လက်တွေ့ဓမ္မအတွက် စိတ်ဓာတ်စေ့ဆော်မှု အဆင့်သုံးဆင့်
လမ်-ရင်းတရားတော်တွင် စိတ်ဓာတ်စေ့ဆော်မှု အဆင့်သုံးဆင့် ဤကဲ့သို့ ရှိပါသည်-
- ကနဦးအဆင့် - နောက်လာမည့် ဘဝတွင်သာမက နောင်ဘဝ အဆက်ဆက်တွင်လည်း ပိုကောင်းသော ပြန်လည်မွေးဖွားမှုများ ရရှိစေရေးကို စဉ်းစားသည်။
- အလယ်အလတ်ဆင့် - ထိန်းချုပ်မရအောင် ပြန်လည်မွေးဖွားမှုမှ လုံးဝလွတ်မြောက်မှု ရရှိလိုသော စိတ်ဓာတ်စေ့ဆော်မှု။ လွတ်မြောက်မှု ရရှိလိုပါသည်။
- အဆင့်မြင့် အဆင့် - အလုံးစုံ ဉာဏ်အလင်း ရရှိသော ဘုရားအဖြစ်သို့ရောက်ရှိအောင် ရည်မှန်းပါသည်။ အားလုံးကို ထိန်းချုပ်မရအောင် ပြန်လည်မွေးဖွားမှုမှ လွတ်မြောက်အောင် ကူညီနိုင်ရန်အတွက် ဖြစ်ပါသည်။
အဆင့်တိုင်းသည် ပြန်လည်မွေးဖွားမှု ယူဆချက်တွင် အခြေခံထားသည်မှာ အတော်လေး သိသာပါသည်။ ရှေ့တွင် ဆွေးနွေးခဲ့သလိုပင် ဤအဆင့်သုံးဆင့် အတွက် တင်ဆက်ထားသော နည်းလမ်းတိုင်းကို အကျဉ်းချုပ်ဓမ္မ အဆင့်တွင်လည်း အသုံးချနိုင်ပါသည်။ ဤစိတ်ဓာတ် စေ့ဆော်မှုများကို ပေါ့ပေါဆဆ မပြုသင့်ပါ။ အကြောင်းမှာ ရိုးသားစွာဖြင့် ယင်းတို့ကို ရရှိနိုင်မည်ဆိုလျှင် အမှန်ပင် အတော်လေး ထူးခြားမှု ရှိလာပါမည်။
တန်ဖိုးရှိသော လူသားဘဝကို တန်ဖိုးထားခြင်းဖြင့် မိမိကိုယ်ကို စိတ်မကောင်း ဖြစ်မှုအား ကျော်လွှားခြင်း
ကနဦးအဆင့် စေ့ဆော်မှုဖြင့် ပထမဆုံး သဘောပေါက်ရမည်မှာ မိမိရရှိထားသည့် “တန်ဖိုးရှိသော လူသားဘဝ” ဆိုသည့်အရာကို တန်ဖိုးထားရန် ဖြစ်ပါသည်။ အကျဉ်းချုပ်ဓမ္မအဆင့်တွင် “သနားစရာ ငါ” ဆိုသည့် ခံစားချက်နှင့် ယင်းမှ ပေါ်ထွက်လာသည့် စိတ်ဓာတ်ကျခြင်းတို့ကို ကျော်လွှားရာတွင် အလွန်အသုံးဝင်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရနိုင်သည့် ဆိုးရွားသော အခြေအနေအားလုံးကို ပြန်သုံးသပ်ကာ ကျွန်ုပ်တို့သည် ထိုသို့သောအခြေအနေများတွင် မရှိသည့်အတွက် အလွန်ကောင်းမွန်သည်ဟု ကြိုးစားတန်ဖိုးထားရန် ဖြစ်ပါသည်။
ဆိုးရွားသော အခြေအနေများစွာကို ပုံမှန်တင်ဆက်မှုတွင် တွေ့ရသော်လည်း ယေဘုယျအားဖြင့် စဉ်းစားမည် ဖြစ်သောကြောင့် ယင်းကိုမလေ့လာတော့ပါ။ ဥပမာ၊ ကျွန်ုပ်တို့သည် ယခု စစ်မက်ဇုန်တွင် မနေထိုင်ရသလို၊ ငတ်မွတ် ခေါင်းပါးမှုဖြင့် သေလုမျောပါးဖြစ်ကာ ကလေးများကို အစာကျွေးစရာလည်း မရှိသည့်အဖြစ်မျိုး မကြုံရသည်မှာ ကံကောင်းသည်ဟု တွေးကြည့်ပါ။ ကန့်သတ်ချုပ်ခြယ်သည့် ဆိုးရွားသော အာဏာရှင် လက်အောက်တွင် မနေရသည်မှာလည်း ကံကောင်းသည်ဟု တွေးကြည့်ပါ။ ယခုလို ရိုမေးနီးယားနိုင်ငံတွင် နေထိုင်သော အသက် ကြီးသူများအတွက် စဉ်းစားရန် ပိုလွယ်ကူနိုင်ပါသည်။ ကိုယ်၊ စိတ်၊ ခံစားချက်တို့အရ ဆိုးရွားစွာ ကိုယ်လက်အင်္ဂါ ချို့တဲ့မနေသည်မှာလည်း ကံကောင်းလှပါသည်။ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကျွန်ုပ်တို့သည် လူတိုင်းက တက်နင်းပြီး သတ်ပစ်ချင်သည့် ပိုးဟပ်တစ်ကောင် မဟုတ်သည်မှာလည်း အလွန်ကံကောင်းသည်ဟု ရှင်းလင်းစွာ တွေးကြည့်နိုင်ပါသည်။
ဤသို့တွေးတောမှုတွင် ချဲ့လျှင်ချဲ့သလောက် ရပါသည်။ မိမိကိုယ်ကို ဘက်မလိုက်ဘဲ အမှန်တကယ် လေ့လာမည်ဆိုလျှင် ဤလွတ်လပ်ခွင့်များ ရှိထားသည်မှာ မယုံနိုင်လောက်အောင် ကံကောင်းလှပါသည်။ ဤအရာများမှ လွတ်လပ်ခွင့် ရှိသည်သာမက ယင်းတို့ကို အချိန်မရွေး ဆုံးရှုံးမေ့ပျောက်နိုင်သည်ကို နားလည်ရန်လည်း လိုပါသည်။ ဥပမာ၊ သူငယ်ပြန်ရောဂါမျိုး ဖြစ်ပါသည်။ လက်ရှိတွင် ဆိုးရွားသော စီးပွားရေးကျပ်တည်းမှု ဖြစ်နေပြီး အရာရာ ယခုထက် ပိုဆိုးလာနိုင်ပါသည်။ ကျွန်ုပ်တို့ ရှိနေသည့် အခြေအနေကို အမှန်တကယ် ဖော်ပြထားသော ကမ္ဘာကြီးသည် “ရပ်ဆိုင်းမှု” တစ်ခုဖြစ်ပြီး အမှန်ပင် ဆိုးရွားသော အခြေအနေများမှ ခဏနားနေသည်ဟု ဆိုလိုပါသည်။ ဤရပ်ဆိုင်းမှုက အချိန်မရွေး ပြီးဆုံးသွားနိုင်ပါသည်။
ဤလွတ်လပ်ခွင့်များအပြင် ကျွန်ုပ်တို့ဘဝကို ပြည့်ဝစေသည့် အချက်များကိုလည်း လေ့လာရန်လိုပါသည်။ ဥပမာ၊ ကျွန်ုပ်တို့အများစုသည် ကျန်းမာနေပါသည်။ အတော်များများ နာမကျန်း ဖြစ်လာသော်လည်း ယခုအချိန်တွင် အလုပ်လုပ်နိုင်ပါသည်။ ဘုရားရှင် ဟောကြားခဲ့သော ဤတရားဓမ္မများကို လက်ဆင့်ကမ်းကာ ယခုထိ ရရှိနေပါသေးသည်။ လေ့လာစရာ ဆရာများ၊ စာအုပ်များလည်း များစွာရှိပါသည်။ အခွင့်အရေး များစွာ ရှိနေသည်မှာ ရှင်းပါသည်။ ဤအခြေအနေတွင် ရှိနေသော လွတ်လပ်ခွင့်များ၊ ပြည့်ဝမှုများကို သတိပြုရန် လိုပါသည်။ မည်မျှကံကောင်းသည်ကို လေးလေးနက်နက် တန်ဖိုးထားရန် လိုပါသည်။
တန်ဖိုးရှိသော အခွင့်အလမ်းများကို မဖြုန်းတီးမိအောင် သေခြင်းတရားနှင့် မမြဲခြင်းအကြောင်း တွေးတောခြင်း
ကနဦးအဆင့်၌ နောက်ထပ်အချက်မှာ ရရှိထားသည့် တန်ဖိုးရှိသောဘဝက ထာဝရမတည်တံ့ကြောင်း နားလည်ရန် ဖြစ်ပါသည်။ ယခု ဘဝတွင်သာ အခြေအနေများက ပြောင်းလဲသွားနေခြင်း မဟုတ်ဘဲ သေပြီးသည့်နောက်တွင်လည်း ပြောင်းလဲပါလိမ့်မည်။ ထို့ကြောင့် သေခြင်းတရားနှင့် ပတသက်၍ တရားရှုမှတ်မှုများစွာ တွေ့ရပါသည်။ အသိုင်းအဝိုင်း အတော်များများ၌ လူတို့သည် သေခြင်းတရားကို မပြောဆိုရသည့် အကြောင်းရပ်တစ်ခုပမာ လျစ်လျူရှုထားပါသည်။ တစ်ချိန်ချိန်တွင် ကျွန်ုပ်တို့အားလုံး သေကြရမည်ဆိုသည့် အမှန်တရားကို ကျွန်ုပ်တို့ လက်မခံပါ။ ထိုအထဲတွင် မိမိချစ်ခင်သူများ၊ မိမိ သိရှိထားသူအားလုံးနှင့် မိမိကိုယ်တိုင်လည်း ပါဝင်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။
ကျွန်ုပ်တို့ မုချသေရမည်ဆိုသည့်အချက်ကို ပံ့ပိုးသည့် အကြောင်းရင်းများစွာ ရှိပါသည်။ အသက်ရှင်ခဲ့ကြသူတိုင်း သေရပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ကရော သူတို့ထက် ဘာများကွဲပြားထူးခြားပါသနည်း။ သေခြင်းတရား၏ အဆုံးစွန် အကြောင်းရင်းမှာ မွေးဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် မွေးလာပါက သေရပါမည်။ ခန္ဓာကိုယ်သည် အလွန်နုနယ်ပြီး အသက်ကြီးလာသည်နှင့်အမျှ ယိုယွင်းလာပါသည်။ တစ်ခါတစ်ရံ ထင်မိကြသလို မကြံ့ခိုင်ပါ။ အလွယ်တကူပင် ထိခိုက်ဒဏ်ရာ ရနိုင်ပါသည်။ ဤအချက်သည် စိတ်ခံစားချက်အဆင့်အထိ တဖြည်းဖြည်း စိမ့်ဝင်အောင် ယုတ္တိကျစွာ ယုံကြည်ဖို့ လိုပါသည်။
မုချသေရမည်ဆိုသည့် အချက်အပြင် ဒုတိယတစ်ချက်မှာ ဘယ်အချိန် သေရမည်ကို လုံးဝမသိနိုင်ပါ။ နာမကျန်းဖြစ်ပြီး အိုမင်းမှ သေရမည် မဟုတ်ပါ။ လူငယ်လူရွယ်၊ ကျန်းမာသန်စွမ်းသူများစွာသည် အိုမင်းမစွမ်းသူများရှေ့က သေဆုံးနေကြပါသည်။ မကြာသေးမီက လေယာဉ်ပျက်ကျမှုကြီးတစ်ခု ကြားသော်လည်း လေယာဉ်ပေါ်တက်စဉ်က မည်သူမျှ ပျက်ကျမည်ဟု မျှော်လင့်ထားမည် မဟုတ်ပါ။ ဘတ်စ်ကားတိုက်၍လည်း အချိန်မရွေး သေဆုံးနိုင်ပါသည်။ ကျွန်ုပ်၏ အခင်ဆုံးမိတ်ဆွေသည် အသက် ၅၄ နှစ်ရှိပြီး လုံးဝကျန်းမာပါသည်။ သူသည် လွန်ခဲ့သောနှစ်ပတ်က နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားသည်။
အချိန်မရွေး သေဆုံးနိုင်သည်ဆိုသည့်အချက်ကို ပံ့ပိုးသည့် အကြောင်းရင်းများစွာ ရှိပါသည်။ သေခြင်းတရားသည် ကျွန်ုပ်တို့၏ အလုပ်လုပ်နေခြင်း၊ အစာစားနေခြင်း၊ အခြား တစ်ခုခု ဆောင်ရွက်နေခြင်းကို ပြီးအောင် စောင့်လိမ့်မည် မဟုတ်ပါ။ ‘‘ခဏစောင့်ပါဦး။ ဒါကိုပြီးအောင် လုပ်ပါရစေ’’ ဟု သေခြင်းကို သွားပြော၍မရပါ။ သေချိန်ရောက်သောအခါ ဘဝလည်း အဆုံးသတ်သွားပါမည်။ ကျွန်ုပ်တို့၏ အချိန်များ အဆုံးသတ်သွားသောအခါ သက်တမ်းလည်း ထပ်တိုး၍ မရနိုင်ပါ။ သေခြင်းတရားကို လာဘ်ထိုး၍မရပါ။ ခန္ဓာကိုယ်ကို အသက်ကယ်စက်ပေါ်တွင် ဆက်လက်ထိန်းထား နိုင်သော်လည်း ဟင်းသီးဟင်းရွက်လို အခြေအနေတွင် နေရသည့်အချက်က ဘာအဓိပ္ပာယ် ရှိမည်နည်း။ အကြောင်းမှာ ထိုသို့နေသော်လည်း ကျွန်ုပ်တို့ဘဝက တစ်ချိန်ချိန်တွင် အဆုံးသတ်သွားပါမည်။
သေခြင်းတရားနှင့် ပတ်သက်ပြီး တတိယအချက်မှာ သေခါနီးအချိန်တွင် ကျွန်ုပ်တို့ကို ဘာကအထောက်အကူ ပြမည်ကို လေ့လာစုံစမ်းရန် ဖြစ်ပါသည်။ ငွေကြေး၊ မိတ်ဆွေ၊ မိသားစုဝင်များကို ကျွန်ုပ်တို့နှင့်အတူ ယူမသွားနိုင်ပါ။ ပိရမစ်ကြီး တည်ဆောက်ကာ သေဆုံးချိန်တွင် မခွဲမခွာ ကပ်ထားလျှင်လည်း မိမိနှင့်အတူ အမှန်တကယ် လိုက်ပါလာမည် မဟုတ်ပါ။ ဗုဒ္ဓဘာသာ ရှုထောင့်အရ သေခါနီးအချိန်တွင် အမှန်တကယ် အထောက်အကူ ပြုသည်မှာ စိတ်အစဉ်၌ စုစည်းထားသော အပြုသဘော အလေ့အထများ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အပြုသဘော ဆောင်ရွက်ချက်များစွာ ပြုလုပ်ပြီး အခြားသူများကိုလည်း ကူညီထားနိုင်ပါသည်။ သို့မဟုတ် လောဘ၊ ဒေါသ စသည်တို့ လျှော့ချရေးအတွက် ဘာသာရေး လမ်းကြောင်းတွင် တိုးတက်မှုများစွာ ရှိနေနိုင်ပါသည်။ ဤအချက်က စိတ်အစဉ်တွင် နက်ရှိုင်းသော မှတ်ကျောက်တင်မှု ဖြစ်စေပါမည်။ အကျဉ်းချုပ်ဓမ္မ အဆင့်မှပြောရလျှင် ကျွန်ုပ်တို့သည် နောင်တမရှိဘဲ သေဆုံးနိုင်သည်။ ချစ်ခင်သူများကို ပြုစုစောင့်ရှောက်မှု သို့မဟုတ် ပိုမိုကြီးကျယ်ပါက လူ့အသိုင်းအဝိုင်းအား ဖြည့်ဆည်းမှုအချို့ အထူးသဖြင့် ရှိထားပါက တန်ဖိုးထိုက်တန်ပြီး အပြုသဘော ဘဝဖြင့် နေထိုင်ထားသည်ဟု ခံစားရနိုင်ပါသည်။ ‘‘ကောင်းမွန်ပြီး ထိုက်တန်တဲ့ ဘဝကို နေထိုင်ခဲ့တယ်’’ ဟုတွေးကာ ထိုသို့သော စိတ်ငြိမ်းချမ်းမှု၊ ခံစားချက်တို့ ရှိလာပါမည်။
လက်တွေ့ဓမ္မ အနေနှင့်ဆိုလျှင် ကျွန်ုပ်တို့၏ စိတ်အစဉ်မှ ဤအပြုသဘော အလေ့အထများ၊ ဖြစ်လိုစိတ်များနှင့် ပင်ကိုသိစိတ်များသည် နောင်ဘဝများအထိ ဆက်လက် လိုက်ပါမည်ဟု ယုံကြည်ချက်ဖြင့် သေဆုံးနိုင်ပါသည်။ ‘‘နောင်ဘဝတွေမှာ တန်ဖိုးရှိတဲ့ လူသားအဖြစ် ပြန်လည်မွေးဖွားဦးမယ်။ အပြုသဘော ပင်ကိုသိစိတ်တွေရှိတဲ့ ကလေးတစ်ယောက်အနေနဲ့ ပြန်မွေးလာဦးမယ်’’ ဆိုပြီး ခံစားရကာ ကွယ်လွန်သွားပါမည်။ ကလေးများတွင် ဤအချက်ကို ကိုယ်တိုင်လေ့လာနိုင်ပါသည်။ အချို့ ကလေးငယ် များမှာ ငယ်ငယ်လေးကတည်းကပင် အမြဲတမ်း ငိုနေခြင်း၊ စိတ်ဆိုးနေခြင်း ရှိပြီး အချို့မှာ တည်ငြိမ်ကာ အခြားသူများကို ကြင်နာပါသည်။ ဤသည်မှာ ယခင်ဘဝများတွင် သူတို့စုစည်းခဲ့သော အပြုသဘော အလေ့အထများ၏ ရလဒ် ဖြစ်ပါသည်။ ငြိမ်းချမ်းသော စိတ်အခြေအနေဖြင့် သေသွားပါက များစွာအထောက်အကူ ရပါသည်။ ဘဏ်ထဲ သိမ်းထားသော ငွေပမာဏများက ဘာမှသက်သာရာ မရစေနိုင်ပါ။ အကြောင်းမှာ သေဆုံးချိန်၌ ယင်းတို့သည် ကွန်ပျူတာ ဖန်သားပြင်ပေါ်က ကိန်းဂဏန်းမျှသာ ဖြစ်နေပါလိမ့်မည်။
မရဏ တရားရှုမှတ်ခြင်း
အထက်ပါအချက်များကြောင့် ယနေ့သည် မိမိ၏ နောက်ဆုံးနေ့ကဲ့သို့ စိတ်ကူးနိုင်သည့် မရဏ တရားရှုမှတ်ခြင်း ရှိလာပါသည်။ မိမိသည် အချိန်မရွေး သေရန်အသင့်ပဲလား ဆိုသည်ကို ပြန်မေးရပါသည်။ ယနေ့သေရမည်ဆိုပါက နောင်တရနေမည်လား။ ဤသို့မေးရသည့်အချက်မှာ စိတ်ဓာတ်ကျဖို့ မဟုတ်ဘဲ ဤတန်ဖိုးရှိသောလူ့ဘဝနှင့် ရထားသည့် အခွင့်အရေးအားလုံးကို အသုံးချရန် အားပေးခြင်း ဖြစ်ပါသည်။ ယင်းမှာ ဤတရားရှုမှတ်မှု၏ အလုံးစုံရည်မှန်းချက် ဖြစ်ပါသည်။ ငါသည် နေ့တိုင်းအိုမင်းလာပြီ။ သေရန် တဖြည်းဖြည်း ပိုနီးလာပြီဟု တွေးရုံသာ မဟုတ်ပါ။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်နှင့်အမျှ အသက်ရှင်ရမည့် တစ်ရက်ပြီးတစ်ရက် လျော့နည်းလာပါသည်။ အချိန်မရှိတော့ပါ။ အချိန် မည်မျှရှိသေးသည်ကိုလည်း မသိပါ။ ထို့ကြောင့် မိမိဘဝကို အကောင်းဆုံး အသုံးချလိုပါသည်။ အချိန်မဖြုန်းလိုပါ။ ဘဝကို အမှန်ပင် အချိန်ဖြုန်းခဲ့ပြီး ဘာတစ်ခုမျှ မရရှိခဲ့ကြောင်း သဘောပေါက်သည့်စိတ် အခြေအနေဖြင့် သေရပါက လုံးဝဆိုးရွားသည့် သေရမည့်စိတ်အခြေအနေပင် ဖြစ်ပါသည်။
‘‘ငါ၏ အခွင့်အလမ်းများကို မဖြုန်းတီးတော့ပါ’’ ဆိုသည့် စိတ်အခြေအနေကို မျှတသောပုံစံဖြင့် ထားရှိရပါမည်။ ကြောက်ရွံစိတ်ဖြင့် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း သို့မဟုတ် တရားရှုမှတ်ခြင်း ရပ်ပစ်လိုက်ရမည်ကို အမြဲကြောက်နေခြင်းတို့ဖြင့် အကြောက်လွန်လာခြင်းကို ရှောင်ရှားရပါမည်။ သက်သာသလိုနေကာ နားချိန် လိုအပ်က နားလိုက်ရန် လိုပါသည်။ သို့မှသာ ဆက်လက်အားထုတ်ရန် ခွန်အားရပါမည်။ ကျွန်ုပ်နှစ်သက်သော ဇင်ဗုဒ္ဓဘာသာ အဆိုအမိန့်မှာ- ‘‘အချိန်မရွေး သေဆုံးနိုင်သည်။ စိတ်အေးအေးထားပါ’’ ဟူ၍ဖြစ်သည်။ ဤသို့တွေးတောပါက များစွာ အဓိပ္ပာယ် ရှိပါ၏။ အချိန်မရွေး သေနိုင်သည်မှာ မှန်ပါသည်။ သို့သော် ယင်းကိုစိုးရိမ်ပြီး အကြောက်လွန်နေပါက အရှုံးပေးရာ ရောက်ပါသည်။
အဓိက သတင်းစကားမှာ ဤသို့ အံ့အားသင့်ဖွယ် တန်ဖိုးရှိသော လူသားဘဝ ရရှိထားမှုကို အသုံးချရန်နှင့် မျှတသောနည်းဖြင့် ထိုသို့အသုံးချရန် ဖြစ်ပါသည်။ လိုအပ်ပါက စိတ်အေးအေး ထားနိုင်ပါသည်။ အမှန်တကယ် မပင်ပန်းသောအခါ မိမိကိုယ်ကို ရိုးသားရပါမည်။ ထိုအခါ ပျင်းရိနေခြင်း ဖြစ်သွားပါလိမ့်မည်။ မိမိ၏ စိတ်ဓာတ်စေ့ဆော်မှုကို စိတ်တွင်စွဲနေအောင် အားထုတ်သင့်ပါသည်။
မရဏာနုဿတိ တရားရှုမှတ်ခြင်းကို အကျဉ်းချုပ်ဓမ္မရော၊ လက်တွေ့ဓမ္မတွင်ပါ အသုံးချနိုင်သည်မှာ ရှင်းပါသည်။ ဥပမာ၊ မိမိချစ်ခင်သူကို စကားပြောခြင်းနှင့် သူတို့ဆောင်ရွက်သမျှကို တန်ဖိုးထားခြင်း သို့မဟုတ် တစ်ယောက်ယောက်ကို တောင်းပန်ပြီး ကျေအေးခြင်းကဲ့သို့ မပြီးသေးသည့် အလုပ်များ ရှိပါက စောင့်ဆိုင်းမနေပါနှင့်။ ထိုသူက မနက်ဖြန် ရှိချင်မှ ရှိမည်ဖြစ်သလို ကျွန်ုပ်တို့လည်း မနက်ဖြန် ရှိချင်မှ ရှိပါတော့မည်။ ဤသည်မှာ သေခြင်းတရားကို သတိရှိမှုမှ ရနိုင်သော အကျဉ်းချုပ်ဓမ္မ သင်ခန်းစာ ဖြစ်ပါသည်။ မည်သည့်အဆင့်တွင်မဆို အကျိုးရှိပြီး အထောက်အကူပြုပါသည်။ သေခြင်းကို မငြင်းဆန်ရသလို ကြိုတင်ပြင်ဆင်ထားရပါမည်။ မိမိ၏ကွယ်လွန်မှု၊ ဈာပနတို့ကိုပင် မြင်ယောင် ကြည့်နိုင်ပါသည်။ ထိုအခါ ပိုပြီးအမှန်တရားနှင့် နီးစပ်လာစေနိုင်ပါသည်။ ထိုမျှနှင့် စိတ်စွဲမနေရန်၊ အားငယ်စိတ်ဓာတ်ကျ မနေရန်တော့ လိုပါသည်။
သေဆုံးပြီးနောက် ပိုဆိုးသည့် ပြန်လည်မွေးဖွားမှု အခြေအနေများ ကြုံတွေ့ရမည်ကို ထိတ်လန့်မိခြင်း
ထို့နောက် ကျွန်ုပ်တို့သည် သေဆုံးပြီးနောက် ဘာဖြစ်လာသည်ကို လေ့လာစူးစမ်းရပါသည်။ ဤနေရာတွင် ကြုံတွေ့လာရနိုင်သည့် အဆိုးဆုံး ပြန်လည်ဝင်စားမှု အခြေအနေများနှင့် ယင်းအပေါ် အလေးအနက်ထားရန် လိုအပ်ပုံတို့ကို တင်ပြထားချက် ရှိပါသည်။ ဤနေရာတွင်လည်း ဗုဒ္ဓဘာသာတွင် တင်ပြချက်များအရ လက်ရှိထက် ပိုဆိုးသော တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားမှုများကိုသာမက အမှန်တကယ် မမြင်နိုင်သည့် ပုံစံများလည်း ပါရှိသောကြောင့် လွယ်လွယ်ကူကူတော့ မဟုတ်ပါ။
တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားမှုများကို စဉ်းစားပါက အင်းဆက်နှင့်ငါးများသာမက ရှိရှိသမျှ မျိုးစိတ်နှင့် အမျိုးအစားတိုင်း ပါဝင်သည်ကို သတိရရန် လိုပါသည်။ တိရစ္ဆာန်လောကတွင် ပြန်လည်မွေးဖွားပါက သူတို့ခံစားရသည့် ကြောက်ရွံ့မှု၊ ဆင်းရဲဒုက္ခအားလုံးနှင့်အတူ ဆိုးရွားလှပုံကို ဖော်ပြသော ဥပမာများစွာ ရှိပါသည်။ တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားမှုကို တွေးကြည့်သောအခါ စံအိမ်ကြီးထဲမှ လက်သည်းခြေသည်း သေသေသပ်သပ်နှင့် အမွေးပွ ခွေးကလေး၏ ဘဝမျိုးကို စိတ်ကူးခြင်း မဟုတ်ပါ။ လူအများစု ရွံရှာသည့် ပိုးဟပ်နှင့် ကြွက်များ၊ အကောင်ကြီးများ၏ အရှင်လတ်လတ် အစားခံရသော အင်းဆက်နှင့်ငါးငယ်များ၊ လူတို့က စီးပွားဖြစ်မွေးမြူသတ်ဖြတ်သော တိရစ္ဆာန်များကို တွေးကြည့်ခြင်း ဖြစ်ပါသည်။
အနာဂတ်အတွက် ဤသို့သော အလားအလာများနှင့် ပတ်သက်၍ ဤနေရာတွင် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကို ‘‘ကြောက်ရွံ့မှု’’ ဟု တစ်ခါတစ်ရံ ဘာသာပြန်ပါသည်။ သို့သော် ဘာမျှမတတ်နိုင်သည့် မျှော်လင့်ချက် ကင်းမဲ့မှုဟု ဆိုလိုရာရောက်သဖြင့် အကောင်းဆုံး စကားလုံးဟုတ်၊ မဟုတ်တော့ မသေချာပါ။ သို့ရာတွင် ယင်းကို ရှောင်ရှားရန် ကျွန်ုပ်တို့ တစ်ခုခုလုပ်နိုင်ပါသည်။ ထို့ကြောင့် ‘‘ထိတ်လန့်မှု’’ ဆိုသည့် စကားကို ပို၍သုံးလိုပါသည်။ ယင်းကို အမှန်ပင် မဖြစ်ပေါ်စေလိုသောစိတ်ရှိသည်ဟု ဆိုလိုပါသည်။
ဥပမာ၊ အလွန် ပျင်းစရာကောင်းသည့် လုပ်ငန်းအစည်းအဝေးတစ်ခု တက်ရမည်ဆိုပါစို့။ ကျွန်ုပ်တို့သည် သွားရမှာ ထိတ်လန့်နေသည်။ ပျင်းစရာကောင်းပြီး ဆိုးရွားသော်လည်း သွားရမှာကို မကြောက်ပါ။ ဤသို့သော စိတ်ခံစားချက်မျိုး ဖော်ထုတ်သင့်ပါသည်။ အချိန်မရွေး ဆုံးရှုံးနိုင်သော တန်ဖိုးရှိသည့်ဘဝကို ရရှိထားသည်။ ထို့ကြောင့် နောင်ဘဝတွင် ပိုးဟပ်တစ်ကောင် မဖြစ်စေရန် ဒါကိုအကောင်းဆုံး အသုံးချရပါမည်။ ပိုးဟပ်ဖြစ်ပါက အမှန်ပင် စိတ်ပျက်စရာ ဖြစ်သည့်အတွက် ထိုသို့ မဖြစ်လိုပါ။ ထို့ကြောင့် ရှောင်ရှားနိုင်မည့်အရာ တစ်ခုခုပြုလုပ်ရပါမည်။
လက်တွေ့ဓမ္မ အဆင့်၌ တိရစ္ဆာန်နှင့် အင်းဆက်အဖြစ် ပြန်လည်မွေးဖွားမှုကိုသာ မဟုတ်ဘဲ ငရဲ၊ ပြိတ္တာဘုံများတွင် ပြန်လည်မွေးဖွားမှုကိုပါ ပြောလာပါသည်။ ယင်းတို့ကို ထည့်ပြောရန် မျက်နှာမပူသင့်ပါ။ ဤဖော်ပြချက်များကို သိမ်းထားပါက ဗုဒ္ဓဘာသာအတွက် မတရားပါ။ ‘‘ဒါကိုတကယ်ပဲ နားမလည်ဘူး’’ ဟု ပွင့်လင်းသောစိတ်ဖြင့် ပြောလိုက်နိုင်ပါသည်။
လူမဟုတ်သည့် ပြန်လည်မွေးဖွားမှု အခြေအနေများကို ဘယ်လိုနားလည်နိုင်မလဲ
ဤအချက်ကို စိတ်ဆောင်ရွက်ချက်၊ တစ်နည်းအားဖြင့် တစ်ခုခု ကြုံတွေ့ရသည့် အခိုက်အတန့်တစ်ခုချင်း အနေနှင့် ဆက်စပ်ကြည့်နိုင်ပါသည်။ အခိုက်အတန့်တိုင်းတွင် စိတ်ပုံရိပ် ဖြစ်ပေါ်ပြီး တစ်ခုခု မြင်တွေ့၊ သိရှိ၊ တွေးတောခြင်း စသည်တို့ ဖြစ်လာပါသည်။ ကြုံတွေ့မှု အခိုက်အတန့်တစ်ခုချင်းစီ နှင့်အတူ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ပါဝင်လာသည်။ ဤအချက်က ကျွန်ုပ်တို့နှင့် ကွန်ပျူတာများ၏ ကွာခြားချက်ဟု ဆိုရပါမည်။ ကွန်ပျူတာထဲတွင် အချက်အလက်များရှိပြီး ၎င်းကဖြေရှင်းနိုင်သလို သိရှိနိုင်ပါသည်။ သို့သော် ကွန်ပျူတာမှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ မခံစားရပါ။ အချက်အလက်ကို အမှန်တကယ်လည်း မကြုံတွေ့ပါ။ ကျွန်ုပ်တို့က ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ခံစားရသည်မှာ ကြုံတွေ့ရမှုဟု ဆိုလိုပြီး ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အမျိုးအစားများမှာလည်း အလွန်ကျယ်ပြန့်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေနိုင်သော ထိုအမျိုးအစားများ၏ ပမာဏသည် ကျွန်ုပ်တို့၏ အမာထည်၊ တစ်နည်းအားဖြင့်ဆိုသော် ရရှိထားသည့် ခန္ဓာကိုယ်ပေါ်တွင် မူတည်ပါသည်။
ဤအချက်ကို ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ အနေနှင့်သာ မဟုတ်ဘဲ ကျွန်ုပ်တို့၏ အာရုံသိရှိမှုများနှင့်လည်း နားလည်နိုင် ပါသည်။ အချို့သူများက အများတကာထက်ပိုပြီး ဝေးဝေးမြင်နိုင်ပါသည်။ အချို့က ပိုကြားနိုင်သည်။ အချို့က အခြားသူများထက် အပူ၊ အအေးဒဏ် ပိုခံနိုင်ရည်ရှိပါသည်။ တိရစ္ဆာန်များနှင့် ပတ်သက်လျှင် ခွေးတစ်ကောင်က စူးရှသောအသံများကို လူထက် ပိုကြားနိုင်ပါသည်။ အကြောင်းမှာ ခန္ဓာကိုယ် အမျိုးအစားမတူညီသလို အမာထည် မတူညီခြင်းကြောင့် ဖြစ်ပါသည်။ သိမ်းငှက်တစ်ကောင်သည် လူ့မျက်လုံးမဟုတ်ဘဲ သိမ်းငှက်မျက်လုံး ရှိသည့်အတွက် ပိုဝေးဝေး မြင်နိုင်ပါသည်။ အာရုံသိရှိမှု အမျိုးနှင့် ထိုသို့ဖြစ်နေပါက ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားချက်အမျိုးအစားများနှင့် ပတ်သက်လျှင်လည်း ထိုသဘောအတိုင်း ဖြစ်နိုင်သည်မဟုတ်ပါလား။
ဤဆွေးနွေးချက်တွင် သာယာမှု၊ နာကျင်မှုတို့ကို ထည့်သွင်းနိုင်ပါသည်။ သို့သော် ထိုနှစ်ခုက အတိအကျ မတူညီပါ။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ကို စိတ်ဖြင့် ကြုံတွေ့ပြီး သာယာမှု၊ နာကျင်မှုတို့မှာ အနည်းဆုံးတော့ အင်္ဂလိပ်ဘာသာ စကားလုံးများအရ ရုပ်ပိုင်းဆိုင်ရာ ပိုဖြစ်လေ့ရှိပါသည်။ လူ၏ အမာထည်နှင့် ပတ်သက်၍ ရုပ်ခံစားချက်များ အလွန် ပြင်းထန်လာသောအခါ သတိလစ်သွားပါသည်။ စိတ်ဒဏ်ရာနှင့်ဆိုလျှင် သွေးလန့်မှု ကြုံတွေ့ကာ ခန္ဓာကိုယ် ရပ်တန့်သွားနိုင်ပါသည်။
တစ်ဖက်တွင် သာယာမှုမှာမူ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ယားယံမှုကို လေ့လာပါက တကယ်တော့ ပြင်းထန်သော သာယာမှု ဖြစ်ပါသည်။ လုံးဝ မနာကျင်ပါ။ သို့သော် အလွန်သာယာဖွယ် ကောင်းသောကြောင့် ကုတ်ခြစ်ကာ အလိုလို ဖျောက်ဖျက်မိပါသည်။ ပြင်းထန်စွာ ယားယံသည့် နာတာရှည်အရေပြားရောဂါများကို ကုသနည်းတစ်နည်းမှာ ထိုယားယံမှုကို သာယာမှုဟု သဘောထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ အလွန်အဆင့်မြင့်ပြီး အေးအေးဆေးဆေး ခံစားကြည့်ရန်အတွက် အလွန် ခက်ခဲလှပါသည်။ ကုတ်ခြစ်ရာမှ ထိခိုက်မှု ဖြစ်လာနိုင်လျှင် ပိုဆိုးပါသည်။ ဖြစ်တော့ ဖြစ်နိုင်ပါသည်။ မည်သို့ဆိုစေ လိင်မှုကိစ္စ သာယာမှုနှင့် ပတ်သက်လျှင် ပိုပြီး ပြင်းထန်လာလေ၊ အထွတ်အထိပ်သို့ ပိုမြန်မြန် ရောက်လိုပြီး ဖျောက်ဖျက်ပစ်ချင်လေ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ ရရှိထားသည့် ဤလူသား အမာထည်သည် ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု၊ သာယာမှုနှင့် နာကျင်မှု အမျိုးအစားအချို့ကိုသာ တွေ့ကြုံနိုင်သည်ကို မြင်နိုင်ပါသည်။ တိရစ္ဆာန်များက အမြင်နှင့် အသံကဲ့သို့ အာရုံသိရှိမှု အမျိုးမျိုးကို ပို၍ တွေ့ကြုံနိုင်သည်ကိုလည်း သိရှိထားပါသည်။ ထို့ကြောင့် နာကျင်မှု၊ သာယာမှု၊ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု အမျိုးအစားများကို ပို၍ တွေ့ကြုံနိုင်စွမ်း ရှိသော အခြား အမာထည် အမျိုးအစားများ ရှိနိုင်ကြောင်း ယုတ္တိကျစွာ ဖြစ်နိုင်ပါသည်။ ဘာကြောင့်များ မဖြစ်နိုင်ရမည်နည်း။
ဘဝတစ်ခုမှ တစ်ခုသို့ ဆက်စပ်မှုအကြောင်း ပြောနေသည်မှာ ဤစိတ်ဆောင်ရွက်ချက် ဖြစ်ပါသည်။ ပြင်းထန်သော ဆင်းရဲဒုက္ခနှင့် နာကျင်မှုမှသည် အလွန် ပြင်းထန်သည့် သာယာမှုနှင့် ပျော်ရွှင်မှု အမျိုးအစားအားလုံးကို တွေ့ကြုံနိုင်စွမ်း မရှိစရာအကြောင်း မရှိပါ။ ဘဝတစ်ခုစီတွင် ရရှိသည့် အမာထည်ပေါ်တွင်သာ မူတည်ပါသည်။ ဤသည်မှာ ကြိုးစားသင့်သည့် ယုတ္တိကျသော နည်းလမ်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် ဖော်ပြထားသည့် မမြင်နိုင်သော အဆိုပါ အခြားဘဝပုံစံများကို ထည့်စဉ်းစားရန် အနည်းဆုံးတော့ ပွင့်လင်းသောစိတ် ရှိရပါသည်။ ဆဲလ်တစ်ခုတည်းရှိသော အမီးဘားများကို ကျွန်ုပ်တို့ မမြင်နိုင်ပါ။ သို့သော် သိပ္ပံပညာက အဏုကြည့်မှန်ပြောင်းများကို တီထွင်လိုက်ရာ ယင်းတို့ကို ရှင်သန်မှုပုံစံတစ်ခုအနေနှင့် မြင်တွေ့ကာ လက်ခံလာနိုင်ပါသည်။ ထို့အတူ တစ္ဆေကို မမြင်နိုင်သော်လည်း စိတ်တွင်ဖန်တီးမှုဖြင့် ယင်းမှာ ဖြစ်နိုင်ဖွယ် ရှိပါသည်။
အကျဉ်းချုပ်ဓမ္မ အဆင့်သည် အခြားသောဘုံများအားလုံး မပါဝင်ဘဲ လူ၏ အတွေ့အကြုံများသာ ပါဝင်ပါသည်။ ဥပမာ၊ တစ်စုံတစ်ယောက်သည် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေနိုင်ပြီး ငရဲကျနေသလို ဖြစ်နိုင်ပါသည်။ ဤအချက်က သူတို့ကို စာနာစိတ် ဖြစ်လာအောင် ကူညီပြီး အနာဂတ်တွင် ထိုသို့မဖြစ်အောင် ရှောင်ရှားလိုစိတ် ဖြစ်စေပါသည်။ အကျဉ်းချုပ်ဓမ္မ အဆင့်တွင် ဆောင်ရွက်နေပါက ဤအချက်က ပြဿနာ မရှိပါ။ သို့သော် လက်တွေ့ဓမ္မ အဆင့်တွင် လူ၏ တွေ့ကြုံမှုမျှကိုသာ ပြောခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့နှင့် သက်ရှိအားလုံး ကြုံတွေ့နိုင်သည့်အရာကို စိတ်အစဉ် ရှိနေသည့် အခြေခံဖြင့် ပြောပါသည်။ ဤစိတ်၏ဆောင်ရွက်ချက်သည် ပျော်ရွှင်မှုမှ မပျော်ရွှင်မှု၊ သာယာမှုမှ နာကျင်မှုသို့ တစ်ခုခုဖြင့် ပူးတွဲနေနိုင်ပါသည်။ အကန့်အသတ်ရှိပြီး အနာဂတ်တွင် ဆိုးရွားနာကျင်သော အတွေ့အကြုံများသာ ပေးနိုင်သည့် အချို့သော အခြေခံအချက်များကို ကျွန်ုပ်တို့ အလိုမရှိသည်မှာ သေချာပါသည်။ ရှင်းနေပါသည်။
ယင်းကို ရှောင်ရှားနိုင်သည့်နည်းလမ်း ရှိပါသလား။ ထိုသို့ ပိုဆိုးသော ပြန်လည်မွေးဖွားမှုများကို ရှောင်ရှားနိုင်အောင် မိမိဘဝတွင် အပြုသဘောလမ်းကြောင်း တစ်ခုခု အရင်ဆုံး သတ်မှတ်ရပါမည်။ တကယ်တော့ ယင်းသည် ထိုသို့ရှောင်ရှားရုံသာမက လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့အထိပါ ဦးတည်သွားနိုင်ပါသည်။
ကျွန်ုပ်တို့၏ဘဝတွင် စိတ်ချရသောဦးတည်ရာ သတ်မှတ်ခြင်း။ ကိုးကွယ်အားထားခြင်း
“ကိုးကွယ်အားထားမှု” ဆိုသောစကားလုံးကို သဘောမတွေ့သည်မှာ အားထုတ်မှု မပါသည့်သဘော သက်ရောက်ပြီး အနည်းငယ် အယူအဆလွဲစေနိုင်ပါသည်။ “အို၊ ဘုရားရှင်။ ကယ်တော်မူပါ” ဟူ၍ ဗုဒ္ဓမြတ်စွာကို ကယ်တင်ရှင် အနေနှင့် အားကိုးနေသလို ဖြစ်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့သည် တိရစ္ဆာန်များကဲ့သို့ တောတွင်းခိုလှုံရာဆီ ယူဆောင်ခေါ်သွားခံရသလို ဖြစ်နေပါသည်။ ကျွန်ုပ်တို့ ပြောနေသည်မှာ အလွန်တက်ကြွသည့် ကိစ္စဖြစ်ပြီး အားထုတ်မှု မပါခြင်းမျိုး လုံးဝမဟုတ်ပါ။ ဒါကို ဘဝတွင် “စိတ်ချရသော ဦးတည်ရာ” သတ်မှတ်ခြင်းဟု ဆိုချင်ပါသည်။ ဤလမ်းကြောင်းအတိုင်း သွားပါက ပိုဆိုးသော ပြန်လည်မွေးဖွားမှုများ မကြုံရအောင် မိမိကိုယ်ကို ကာကွယ်နိုင်ပါသည်။ ထိန်းချုပ်မရစွာ ပြန်လည် မွေးဖွားမှုသာမက အခြားသူများကိုလည်း တတ်နိုင်သမျှ ကူညီနိုင်စွမ်း မရှိမှု တို့မှလည်း ကာကွယ်နိုင်ပါသည်။
“ဓမ္မ” ဆိုသည့်စကားလုံးကို ဗုဒ္ဓတရားတော်များဟု ဘာသာပြန်လေ့ ရှိပါသည်။ အမှန်တော့ ကာကွယ်သောနည်းလမ်းဟု ရည်ညွှန်းပါသည်။ အနာဂတ် ပြဿနာများနှင့် ဆင်းရဲဒုက္ခများ မဖြစ်အောင် ရှောင်ရှားရန် မိမိကိုယ်တိုင် ပေါင်းစည်းထားရမည့်အရာ ဖြစ်ပါသည်။ ဤနည်းလမ်းများကို ဘဝတွင် ဆောင်ရွက်ကာ ပိုဆိုးသော ပြန်လည်မွေးဖွားမှုများ၊ ပြန်လည်မွေးဖွားမှုနှင့် အခြားသူများကို ပြည့်ဝစွာ မကူညီနိုင်မှုစသည့် ပြဿနာ သုံးမျိုးကို ရှောင်ရှားနိုင်ရန် ကြိုးစားရပါသည်။
ဘုရားရှင်က ဖော်ပြထားသည့် ဤလမ်းကြောင်းမှာ အဘယ်နည်း။ ဤလမ်းကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် ရရှိကာ အတားအဆီးများ၊ အားနည်းချက်များ၊ ရှုပ်ထွေးမှုနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ အားလုံးကို လုံးဝရပ်တန့်ပစ်သောအရာ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် စိတ်တွင် ရှိသည့် အပြုသဘော အစွမ်းအစအားလုံး ကိုလည်း ဘုရားရှင်က သဘောပေါက်ပါသည်။ ဤလမ်းကြောင်းဦးတည်ရာကို ယခု ပြောနေခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရား၊ တရား၊ သံဃာဆိုသည့် အဖိုးတန်ပြီး ရှားပါးသော ရတနာသုံးပါး၏ စိတ်ချရသော လမ်းကြောင်းကို ပြောသောအခါ အမှန်တကယ် ဆိုလိုသည့်အရာ ဖြစ်ပါသည်။ ဓမ္မဆိုသည်မှာ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ရရှိထားသော အရာဖြစ်ပြီး အလားတူ ကျွန်ုပ်တို့အားလုံး ရရှိနိုင်ပုံအကြောင်း တရားတော်များ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာက ယင်းကို အပြည့်အဝ ရရှိထားသူတစ်ယောက်ကို ညွှန်ပြပါသည်။ သံဃာဆိုသည်မှာ ဘုန်းကြီးကျောင်းမှ သို့မဟုတ် ဗုဒ္ဓဘာသာ စင်တာမှ ပုဂ္ဂိုလ်များသာ မဟုတ်ဘဲ ဘုန်းတော်ကြီးကျောင်း အသိုင်းအဝိုင်းကို ဆိုလိုပါသည်။ တကယ်တော့ ဤမျှနှင့်လည်း စိတ်ချရသော ဦးတည်ရာ အမှန်မဟုတ်သေးပါ။ ရတနာသုံးပါးတွင် ပါဝင်သည့် သံဃာဆိုသည်မှာ အဆင့်မြင့် သိမြင်သဘောပေါက်ပြီးသူများကို ဆိုလိုပြီး ဘုရားရှင် အပြည့်အဝ ရရှိထားသည့် အရာကို တစ်စိတ်တစ်ပိုင်း ရရှိထားသူများ ဖြစ်ပါသည်။
သို့ဖြစ်ရာ ဤအချက်ကို ကျွန်ုပ်တို့ အရင်ဆောင်ရွက်ရန် လိုပါသည်။ ဘဝတွင် စိတ်ချရသောလမ်းကြောင်းကို ရိုးသားစွာ ချမှတ်ရပါမည်။ ထိုအတွက် ဦးတည်ကြိုးစားရပါမည်။ ဗုဒ္ဓမြတ်စွာ ရရှိထားသည့်အရာကို ရရှိအောင် ကြိုးစားပါသည်။ ဗုဒ္ဓမြတ်စွာက အပြည့်အဝ ရရှိပြီး သံဃာတော်တို့က တစ်စိတ်တစ်ပိုင်း ရရှိထားသောနည်းလမ်း ဖြစ်ပါသည်။ ဘဝတွင် ဤလမ်းကြောင်း သတ်မှတ်သောအခါ အဆင့်တိုင်းတွင် မယုံနိုင်လောက်အောင် ကြီးမားသော ခြားနားချက် ဖြစ်လာပါသည်။ အကြောင်းမှာ ယခုအခါ ကျွန်ုပ်တို့ဘဝတွင် အဓိပ္ပာယ်နှင့် ဦးတည်ချက် ရှိလာသောကြောင့် ဖြစ်ပါသည်။ မိမိ၏ အားနည်းချက်များ ဖယ်ရှားကာ အစွမ်းအစများ ပေါ်ထွက်အောင် မိမိကိုယ်တိုင် ကြိုးစားနေပါသည်။ ထိုသို့ ဆောင်ရွက်ပါက ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် စိတ်ခံစားချက်အရ ပိုမိုပျော်ရွှင်လာပါသည်။ အကြောင်းမှာ “ဘဝဆိုတာ ဘာမှန်း မသိပါဘူး။ ငါဒီမှာ ဘာလုပ်နေလဲ မသိတော့ဘူး။ ဘဝဟာ အဓိပ္ပာယ်မဲ့ပါတယ်” ဆိုပြီး မတွေးမိတော့ပါ။ ဤကား အလွန်ဆိုးရွားသော စိတ်အခြေအနေ ဖြစ်သည်။ ထိုစိတ်ရှိလာပါက လူတို့ဘဝသည် ငွေကြေးဖြင့်သာ အချိန်ကုန်နေသည်ဟု တစ်ခါတစ်ရံ ဆိုလိုပါသည်။ ရှေးရိုးစကားကို ပြန်ပြောရလျှင် “ငွေဖြင့် ပျော်ရွှင်မှုကို မဝယ်နိုင်” ဆိုသည်မှာ အမှန်တရား ဖြစ်နေပါသည်။
အပျက်သဘော အပြုအမူကို ရှောင်ရှားခြင်း
ယခုဆိုလျှင် ကျွန်ုပ်တို့သည် ဘဝတွင် စိတ်ချရသောလမ်းကြောင်း ရှိလာပါပြီ။ ဤအခြေခံဖြင့် ပိုဆိုးသော ပြန်လည်မွေးဖွားမှုများ မဖြစ်အောင် ရှောင်ရှားနည်းမှာအဘယ်နည်း။ ဤနည်းမှာ အပျက်သဘော နည်းဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံများ မပြုမူရေး ဖြစ်ပါသည်။ ဆိုလိုသည်မှာ လောဘ၊ ဒေါသ၊ တဏှာ၊ မောဟ၊ မနာလိုမှု၊ မောက်မာမှု အစရှိသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ လွှမ်းမိုးမှုအောက်တွင် ထိုသုံးချက်ကို မပြုမိအောင် ရှောင်ရှားရန် ကြိုးစားရပါသည်။ လက်ရှိရထားသည့် တန်ဖိုးရှိသော လူ့ဘဝကို အကောင်းဆုံး အသုံးချနည်းမှာ ကနဦးအဆင့်တွင် အပျက်သဘောဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံများ မပြုမိအောင် ရှောင်ရှားရေး ဖြစ်ပါသည်။
သို့ရာတွင် ဗုဒ္ဓဘာသာ၏ မူဘောင်အတွင်းမှနေ၍ ထိုသို့ဆောင်ရွက်ရန် လိုပါသည်။ ယေဘုယျအားဖြင့် ဘာသာတရားအားလုံးက သူတစ်ပါးအသက် သတ်ခြင်း၊ ခိုးဝှက်ခြင်း စသည့် အပျက်သဘော မပြုမူရန် သင်ကြားထားပါသည်။ သို့သော် ဗုဒ္ဓဘာသာအခြေခံအရ ခြားနားချက်မှာ ဥပဒေအချို့ဖြင့် မဟုတ်ပါ။ နတ်ဒေဝါအချို့ သို့မဟုတ် ဥပဒေပြုရေး အစိုးရတို့က ဖန်တီးသည့် ဥပဒေဟူ၍ မသတ်မှတ်ထားပါ။ ဗုဒ္ဓဘာသာ၏ ကျင့်ဝတ်သီလမှာ “ဥပဒေကို မလိုက်နာရင် ပြစ်ဒဏ်ကျခံရမယ်” ဆိုသည့် ဥပဒေကိုလိုက်နာခြင်းတွင် အခြေမခံပါ။ အများပြည်သူဆိုင်ရာ ဥပဒေနှင့် ပတ်သက်လျှင် ပြစ်ဒဏ်ကင်းလွတ်အောင် လာဘ်ထိုးခြင်း၊ ရှေ့နေကောင်းကောင်းငှားခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ဥပဒေလိုက်နာသောအခါ လူလိမ္မာ ဖြစ်ပြီး မလိုက်နာပါက လူဆိုး သို့မဟုတ် ရာဇဝတ်သား ဖြစ်ခြင်းမျိုး မဟုတ်ပါ။ လိုက်နာမှုမှာ ဗုဒ္ဓဘာသာ ကျင့်ဝတ်သီလ၏ အခြေခံ မဟုတ်ပါ။
အပြုသဘော အပြုအမူများ ဆောင်ရွက်ခြင်း
ဗုဒ္ဓဘာသာတွင် အပြုသဘော ဆောင်ရွက်ချက်က ဘာကိုဆိုလိုကြောင်း သိရှိရန် အရေးကြီးပါသည်။ အပျက်သဘော ဆောင်ရွက်ချက်များအနေနှင့် ကြည့်ပါက ထိုအချက်ကို သိနိုင်ပါသည်။ ဥပမာ၊ သူတစ်ပါး အသက်သတ်သည့် နည်းတစ်နည်းမှာ အမဲလိုက်ခြင်း ဖြစ်သည်။ သို့သော် တစ်ခါမှ အမဲမလိုက်ဖူးဘဲ အမဲလိုက်ရန်လည်း စိတ်မဝင်စားပါက အမဲမလိုက်ခြင်းမှာ ကောင်းမွန်သောအချက် ဖြစ်သော်လည်း အပြုသဘော ဆောင်ရွက်ချက်အနေနှင့် ထည့်မတွက်ပါ။ အပြုသဘော ဆောင်ရွက်ချက် ဆိုသည်မှာ ခြင်တစ်ကောင် ရိုက်သတ်လိုစိတ် ဖြစ်လာသောအခါ ခံစားချက်အတိုင်း မဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်လိုက်ပါက ငါ၊ ငါ၊ ငါဟု တွေးတောကာ ဒေါသဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ပြင် ခြင်ကိုသတ်လိုက်လျှင် မိမိမနှစ်သက်သော အရာတိုင်းကို သတ်ပစ်ခြင်းဖြင့် ဖြေရှင်းကြည့်လိုသည့် ခိုင်မာသော အလေ့အထ ဖန်တီးမိပါလိမ့်မည်။ ထို့ကြောင့် ခြင်ကိုရိုက်မည့်အစား ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေရပါသည်။ ဥပမာ၊ ခွက်တစ်ခုဖြင့်ဖမ်းပြီး အပြင်ကို ထုတ်ပစ်ခြင်းမျိုး ဖြစ်ပါသည်။ အပြုသဘော ဆောင်ရွက်ချက်ဆိုသည်မှာ သူတစ်ပါးအသက်ကို အမှန်ပင် သတ်ဖြတ်လိုချိန်တွင် မသတ်မိအောင် ရှောင်ရှားခြင်း ဖြစ်သည်။ အကြောင်းအကျိုးကို နားလည်သည့်အတွက် ရှောင်ရှားခြင်း ဖြစ်ပါသည်။ ဤသို့သော အပြုသဘော ဆောင်ရွက်ချက်က ကျွန်ုပ်တို့၏စိတ်တွင် ခိုင်မာသော အပြုသဘော အစွမ်းအစများအဖြစ် စုစည်းမိလာပါသည်။
ပိုပြီးခိုင်မာသည့် အပြုသဘော ဆောင်ရွက်ချက် အဆင့်များရှိပါသေးသည်။ ယင်းတို့မှာ ခြင်မသတ်ရုံသာ မဟုတ်ဘဲ အစာကျွေးရန် ဖြစ်ပါသည်။ ၎င်းကို မိမိ၏သွေးအနည်းငယ် မြည်းခွင့်ပေးလိုက်နိုင်ပါသည်။ တကယ်တော့ သွေးအများကြီး ရှိပါသည်။ ထိုသို့ဆောင်ရွက်နိုင်သူ အနည်းငယ်သာ အမှန်တကယ် ကြုံဖူးပါသည်။ အမဲမလိုက်ခြင်းမှာ ကျွန်ုပ်တို့ထင်ထားသလို အပြုသဘော ဆောင်ရွက်ချက်အနေနှင့် ခိုင်မာလှသည် မဟုတ်ပါ။
ဗုဒ္ဓဘာသာ ကျင့်ဝတ်သီလ၏ အခြေခံမှာ အပြုအမူဆိုင်ရာ အကြောင်းအကျိုးကို နားလည်ခြင်းဖြစ်သည်
သို့ဆိုလျှင် ဗုဒ္ဓဘာသာ၌ ကျင့်တတ်သီလ၏ အလုံးစုံအခြေခံမှာ အချို့သောနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသည် အချို့သော ရလဒ်အမျိုးအစားများ ဖြစ်ပေါ်စေမည်ကို နားလည်ခြင်းနှင့် အန္တရာယ်ရှိသောအရာ၊ အကျိုးရှိသောအရာတို့ကို ခွဲခြားသိရှိခြင်း ဖြစ်ပါသည်။ ဥပမာ၊ အပျက်သဘောဖြင့် ဆောင်ရွက်ပါက မိမိအတွက် မပျော်ရွှင်သော၊ အနှောင့်အယှက်ပေးသော စိတ်အခြေအနေကို ဖန်တီးမိပါလိမ့်မည်။ မိမိ၏ အခြေခံ ရှုပ်ထွေးမှုကြောင့် ဤသို့ပြုမူခြင်းဖြစ်သည်။ အရင်ဆုံး အပျက်သဘော ဆောင်ရွက်ခြင်းသည် မိမိကိုယ်ကို ပျက်စီးစေသည်ကို မသိခြင်း ဖြစ်နိုင်ပါသည်။ ဥပမာ၊ မူးယစ်ဆေး သို့မဟုတ် အရက်စွဲခြင်းမျိုး ဖြစ်ပါသည်။ ထို့ပြင် အမြဲတမ်း မူးယစ်ပြီး အရက်မူးနေပါက မိမိ၏ပြဿနာများကို ရှောင်ရှားနိုင်လိမ့်မည်ဟု လွဲမှားစွာ တွေးမိခြင်းလည်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ကျင့်ဝတ်သီလနှင့်အညီ ပြုမူရန်အခြေခံကို နားလည်ပါက အပျက်သဘော ဆောင်ရွက်သောအခါ ကျွန်ုပ်တို့ မလိမ္မာသောကြောင့်မဟုတ်ဘဲ ရှုပ်ထွေးနေမှုကြောင့် ဖြစ်သည်ကို သဘောပေါက်လာပါသည်။ အခြားသူများက အပျက်သဘော ဆောင်ရွက်သောအခါ သူတို့ မလိမ္မာခြင်းကြောင့် ပြစ်ဒဏ်ခံထိုက်ခြင်း မဟုတ်ဘဲ အလွန် ရှုပ်ထွေးပြီး အနှောင့်အယှက် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ သူတို့သည် ကရုဏာသက်သင့်သူများ ဖြစ်လာပြီး ကျွန်ုပ်တို့က သူတို့ကို ရှုပ်ထွေးမှု ဖယ်ရှားနိုင်အောင် ကူညီပေးရပါသည်။ မှန်ပါသည်။ သူတို့က အခြားသူများကို ဆက်လက်အန္တရာယ် ပေးနိုင်ခြေရှိပါက ကျွန်ုပ်တို့သည် သူတို့ကို ပိတ်ဆို့ရန် လိုပါသည်။ သို့သော် မတူညီသော စိတ်မျိုးဖြင့် ထိုသို့ ဆောင်ရွက်သင့်ပါသည်။ သူတို့ကို ဒဏ်ခတ်စရာ၊ နာကျင်အောင် လုပ်စရာ မလိုပါ။ သို့သော် ကူညီကြည့်လိုသော သဘောသာ ဖြစ်ပါသည်။ သူတို့ထံတွင် ထာဝရ လိုက်ပါသွားမည့် စိတ်အစဉ် ရှိနေပါသည်။ သူတို့ကို ယခု ပြန်လည်ထူထောင်ပေးရန် တစ်နည်းနည်းဖြင့် မကြိုးစားပါက အနာဂတ်တွင် သူတို့သည် အလွန်ပျက်စီးနေသော နည်းလမ်းများဖြင့် ဆက်လက် ပြုမူဆောင်ရွက်ပါတော့မည်။
သို့သော် ဤသည်မှာကနဦးအဆင့်၌ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အဓိက အာရုံစိုက်ပြီး အနာဂတ်တွင် ဆိုးရွားသော အခြေအနေများ မဖြစ်အောင် ရှောင်ရှားရပါမည်။ အကျဉ်းချုပ်ဓမ္မ အဆင့်အတွက် ယခုဘဝ သို့မဟုတ် လက်တွေ့ဓမ္မ အဆင့်အတွက် နောင်ဘဝများအတွက် ဖြစ်ပါသည်။ ဤအဆင့်တွင် ယခုလို တန်ဖိုးရှိသော လူသားဘဝကို အသုံးပြုနည်းမှာ ဤအတိုင်း စိတ်ချရသော လမ်းကြောင်းကို ရှာဖွေခြင်း ဖြစ်ပါသည်။ ဤဘဝကို ဆုံးရှုံးရမည် ဖြစ်သည့်အတွက် တန်ဖိုးထားလာပါသည်။ နောင်တွင်လည်း တန်ဖိုးရှိသော လူသားဘဝကို ဆက်လက်ရရှိရန် သေချာစေလိုပါသည်။ ဤသို့တန်ဖိုးရှိသော လူသားဘဝ ရရှိလိုသည်မှာ လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှု ရည်မှန်းချက်များ ပေါက်ရောက်အောင် အချိန်အလွန်ကြာမြင့်သောကြောင့် ဖြစ်ပါသည်။ အကျဉ်းချုပ် ဓမ္မကို လက်တွေ့ဓမ္မ အဆင့်သို့ တက်လှမ်းရန် အခြေခံအဖြစ် ဤကနဦးအဆင့်တွင် ကျွန်ုပ်တို့သည် အလယ်အလတ်နှင့် အဆင့်မြင့် အဆင့်များဆီ တက်လှမ်းနိုင်အောင် လေ့လာခဲ့ပါသည်။
အကျဉ်းချုပ်
ကနဦး စိတ်ဓာတ်စေ့ဆော်မှုသည် ကျွန်ုပ်တို့ ရရှိထားသည့် ဤသို့အလွန်ပင် တန်ဖိုးရှိလှသော လူသားဘဝကို တန်ဖိုးထားမှုဖြင့် စတင်ပါသည်။ ဤခန္ဓာကို ရရှိထားသည်။ အခွင့်အရေးများ ရှိနေသည်။ ထိုထက်ပို၍ လူ့အသိဉာဏ်ကို ရရှိထားပါသည်။ ကျွန်ုပ်တို့၏ စိတ်သာဆောင်လျှင် မအောင်မြင်နိုင်တာ မရှိသလောက် ဖြစ်ပါသည်။
ယခုရရှိထားသည့် ဤသို့ အံ့အားသင့်ဖွယ် အခြေအနေသည် ထာဝရမတည်ပါ။ မည်သည့်အရာမျှလည်း ထာဝရ မတည်ပါ။ မည်မျှချမ်းသာသည်ဖြစ်စေ၊ မည်မျှ နာမည်ကျော်သည်ဖြစ်စေ၊ မည်မျှ အပေါင်းအသင်းများသည်ဖြစ်စေ၊ ခန္ဓာကိုယ် မည်မျှသန်မာသည်ဖြစ်စေ တစ်နေ့သေဆုံးကြရပါမည်။ ဒါကို တားဆီးရန် ဘာမျှ မလုပ်နိုင်သလို ဘယ်အချိန် သေမည်ကိုလည်း မသိနိုင်ပါ။ သေခြင်းတရားကို အမှန်တကယ် သဘောပေါက်ပါက သာမန်ဘဝဖြင့် နေထိုင်တော့မည် မဟုတ်ကြောင်း ဆိုထားပါသည်။
ယခုဘဝသည် ပျက်စီးလွယ်ပြီး အချိန်မရွေး ကုန်ဆုံးသွားနိုင်သည်ကို မြင်လာပါက သေခြင်း၏နောက်တွင် ဘာဖြစ်မည်ကို စတင်တွေးတောမိလာပါသည်။ ကျွန်ုပ်တို့ ပြန်လည်မွေးဖွားရန် ဖြစ်နိုင်သော အခြေအနေများစွာ ရှိသလို အများစုမှာ ထိတ်လန့်ဖွယ်ကောင်းသည့်အတွက် မိမိဘဝတွင် စိတ်ချရသောလမ်းကြောင်း သတ်မှတ်ရပါသည်။
ဤသို့စိတ်ချရသော လမ်းကြောင်းက ကျွန်ုပ်တို့ကို အနာဂတ် ဆင်းရဲဒုက္ခများ ဖြစ်စေသည့် အပျက်သဘော မဆောင်ရွက်ရန် တားဆီးပါသည်။ အနာဂတ် ပျော်ရွှင်မှုကို ဖြစ်စေသည့် အပြုသဘော ဆောင်ရွက်ရန် အားပေးပါသည်။ ဤနည်းဖြင့် မိမိ၏နောင်ဘဝများတွင် ပိုကောင်းသော အခြေအနေများ ရရှိစေပါသည်။