သုံးသပ်ချက်
ဘာသာရေးလမ်းကြောင်းတွင် အဆင့်ဆင့်ရှိပုံအကြောင်း ဆွေးနွေးလျှက် ရှိရာတွင် ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှုကို သေးငယ်သော အတိုင်းအတာမှသည် အပြည့်အဝ ဖြစ်လာသည်အထိ အခြေခံအားဖြင့် ကျယ်ပြန့်အောင် ချဲ့ထွင်ကြည့်နေပါသည်။ ဤနည်းဖြင့် အဆင့်တစ်ဆင့်က ယခင်အဆင့်ကို အခြေတည်ပြီး တည်ဆောက်သွားပါသည်။
ဤဖွံ့ဖြိုးတိုးတက်မှုကို ဖြတ်သန်းရန် နည်းလမ်းနှစ်မျိုး ရှိသည်ကိုလည်း ကျွန်ုပ်တို့ မြင်ခဲ့ပါသည်။ အကျဉ်းချုပ်ဓမ္မ အမျိုးအစားဖြင့် လိုက်နာနိုင်ပြီး ယခုဘဝ တိုးတက်မှု၊ မိမိဘဝ ပိုမိုကောင်းမွန်အောင် ကြိုးစားမှုတို့နှင့် သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့ အများစုအတွက် ဤအဆင့်မှ စတင်ရပါသည်။ သို့သော် အစဉ်အလာ တင်ဆက်မှုက ဤအဆင့်ကို ထည့်ပင် မစဉ်းစားပါ။ အကြောင်းမှာ အစ၊ အဆုံး မရှိသည့် ပြန်လည်မွေးဖွားမှု ရှိသည်ဟု ယူဆထားသောကြောင့် ဖြစ်ပါသည်။ လက်တွေ့ ဓမ္မသည် ကိုကာကိုလာအစစ်နှင့် တူပြီး ဤဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်မွေးဖွားမှု အဆက်အစပ်ဖြင့် ဆွေးနွေးထားပါသည်။
ကနဦး စိတ်ဓာတ်စေ့ဆော်မှုသည် စိတ်ဓာတ်စေ့ဆော်မှု အဆင့်တိုင်းလိုပင် ရည်မှန်းချက်တစ်ခု၊ ထိုရည်မှန်းချက် ရရှိလိုသော အကြောင်းရင်းနှင့် ထိုရည်မှန်းချက် ရရှိအောင် တွန်းပို့မည့် ယင်းနောက်ကွယ်မှ စိတ်ခံစားချက်တို့ ရှိသည်ကို မြင်ခဲ့ပါသည်။ ကနဦးအဆင့်တွင် မိမိ၏ နောင်ဘဝများ ကောင်းစားရေးကို ကြည့်ပါသည်။ ပိုမိုကြီးမားသော ရည်မှန်းချက်များ အောင်မြင်အောင် မိမိကိုယ်ကို ဆက်လက်တိုးတက်စေနိုင်သည့် တန်ဖိုးရှိသော လူသားအဖြစ် မွေးဖွားမှု ဆက်လက် ရရှိရေး ဖြစ်ပါသည်။ ယခုဘဝနှင့် အဆုံးစွန် ရည်မှန်းချက်များ ရရှိရန် ခက်ခဲသည်ကို ကျွန်ုပ်တို့ သဘောပေါက်ထားပါသည်။ အချိန်အလွန်ကြာမြင့်ပြီး အလွန်ကြိုးစားအားထုတ်ရပါသည်။ ပိုမိုကောင်းမွန်သော ပြန်လည်မွေးဖွားမှုများ ဆက်လက်ရရှိအောင် ကြိုးစားရသည့် အကြောင်းရင်းမှာ ထိုသို့ရရှိမှသာ ဤလမ်းကြောင်းကို ဆက်လျှောက်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
တန်ဖိုးရှိသော လူသားဘဝရရှိရေး ရည်မှန်းချက်ကို အောင်မြင်သောအခါ ထိုသို့ဆောင်ရွက်ရန် ကျွန်ုပ်တို့ စီစဉ်ထား ပါသည်။ နောင်ဘဝတွင် ကောင်းကင်ဘုံကိုသွားပြီး ပျော်ရွှင်ရုံမျှကို ပြောနေခြင်း မဟုတ်ပါ။ ဤအတိုင်းအတာအရ ပိုကောင်းသော ပြန်လည်မွေးဖွားမှု ရရှိရေး တွန်းပို့သော စိတ်ခံစားချက်မှာ ပိုဆိုးသော ပြန်လည်မွေးဖွားမှု ရရှိလာမည်ကို ထိတ်လန့်ခြင်း ဖြစ်ပါသည်။ ထိုသို့ပိုဆိုးသော အခြေအနေများတွင် မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားခွင့် ရှိတော့မည် မဟုတ်ပါ။ သို့သော် ထိုသို့မဖြစ်အောင် ရှောင်ရှားနိုင်သည့်နည်းလမ်း ရှိသည်ဟု ယုံကြည်ထားပါသည်။ စိတ်ချရသော ဦးတည်ရာ သို့မဟုတ် ကိုးကွယ်အားထားရာ အဖြစ် ဒါကို ဆွေးနွေးခဲ့ပါသည်။ ဤလမ်းကြောင်းမှာ အထူးသဖြင့် မိမိအပြုအမူအရ မိမိ၏ စိတ်ဆောင်ရွက်ချက်နှင့် တွဲနေသော ကန့်သတ်ချက်၊ အပျက်သဘော အစိတ်အပိုင်းအားလုံးကို ထာဝရ လုံးဝရပ်တန့်ရန် အခြေခံအားဖြင့် ကြိုးစားခြင်း ဖြစ်ပါသည်။ ထို့ပြင် အပြုသဘောဖြင့် ပြုမူရပါသေးသည်။ ရရှိထားသည့် တန်ဖိုးရှိသော လူသားဘဝ၏ အခွင့်အလမ်းများကို တန်ဖိုးထားသည့် အဆက်အစပ်ဖြင့် လည်းကောင်း၊ သေဆုံးချိန်တွင် ဒါကိုကျိန်းသေ ဆုံးရှုံးရမည်ကို နားလည်မှုဖြင့် လည်းကောင်း ထိုသို့ ဆောင်ရွက်ပါသည်။ သေခြင်းတရားသည် မလွဲမသွေ ရောက်လာမည်ဖြစ်သလို ဘယ်အချိန် ဖြစ်လာမည်ကိုလည်း မသိနိုင်ပါ။
အကောင်းဆုံး ပြန်လည်မွေးဖွားမှုများသည်ပင် စိတ်ကျေနပ်ဖွယ် မဟုတ်ပါ
အလယ်အလတ် အဆင့်တွင် ကျွန်ုပ်တို့ ဆက်လက်လေ့လာဆန်းစစ်ကြပါမည်။ ပိုကောင်းသော ပြန်လည်မွေးဖွားမှု ဆိုသည်များ သို့မဟုတ် တန်ဖိုးရှိသော လူ့ဘဝများ ရလာလျှင်လည်း ထိုသို့ဆက်လက်ဖြစ်နေရန်မှာ စိတ်ကျေနပ်ဖွယ် မဟုတ်ပါ။ ဘဝသည် ဆက်သွားနေပြီး နောက်အခိုက်အတန့် တစ်ခုတွင် မည်သို့ခံစားရမည်ကို မသိနိုင်ဘဲအတက်အကျ ဖြစ်နေပါသည်။ ယခု ပျော်ရွှင်နေသော်လည်း နောက်တစ်မိနစ်ကြာလျှင် စိတ်အလိုမကျခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ရုတ်တရက် ဖြစ်နိုင်ပါသည်။ တကယ့်အသေးအဖွဲများကြောင့် ဝမ်းနည်းနိုင်သလို မွေးဖွားလာမှု၊ ကလေးတစ်ယောက်ဖြစ်လာမှု တို့ကို ဘဝတိုင်းတွင် ဖြတ်သန်းသွားရသည့် အဖန်ဖန် ဖြစ်နေသော ပြဿနာများ ရှိပါသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများကိုလည်း မည်သို့မျှ မထိန်းချုပ်နိုင်ပါ။ လမ်းလျှောက်၊ စကားပြောရန် သင်ယူရသည်။ ဤသို့ အထပ်ထပ် လုပ်ဆောင်ရသည်မှာ ငြီးငွေ့ဖွယ်ဖြစ်သည်။ ကျောင်းတက်ရသည်။ ထိုကိစ္စမျိုးကို မည်သူကများ အထပ်ထပ် လုပ်ဆောင်ချင်ပါမည်နည်း။ အိမ်ထောင်ဖက်နှင့် အလုပ်ရှာရပြန်သည်။ ဖျားနာမှု၊ အိုမင်းမှု၊ သေဆုံးမှုတို့ ထပ်မံရင်ဆိုင်ရသည်။ မိမိသာမက မိမိချစ်ခင်သူများတွင်လည်း ထိုအတိုင်းဖြစ်ပါသည်။
ယခုလို တန်ဖိုးရှိသော လူ့ဘဝမှာလည်း စိတ်မကျေနပ်ဖွယ် ကိစ္စများစွာ ရှိပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက် ပြဿနာအားလုံးမှာ အသင့်ရှိနေပါမည်။ ကျွန်ုပ်တို့သည် ဒေါသထွက်သည်။ ဝမ်းနည်းသည်။ လောဘရှိသည်။ လူများ၊ အရာဝတ္ထုများအပေါ် များစွာတွယ်တာသည်။ အကြောင်းအကျိုးနှင့် အမှန်တရားအပေါ် မသိနားမလည်ဘဲ မိမိအပြုအမူ၊ အပြောအဆိုက အခြားသူများအပေါ် မည်သို့မျှ မသက်ရောက်ဟု ထင်ပြီး မိုက်မဲသော နည်းများဖြင့် ပြုမူသည်။ အခြားသူများ အမှန်တကယ် မတည်ရှိသည့်အလား၊ ခံစားချက် မရှိသည့်အလား ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ပြုမူမိပါသည်။ ဤသည်မှာ လုံးဝမသိနားမလည်မှုပင် မဟုတ်ပါလား။
ဤပြဿနာအားလုံး ဖြစ်ဆက်နေကာ ကံကောင်းသည့် ပြန်လည်ဝင်စားမှုတိုင်းတွင် ဤသို့သော အတက်အကျများ ရှိနေပါမည်။ ကံကောင်းရာမှ ကံဆိုးသွားသည့် အချိန်ကလည်း ရှိပါမည်။ ပိုကောင်းသည့် ပြန်လည်မွေးဖွားမှုမှ ပိုဆိုးသည့် ပြန်လည်မွေးဖွားမှု ကြုံရခြင်းကို ဆိုလိုပါသည်။ ထိုအတိုင်း ဆက်၍ဆက်ကာ ဖြစ်နေပါသည်။ ဒါကိုပင် “ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော တည်ရှိမှု သို့မဟုတ် ပြန်လည်မွေးဖွားမှု”၊ သက္ကတ ဘာသာဖြင့် “သံသရာ” ဟု ဆိုလိုပါသည်။
လွတ်လပ်လိုသည့် ဆုံးဖြတ်ချက်ဖြင့် လွတ်မြောက်မှုကို ရည်မှန်းခြင်း။ စွန့်ပယ်ခြင်း။
အလယ်အလတ် အဆင့်တွင် ကျွန်ုပ်တို့ အောင်မြင်လိုသော ရည်မှန်းချက်မှာ ဤအရာအားလုံးမှ လွတ်မြောက်ရေး ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်အစဉ်သည် အစမထင်သလို အဆုံးမရှိပါ။ အဆုံးသတ်မည့်ပုံမရှိသည့် ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြန်လည်မွေးဖွားမှု သံသရာတွင် ကျွန်ုပ်တို့ ဆက်လက်မကျင်လည်လိုတော့ပါ။ “အဆုံးသတ်မည့်ပုံ မရှိသည့်” စကားပြောရသည်မှာ ထာဝရ ဆက်ဖြစ်နေသည့်အရာကို ကျွန်ုပ်တို့ ဘာမျှ မတတ်နိုင်သည်ကို ဆိုလိုပါသည်။ ယင်းကို အဆုံးသတ်ရပါမည်။ သံသရာကို အမှန်တကယ် ရပ်တန့်ပစ်ရပါမည်။ ဘာကြောင့်လဲ။ ဆင်းရဲဒုက္ခများကို ရပ်တန့်လိုသောကြောင့် ဖြစ်ပါသည်။ ဖြစ်လာသည့် ပြဿနာများက အလွန်မဆိုးရွားသည့်တိုင် ပိုပြီးနူးညံ့သော ပြဿနာများကို ရပ်တန့်ပစ်ရပါမည်။ ဤသည်မှာ လွတ်မြောက်မှု ရရှိလိုသည့် အကြောင်းရင်း ဖြစ်ပါသည်။
သက္ကတ ဘာသာတွင် လွတ်မြောက်မှုကို “နိဗ္ဗာန်” ဟုခေါ်ပြီး ထိုသို့ဖြစ်လိုစိတ်ကို “စွန့်ပယ်ခြင်း” ဟုခေါ်ပါသည်။ ဤသည်မှာ အကောင်းဆုံး ဘာသာပြန်ထားခြင်း မဟုတ်သော်လည်း လွတ်လပ်လိုသည့် အလွန်ပြတ်သားသော ဆုံးဖြတ်ချက်ကို အခြေခံအားဖြင့် ရည်ညွှန်းပါသည်။ စွန့်ပယ်မှုဖြင့် ဤဆင်းရဲဒုက္ခကို စိတ်ကုန်ပြီဟု ကျွန်ုပ်တို့ ဆုံးဖြတ်ထားပါသည်။ ယင်းကို မနှစ်မြို့တော့ပါ။ ပိုပြီးလေးနက်သော အဆင့်၌ ထိုအရာအားလုံးကို အမှန်တကယ် နက်ရှိုင်းစွာ ငြီးငွေ့လာပါသည်။ စိတ်ကုန်ဖွယ်ကောင်းနေပြီ ဖြစ်သည့်အတွက် ကျွန်ုပ်တို့ လွတ်မြောက်လိုပါသည်။
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဖယ်ရှားလိုခြင်း
လွတ်မြောက်ရန်အတွက် ကျွန်ုပ်တို့၏ ပြဿနာများနှင့် ဆင်းရဲဒုက္ခများအားလုံး၏ အကြောင်းရင်းကို ဖယ်ရှားရန် လိုပါသည်။ ဆင်းရဲဒုက္ခကိုသာမက ယင်း၏အကြောင်းရင်းများကိုပါ အလုံးစုံ စွန့်လွှတ်လိုပါသည်။ ရေခဲမုန့်၊ ချောကလက် သို့မဟုတ် ထိုသို့သောအရာတစ်ခုခုကို စွန့်လွှတ်ခြင်းအကြောင်း ပြောနေခြင်း မဟုတ်ပါ။ ဤသည်မှာ စွန့်ပယ်မှု၏ အလွန်အသေးအဖွဲ နားလည်မှုသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပြတ်သားစွာ ဆောင်ရွက်ရမည်မှာ မိမိ၏လောဘ၊ ဒေါသ၊ တပ်မက်မှုအားလုံးမှ လွတ်မြောက်ရေး ဖြစ်ပါသည်။ ချောကလက်အကြောင်း ပြောရလျှင် ယင်းကိုတပ်မက်မှုသည် ယင်း၏အရည်အသွေးကောင်းများကို ပုံကြီးချဲ့ထားမှုတွင် အခြေခံသည့်အတွက် ထိုတပ်မက်မှုကို စွန့်လွှတ်ရန် လိုပါသည်။ ဥပမာ၊ “ဒါဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အရသာအရှိဆုံးဆိုတော့ စားလိုက်ရင် အရမ်းအရမ်းကို ပျော်မှာပဲ” ဟု ထင်နေပါသည်။ ချောကလက်သာ ထိုသို့ဖြစ်စေပါက ပိုစားလေ၊ ပိုပျော်ရွှင်လေ ဖြစ်ပါမည်။ သို့သော် မည်မျှပင် ချောကလက်ကြိုက်သည်ဖြစ်စေ၊ မကြာခင် စိတ်ကုန်ပြီး ချောကလက်ဆိုလျှင် ထပ်မြင်ချင်စိတ်ပင် မရှိတော့ပါ။
လောဘ၊ ဒေါသစသည့်တို့ကို စွန့်လွှတ်လိုစိတ် ရိုးသားစွာရှိရန်မှာ အမှန်ပင် လေးနက်ပြီး အလွန်ခဲခက်ပါသည်။ ယင်းကို ပေါ့ပေါ့ဆဆမပြုသင့်ပါ။ ဤသည်မှာ တစ်ယောက်ယောက်က နံရံကို ခေါင်းနှင့်ဝင်တိုက်သလို ဖြစ်ပါသည်။ ခေါင်းနှင့် ဆောင့်နေတာ ရပ်လိုက်လျှင် ပိုဆိုးသွားမလား မသိသည့်အတွက် ရပ်ရမှာ ကြောက်နေပါသည်။ ဤသို့ပင် ကျွန်ုပ်တို့ လုံးဝကျင့်သားရနေသည့်အတွက် နံရံကို ခေါင်းနှင့်ဆက်တိုက်နေကြပါ၏။ ဤသည်မှာ အစွန်းရောက်သော ဥပမာ ဖြစ်သည်မှာ မှန်ပါသည်။ ပိုပြီး အတွေ့များသည် ဥပမာမှာ တစ်ယောက်ယောက်နှင့် မကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိခြင်း ဖြစ်သည်။ တစ်ယောက်တည်း ဖြစ်မည်စိုးသောကြောင့် ထိုဆက်ဆံရေးကို ဖြတ်တောက်ရန်လည်း တွန့်ဆုတ်နေခြင်းမျိုး ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ဤသို့မကောင်းမွန်သော ဆက်ဆံရေးကို ဆက်ထိန်းထားပြီး သနားစဖွယ် ဖြစ်လာပါသည်။
ဤသည်မှာ အတော်လေး အတွေ့များသည် မဟုတ်ပါလား။ အချို့လူများကို အချို့ကိစ္စများ ပြောလိုက်ပါက ကျွန်ုပ်တို့ကို ပစ်သွားမှာ စိုးသည့်အတွက် မပြောလိုတော့ပါ။ ဤနေရာတွင် အထူးအဆန်း တွေ့ကြုံမှုများအကြောင်း ပြောနေခြင်း မဟုတ်ဘဲ အမြဲတမ်း အားလုံးကြုံရသည့် ကိစ္စကိုသာ ပြောနေခြင်း ဖြစ်ပါသည်။
ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုမှ လွတ်မြောက်ရေးသည် ဖြစ်နိုင်သလား။ ထိုသို့ဖြစ်အောင် ကျွန်ုပ်သည် စွမ်းဆောင်နိုင်ပါသလား။
ဤသို့ လွတ်မြောက်မှုနှင့် နောက်ဆုံးတွင် ဉာဏ်အလင်းရရှိမှု ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် ပထမဦးစွာ ထိုသို့ ဖြစ်နိုင်ကြောင်း၊ ထိုသို့ရရှိနိုင်ပုံအကြောင်း သိထားရန် လိုပါသည်။ ဤသည်မှာ နက်နဲသောအကြောင်းရပ်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး ရောက်ရှိနိုင်သော ရည်မှန်းချက်များဖြစ်ကြောင်း ဖော်ပြရန် ခက်ခဲသည့်အတွက် လူအတော်များများက ဒါကို ကျော်သွားကြပါသည်။ ဤသည်မှာ အလွန်မှားပါသည်။ ကျွန်ုပ်တို့သည် ဤရည်မှန်းချက်များသို့ ရောက်နိုင်သည်ဟု အမှန်တကယ် မယုံကြည်ပါက ယင်းသို့ဖြစ်အောင် ဘာကြောင့် များကြိုးစားနေရပါသနည်း။ ဂိမ်းတစ်ခု ကစားနေပြီး နောက်ဆုံးကျမှ ၎င်းသည် ရယ်စရာကောင်းသည်ဟု ပြောပြီး စွန့်လွှတ်လိုက်သည်နှင့် ဆင်တူပါသည်။
ဗုဒ္ဓ သဘောသဘာဝ (လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှု ဖြစ်စေသော အချက်များ)၊ စိတ်၏ ပင်ကိုသဘာဝ ဖြူစင်မှု စသည်တို့ကို လေးနက်စွာ လေ့လာစူးစမ်းလေ့လာရပါမည်။ ထို့ပြင် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ရှုပ်ထွေးမှုတို့သည် ကျွန်ုပ်တို့စိတ်၏ အခြေခံအစိတ်အပိုင်း ဟုတ်ပါသလား။ ဟုတ်သည်ဆိုလျှင် အချိန်တိုင်းတွင် တည်ရှိနေပါသလား။ မဟုတ်ဘူးဆိုလျှင် ယင်းတို့သည် ယာယီသာဖြစ်ပြီး လုံးဝပြန်မပေါ်အောင် ဖယ်ရှား၍ရနိုင်ပါသလား။
ယင်းကို မေးခွန်းထုတ် ငြင်းခုန်ဆွေးနွေးရန် မလွဲမသွေ လိုအပ်ပါသည်။ ယင်းကို မျက်ကန်းယုံကြည်မှုဖြင့် လက်ခံရန် လုံးဝမဟုတ်ပါ။ တကယ်တော့ ပိုမေးလေ၊ ပိုကောင်းလေ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ သံသယအားလုံး ရှင်းလင်းရန်လိုပြီး မိမိဆောင်ရွက်နေသောအရာတွင် ခိုင်မာသော ယုံကြည်မှု ရှိရန်လိုပါသည်။ ၁၀၀% ယုံကြည်သည် အထိ စောင့်နေရမည်လား။ ဤသည်မှာ ဖြေရလွယ်ကူသောမေးခွန်း မဟုတ်ပါ။ အပြည့်အဝ ယုံကြည်သည့်အချိန်ကို မည်သို့လျှင် သိနိုင်ပါမည်နည်း။ အလွန်ပင် အချိန်ကြာမြင့်နိုင်ပါသည်။
ဤသည်မှာ အဓိပ္ပာယ် မရှိဘူးဟု ထင်ပါက ထိုအတွက် ကြိုးစား၍ မရနိုင်သည်မှာ ရှင်းပါသည်။ သို့သော် ထိုသို့လုံးဝ ဖြစ်နိုင်သည်ဟု ယူဆသည့် လမ်းကြောင်းဘက် ရောက်နေလျှင်တော့ ဆက်လက်လျှောက်လှမ်းနိုင်ပါသည်။ သို့သော် မှန်ကန်သည်ဟု ယူဆခြင်းသည် ကြောင်းကျိုးဆက်စပ်မှုပေါ်တွင် အခြေခံသင့်ပြီး မျက်ကန်းယုံကြည်မှုထားဖြင့် သို့မဟုတ် ‘‘ဆရာတော်က ထိုသို့ပြောလို့’’ ဆိုပြီး ယူဆခြင်း မဟုတ်ပါ။ ‘‘ငါပြောသမျှ ယုံကြည်ချက်သက်သက်ဖြင့် မယုံကြနှင့်။ ရွှေဝယ်သကဲ့သို့ သင်တို့ကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီးမှယုံကြ’’ ဟု ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော် မူခဲ့ပါသည်။ ယင်းသည် တကယ်ပင် မှန်ကန်သလားဆိုသည်ကို ကျွန်ုပ်တို့ လေ့လာစစ်ဆေးဖို့ လိုပါသည်။
ပြန်လည်မွေးဖွားမှုကို ယုံကြည်ခြင်း။ ဆခုန်ယင်းပိုချီ၏ ဘဝနှစ်ခု ဖြစ်ရပ်
ပြန်လည်မွေးဖွားမှုကို စစ်မှန်သော အချက်တစ်ချက်အနေနှင့် ယုံကြည်လာရန်မှာ အလွန်ရှည်ကြာသော ဖြစ်စဉ်တစ်ခု ဖြစ်နိုင်ပါသည်။ ကျွန်ုပ်၏ ကိုယ်တွေ့ကို ပြောပြလိုပါသည်။ အကြောင်းမှာ ဤအရာနှင့် ကျွန်ုပ်နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာအကြောင်းကို ၄၅ နှစ်ကျော် လေ့လာနေပါသည်။ တစ်ခါတစ်ရံ ပြန်လည်မွေးဖွားမှုသည် အဓိပ္ပာယ် ရှိခြင်းနှင့် ပတ်သက်ပြီး ကြောင်းကျိုးဆက်စပ်မှုတွင် အခြေခံကာ အသိဉာဏ်ဆိုင်ရာ နားလည်သဘောပေါက်မှု ဖြစ်ခဲ့ပါသည်။ သို့သော် မယုံကြည်ရာမှ ယုံကြည်လာစေသည့်၊ ကိုယ်တွင်း စိတ်ခံစားချက်အဆင့်တွင် ယုံကြည်လာစေသည့် အချက်မှာ ကျွန်ုပ်၏ ဆရာတော်နှင့် ဘဝနှစ်ခုတွင် ကြုံတွေ့ပတ်သက်ရခြင်း ဖြစ်ပါသည်။ သူ့အမည်က ဆခုန်ယင်းပိုချီ ဖြစ်ပြီး ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူ၏အနီးကပ် တပည့်ဖြစ်ခွင့်ရသည်မှာ ကျွန်ုပ်အလွန် ကံကောင်းပါသည်။ သူနှင့်အတူ ကိုးနှစ်ကြာခဲ့ပါသည်။ ထိုကာလအတွင်း သူ့အတွက် ဘာသာပြန်ပေးသည်။ ကိုယ်ရေး အတွင်းရေးမှူးကဲ့သို့ ဆောင်ရွက်ပေးသည်။ သူ၏ပြည်ပခရီးစဉ်အားလုံးကို သူနှင့်အလွန်နီးကပ်စွာ အလုပ်လုပ်ရင်း စီစဉ်ခဲ့သည်။ လိုက်ပါခဲ့သည်။ သူသည် ၁၉၈၃ ခုနှစ်တွင် ပျံလွန်တော်မူပြီး တိဘက်၏ တပည့်မျိုးဆက် စနစ်တွင် ထပ်မံပြန်တွေ့ရပါသည်။
သူသည် ယခုအခါ အသက် ၂၅ နှစ်ရှိပြီး ကျွန်ုပ်သည် သူနှင့်အလွန်နီးစပ်သော ဆက်ဆံရေးကို သူ့ယခင်ဘဝမှာလိုပင် ရှိနေဆဲ ဖြစ်ပါသည်။ ယခုအခါ အသက်ကွာခြားမှုက ပြောင်းပြန်ဖြစ်နေခြင်းသာ ရှိပါ၏။
ဆခုန်ယင်းပိုချီကို သူ့အသက်လေးနှစ်အရွယ်တွင် စတင်ဆုံတွေ့ပါသည်။ ကျွန်ုပ်အခန်းထဲသို့ ပထမဆုံး ဝင်လာချိန်က သူ့တပည့်များက ‘‘သူဘယ်သူလဲ သိပါသလား’’ ဟုမေးသည်။ ‘‘မေးစရာမလိုပါဘူး။ သူဘယ်သူလဲ သိတာပေါ့’’ ဟု ကျွန်ုပ် ပြန်ဖြေပါသည်။ သူ့ဘက်က အသက်လေးနှစ်အရွယ် အစကတည်းကပင် သူသည် ကျွန်ုပ်ကို အခြားသူများထက် အများကြီး အလွန်နီးကပ်စွာ ချစ်ခင်မှု ရှိပါသည်။ သူအရွယ်ရောက်လာတော့လည်း ထိုအတိုင်း ဖြစ်ပါသည်။
မကြာခဏဆိုသလို သူ၏ယခင်ဘဝအကြောင်း ဗီဒီယိုများကို ကျွန်ုပ်တို့ ကြည့်ရသည်။ သူက ‘‘အို၊ အဲဒီလိုပြောတာ မှတ်မိတယ်’’ ဟုပြောတတ်သည်။ အဓိပ္ပာယ် မရှိတာများ ကျွန်ုပ်ကို ပြောခြင်း မဟုတ်ပါ။ ယုတ္တိနှင့် ကျိုးကြောင်း ဆက်စပ်မှုအပြင် ဤအတွေ့အကြုံကြောင့် ‘‘အင်း… ဖြစ်နိုင်တယ်’’ ဆိုသည့် ခံစားချက်ကို ကျော်လွန်စေခဲ့ပါသည်။ သေချာရေရာ စေခဲ့ပါသည်။
ဤကိစ္စများက မလွယ်ကူပါ။ လွတ်မြောက်မှုရရှိရန် အမှန်ပင် ဖြစ်နိုင်ပါသလား။ အမှန်ပင် ဖြူစင်သော စိတ်၏သဘောသဘာဝ ရှိပါသလား။ ဒါကို ကျိုးကြောင်းဆီလျော်စွာ နားလည်လျှင်လည်း ပိုပြီး လေးလေးနက်နက် ကြိုးစားရမည်ကို စိတ်ခံစားချက်အရ နားလည်ပါသည်။ သို့သော် ထိုနားလည်မှုဖြင့် တဖြည်းဖြည်း ကြိုးစားရပါမည်။
အမှန်တရားကို ရှုပ်ထွေးမှု ဖြစ်ခြင်းသည် ထိမ်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု၏ အကြောင်းရင်း
လမ်-ရင်းတရားတော်တွင် ကျွန်ုပ်တို့သည် အလယ်အလတ်အဆင့် စိတ်ဓာတ်စေ့ဆော်မှု၌ အမှီအခိုဖြင့် ပေါ်ထွက်သည့် ချိတ်ဆက်မှု ၁၂ ခုဖြင့် ပြန်လည်မွေးဖွားမှု ဖြစ်စဉ်ကို အသေးစိတ်ကျကျ ရှင်းပြခဲ့ပါသည်။ ဤသည်မှာ ကံ၊ ကံ၏ အကျိုးဆက် စသည့် ကိစ္စ တစ်ခုလုံးနှင့် သက်ဆိုင်သော အလွန်ရှုပ်ထွေးသည့် ဖြစ်စဉ်ကို အမည်ပေးထားခြင်း ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ ကျွန်ုပ်တို့ ပေါ်ထွက်လာပုံ၊ ထိုနောက်ကွယ်မှ အချက်များ စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အမျိုးအစားများစွာကို လေးနက်စွာနားလည်ရန် လိုပါသည်။ အလွန်ရိုးရှင်းစွာ ပြောရလျှင် ဤအကြောင်းခံ အချက်ကို ‘‘ရှုပ်ထွေးမှု’’ ဟု ညွှန်းဆိုလိုက်ခြင်း ဖြစ်ပါသည်။ မိမိအပြုအမူက မိမိနှင့် အခြားသူများအပေါ် သက်ရောက်မှုနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှု ဖြစ်ပါသည်။ ပို၍လေးနက်စွာ ပြောရလျှင် ကျွန်ုပ်တို့ တည်ရှိနေပုံ၊ အခြားသူများ တည်ရှိနေပုံ၊ အရာရာ တည်ရှိနေပုံတို့နှင့် ပတ်သက်ပြီး ရှုပ်ထွေးနေပါသည်။
အရာရာသည် ၎င်းတို့ကိုယ်ပိုင်အစွမ်းဖြင့် အမှီအခိုကင်းစွာ တည်ရှိနေပြီး ပလတ်စတစ်ဖြင့် ထုပ်ထားသည့်အလား အခြားအရာများနှင့် မဆက်စပ်ကြောင်း အခြေခံအားဖြင့် ကျွန်ုပ်တို့ ထင်တတ်ကြပါသည်။ အရာရာ အပြန်အလှန် ဆက်စပ်နေသည်ဟု ထင်လျှင်လည်း ယင်းတို့သည် ပလတ်စတစ်ထဲတွင် ထုပ်ထားပြီး တုတ်ချောင်းများဖြင့် ချိတ်ဆက်ထားသလို ထင်နေပါသေးသည်။ တည်ရှိမှု၏ မဖြစ်နိုင်သော နည်းလမ်းများနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ နားလည်ရန်လိုသည့် နူးညံ့သိမ်မွေ့သော အဆင့်များစွာ ရှိပါသည်။ မဖြစ်နိုင်သောအရာကို လည်းကောင်း၊ အားလုံးနှင့် အရာရာအပေါ် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှု ဖြစ်ပေါ်သောအရာကို လည်းကောင်း အတိအကျ နားလည်ရန် လိုပါသည်။
ဘာမှမရှိခြင်း (အနတ္တ)။ တည်ရှိမှု၏ မဖြစ်နိုင်သော နည်းလမ်းများ လုံးဝမရှိခြင်း
ကျွန်ုပ်တို့နားလည်ရမည်မှာ ‘‘ဘာမှမရှိခြင်း’’ သို့မဟုတ် ‘‘အနတ္တ’’ ဆိုသည့်အချက် ဖြစ်ပါသည်။ ဘာမှမရှိခြင်း ဆိုသည်မှာ လုံးဝမရှိခြင်း၊ တကယ်မရှိသည့်အရာတစ်ခုကို ဆိုလိုပါသည်။ တကယ်မရှိသည့်အရာ ဆိုသည်မှာ မဖြစ်နိုင်သော ဤမှန်းဆချက်များကိုပင် ဆိုလိုပါသည်။ ယင်းတို့သည် စစ်မှန်သောအရာ မှန်သမျှနှင့် မဆက်စပ်ပါ။
ဆန်တာကလော့ကို နမူနာကြည့်နိုင်ပါသည်။ အနီရောင်ဝတ်စုံ ဝတ်ထားသည့် မုတ်ဆိတ်ဖြူကြီးနှင့် တစ်ယောက် ယောက်ကို ကျွန်ုပ်တို့ တွေ့သောအခါ ‘‘ဆန်တာကလော့’’ ဟုခေါ်သည့်လူကြီးနှင့် တူနေပါသည်။ သူသည် ဆန်တာကလော့ဖြစ်သည်ဟု ကျွန်ုပ်တို့ ထင်မိသည်။ ဘာကြောင့်လဲ။ အကြောင်းမှာ ဆန်တာကလော့နှင့် တူသောကြောင့် ဖြစ်ပါသည်။ သို့သော် ဆန်တာကလော့ပုံပေါက်သည့်အတွက် စစ်မှန်သောအရာ တစ်ခုခုနှင့် မဆက်စပ်ပါ။ အကြောင်းမှာ တကယ့်ဆန်တာကလော့ မရှိသောကြောင့် ဖြစ်ပါသည်။ ဤနည်းအတိုင်းပင် ဘာမှမရှိခြင်းကို ဆိုလိုပါသည်။ ဤပုဂ္ဂိုလ်၏ အသွင်အပြင်နှင့် ဆင်တူသော တကယ့် ဆန်တာကလော့ မရှိပါ။ ဤသည်မှာ လူဟူ၍ မရှိခြင်းဟု လုံးဝမဆိုလိုပါ။ သူသည် ဆန်တာကလော့နှင့် မတူဘူးဟုလည်း မဆိုလိုပါ။ ထိုသူကို ကျွန်ုပ်တို့ ထင်မြင်နေပုံက မှားယွင်းနေသည်ကို ရှင်းပြခြင်း ဖြစ်ပါသည်။ သူသည် ဆန်တာကလော့နှင့် တူသော်လည်း ထိုသို့သောအရာ မရှိသည့်အတွက် တကယ့်ဆန်တာကလော့ မဟုတ်ပါ။
ကျွန်ုပ်တို့၏စိတ်က ဤကဲ့သို့ အမြဲတမ်း ပြုမူနေပါသည်။ အဓိပ္ပာယ် မရှိသောအရာအားလုံးကို မှန်းဆပါသည်။ ဥပမာ ဤတစ်ယောက်သည် အလှဆုံး ဖြစ်သည်။ ထိုတစ်ယောက်သည် အဆိုးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သို့မဟုတ် ကျွန်ုပ်တို့သည် လောကအတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။ သို့မဟုတ် ကျွန်ုပ်တို့သည် လုံးဝမသုံးမကျဟူ၍ ယူဆခြင်းမျိုး ဖြစ်သည်။ ကျွန်ုပ်တို့ သို့မဟုတ် သူတို့သည် အရာအားလုံးနှင့် အမှီအခိုကင်းစွာ တည်ရှိနေသည့်အလား ဤကိစ္စများကို ကျွန်ုပ်တို့ မှန်းဆပါသည်။ ယင်းမှာ အမှန်ဖြစ်ပြီး လုံးဝမပြောင်းလဲသည့်အလား ထိုကဲ့သို့ ထင်မြင်နေပါသည်။
အမှန်တော့ မည်သူမျှ ထိုသို့မတည်ရှိကြပါ။ အရာရာသည် အခြားအရာနှင့် ဆက်စပ်၍သာ တည်ရှိသည့်အတွက် တကယ်ဆိုလျှင် ထိုသို့မဖြစ်နိုင်ပါ။ ဒလိုင်းလားမား ဆရာတော်ကြီးက ကျွန်ုပ်တို့၏ လက်ချောင်းများကို အမြဲနမူနာပေးပါသည်။ ကျွန်ုပ်တို့၏ လက်သူကြွယ်သည် ကြီးနေသလား။ သေးနေသလား။ ၎င်းသည် လက်သန်းထက် ကြီးသော်လည်း လက်ခလယ်ထက် သေးပါသည်။ ထို့ကြောင့် ၎င်းအနေနှင့် တစ်ကိုယ်တည်းအစွမ်းဖြင့် ဆိုလျှင် ကြီးသလား။ သေးသလား။ အဖြေမရှိပါ။ အကြောင်းမှာ အခြားအရာများနှင့် ဆက်စပ်၍သာ အကြီး၊ အသေး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အခြားအရာများအပေါ် လုံးဝ တည်မှီနေပြီး ကြီးခြင်း၊ သေးခြင်းဆိုသည့် ကျွန်ုပ်တို့၏ အယူအဆ ပေါ်တွင်လည်း မူတည်ပါသည်။ ဤမျှဆိုလျှင် သဘောပေါက်နိုင်ပါသည်။
ဤအလယ်အလတ် အဆင့်တွင် ဘာမှမရှိခြင်းကို နားလည်သဘောပေါက်မှုဖြင့် ဤအခြေခံ နားလည်မှု လွဲမှားခြင်းကို ကျွန်ုပ်တို့ ကြိုးစားဖယ်ရှားပါသည်။ ဤရှုပ်ထွေးမှုကြောင့်ပင် ထိန်းချုပ်မရစွာ ပြန်လည် မွေးဖွားမှု ဖြစ်စေပါသည်။ အကြောင်းမှာ ၎င်းသည် ကံမြောက်စေပါသည်။ ကံအကျိုးဆက်များ ဖြစ်စေပါသည်။ အမှီအခိုဖြင့် ပေါ်ပေါက်သော အချိတ်အဆက် ၁၂ ခုဆိုသည့် ရှုပ်ထွေးသော ဖြစ်စဉ်တွင် ရှင်းပြထားသလို ဖြစ်ပါသည်။
စူးစိုက်မှုသမာဓိနှင့် ကျင့်ဝတ်သီလရှိရန် လိုအပ်ခြင်း
ဘာမှမရှိခြင်းကို နားလည်ရန်အတွက် စူးစိုက်မှုသမာဓိ ရှိရန်လိုပါသည်။ စူးစိုက်မှု ရှိရန်အတွက် ကျင့်ဝတ်သီလ ရှိရန်လိုပါသည်။ ပေးထားသည့် ဥပမာမှာ သစ်ပင်တစ်ပင် ခုတ်လှဲသလိုဖြစ်ပါသည်။ နားလည် သဘောပေါက်မှုက ထက်မြက်သောပုစိန်နှင့် တူသည်။ သစ်ပင်တစ်ပင်ကို အမှန်တကယ် ခုတ်လှဲရန်အတွက် တစ်နေရာတည်းကိုချည်း ခုတ်ရန်လိုပါသည်။ ထိုတစ်နေရာတည်းကိုပင် အဆက်မပြတ် ခုတ်ခြင်းက စူးစိုက်မှုနှင့် တူသည်။ ပုစိန်ကို ယူပြီး လွှဲလိုက်ရန်၊ တစ်နေရာတည်းကို ခုတ်ထစ်ရန် ခွန်အားလိုပါသည်။ ဤခွန်အားကို ကျင့်ဝတ်သီလမှ ရရှိပြီး အပျက်သဘောဖြင့် မပြုမူအောင် ရှောင်ရှားခြင်းဖြစ်ပါသည်။
အလယ်အလတ်အဆင့်တွင် ကတိပြုမှုများ ချမှတ်ရမည်ကိုလည်း ဖော်ပြထားပါသည်။ ယင်းတို့ထဲတွင် ရဟန်း သို့မဟုတ် သီလရှင်တို့၏ ကတိပြုမှု အပြည့်အစုံဖြစ်စေ၊ အခြေခံအဆင့် ဖြစ်စေ၊ ကျား၊ မ မည်သူမဆို သာမန်လူတို့အတွက် ကတိပြုမှုများဖြစ်စေ ပါဝင်ပါသည်။ သာမန်လူ ဆိုသည်မှာ ဘုန်းကြီးကျောင်းတွင် မေထုန်အမှု ရှောင်ကြဉ်သည့် နေထိုင်မှုမျိုး မဟုတ်သူကို ဆိုလိုပါသည်။ မိသားစု ရှိရမည်ဟုတော့ မဆိုလိုပါ။ လူပျိုလူလွတ်များနှင့်လည်း ဆိုင်ပါသည်။ ရှေးခေတ်အိန္ဒိယနိုင်ငံတွင် သာမန်လူအားလုံးနီးပါး မိသားစု ရှိသည့်အတွက် ထိုသို့လူလွတ်ဖြစ်ခြင်းက ရှားပါသည်။ ဤသို့ ရဟန်းတော်များနှင့် သာမန်လူများ၏ ကတိပြုမှုများကို စုပေါင်း၍ ‘‘တစ်ဦးချင်း လွတ်မြောက်မှုအတွက် ကတိပြုမှုများ’’ ဟု ခေါ်ပါသည်။ အကြောင်းမှာ ကိုယ်ပိုင် လွန်မြောက်မှုအတွက် ရည်မှန်းသောကြောင့် ဖြစ်ပါသည်။ ဤကတိပြုမှုများက ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် စေ့ဆော်နိုင်သည့် အပြုအမူအမျိုးမျိုး မပြုမိအောင် ရှောင်ရှားစေပါသည်။ ယင်းတို့က ကျွန်ုပ်တို့၏ တရားရှုမှတ် ကျင့်ကြံမှုနှင့် ယင်းသို့သော အပြုသဘော ကိစ္စများကို နှောင့်ယှက်နိုင်ပါသည်။
ကတိပြုမှု ပြုလုပ်ခြင်းက အမှန်ပင် အလွန်အရေးကြီးပါသည်။ အကြောင်းမှာ တစ်ခုခုထပ်မလုပ်တော့ပါဟု ကတိပြုလိုက်သောအခါ မပြတ်သားမှုမျိုး မရှိတော့ပါ။ ဥပမာ၊ အရက် သို့မဟုတ် ဆေးလိပ် ဖြတ်ရန်ကြိုးစားနေသည်ဟု စိတ်ကူးကြည့်ပါ။ အရက်၊ ဆေးလိပ် သောက်သုံးသူများနှင့် အတူရှိသည့်အခါတိုင်း သောက်ရမလား၊ ငြင်းရမလား ဆုံးဖြတ်မရခြင်း ဖြစ်ကြပါသည်။ အမှန်တကယ် စွန့်လွှတ်ရန် ကြိုးစားနေသည့်တိုင် ဤအခြေအနေမျိုး ဖြစ်လာတိုင်း ဆုံးဖြတ်ချက် ချရပါသည်။ ဤသည်မှာ စိတ်ဖိစီးမှု မဖြစ်လျှင်လည်း စိန်ခေါ်မှုတော့ ရှိနိုင်ပါသည်။
ကတိပြုထားလိုက်ပါက ထပ်စဉ်းစားစရာ မလိုတော့ပါ။ ‘‘ငါသည် အရက်မသောက်၊ ဆေးလိပ်မသောက်တော့ပါ’’ စသည်ဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်ပါသည်။ ထိုအခါ အနီးအနားမှလူများ အရက်သောက်နေလည်း လုံးဝ အရေးမကြီးတော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားသောကြောင့် ဖြစ်ပါသည်။ ချုပ်တည်းမှု၊ အပြစ်ပေးမှု လုပ်မည့်အစား ဤသို့ကတိပြုထားခြင်းက ကျွန်ုပ်တို့ကို ခွန်အားများစွာ အမှန်တကယ် ပေးအပ်ပြီး မပြတ်သားမှုမှ လွတ်မြောက်စေပါသည်။ အထူးသဖြင့် အဆုံးစွန် လွတ်မြောက်မှု ရရှိရေးအတွက် ဖျက်လိုဖျက်ဆီး ဖြစ်နိုင်သော အရာများနှင့် ပတ်သက်လျှင် ထိုသို့ပြတ်သားစေပါသည်။
ဗုဒ္ဓဘာသာ၌ ကတိပြုမှုတစ်ခုခု ဆောင်ရွက်ရန် မဖြစ်မနေ တာဝန်ခံရခြင်း မရှိပါ။ ဤအချက်ကို နားလည်ရန် လိုပါသည်။ ဤကတိ၊ ထိုကတိများ ပြုရမည်ဟု မည်သူမျှ လာပြော၍မရနိုင်ပါ။ မည်သူမျှလည်း သင့်ကို ဘုန်းကြီးကျောင်းတွင် ရဟန်း၊ သီလရှင်ကဲ့သို့ နေရမည်ဟု လာမပြောပါ။ သို့သော် သံသရာမှ လွတ်မြောက်မှုနှင့် လောဘ၊ ဒေါသ၊ မောဟ စသည်တို့ အပြီးတိုင် ဖယ်ရှားလိုမှုတို့ ရရှိရန် အမှန်ပင် အလေးအနက်ထားပါက အချို့သောကတိပြုမှုများက ယင်းကိုပို၍လွယ်ကူစေမှာ သေချာပါသည်။ ထိုအတွက် ကျွန်ုပ်တို့ ယခု အဆင်သင့်မဖြစ်နိုင်သေးသော်လည်း ရပါသည်။ မိမိကိုယ်ကိုရော၊ မိမိအခြေအနေကိုပါ ရိုးသားစွာ အကဲဖြတ်ရန် လိုပါသည်။
ဤသည်မှာ အလယ်အလတ်အဆင့် ဖြစ်ပါသည်။ စူးစိုက်မှုနှင့် ဘာမှမရှိခြင်းတို့မှာ ဤအဆင့်တွင် ပါဝင်သော်လည်း အပြည့်အစုံ မဆွေးနွေးရသေးပါ။ ဤအကြောင်းအရာများကို အဆင့်မြင့်နယ်ပယ်မှ တရားတော်များတွင် ပြည့်စုံစွာ လေ့လာသွားပါသည်။
အခြားသူများကို စဉ်းစားခြင်းဆိုသည့် အဆင့်မြင့်နယ်ပယ်မှ စိတ်ဓာတ်စေ့ဆော်မှု
အဆင့်မြင့်အပိုင်းတွင် စကြဝဠာထဲမှ တစ်ဦးတစ်ယောက်တည်း အနေနှင့်သာတွေးခြင်း မဟုတ်ပါ။ အခြားသူအားလုံး ရှိသလို သူတို့သည် ကျွန်ုပ်တို့လို အခြေအနေနှင့် တစ်ထပ်တည်း ရှိနေပါသည်။ အခြားသူအားလုံးလည်း ဆင်းရဲဒုက္ခ ရှိသည်။ ထိန်းချုပ်မရသော ပြန်လည်မွေးဖွားမှု ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့သည် တည်ငြိမ်သော ပျော်ရွှင်မှု ရလိုပြီး ဆင်းရဲဒုက္ခကို ရှောင်ရှားလိုသည်။ အခြားသူအားလုံးလည်း ထိုနည်း၎င်းဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး ဤအရာတွင် တူညီကြပါသည်။ မိမိနှင့်တကွ အခြား တစ်ယောက်၊ နှစ်ယောက်သာ မဟုတ်ပါ။ သတ္တဝါအားလုံး ဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံးသည် အချင်းချင်း အပြန်အလှန် ချိတ်ဆက်ကာ အပြန်အလှန် မှီခိုမှု ရှိပါသည်။ တစ်ဦးတည်း အမှီအခိုကင်းစွာ ရှိနေခြင်း မဟုတ်ပါ။ တကယ်လည်း ထိုနည်းဖြင့် ရှင်သန်၍မရပါ။
အားလုံးကို ညီတူညီမျှ ဖြစ်အောင် ကျွန်ုပ်တို့ နှလုံးသားကို ဖြန့်ကျက်ရန်အတွက် အတော်လေး အဆင့်မြင့်သော နည်းလမ်းအချို့ ရှိပါသည်။ ယခင်ကလည်း အခြားသက်ရှိအားလုံးကို အတိတ်ဘဝများတွင် ကျွန်ုပ်တို့မိခင်အနေနှင့် ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာသူများအဖြစ် အသိအမှတ်ပြုပုံအကြောင်း ဒါကို ဆွေးနွေးထားပါသည်။ အခြားသူများက မိခင်အနေနှင့် ကျွန်ုပ်တို့ကို ပြုစုစောင့်ရှောက်နိုင်စွမ်း ရှိပုံကို မြင်အောင်ကြည့်ရသော အကျဉ်းချုပ်ဓမ္မ အမျိုးအစား ရှိပါသည်။ သို့ရာတွင် ဒါက ကန့်သတ်ချက် ရှိပါသည်။ အကြောင်းမှာ မိမိ၏သူငယ်ချင်း သို့မဟုတ် ခြင်တစ်ကောင်အပေါ် ထိုသို့စိတ်ထားရန် ခက်ခဲသောကြောင့် ဖြစ်ပါသည်။
မေတ္တာ
ကျွန်ုပ်တို့၏ နှလုံးသားများကို စတင် ဖြန့်ကျက်ရန်အတွက် “မေတ္တာ” ဆိုသောအရာကို စတင်ထားရှိရပါသည်။ ဤလုပ်ငန်းစဉ်က တကယ်တော့ ဥပေက္ခာဖြင့် စတင်ပါသည်။ မည်သူ့ကိုမျှ မတွယ်တာခြင်း၊ မတွန်းထုတ်ခြင်း၊ အားလုံးအပေါ် ထူးခြားမှုမရှိခြင်း ဖြစ်ပါသည်။ သက်ရှိအားလုံးအပေါ် လမ်းဖွင့်ထားကာ ဤအခြေခံဖြင့် အားလုံးနှင့် အပြန်အလှန် ဆက်စပ်ပုံကို အသိအမှတ်ပြုရန် ကြိုးစားပါသည်။ အားလုံးသည် အတိတ်ဘဝများတွင် ကျွန်ုပ်တို့၏ မိခင်ဖြစ်ခဲ့ဖူးပြီး အလွန်ကြင်နာခဲ့သည်ဟု တွေးခေါ်ခြင်းဖြင့် လည်းကောင်း၊ ကျွန်ုပ်တို့ခံစား အသုံးပြုနေသော အရာအားလုံးသည် အခြားသူများ၏ လုပ်အားမှရရှိလာပုံကို အသိအမှတ်ပြုခြင်းဖြင့် လည်းကောင်း ဤစိတ်မျိုး ထားနိုင်ပါသည်။ သင့်ခြေထောက် အောက်မှ ကြမ်းပြင်၊ သင်နေသော အဆောက်အဦ၊ သင်သောက်နေသော ရေတို့ကို ကြည့်ပါ။ ထိုအရာများ ဘယ်ကလာသည်ကို တွေးမိပါသလား။ ကျွန်ုပ်တို့၏ ရေနှင့် အစားအသောက်များ ဘယ်လို ရောက်လာပါသလဲ။ ကျွန်ုပ်တို့အနီးရှိ အခြားသူများ၏ လုပ်အား၊ သူတို့၏ အားထုတ်မှုများကြောင့် ရောက်လာပါသည်။ ကျွန်ုပ်တို့အားလုံး တူညီကြပြီး မိမိအကျိုးအတွက် ကြိုးစားသည်မှာ ယုတ္တိကျပါသည်။ အကြောင်းမှာ မိမိအတွက် အမှန်တကယ် အကျိုးရှိလိုပါက အားလုံးအကျိုးရှိအောင် ဆောင်ရွက်ရပါမည်။
ဤသို့သော အခြေခံဖြင့် ကျွန်ုပ်တို့သည် အားလုံးအတွက် တူညီသောမေတ္တာ ထားလာနိုင်ပါသည်။ ဤမေတ္တာသည် အားလုံး ပျော်ရွှင်စေလိုပြီး ပျော်ရွှင်မှုအကြောင်းရင်းများ ရရှိစေလိုခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။ နှစ်သက် ချစ်ခင်မှုမျိုးနှင့် မဆိုင်ပါ။ ယင်းမှာ တွယ်တာမှုများစွာ ရောယှက်နေပါသည်။ “ချစ်တယ်” ဟုပြောသောအခါ “မင်းကို လိုအပ်တယ်။ ခွဲမသွားပါနဲ့။ မင်းမရှိရင် မနေတတ်လို့ပါ” ဟု ဆိုလိုလေ့ ရှိပါသည်။ တစ်ဖက်လူထံမှ တောင့်တသည့် အာရုံစိုက်မှုကို မရရှိသောအခါ သို့မဟုတ် သူတို့က မနှစ်သက်ဖွယ် တစ်ခုခုပြောသောအခါ “မင်းကို လုံးဝမချစ်တော့ဘူး” ဟု မကြာခင်မှာပင် ပြောင်းလဲသွားနိုင်ပါသည်။
ဗုဒ္ဓဘာသာတွင် ယခုပြောနေသည့် မေတ္တာသည် အခြားသူများက မိမိအပေါ် ပြုမူဆောင်ရွက်ပုံနှင့် လုံးဝမသက်ဆိုင်ပါ။ ပျော်ရွှင်ကြပါစေ ဆိုသည့် ဆန္ဒသာ ဖြစ်ပါသည်။ ဤသည်မှာ အခြားသူအားလုံးက မိမိခန္ဓာ၏ အစိတ်အပိုင်းကဲ့သို့ သဘောထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ခြေချောင်းအားလုံး ပျော်ရွှင်စေလိုခြင်း ဖြစ်ပြီး အနည်းငယ်ကသာ ပျော်ရွှင်စေလိုခြင်းမျိုး မဟုတ်ပါ။ ခြေချောင်းများက ကျွန်ုပ်တို့ကို ဘာလုပ်သည်နှင့် မဆိုင်ပါ။
ကရုဏာ
ကျွန်ုပ်တို့သည် မေတ္တာတရားဖြင့် ‘‘ကရုဏာ’’ ဆက်လက်ထားရှိနိုင်ပါသည်။ ဤသည်မှာ အခြားသူများကို ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားများမှ လွတ်ကင်းစေလိုခြင်း ဖြစ်သည်။ အပေါ်ယံ ဆင်းရဲဒုက္ခ၊ ဘဝ၏ အတက်အကျများကိုသာ ညွှန်းဆိုခြင်း မဟုတ်ဘဲ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုကဲ့သို့ ပိုမိုနက်နဲသော ဆင်းရဲဒုက္ခ အမျိုးအစားများလည်း ပါဝင်ပါသည်။ ကရုဏာထားခြင်း ဆိုရာတွင် အခြားသူများကို အထင်သေးပြီး ‘‘အို၊ သနားစရာပဲ’’ ဆိုပြီး သူတို့အတွက် စိတ်မကောင်း ဖြစ်နေရမည်ဟု မဆိုလိုပါ။ ဗုဒ္ဓဘာသာ၏ ကရုဏာသည် အခြားသူအားလုံးကို ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းတရားများမှ လွတ်ကင်းရန် ဖြစ်နိုင်သည်ဆိုသော လေးစားမှုနှင့် နားလည်မှုတို့ပေါ်တွင် အခြေခံပါသည်။ ဤသည်မှာ စကားလုံးလှလှလေးများဖြင့် ဆန္ဒရှိရုံသာ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကရုဏာဖြင့် ဆင်းရဲဒုက္ခ ကင်းရှင်းသော အခြေအနေကို အမှန်တကယ် ဖော်ထုတ်ရန် စတင်တာဝန်ယူနိုင်ပါသည်။ ဤနေရာတွင် ရဲစွမ်းသတ္တိ များစွာရှိရန် လိုပါသည်။
‘‘မဟာကရုဏာ’’ ဆိုသည့်စိတ်ထားမျိုး ရှိလာသောအခါ ကျွန်ုပ်တို့၏ ကရုဏာသည် သက်ရှိအားလုံးအပေါ် အညီအမျှ ထားရှိကာ အလေးထားချစ်ခင်သော မိခင်က တစ်ဦးတည်းသော ရင်သွေးအပေါ် စိတ်ထားမျိုးဖြင့် အားလုံးအပေါ် သဘောထားနိုင်ပါသည်။ ကျွန်ုပ်တို့၏ မဟာကရုဏာ ခံစားချက်တွင် သက်ရှိအားလုံးကို နောက်ထပ် ဆင်းရဲဒုက္ခ မကြုံရအောင် ကာကွယ်ပေးလိုစိတ်လည်း ပါဝင်ပါသည်။
အကြွင်းမဲ့ ဆုံးဖြတ်ချက်
ကျွန်ုပ်တို့ ထားရှိရမည့် နောက်တစ်ဆင့်မှာ ‘‘အကြွင်းမဲ့ ဆုံးဖြတ်ချက်’’ ဆိုသည့်စိတ်အခြေအနေ ရရှိရန် ဖြစ်ပါသည်။ ဤသည်မှာ အခြားသူများကို ပိုပြီးအပေါ်ယံကျစွာ သို့မဟုတ် ပိုမိုနက်ရှိုင်းစွာ ကူညီရန်ဆိုသည့် တာဝန်ယူစိတ်ထက် ပိုသည့် ခိုင်မာသော ဆုံးဖြတ်ချက် ဖြစ်သည်။ အခြားသူများကို ဘုရားရှင်တို့၏ အပြည့်အဝ ဉာဏ်အလင်းရရှိမှုမျိုး ရရှိအောင် သူတို့ကို ကူညီရန် တာဝန်ယူလိုစိတ် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် ရည်ရွယ်ရုံမျှသာမဟုတ်ဘဲ ဒါကို မဖြစ်မနေ ကြိုးစားမယ်ဆိုသည့် စိတ်ပိုင်းဖြတ်ထားချက် ဖြစ်ပါသည်။
ဗောဓိစိတ္တ ဆိုသည့် အခြားသူအားလုံး အကျိုးအတွက် ဉာဏ်အလင်းရရှိအောင် ရည်မှန်းချက်
ဤအစဉ်အဆက်တွင် နောက်ဆုံးအဆင့်မှာ ‘‘ဗောဓိစိတ္တ’’ ဆိုသည့်စိတ် ထားရှိရန်ဖြစ်ပါသည်။ ထိုအတွက် အခြေခံမှာ မေတ္တာ၊ ကရုဏာနှင့် အကြွင်းမဲ့ ဆုံးဖြတ်ချက်တို့ ဖြစ်သည်။ အားလုံးကို အကောင်းဆုံး ကူညီနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ်တိုင် ဘုရားအဖြစ်သို့ ရောက်မှသာ ဖြစ်မည်ဟု ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ သို့သော် ဤစိတ်ဆန္ဒကို လက်တွေ့ဖြစ်လာရန်အတွက် ဘုရားအဖြစ်နှင့် အခြားသူများကို ကူညီနိုင်သောအရာ၊ မကူညီနိုင်သောအရာ ဆိုသည့်ဘုရားအဖြစ်သို့ ရောက်ရှိခြင်းအကြောင်း နားလည်ဖို့လိုပါသည်။ ဗုဒ္ဓမြတ်စွာသည် လက်ညှိုး တစ်ချောင်းထောင်ကာ အားလုံးထံမှ ဆင်းရဲဒုက္ခများ ကွယ်ပျောက်စေ ဆိုပြီး အလုံးစုံ စွမ်းဆောင်နိုင်သော ဘုရားသခင်မဟုတ်သည်ကို မမေ့ပါနှင့်။ ဘုရားရှင်သည် အခြားသူများကို နည်းလမ်းပြသပြီး စိတ်ဓာတ်တွန်းအား အမှန်ပင် ပေးနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့က အားလုံး ကိုယ်တိုင် ကြိုးစားရပါမည်။ မည်သူကမျှ ကျွန်ုပ်တို့အတွက် အမှန်တရားကို နားလည်နိုင်မည်မဟုတ်ပါ။ မိမိကိုယ်တိုင်သာ နားလည်နိုင်ပါသည်။
ထို့ကြောင့် မေတ္တာနှင့် ကရုဏာတို့ ထားရှိလျှက် ဗောဓိစိတ္တသည် ကျွန်ုပ်တို့ကိုယ်တိုင် အနာဂတ် ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ပါသည်။ ကိုယ်တိုင် ဉာဏ်အလင်းရရှိမှုဖြစ်ပြီး စကြမုနိဗုဒ္ဓမြတ်စွာ သို့မဟုတ် ယေဘုယျ ဉာဏ်အလင်းရရှိမှု မျှသာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဉာဏ်အလင်းရရှိမှု မဖြစ်သေးသော်လည်း ကျွန်ုပ်တို့ စိတ်အစဉ်၏ ဗုဒ္ဓ သဘောသဘာဝ အချက်များကို အခြေခံကာ ထိုသို့ဖြစ်အောင် ကြိုးစားနိုင်ပါသည်။ ထိုအချက်များထဲတွင် စိတ်၏ ညစ်နွမ်းမှုမရှိသော သဘောသဘာဝနှင့်တကွ ယင်း၏ အစွမ်းအစများ၊ ဖြစ်နိုင်ခြေများအားလုံး ပါဝင်ပါသည်။ ဤသို့ မဖြစ်သေးသော ဉာဏ်အလင်းရရှိမှုကို ရရှိလိုသော ရည်မှန်းချက်ဖြင့် အာရုံစိုက်ပါသည်။ ထိုနည်းဖြင့် အခြားသူများကို တတ်နိုင်သမျှ အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ ဉာဏ်အလင်း ရရှိရေး လမ်းကြောင်းတွင်လည်း အခြားသူများကို တတ်နိုင်သလောက် အကျိုးပြုသွားရန် ရည်ရွယ်ပါသည်။
ဤသည်မှာ ဗောဓိစိတ္တ ဖြစ်ပါသည်။ ဤသည်မှာ အလွန်ကျယ်ပြန့်သည့် စိတ်အခြေအနေဖြစ်ပြီး မေတ္တာ၊ ကရုဏာထားရှိကာ တရားရှုမှတ်ရုံမျှအတွက် အယူအဆ မမှားသင့်ပါ။ ထိုမျှသာ မဟုတ်ပါ။ မေတ္တာနှင့် ကရုဏာသည် အခြေခံ ဖြစ်သော်လည်း ဗောဓိစိတ္တက အများကြီးသာလွန်ပါသည်။
သာမန်ထက်ထူးခြားသော သဘောထားခြောက်မျိုး (ပါရမီခြောက်ပါး)
အဆင့်မြင့် နယ်ပယ်မှ ရည်မှန်းချက်သည် အခြားသူများကို တတ်နိုင်သမျှ ကူညီနိုင်အောင် ဘုရားအဖြစ်သို့ ရောက်ရှိရေး ဖြစ်သည်ကို သိရှိခဲ့ပါသည်။ မေတ္တာ၊ ကရုဏာ၊ အကြွင်းမဲ့ ဆုံးဖြတ်ချက်တို့က ကျွန်ုပ်တို့ကို တွန်းအားပေးပါသည်။ သို့သော် ဤသို့ ဉာဏ်အလင်း ရရှိမှုကို မည်သို့ဖြစ်လာနိုင်မည်နည်း။ ထိုအခါ သက္ကတဘာသာဖြင့် ‘‘ပါရမီ ခြောက်ပါး’’ ဆိုသည့် ‘‘ပြီးပြည့်စုံမှု ခြောက်မျိုး’’ အကြောင်း တင်ပြရန် ဖြစ်လာပါသည်။ ‘‘သမန်ထက်ထူးခြားသော သဘောထားခြောက်မျိုး’’ ဟုလည်း ကျွန်ုပ်က ဘာသာပြန်လေ့ ရှိပါသည်။ ယင်းတို့သည် သာမန်ထက်ကျော်လွန်ပြီး ဘုရားအဖြစ် ဉာဏ်အလင်း ရရှိအောင် တွန်းပို့ပေးသောကြောင့် ဤအသုံးအနှုန်းကို ပိုသဘောကျပါသည်။ အချို့လူများအတွက် ‘‘ပါရမီ’’ ဆိုသည့်စကားသည် ပြီးပြည့်စုံရမည်ဟု အထင်ရောက်ပြီး မပြည့်စုံပါက မလုံလောက်သေးသလို ခံစားရတတ်ပါသည်။ ဤသည်မှာ ဤအခေါ်အဝေါ်ကြောင့် ပေးလိုသည့် ခံစားချက် မဟုတ်ပါ။
ရက်ရောမှုဒါန
ပထမဆုံး ရှိရမည့် သဘောထားမှာ ရက်ရောမှုဒါန ဖြစ်သည်။ အခြားသူများကို ရုပ်ဝတ္ထုပစ္စည်းများ ပေးခြင်းသာမက အကြံဉာဏ်၊ တရားစကားနှင့် ကြောက်ရွံ့မှုမှ လွတ်ကင်းရေးတို့ ပေးအပ်ခြင်း ဖြစ်သည်။ ပေးကမ်းစရာ ပစ္စည်း မရှိလျှင်လည်း လိုအပ်သောအရာတိုင်း ပေးကမ်းလိုစိတ်ရှိသည့် သဘောထားမျိုး မွေးမြူနိုင်ပါသည်။ နောက်ထပ် ပေးနိုင်သည့် လက်ဆောင်တစ်ခုမှာ အခြားသူများကို ပြုမူပုံဖြစ်သည်။ ဥပေက္ခာစိတ် ထားရှိပြီးဖြစ်သည့်အတွက် အခြားသူများက ကျွန်ုပ်တို့ကို ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ဒေါသမထွက်ပါ။ သူတို့ကို မတွယ်တာပါ။ သူတို့ထံမှ တစ်ခုခု ရယူလိုခြင်း မရှိပါ။ အခြားသူများက ကျွန်ုပ်တို့ မနှစ်သက်တာ ပြုလုပ်သောအခါ သူတို့ကို လျစ်လျူရှုခြင်း၊ ငြင်းပယ်ခြင်း မပြုလုပ်ပါ။ ထို့ပြင် သူတို့ကို ရိုးသားမှန်ကန်စွာ ကူညီရန် ကြိုးစားပါမည်။ ဤသည်မှာ တစ်စုံတစ်ယောက်ကို ပေးနိုင်သည့် မယုံနိုင်စရာ လက်ဆောင် ဖြစ်သလို ရက်ရောမှုထားရှိသည့် ကြီးစွာသော လက်ဆောင်တစ်ခုလည်း ဖြစ်ပါသည်။
သီလကျင့်ဝတ်
နောက်ထပ် ထားရှိရမည့် သာမန်ထက်လွန်သော သဘောထားမှာ ကျင့်ဝတ်သီလ ဖြစ်ပြီး အပျက်သဘောဖြင့် မပြုမူရန်သာမက အတတ်နိုင်ဆုံး အပြုသဘော ပြုမူရန် ကြိုးစားခြင်း ဖြစ်သည်။ လေ့လာသင်ယူပြီး တရားရှုမှတ်ရန်နှင့် အခြားသူများကို အမှန်တကယ် ကူညီရန် စည်းကမ်းချမှတ်ထားပါသည်။ တစ်ယောက်ယောက်ကို ကူညီ၍ ပင်ပန်းသွားမည် မဟုတ်သလို မကူညီချင်သည့်အတွက်လည်း သူတို့ကို လျစ်လျူရှုမည် မဟုတ်ပါ။
သည်းခံခြင်း
သည်းခံခြင်းဆိုသည်မှာ ဆင်းရဲဒုက္ခနှင့် အခက်အခဲများကို ဒေါသနှင့် ဝမ်းနည်းခြင်း မဖြစ်ဘဲ ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ ကိုယ်တိုင်ကြိုးစားသလို အခြားသူများကိုလည်း ကူညီရန် ကြိုးစားသည်မှာ မလွယ်ကူပါ။ လူအများစုမှာ ကူညီရန်ပင် မလွယ်ကူပါ။ သူတို့ကြောင့် စိတ်ပင်ပန်းပြီး ဒေါသမထွက်အောင် သည်းခံခြင်းရှိဖို့ လိုပါသည်။ အခြားသော သာမန်ထက်လွန်သည့် သဘောထားများလိုပင် သည်းခံခြင်း ရှိရန်လည်း နည်းလမ်းများစွာ ရှိပါသည်။
ဇွဲလုံ့လရှိခြင်း
နောက်ထပ် သဘောထားမှာ ဇွဲလုံ့လဖြစ်ပြီး မည်မျှခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤသာမန်ထက် လွန်သော သဘောထားသည် သူရဲကောင်းအစွမ်းသတ္တိမျိုးနှင့် ပိုတူပါသည်။ ဇွဲမလျှော့ရုံသာမက အခြားသူများကို ကူညီရန် ဝမ်းမြောက်ပြီး ကူညီခွင့်ရသည့်အတွက် အမှန်ပင် ပျော်ရွှင်ပါသည်။ ဤသို့စိတ်ထားရှိရန် ညွှန်ကြားချက်များစွာ ရှိပြီး ဘယ်အချိန် အနားယူရမည်ကို သိရှိခြင်းလည်း ပါဝင်ပါသည်။ မိမိကိုယ်ကို အရမ်းအားစိုက်ပါက မည်သူ့ကိုမျှ မကူညီနိုင်တော့ပါ။ ထိုနှင့်ဆက်စပ်၍ မိမိကိုယ်ကိုရော၊ အခြားသူများကို ကူညီရန်အတွက်ပါ ဆက်လက်ကြိုးစားရာတွင် အနှောင့်အယှက်ပေးမည့် ပျင်းရိမှု အမျိုးမျိုးကို ကျော်လွှားရန် နည်းလမ်းများစွာ ရှိပါသည်။
စိတ်တည်ငြိမ်ခြင်း
ဆက်လက်၍ စိတ်ဓာတ်တည်ငြိမ်မှု ရှိအောင် ကျင့်ကြံရပါမည်။ ထိုအထဲတွင် စူးစိုက်မှုမျှသာ မဟုတ်ဘဲ စိတ်ခံစားချက် တည်ငြိမ်မှုလည်း ပါဝင်ပါသည်။ မိမိကိုဆွဲဆောင်သော အရာများအပေါ် စိတ်ပျံ့လွင့်မှု မရှိသည့်၊ ငြီးငွေ့ငိုက်မြည်းခြင်း မရှိသည့် တည်ငြိမ်သော စိတ်အခြေအနေကို ရရှိလိုခြင်း ဖြစ်ပါသည်။ ထိုသို့သောစိတ်သည် စူးစိုက်လိုသည့်အရာကို စူးစိုက်နေနိုင်ပါသည်။ ဥပမာ၊ တစ်ယောက်ယောက် စကားလာပြောသောအခါ ကျွန်ုပ်တို့၏စိတ်က အခြားအရာများကို စဉ်းစားမနေတော့ပါ။ တည်ငြိမ်မှုကို နှောင့်ယှက်သော ဝမ်းနည်းဖွယ် စိတ်ခံစားချက်များ မရှိခြင်း၊ စိတ်ညစ်ညူးခြင်း မရှိတော့ဘဲ တည်ငြိမ်လာပါသည်။ ဆိုလိုသည်မှာ အလွန်ခံစားမိခြင်း၊ မခံစားမိခြင်း မရှိတော့ဘဲ မျှတတည်ငြိမ်လာပါသည်။
ခွဲခြားသိရှိသောပညာ
ဤသည်မှာ ‘‘ဉာဏ်ပညာ’’ ဟု ဘာသာပြန်လေ့ရှိပြီး သက္ကတဘာသာတွင် ပညာပါရမီ ဟုခေါ်ပါသည်။ ဤနောက်ဆုံး သဘောထားသည် အရာရာ တည်ရှိပုံနှင့် ဖြစ်နိုင်ခြေ မရှိသောအရာအကြား ခွဲခြားသိရှိနိုင်စွမ်းကို ဆိုလိုပါသည်။ ဤသည်မှာ အလွန်ထူးခြားသည့် သိရှိမှုဖြစ်သောကြောင့် ‘‘ဉာဏ်ပညာ’’ ဆိုသည့်စကားက အနည်းငယ် ထွေပြားပါသည်။ ဖြစ်နိုင်သောအရာကို သိရှိမှုအကြောင်း သီးခြား ပြောနေခြင်းဖြစ်ပြီး ဘာမှမရှိခြင်း (အနတ္တ) ကို နားလည်မှုလည်း ပါဝင်ပါသည်။ အချို့အရာများက ရယ်စရာကောင်းပြီး မဖြစ်နိုင်သလို တစ်ခုခုကို ရည်ညွှန်းခြင်း မရှိကြောင်း ခွဲခြားသိရှိပါသည်။
သာမန်ထက်လွန်သော သဘောထားခြောက်ခု၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ စိတ်ဓာတ်စေ့ဆော်မှု၊ ဆုံးဖြတ်ချက်နှင့် ဗောဓိစိတ္တတို့ကို ရရှိအောင် ဤကျင့်ကြံမှုများနှင့် နည်းလမ်းများဖြင့် ကြိုးစားအားထုတ်ပါသည်။ စိတ်ဓာတ်စေ့ဆော်မှု အဆင့်မြင့် အပိုင်းတွင် ဤအရာအားလုံး ပါဝင်ပါသည်။
အကျဉ်းချုပ်
ကနဦးအဆင့်မှ တက်လာပြီး အလယ်အလတ် အဆင့်တွင် ပိုကောင်းသော ပြန်လည်မွေးဖွားမှုများ ရရှိလာသည့်တိုင် ဆင်းရဲဒုက္ခ ကြုံဦးမည်ကို ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ ပြဿနာများ ရင်ဆိုင်ရပါဦးမည်။ အို၊ နာ၊ သေ ကြုံတွေ့ကာ အားလုံး အစက ပြန်စရပါမည်။ ထပ်ဖြစ်နေပါမည်။ ဤအရာကို ငြီးငွေ့လာပါက ဤသို့ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုအားလုံးတွင် ထူးခြားမှု တစ်ခုမျှ မရှိကြောင်း၊ ဤသို့မဖြစ်အောင် လွတ်မြောက်မှုကို ရည်မှန်းရမည်ဖြစ်ကြောင်း သဘောပေါက်လာပါသည်။
အဆင့်မြင့်အပိုင်းသို့ ရောက်လာသောအခါ မိမိကိုယ်ကို စကြဝဠာ၏ အလယ်ဗဟိုကဲ့သို့ အရေးကြီးသည်ဟု မတွေးတော့ပါ။ အားလုံးသည် မိမိလိုပင် ဖြစ်ပြီး ပျော်ရွှင်လိုခြင်း၊ ဆင်းရဲဒုက္ခမှ လွတ်ကင်းလိုခြင်း ရှိသည်ကို သဘောပေါက်လာပါသည်။ ဤမျှသာမက ရှေးဘဝ၊ ယခုဘဝမှ သက်ရှိအားလုံးသည် ကျွန်ုပ်တို့အပေါ် မယုံနိုင် လောက်အောင် ကြင်နာမှုရှိသည်ကို မြင်လာပါသည်။ သူတို့မရှိပါက ကျွန်ုပ်တို့ စားခြင်း၊ သောက်ခြင်း၊ စာရေး၊ စာဖတ်ခြင်း၊ စျေးသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဘာမဆို ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်တော့ပါ။ ဤကြင်နာမှုကို လျစ်လျူရှုပါက ကျွန်ုပ်တို့အနေနှင့် ရှက်ဖွယ်ကောင်းသည်ကို မြင်လာပြီး သူတို့အတွက် မေတ္တာ၊ ကရုဏာ ထားရှိကာ ဗောဓိစိတ္တ ထားရှိရင်း အခြားသူများကို အမှန်တကယ် အဆုံးစွန် အကျိုးပြုနိုင်အောင် ကိုယ်တိုင် ဉာဏ်အလင်းရရှိလိုစိတ် ရှိလာပါတော့သည်။