သေဆုံးခြင်းနှင့် မမြဲခြင်းအကြောင်း တွေးတောရန်အတွက် အဆိုလေးရပ်

တရားရှုမှတ်ခြင်းသည် တရားတော်များကို နာယူခြင်း၊ တွေးတောခြင်းနှင့် ယင်းတို့အပေါ် တရားရှုမှတ်ခြင်း စသည့် အဆင့်သုံးဆင့်ပါသော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဤတတိယအဆင့် တရားရှုမှတ်ခြင်းသည် တကယ်တော့ တရားတော်များကို ဘဝတွင် ပေါင်းစည်းပုံအကြောင်း ဖြစ်သည်။ အထပ်ထပ် ကြိုးပမ်းမှုဖြင့် ထိုသို့ ဖြစ်လာပါသည်။ အလေ့အထတစ်ခု ဖြစ်လာအောင် အထပ်ထပ် ဆောင်ရွက်မှုမှတစ်ဆင့် ရရှိလိုသည့် အပြုသဘော စိတ်အခြေအနေကို အခြေခံကျစွာ တည်ဆောက်ယူပါသည်။

တရားတော်များကို နာယူရာမှ ခွဲခြားသိရှိသော ပညာကို ရရှိလာပါသည်။ ‘‘ဒါက ဘုရားရှင်ရဲ့ တရားတော်ဖြစ်တာ မှန်တယ်’’ ဟူ၍ ခွဲခြားနိုင်ပြီး ထိုအချက်ကို သေချာလာပါသည်။ တရားတော်များကို ယူဆချက်အရ ဆက်စပ်နိုင်သည် ကိုလည်း တွေ့ရပါသည်။ တရားတော်အားလုံးကို နားလည်ရန် မလိုသော်လည်း အနည်းဆုံးတော့ စိတ်အားမြှင့်တင်မှုနှင့် စိတ်ပါဝင်စားမှုတို့ကြောင့် အခြားနည်းဖြင့် သက်သေ မပြနိုင်သ၍ ယင်းတို့ကို အမှန်တရားဟု ယူဆပါသည်။ တစ်ခုခု မမှန်ကန်ကြောင်း တွေ့ရှိပါက ယင်းကို မေ့ပစ်နိုင်ပါသည်။ သို့သော် တစ်ခုခုမှန်ကန်ကြောင်း အနည်းဆုံး ယူဆရန်မှာ ဖွင့်ထားသောစိတ် ရှိရန် အရေးကြီးပါသည်။ အမှန်တကယ် ဟုတ်၊ မဟုတ် မြင်နိုင်အောင် စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ရန်လည်း လိုပါသည်။ ထို့ပြင် ဗီတာမင်အားဆေးများကဲ့သို့ ၎င်းသည် အကျိုးရှိသည်ဟုလည်း ယူဆရပါမည်။ အဆိပ်တစ်ခုခုကို ‘‘ဒါက ငါ့ကိုသေစေနိုင်သလား သိရအောင် စမ်းကြည့်မယ်’’ ဟုတွေးပြီး သောက်မည် မဟုတ်ပါ။ သို့သော် ဗီတာမင်ဆိုလျှင်တော့ သောက်ပါမည်။ ထို့ကြောင့် ၎င်းသည် လူအများအပြားက အကျိုးရှိသည်ဟု ဆိုထားသည့်အတွက် အကျိုးရှိသည်ဟု ယူဆပါသည်။ ကိုယ်တိုင် ကြိုးစားကြည့်ပြီး တွေ့မြင်နိုင်ပါသည်။

တရားတော်များအကြောင်း စဉ်းစားသောအခါ ‘‘တွေးတောရာမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသော ပညာ’’ ဆိုသည့် လုပ်ငန်းစဉ်၏အဆုံးသတ်ကို ရောက်ရှိအောင် ယင်းတို့ကို စုံစမ်းလေ့လာပါသည်။ ဤသည်မှာ တရားတော်ကို နားလည်ကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားသည်မှာ မှန်ကန်ကြောင်း၊ အမှန်တကယ် အကျိုးရှိကြောင်း၊ ကျွန်ုပ်တို့ အောင်မြင်လိုသောအရာကို အောင်မြင်နိုင်ကြောင်း လုံးဝဥဿုံ ယုံကြည်လာခြင်း ဖြစ်ပါသည်။ လူအများစု လုပ်တတ်သည့်အတိုင်း အထက်ပါအဆင့်များ ကျော်သွားသောအခါ ခဏကြာသည်နှင့် ‘‘မပြတ်သားသော စိတ်ပျံ့လွင့်မှု’’ ဖြစ်လာပါသည်။ တစ်နည်းဆိုသော် တကယ် ဖြစ်နိုင်သလား မသေချာသော သံသယ ဝင်လာပါသည်။ ထိုအခါ လက်လျှော့မိပါတော့သည်။

Top