျွန်ုပ်တို့တွင် ဖျားနာမှုရှိပြီး ယင်းမှာ တစ်ကိုယ်ကောင်းဆန်မှု သို့မဟုတ် ဒေါသ သို့မဟုတ် အခြားတစ်ခုခု ဖြစ်နိုင်ပါသည်။ ယင်းကို ကုသလိုပါသည်။ ဘုရားရှင်က အကြီးမြတ်ဆုံး ဆရာဝန်ဖြစ်ပြီး မိမိသည် ဤမျှအံ့အားသင့်ဖွယ် ဆေးကို ရတော့မည်။ မေ့ပစ်ရန် မဟုတ်ဘဲ ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါမည်။ တစ်ရက်မှ မပျက်ကွက်စေရပါ။ ဆေးတစ်ပုလင်းလုံးကို တစ်ကြိမ်တည်း သောက်မည် မဟုတ်ပါ။ ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် ပဋိဇီဝဆေး သောက်ရသည်နှင့် အနည်းငယ်တူပါသည်။ သတ်မှတ်အချိန်တွင် သတ်မှတ် ပမာဏကိုသာ သောက်ရပါမည်။ သောက်ရင်း ရပ်လိုက်ခြင်း၊ ရက်ကျော်ပြီး မသောက်မိခြင်းတို့ ဖြစ်နေပါက အကျိုးမရှိပါ။ ဤသည်မှာ ဗုဒ္ဓဘာသာကို ကျန်းမာရေး အခြေအနေကဲ့သို့ ရှုမြင်သည့် ညွှန်ကြားချက်တစ်ရပ် ဖြစ်ပါသည်။

နောက်ထပ် ညွှန်ကြားချက်မှာ တရားတော်များ ရရှိသောအခါ ကျွန်ုပ်တို့သည် သန့်ရှင်းသော ကုန်းမြေတွင် ရှိနေပြီး ဆရာက ဘုရားရှင်ဖြစ်ကာ ကျွန်ုပ်တို့က သန့်ရှင်းသော တရားတော်များ ရရှိနေသည်ဟု စိတ်ကူးနိုင်ပါသည်။ ဆရာက ဘုရားရှင်ကိုယ်တော်တိုင် ဖြစ်ကြောင်း တွေးရမည်ဟု မဆိုလိုပါ။ သူတို့နှင့် မိမိကိုယ်ကိုရော၊ တရားတော်များကိုပါ လေးစားမှု ထားရှိရန်သာ ဆိုလိုပါသည်။ တစ်ခုခုကို အလေးအနက် ဆောင်ရွက်နေသည်ဖြစ်ရာ ဝမ်းနည်းသော မျက်နှာဖြင့် ထိုင်နေရမည် မဟုတ်ပါ။ ပူအိုက်သော အခန်းကို လျစ်လျူရှုကာ သင်ကြားနေသမျှကို ပွင့်လင်းသောစိတ်ဖြင့် အာရုံစိုက်ရန်သာ ဖြစ်ပါသည်။

ပွင့်လင်းသောစိတ် ထားရှိခြင်း

ကျွန်ုပ်တို့သည် တရားတော်များကို ရွှေဝယ်သလို လေ့လာသင့်သည်ဟု ဘုရားရှင်က အလွန်အလေးအနက်ထား ဟောကြားတော်မူပါသည်။ သူ့ကို ယုံကြည်သောကြောင့် အရာရာ မယုံကြည်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် ပွင့်လင်းသောစိတ် ရှိရပါမည်။ ဘုရားရှင်သည် အပျော်သဘောဖြင့် အဓိပ္ပာယ်မဲ့သောအရာ တစ်ခုခု မသင်ကြောင်း ယူဆထားရပါမည်။ ထိုသို့သောစိတ် ရှိပါက တရားတော်များ ဘာကိုဆိုလိုကြောင်း လေ့လာဆန်းစစ်၍ ရပါသည်။ ထိုအခါ မှန်ကန်အကျိုးရှိသော အရာကို လက်ခံကျင့်သုံးနိုင်ပါသည်။ အတိတ်နှင့် အနာဂတ် ဘဝများအကြောင်း နမူနာ ယူဆချက်ကို ဥပမာပေးလိုပါသည်။

ကျွန်ုပ်သည် တကယ့် အနောက်တိုင်း ပုံစံဖြင့် ကြီးပြင်းလာပြီး ဗုဒ္ဓဘာသာကို စတင်လေ့လာချိန်၌ အတိတ်နှင့် အနာဂတ် ဘဝအကြောင်း ယုံကြည်မှု တကယ်မရှိပါ။ အနောက်တိုင်းရှိ လူများတွေးခေါ်ပုံအတွက် ထူးဆန်းနေပါသည်။ နောင်ဘဝအကြောင်း သူတို့တွေးမိပါက ခရစ်ယာန်ဘာသာမှ ကောင်းကင်ဘုံ သို့မဟုတ် ငရဲပုံစံ နေရာသာ ဖြစ်ဖို့များပါသည်။ သို့သော် လူတိုင်းကို ယခင်ဘဝက မိခင်တော်စပ်ခဲ့ဖူးကြောင်း တွေးခြင်းမှာ တရားတော်များ၌ ပါဝင်နေရာ ထိုအကြောင်း နားမထောင်ဘဲ လွှင့်ပစ်မိနိုင်ပါသည်။

အစတွင် ဤကိစ္စအတွက် ကျွန်ုပ်၏ ချဉ်းကပ်မှုမှာ ‘‘ကောင်းပြီ။ အခုနားမလည်သေးပေမယ့် ပြန်လည်မွေးဖွားမှု ရှိတယ်လို့ ယူဆလိုက်တယ်။ ဒါကို ဆင်ခြေမတက်ဘူး။ ကွယ်ဝှက်မထားဘူး။ ဒါပေမယ့် နားလည်အောင် အချိန်ယူ ကြိုးစားရမယ်။’’ ဟု တွေးလိုက်ပါသည်။ အချိန်ကြာလာသောအခါ ပြန်လည်မွေးဖွားမှု အခြေခံဖြင့် တည်ဆောက်ထားသော အရာအားလုံးမှာ အကျိုးရှိပြီး မှန်ကန်နေသည်ကို တွေ့လာရပါသည်။ ထို့ကြောင့် ပြန်လည်မွေးဖွားမှုသည်လည်း မှန်ကန်နိုင်ပါသည်။

ပြန်လည်မွေးဖွားမှုနှင့် ပတ်သက်ပြီး ဗုဒ္ဓတရားတော်များက ဘာဆိုလိုသည်ကို မသိသောအခါ ပြန်လည်မွေးဖွားမှုကို နားလည်နိုင်မည်မဟုတ်ကြောင်း နောက်ပိုင်းတွင် သဘောပေါက်လာပါသည်။ ထိုသို့ ပိုမိုနက်ရှိုင်းသော အဆင့်ကို ရောက်ရန် လိုပါသည်။ ထိုမှတစ်ဆင့် ငရဲနှင့် ပြိတ္တာလောက စသည်ဖြင့် သိရှိရန် လိုပါသည်။ သို့မှသာ စတင် အဓိပ္ပာယ် ရှိလာပါမည်။ ထို့ပြင် စိတ်၏သဘောသဘာဝကို နားမလည်ပါကလည်း ထိုအရာအားလုံးက အဓိပ္ပာယ် မရှိနိုင်ပါ။ ထို့ကြောင့် တရားတော်များကို နားမလည်၍ဖြစ်စေ၊ အလွန် ထူးဆန်း၍ဖြစ်စေ အချို့အစိတ်အပိုင်းများကို မစွန့်ပယ်ရန် အရေးကြီးပါသည်။ ဤသည်မှာ ‘‘မှန်တယ်။ ဘုရားရှင်က ဒီလို ဟောထားတယ်။ ပြန်လည်မွေးဖွားမှုအကြောင်း ဟောထားတယ်။ ဒါပေမယ့် ငါသဘောမကျဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာကို ပိုနက်နဲစွာ လေ့လာချင်ရင် အဲဒါရှိနေတာကို ဖြေရှင်းရတော့မယ်။’’ ဆိုသည့် ပွင့်လင်းသောစိတ် ရှိရန်၊ ဤသို့ခွဲခြားသိမြင်သော ပညာ ရှိရန် ဆိုလိုပါသည်။

အကျဉ်းချုပ်

ဗုဒ္ဓဘာသာ ကျမ်းစာများ၌ တွေ့ရသော အကြံဉာဏ်မှာ ဗုဒ္ဓဘာသာ လေ့လာသောအခါ၌သာ အသုံးဝင်သည် မဟုတ်ဘဲ နေ့စဉ်ဘဝ၌လည်း အသုံးဝင်ပါသည်။ ညစ်ပေနေသော သို့မဟုတ် ကွဲနေသော ပန်းအိုးလို ဖြစ်လျှင် မကောင်းပါ။ နေ့စဉ်ဘဝ၌ ဗုဒ္ဓဘာသာကို အသုံးချခြင်းသည် ကိုယ်တိုင်တက်ကြွစွာ ဆောင်ရွက်ရပါသည်။ နာယူမှုဖြင့် စတင်ပါသည်။ ထိုသို့ဆောင်ရွက်လိုက်သည်နှင့် တရားတော်များကို အမှန်ပင် လေ့လာဆန်းစစ်နိုင်ပါသည်။ စိန်လက်စွပ်တစ်ကွင်း ဝယ်သလိုပင် ဖြစ်ပါသည်။ အပြည့်အဝ နားမလည်သေးသော ထိုအကြောင်းအရာများကို ဖွင့်ထားသောစိတ် ထားရှိလိုက်ရပါမည်။

Top